Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts
Thursday, August 3, 2017
ကင်းဝန်မင်းကြီး၏ အကောင်အထည်မပေါ်ခဲ့သည့် စီမံကိန်းများ
         ကုန်းဘောင်ခေတ်နှောင်းပိုင်းအကြောင်းပြောမည်ဆိုလျှင် ကင်းဝန်မင်းကြီးဦးကောင်းသည် မပါမဖြစ် သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အင်္ဂလိပ်လက်အောက်သို့ မြန်မာ့ထီးနန်းကျဆုံးခဲ့ရသည့် ၁၂၄၇ခုနှစ်ကိုပင် မြန်မာတို့က “ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်”ဟူ၍ အမှတ်သညာပြုခဲ့ကြသည်။ ဦးကောင်းသည် ကုန်း ဘောင်မင်းဆက် ပြုတ်ခဲ့ရခြင်း၏ တကယ့်တရားခံ ဟုတ်၊ မဟုတ်ကို ကျွန်တော် ငြင်းချက်မထုတ်လိုပါ။ ထို အရာက သမိုင်းသုတေသီတို့၏ အရာဖြစ်သည်။
      ကျွန်တော်ဖတ်မှတ်ဖူးသည့် စာအုပ်၊ စာပေများအရမူ ဦးကောင်းသည် ကုန်းဘောင်ခေတ်တွင် ခေတ်မီ မီ ကမ္ဘာကြည့် ကြည့်မြင်နိုင်ခဲ့သည့် နိုင်ငံရေးသမားတစ်ယောက်သာ။ သူသည် အမိန့်နာခံမှုကောင်းသည့် စစ် သားကောင်းတစ်ယောက်မဟုတ်ခဲ့သလို နိုင်ငံအတွက် တီထွင်ဆန်းသစ်မှုများ ပြုလုပ်နိုင်သည့် ပညာရှင် ကောင်းတစ်ယောက်လည်း မဟုတ်ခဲ့ချေ။ သူသည် သူ၏ နိုင်ငံကို ခေတ်မီတိုးတက်စေလိုသော ဆန္ဒရှိပြီး ကြိုး စားသလောက် အကောင်အထည်မပေါ်ခဲ့သည့် နိုင်ငံရေးသမားကောင်းတစ်ယောက်သာ ဖြစ်ပေသည်။
         “ကင်းဝန်မင်းကြီးနှင့် ပတ်သက်၍ကား စေတနာရင်းမဆိုးပါ။ မိမိ၏ အကြံအစည်တို့သည် အကြောင်း အမျိုးမျိုးကြောင့် လိပ်ပတ်မလည်ဖြစ်ပြီး မိမိအပေါ်တွင် အပြစ်ဖို့လျက် ကျန်ရစ်ခဲ့ခြင်းဖြစ်လေသည်” ဟု အမျိုး သားပညာဝန်ဦးဖိုးကျားက သူ၏ ပါတော်မူအရေးတော်ပုံစာတမ်းတွင် ရေးသားခဲ့ပါသည်။
      ကင်းဝန်မင်းကြီးသည် နိုင်ငံရေးသမားတစ်ယောက်ဖြစ်သည့်အားလျော်စွာ ခေတ်မမီတော့သော သက် ဦးဆံပိုင်ဘုရင်စနစ်အစား စည်းမျဉ်းခံဘုရင်စနစ်ဖြင့် ခေတ်မီအစိုးရအဖွဲ့တစ်ဖွဲ့ ဖွဲ့လိုခဲ့သည်။ သူ၏ အကြံအစည် ကို ထောက်ခံသူတစ်ဦးမှာ ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သော ရွှေပြည်ဝန်ကြီး (ယောအတွင်းဝန်ဦးဖိုးလှိုင်) ဖြစ်သည်။
       ဥရောပတစ်ခွင်တွင် လှည့်လည်ခဲ့ဖူးသော ကင်းဝန်မင်းကြီးသည် ၁၈၆၁-၁၈၆၅ခုနှစ်တွင် အခြားလွှတ် တော်ဝန်ကြီးတစ်ဦးဖြစ်သည့် မကွေးမင်းကြီးနှင့် ပူးပေါင်းကာ နိုင်ငံအုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးစာတမ်းတစ် စောင် တင်သွင်းခဲ့သည်။ ၄င်းစီမံကိန်းတွင် ဘုရင်အား သက်ဦးဆံပိုင်ဘုရင်အဖြစ်မှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၏ လက်အောက်ခံအကြီးအကဲအဖြစ် ထားရှိရန်၊ ဘုရင်ကို နိုင်ငံဝန်ထမ်းတစ်ဦးအဖြစ် လစာသတ်မှတ်ပေး ရန်နှင့် ၀န်ကြီးဌာနများဖွဲ့စည်းကာ ၀န်ကြီးများကို ရာထူးဌာနအလိုက် ခန့်ထားရန်တို့ ပါဝင်သည်။ ကင်းဝန်မင်း ကြီးနှင့် မကွေးမင်းကြီးတို့သည် သီပေါမင်းနှင့် စုဖုရားလတ်အား ဥရောပတစ်ခွင် လှည့်လည်လေ့လာရန်လည်း စည်းရုံးခဲ့ကြရာ သီပေါမင်းက သဘောတူသယောင်ယောင် ရှိခဲ့သော်လည်း စုဖုရားလတ်မှ ခွင့်မပြုခဲ့ဟု ဆိုကြ သည်။ ထို့နောက်တွင် ကင်းဝန်မင်းကြီး၏ နိုင်ငံအုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးစီမံကိန်း မအောင်မြင်တော့ဘဲ ၀န်ကြီး(၁၄)ပါး ပါဝင်သော ၀န်ကြီးအဖွဲ့ ဖွဲ့နိုင်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ သို့သော်လည်း ထိုဝန်ကြီးအဖွဲ့ မှာ ဖွဲ့စည်းပြီးလေးလအကြာမှာပင် လာဘ်ပေးလာဘ်ယူမှုများကြောင့် နာမည်ပျက်ခဲ့ကြပေသည်။
         ၁၈၈၀ခုနှစ်တွင် ကင်းဝန်မင်းကြီးဦးကောင်းသည် နန်းရင်းဝန်ကြီး၊ လွှတ်တော်ဥက္ကဌ၊ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီဥက္ကဌ စသဖြင့် ရာထူးအမျိုးမျိုးခန့်ထားခြင်းခံခဲ့ရသော်လည်း နန်းတွင်းတွင် သြဇာကြီးနေသည့် ရနောင်မင်းသားမောင်မောင်တုတ်ကြောင့် မည်သည့်လုပ်ပိုင်ခွင့်အာဏာမျှ မရရှိခဲ့ပေ။
     ၁၈၈၂ခုနှစ်တွင် ရနောင်မင်းသားဂိုဏ်းဖြိုခွဲခံခဲ့ရပြီးနောက်မှ ကင်းဝန်မင်းကြီး၏ အာဏာအရှိန်အ၀ါ ပြန် ကြီးလာခဲ့ရာ ၁၈၈၃ခုနှစ်တွင် ဌာနဆယ်ခုပါသော လွှတ်တော်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် ကျွန် စနစ်တိုက်ဖျက်ရေးစီမံကိန်းကို ရေးဆွဲကာ မန္တလေးရွှေမြို့တော်ရှိ ကျွန်များနှင့် ဘုရားကျွန်များကို သန်းခေါင်စာ ရင်းကောက်ခံပြီး ကျွန်ပိုင်ရှင်များကို ကျွန်ဝယ်စာချုပ်များ တင်ပြစေခဲ့သည်။ ကျွန်များရွေးနုတ်ရန် ရံပုံငွေ တည် ထောင်ခဲ့ပြီး (၁၃၉၄)ယောက်သော ကျွန်များကို ပြန်လည်ဝယ်ယူရွေးနုတ်နိုင်ခဲ့သည်။ သို့သော် ကျွန်စနစ်မှာ ပ ပျောက်မသွားဘဲ အခြားနည်းများဖြင့် တည်ရှိမြဲ တည်ရှိနေခဲ့ပြန်သည်။
       ၁၈၈၅ခုနှစ်တွင် ကင်းဝန်မင်းကြီးသည် မန္တလေးတက္ကသိုလ်တည်ထောင်ရေးစီမံကိန်းကို ရေးဆွဲတင်ပြ ခဲ့သည်။ ထိုတက္ကသိုလ်တွင် မြန်မာ၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ပါဠိနှင့် အခြားသော ဘာသာရပ်အများအပြား သင်ကြားပေးသွားမည်ဖြစ်ပြီး ထိုတက္ကသိုလ်၏ အဓိပတိအဖြစ် ပြင်သစ်လူမျိုး ဒေါက်တာဘိုဒန်အား တာဝန်ပေး ထားပြီးဖြစ်သည်။ သို့သော် သီပေါမင်းက စာပြဆရာတစ်ဦးကို လစာငွေတစ်ရာမျှသာ ထောက်ပံ့ခွင့်ပြုခဲ့ရာ တက္ကသိုလ်ဆရာတစ်ဦးအား ထိုမျှလောက်လစာငွေဖြင့် ခွင့်ပြုရန်မသင့်ဟု တင်ပြကြသောကြောင့် တည်ထောင် အံ့ဆဲဆဲ မန္တလေးတက္ကသိုလ်စီမံကိန်းသည်လည်း အလိုလိုပင် နိဌိတံသွားရလေသည်။
      ဦးကောင်း အကောင်အထည်ဖော်ဖြစ်ခဲ့သည့် စီမံကိန်းမှာကား အထက်မြန်မာနိုင်ငံတော်အတွက် ခရိုင် များခွဲ၍ အုပ်ချုပ်စေသော အုပ်ချုပ်ရေးစီမံကိန်းဖြစ်သည်။ အဆိုပါအုပ်ချုပ်ရေးစီမံကိန်းတွင် အထက်မြန်မာနိုင်ငံ အား ဆယ်ခရိုင်ခွဲကာ ခရိုင်ဝန်များခန့်အပ်၍ အုပ်ချုပ်ရန်ဖြစ်ပြီး ၁၈၈၄ခုနှစ်တွင် သီပေါမင်းအား အကြံပေးကာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထိုသို့ ခရိုင်ဝန်များ ခန့်အပ်ခွဲဝေအုပ်ချုပ်စေခြင်းဖြင့် ခရိုင်ဝန်များ၊ လွှတ်တော် နှင့် ဘုရင်တို့အကြားတွင် စနစ်ကျသော ဆက်သွယ်ရေးပုံမှန်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။
ကိုးကား
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ ၁ - မြသန်းတင့်
©
မင်းအရိပ်
Tuesday, August 1, 2017
ပျင်းရိခြင်းကို အနိုင်ယူနိုင်သည့် ဂျပန်တို့၏ နည်းစနစ်တစ်ခု
          လူတော်တော်များများဟာ ရည်မှန်းချက်အသစ် (ဒါမှမဟုတ်) စိန်ခေါ်မှုအသစ်တစ်ခုခုကို အခါအား လျော်စွာ ချမှတ်အကောင်အထည်ဖော်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း မအောင်မြင်ဘဲ ကျရှုံးမှုနဲ့ အဆုံးသတ် ရလေ့ရှိတာ များနေပြန်တယ်။ အဲဒီအခါ တော်တော်များများ ပြောတတ်ကြတာက ဒီအချိန်မှာ ငါ အဆင်သင့်ဖြစ် မနေသေးလို့ပါ။ နောက်တစ်ပတ်၊ နောက်တစ်လ၊ နောက်တစ်နှစ်ကျရင် အောင်မြင်အောင် ပြန်လုပ်မယ်တဲ့။ ဒါ ပေမယ့် ဘာမှ ထပ်ပြီး အကောင်အထည်မပေါ်လာခဲ့ကြပါဘူး။
          ကျွန်တော်တို့ဟာ အစပိုင်းမှာ ဇွဲနဘဲကောင်းကောင်းနဲ့ အကောင်အထည်ဖော်လေ့ရှိကြပေမယ့် အနည်း ငယ်လောက် ကြိုးပမ်းအားထုတ်ပြီးရင်တော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ လုံလောက်ပြီလို့ ထင်တတ်သွား ကြတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်ဖို့ တဖြည်းဖြည်း တုံ့နှေးသွား ကြရတော့တာပါပဲ။
          ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ မြန်မြန်နဲ့ များများ လိုချင်လို့ပါပဲ။ ဆို လိုတာက အချိန်တိုအတွင်းမှာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ချင်မိကြလို့ပါ။ တာဝန်အသစ်တွေကို ထမ်းဆောင်ဖို့ အားနည်းကျလို့ပါ။ အကျင့်ဟောင်းတွေကို ပြင်ဖို့ ခက်ခဲသလို အကျင့်အသစ်တွေ မွေးမြူဖို့ ခက်ခဲ ကြလို့ပါပဲ။
ခိုင်ဇံ (သို့မဟုတ်) တစ်မိနစ်သဘောတရား
