Monday, July 2, 2012

TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၃)


(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)


ကျောင်းမှာ ဘောလီဘောထရိန်နင်ဆင်းတော့လည်း အန်နီ အဆင်ပြေသည်။
ချာလီပြောသည့်အတိုင်းပင် ဘောလီဘောအသင်းနည်းပြဆရာက အန်နီ့ကို သတိပြုနေမိပြီဖြစ်သည်။
အန်နီက ပိန်ပိန်ပါးပါးမို့ အခြားသူများထက် သွက်လက်မြန်ဆန်မှုရှိသည်။ ဤသည်ကပဲ သူမ၏ အားသာချက်ဖြစ်သည်။
အားကစားလေ့ကျင့်ချိန်မှာ အားသာချက်ဖြစ်သ်ေလည်း အခြားအချိန်များတွင်မူ ဤသည်ကပင် အားနည်းချက်ဖြစ်သည်ဟု အန်နီထင်သည်။
အန်နီက အရပ်မပုသော်လည်း အန်နီနှင့် သက်တူရွယ်တူမိန်းကလေးများလောက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိဟု သူမကိုယ်သူမ ယူဆသည်။
ထို့အတွက်ကြောင့် အခြားယောက်ျားလေးများကို ဆွဲဆောင်နိုင်မှုမရှိတာဟုအန်နီထင်သည်။
သူငယ်ချင်းများကြားတွင် အန်နီ့ပုံစံက ကလေးမလေးတစ်ယောက်လို ဖြစ်နေသည်။
အန်နီကတော့ မိန်းမပျိုလေးတစ်ယောက်ဖြစ်ချင်နေပါပြီ။
လေ့ကျင့်ခန်းများပြီးဆုံး၍ အိမ်ပြန်ရန် ကားစောင့်နေစဉ် အထက်တန်းကျောင်းကြီး၏ ပရိဝုဏ်ကို အန်နီဖြန့်ကျက်ကြည့်လိုက်သည်။
ချစ်သူစုံတွဲလေးများ ကြည်နူးနေကြသည်ကို အန်နီမြင်သည်။
စီနီယာကျောင်းသားကျောင်းသူစုံတွဲများလည်း ပါသလို သူမနှင့် သက်တူရွယ်တူအတွဲများကိုလည်း တွေ့ရသည်။
သူတို့ပျော်ရွှင်ကြည်နူးနေကြတာကို အန်နီအားကျသည်။
တစ်ခန်းတည်း စာသင်သော သူငယ်ချင်းမများအားလုံး အတွဲကိုယ်စီရှိကြသည် မဟုတ်သော်လည်း အန်နီ့စိတ်ထဲတွင်တော့ သူမနှင့် ဘရစ်တနီသာ အတွဲမရှိဖြစ်နေသလားဟု အန်နီထင်မိလေသည်။
တွေးမည့်သာ တွေးရသည်။
ပြောရလျှင် ဘရစ်တနီကတောင် အန်နီ့ထက်စာလျှင် မိန်းမပျိုတစ်ယောက်၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးနှင့် ပြည့်စုံပါသေးသည်။
တွေးနေစဉ်မှာပင် အန်နီ့ဖုန်းထဲ ချာလီထံမှ စာဝင်လာသည်။
လေ့ကျင့်ခန်းဆင်းရာတွင် အဆင်ပြေမပြေ လှမ်းမေးခြင်းဖြစ်သည်။
" ဟေး...အန်နီ..."
အန်နီက အဆင်ပြေကြောင်း စာပြန်ရိုက်နေစဉ်မှာပင် ဘရစ်တနီလှမ်းခေါ်လိုက်သောအသံကြောင့် မော့ကြည့်လိုက်သည်။
ဘရစ်တနီက ကားတစ်စင်းပေါ်မှာ ပါလာသည်။
ကားမောင်းလာသူက အန်နီတို့ကျောင်းမှ ပေါ်ပြူလာစီနီယာကျောင်းသူတစ်ယောက် ဖြစ်သည်။
ကားက အန်နီ့ရှေ့တွင် လာရပ်သည်။
" အန်နီ.. ဒါဆီရီနာလေ.."
ဘရစ်တနီက မိတ်ဆက်ပေးသည်။
ဆီရီနာက အန်နီ့ကို ပြုံးပြီး ကြည့်သည်။
" နင်က ပီတာ့ ညီမလေးဆို..နင့်အကိုက တအားဆွဲဆောင်မှုရှိတယ်..မိုက်တယ်နော်.."
" အော်.. ဟုတ် ..ထင်တာပါပဲ..ကျေးဇူးတင်ပါတယ်.."
" အေးပါ.. ဒါနဲ့ သောကြာနေ့ကျရင် ငါ့အိမ်မှာ ပါတီလေးတစ်ခုလုပ်ဖို့ရှိတယ်.. နင့်ကို ဖိတ်ပါတယ်.."
အန်နီ့စိတ်ထဲ ကျေနပ်ဝမ်းသာသွားသည်။
" အော်..ဟုတ်..ကျေးဇူးပါဆီရီနာ.."
" နင့်အစ်ကို ကို ပြောလိုက်ဦးနော်...သူ့ကိုလဲ ဖိတ်တယ်လို့..."
ပြောပြောဆိုဆိုနှင့် ဆီရီနာတို့ကားသည် အန်နီ့အနားမှ ဖြေးညင်းစွာ ထွက်ခွာသွားလေသည်။
အန်နီ့အစ်ကို ပီတာက ကျောင်းမှာ စာလည်းတော်သည်၊ အနေလည်း အေးသည်မို့ ကျောင်းမှ အချို့ မိန်းကလေးများက စိတ်ဝင်စားကြသည်။
သည့်အတွက်ကြောင့် အန်နီလည်း မျက်နှာပွင့်သည်ပေါ့လေ။
အန်နီက ချာလီ့ဆီင်္ ချက်ချင်း စာရိုက်လိုက်သည်.. သူမကို ကျောင်းမှ ပေါ်ပြူလာမိန်းကလေးများမှ ပါတီတက်ရန် ဖိတ်သည့်အကြောင်း...။
ချာလီထံမှ စာပြန်လာသည်။
ချာလီး  ဖိတ်ခံရမှာပေါ့  မင်းကလည်း ကျောင်းမှာ ပေါ်ပြူလာမိန်းကလေးတစ်ယောက်ပဲ ဥစ္စာ
 အန်နီကြည်နူးမိပါသည်။

