Sunday, December 23, 2012

တွင်ကျယ်လာတော့မည့် မြန်မာ့ရေဓါတ်ငွေ့လောင်စာစက်

From : Myit Makha  

မြန်မာနိုင်ငံတွင် ရေဓာတ်ငွေ့ကို လောင်စာဆီနှင့် တွဲဖက်ကာ မီးစက် ၊ ကား ၊ ရထား ၊ သဘောင်္နှင့် စက်ယန္တရားများအား ဆီစားသက်သာစွာဖြင့် မောင်းနှင်နိုင်ရန် ၂၀၀၈ ခုနှစ် ကတည်းက စမ်းသပ် တီထွင်နေသော သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်နှင့် ၄င်း၏ စမ်းသပ်မှုရလာဒ် အကြောင်း မြန်မာ့စွမ်းအင်သစ်အဖွဲ့အကြောင်း၊ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းတင်ပြအပ်ပါသည်။
မေး ။            ။  မြန်မာနိုင်ငံမှာ ရေဓာတ်ငွေ့နဲ့ လောင်စာဆီပူးတွဲပြီးတော့ စက်ယန္တရားတွေကို အသုံးပြုနိုင်ဖို့ ဘယ်လိုစိတ်ကူး ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းကို အရင်ပြောပေးပါခင်ဗျာ။
ဖြေ ။             ။ သုတေသီအင်ဂျင်နီယာ ဦးစိုးမြင့်က အမေရိကားက ပြန်လာတော့ အမေရိကားမှာ ရေကို ဓာတ်ခွဲပြီးထွက်လာတဲ့ ဓာတ်ငွေ့နဲ့ အင်ဂျင်တွေ လည်နေတယ်ဆိုပြီး ပြောဆိုဖြစ်ကြတယ်။ အမေရိကားက ပညာရှင်တွေက မှတ်ပုံတင်ပြီး ကားတွေမှာ တန်းမောင်းတယ် ဒါပေမဲ့ အမေရိကားမှာ ၁၉၉၈ ခုနှစ်ကနေ ၁၉၉၉ ခုနှစ် အထိလောက်ပဲ အဲ့လို ရေဓာတ်ငွေနဲ့ ပူးတွဲပြီး အသုံးပြုတယ်ဆိုတာ ကြားလိုက်တာ နောက်ပိုင်း မကြားတော့ဘူး။ သူတို့အဲ့လို အသုံးပြုနေတာ နှစ်ပေါင်း (၉၀)ကျော်နေပြီ၊ ဒါက နည်းပညာအသစ်တော့ မဟုတ်တော့ဘူး၊ အဓိကကတော့ အင်ဂျင်နီယာ ဦးစိုးမြင့် ပြတဲ့ ဗွီဒီယိုကို ကြည့်ပြီးတော့ စပြီး ၂၀၀၈ခုနှစ်လောက်ကတည်းက  မြန်မာနိုင်ငံမှာ ရေဓာတ်ငွေ့နဲ့ လောင်စာဆီ ပူးတွဲပြီး သုံးနိုင်ဖို့ စတီထွင်ဖြစ်ခဲ့တာပါ။
မေး။              ။ ရေဓာတ်ငွေ့ စမ်းသပ် လုပ်ဆောင်မှုမှာ ဘယ်လိုအခက်အခဲတွေကြုံတွေခဲ့ပါသလဲ။
ဖြေ။              ။ ပထမဆုံး စမ်းသပ်ထုတ်လုပ်လိုက်တဲ့ ပစ္စည်းကို ရှမ်းစတားဂျစ်မှာ တပ်ဆင်ပြီး မောင်းတယ် ၊ အဲ့ဒီမှာ မအောင်မြင်ဘူး သူကို ကွန်ထရုး(control)မလုပ်နိုင်ဘူး၊ အပူ(Heat) တွေတက် တော့ ဘက်ထရီကို ထိခိုက်တယ် ။ ရေကို ဓာတ်ခွဲလိုက်တော့ရှိတဲ့ ရေတွေက ဆူကုန်တော့ မအောင်မြင်ဘူး။ အဲ့ဒီမှာ အင်တာနက်ကနေ စာတွေ ပြန်ဖတ်တယ် ၊ နိုင်ငံခြားကနေ အင်တာနက် ကနေ ပေးထားတဲ့ ရက်တိုသင်တန်းလေးတွေ တက်တယ်၊ ထူးခြားတာက ဂျာမနီကပညာ သင်ပြီး ပြန်လာတဲ့ စက်မူတက္ကသိုလ် ကျောင်းနေဖက် အီလက်ထရောနစ် အင်ဂျင်နီယာ ဦးစိုင်းစိုးလိုင်က ဒီဟာက ကွန်ထရိုးမပါရင် မအောင်မြင်ဘူး ဂျာမနီမှာတုန်းကလည်း ဒါကို လေ့လာ ပြီးခဲ့ပြီ။ ဘာလို့လဲဆိုတော့ လျှပ်စစ်ကြိမ်နူန်း လွှတ်တာကို ထိမ်းပြီး လွှတ်ရမယ် ၊ အဲ့ဒီစနစ်ကို တပ်ရမယ်၊ သူက အဲ့ဒီကိရိယာလေးကို ထွင်ပေးလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး မော်တော်ကားကို ကွန်ထရိုး နိုင်သွားတယ်၊ နည်းပညာပိုင်းမှာ ဒီအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလို ငွေကြေးဘက်မှာလည်း အခက်အခဲ ရှိတယ်၊ အိမ်က ကားနှစ်စီးရောင်းပြီး ရတဲ့ငွေနဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။
မေး။          ။ မြန်မာနိုင်ငံမှာ လက်တွေကျကျအသုံးချနိုင်ဖို့နဲ့ ဘယ်လောက်ထိ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်မလဲ။
ဖြေ။           ။ ဘယ်လောက် တွင်ကျယ်လာမလဲဆိုတာ စလုပ်တာကလည်း ဒီအင်ဂျင်နီယာ နှစ်ယောက်ထဲ လုပ်တာဘေးက ၀ိုင်းကူတဲ့ ပညာရှင်ကလေး နှစ်ယောက်ရှိတယ်၊ ဦးစိုးလိုင်က အမြင်ကျယ်တော့ စမ်းသပ်လုပ်ကိုင်နေရင်းနဲ့ ကိုယ့်ကားမှာ တပ်ဆင်ပြီး မောင်းတယ်။ မိတ်ဆွေ အင်ဂျင်နီယာကားတွေ ရေဓာတ်ငွေ့နဲ့ ပူးတွဲမောင်းနှင်တယ်။ ဒီလိုစမ်းသပ်မောင်းနှင်တာ (၁၄)စီး ရှိသွားပါပြီ။ အပြင်ကို ရောင်းပေးမလား၊ မရောင်းပေးဘူးလားဆိုတာ တဖြည်းဖြည်းပေါ်လာပြီ။နိုင်ငံ တော်အပိုင်းကလည်း အရင်ကပြပွဲတွေမှာစက်မူ(၂)၀န်ကြီးဦးစိုးသိန်းကိုယ်တိုင် ဒါကြီးက နည်းပညာ ကောင်းလွန်းတယ်၊ အဆင့်မြင့်ပါတယ် ဆက်လုပ်ပါလို့ ပြောပါတယ်။ နိုင်ငံတော် အဆင့် က စိတ်ဝင် စားပါတယ်၊ အကောင်အတည်ဖော်ဖို့ ကျတောာ့ ဒီဘက်ကအင်ဂျင်နီယာနှစ်ယောက်ထဲ ငွေရှင် ကြေးရှင်မပါဘူး။ တွင်ကျယ်လာမလားဆိုတဲ့ မေးခွန်းက အရမ်းစိတ်ဝင်စားစ ရာ ကောင်းတယ်၊ သုံးပြလိုက်လို့ တော်တော်များများက ကြိုက်သွားရင်တော့ တွင်ကျယ်လာမယ်၊ တွင်ကျယ်လာတဲ့ အချိန်မှာ ကုန်ကြမ်းထုတ်လုပ်ဖို့အတွက် လုပ်ငန်းရှင်သော် လည်းကောင်း၊ နိုင်ငံတော် ကသော်  လည်းကောင်း ပူးပေါင်းပါဝင်မယ်ဆိုရင်တော့ တွင်ကျယ် လာနိုင်မယ်။
မေး။            ။ ရေဓာတ်ငွေ့နဲ့ ပူးတွဲမောင်းနှင်တဲ့အတွက် လောင်စာဆီလျှော့ချနိုင်မူနဲ့ ဈေးနူန်းကွဟမှုကို သိချင်ပါတယ်။
ဖြေ။        ။ ၁၉၈၀ ပတ်ဝန်းကျင်ထုတ် ကားအိုကားဟောင်းတွေမှာ ရေဓာတ်ငွေ့နဲ့ ပူးတွဲမောင်းရင် လောင်စာဆီစားနူန်း သက်သာမယ်၊ ဥပမာသင်္ဘောတွေမှာ တစ်လကိုပေပါအလုံး တစ်ရာသုံးတယ် ဆိုရင်အဲ့ဒီပေပါအလုံးတစ်ရာမှာတစ်ဆယ်ရာခိုင်နူန်း သက်သာမယ်ဆိုရင်အဲ့ဒီတစ်ဆယ်ရာခိုင်နူန်းကိုငွေနဲ့ မြှောက်လိုက်ရင် အများကြီးသက်သာသွားပြီး တစ်ချို့ကတော့ ၇ ရာခိုင်နူန်း၊ တချို့က ၈ရာခိုင်နူန်း သက်သာမယ်။ ဒါကတော့ကို့ရဲ့အင်ဂျင် သက်တမ်းနဲ့အင်ဂျင်ကို ကိုင်တွယ်တဲ့သူ အပေါ်မှာ မူတည် တယ်။ သူများနှိင်ငံတွေမှာ ၈၀ ရာခိုင်နူန်းသက်သာတယ်၊ ၆၀ ရာခိုင်နူန်သက်သာ တယ်၊ ၅၀ရာခိုင်နူန်း သက်သာမယ်။ ဘာဖြစ်လို့လဲ ဆိုတော့   အင်ဂျင်တွေရဲ့သက်တမ်းက တစ်သိန်းတောင်မလည်ရသေးဘူး၊ မြန်မာပြည်က မီးစက်၊ အင်ဂျင်တွေက အပတ်ရေ ဘယ်နှစ်သိန်းလောက် လည်ပတ်ပြီးသွားပြီလည်း မသိရဘူး ။ လူတွေ တော်တော်များများက ဘယ်လောက်သက်သာမလဲ ဒါကိုမေးတယ်၊ အမေရိကန် လည်း ဒီအဂျင်ဘယ်လောက်သက်သာမလဲ အာမမခံဘူး ဘာကြောင့်လဲ ဆိုတော့ အင်ဂျင်ရဲ့ အခြေ အနေပေါ်မှာဘဲ မူတည်ပါတယ်။
မေး။            ။ ရေဓာတ်ငွေ့ကိုဘယ်နိုင်ငံတွေမှာအသုံးပြုအောင်မြင်နေပြီလဲဆိုတာသိချင်ပါတယ်။
ဖြေ။            ။ ရေဓာတ်ငွေနဲ့ အောင်မြင်တဲ့ အများဆုံးနိုင်ငံတွေကတော့ အာရှနှိင်ငံတွေပါ၊ မလေးရှားနိုင်ငံ ရေဓာတ်ငွေ့အဖွဲ့ ကနေ    အန္ဒိယနိုင်ငံ ကျေးလက်ဒေသတွေမှာ မီးထွန်းဖို့ မီးစက် တွေကို ဒီဇယ်နဲ့ ရေဓာတ်ငွေ့ ပူးတွဲပြီး တစ်နှစ်ကို အင်ဂျင် ၂၀၀၀ ကနေ ၃၀၀၀ အထိ ထုတ်လုပ် ရောင်းချပေးနေတယ်၊ ထိုင်း၊စင်္ကာပူ၊ဂျာမနီ၊အမေရိကန်၊ ရုရှား၊တရုတ် နဲ့ ဥရောပ နိုင်ငံတွေမှာ   အောင်မြင်စွာနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။
မေး။            ။ မြန်မာ့စွမ်းအင်သစ်(MAES)အဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ယောက်လောက်ရှိပါသလဲ။
ဖြေ။            ။ ဒီမှာအင်ဂျင်နီယာ နှစ်ယောက်ပါတယ်၊ ၁၉၈၀ ရန်ကုန်စက်မူတက္ကသိုလ် ဘွဲ့ရ အင်ဂျင်နီယာကြီးတစ်ဦးနဲ့ ကျွန်တော်ပါတယ်၊ အကြံပေးအနေနဲ့ ဒီရေဓာတ်ငွေ့နည်းပညာကို သယ်လာပေးတဲ့ ဆရာကြီးဦးစိုးမြင့် (ဆုံးသွားပါပြီ  ) နောက်တစ်ယောက်က ဆရာကြီးဦးသိန်းလွင်၊ သူက စီနီယာအင်ဂျင်နီယာကြီးပါ အင်္ဂလန်က ဘွဲ့ရခဲ့တာပါ။ မြန်မာစွမ်းအင်သစ်(MAES) အဖွဲ့ဝင် ၈ ယောက်လောက် ရှိပါတယ်။
မေး။       ။ စက်ရုံတွေမှာ ရေဓာတ်ငွေ့စက်ပြုလုပ်ဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေ အပ်ရတယ်လို့ သိရပါတယ်။ ဒီအကြောင်းလေး ပြောပြပေးပါ။
ဖြေ။            ။ ဘာဖြစ်လို့ စက်ရုံတွေမှာ ကုန်ကြမ်းပစ္စည်းတွေ အပ်ရသလဲဆိုတော့ ဓာတ်ငွေရဲ့ ကုန်ကြမ်းပစ္စည်းတွေက နည်းနည်းများပါတယ်၊ အီလက်ထရောနစ် ဆားကစ်ဘုတ်ကိုတော့ ဆရာကြီးဦးစိုးလိုင်က သူကိုယ်တိုင်ထုတ်ပါတယ် ။ သူရဲ့ ဦးနှောက်နဲ့ပါဘဲ။ အဲ့ဒီက ကုန်ကြမ်း ပစ္စည်းကတော့ ဂျပန်၊ ဂျာမနီ၊ အမေရိကန် ၊ စင်္ကာပူနဲ့ မလေးရှားနှိင်ငံတွေက မှာပါတယ်၊ အီလက်ထရောနစ် ပစ္စည်းတွေဆိုတော့ ဒီမှာ လုပ်လို့မရဘူး၊ ဒီက စက်ရုံတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေကတော့ စတီးအိုးတွေနဲ့ လိုအပ်တဲ့ ဆက်စပ်ပစ္စည်း ကုန်ကြမ်းတွေကို အပ်ရပါတယ်။ နည်းပညာပိုင်းနဲ့ အချောထည် ဆင်တာကတော့ ကိုယ်တိုင်လုပ်တာပါ။
( အခုလိုဖြေကြားပေးတဲ့ သုတေသီအင်ဂျင်နီယာ ဦးကျော်ကျော်ကို မြစ်မခမီဒီယာက ကျေးဇူးတင်ပါတယ်)