          ဂျပန်လူမျိုးတွေမှာ ခိုင်ဇံလို့ ခေါ်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ တစ်မိနစ်သဘောတရားလို့လဲ ခေါ် ကြတယ်။ ဒီအလေ့အထရဲ့ အဓိကအနှစ်သာရကတော့ နေ့စဉ်နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ ကိုယ်လေ့လာသင်ယူချင်တဲ့အရာ (ဒါမှမဟုတ်) ကိုယ်လုပ်ချင်တဲ့အရာကို တစ်မိနစ်တည်းသာ လုပ်ဖို့ပါပဲ။ သေ ချာတာကတော့ ဘယ်လိုလူမျိုးအတွက်မဆို ဒီလိုလုပ်ဖို့ လွယ်ကူပြီး အရမ်းပျင်းတဲ့လူတွေတောင် တစ်မိနစ် တော့ လုပ်နိုင်ကြတာချည်းပါပဲ။ နေ့စဉ်နေ့တိုင်းမှာ တစ်စုံတစ်ခုကို တစ်နာရီ၊ နာရီဝက် စသဖြင့်လုပ်ဖို့ အခက်အ ခဲရှိနိုင်ပေမယ့် စက္ကန့်(၆၀)လောက်ပဲ လုပ်တဲ့အခါ ဘာအမှားမှမဖြစ်ဘဲ အာရုံစူးစိုက်နိုင်ဖို့ သေချာပါတယ်။
          သည်လိုလုပ်ရင်းနဲ့ အရင်က ကျွန်တော်တို့အနေနဲ့ နှစ်သက်ဖွယ်ကောင်းမယ်လို့ မထင်ခဲ့တဲ့ အလုပ်တွေ ဟာ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုတွေ ဖြစ်ပေါ်လာစေကြောင်း တွေ့လာရမှာပါ။ ဒီလိုနဲ့ အချိန်နည်းနည်းချင်းစီတိုးသွားလိုက်ရင် ပြည့်စုံတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိလာမှာဖြစ်ပြီး ရလာဒ်ကောင်း တွေရအောင် စွမ်းဆောင်လာနိုင်ကြမှာလဲ ဖြစ်ပါတယ်။
          တစ်မိနစ်သဘောတရားဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေအပေါ် ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်ဖြစ်နေမှုအပေါ် အနိုင်ယူလိုက်ပြီး မလုံမလဲဖြစ်မှုတွေ၊ အကူအညီကင်းမဲ့သလို ခံစားနေရမှုတွေထံမှ ကျွန်တော်တို့ကို လွတ်မြောက်စေမှာ ဖြစ်ပါတယ်။ အဲဒီလိုခံစားလာရပြီဆိုရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အချိန်တစ်မိနစ်ကနေ နည်းနည်းချင်းစီတိုးလို့ရပါပြီ။ ဒါပေမယ့် အစပိုင်းမှာ ငါးမိနစ်ခန့်သာ တိုးသွားဖို့ လိုပြီး နောက်ပိုင်းကျမှသာ နာရီဝက်၊ တစ်နာရီ စသဖြင့် တိုးသွားရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်မိနစ်သဘောတရား ရဲ့ တိုးတက်မှုအခြေအနေကို ကျွန်တော်တို့မျက်စိရှေ့မှာတင် တွေ့မြင်လာရမှာပါ။
          ကျွန်တော်တို့လိုအပ်တာက ကျွန်တော်တို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသဘောပေါက် ဖို့ပါပဲ။ အဲဒီနောက်မှာတော့ ခိုင်ဇံသဘောတရားကို အသုံးပြုပြီး လိုချင်တာရအောင် လုပ်နိုင်ကြပြီဖြစ်ပါတယ်။
https://brightside.me/article/a-japanese-technique-for-overcoming-laziness-11255/ ကို ဆီလျော် သလို ဘာသာပြန်ပါတယ်။
©
မင်းအရိပ်
Sunday, June 25, 2017
ကံတရားတန်ဖိုး ၁.၁၁ဒေါ်လာ
          တက်စ်ဟာ အသက်(၈)နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးမလေးတစ်ယောက်ပါ။
     တစ်နေ့မှာ သူမရဲ့မောင်လေးအန်ဒရူးအကြောင်းကို သူမရဲ့ ဖေဖေနဲ့ မေမေတို့ တီးတိုးပြောနေတာလေး ကြားလိုက်မိတယ်။ အဲဒီအချိန်တုန်းက မောင်လေးအန်ဒရူးဟာ အပြင်းအထန်ဖျားနေပြီး သူမတို့မိသားစုမှာ ပိုက် ဆံလဲ ပြတ်နေကြတယ်။ နောက်လမှာ လက်ရှိနေနေတဲ့ အိမ်ကနေ ဈေးပေါတဲ့ တိုက်ခန်းတစ်ခန်းကို သူမတို့ ပြောင်းရွှေ့ကြရတော့မှာဖြစ်ပြီး မောင်လေးဆေးကုစရိတ်ရော၊ အိမ်ငှားစရိတ်ပါ အကုန်အကျခံနိုင်ဖို့ သူမရဲ့ ဖေဖေထံမှာ ပိုက်ဆံမရှိတော့ပါဘူး။ အန်ဒရူးအတွက် အလွန်ငွေကုန်ကြေးကျများတဲ့ ခွဲစိတ်မှုလုပ်ဖို့ လိုအပ် နေပြီး ဘယ်သူ့ဆီကမှလဲ ပိုက်ဆံချေးနိုင်ဖို့ မမြင်ဘူး။ သူမရဲ့ ဖေဖေက မျက်ရည်လည်ရွှဲဖြစ်နေတဲ့ မေမေ့ကို တီးတိုးပြောနေတာလေး တက်စ် ကြားလိုက်မိတယ်။
          “ ကံတရားကပဲ ငါတို့သားလေးကို ကယ်နိုင်တော့မယ်မိန်းမရယ်… ”တဲ့။
          အဲဒါကို ကြားလိုက်တော့ တက်စ်ဟာ သူမအိပ်ခန်းလေးထဲ ၀င်သွားပြီး အ၀တ်ဗီရိုထဲမှာ ဖွက်ထားတဲ့ ဖန်ဂျယ်လီဗူးခွံလေးကို ထုတ်လိုက်တယ်။ အဲဒီဖန်ဗူးလေးဟာ သူမရဲ့ စုဘူးလေးပါ။ စုဘူးလေးထဲက အကြွေ တွေအားလုံးကို ကြမ်းပြင်ပေါ် သွန်ချလိုက်ပြီး သေသေချာချာ ရေတွက်ကြည့်လိုက်တယ်။ မသေချာမှာစိုးလို့ သုံးကြိမ်တောင် ရေကြည့်တယ်။ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ သေချာသွားတဲ့အခါ တက်စ်ဟာ အကြွေ လေးတွေကို စုဘူးလေးထဲ ဂရုတစိုက်ထည့်လိုက်ပြီး အဖုံးကို ပြန်ပိတ်လိုက်တယ်။ ပြီးတော့ စုဘူးလေးကို ပိုက် လို့ အိမ်နောက်ဖေးပေါက်ကနေ ထွက်ပြီး (၆)ဘလော့လောက်ဝေးတဲ့ ရက်ဆဲစ်ဆေးဆိုင်ကို ထွက်လာခဲ့ ပါတယ်။
          တက်စ်ဟာ ဆေးဆိုင်ထဲဝင်သွားပြီး ဆေးရောင်းသူက သူမကို ဂရုစိုက်လာဖို့ စိတ်ရှည်စွာ စောင့်နေပေ မယ့် ဆေးရောင်းသူဟာ သူ့အလုပ်နဲ့သူ ရှုပ်နေခဲ့တယ်။ ဒါကြောင့် တက်စ်ဟာ ခြေဖ၀ါးကို ကြမ်းပြင်နဲ့ ပွတ်ပြီး ဖိနပ်ရှပ်တိုက်တဲ့ အသံတွေ ပေါ်အောင် လုပ်ပေမယ့် ဆေးရောင်းသူက လှည့်တောင် မကြည့်ပါဘူး။ တက်စ်ဟာ ချောင်းဟန့်၊ လည်ချောင်းရှင်းလိုက်ပြီး သူမ,တတ်နိုင်သမျှ အသံသေး၊ အသံကြောင်တွေ လုပ်လိုက်တယ်။ ဘာ မှ ထူးမလာပြန်ဘူး။
          နောက်ဆုံးမှာ တက်စ်ဟာ သူမရဲ့ စုဘူးထဲက အကြွေလေးပုံတစ်ပုံလောက်ထုတ်ပြီး မှန်ကောင်တာပေါ် ကို ပစ်တင်လိုက်တဲ့အခါမှာတော့ အလုပ်ဖြစ်သွားပါတယ်။
          “ ဘာလိုချင်လို့လဲ… ”
          ဆေးရောင်းသူက စိတ်ပျက်တဲ့ လေသံနဲ့ မေးလိုက်တယ်။
          “ မတွေ့တာအရမ်းကြာပြီဖြစ်တဲ့ ချီကာဂိုက ငါ့ညီနဲ့ ငါ စကားပြောနေတာကွ… ”
          တက်စ်ဆီက အဖြေကို မစောင့်ဘဲ ဆေးရောင်းသူက ပြောပြန်တယ်။
          “ ဟုတ်… သမီးကလဲ သမီးမောင်လေးအကြောင်းကို ပြောပြချင်တာပါ… ”
          တက်စ်က ရောင်းသူ၊ ၀ယ်သူ အသံတူဆိုသလို အသံမျိုးနဲ့ ပြန်ပြောလိုက်တယ်။
          “ သူ အရမ်း… အရမ်းကို ဖျားနေတယ်။ အဲဒါကြောင့် သမီး ကံတရားဆိုတာကို ၀ယ်ချင်လို့ပါ… ”
          တက်စ်ရဲ့စကားကြောင့် ဆေးရောင်းတဲ့သူ အံ့သြတကြီးဖြစ်သွားတယ်။
          “ ဘယ်လို… ဘယ်လို… ပြန်ပြောပါဦး”
          “ သမီးမောင်လေးနာမည်က အန်ဒရူးပါ။ သူ့ခေါင်းထဲမှာ မကောင်းတဲ့အရာတစ်ခုခုက ကြီးထွားလာနေ တယ်တဲ့။ သမီးအဖေကပြောတယ်။ ကံတရားကပဲ သူ့ကို ကယ်နိုင်မှာတဲ့။ ကံတရားက ဘယ်လောက်ကျလဲဟင် … ”
          “ ဦးတို့ဆိုင်မှာ ကံတရားမရောင်းဘူးကောင်မလေးရဲ့။ ကံတရားကို ရောင်းမပေးနိုင်လို့ စိတ်မကောင်းပါ ဘူးကွယ်… ”
          ဒီတစ်ခါမှာတော့ ဆေးရောင်းသူရဲ့ လေသံဟာ ခပ်ပျော့ပျော့ဖြစ်သွားပါပြီ။
          “ ဒီမှာဦးရယ်… သမီးမှာ အဲဒါဝယ်ဖို့ ပိုက်ဆံရှိပါတယ်။ မလောက်ဘူးဆိုရင်လဲ ထပ်ပေးပါ့မယ်။ ဘယ် လောက်ကျမလဲသာ ပြောပါနော်… ”
          ဆေးရောင်းသူရဲ့ ညီဖြစ်သူဟာ ၀တ်ကောင်းစားလှဝတ်ထားတဲ့ သူတစ်ယောက်ပါ။ စကားသံများကို ကြားပြီးနောက် သူရှေ့ထွက်လာခဲ့ပြီး ကောင်မလေးကို ငုံ့ကြည့်ကာ မေးလိုက်တယ်။
          “ ဘယ်လိုကံတရားမျိုးကို သမီးမောင်လေးက လိုအပ်နေတာလဲကွယ့်… ”
          “ ဒါတော့ သမီးမသိဘူး… ”
          တက်စ်က မျက်ရည်ဝဲနေတဲ့ မျက်လုံးအစုံနဲ့ ပြန်ဖြေရှာတယ်။
          “ သမီးသိတာက သမီးမောင်လေး တကယ်နေမကောင်းဘူး။ မေမေပြောတာကတော့ ခွဲစိတ်ဖို့ လို မယ်တဲ့။ ဒါပေမယ့် ဖေဖေ့မှာ ပေးစရာပိုက်ဆံမရှိဘူးဖြစ်နေတယ်။ ဒါကြောင့် သမီးပိုက်ဆံတွေ ထုတ်သုံးဖို့ လို အပ်လာပြီလေ… ”
          “ သမီးမှာ ပိုက်ဆံဘယ်လောက်ရှိလို့လဲ… ”
          ဆေးရောင်းသူရဲ့ ညီ ချီကာဂိုမြို့သားက ထပ်မေးလိုက်တာပါ။
          “ တစ်ဒေါ်လာနဲ့ ဆယ့်တစ်ဆင့်(ပြား)… ”
          တက်စ်က ခပ်ကျယ်ကျယ်လေး ပြန်ဖြေတယ်။
          “ အဲဒါ သမီးဆီမှာ ရှိတာ အကုန်ပါပဲ။ ဒါပေမယ့် လိုသေးရင် ထပ်ရှာလို့ ရနိုင်ပါသေးတယ်… ”
          “ အိုး… တိုက်ဆိုင်လိုက်တာ ”
          ချီကာဂိုမြို့သားက ပြုံးပြီး ပြန်ပြောလိုက်တာပါ။
          “ တစ်ဒေါ်လာနဲ့ ဆယ့်တစ်ပြား၊ အင်း… အဲဒါ သမီးမောင်လေး လိုနေတဲ့ ကံတရားအတွက် ကုန်ကျမယ့် ငွေ အတိအကျပဲကွ… ”
          ချီကာဂိုသားဟာ တက်စ်ပေးတဲ့ ပိုက်ဆံအကြွေလေးတွေကို သူ့လက်ဖ၀ါးတစ်ဖက်ထဲ ထည့်ယူလိုက်ပြီး နောက်လက်ဖ၀ါးတစ်ဖက်နဲ့ တက်စ်ရဲ့ လက်အိတ်ဝတ်ထားတဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်တယ်။
          “ သမီးနေတဲ့ နေရာကို ဦးကို ခေါ်သွားပါလား။ သမီးမောင်လေးကို ကြည့်ပြီး သမီးမိဘတွေနဲ့လဲ တွေ့ ချင်တယ်။ ဦးမှာ ရှိတဲ့ ကံတရားက သမီးလိုအပ်နေတဲ့ ကံတရားဟုတ်မဟုတ် သိရတာပေါ့ကွာ… ”
          တကယ်တော့ အဲဒီချီကာဂိုသားဟာ ဦးနှောက်နဲ့ အာရုံကြောအထူးပြု ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကာလ်တန်အမ်းစထရောင်းဖြစ်ပါတယ်။
