Sunday, May 11, 2014

ဂြိုလ်သားတွေနဲ့ တကယ်ဖြစ်ခဲ့တဲ့ တိုက်ပွဲ (ဖြစ်ရပ်မှန်)

Battle of Los Angeles



ဂြိုလ်သားတွေနဲ့ လူသားတွေ စစ်တိုက်ကြတဲ့အကြောင်း ရုပ်ရှင်တွေ တော်တော်များများမှာ ကျွန်တော်တို့ ကြည့်ခဲ့ဖူးပါတယ်။ တကယ်ရော ဖြစ်နိုင်ပါ့မလား။
မယုံမရှိပါနဲ့။ တကယ်ဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂြိုလ်သားတွေနဲ့ လူသားတွေ တကယ် တိုက်ပွဲဖြစ်ခဲ့ဖူးပါတယ်။ ဇာတ်လိုက်ကျော်ကြီးကတော့ ဇာတ်ကားတွေထဲကလိုပဲ ထုံးစံအတိုင်း အမေရိကန်ပေါ့ခင်ဗျာ။
၁၉၄၂ခုနှစ်၊ ၂၄ရက်နေ့ ညပိုင်း - ၂၅ရက်နေ့ မနက် ၃နာရီကျော်ကျော်အချိန်၊ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ ကောင်းကင်ယံပေါ်မှာ အမည်မသိယာဉ်ပျံတွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် အမှတ်၃၇ ကမ်းခြေစောင့်အမြောက်တပ်ရင်းက ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးဝင်ကြဲလို့ အမေရိကအနေနဲ့ ကမ္ဘာစစ်ကို ၀င်ရောက်ပြီလို့ ကြေငြာအပြီး သုံးလလောက်ပဲ ရှိပါသေးတယ်။
ညပိုင်းလူခြေတိတ်ချိန်မှာ ခြောက်ခြားဖွယ် ဥသြဆွဲသံတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အမှတ်၃၇ကမ်းခြေစောင့်အမြောက်တပ်ရင်းဟာ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
အမည်မသိယာဉ်ပျံတွေ ချင်းနင်းဝင်ရောက်လာကြောင်း သိသိပြီးချင်းမှာပဲ လော့စ်အိန်ဂျယ်လိစ် ကောင်းကင်ယံမှာ လေကြောင်းရန်ကာကွယ်ရေးအမြောက်သံတွေ ညံသွားခဲ့ပါတယ်။
အမှတ်၎လေတပ်စခန်းဌာနချုပ်မှာလည်း လေယာဉ်မှူးတွေအားလုံးဟာ တိုက်ခိုက်ရေးလေယာဉ်များနဲ့အတူ ကောင်းကင်တိုက်ပွဲ ဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
လေကြောင်းတိုက်ပွဲမဆင်နွှဲခင်မှာ အမှတ်၃၇ကမ်းခြေစောင့်အမြောက်တပ်ရင်းမှ ပွိုင့်ဖိုက်ကာလီဗာစက်သေနတ်များ၊ ၁၂.၈ လေကြောင်းရန်ကာကွယ်ရေး အမြောက်များကို သောသောညံ ပစ်ခတ်ပြီး ရန်သူကို ဦးချိုးဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်လို့ ရန်သူက တန်ပြန်တိုက်ခိုက်လို့ မနိုင်လောက်ဘူးဆိုမှ လေတပ်စခန်းဌာနချုပ်အနေနဲ့ စစ်ကူဝင်မှာ ဖြစ်ပါတယ်။
၃နာရီ ၁၆မိနစ်ကနေ ၄နာရီ ၁၄မိနစ် တစ်နာရီနီးပါးမျှ ကမ်းခြေစောင့်အမြောက်တပ်ရင်းဟာ ကောင်းကင်တစ်ခွင်လုံး ပြည့်သွားအောင် အမြောက်တွေ ပစ်ဖောက်ကာကွယ်ခဲ့ရပါတယ်။ အဲဒီအတွက် အမြောက်ဆံပေါင်း ၁၄၀၀ကျော်ကျော် သုံးစွဲခဲ့ရပါတယ်။