(ဂုဏ်ပြုစရာ သတင်းတစ်ပုဒ်ကို copy၊ paste လုပ်လိုက်ပါတယ်... ကိုယ်တိုင် ပို့စ်လေးတွေ ရေးမတင်နိုင်သေးတဲ့အတွက် တောင်းပန်အပ်ပါတယ်)

Monday, December 10, 2012

101 Romantic Ideas (5)

(18) ဒီအိုင်ဒီယာလေးအတွက်တော့ စာရေးသူက CD player သုံးဖို့ လိုမယ်လို့ ဆိုပါတယ်။
ဒီခေတ်မှာတော့ ဖုန်းတို့၊ တက်ဘလက်တို့ပဲ သုံးကြမှာပေါ့ဗျာ... နော့...
တစ်ခုတော့ ရှိတာပေါ့... သင် ချစ်သောသူက ဘာသီချင်းကို အကြိုက်ဆုံးလဲ သင် သိထားရမယ်။
ပြီးရင် အဲဒီသီချင်းကို သင် အသုံးပြုမယ့် ဖုန်း၊ တက်ဘလက်၊ mp3 စသည်ထဲ ထည့်ထားပါ။
တစ်ရက်ရက်ပေါ့... သင်တို့နှစ်ဦး ပန်းခြံတို့၊ ဘာတို့ သွားတာပဲ ဖြစ်ဖြစ်၊ ခေတ္တအပန်းဖြေနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်ပေါ့...
အချစ်ရေ... သီချင်းလေးတစ်ပုဒ်လောက် နားမထောင်ချင်ဘူးလား ဆိုပြီး သူ အကြိုက်ဆုံးသီချင်းကို ဖွင့်ပြီး နားထောင်ကြရမှာပါ။
earphone တစ်ဖက်စီကို တစ်ယောက်စီ ခွဲပြီး နားထောင်ကြနော်... ငြိမ့်ငြိမ့်လေး မျှဝေစီးမျောကြတာပေါ့...
အကျိုးသက်ရောက်မှုကတော့ သင် ရွေးချယ်ထားတဲ့ နေရာနဲ့လဲ ဆိုင်ပါတယ်နော်...