          ဒေါက်တာအမ်းစထရောင်းတစ်ယောက် တက်စ်ရဲ့ အိမ်ကို လိုက်သွားပြီးတဲ့နောက်မှာ အန်ဒရူးအတွက် ဆေးရုံတစ်ရုံမှာ ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ပေးနိုင်ခဲ့ပြီး အဲဒီအတွက် ကုန်ကျစရိတ်ကိုလည်း မတောင်းခံခဲ့ ပါဘူး။ သိပ်မကြာခင်မှာပဲ အန်ဒရူးဟာ ကျန်းမာရေးကောင်းမွန်လာခဲ့ပြီး ဆေးရုံဆင်းနိုင်ခဲ့ပါတယ်။
          တက်စ်ရဲ့ ဖေဖေနဲ့ မေမေကတော့ မမျှော်လင့်ဘဲ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလုံးကို ပျော်ရွှင်စွာနဲ့ စမြုံ့ပြန် ပြောလို့ကို မပြီးနိုင်ကြတော့ပါဘူး။
          “အဲဒီ ခွဲစိတ်ကုသမှုလေ… အရမ်းအံ့သြဖို့ကောင်းတဲ့ ကံတရားပဲနော်။ ဘယ်လောက်တောင် ကုန်ကျ လိမ့်မလဲဆိုတာ ကျွန်မဖြင့် တွေးလို့တောင် မရနိုင်ဘူး… ”
          တက်စ်ရဲ့ မေမေက အဲဒီလိုမျိုး ရေရွတ်ပြောဆိုတဲ့အခါတိုင်း တက်စ်ဟာ ဘာမှ မပြောဘဲ ပြုံးနေလေ့ ရှိ ပါတယ်။
          ဒီအံ့သြဖွယ်ကောင်းတဲ့ ပြဇာတ်ဆန်ဆန်ဖြစ်ရပ်ဟာ ဘယ်လောက်ကုန်ကျသလဲဆိုတာ သူမ အတိ အကျသိနေတယ်လေ။
သူမ ကုန်ကျလိုက်တာကတော့ တစ်ဒေါ်လာ၊ ဆယ့်တစ်ပြားရယ်… နောက် ကလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့ ယုံကြည်မှုတစ်ခုရယ်ပေါ့။
http://academictips.org/blogs/the-miracle-of-1-11-true-story/ ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါ သည်။
©
မင်းအရိပ်
Monday, June 12, 2017
အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦး အပိုင်း(၂)
၅။       လီကာရှင်း
          ဖခင်ဖြစ်သူသည် အဆုတ်နာရောဂါဖြင့် သေဆုံးသွားချိန်၌ လီကာရှင်းမှာ အသက်(၁၆)နှစ်သာ ရှိသေး သော်လည်း မိသားစုတာဝန်များက သူ့ပုခုံးပေါ်သို့ ရောက်လာခဲ့သည်။ ထို့ကြောင့် သူသည် ကျောင်းမှ ထွက်ခဲ့ရ ပြီး ပလတ်စတစ်ပန်းတုများ ပြုလုပ်သည့် စက်ရုံတွင် အလုပ်ဝင်လုပ်ခဲ့ရသည်။ ထိုသို့ အလုပ်ဝင်ပြီး (၆)နှစ်ကြာ သောအခါ လီသည် သူ၏ ကိုယ်ပိုင်စက်ရုံကို တည်ထောင်နိုင်ခဲ့ရာမှ နောင်တွင် CK Hutchison Holdings ဟု အမည်ရသည့် လုပ်ငန်းကြီးအဖြစ် ထင်ရှားကျော်ကြားလာခဲ့သည်။ ယခုအခါ CK Hutchison Holdings သည် အိမ်ခြံမြေ၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ထားသည့် စီးပွားရေးအင်ပါယာကြီးတစ်ခု ဖြစ်နေပေပြီ။ ထူးချွန်သော ရင်းနှီးမြှုပ်နှံရေးသမားဖြစ်သည့် လီသည် သူ၏ Horizon Ventures လုပ်ငန်းမှတဆင့် Facebook၊ Skype၊ Spotify နှင့် Hampton Creek တို့ကဲ့သို့ သော ကမ္ဘာကျော်လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
          အသက်(၈၇)ရှိပြီဖြစ်ပြီး ဒေါ်လာ(၁၉.၅)ဘီလီယံကြွယ်ဝသည့် လီကာရှင်းသည် အလုပ်များအား လျှော့ ချမည့်ဟန်မပေါ်သေးပေ။ သြဂုတ်လအတွင်းတွင် လီသည် သူ၏ အလှကုန်ပစ္စည်းများလက်ကားရောင်းချ လျက်ရှိသည့် AS Waston ကုမ္ပဏီအတွက် (၁၂၀၀၀)ခုမြောက် ရုံးခွဲကို ဖွင့်လှစ်လိုက်ပြီး ၄င်းအား ကမ္ဘာ့အကြီး ဆုံးအလှကုန်ပစ္စည်းလက်ကားရောင်းချရေးကုမ္ပဏီ ဖြစ်လာစေခဲ့သည်။
၎။       အယ်ဝါလစ် ဘင် တာလာ ဘင် အဗ္ဗဒူ အဇစ် အယ် ဆော့
          မင်းသားအယ်ဝါလစ်သည် ဆော်ဒီအာရေဗျနိုင်ငံ၏ ပထမဆုံးဘုရင်ဖြစ်သူ အဗ္ဗဒူ အဇစ် အယ် ဆော့၏ မြေးတစ်ဦးဖြစ်သည်။ အမေရိကန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းတလွှားရှိ ကုမ္ပဏီမြောက်မြားစွာတို့တွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ စီးပွားရေးအင်ပါယာတစ်ခုကို တည်ဆောက်ထားသူဖြစ်သည်။ ၁၉၈၀ခုနှစ်တွင် အယ်ဝါလစ်သည် Kingdom Holding ကုမ္ပဏီအား စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းမှသည် ဖျော်ဖြေရေးလုပ်ငန်းများအထိ လုပ်ကိုင်သည်။ သူသည် Twitter၊ The Four Seasons၊ Time Warner နှင့် Motorola စသည့် ကမ္ဘာကျော်ကုမ္ပဏီများတွင် အစုရှယ်ယာများ ထည့်ဝင်ထားပြီးဖြစ်သည်။
          အယ်ဝါလစ်၏ ကြွယ်ဝချမ်းသာမှုမှာ ဒေါ်လာ(၂၂.၅)ဘီလီယံရှိသည်ဟု ခန့်မှန်းကြသော်လည်း သူ၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ယခုအချိန်မထိ မည်သူမျှ အတိအကျမသိကြချေ။ ၂၀၁၃ခုနှစ်တွင် အယ်ဝါလစ်သည် သူ၏ ကြွယ်ဝမှုအား လျှော့၍ ခန့်မှန်းသည်ဟု ဆိုကာ Forbes မဂ္ဂဇင်းအား တရားစွဲခဲ့သေးသည်။ သူ၏ ပိုင်ဆိုင် မှုများအားလုံးကို လှူဒါန်းမည်ဖြစ်ကြောင်း ၂၀၁၆ခုနှစ်၊ နွေရာသီတွင် ကြေငြာထားခဲ့သည်။
၃။       မူကက်ရှ် အန်ဘာနီ
          အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ မူကက်ရှ် အန်ဘာနီသည် သူ၏ ဖခင်ဖြစ်သူ ၂၀၀၂ခုနှစ်တွင် ကွယ်လွန်သွားပြီးနောက် Reliance Industries အား လက်လွှဲရယူခဲ့သူဖြစ်သည်။ Reliance Industries သည် စွမ်းအင်၊ ရေနံထွက်ပစ္စည်းများ၊ အထည်အလိပ်၊ သယံဇာတတူးဖော်ရေးလုပ်ငန်းများနှင့် အခြားသော လုပ်ငန်း တို့မှ နှစ်စဉ် ဒေါ်လာ(၆၂)ဘီလီယံခန့် ၀င်ငွေရရှိလျက်ရှိသည်။
          မူကက်ရှ် အန်ဘာနီ၏ ကြွယ်ဝမှုမှာ ဒေါ်လာ(၂၄.၈)ဘီလီယံရှိပြီး အမေရိကန်ဒေါ်လာ(၁)ဘီလီယံကုန် ကျခံတည်ဆောက်ထားသည့် မွန်ဘိုင်းစံအိမ်ကြီးကိုလည်း ပိုင်ဆိုင်သည်။
          လွန်ခဲ့သောလေးနှစ်ခန့်က အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ ဒေါ်လာ(၁.၁)ထရီလီယံရှိခဲ့ရာ ၂၀၃၀ခုနှစ်တွင် ဒေါ်လာ(၃၀)ထရီလီယံသို့ ရောက်သွားမည်ဖြစ်ကြောင်း အန်ဘာနီက ဟောကိန်းထုတ်ထားလေသည်။
၂။       ဂျက်မာ
          အာရှတိုက်နှင့် တရုတ်နိုင်ငံတို့၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ ဂျက်မာသည် ၁၉၈၈ခုနှစ်တွင် Yellow Pages ဟု အမည်ရသည့် တရုတ်နိုင်ငံ၏ ပထမဆုံးအင်တာနက်ကုမ္ပဏီကို တည်ထောင်ခဲ့သူဖြစ်သည်။ ၁၉၉၆ခုနှစ်တွင် ထိုကုမ္ပဏီကို နိုင်ငံပိုင်ကုမ္ပဏီအဖြစ် လွှဲပြောင်းပေးခဲ့ရပြီးနောက် (၃)နှစ်အကြာတွင် ဂျက်မာ သည် ဒေါ်လာ(၆၀၀၀၀)ဖြင့် အလီဘာဘာကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ တည်ထောင်ခဲ့ပြီး (၁၅)နှစ် အကြာတွင် အဆိုပါကုမ္ပဏီသည် ဒေါ်လာ(၂၅)ဘီလီယံတန်ဖိုးရှိသည့် အင်တာနက်ပေါ်မှ အရောင်းအ၀ယ်များ ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်ကို ချိုးနိုင်ခဲ့လေသည်။
          ၂၀၁၅ခုနှစ်တွင် အလီဘာဘာ၏ ၀က်ဘ်ဆိုက်များကို အသုံးပြုကာ ပစ္စည်းအတုရောင်းချသူများကြောင့် ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးမှာ (၂၂)ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။ သို့သော် ဂျက်မာသည် မည်သို့မျှ စိုးရိမ်ပူ ပန်ပုံမပြဘဲ အလီဘာဘာ၏ ကာလကြာရှည်အောင်မြင်မှုအပေါ် ယုံကြည်မှုရှိနေသည်။ သူက သူ၏ ကုမ္ပဏီမှာ ကမ္ဘာ့အကြီးဆုံးဈေးကွက်တစ်ခုကို စိုးမိုးထားနိုင်ဆဲဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှေးကွေးလာခြင်း အပေါ် အနောက်နိုင်ငံများက အလွန်အကျွံစိုးရိမ်ပြနေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
          ဒေါ်လာ(၂၆.၅)ဘီလီယံကြွယ်ဝသူ ဂျက်မာသည် သူ၏ အလီဘာဘာအား တရုတ်နိုင်ငံ၏ ပြင်ပကမ္ဘာ တွင်လည်း အောင်မြင်မှုများ ရရှိလာအောင် အစီအစဉ်ရေးဆွဲလုပ်ဆောင်လျက်ရှိသည်။
၁။       ၀မ်ကျင်းလင်
          ဒေါ်လာ(၂၉.၂)ဘီလီယံကြွယ်ဝသူ ၀မ်ကျင်းလင်သည် တရုတ်နိုင်ငံသာမက အာရှတိုက်၏ အချမ်းသာ ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အိမ်ခြံမြေလုပ်ငန်းဂုရုကြီး ၀မ်ကျင်းလင်သည် ၁၉၇၀မှ ၁၉၈၆ခုနှစ်အထိ တရုတ်ပြည်သူ့ တပ်မတော်တွင် စစ်မှုထမ်းခဲ့ပြီးမှ စီးပွားရေးလောကသို့ အခြေချလာခဲ့သူဖြစ်သည်။ ၀မ်သည် လုပ်ငန်းကဏ္ဍ ပေါင်း တစ်ဒါဇင်ကျော် လုပ်ကိုင်နေသူဖြစ်ပြီး သူ၏ Dalian Wanda Group မှတစ်ဆင့် ကုမ္ပဏီပေါင်း ရာနှင့်ချီ ၍ ပိုင်ဆိုင်သူလည်း ဖြစ်သည်။ ထိုကုမ္ပဏီများထဲတွင် ဗြိတိသျှမှ ရွက်သင်္ဘောများပြုလုပ်သည့် Sunseeker နှင့် အမေရိကန်ဖျော်ဖြေရေးကုမ္ပဏီ AMC တို့လည်း ပါဝင်ကြသည်။ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နှင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တို့ရှိ အိမ်ခြံမြေလုပ်ငန်းများသည် ၀မ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် အကြီးဆုံးလုပ်ငန်းများ ဖြစ် ကြသည်။