နောက်ဆုံးတော့ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးအမေရိကန်ကို ဂြိုလ်သားတွေတောင် မအန်တုနိုင်ခဲ့ဘဲ လက်မြှောက်ဆုတ်ခွာသွားကြရပါတော့တယ်။
နံနက် ခုနစ်နာရီ ၂၁မိနစ်ရောက်မှသာ အားလုံး အန္တရာယ်ကင်းရှင်းပြီလို့ ကြေငြာနိုင်ခဲ့တာပါ။
တိုက်ပွဲဖြစ်စဉ်ကြောင့် လော့စ်အိန်ဂျလိစ်မြို့တွင်းက အဆောက်အဦးတချို့ ပျက်ဆီးခဲ့ရသလို အရပ်သားငါးဦးသေဆုံးခဲ့ရပါတယ်။ အဓိက ကတော့ ဂြိုလ်သားတွေက ပြန်လည်ပစ်ခတ်လို့ မဟုတ်ဘဲ လေကြောင်းရန်ကာကွယ်ရေးအမြောက်တွေက ပစ်ခတ်လိုက်တဲ့ အမြောက်ဆံတွေကြောင့် ဖြစ်ပြီး အရပ်သားသုံးဦးဟာ ကား မတော်တဆတိုက်မှုကြောင့် သေဆုံးခဲ့ပြီး နောက် နှစ်ဦးကတော့ နှလုံးရောဂါကြောင့် နှလုံးဖောက်ပြန်ပြီး သေဆုံးခဲ့ရတာပါ။
တိုက်ပွဲအပြီး နာရီအနည်းငယ်အကြာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တာဝန်ရှိသူတွေက စစ်အတွင်းဖြစ်တဲ့အတွက် မှားယွင်းတဲ့ ဥသြဆွဲခဲ့မိလို့ ဖြစ်ခဲ့ရတာပါလို့ ရှင်းလင်းခဲ့ပါတယ်။
ဒါပေမယ့် စစ်ဗိုလ်ချုပ်အချို့က ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။
သတင်းစာအချို့ကတော့ ဒီအံ့သြဘနန်းဖြစ်ရပ်မှာ အစိုးရက ဖုံးကွယ်လျှို့ဝှက်ထားတာတွေ ရှိနေတယ်လို့ ဖော်ထုတ်ကြပါတယ်။ 
အထက်က ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ လော့စ်အိန်ဂျယ်လိစ်တိုင်းမ်သတင်းစာက ဖြစ်ပါတယ်။
ပညာရှင်တွေနဲ့ UFOသုတသနသမားတွေဟာ လော့စ်အိန်ဂျယ်လိစ်ကောင်းကင်ယံမှာ UFOတွေ တကယ်ရောက်လာခဲ့တာဖြစ်ကြောင်း search lightတွေကြောင့် ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ ပုံတွေ ထုတ်ပြန်ခဲ့တာပါ။
ဒါပေမယ့် အဲဒီဓာတ်ပုံတွေဟာ လိမ်ညာထားတဲ့ပုံတွေသာ ဖြစ်ကြောင်းလည်း တစ်ဖက်က ပြန်လည်စွပ်စွဲခံခဲ့ရပါတယ်။ မိုးလေ၀သစုံစမ်းရေး မိုးပျံပူဖောင်းတွေ လမ်းမှားရောက်လာလို့ မှားယွင်းပစ်ခတ်ခဲ့မိတာသာဖြစ်တယ်လို့လဲ ငြင်းချက်ထုတ်ကြပြန်ပါတယ်။
ဘာပဲပြောပြော ဒီတိုက်ပွဲဟာ ဂြိုလ်သားနဲ့ လူသားတို့ တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲအဖြစ် battle of Los Angelesဆိုပြီး ယနေ့တိုင် နာမည်ကျော်ကြားနေပါတော့တယ်။