(19) သင် ချစ်သောသူဟာ တိရိစ္ဆာန်လေးတွေကို ချစ်မြတ်တနိုးနဲ့ မွေးထားတတ်သလား...
ကြောင်လေးဖြစ်စေ၊ ခွေးလေးဖြစ်စေ၊ ယုန်လေးဖြစ်စေ၊ ဟမ်းစတားလေးဖြစ်ဖြစ် စသဖြင့်ပေါ့...

 မွေးထားတယ်ဆိုရင်တော့ သင် ချစ်သောသူကို ခရစ်စမတ်လက်ဆောင်ပေးတဲ့အခါ အဲဒီအကောင်လေးအတွက်လည်း တစ်ခုခု ၀ယ်သွားပေးလိုက်နော်... တိရိစ္ဆာန်အစာပဲ ဖြစ်ဖြစ်ပေါ့...

(20) ကမ်းခြေကို သွားလည်ဖို့ အစီအစဉ် ရှိသလားဗျ။
ဒါဆိုရင်တော့ လုပ်စရာလေး တစ်ခု ပြောပြလိုက်ဦးမယ်။
နေ၀င်ခါနီး အချိန်လေးမှာ အကောင်အထည်ဖော်ဖို့ပါ။
အရင်ဆုံး သဲသောင်ပြင်ပေါ်မှာ အသည်းပုံ အကြီးကြီးဆွဲလိုက်ဗျာ... လှိုင်းတက်လာရင် ပျက်မသွားလောက်တဲ့ နေရာလည်း ရွေးဦးနော်...
ပြီးရင်တော့ သင် ချစ်သောသူကို အနားကိုခေါ်၊ အသည်းပုံထဲမှာထိုင်၊ ပြီးရင် နွေးထွေးစွာ ပွေ့ဖက်ထားရင် နေ၀င်သွားတာကို တစိမ့်စိမ့်လေး ကြည့်ကြပေတော့...
နေ၀င်သွားတာကို ကြည့်ရတာကလဲ romanticပါပဲဗျာ...

Wednesday, December 5, 2012

ပျူ ပင်လယ်မြို့ဟောင်း (ဗီဒီယို)

ကျွန်တော်လည်း ခုတလော ဟိုဟာ၊ ဒီဟာ၊ ဟိုဒင်း၊ ဒီဒင်း၊ ဟိုကိစ္စ၊ ဒီကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမို့ ဘလော့လေးဘက် မလှည့်နိုင်ဖြစ်နေပါတယ်။
ဒီနေ့တော့ ဒီဗဟုသုတဖြစ်ဖွယ် ဗီဒီယိုဖိုင်လေးပဲ ကြည့်ကြည့်ကြပါလို့ တောင်းပန်ပါရစေ။
ပျူပင်လယ်မြို့ဟောင်းလို့တော့ ပြောပါတယ်။
ကျွန်တော်လဲ သေချာမသိတော့ မဖြီးတော့ပါဘူး... ဟီးးး... ဗီဒီယိုလေးပဲ ကြည့်လိုက်ကြပါနော်။

Friday, November 23, 2012

သူ့အကြည့်ကို ကိုယ်သိသည် (ဇာတ်သိမ်း)