          ၂၀၁၄နှင့် ၂၀၁၅ခုနှစ်များတွင် ၀မ်သည် သူ၏ Wanda Commercial Properties နှင့် Wanda Cinema Line တို့ကို အများပိုင်ရှယ်ယာစာရင်းတင်ခြင်းအားဖြင့် ပိုင်ဆိုင်မှုဒေါ်လာ(၁၃.၂)ဘီလီယံမှ ဒေါ်လာ (၃၀)ဘီလီယံသို့ နှစ်ဆမြှင့်တင်နိုင်ခဲ့သည်။ ထို့ပြင် ၀မ်သည် စပိန်နိုင်ငံမှ အက်သလက်တီကိုမက်ဒရစ်ဘောလုံး ကလပ်၏ ရှယ်ယာ(၂၀)ရာခိုင်နှုန်းအား ဒေါ်လာ(၅၂)သန်းဖြင့် ရင်းနှီးမြှုပ်နှံခဲ့ပြီး World Trithalon Corp; ကို ဒေါ်လာ(၆၅၀)သန်းဖြင့် ၀ယ်ယူခဲ့သည်။
အနှစ်ချုပ်
အချုပ်အားဖြင့် ဆိုရသော် အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် မိမိဘာသာ ကြိုးစားရုန်းကန်ပြီး ချမ်းသာလာသူ (၇)ဦးအထိပါဝင်ပြီး မိဘအမွေအနှစ်များကို ဆက်ခံကာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သူ (၃)ဦး ပါဝင်သည်ကို တွေ့ရသည်။ ၄င်းတို့လုပ်ကိုင်သည့် လုပ်ငန်းများအနေဖြင့် ကြည့်မည်ဆိုပါက နည်းပညာ ကဏ္ဍမှ (၄)ဦး၊ အိမ်ခြံမြေကဏ္ဍမှ (၂)ဦး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ (၂)ဦး၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ (၁)ဦး နှင့် ရေနံနှင့်စွမ်းအင်လုပ်ငန်းမှ (၁)ဦးတို့ ပါဝင်ကြောင်း တွေ့ရှိရသည်။
အာရှတိုက်၏ အချမ်းသာဆုံး ဘီလျံနာများတွင် အသက်(၄၄)နှစ်မှ အသက်(၈၇)နှစ်အထိ အရွယ်အမျိုး မျိုး ပါဝင်ကြသော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် အချိန်တိုအတွင်း ဘီလျံနာဖြစ်လာကြသူများမှာ နည်းပညာကဏ္ဍ မှ ဖြစ်ကြောင်း တွေ့ရှိရပေသည်။ ကျွန်တော်တို့၏ မြန်မာနိုင်ငံသည် အာရှတိုက်မှ ဖြစ်ပေရာ အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များအကြောင်း ဖတ်ရှုရင်းဖြင့် မိမိတို့အတွက် အသိပညာတိုးစရာ တစ်စုံတစ်ခု ရရှိနိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
ကိုးကား
©
မင်းအရိပ်
Thursday, May 18, 2017
ကမ္ဘာပေါ်မှ ထူးဆန်းသော တိရိစ္ဆာန်ကလေးများ
အခုဖော်ပြမယ့်ပုံတွေထဲက တိရိစ္ဆာန်လေးတွေကို သင် မမြင်ဖူးဖို့ ၉၀ရာခိုင်နှုန်းရှိပါတယ်။
တစ်ပုံချင်းစီမှာ သူတို့နာမည်လေးတွေနဲ့ တွေ့ရတဲ့နေရာလေးတွေကို ရေးသားထားပါတယ်။
ကိုးကား: www.reddit.com
Image may contain: plant, nature and outdoor
The pink-eyed Caedicia
ပန်းရောင်မျက်လုံးဓားခုတ်ကောင်ဖြစ်ပါတယ်။
ပစိဖိတ်ကုန်းမြင့်ဒေသ၊ မူလာတောင်တန်းမှာ နေထိုင်ကျက်စားကြပါတယ်။
Image may contain: cat and bird
The Nendo tube-nosed fruit bat
ရုပ်ရှင်တွေထဲက မကောင်းဆိုးဝါးတစ်ကောင်ကောင်နဲ့ တူနေတဲ့ ဒီလင်းနို့ကို ၂၀၀၉ခုနှစ်တုန်းက ပါပူးဝါနယူးဂီနီမှာ 
တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Image may contain: outdoor
The Cherax Pulcher
အထက်ပါရောင်စုံဂဏန်းကိုတော့ မနှစ်ကမှ အင်ဒိုနီးရှားမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။
No automatic alt text available.
The Albino Chinese softshell turtle
တရုတ်အခွံပျော့လိပ်ဖြစ်ပါတယ်။
No automatic alt text available.
The pink handfish
ပန်းရောင်လက်ငါးမှာ လက်ပုံသဏ္ဍာန်ပါရှိတာကို တွေ့ရမှာဖြစ်ပြီး မျိုးတုန်းပျောက်ကွယ်သွားမှာ စိုးရိမ်စရာအခြေအနေရောက်နေပါပြီ။
Image may contain: bird and food
Honduran white bats
အသီးအနှံတွေစားသုံးတဲ့ ချစ်စရာ ဟွန်ဒူးရပ်စ်အဖြူရောင်လင်းနို့လေးတွေဟာ ဗဟိုအမေရိကဒေသမှ ဖြစ်ပါတယ်။
Image may contain: water and outdoor
The Amazon river dolphin
အရေပြားရောဂါစွဲကပ်နေတယ်လို့ ထင်မိနိုင်တဲ့ အမေဇုန်မြစ်တွင်းလင်းပိုင်လေးပါ။
မြန်မာမှာလဲ ဧရာဝတီလင်းပိုင်ရှိတယ်လေ။ ဒါပေမယ့် အဖြူရောင်ပါ။
Image may contain: one or more people
The snub-nosed monkey
မြန်မာအခေါ် နှာခေါင်းလန်မျောက်တွေကို ၂၀၁၀ခုနှစ်ကမှ ကချင်ပြည်နယ်တွင်းမှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး ရှားပါးတိရိစ္ဆာန်မျိုးတွေဖြစ်ပါတယ်။
Image may contain: night
The Grimpoteuthis (aka Dumbo Octopus)
ထူးဆန်းတဲ့အသွင်အပြင်ရှိတဲ့ ပင်လယ်ရေနက်ပိုင်းနေ ရေဘ၀ဲတစ်မျိုးဖြစ်ပါတယ်။
No automatic alt text available.
The Ili Pika
ချစ်စရာကောင်းတဲ့ ယုန်ငယ်လေးရဲ့ နှစ်နှစ်ဆယ်အတွင်း ပထမဆုံးရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံကို ဖော်ပြထားတာဖြစ်ပြီး သူ့ရဲ့ဇာတိကတော့ တရုတ်နိုင်ငံ၊ ထင်းရှန်းတောင်တန်းပါ။
Image may contain: plant and nature
The Pinocchio frog
နာမည်ကျော်ကာတွန်းဇာတ်ကောင် ပီနော့ချီယိုရဲ့ နှာခေါင်းနဲ့ ဆင်တူတယ်ဆိုပြီး ပီနော့ချီယိုဖားလို့ အမည်ပေးခံရတဲ့ ဖားကလေးပါ။
Image may contain: water and outdoor
The salp
ဆာ့ပ်ငါးတွေဟာ ပင်လယ်အတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စားသုံးပြီး အကြည်ရောင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါတယ်။ သူတို့ဟာ လေထဲက ကာဗွန်တွေကိုပါ လျှော့ချပေးနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေတဲ့ သတ္တ၀ါလေးတွေပါပဲ။
ကျေးဇူးတင်ပါတယ်။
မင်းအရိပ်
Wednesday, April 26, 2017
၂၀၁၇ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ
၂၀၁၇ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နေတဲ့ နံပါတ်တစ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုပဲဖြစ်ပြီး စုစုပေါင်း တန်ဖိုး (၁၈)ထရီလီယံဒေါ်လာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့စီးပွားရေးအင်အားစုစုပေါင်းရဲ့ (၂၄.၃၂)ရာခိုင်နှုန်းရှိပါတယ်။
ဒုတိယနေရာက နိုင်ငံကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး (၁၁)ထရီလီယံဒေါ်လာတန်ဖိုးနဲ့ ကမ္ဘာ့စီးပွားရေး အင်အားစုစုပေါင်းရဲ့ (၁၄.၈၄)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
ဂျပန်နိုင်ငံကတော့ စီးပွားရေးအင်အားအကြီးဆုံးတတိယနေရာကို ရယူထားပြီး တန်ဖိုး(၄.၄)ထရီလီယံဒေါ်လာနဲ့ ကမ္ဘာ့စီးပွားရေးအင်အားစုစုပေါင်းရဲ့ (၆)ရာခိုင်နှုန်းကို ရယူထားနိုင်ပါတယ်။
စတုတ္ထနေရာမှာ ဂျာမနီနိုင်ငံက (၃.၃)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း၊ ပဉ္စမနေရာမှာ ယူနိုက်တက်ကင်းဒမ်းမှ (၂.၉)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း၊ ဆဌမနေရာမှာ ပြင်သစ်နိုင်ငံမှ (၂.၄)ထရီလီယံဒေါ်လာဖြင့်လည်း ကောင်း၊ သတ္တမနေရာမှာ အိန္ဒိယနိုင်ငံမှ (၂)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း၊ အဌမနေရာမှာ အီတလီနိုင်ငံမှ (၁.၈)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း၊ န၀မနေရာမှာ ဘရာဇီးနိုင်ငံမှ (၁.၈)ထရီလီယံဒေါ်လာဖြင့်လည်း ကောင်း၊ ဒဿမနေရာမှာ ကနေဒါနိုင်ငံမှ (၁.၅)ထရီလီယံဒေါ်လာဖြင့်လည်းကောင်း အသီးသီးရပ်တည်လျက် ရှိ ကြပါတယ်။
အထက်ဖော်ပြပါနိုင်ငံတွေအပြင် ကမ္ဘာ့စီးပွားရေးထိပ်သီး(၄၁)နိုင်ငံထဲ ပါဝင်တဲ့ အခြားနိုင်ငံတွေကတော့ တောင် ကိုရီးယား၊ သြစတေးလျ၊ ရုရှား၊ စပိန်၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ တူရကီ၊ ဆွစ်ဇာလန်၊ ဆော်ဒီအာရေး ဗီးယား၊ အာဂျင်တီးနား၊ ဆွီဒင်၊ နိုက်ဂျီးရီးယား၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ အီရန်၊ ထိုင်း၊ နော်ဝေ၊ သြစတီးယား၊ ယူအေ အီး၊ ဗင်နီဇွဲလား၊ အီဂျစ်၊ တောင်အာဖရိက၊ ဟောင်ကောင်၊ အစ္စရေး၊ မလေးရှား၊ ဒိန်းမတ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကိုလံဘီယာနှင့် အိုင်ယာလန်တို့ ဖြစ်ကြပါတယ်။
စီးပွားရေးထိပ်သီးနိုင်ငံ(၄၀)ထဲမှာ အရှေ့တောင်အာရှမှ နိုင်ငံ(၅)နိုင်ငံပါဝင်နေပြီး မြန်မာနိုင်ငံကတော့ ၂၀၁၆ခုနှစ် အတွက် ခန့်မှန်းအဆင့် ၇၃နေရာမှာ ရှိနေပါတယ်။
ကိုးကား
©
မင်းအရိပ်
Sunday, May 10, 2015
ကမ္ဘာ့အကြီးကျယ်ဆုံး တီထွင်သူဆယ်ဦး ၂