ထိုနေ့က အိမ်မှာ ညစာစားသည့်အချိန်ထိ ဖုန်းထဲမှတစ်ဆင့် ချာလီနှင့် chatting ပြောနေသည်မှာ စကားစမပြတ်။
မိသားစု ထမင်းဝိုင်းထိုင်နေပြီမို့ အန်နီ့မေမေ လင်း က လှမ်းဟန့်သည်။
" သမီး...ထမင်းစားပွဲမှာ အဲဒါတွေ လုပ်မနေနဲ့တော့လေ..."
" ဟုတ်.."
အန်နီက ပြန်ဖြေရင်း ညစာစားနေသော ညီမလေးကေတီကို လှမ်းပြောလိုက်သည်။
" ကေတီ..မမကို ဖုန်းနဲ့ ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါလား.."
ချာလီမှ ဓာတ်ပုံလှမ်းတောင်းသောကြောင့် ဖြစ်ပါသည်။
" ဟေ့..သမီး.. မေမေ ခုနက ဘာပြောထားလဲ.."
အန်နီ့ဖေဖေ ၀ီလ် က ပြောသည်။
" ဟုတ်ကဲ့ပါ ဖေဖေ.. သမီးက ချာလီဆီ ဓာတ်ပုံလေးပို့ချင်လို့ပါ..ရပါတယ်..နောက်မှပဲ ပို့တော့မယ်.."
အန်နီက ဖုန်းကို ပြန်သိမ်းလိုက်သည်။
" ဒီလောက်တောင်ဖြစ်နေတာ ...အဲဒီကောင်က ဘာမို့လို့လဲ..."
အန်နီ့ဘေးတွင် ညစာထိုင်စားနေသော ပီတာက မေးသည်။
" အင်း..သူက စမတ်ကျတယ်..ပြီးတော့ ခင်ဖို့ကောင်းတယ်..သူ့အစ်ကိုက ဘာကလေတက္ကသိုလ် ဘောလုံးအသင်းမှာ လက်ရွေးစင်..သူကတော့ အဲဒီတက္ကသိုလ်က ဘောလီဘောအသင်းမှာ လက်ရွေးစင်ဖြစ်ချင်တယ်တဲ့.."
" ဟင်း.. မိန်းကလေးတွေ ကစားတဲ့ အားကစားနည်းကြီးပါဟာ.."
ပီတာက နောက်သည်။
ကေတီလေးက သူ့အစ်ကိုကြီးစကားကို သဘောကျပြီး တဟီးဟီးနှင့် ရယ်သည်။
" သူ့မိဘတွေကရော ဘာလုပ်လဲ..."
အန်နီ့ဖေဖေ ၀ီလ်က မေးသည်။
" သူ့အမေက ကလေးစိတ်ရောဂါ ကုသပေးတဲ့ ဆရာမ၊ သူ့အဖေက ESPN အားကစား TVလိုင်းမှာ လုပ်တယ်.."
" အော်..သမီးရယ်..ကြည့်ရတာ ဒီကောင်လေးတော့ ဖေဖေ့ဆီက အမှတ်တွေ ရကုန်ပြီနဲ့ တူပါတယ်.."
ဖေဖေက ပြုံးရွှင်စွာ နောက်လေသည်။


ထိုနေ့ညက ချာလီထံပို့ဖို့အတွက် လက်ပ်တော့မှ webcam နှင့်ပဲ အန်နီက သူမကိုယ်သူမ ဓာတ်ပုံရိုက်သည်။
ဆယ်ပုံ၊ ဆယ့်ငါးပုံလောက် ရိုက်တာတောင် သူမပုံတွေကို သူမ သဘောမကျမိ၊ ပုံတိုင်း ရုပ်ဆိုးနေသလို ခံစားရသည်။
ချာလီထံ ပို့ဖို့က သူမရဲ့ အလှဆုံးဓာတ်ပုံ ဖြစ်နေဖို့ လိုမည်။
နောက်ဆုံးတော့ အကြိုက်ဆုံးဓာတ်ပုံတစ်ပုံရွေးပြီး ပို့လိုက်ပါသည်။

(ဆက်ရန်)

ရှေ့မှ အပိုင်းများကို ဖတ်ရန်
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၂)

No comments:

Post a Comment