နောက်ပိုင်းရက်များ၌ သူသည် ယခင်လို ပုံမှန်အတိုင်းသာ သွားလာလှုပ်ရှားနိုင်စေရန် ဂရုစိုက်ခဲ့သော်လည်း သူမနှင့်မူကား တဖြည်းဖြည်းဝေးကွာလာသယောင် ခံစားနေရ၏။
သူ၏ သူငယ်ချင်းဖြစ်သူက သူမကို ရည်းစားစာပေးဖြစ်သည်၊ မပေးဖြစ်သည်ကို စိတ်မစား၍ သူမသိသော်လည်း ကျောင်းစာသင်ခန်းမှာ၊ ကျူရှင်ချိန်တွေမှာ သူမသည် သူနှင့် နီးနီးကပ်ကပ်ရှိမနေတော့ပေ။
ဘာကြောင့်၊ ဘာအတွက် စသဖြင့်တော့ သူ ရှည်ရှည်ဝေးဝေးစဉ်းစားမနေမိပါ။
သည်လိုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုရန် နီးကပ်လာသောအခါ သူနှင့်သူမသည် ပို၍ ဝေးကွာသွားဖို့ အကြောင်းဖန်လာပြန်သည်။
အထက်တန်းကျောင်းများမှ Private Study လုပ်ရန် တရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ်သဖြင့် သူနှင့် သူမသည် ကျောင်းစာသင်ခန်းများတွင် တွေ့ရန် အခွင့်မရှိတော့။
ထို့ပြင် ကျူရှင်များ၌လည်း ကျောင်းသားကျောင်းသူများအား ထိထိရောက်ရောက်သင်ကြားပေးနိုင်ရန် အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပြီး လူနည်းနည်းချင်းစီ အချိန်ခွဲကာ သီးခြားသင်ကြားပေးသောကြောင့် သူနှင့် သူမသည် တစ်ဖွဲ့စီဖြစ်သွားပြီး ထိုအချိန်မှစကာ တွေ့ဆုံနိုင်ခြင်းမရှိကြတော့ပေ။
သည်လိုနှင့် အချိန်ကြာလာသောအခါ သူသည်လည်း သူမ၏အကြောင်းများကို မစဉ်းစားမိတော့ဘဲ ထိုအရာများသည် သူ့ခေါင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
အချိန်များက တဖြည်းဖြည်းကုန်ဆုံးသွားပြီးနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများဖြေဆိုပြီးသည်အထိ သူနှင့် သူမ လုံးဝ မတွေ့ဆုံဖြစ်ခဲ့ကြပေ။
စာမေးပွဲများဖြေဆိုပြီးသွားသောအခါ၌လည်း သူ၏မိဘများသည် အားလပ်ချိန်များ၌ ပညာရစေရန် သူ့အား ကွန်ပြူတာသင်တန်းတစ်ခု တက်ရောက်သင်ကြားစေလေရာ သူ့တွင် သူငယ်ချင်းများထံ သွားရောက်လည်ပတ်ရန် အချိန်မရှိခဲ့တော့။
ညနေအားလပ်ချိန်များ၌မူ ယောက်ျားလေးသူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်၌ စုစည်းကာ တွေ့ဆုံကြခြင်း၊ စနေ၊ တနင်္ဂနွေနေ့များ၌ ချိန်းချက်ပြီး ဘောလုံးကန်၊ ခြင်းခတ်ခြင်းများ ပြုလုပ်ကြသဖြင့် အဆက်မပြတ်သော်လည်း မိန်းကလေးသူငယ်ချင်းများနှင့်ကား ရပ်ကွက်နီးသူအချို့နှင့်သာ တွေ့ဆုံဖြစ်တော့သည်။
ထိုသို့သော ရက်များကို ကျော်ဖြတ်ပြီးနောက် သူ၏ စိတ်ထဲ၌ သူမသည် နေရာယူနိုင်ခြင်းမရှိတော့ဘဲ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားတော့သည်။
သည်လိုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်သောအခါ၌ မျှော်လင့်ထားသည့်အတိုင်း သူသည် ဂုဏ်ထူးအချို့နှင့် အောင်မြင်ခဲ့သလို သူမသည်ကား ရိုးရိုးတန်းတန်းအဆင့်ဖြင့်သာ အောင်မြင်ခဲ့လေသည်။
အောင်စာရင်းထွက်ပြီးနောက် သူတို့သူငယ်ချင်းတစ်စု ကျောင်း၌ ဆရာကန်တော့ပွဲလုပ်ဖြစ်သဖြင့် သူနှင့် သူမ တွေ့ဖြစ်ခဲ့သေးသည်။
သူမနှင့် ရိုးရိုးသားသား စကားပြောဆိုနှုတ်ဆက်ဖြစ်ခဲ့ပြီး သူမထံမှ ယခင်လို ထူးခြားသော အကြည့်များ မရရှိတော့သဖြင့် သူမအနေဖြင့် ငယ်စဉ်က စိတ်ကစားခဲ့ခြင်းများကို မေ့ပျောက်သွားလောက်ပြီဟုတွေးရင်း သူသည် ပြုံးပင်ပြုံးမိလေသည်။
သည်လိုနှင့် တက္ကသိုလ်များ တက်ရောက်ရန် အချိန်ကျရောက်လာသောအခါ၌ သူသည် အမှတ်မီသော အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တစ်ခုအား တက်ရောက်ရန် မြို့ကြီးပြကြီးရှိရာသို့ ထွက်လာခဲ့ရပြီး သူမသည်ကား ဇာတိမြေ၌ရှိသော တက္ကသိုလ်တွင်သာ စာပေးစာယူတက်ရင်း ကျန်ခဲ့တော့သည်။
သူတစ်ယောက် ခေတ်မီတိုးတက်လွန်းသော မြို့ပြသို့ ရောက်ရောက်ချင်း အရာအားလုံးကို ပါးစပ်အဟောင်းသားဖြင့်သာ ငေးနေရသည်။
အရောင်စုံ၊ အသွေးစုံ မြို့ပြသည် ၂၄နာရီ လှုပ်ရှားအသက်ဝင်လျက်ရှိပြီး သူ့လို တောသားတစ်ယောက်အတွက် အထူးအဆန်းတွေချည်း ဖြစ်လေသည်။
ထို့ထက်ပို၍ အရောင်စုံ၊ ဒီဇိုင်းစုံ မြို့ပြသူများကား သူ့အမြင်၌ အချောအလှတွေချည်းလို ဖြစ်နေတော့သည်။
မြို့ပြကြီး၏ တက္ကသိုလ်ကြီး၌ အသက်မွေးဝမ်းကြောင်းပညာရပ်ကို သူသင်ကြားဖြစ်ခဲ့သလို နှလုံးသားရေးရာ ပညာရပ်ကိုလည်း မသင်ရဘဲနှင့် အလိုလို တတ်မြောက်လာခဲ့လေ၏။
တည်ငြိမ်အေးချမ်းသော အလှများကို မွေးရပ်မြေ၌ တွေ့ကြုံခဲ့ပြီးဖြစ်သဖြင့် မြို့ပြ၌မူကား သူသည် ပူလောင်စူးရှသော အလှတို့၌ စိတ်ဝင်စားတတ်ခဲ့ချေပြီ။
သည်လိုနှင့် နှလုံးသားရေးရာပညာ၌ အဆင့်တစ်ဆင့်တက်ပြီး သင်ယူဖို့ ကြိုးစားရင်း တက္ကသိုလ်မတူသော်လည်း သူနေထိုင်ရာ အဆောင်အနီးရှိ ရပ်ကွက်ထဲမှ ခပ်သွက်သွက် မြို့ပြဖွား တက္ကသိုလ်ကျောင်းသူတစ်ဦးကို စိတ်ဝင်စားသယောင်ဖြစ်လာ၏။
ရင်ခုန်ခြင်းကို အချစ်ဟု အဓိပ္ပါယ်ဖွင့်တတ်ခဲ့ပြီဖြစ်သော သူသည် ထိုမိန်းကလေးအား ချစ်မိပြီလားဟု သူ့ကိုယ်သူ သုံးသပ်နေချိန်မှာပင် မဆွတ်ခင်က ညွတ်ချင်နေသော ကာလာစုံပန်းကလေးနှင့် ချစ်သူရည်းစားဖြစ်ခဲ့ရတော့သည်။
မြို့ပြ၏ မာယာသည် ရိုးသားသူများအပေါ် ပို၍ ရက်စက်တတ်ကြောင်း သူမသိသေးခင်မှာတော့ သူ့ဘ၀သည် ပျော်ရွှင်ဖွယ်အတိပင်ဖြစ်လေသည်။ အရာအားလုံး ပြည့်စုံသယောင် ရှိလေသည်။
သို့သော် သူ၏ အပျော်တို့သည် အချိန်ကြာကြာမခံလိုက်ချေ။
လအနည်းငယ်အကြာမှာပင် ပန်းကလေး၏ မမွှေးသော သတင်းများက သူ့ထံ ရောက်ရှိလာသည်။
ပန်းကလေးမှာ အထက်တန်းကျောင်းသူဘ၀ကတည်းက သူ့အရင် ချစ်သူရည်းစားတွေ ရှိခဲ့သည်။
သည်လောက်ကို သူမမှုပါ။
သူ ထိခိုက်ခံစားရသည်က ယခုလည်း ပန်းကလေး၏ ချစ်သူရည်းစားများမှာ တက္ကသိုလ်တစ်ခုကို တစ်ယောက်နှုန်းလောက်ရှိသည် ဆိုသော သတင်းဖြစ်လေသည်။