လူတိုင်းဟာ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံယူချက်တွေ ရှိတာကြောင့် ကမ္ဘာ့အကြီးကျယ်ဆုံးဆိုတဲ့ စာရင်းတွေကို ပြုစုတဲ့အခါ ဘယ်တော့မှ ထပ်တူညီလိမ့်မယ်မဟုတ်ပါဘူး။ အောက်ပါအကိုးအကားတစ်ခုကနေပြီးတော့ ဒီစာရင်းကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။
၅။ ဂယ်လီလီယို ဂယ်လီလီ (၁၅၆၄-၁၆၄၂)
အိုင်းစတိုင်းရဲ့ အဆိုအရ ဂယ်လီလီယိုဟာ ခေတ်သစ်သိပ္ပံပညာရဲ့ ဖခင်ကြီးပါ။ သူ့ရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကတော့ နက္ခတ်တာရာကြည့်မှန်ပြောင်းကို အဆင့်မြှင့်တင်မှု၊ ကြယ်နဲ့ ဂြိုလ်တွေကို လေ့လာသုတေသနပြုမှုတွေ၊ ကမ္ဘာဟာ နေကို လည်ပတ်နေတယ်ဆိုတဲ့ ကိုပါးနီးကပ်ရဲ့ တော်လှန်သော အတွေးအခေါ်ကို အားဖြည့်ထောက်ခံနိုင်ခဲ့တာတို့ပဲ ဖြစ်ပါတယ်။ သူဟာ အပူချိန်တိုင်းကိရိယာ သာမိုမီတာကို ဦးဆုံးဒီဇိုင်းထုတ်နိုင်ခဲ့သလို စစ်သုံးအိမ်မြှောင်ကိုလည်း တီထွင်ခဲ့ပါတယ်။ ရွေ့လျားနေတဲ့ အရာဝတ္ထုတွေရဲ့ ရူပဗေဒအလုပ်တွေကို တွက်ထုတ်ပေးခဲ့သလို သူ့ကြောင့် နယူတန်က classical mechanicsကို တိုးတက်စေနိုင်ခဲ့တာဖြစ်ပါတယ်။ ဂယ်လီလီယိုရဲ့ နောက်ထပ် မှတ်သားဖွယ်အောင်မြင်မှုတွေကတော့ သောကြာဂြိုလ်ရဲ့ ကြယ်လေးစင်းကို ရှာတွေ့ခဲ့တာ၊ နေပေါ်က အစက်အပြောက်တွေကို ရှာတွေခဲ့တာနဲ့ မစ်ကီဝေးဆိုတာဟာ များပြားလှစွာသော ကြယ်တွေရဲ့ ပြွတ်ကြပ်နေတဲ့ အစုအဖွဲ့ဖြစ်ကြောင်း ဖော်ထုတ်ခဲ့တာတွေပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရေးသားဖော်ထုတ်ချက်ဖြစ်တဲ့ နေကို ဗဟိုပြုလည်ပတ်နေသော နေစကြ၀ဠာအဖွဲ့အစည်းအယူအဆဟာ သူ့ကို ထိုစဉ်က အာဏာပြင်းလွန်းတဲ့ ရိုမန်ကက်သလစ်ဘုရားကျောင်းတော်နဲ့ ထိပ်တိုက်တွေ့စေခဲ့ပြီး မိစ္ဆာဒိဌိတစ်ဦးအဖြစ် သမုတ်ခံရကာ အိမ်တွင်းအကျဉ်းကျခံခဲ့ရပါတယ်။ အဲဒီနောက် တစ်သက်လုံး သူဟာ နေအိမ်အကျယ်ချုပ်နဲ့ပဲ နှစ်ပါးသွားခဲ့ရတာပါ။ အဲဒီအကျယ်ချုပ်အချိန်တွေမှာပဲ သူဟာ ဘ၀တစ်လျှောက်အကောင်းဆုံးအလုပ်ဖြစ်တဲ့ သိပ္ပံပညာအသစ်နှစ်ခု လို့ အမည်ရတဲ့ ရူပဗေဒဆိုင်ရာစာတမ်း ပြုစုခဲ့ပါတယ်။
၎။ ရိုက်ညီနောင် -  အိုဗာ (၁၈၇၁-၁၉၄၂)၊ ၀ီဗာ (၁၈၆၇-၁၉၁၂)
ရိုက်ညီနောင်ဟာ လူသားမောင်းနှင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး လေယာဉ်ကို တီထွင်ခဲ့ကြသူများ ဖြစ်ပါတယ်။ သူတို့ကလေးဘ၀တုန်းမှာ သူတို့ရဲ့ အဖေဖြစ်သူက ရဟတ်ယာဉ်အရုပ်ကလေးဝယ်လာပေးရာကနေ သူတို့ဟာ လေကြောင်းပျံသန်းမှုပညာရပ်ကို အထူးစိတ်ဝင်စားသွားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအရုပ်ကလေး ပျက်ဆီးသွားတဲ့အခါ သူတို့နှစ်ယောက်က ကိုယ်တိုင် ပြန်တည်ဆောက်နိုင်ခဲ့ကြပါတယ်။ နှစ်ယောက်လုံးဟာ အထက်တန်းကျောင်းတောင် မအောင်ခဲ့ကြပေမယ့် ထူးချွန်ထက်မြက်ပြီး အလုပ်ကြိုးစားကြသူတွေပီပီ အဖွဲ့တစ်ဖွဲ့တည်ထောင်ပြီး သတင်းစာထုတ်ဝေမှုကို အရင်လုပ်ခဲ့တာပါ။ သတင်းစာထုတ်ဝေခြင်းလုပ်ငန်းဟာ မကြာခဲ့ပေမယ့် အဖွဲ့ရဲ့ ပေါင်းစည်းမှုကို ခိုင်မြဲစေခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ ကိုယ်ပိုင်စက်ဘီးဒီဇိုင်းထုတ်ပြီး ရိုက်စက်ဘီးကုမ္ပဏီအမည်နဲ့ စက်ဘီးများ ထုတ်လုပ်ရောင်းချခဲ့ကြပြန်ပါတယ်။ အောင်မြင်တဲ့ စက်ဘီးလုပ်ငန်းကနေ ရလာခဲ့တဲ့ အကျိုးအမြတ်တွေဟာ သူတို့ရဲ့ ပျံသန်းမှုလုပ်ငန်းအတွက် ရံပုံငွေတွေပေါ့။ လေယာဉ်ကို တီတွင်နိုင်ဖို့အတွက် အရေးပါဆုံးတီထွင်မှုနှစ်ခုကတော့ စက်ဆရာ ချာလီတေလာနဲ့အတူ တည်ဆောက်ခဲ့တဲ့ ပေါ့ပါးသေးငယ်တဲ့ အင်ဂျင်ဖြစ်ပြီး နောက်တစ်ခုကတော့ ညီနောင်နှစ်ယောက်ကိုယ်တိုင် တီထွင်ခဲ့တဲ့ လေယာဉ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ဖို့ ၀င်ရိုးသုံးခုစတီယာရင်ပဲ ဖြစ်ပါတယ်။ ရိုက်ညီနောင်ဟာ သူတို့ရဲ့ တီထွင်မှုကို အဆင့်ဆင့် တိုးတက်မြှင့်တင်ခဲ့ပြီး ရိုက်ကုမ္ပဏီကနေ မော်ဒယ်အမျိုးမျိုးနဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်မှူး၁၁၅ဦးကိုလဲ မွေးထုတ်ပေးခဲ့ပြီး အဲဒီခေတ်အခါက လူထုကို လေကြောင်းပျံသန်းမှုအရသာအား ထိတွေ့စေခဲ့ကြတာပါ။
၃။ ဂျိမ်းစ်ဝပ် (၁၇၃၆-၁၈၁၉)
ခေတ်သစ်စက်မှုတော်လှန်ရေးကို ခေါ်ယူလာခဲ့တဲ့ တစ်ဦးတည်းသော တာဝန်ရှိသူကို ဖော်ပြပါဆိုရင် ဂျိမ်းစ်ဝပ်လို့ပဲ ပြောရပါလိမ့်မယ်။ သူဟာ အစွမ်းထက်လှတဲ့ ရေနွေးငွေ့အင်ဂျင်ကို တီထွင်ခဲ့ပြီး စက်မှုလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို တိုးမြှင့်ပေးနိုင်ခဲ့တာပါ။ လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်ဘဲ ငွေကြေးဆိုင်ရာ အခက်အခဲတွေ၊ ရုန်းကန်မှုတွေကြားကနေ ဂျိမ်းစ်ဝပ်ရဲ့ တစိုက်မတ်မတ်တီထွင်မှုကြောင့်သာ ရေနွေးငွေ့အင်ဂျင်စက်ဟာ အကောင်အထည်ပေါ်လာခဲ့ရတာပါ။ အဲဒီနောက်မှာတော့ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းတွေဟာ ထိုးတက်သွားခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ဒါ့အပြင် ဂျိမ်းစ်ဝပ်ဟာ မြင်းကောင်ရေအားဆိုတဲ့ အယူအဆကို မိတ်ဆက်ခဲ့ပြီး မိတ္တူစက်ကိုလဲ တီထွင်ခဲ့ပါတယ်။ ဂျိမ်းစ်ဝပ်ရဲ့ မိတ္တူကူးစက်ပေါ် အခြေခံပြီး နောင်နှစ်ပေါင်းနှစ်ရာကျော်မှသာ ယနေ့ မိတ္တူကူးစက်တွေ ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။
၂။ တင်မ် ဘားနာ-လီး (၁၉၅၅-ယနေ့အထိ)
သည်စာရင်းထဲမှာပါတဲ့ တစ်ဦးတည်းသော ခေတ်သစ်လူသားပါ။ တင်မ် ဘာနာ-လီး ဟာ အင်္ဂလိပ်ကွန်ပြူတာပညာရှင်တစ်ဦးဖြစ်ပြီး ယနေ့လူသားတွေ တပ်မက်စွာ သုံးစွဲနေကြတဲ့ world wide web ကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်မှာ သူဟာ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်ကို ချပြခဲ့ပြီး နောက်ထပ် ရှစ်လအကြာမှာတော့ အင်တာနက်ကို ဖြတ်သန်းပြီး httpနဲ့ သတင်းအချက်အလက်တွေကို အောင်မြင်စွာ ပို့ဆောင်ပြခဲ့ပါတယ်။ (တကယ်တော့ httpဆိုတာ htpပါ။ ဘာနာ-လီးက ပမာဒလေခပြီး tတစ်လုံး ပိုထည့်ခဲ့လို့ httpဖြစ်နေရခြင်းဖြစ်ပါတယ်။) သူတီထွင်ခဲ့တဲ့ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်အတွက်ပဲ ပထမဆုံး ၀က်ဘ်-ဘရောက်ဇာ၊ ပထမဆုံး ၀က်ဘ်ဆာဗာနဲ့ ပထမဆုံး ၀က်ဘ်ဆိုဒ်တို့ကိုလဲ သူပဲ တီထွင်ရေးဆွဲခဲ့ပါတယ်။ သုံးနှစ်အကြာမှာ world wide web consortiumကို တည်ထောင်ပြီး ယနေ့အထိဦးဆောင်ကာ world wide webကြီး ကြာရှည်တည်တံ့စွာ တိုးတက်အောင်မြင်စေရန်အတွက် protocolsတွေ ရေးဆွဲပေးနေပါတယ်။ ယခုနှစ်ထဲမှာမှ အသက်ခြောက်ဆယ်ပြည့်မယ့် ဘာနာ-လီးဟာ Semantic Web လို့ ခေါ်တဲ့ ခေတ်သစ်ဝက်ဘ်ကို ကိုယ်ပိုင်စက်ကို တည်ဆောက်ကာ တီထွင်ရေးဆွဲနေဆဲ ဖြစ်ပါတယ်။
၁။ သောမတ် အယ်လ်ဖာ အက်ဒီဆင် (၁၈၄၇-၁၉၃၁)
အားလုံးသိတဲ့အတိုင်း ကမ္ဘာ့အကြီးကျယ်ဆုံးတီထွင်ပညာရှင်ကတော့ သောမတ်အက်ဒီဆင်ပါပဲ။ သူ့ရဲ့ တီထွင်မှုတွေကြောင့်သာမက တီထွင်ပစ္စည်းတွေကို လူတိုင်းသုံးစွဲနိုင်အောင် လုပ်ပေးခဲ့သလို အဖွဲ့အစည်းလိုက် တီထွင်မှုတွေအတွက်လဲ ဦးဆောင်ပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။ အက်ဒီဆင်ဟာ တီထွင်မှုပေါင်း ၁၁၀၀နီးပါးကို သူ့နာမည်နဲ့ မှတ်ပုံတင်နိုင်ခဲ့သလို လျှပ်စစ်မီးသီး၊ အသံသွင်းပညာ၊ ရုပ်ရှင်၊ လျှပ်စစ်ဘက်ထရီ စတဲ့ ပစ္စည်းတွေနဲ့ ကမ္ဘာကြီးကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သူပါ။ လျှပ်စစ်စွမ်းအင်ကို အဆင့်မြှင့်တင်ပြီး အိမ်တွေ၊ ရုံးတွေ၊ စက်ရုံတွေကို ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းဟာ ခေတ်သစ်ကမ္ဘာကြီးကို တည်ဆောက်ဖို့ အရေးကြီးဆုံး အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အက်ဒီဆင်ဟာ ကမ္ဘာ့ပထမဆုံး စက်မှုလုပ်ငန်းသုတေသနဓာတ်ခွဲခန်းကို တည်ဆောက်ခဲ့ပြီး နည်းပညာတီထွင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ခဲ့ပါတယ်။ အက်ဒီဆင်ဟာ သူ့ရဲ့ လက်အောက်က တီထွင်ပညာရှင်တွေရဲ့ တီထွင်မှုတွေကို သူ့နာမည်နဲ့ မှတ်ပုံတင်ခဲ့တာ မှန်ပေမယ့် အဲဒီလို တီထွင်ပညာရှင်ပေါင်းစုံနဲ့ ဘာသာရပ်အမျိုးမျိုးက တီထွင်မှုတွေကို ဦးဆောင်ပြီး ဆန်းသစ်မှုပေါင်းများစွာကို အားပေးခဲ့တာဟာပဲ သူဟာ ပါရမီရှင် ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်း ဖော်ညွှန်းနေပါတော့တယ်။