ကိုးကား

http://en.wikipedia.org/wiki/Battle_of_Los_Angeles


Tuesday, May 6, 2014

မှတ်ဥာဏ်တိုးတက်စေဖို့ အချက်ခြောက်ချက်



အောက်ပါအချက်အလက်တွေဟာ မှတ်ဥာဏ်ထက်သန်စေဖို့ ပညာရှင်တွေ စနစ်တကျ သုတေသနပြုမှုများမှ ရရှိခဲ့တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

၁။ တရားထိုင်ပါ။
တရားထိုင်ခြင်းဟာ မှတ်ဥာဏ်ကို ပိုပြီး အလုပ်လုပ်စေနိုင်ပါတယ်။ အာရုံစူးစိုက်နိုင်မှု မြင့်မားလာတာနဲ့အမျှ သင့်ရဲ့ working memoryထဲမှာ အချက်အလက်တွေကို သိုလှောင်သိမ်းဆည်းနိုင်စွမ်း ပိုပြီး မြင့်တက်လာပါတယ်။

၂။ ကော်ဖီသောက်ပါ။
သုတေသနအသစ်များမှ ရရှိတဲ့ အချက်များအရ ကော်ဖီသောက်ခြင်းဟာ သင်ယူနိုင်စွမ်း မြင့်တက်စေပါတယ်။ အသစ် အသစ်တွေကို လေ့လာဆည်းပူးပြီးနောက် (ဒါမှမဟုတ်) သင်ခန်းစာအသစ်တစ်ခုခုကို သင်ကြားပြီးနောက်မှာ ကော်ဖီသောက်ခြင်းအားဖြင့် အဲဒီအရာတွေကို ပိုပြီး အချိန်ကြာကြာမှတ်မိစေဖို့ အထောက်အကူပြုစေပါတယ်။

၃။ ဘယ်ရီသီးစားပါ။
ဘယ်ရီသီးဟာ long-term memoryကို အကျိုးပြုပါတယ်။ အထူးသဖြင့် blue-berryသီးတွေပါ။ အဆိုပါဘယ်ရီသီးတွေမှာ ပါဝင်တဲ့ Flavonoidsဓာတ်ဟာ ဦးနှောက်အတွင်းက connectionsတွေကို ခိုင်မာမြဲမြံစေတဲ့အတွက် အသက်အရွယ်ရလာလို့ မှတ်နိုင်စွမ်း ကျဆင်းသွားတယ်ဆိုတဲ့အချက်ကို လျော့ပါးစေနိုင်ပါတယ်။

၎။ လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာဟာ ဆက်စပ်မှတ်သားနိုင်စွမ်းကို တိုးတက်စေတဲ့အပြင် ထိုးဖောက်သိမြင်နိုင်စွမ်းကိုလည်း အားပေးပါတယ်။

၅။ ပီကေ၀ါးပါ။
ချွင်းဂန်း(ပီကေ)၀ါးခြင်းဟာ မှတ်ဥာဏ်စွမ်းအားကို ပိုမိုကောင်းမွန်စေပါတယ်။ ကနဦးလေ့လာမှုတွေအရ ပီကေ၀ါးခြင်းဟာ မှတ်ဥာဏ်လေ့ကျင့်ခန်းတွေမှာ ရမှတ်တွေ ပိုမိုကောင်းမွန်စေကြောင်း တွေ့ရှိရပါတယ်။ 

၆။ အိပ်ရေး၀၀ အိပ်ပါ။
အိပ်စက်နေတဲ့အချိန်ဟာ မှတ်ဥာဏ်က အချက်အလက်တွေကို ပေါင်းစည်းပြီး မှတ်သားနေတဲ့ အချိန်ပါပဲ။ တကယ်လို့ အိပ်ရေး၀၀ မအိပ်ခဲ့ဘူး၊ အိပ်ချိန် အင်မတန် နည်းနေခဲ့မယ်ဆိုရင် မှတ်ဥာဏ်စုစည်းမှုကို ထိခိုက်ပြီး ကြာရှည် မှတ်သားနိုင်စွမ်းကိုလဲ ကျဆင်းစေပါလိမ့်မယ်။

တကယ်လို့ ဒီအချက်တွေဟာ သင့်အတွက် တစ်စုံတစ်ရာ အကျိုးပြုခဲ့တယ်ဆိုရင် ဒီစာလေးကို အခြားသူတွေအတွက်ပါ မျှဝေပေးပါ။

lumosity.comမှ 6 tips to improve your memoryကို ဘာသာပြန်ဆိုပါတယ်။

ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
မင်းအရိပ်