ထို့ထက်ပို၍ဆိုးသည်က ပန်းကလေးသည် သူနှင့် တွဲနေသည်မှာ တကယ်ချစ်၍ မဟုတ်၊ သူက မလည်မ၀ယ်နှင့်မို့ ပျော်စရာကောင်း၍၊ ရှင်းရှင်းပြောရလျှင် ကစား၍ကောင်းသောကြောင့်ဟူသော သတင်းစကားများသည် ပန်းကလေး၏ မိန်းကလေးသူငယ်ချင်းအသိုင်းအ၀ိုင်းထဲမှ သူ့ထံ ရောက်ရှိလာခြင်းဖြစ်လေသည်။
ရိုးသားသော တောသားတစ်ယောက်အား စေတနာထား၍ သတိပေးလာသည့် မြို့ကြီးသူ၊ မြို့ကြီးသား တက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ သတင်းစကားများကြား၌ သူသည် ရင်နာနာနှင့် သင်ခန်းစာတစ်ခု ရရှိလိုက်ပေပြီ။
သြော် မြို့ပြမှာ အချစ်ဆိုတာ ကစားစရာ တစ်ခုလိုပါလားဟု သူတွေးမိလေသည်။
သည်သတင်းတွေကို စ စချင်း သူကြားသိရစဉ်က ယောက်ျားလေးတစ်ယောက်ပင်ဖြစ်သော်ငြား မိန်းကလေးတစ်ယောက်၏ လှည့်စားခံခဲ့ရခြင်းကို ရှက်မိသောကြောင့် အဆောင်ထဲမှပင် သူအပြင်မထွက်ဖြစ်တော့။
ပန်းကလေးနှင့်လဲ အဆက်အသွယ်လုပ်ရန် မကြိုးစားတော့ဘဲ မတွေ့အောင်သာ နေတော့သည်။
သူ့ကို စာနာသော အဆောင်နေသူငယ်ချင်းများက အားပေးစကားများ ပြောကြရှာပါသည်။
ဒီမှာ သူငယ်ချင်း မိန်းကလေးတစ်ယောက်ကို ဘာမှ အရှုံးပေးစရာ အကြောင်းမရှိဘူး…” ဟူ၍လည်းကောင်း၊
မင်းရုပ် မင်းရည် မင်းအရည်အချင်းနဲ့ နောက်ထပ် ရည်းစားတစ်ယောက် ထပ်ထားပြလိုက်စမ်းပါကွာ…”
ဟူ၍လည်းကောင်း၊
တစ်ယောက်မဟုတ်ဘူး၊ သုံး၊ လေးယောက်လောက် ထားပြလိုက်စမ်းကွာ၊ သူ့လောက်တော့ မင်းလဲ စွမ်းကြောင်း ပြရမယ်…” ဟူ၍လည်းကောင်း အားပေးကြရှာ၏။
တဖြည်းဖြည်းနှင့် သူ၏ အချစ်အပေါ် ထားရှိသော ရိုးသားသည့် စိတ်ထားတို့သည် အရောင်ပြောင်းသယောင်ရှိလာခဲ့တော့၏။
သူတို့တောင် မကြောက်မရွံ့ အပျော်ရည်းစားတွေ ရှာထားကြသေးတာပဲ၊ ငါ ယောက်ျားလေး၊ ဘာကြောက်စရာရှိလို့လဲ ဟူသော အတွေးများက သူ့ခေါင်းထဲ ရောက်ရှိလာကြသည်။
မင်းထက်လှတဲ့  မင်းထက်သာတဲ့ ကောင်မလေးတစ်ယောက်ကို ငါ ရှာပြီး တွဲပြဦးမယ် ဟူ၍လည်း သူ၏ စိတ်ထဲ၌ ကြုံးဝါးနေမိလေ၏။
ထိုသို့နှင့် သူ မယှဉ်ပြိုင်ခဲ့သော အချစ်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့မှုအား လက်စားချေရန် တအုံ့နွေးနွေးဖြစ်နေခိုက် ကျောင်းပိတ်ရက်တစ်မနက်တွင် သူရှိရာ အဆောင်သို့ ဧည့်သည်တစ်ယောက်ရောက်လာလေသည်။
ထိုသူကား သူ၏ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း၊  သူမ၏ မောင်ဝမ်းကွဲပင် ဖြစ်ပါ၏။
သူငယ်ချင်း၊ ဘယ်တုန်းက ရောက်လဲ…”
ဒီနေ့ပဲ ရောက်တယ်ကွ အဘိုးဆုံးသွားလို့ တက်လာတာ…”
အော် စိတ်မကောင်းပါဘူးကွာ မင်းတို့အဘိုးက ဒီမြို့ပေါ်မှာလား…”
မဟုတ်ဘူး နယ်မှာဆုံးတာ ဒီကတဆင့် အဝေးပြေးကားနဲ့ ဆက်သွားရမှာ…”
အော် အေးအေး ကားက ဘယ်အချိန်လဲ…”
ညနေမှ သူငယ်ချင်း အခု ဒီက အသိတစ်ယောက်အိမ်မှာ ခဏ၀င်နားနေတယ် ညနေမှ သွားမှာဆိုတော့လေဒါနဲ့* * * *လည်းပါတယ်ကွ…”
ရုတ်တရက် သူငယ်ချင်းက သူမ၏ နာမည်ကို ထုတ်ပြော၏။
သူမလည်း လိုက်ပါလာသည် ဆိုပါလား။ အင်းပေါ့။ သူငယ်ချင်း၏ အဘိုးကလည်း သူမ၏ အဘိုးပင် မဟုတ်လား။
သူက မြေးဦးမိန်းကလေးဆိုတော့ အဘိုးက သူ့ကို တအားချစ်တာကွ။ သူကလည်း အဘိုးကို တော်တော်ချစ်တာ။ ခုလဲ အဘိုးမဆုံးခင်က အဘိုးအနားမှာ သူ မရှိလိုက်ရဘူးဆိုပြီး ငိုငိုရယ်ရယ်ဖြစ်နေလေရဲ့။ ရုတ်တရက်ကြီးဆိုတော့လဲကွာ ဘယ်တတ်နိုင်ပါ့မလဲ…”
သူငယ်ချင်းဖြစ်သူက သူ့ကို ရှည်လျားစွာ ရှင်းပြနေလေသည်။
မိန်းကလေးဆိုတော့လည်း သည်လိုပဲ ခံစားရရှာမှာပေါ့ဟု သူ တွေးလိုက်သည်။
ဒါနဲ့ မင်းအချိန်ရရင် သူနဲ့ လိုက်တွေ့ပြီး စကားလေးဘာလေး ပြောပေးပါလား။ မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့ တွေ့ရမှာဆိုတော့ သူလဲ နည်းနည်း စိတ်သက်သာရာ ရနိုင်တာပေါ့…”
သူ့ သူငယ်ချင်းက သူ့ကို ပြောသည်။ သူလည်း  သဘောတူလိုက်သည်။
 အေး လိုက်ခဲ့မယ်လေ ခဏစောင့် အ၀တ်အစားလဲလိုက်ဦးမယ်…”
သူလည်း အဆောင်ပေါ်တက် အ၀တ်အစားကပျာကယာလဲကာ သူငယ်ချင်းနှင့်အတူ လိုက်ခဲ့လေသည်။
သူငယ်ချင်းတို့ ခေတ္တတည်းခိုလျက်ရှိသော အိမ်သို့ ရောက်သောအခါ မျက်ရည်ပြည့်နေသော မျက်ဝန်းများနှင့်အတူ သူမကို တွေ့ရလေ၏။
သူမသည် မျက်ရည်များကြားမှပင် ကာလာစုံမခြယ်သထားပါဘဲ ချောမောလှပလျက် ရှိနေပေသည်။
သာမန်အချိန်များ၌ နင် ပိုလှလာပါလားဟု သူနှုတ်ဆက်မိမည်ဖြစ်သော်လည်း ယခုတော့ ထိုသို့ မပြောဖြစ်တော့ဘဲ ပြုံးရုံသာ ပြုံးပြလိုက်မိသည်။
ကြီးကြီး ကျွန်တော်တို့ အပြင်ခဏသွားလိုက်ဦးမယ်နော် သူငယ်ချင်းလဲ ပါလာတော့ အေးအေးဆေးဆေး စကားပြောချင်လို့…”
သူငယ်ချင်းဖြစ်သူက အတူပါလာသော သူမ၏ မိခင်အား ခွင့်တောင်း၏။
အေး အေး သူငယ်ချင်းတွေ စကားပြောကြဦးပေါ့ ကားချိန်မီအောင်တော့ ပြန်လာကြဦးနော် ကလေးတွေ…”
ဟုတ်ကဲ့ကြီးကြီး…”
ခွင့်ပြုချက်ရပြီးနောက် သူမတို့ မောင်နှမနှစ်ယောက်အား အအေးဆိုင်တစ်ဆိုင်သို့ သူဦးဆောင်ကာ ခေါ်လာခဲ့၏။
ထိုဆိုင်ကလေးက အခင်းအကျင်းကောင်းပြီး ဆိတ်ငြိမ်သော နေရာလေးလည်း ဖြစ်သည်။ နောက်ပြီး သူနှင့် သူ၏ပန်းကလေးတို့ ထိုင်နေကျ ဆိုင်လည်း ဖြစ်သည်လေ။
လမ်းတစ်လျှောက် သူနှင့် သူငယ်ချင်းသာ စကားပြောလာခဲ့သော်လည်း သူမကတော့ တစ်ခွန်းမျှ ၀င်မပြောပေ။
ကျလုဆဲဆဲ မျက်ရည်များကိုသာ ထိန်းသိမ်းနေရင်း သူမ လိုက်လာခဲ့သည်။
ဆိုင်ရောက်သောအခါ သူသည် စကားကို ထိန်းထိန်းသိမ်းသိမ်းပြောသော်လည်း စကားမကြွယ်သဖြင့် သူမ၏ ငိုချင်စိတ်များကို လျော့ပါးသွားအောင် မလုပ်နိုင်ခဲ့ပေ။
သူမကိုပါ စကားဝိုင်းထဲ ပါလာအောင် ခေါ်ရင်းက ပြောနေမိကြသော စကားများသည် သူမ၏အဘိုးဖြစ်သူအကြောင်း ရောက်သွားပြီးနောက် သူမ၏ ပါးပြင်ပေါ်၌ မျက်ရည်များ ကျဆင်းလာတော့သည်။
သူလဲ စိတ်မကောင်းဖြစ်သွားကာ ပျာပျာသလဲနှင့် အိတ်ကပ်ထဲမှ အသင့်ဆောင်ထားသော တစ်ရှူးအိတ်ထဲမှ တစ်ရှူးတစ်ရွက်ထုတ်ကာ သူမကို ကမ်းပေးလိုက်မိ၏။
မငိုပါနဲ့ဟာ ဒီလိုပါပဲ ပြောမယ့်သာ ပြောရတာ ငါ့အဘိုးဆုံးတုန်းကလဲ ငါငိုတာပါပဲ ရော့ ရော့ မျက်ရည်သုတ်လိုက်နော်…”