ကိုးကား
Thursday, April 30, 2015
ကမ္ဘာ့အကြီးကျယ်ဆုံး တီထွင်သူဆယ်ဦး ၁
လူတိုင်းဟာ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံယူချက်တွေ ရှိတာကြောင့် ကမ္ဘာ့အကြီးကျယ်ဆုံးဆိုတဲ့ စာရင်းတွေကို ပြုစုတဲ့အခါ ဘယ်တော့မှ ထပ်တူညီလိမ့်မယ်မဟုတ်ပါဘူး။ အောက်ပါအကိုးအကားတစ်ခုကနေပြီးတော့ ဒီစာရင်းကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။
၁၀။ လီယိုနာဒို ဒါဗင်ချီ (၁၄၅၂-၁၅၁၉)
လီယိုနာဒို ဒါဗင်ချီဆိုတာ ကမ္ဘာကျော်ပန်းချီကားကြီးတွေဖြစ်တဲ့ မိုနာလီဇာနဲ့ နောက်ဆုံးညစာ စတဲ့ ပန်းချီကားတွေကို ရေးဆွဲခဲ့သူ ပန်းချီအကျော်အမော်တစ်ယောက်သာမကဘဲ ပညာရပ်နယ်ပယ်အမြောက်အမြားမှာ စူးစမ်းလေ့လာပြီး အောင်မြင်ဖြစ်ထွန်းခဲ့သူ သမိုင်းမှာ အတော်ဆုံး လူတစ်ယောက်လဲ ဖြစ်ပါတယ်။ ပညာရပ်နယ်ပယ်များစွာမှာ တကယ်ကို တတ်သိနှံ့စပ်မှုတွေ များစွာပိုင်ဆိုင်ခဲ့တဲ့သူဟာ သိပ္ပံလောကကို တစ်ခေတ်ဆန်းစေသူလဲ ဖြစ်ပါတယ်။ ပန်းချီရေးဆွဲမှုတစ်ခုတည်းမှာတင် သူ့ရဲ့ အစွမ်းက အံ့မခန်းပါပဲ။ အလင်း၊ အပင်၊ လူ့မျက်နှာပေါ်က ခံစားမှုအမျိုးမျိုး၊ သက်ရှိတည်ဆောက်ပုံတွေ၊ သဘာဝတရားတွေကို ရေးဆွဲခဲ့ပုံတွေက တီထွင်ဆန်းသစ်ပြီး ရေးဆွဲခဲ့သူပါ။ သူသေပြီးတဲ့နောက်မှာ သူ့ရဲ့ သိပ္ပံနည်းပညာဆိုင်ရာ တီထွင်မှုတွေကြောင့် လူသားတွေရဲ့ ရိုသေလေးမြတ်မှုကို ခံယူခဲ့ရပါတယ်။ သူသေပြီး နှစ်ရာနဲ့ချီတဲ့အချိန်မှာတောင် မဖန်တီးနိုင်ခဲ့ကြတဲ့ နည်းပညာမြောက် ပစ္စည်းတွေကို အသေးစိတ်ဒီဇိုင်းတွေ အမြောက်အမြားရေးဆွဲခဲ့ပါတယ်။ ဥပမာအားဖြင့် ပျံသန်းနိုင်တဲ့ စက်တွေ၊ တိုက်ခိုက်ရေးသံချပ်ကာယာဉ်၊ နေစွမ်းအင်အသုံးပြုပုံ၊ နစ်မြုပ်ဖို့ ခက်ခဲ့တဲ့ နှစ်ထပ်သင်္ဘောဒီဇိုင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒါဗင်ချီရေးဆွဲခဲ့တဲ့ ခန္ဓာဗေဒဆိုင်ရာ ပုံကြမ်းတွေကိုသာ အဲဒီခေတ်က ပုံနှိပ်ထုတ်ဝေဖြစ်ခဲ့မယ်ဆိုရင် တကယ်ကို အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ သုတေသနပြုမှုတွေအတွက် အရမ်းအသုံးဝင်ခဲ့မှာပါ။ သူဟာ အင်ဂျင်နီယာတစ်ယောက်အဖြစ်နဲ့လဲ သူရဲ့ စွမ်းရည်တွေကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဘ၀တစ်လျှောက်လုံး သူဟာ ကြီးကျယ်ခမ်းနားသူတစ်ယောက်အနေနဲ့ ရပ်တည်ရှင်သန်ခဲ့ပြီး သူ သေဆုံးခါနီးအချိန်တွေဟာ ပြင်သစ်ဘုရင်ကိုယ်တိုင်က သူ့ရဲ့ လက်တွေနဲ့ပွေ့ဖက်ထားခဲ့ပြီး ပညာရှင်ကြီးတစ်ယောက်ရဲ့ နေ၀င်ချိန်ကို နှုတ်ဆက်ခဲ့ပါတယ်။
၉။ ဘင်ဂျမင် ဖရန်ကလင်း (၁၇၀၅-၁၇၉၀)
အမေရိကန်သမိုင်းမှာ ဘင်ဂျမင် ဖရန်ကလင်းဟာ ဘာသာရပ်အမျိုးမျိုးအတွက် အကြီးကျယ်ဆုံး တွေးခေါ်ပညာရှင်တစ်ယောက်ပါ။ သူဟာ ပုံနှိပ်စက်ဆရာ၊ စာရေးဆရာ၊ စာတိုက်မှူး၊ နိုင်ငံရေးသီအိုရီပညာရှင်၊ နိုင်ငံရေးသမား၊ နိုင်ငံတည်ထောင်သူ၊ သံတမန်၊ သိပ္ပံပညာရှင်နဲ့ တီထွင်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ တီထွင်ဆန်းသစ်မှုတွေဟာ ဖရန်ကလင်စတုတ်ဖ်လို့ ခေါ်တဲ့ မီးဖို၊ ပင်လယ်ပြင်သွား သင်္ဘောကျောက်ဆူး၊ အတုထုတ်ဖို့ ခက်ခဲတဲ့ ငွေစက္ကူဒီဇိုင်း စတဲ့ သေးငယ်တဲ့ တီထွင်မှုတွေကနေ လျှပ်စစ်စွမ်းအင်အကြောင်း သုတေသနပြုမှုတွေ၊ လျှပ်စစ်ဖိုဓာတ်၊ မဓာတ် အီလက်ထရွန်တွေကို ရှာဖွေတွေ့ရှိမှု၊ အလင်းဓာတ်ချောင်းကို တီထွင်နိုင်မှုတွေအထိ များပြားခဲ့ပါတယ်။ ဖရန်ကလင်းဟာ မွေးရာပါ ခေါင်းဆောင်မှုဗီဇပါသူလည်း ဖြစ်ပါတယ်။ အမေရိကရဲ့ ပထမဆုံး မီးသတ်ဌာန၊ ပထမဆုံး ဆေးရုံ၊ အမေရိကန်စာတိုက်စနစ်၊ ပညာရှင်သုံးယောက်အဖွဲ့နဲ့ တည်ထောင်ခဲ့တဲ့ အမေရိကန်ကောလိပ်စနစ် စတာတွေကို ဆန်းသစ်တည်ထောင်ခဲ့သလို အရေးကြီးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံရေးစနစ်ကို တီထွင်ဆန်းသစ်တဲ့ အဓိက ဒေါက်တိုက်အဖြစ် ပါဝင်အသုံးတော်ခံခဲ့သူပါ။ ဖရန်ကလင်းဟာ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်း၊ ပြင်သစ်နိုင်ငံနှင့် မဟာမိတ်စာချုပ်၊ ပဲရစ်စာချုပ်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စတဲ့ အမေရိကန်နိုင်ငံတည်ထောင်မှု စာတမ်းလေးစောင်မှာ လက်မှတ်ရေးထိုးခဲ့သူ အမေရိကရဲ့ တစ်ဦးတည်းသော ဖခင်ကြီးဖြစ်ပါတယ်။
၈။ အာခီမီးဒီးစ် (၂၈၇-၂၁၂ဘီစီ)
အာခီမီးဒီးစ်ဟာ သူ့ခေတ်သူ့အခါမှာ အကြီးကျယ်ဆုံး သင်္ချာပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး တီထွင်သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်တုန်းက အသက်ရှင်နေထိုင်ခဲ့သူ သူ့ကြောင့်သာ ယခုတီထွင်သူစာရင်းထဲက သူတွေအားလုံးနီးပါး တီထွင်မှုတွေ လုပ်နိုင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ သူဟာ ယနေ့ကျွန်တော်တို့မှီခိုနေရတဲ့ စက်ဝိုင်းဧရိယာ၊ မျက်နှာပြင်ဧရိယာ၊ စက်လုံးရဲ့ ထုထည်၊ ပါရာဘိုလာဧရိယာ စတဲ့ ဂျီအော်မေတြီသီအိုရမ်တွေကို သက်သေပြခဲ့ပြီး ပိုင်ရဲ့ တန်ဖိုးကိုလဲ ခန့်မှန်းတွက်ချက်ခဲ့သူပါ။ ဒီ သင်္ချာပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို သူ့ဘ၀တစ်လျှောက်လုံး လုပ်ခဲ့သလို သူတီထွင်ခဲ့တဲ့အရာတွေကလည်း သူ့ရဲ့ တွက်ချက်မှုတွေကို အခြေခံခဲ့တာပါ။ အာခီမီးဒီးစ်ဟာ ကုတ်(lever)ရဲ့ အခြေခံသဘောတရားကို ပထမဆုံး ထုတ်ဖော်ခဲ့သူဖြစ်ပြီး၊ ရှေးဦးစက်ကိရိယာတွေလို့ ခေါ်နိုင်တဲ့ ၀က်အူရစ်ရေတင်စက်၊ ပူလီတွေကို စုစည်းပြီး အလေးသယ်တဲ့စက်၊ ပထမဆုံးဂြိုလ်နက္ခတာရာမြေပုံစတာတွေ တီထွင်ခဲ့တဲ့အပြင် သူရဲ့ မွေးရပ်မြေ ဆီရာကျုမြို့ကို စစ်အတွင်းမှာ စိတ်ကူးယဉ်ဆန်ဆန် စက်ကိရိယာတွေနဲ့ ကာကွယ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကြီးကျယ်ထင်ရှားတဲ့ တီထွင်မှုတွေကြောင့် ရန်သူ့ခေါင်းဆောင်တွေဟာ သူ့ကို အထိအခိုက်မရှိစေဖို့ မှာကြားထားခဲ့ကြပေမယ့် ဆီရာကျုမြို့သိမ်းတိုက်ပွဲမှာ ရောမစစ်သားတစ်ယောက်ရဲ့ ဓားချက်နဲ့ သေဆုံးခဲ့ရပါတယ်။
၇။ ဂျိုဟန်နက်စ် ဂူတင်ဘတ် (၁၃၉၂-၁၄၆၈)
ဂျိုဟန်န်စ် ဂူတင်ဘတ်ဟာ ပုံနှိပ်အတတ်ပညာကို ဥရောပမှာ မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး ပုံနှိပ်ပညာဟာ တရုတ်မှာ စတင်ခဲ့ပြီးနောက် ကိုရီးယားကို ရောက်ရှိသွားပြီး သတ္တုအသုံးပြုပြီး အဆင့်မြှင့်တင်ခြင်းခံရပါတယ်။ ဒါပေမယ့် ဂူတင်ဘတ်ဟာ ပုံနှိပ်အတတ်ပညာရဲ့ စွမ်းအားကို ပြီးပြည့်စုံအောင် ပြုလုပ်ခဲ့သူပါ။ ဥရောပအက္ခရာစာလုံးတွေကို မှင်အသုံးပြုပြီး စာရွက်ပေါ်မှာ ပုံနှိပ်နိုင်အောင် များပြားလှစွာသော ရွှေ့ပြောင်းနိုင်တဲ့ စက်ပစ္စည်းတွေ ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒီပုံနှိပ်အတတ်ပညာကြောင့် များစွာသော ပညာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်းတွေ ထုတ်ဝေနိုင်ခဲ့ကြပြီး သိပ္ပံပညာခေတ်သစ်စတင်နိုင်ခဲ့တာပါ။ အေဒီနှစ်တွေထဲမှာ ဒါဟာ အကြီးကျယ်ဆုံးတီထွင်မှုလို့ ပညာရှင်အများအပြားက သမုတ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ပုံနှိပ်အတတ်ပညာ ပေါ်ထွန်းလာခဲ့လို့သာ သတင်းအချက်အလက်တွေဟာ ကန့်သတ်ချက်မရှိဘဲ နေရာအနှံ့ရောက်ရှိနိုင်ခဲ့သလို ရှေးက ပညာရေးစနစ်ဟာ ရေပေါ်ဆီအသိုင်းအ၀ိုင်းအတွက်သာ ဖြစ်ခဲ့ပေမယ့် ယနေ့မှာတော့ ဘယ်သူမဆို စာရေး၊ စာဖတ် ပြုလုပ်နိုင်ပြီဖြစ်လို့ပါပဲ။
၆။ ချားလ်စ် ဘက်ဘေ့ခ်ျ (၁၇၉၁-၁၈၇၁)
အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်တဲ့  ချားလ်စ်ဘက်ဘေ့ခ်ျဟာ ပရိုဂရမ်ရေးသားပြီး တွက်ချက်နိုင်တဲ့ စက်ကို တီထွင်နိုင်မှုကြောင့် ကွန်ပြူတာဖခင်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီစက်ဟာ ခေတ်သစ်ကွန်ပြူတာတွေအတွက် အခြေခံဗိသုကာပုံစံဖြစ်ပြီး သူ့ရဲ့ စက်ကို အခြေခံပြီး စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်နိုင်စွမ်းအားတွေကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ On the economy of the machinery and manufactures ဆိုတဲ့ သူရဲ့ စာအုပ်ဟာ အရှိန်အ၀ါအလွန်ကြီးခဲ့တဲ့ စာအုပ်ပါ။ ဒီစာအုပ်ထဲမှာပါတဲ့ ဘက်ဘေ့ခ်ျသဘောတရားကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ စွမ်းဆောင်ရည်မြင့်မားမှုလိုအပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ စွမ်းဆောင်ရည်မြင့်လုပ်သားတွေကို လခပိုမိုပေးပြီး ခန့်အပ်ခဲ့ကြလို့ ကုန်ထုတ်စွမ်းအားတွေ မြင့်မားလာခဲ့ပါတယ်။ ဘက်ဘေ့ခ်ျဟာ မီးရထားလုပ်ငန်းမှာလဲ စွန့်ဦးတီထွင်သူတစ်ဦးအဖြစ် တီထွင်မှုတွေလုပ်ခဲ့ပါတယ်။ ရွှေ့လျားနိုင်တဲ့ စက်ခေါင်းရဲ့ ရှေ့မှာ သတ္တုဖရိမ်တပ်ဆင်ပြီး အတားအဆီးတွေကို ဖယ်ရှားတဲ့ယာဉ်၊ မီးရထားတွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာနိုင်ဖို့ ပထမဆုံး ဒိုင်နမိုမီတာကား၊ အော်သာမိုစကုပ်လို့ ခေါ်တဲ့ လူနာရဲ့ မျက်စိထဲကို ဆရာဝန်က ကြည့်နိုင်တဲ့ ကိရိယာ စတာတွေကို တီထွင်ခဲ့သူပါ။ ၀ှက်စာရေးခြင်း ပညာရပ်မှာလဲ အရေးပါတဲ့ တီထွင်မှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး ဗြိတိသျှစစ်တပ်ဟာ အဆိုပါတီထွင်မှုကို လျှို့ဝှက်စွာ အသုံးပြုခဲ့တဲ့နောက် ဘက်ဘေ့ခ်ျသေဆုံးပြီး ရာစုနှစ်တစ်ခု ကြာမှသာ အများသိနိုင်အောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒုတိယပိုင်းကို မကြာမီ တင်ဆက်ပေးသွားပါမယ်။
Thursday, January 22, 2015
ဘောလုံးဝါသနာရှင် ဘလော့ဂါများ ဘလော့မှာ အမှတ်ပေးဇယားတွေ ထည့်ရအောင်
ဘောလုံးဝါသနာရှင် ဘလော့ဂါတွေ အနေနဲ့ ကျွန်တော် ပုံမှာ ပြထားသလိုမျိုး အမှတ်ပေးဇယားတွေကို ကိုယ့်ဘလော့မှာ အလွယ်လေးထည့်နိုင်ပါပြီ။
အောက်ပါလင့်ခ်ကို နှိပ်လိုက်ပါ။
အရင်ဆုံး Registerကို ရှာပြီး ပြထားသလို Register လုပ်ဖို့ လိုပါတယ်။
အကောင့်ဖွင့်ပြီးတာနဲ့ ပြန်ထွက်ပြီး အပေါ်က ပေးထားတဲ့ လင့်ခ်ကို ပြန်သွားပါ။
ပထမဆုံးပေါ်နေတဲ့ စာမျက်နှာက Create new ဆိုတာကို နှိပ်လို့ ရပါပြီ။
နှိပ်လိုက်ရင် သူက အကောင့်ပြန်ဝင်ခိုင်းပါလိမ့်မယ်။
အကောင့်ပြန်ဝင်ပါ။
ပြီးရင် အောက်ကပုံမှာ မြင်ရသလို အဆင့်သုံးဆင့် အဆင့်ဆင့် လုပ်လိုက်တာနဲ့ ကုဒ်ကို ရပါမယ်။
Live Scoreလား၊ အမှတ်ပေးဇယားလား၊ အကုန်ရွေးလို့ ရသလို ပရီးမီးယားလိဂ်လား၊ စပိန်လာလီဂါလား၊ အီတလီစီးရီးအေလား အကုန်လုံးပဲလား အဲဒါတွေလဲ ရွေးနိုင်ပါတယ်။
တတိယအဆင့်မှာ ကုဒ်မယူခင် Width နဲ့ Height ကို ကိုယ့်ဘလော့နဲ့ ကိုက်ညီမှုရှိအောင် ဂဏန်းတွေ ရေးထည့်ပေးဖို့တော့ လိုလိမ့်မယ်နော်။ နို့မို့ဆို သူက အော်တိုပေးပါလိမ့်မယ်။ ဘလော့နဲ့ ကိုက်ညီမှု ရှိကောင်းလဲ ရှိနိုင်ပါတယ်။
ကုဒ်ရရင် Blogger-->Layout-->Add New Widget-->Html/Java Script ကို ရွေးပြီး ရလာတဲ့ ကုဒ်ကို ကူးထည့်ရုံပါပဲ။
ပထမတော့ သူပေါ်ချင်သလို ပေါ်နေပါလိမ့်မယ်။
မိမိရဲ့ အီးမေးလ်ကိုသွားပြီး verify လုပ်လိုက်မှသာ ကိုယ်မြင်ချင်တဲ့ ပုံစံကို ရပါလိမ့်မယ်။
အဆင်ပြေကြပါစေ။
အဆင်မပြေရင် မေးမြန်းနိုင်ပါတယ်။
ကုဒ်ရတဲ့အခါ Save ကို နှိပ်လိုက်ဖို့ မမေ့ပါနဲ့။ ပြောဖို့ ကျန်ခဲ့လို့ :) :) :)
Tuesday, January 13, 2015
စလုံးနဲ့ ဆလိမ် ကွဲပြားအောင် အသံထွက်ကြစို့
တလောက ကျွန်တော် DVBက ရိုက်ကူးတင်ဆက်တဲ့ ဗီဒီယိုတစ်ခုမှာ ကတုံးနဲ့ ဦးလေးကြီးနှစ်ယောက် (ဇာဂနာနဲ့ နောက်တစ်ယောက်က နာမည်မသိ) ဆွေးနွေးနေကြတာလေး တွေ့လိုက်တယ်။ ဒီနေ့ခေတ်အဆိုတော်တွေဟာ စလုံးနဲ့ ဆလိမ်ကို အသံကွဲပြားအောင် မထွက်ကြလို့ ဝေဖန်ထားကြတာပေါ့ဗျာ။
ဟင် ဟုတ်လားပေါ့။ သူတို့ပြောမှပဲ ကြားဖူးတော့တယ်။
ဒါနဲ့ ဘယ်လို အသံကွဲအောင် ထွက်ရသလဲဆိုတာ အင်တာနက်မှာ လိုက်ရှာတော့ မတွေ့ဘူးခင်ဗျ။
ဒီလိုနဲ့ တစ်နေ့မှာ သုတပညာလေထန်ကုန်းဆိုတဲ့ ဖေ့စ်ဘုတ်ခ်ပေ့ခ်ျတစ်ခုမှာ အစ်မတစ်ယောက်က ရေးသားရှင်းပြထားတာတွေ့လို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော်လဲ ဒီနေ့က စပြီး အသံကွဲပြားအောင် ထွက်ဖို့ ကြိုးစားပါတော့မယ်။
ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ မြန်မာစာပါမောက္ခ ဆရာကြီးဦးခင်အေး(မောင်ခင်မင်(ဓနုဖြူ)) က MWD Documentary - Tele Talk မှာ ဟောပြောသွားတာကို နားထောင်လိုက်ရပါတယ်။ ဆရာကြီးပြောသွားတဲ့အထဲမှာ စ(စလုံး) နဲ ဆ(ဆလိမ်) မကွဲကြတဲ့အကြောင်းလည်း ပါပါတယ်။ ဆရာကြီးက ..
က - ခ
စ - ဆ
တ - ထ
ပ - ဖ
ဒီလေးတွဲမှာ နောက်စာလုံးတွေကို အသံထွက်ဆိုရင် ပထမစာလုံးမှာ ဟ သံထည့်ဆိုပါ တဲ့။ ဒီလိုမျိုးပါ။
ခ = က+ဟ
ဆ = စ+ဟ
ထ = တ+ဟ
ဖ = ပ+ဟ
ခ၊ ထ၊ နဲ့ ဖ ကို ပီအောင် ဆိုနိုင်ရင် ဆ ကို ဘာလို့ ပီအောင် မဆိုနိုင်ရမှာလဲ။ မဟုတ်ဘူးလားရှင်။
ဆရာကြီး ဥပမာ ပေးသွားတာက တစ်ခါတုန်းက ရုပ်မြင်သံကြားမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘာတွေကို ဆောက်လုပ်သည် … အဲသလို တင်ဆက်တယ်တဲ့။ အဲဒီမှာ ပြောတဲ့လူက ဆောက်လုပ်ကို ဆ သံနဲ့ မပြောဘဲ စ သံနဲ့ပြောလေတော့ အတော်ကြီးကို နားထောင်ရဆိုးတဲ့အကြောင်း …။
စ က အင်အားသိပ်မစိုက်ထုတ်ဘဲ အသံပျော့ပျော့ ရွတ်ဆိုရတဲ့ သိထိလဗျည်း (သံပျော့ဗျည်း) ဖြစ်ပါတယ်။ ဆ ကတော့ အင်အားစိုက်ထုတ်ပြီး အသံတင်းတင်း ရွတ်ဆိုရတဲ့ရတဲ့ ဓနတဗျည်း (သံတင်းဗျည်း) ဖြစ်ပါတယ်။ အများအားဖြင့် ဆ နဲ့ ပြောရ၊ ရေးရမယ့်နေရာမှာ စ နဲ့ မှားယွင်း ပြောတတ်၊ ရေးတတ် ကြပါတယ်။ စ နဲ့ရေးရမှာကို ဆ နဲ့ရေးတဲ့အမှားကတော့ မတွေ့သလောက်ပါပဲ။
ဟုတ်ပြီ။ အခု .. နမူနာအနေနဲ့ ဒီစာကြောင်းလေးကို အသံထွက်ပြီး ဆိုကြည့်ပါလား။
“ရက်တွေ ဆုတ်ပေါင်းဆိုင်းပေါင်းလည်း များပြီ။ ဆီမရှိ ဆန်မရှိ ဆားမရှိနဲ့။ ”
ဆ သံကို စ သံနဲ့ ပြောရင် ဒီလိုကြားရပါမယ်။
“ရက်တွေ စုတ်ပေါင်းစိုင်းပေါင်းလည်း များပြီ။ စီမရှိ စန်မရှိ စားမရှိနဲ့။”
အဆင်မပြေဘူး မဟုတ်လား။ တကယ်လို့ အဲဒီလို ပီသအောင် မဆိုနိုင်တဲ့သူဟာ ကျောင်းဆရာ/မ၊ ဥပဒေအရာရှိလိုမျိုး ရုံးတွေမှာ ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတွေမှာ အတည်အခန့်ပြောရတဲ့သူ၊ ဟောပြောရတဲ့သူ၊ မိန့်ခွန်းပြောရတဲ့သူ စသည် ဖြစ်နေမယ်ဆိုရင် အတော်ခက်ပါလိမ့်မယ်။ နောက်ကွယ်မှာ သူများပြောစရာ ဖြစ်နေလိမ့်မယ်။ အခုနောက်ပိုင်းမှာ အပြောတင် မကွဲပြားတာမဟုတ်ဘဲ အသံပေါ်လိုက်ပြီး အရေးမှာပါ မကွဲကြတာကို တွေ့နေရပါတယ်။ အဲဒါဆိုရင် ဖတ်တဲ့အခါမှာ အဓိပ္ပါယ်ပါ လွဲပါတော့မယ်။ အဲဒါကြောင့် အခုနေ ဆ ကို ပီအောင် မဆိုနိုင်ရင် အမြန်ဆုံး လေ့ကျင့်ပြီး ပီအောင် ဆိုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Saturday, January 10, 2015
ထင်ရှားကျော်ကြား မြန်မာသိပ္ပံပညာရှင်များ(၂) ဒေါက်တာမိုးဇက်ဝင်း (Moe Z. Win)
ထင်ရှားကျော်ကြား မြန်မာသိပ္ပံပညာရှင်များ(၂)
 ဒေါက်တာမိုးဇက်ဝင်း (Moe Z. Win)
ဒေါက်တာမိုးဇက်ဝင်းဟာ ဗမာ-အမေရိကန် သင်္ချာပညာရှင်နဲ့ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက် (electrical engineer) ဖြစ်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ၀ိုင်ယာလက်စ်ဆက်သွယ်ရေးလောက(wireless communications)မှာ လူသိများထင်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ Massachusetts Institute of Technology မှာ ပါမောက္ခတစ်ယောက်အဖြစ် တာဝန်ထမ်းဆောာင်နေပါတယ်။
မြန်မာနိုင်ငံမှာ ဖွားမြင်ခဲ့ပြီး အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူ ဒေါက်တာမိုးဇက်ဝင်းဟာ Texas A&M Universityကနေ ၁၉၈၇ခုနှစ်မှာ လျှပ်စစ်အင်ဂျင်နီယာအဖြစ် သိပ္ပံဘွဲ့ရရှိခဲ့ပြီး University of Southern California (USC)ကနေ ၁၉၈၉ခုနှစ်မှာ မဟာသိပ္ပံဘွဲ့၊ ၁၉၉၈ခုနှစ်မှာ Ph.D. ရရှိခဲ့ပါတယ်။
AT&T Research Laboratoriesမှာ ငါးနှစ်တာ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သလို Jet Propulsion Laboratoryမှာ ခုနစ်နှစ်တာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ MITမှာ ပါမောက္ခအဖြစ်အမှုထမ်းရင်း သုတေသနအလုပ်တွေ ဆက်လက်လုပ်ဆောင်နေဆဲပါ။ လက်ရှိလုပ်ဆောင်နေတဲ့ သုတေသနလုပ်ငန်းခေါင်းစဉ်တွေကတော့ measurement and modeling of time-varying channels၊ design and analysis of multiple antenna systems၊ ltra-wide bandwidth (UWB) communications systems၊ optical communications systemsနဲ့ space communications systems တို့ပဲ ဖြစ်ကြပါတယ်။