မိန်းကလေးများအား လိုအပ်ချိန်တွင် မည်သို့ဂရုစိုက်သင့်ကြောင်းကို မြို့ပြကြီးထံမှ သူသင်ကြားပြီးသား ဖြစ်လေရာ ရည်ရွယ်ပြုလုပ်စရာမလိုဘဲ သူ့အမူအရာများက သူမကို ဂရုစိုက်ကြောင်း အလိုလိုပြသမိတော့၏။
သူမက သူကမ်းပေးသော တစ်ရှူးကို လှမ်းယူရင်း သူ့ကို မော်ကြည့်သည်။
သူမ၏ မျက်ဝန်းများထဲ၌ ကျေးဇူးတင်ကြောင်းအဓိပ္ပါယ်နှင့်တကွ အခြားခံစားမှုအရိပ်အယောင်တစ်ခုကိုလည်း သူမြင်တွေ့လိုက်မိသည်။
သူမကို သူ ဘာကြောင့်ရယ်မသိ၊ ဂရုဏာသက်စွာ စိုက်ကြည့်နေမိတော့သည်။
သူမက မျက်ရည်များကို သုတ်ပြီး တစ်ရှူးစအား စားပွဲပေါ် တင်လိုက်ချိန်တွင် သူသည် တစ်ရှူးအိတ်အား သူမကို ကမ်းပေးလိုက်ပြန်သည်။
နောက်ငိုတဲ့အခါ သုတ်ရအောင် ယူထားလိုက်နော်…”
ကျေးဇူးပဲနော်…”
သူမက ကျေးဇူးစကားဆိုရင်း တစ်ရှူးအိတ်အား လှမ်းယူလိုက်သည်။
ထိုသို့နှင့် စကားပြောကြရင်း အချိန်အနည်းငယ်ကြာသွားသောအခါ သူတို့သူငယ်ချင်းတစ်စု အအေးဆိုင်မှ ထွက်ခွာခဲ့ကြပြီး တည်းခိုရာအိမ်ရှိရာသို့ ပြန်လာခဲ့ကြသည်။
လမ်း၌ အတွေးကိုယ်စီဖြင့် သူတို့အားလုံး စကားမပြောဖြစ်ကြ။
သူ၏ အတွေးထဲ၌လည်း သူမသည် ယခုအချိန်ထိ သူ့အပေါ်ခံစားချက်များကို မမေ့လောက်သေးကြောင်း တွေးနေမိလေသည်။
လမ်းလျှောက်လာကြရင်း စတိုးဆိုင်တစ်ဆိုင်ကို တွေ့သောအခါ သူငယ်ချင်းဖြစ်သူက ကားစီးရင်း မူးမော်ခြင်းမဖြစ်စေရန် လိုအပ်သည်များ ၀ယ်ဦးမည်ဆိုကာ ဆိုင်ထဲ ၀င်သွား၏။
လမ်းမပေါ်၌ သူနှင့် သူမ နှစ်ယောက်တည်း ကျန်ခဲ့သည်။
သူသည် အရိပ်ရှိရာ နေရာကို လိုက်ရှာရင်း အပင်တစ်ပင်အောက်သို့ သူမကို ခေါ်လာခဲ့၏။
 “ ဒီမှာက ငါတို့မြို့ထက် ပိုပူတယ်ဟ သိလား…”
သူမက ခေါင်းငြိမ့်သည်။
နောက်ဆို အပြင်လာရင် ထီးလေးဘာလေး ဆောင်နော် နေပူတယ် နင့်အသားဖြူဖြူလေးတွေ မည်းကုန်ဦးမယ်…”
သူက ပြုံးပြီး သူမကို စိုက်ကြည့်ကာ ပြောလိုက်သောအခါ သူမကလည်း ပြုံးရင်း သူ့ကို ပြန်ကြည့်သည်။
ဖြူဝင်းသော အသားအရည်နှင့် လိုက်ဖက်ညီစွာ လှပနေသောသူမသည် မျက်ရည်များကြားမှပင် အရောင်တစ်စုံတစ်ရာ မခြယ်သထားပါဘဲ သူ၏ ကာလာစုံပန်းကလေးထက် အဆများစွာ ချောမောသိမ်မွေ့ကြောင်း သူ သတိထားမိလိုက်သည်။
သူမသည် ပန်းကလေးထက်သာသော၊ လှသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမနှင့် ချစ်သူဖြစ်ခွင့်ရခဲ့လျှင်
အတွေးကြားမှ သူမ၏ မျက်ဝန်းကို ကြည့်လိုက်သောအခါ သူ့ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတော့၏။
မျက်ဝန်းများ၏ အဓိပ္ပါယ်တို့ကို ဖတ်တတ်နေပြီဖြစ်သော သူသည် သူမ၏ မျက်ဝန်းထဲမှာ မျှော်လင့်ခြင်းအရိပ်အယောင်များကို တွေ့လိုက်ရလေသည်။
မရည်ရွယ်ပါဘဲ ဂရုစိုက်မှုများစွာကို ပြသမိခဲ့သောသူသည် မလုံမလဲခံစားလိုက်ရ၏။
ဖြစ်သင့်၊ မဖြစ်သင့် အတွေးများ လွန်ဆွဲရင်း သူ့စိတ်ထဲ ရှုပ်ယှက်သွား၏။
ထို့နောက် အတွေးဆိုး၊ အတွေးရိုင်းများကို သူ့စိတ်ထဲမှ မနည်းမောင်းထုတ်လိုက်ရတော့၏။
အပြန်လမ်းတစ်လျှောက်လုံး သူ စကားမပြောဖြစ်တော့ပါ။
သူမက သူ့မျက်နှာကို ဂရုတစိုက် လှမ်းလှမ်းကြည့်နေမည်လား သူ သတိမထားမိတော့ပါ။
သူ့ကိုယ်သူ အပြစ်တင်နေသည်။ သူ့ဘာသာ နောင်တရမိနေသည်။
သူမတို့ တည်းခိုရာအိမ်သို့ ရောက်ပြီး အားလုံးကို နှုတ်ဆက်ကာ အဆောင်သို့ ပြန်လာခဲ့သည့် အချိန်အထိ သူ့စိတ်အတွေးတွေ ရှုပ်ယှက်ခတ်နေတုန်းဖြစ်သည်။
မှားခဲ့ပြီ မှားခဲ့ပြီဟု သူ ထပ်တလဲလဲ တွေးနေမိလေသည်။
ရိုးသားသော မိန်းကလေးတစ်ယောက်အား မဖြစ်နိုင်သည့် မျှော်လင့်ချက်များကို သူ ပေးခဲ့မိလေပြီလား သူ မပြောတတ်ပေ။
သို့သော် အလွန်တရာ ဂရုစိုက်ခြင်းများကို ပြသခဲ့မိသော သူ့အမူအရာများ မှားယွင်းခဲ့ကြောင်းကိုတော့ သူသိသည်။
ကာလရှည်ကြာ တည်ငြိမ်နေခဲ့ပြီဖြစ်သော ရေပြင်အား ဂယက်ထအောင် သူ ခဲလုံးတွေ ပစ်ချမိခဲ့သလို ဖြစ်ချေပြီ။
မလုပ်သင့် မလုပ်ကောင်းသော အရာများကို တွေးခဲ့၊ လုပ်ခဲ့မိပေပြီ။
တကယ်တော့ အပျော်ရည်းစားရှာရန် သူတွေးခဲ့သော အတွေးတို့သည်ပင် နှမချင်းစာနာရမည့် သူတို့ယောက်ျားလေးများ မစဉ်းစားသင့်သော ယုတ်ညံ့သည့် အတွေးများဖြစ်သည်မဟုတ်ပါလော။
ငါ ဘာလို့ အတွေးဆိုး၊ အတွေးရိုင်းတွေ တွေးခဲ့မိပါလိမ့်။
သူ သက်ပြင်းမောကြီးတစ်ခု ချလိုက်မိသည်။
သက်ပြင်းမောနှင့်အတူ ယခင်က စဉ်းစားခဲ့ဖူးသော အတွေးရိုင်းများ အားလုံးကို မောင်းထုတ်လိုက်လေတော့သည်။
အချစ်စစ်နှင့် မချစ်နိုင်သမျှ ကာလပတ်လုံး မည်သည့်မိန်းကလေးကိုမျှ မျှော်လင့်ချက်မပေးမိဖို့ သူ ဆုံးဖြတ်လိုက်လေသည်။
သူမနှင့် တစ်ချိန်ချိန်ပြန်တွေ့လျှင် သူမ၏ မျှော်လင့်ချက်များ ပြန်လည်ရုတ်သိမ်းသွားစေရန် သူ သရုပ်ဆောင်ရပေလိမ့်ဦးမည်။
ဤဆုံးဖြတ်ချက်သည် မှန်သလား၊ မှားသလားတော့  သူ မသိပါ။
သူမကရော သူ့ကို မည်သည့် ထင်မြင်သွားလေမည်နည်း သူ မတွေးတတ်ပါ။
မီးပွိုင့်၌ ရပ်စောင့်နေသော သူတစ်ယောက်သည် မီးပွိုင့်တွင် မီးနီနေရာမှ ၀ါလာသောအခါ ရည်ရွယ်ရာ တစ်ဖက်လမ်းသို့ ရောက်နိုင်တော့မည်ဟု တွေးကာ မျှော်လင့်နေမည်။ သို့သော မီးပွိုင့်သည် ၀ါနေရာမှ စိမ်းမလာဘဲ တစ်ဖန် ပြန်နီသွားလေသော် စောင့်နေသောသူသည် မည်မျှ ဒေါသထွက်လေမည်နည်း။ အခန့်မသင့်လျှင် ကျိန်ဆဲကောင်း ကျိန်ဆဲပေလိမ့်မည်။
သူမကရော မည်သို့ ခံစားရလေမည်နည်း။
သူ့ကို နှလုံးသားမရှိသူ၊ တစ်ဖက်သား၏ ခံစားချက်ကို လျစ်လျူရှုသူ၊ တစ်ဖက်သားကို အလေးမထားသူ၊ ဘောလီဘောပုတ်သလို မြှောက်တင်ပြီးမှ အကျနာအောင် ရိုက်ချတတ်သူဟု ထင်မြင်ယူဆသွားလေမည်လော။
သူ မသိပါ။
တဒင်္ဂပျော်ရွှင်မှုများကို မပေးဘဲ ခဏတာ ရက်စက်ပြလိုက်ခြင်းသည် သူမဘ၀တာတွင် နှလုံးသားဒဏ်ရာ မရစေရေးအတွက်သာ ဖြစ်ကြောင်း သူမ သိနိုင်ပါစေဟုသာ သူတွေးနေမိလေတော့သည်။