ရရှိခဲ့ပြီးဖြစ်တဲ့ ဆုတံဆိပ်တွေကတော့ 
၁။ IEEE fellow (၂၀၀၄ခုနှစ်)
၂။ IEEE Eric E. Summer award (ပါမောက္ခ Robert A. Scholtz နှင့်တွဲဖက်) (၂၀၀၆ခုနှစ်)
၃။ Wireless Educator of the Year Award ( Global Wireless Education Consortiumမှ) (၂၀၀၇ခုနှစ်)
၎။ IEEE Kiyo Tomiyasu Award (၂၀၁၁ခုနှစ်) တို့ပဲ ဖြစ်ပါတယ်။
ဒေါက်တာမိုးဇက်ဝင်းအကြောင်းကို Kiyo Tomiyasu Award က
[
ဒေါက်တာမိုးဇက်ဝင်းဟာ ၀ိုင်ယာလက်စ်စနစ်တွေအတွက် hybrid diversity techniques တွေကို ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ အဆိုပါ နည်းပညာတွေဟာ လက်ရှိသုံးစွဲနေကြရတဲ့ နည်းပညာတွေရဲ့ ရှုပ်ထွေးမှုနဲ့ စွမ်းအင်သုံးစွဲမှုတွေကို လျှော့ချပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါက်တာမိုးဇက်ဝင်းဟာ ဝေးလံတဲ့ နေရာတစ်ခုမှ နေရာတစ်ခုသို့ မြင့်မားတဲ့ နှုန်းပမာဏနဲ့ အချက်အလက်ဒေတာတွေကို ကြိုးမဲ့ပို့ဆောင်ပေးနိုင်တဲ့ နည်းပညာတွေကိုလဲ ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ ဒေါက်တာမိုးဇက်ဝင်းဟာ အဆိုပါနည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေအတွက် သီအိုရီပိုင်းရော၊ လက်တွေ့ပိုင်းမှာပါ ဦးဆောင်နိုင်ခဲ့သူဖြစ်တယ်။
]
လို့ ရေးသားဖော်ပြခဲ့ကြောင်းပါခင်ဗျာ။
ကိုးကား
၁။ http://en.wikipedia.org/wiki/Moe_Z._Win
၂။ http://wgroup.lids.mit.edu/moewin.html
၃။ Presentation of the 2011 IEEE Kiyo Tomiyasu Award to Moe Z. Win (pdf)
Saturday, October 18, 2014
ထင်ရှားကျော်ကြား မြန်မာသိပ္ပံပညာရှင်များ(၁) ဘူမိဗေဒပညာရှင် ဆရာဦးဘမော်
ထင်ရှားကျော်ကြား မြန်မာသိပ္ပံပညာရှင်များ(၁)
ဘူမိဗေဒပညာရှင် ဆရာဦးဘမော်
ကျွန်တော်တို့ မြန်မာတွေ နိုင်ငံရပ်ခြားမှာ သိပ္ပံပညာအကြောင်း၊ သိပ္ပံပညာရှင်တွေအကြောင်းကို နိုင်ငံခြားသားတွေနဲ့ ဆွေးနွေးဖြစ်ကြတဲ့အခါ ကျွန်တော်တို့ မြန်မာလူမျိုး သိပ္ပံပညာရှင်တွေ အကြောင်း ပြောပြစမ်းပါလို့များ အမေးခံရရင် ဘာပြန်ပြောရမယ်မှန်းမသိဘဲ အင်မတန် ခွကျရလေ့ရှိပါတယ်။
တကယ်တော့ ကမ္ဘာမှာ ထင်ရှားတဲ့ မြန်မာသိပ္ပံပညာရှင်တွေ အများကြီး ရှိခဲ့ပါတယ်။ လက်ရှိလဲ ရှိနေဆဲပါ။ ကျွန်တော်တို့က ကောင်းကောင်း မသိလို့သာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်လက်လှမ်းမီသလောက်လေး အင်တာနက်စာမျက်နှာတွေပေါ်မှာ လိုက်လံရှာဖွေရင်း တွေ့ရှိခဲ့ရတဲ့ သိပ္ပံပညာရှင်များအကြောင်းကို ရေးသားဖော်ပြဖို့ စိတ်ကူးရမိပါတယ်။
ကျွန်တော့်ဘလော့လေးမှာ ပို့စ်တွေခွဲပြီး ရေးသားဖော်ပြသွားပါ့မယ်။ အားပေးကြပါဦးခင်ဗျာ။
အရင်ဆုံးဖော်ပြလိုတာကတော့ ဆရာဦးဘမော်ပါ။ (ဆရာ့ဓာတ်ပုံကို ရှာဖွေမတွေ့လို့ မဖော်ပြနိုင်တဲ့အတွက် တောင်းပန်ပါတယ်-စကားချပ်)
ဆရာဦးဘမော်ဟာ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပုံတောင်ဂျီဟားလို့ ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း၄၀က လူသားရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးကို စတင်ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုအပါအ၀င် ဆရာ့ရဲ့ အခြားသော ရှာဖွေတွေ့ရှိမှုတွေကလည်း အနောက်တိုင်းသားပညာရှင်များရဲ့ သီအိုရီအချို့မှာ ပြတ်နေတဲ့ ကွင်းဆက်တွေကို ဖြည့်ပေးနိုင်ခဲ့တာကို ရှိသလို အချို့သီအိုရီတွေကိုတော့ ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဆရာဦးဘမော် မုံရွာခရိုင်၊ ကြာပိုင်ရွာမှာ ကိုလိုနီ-ဂျပန်ခေတ်များအတွင်း လယ်သမားမိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး မုံရွာမြို့မှာ အထက်တန်းပညာသင်ကြားပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက် မန္တလေးတက္ကသိုလ်မှာ နှစ်နှစ်ပညာသင်ပြီးတဲ့နောက် ဘူမိဗေဒပညာရပ်ကို သင်ကြားပေးမယ့်သူ မရှိတာမို့ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရွှေ့ပညာသင်ကြားခဲ့ပါတယ်။
၁၉၆၀ခုနှစ်မှာ B.Sc. ဘွဲ့ရခဲ့ပြီး ၁၉၆၈ခုနှစ်မှာ M.Sc. ဘွဲ့ ရရှိခဲ့ပါတယ်။ ၁၉၆၅-၆၆ ပညာသင်နှစ်မှာ မကွေးကောလိပ်၊ ဘူမိဗေဒဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှာ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သူပါ။
ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ပတ်သက်လို့ ဆရာရှာဖွေတွေ့ရှိခဲ့တာတွေ အမြောက်အမြားရှိသလို စာတမ်းပေါင်း၁၀၀ကျော်ကိုလဲ ပြုစုရေးသားခဲ့သူဖြစ်ပါတယ်။ ပုံတောင်ဒေသမှ လူကျောက်ဖြစ်ရုပ်ကြွင်း၊ မကွေးဒေသမှ ဆင်ကျောက်ဖြစ်ရုပ်ကြွင်း၊ သာစည်ဒေသမှ မြင်းကျောက်ဖြစ်ရုပ်ကြွင်း စတာတွေကို သုတေသနပြု လေ့လာခဲ့တာပါ။
အထင်ရှားဆုံးဖြစ်တဲ့ ပုံတောင်ဒေသမှ လူကျောက်ဖြစ်ရုပ်ကြွင်းကို အမေရိကန်မှ Dr.RL Ciochol (ဒေါက်တာစီ ရဟန်း)နဲ့အတူ သုတေသနပြုရင်း ၁၉၇၆ခုနှစ်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း၄၀မှ လူကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ယခင်က အစောဆုံးလို့ ယူဆထားခဲ့ကြတဲ့ အာဖရိကမှ ကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်ပေါင်း၂၈သန်းသာ သက်တမ်းရှိပြီး ပုံတောင်မှ ကျောက်ဖြစ်ရုပ်ကြွင်းကတော့ နှစ်သန်းပေါင်း၄၀သက်တမ်းရှိတာမို့ ကမ္ဘာ့ပညာရှင်လောကမှာ အုံးအုံးကြွက်ကြွက်ဖြစ်သွားစေခဲ့တဲ့ ရှာဖွေတွေ့ရှိမှုပါပဲ။ (ယခု နေပြည်တော်အမျိုးသားပြတိုက်မှာ ပြသထားတယ်လို့ ဆိုပါတယ်။)
ဒီရှာဖွေတွေ့ရှိမှုကို စာတမ်းရေးပြီး ကမ္ဘာကျော် Scienceဂျာနယ်မှာ Cover Storyအဖြစ် ဖော်ပြခံခဲ့ရပါတယ်။ အဲဒီကျောက်ဖြစ်ရုပ်ကြွင်းအပြင် အခြားသော အဆင့်နိမ့်လူတူကျောက်ဖြစ်ရုပ်ကြွင်း၊ အဆင့်မြင့်လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလဲ အများအပြားထပ်မံရှာဖွေတွေ့ရှိခဲ့တာပါ။
ဒီရှာဖွေတွေ့ရှိမှုတွေကြောင့် နိုင်ငံတကာမှ မနုဿဗေဒပါမောက္ခ၄၀ကျော်မှ ချီးကျူးဂုဏ်ပြုစာကို လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့ကြပါတယ်။ ချားလ်စ်ဒါဝင်ရဲ့  Evolution Theoryမှာ ပျောက်ဆုံးနေတဲ့ ကွင်းဆက်တွေကို ဖြည့်ပေးနိုင်ခဲ့သလို အနောက်တိုင်းသားပညာရှင်တွေရဲ့  မြန်မာတွေဟာ မွန်ဂိုလီယား တောင်ပေါ်ဒေသကနေ မြေပြန့်ကို ဆင်းလာတယ်ဆိုတဲ့ Migration Theory (လူသားများ တစ်နေရာ မှ တစ်နေရာသို့ ပြောင်းရွှေ့လာခြင်း အယူအဆ)ကို ပျက်ပြယ်သွားစေခဲ့ပြီး ဒီကနေမှ လူတွေပြန့်သွားတယ်ဆိုတဲ့ Divergent Theory (ခွဲဖြာထွက်ခြင်းအယူအဆ)ကို အသစ်ရေးသားနိုင်ခဲ့ပါတယ်။
သာစည်ဒေသမှ မြင်းကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်လို့လည်း အနောက်တိုင်းသားတွေရဲ့ အယူအဆအချို့ ပျက်ပြယ်သွားခဲ့ရပြန်ပါတယ်။ ဥရောပတိုက်သားတွေဟာ အာရှမှာ အရင်ကမြင်းမရှိဘူးလို့ ယူဆခဲ့ကြတာဖြစ်ပြီး ဆရာဦးဘမော်ဟာ သာစည်နယ်မှ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၄ သန်းကမြင်းရဲ့မေးရိုးနဲ့သွားကို ရှာဖွေတွေ့ရှိခဲ့ပြီး စာတမ်းရေးသားတင်ပြခဲ့တာကြောင့် ဥရောပတိုက်သားတွေရဲ့ အယူအဆ ပျက်ပြယ်သွားခဲ့ရတာပါ။
ဆရာ့ရဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့ စာတမ်းအစောင်စောင်ကြောင့် ဆရာဟာ ကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ ဘူမိဗေဒပညာရှင်အဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။
ဆရာဦးဘမော်ကို ကိန်းဘရစ်တက္ကသိုလ်က International Man of the Year အဖြစ် ၁၉၉၉ ခုနှစ်မှာ ရွေးချယ်သတ်မှတ်ခဲ့သလို နိုင်ငံတကာ အတ္ထုပ္ပတ္တိမှတ်တမ်းပြုစုရာမှာ ထည့်သွင်းခံခဲ့ရပါတယ်။ အမေရိကန် ပြည်ထောင်စု Smitsonian Instituteမှ 50 Great Man of 21 Century စာရင်းထဲမှာ သူ့ကို ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတကာမှာ ထင်ရှားတဲ့သိပ္ပံဂျာနယ်တွေဖြစ်တဲ့ Nature တို့ Science တို့လိုနေရာ တွေမှာ ဆရာဦးဘမော်ကသုတေသနဆောင်းပါးတွေ ရေးသားတာမို့ နိုင်ငံတကာကထိပ်တန်းသိပ္ပံ ပညာရှင်လောကက လေးစားအသိအမှတ်ပြုခံခဲ့ရကြောင်းပါခင်ဗျာ။