(ပြီးပါပြီ)

သူ့အကြည့်ကို ကိုယ်သိသည် (၂)



သူ၏ အတွေးတို့သည် ပစ္စက္ခအခြေအနေသို့ ပြန်ရောက်လာခဲ့ပြန်သည်။
သြော် ရှေ့တိုးဖို့ မလွယ်၊ နောက်ဆုတ်ဖို့ ခက်နေသော အနေအထားမျိုးဖြင့်ပင် ယခုဆို ရက်သတ္တတစ်ပတ်ပင် ကျော်ခဲ့ပြီကော။
သူသည် သက်ပြင်းကို မျှင်းမျှင်းကလေး ချလိုက်ကာ သူမကို မသိမသာ ခိုးကြည့်လိုက်၏။
တော်ပါသေးရဲ့ သူမက သူ့ကို ကြည့်မနေပါ၊ သူငယ်ချင်းများနှင့် စကားကောင်းနေပုံပေါ်သည်။
ယခုတလော သူမသည် သူနှင့် ပို၍ နီးကပ်လာသယောင် ရှိသည်ဟု သူထင်သည်။
ကျောင်းချိန်များတွင် မသိသာသော်လည်း ကျူရှင်ချိန်များတွင် သိသာစေသည်။ ကျူရှင်ဖြစ်သောကြောင့် ကျောင်းစာသင်ခန်းကဲ့သို့ ကျောင်းသားကျောင်းသူဦးရေ မများသည်ကြောင့်လည်း ဖြစ်နိုင်ပါသည်။
သူရော သူမပါ အချိန်စောပြီး ရောက်နေနှင့်သည့်အခါမျိုးများတွင် သူမသည် သူ့ထံသို့ လာကာ သင်္ချာပုစ္ဆာများကို ရှင်းခိုင်းခြင်းမျိုး၊ ဇီဝဗေဒ ရုပ်ပုံများကို ကူညီရေးဆွဲခိုင်းခြင်းမျိုးတို့ လုပ်လာသည်။
သူမ၏ သူငယ်ချင်းအချို့က သူဆွဲတာ လှလဲ မလှဘူးဟု ဝေဖန်ကြသော်လည်း၊ သူကိုယ်တိုင်ကလည်း သူဆွဲသော ပုံများမှာ အခြားသူများဆွဲသော ပုံထက် ထူးခြားပြီး လှပနေဟန်မရှိကြောင်း လက်ခံသော်လည်း သူမကို ကူညီပေးနေရသဖြင့် စိတ်ထဲ ပီတိတစ်ခုလို ခံစားမိလေသည်။
သို့သော် သူနှင့် သူမသည် သူငယ်ချင်းများသာ ဖြစ်ကြပါသည်။
သူ ဆက်၍ စဉ်းစားမိပြန်သည်က ချစ်သူရည်းစားဖြစ်သွားလျှင်ကော ဘာများ ပိုပြီး ထူးခြားသွားမှာလဲ ဟူ၍ ဖြစ်သည်။
သူနှင့် သူမသည် ချစ်သူများ ဖြစ်သွားကြသည်ဖြစ်စေ၊ ယခုအတိုင်း သူငယ်ချင်းများပင် ဆက်ဖြစ်နေလျှင်ဖြစ်စေ မည်သည့်အရာမျှ ထူးထူးခြားခြား ဖြစ်လာလိမ့်မည်ဟု သူ မထင်ချေ။
စာသင်ခန်းတစ်ခန်းထဲမှာ စာသင်နေကြဦးမည်၊ ကျောင်းဆင်းလျှင် ကျူရှင်သို့ အတူသွားကြမည်၊ တစ်ခါတစ်ရံ ထိုင်နေကျ အအေးဆိုင်သို့ သွားထိုင်ကြမည်၊ သူမအကူအညီတောင်းလျှင် ဇီဝဗေဒပုံများ ရေးဆွဲပေးနေဦးမည်၊ မည်သည့်အရာမျှ ပြောင်းလဲသွားလိမ့်မည်မဟုတ်ဟု သူ ထင်သည်။
သည်လိုဆိုလျှင် အခုအတိုင်း ဆက်နေတာကသာ ပိုကောင်းဦးမည်ဟုလည်း သူတွေးလိုက်သည်။
ဟိတ်ကောင် ဘာတွေ စဉ်းစားနေတာတုန်းဟ…”

ရုတ်တရက် သူ၏ကျောပြင်ကို ပုတ်ပြီး သူငယ်ချင်းတစ်ယောက် သူ့ဘေးနားမှာ ၀င်ထိုင်သည်။
ကျောင်းမုန့်စားဆင်းချိန် ကုန်ခါနီးပြီ ဖြစ်သဖြင့် သူ့ဘေးနားမှာ ထိုင်နေကျ သူငယ်ချင်း ပြန်ရောက်လာခြင်းဖြစ်သည်။
ထိုတစ်ယောက်သည် သူ၏အထက်တန်းကျောင်းသားဘ၀တစ်လျှောက်လုံး အခင်မင်ဆုံး၊ အရင်းနှီးဆုံး ပေါင်းသင်းလာခဲ့သည့် သူငယ်ချင်းလည်း ဖြစ်သည်။
မုန့်ဆိုင်သွားတာလား…”
သူက မေးလိုက်သည်။
လူရှင်းတဲ့ နေရာ အကြံသွားထုတ်နေတာကွ…”
သူငယ်ချင်းက ပြန်ဖြေသည်။
ဟေ ဘာအကြံတုန်းဟ…”
ဘာအကြံရမလဲ ရည်းစားစာရေးဖို့လေ အခု အကြံရခဲ့ပြီ ချရေးဖို့ပဲ ကျန်တော့တယ် ဟဲ..ဟဲ…”
ရုတ်တရက်ကြီး ဆိုလာသော သူငယ်ချင်း၏စကားကြောင့် ခဏတာမျှ သူ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ထို့နောက်မှ သိချင်စိတ်ဖြင့် မေးလိုက်၏။
ဘယ်သူ့ကို ပေးမလို့တုန်း မင်းက…”
မှန်းကြည့်လေကွာ ဘယ်သူဖြစ်နိုင်မလဲ…”
သူငယ်ချင်းက လွယ်အိတ်ထဲက ဘောပင်နှင့်စာအုပ်ကို ထုတ်ရင်း သူ့ကို ပြန်မကြည့်ဘဲ ဖြေသည်။
သူ၏ ရင်ထဲ၌ တစ်စုံတစ်ခုကို တွေးပူလိုက်မိသည်။
* * * *များလားကွ ဟုတ်လား…”
သူသည် စိုးရိမ်စိတ်တစ်ဝက်ဖြင့် သူမ၏ နာမည်ကို တစ်လုံးချင်းရေရွတ်ရင်း မေးလိုက်မိသည်။
သူငယ်ချင်းဖြစ်သူက သူ့ကို ပြုံးပြီး ကြည့်ကာ
ဟဲဟဲ မင်း သိပ်တော်တဲ့ ကောင်ဘဲကွ ဗေဒင်ဆရာ လုပ်ပါလား…”
ဟု ပြန်ဖြေလိုက်ရာ သူ့ရင်ထဲ၌ အမျိုးအမည်မသိသော ဝေဒနာတစ်ရပ် ၀င်ရောက် လှုပ်ခတ်သွားလေတော့၏။
မှားပြီ မှားပြီ
ဘာဖြစ်လို့ သူမအမည်ကိုမှ ရွေးပြီး မေးလိုက်မိပါလိမ့်
တခြားနာမည်ကို မေးခဲ့ရမှာ တခြားတစ်ယောက်ယောက်နာမည်ကို မေးခဲ့ရမှာ ခုတော့
ယခုတစ်ခါတွင်တော့ သူ သည် လေးလံထိုင်းမှိုင်းသော သက်ပြင်းမောကြီးကို သူငယ်ချင်းမသိစေရန် ရင်ထဲ၌ပင် သိုဝှက်ထားလိုက်ရလေတော့၏။
ဟဲဟဲ နောက်တာပါကွာ ကြိုက်တာက ကြိုက်တာပဲ ရည်းစားစာပေးရဲသေးဘူးကွ ကြိုပဲ ရေးထားရမှာ…”
သူငယ်ချင်းက ရယ်ဖြဲဖြဲနှင့် ထပ်ပြောသည်။
သူကတော့ ပြုံးပြလိုက်မိသည်ထင်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ အခင်ဆုံးသူငယ်ချင်းသည် သူမကို ချစ်ကြိုက်နေသည်ဟု ၀န်ခံလိုက်သည်မဟုတ်ပါလော။
ဤသည်လည်း ကံတရား၏ ဆန်းကြယ်သော လှည့်စားချက်တစ်ခုပင် ဖြစ်ပါလိမ့်မည်။
သူ၏ ရှေ့ဆက်မည့် ခြေလှမ်းများသည်လည်း နေရာတွင်ပင် တုံ့နှေးေ၀၀ါးသွားချေလေပြီ။

ထိုနေ့က စာသင်ချိန်အားလုံးကို စိတ်မပါစွာဖြင့် ကျော်ဖြတ်ခဲ့မိသည် ထင်သည်။
သည်လိုနှင့် ကျောင်းဆင်းချိန်ရောက်တော့ သူ ချက်ချင်း ထမပြန်ဖြစ်ပါ။
ယနေ့ သူ စာသင်ခန်းတံခါးကို သော့ခတ်ရမည့်အလှည့် ဖြစ်သောကြောင့် ဖြစ်ပါသည်။
ကျောင်းသားကျောင်းသူများ တဖွဲဖွဲနှင့် ထွက်ခွာသွားကြသော်လည်း သူ နေရာမှ မထဘဲ ထိုင်နေလိုက်သည်။
အားလုံးရှင်းသွားကြသောအခါ သူ စားပွဲခုံများအောက်ရှိ လွယ်အိတ်များ ထည့်ရာ အံများကို လိုက်ကြည့်သည်။ တစ်စုံတစ်ယောက်ယောက် တစ်စုံတစ်ခုခု ကျန်ခဲ့မည်စိုး၍ ဖြစ်သည်။ အကယ်၍ ကျန်ခဲ့ပါက မိမိဘာသာ သိမ်းထားသင့်လျှင် သိမ်းထားရမည်၊ ဆရာ၊ဆရာမများထံ သွားအပ်နှံသင့်လျှင် အပ်နှံရမည် ဖြစ်ပါသည်။
ထိုသို့ လိုက်ကြည့်နေရင်း မိန်းကလေးများ ထိုင်သော အတန်းခုံတစ်ခုံ၏ အံထဲတွင် လက်ကိုင်ပုဝါတစ်ထည် ကျန်ခဲ့ကြောင်း သူတွေ့လိုက်သည်။
တစ်ယောက်ယောက် ကျန်ခဲ့တာ ဖြစ်လိမ့်မည်။
သူ သိမ်းထားပေးလျှင် ကောင်းမလား၊ သည်အတိုင်း ထားခဲ့လျှင်ပဲ ကောင်းမလား ချီတုံချတုံ စဉ်းစားနေခိုက် အခန်းတံခါးဝအနား ကောင်မလေး တစ်ယောက် အမောတကော ရောက်လာသည်။
သူမ မဟုတ်ပါ။ အခြား အတန်းသူ ကောင်မလေးတစ်ယောက်သာ ဖြစ်ပါသည်။
တော်သေးတာပေါ့ အခန်းတံခါး မပိတ်သေးလို့…”
ကောင်မလေးက ရေရွတ်ပြော ပြောရင်း အခန်းထဲ ၀င်လာသည်။
သူက ပြုံးပြရင်း စကားဆိုလိုက်သည်။
လက်ကိုင်ပုဝါ ကျန်ခဲ့တာလား…”
အေးဟယ်…”
 သူက စားပွဲခုံထဲမှ လက်ကိုင်ပုဝါလေးကို လှမ်းယူလိုက်ပြီး သူ့အနားရောက်လာသော ကောင်မလေးကို ကမ်းပေးလိုက်သည်။
ကျေးဇူးပဲဟယ် နင် ရှိနေလို့ပေါ့ သွားတော့မယ်နော်…”
ကောင်မလေးက သူ့ကို ပြုံးပြ၊ ကျေးဇူးစကားဆိုပြီး ပြန်လှည့်ထွက်သွားသည်။
သူ လည်း အခန်းတွင်း တစ်ချက် ဝေ့ကြည့်လိုက်ပြီး အပြင်သို့ ထွက်တော့မည်အပြု အခန်းပြူတင်းပေါက်မှ လှမ်းကြည့်နေသော အတန်းပိုင်ဆရာမကို လှမ်းမြင်လိုက်လေသည်။
သူ အပြင်သို့ ထွက်ပြီး ဆရာမကို ပြုံးပြနှုတ်ဆက်လိုက်သည်။
ဆရာမ အခန်းလာစစ်တာလား…”
ဆရာမက သူ့ကို ပြုံးပြုံးကြီး ကြည့်နေသည်။ ပြီးမှ
ခုနက ဘာလုပ်နေကြတာလဲ…”
သြော် ဆရာမက အစောကတည်းက ရောက်နေတာကိုး။
ဟိုကောင်မလေး လက်ကိုင်ပုဝါကျန်ခဲ့လို့ ပြန်ပေးနေတာပါ ဆရာမရဲ့…”
ဆရာမက သူနှင့် ဟိုကောင်မလေးကို တစ်မျိုးထင်နေပုံပေါ်သည်။ သူ မလုံမလဲ ဖြစ်နေ၏။
နောက်ပြီး ဆရာမက သူ့ကို အတော်ဂရုစိုက်သူလည်း ဖြစ်သည်။ သည်အတန်းထဲမှ ထူးချွန်ကျောင်းသားများ ပေါ်ထွက်ဖို့အရေး ဆရာမက သူ့ကိုလည်း အားကိုးရမည့်သူတစ်ယောက်အဖြစ် ရှုမြင်သူဖြစ်သည်။
အေးပါ ထားပါတော့ ဟိုဟိုဒီဒီ စိတ်ဝင်စားမနေနဲ့နော် ဆယ်တန်းစာမေးပွဲတွေ နီးနေပြီ…”
ဆရာမက သူ့ကို ပြုံးရင်း သတိပေးသည်။ နှစ်ပေါင်းများစွာအတွေ့အကြုံကြောင့် သည်အရွယ်တွေမှာ စိတ်ကစားပြီး အမှားကြုံတတ်ကြသည်များကို ဆရာမက ကောင်းကောင်းသဘောပေါက်လေသည်။
အာ ဟုတ်ကဲ့ပါဆရာမကလဲ သား အဲဒါတွေ စိတ်မ၀င်စားသေးပါဘူး…”
အေးပါ ဟုတ်ပါပြီ စိတ်မ၀င်စားလဲ ပြီးတာပါပဲကွယ် စာပဲ စိတ်ဝင်စား ကြားလား.. ကဲ..ကဲ.. တံခါးပိတ်ပြီးရင် ပြန်တော့သား…”
ဟုတ် ဆရာမ…”
ဆရာမ ထွက်သွားပြီးနောက် သူ စာသင်ခန်းတံခါးကို သော့ခတ်နေရင်း ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်လေတော့၏။
ထို ဆုံးဖြတ်ချက်မှာ သူမနှင့် ပတ်သက်၍ မည်သည့်ခြေလှမ်းကိုမျှ ရှေ့ဆက်မတိုးတော့ရန် ဖြစ်လေသည်။

(ဆက်ရန်)