Friday, May 25, 2012

သမိုင်းတစ်လျှောက်မြန်မာနိုင်ငံအလံများ-၂

ကျွန်တော် ဟောဒီဘလော့လေး စလုပ်ခါစက သမိုင်းအဆက်ဆက်မြန်မာနိုင်ငံအလံများ ဆိုပြီးတော့ ပို့စ်တစ်ခု တင်ဖူးပါသေးတယ်။
အခု ထပ်တွေ့တဲ့အလံတွေက အဲဒီတုန်းက အလံတွေထက် ပိုစုံတာမို့ ထပ်တင်လိုက်တာပါ။
သမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကိုယ်စားပြုခဲ့တဲ့ အလံလေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ။
 အလံပေါင်းစုံ စုစည်းထားပုံ

 ၁၃၀၀-၁၅၀၀
(ကျွန်တော့်စိတ်ထင် မွန်-ဗမာ နှစ်၄၀စစ် ကာလများဆီတုန်းက အလံဖြစ်မယ်ထင်တယ်)
၁၇၅၂-၁၈၈၆
(အလောင်းမင်းတရားကြီးရဲ ကုန်းဘောင်ခေတ်အလံပါ)
၁၈၅၃-၁၈၇၆
(ကုန်းဘောင်ခေတ်ကပါပဲ၊ မင်းတုန်းမင်း လက်ထက် ဖြစ်မယ်ထင်တယ်)
၁၉၃၉-၁၉၄၈
(ဗြိတိသျှအင်ပါယာလက်အောက်တုန်းက မြန်မာအလံပါ)
၁၉၄၁-၁၉၄၂
(လွတ်လပ်ရေးမရခင် ဂျပန်လက်အောက်တုန်းက ထင်ပါရဲ့)
၁၉၄၃-၁၉၄၅
(ဒါလဲ လွတ်လပ်ရေးမရသေးခင်က မြန်မာနိုင်ငံအလံပါပဲ)
 ၁၉၄၈-၁၉၇၄
(ဒီအလံကတော့ လွတ်လပ်ရေး ရပြီးပြီးချင်း မြန်မာနိုင်ငံရဲ့ အလံပေါ့)
၁၉၇၄-၂၀၁၀
(ဒီအလံကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က စတင်သုံးစွဲခဲ့တာပါ)
၂၀၁၀-ယနေ့အထိ
(၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းပေးထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ အလံဖြစ်ပါတယ်)

(ပုံများအချက်အလက်မျာကို ၀ီကီပီဒီးယားမှ ရယူပါတယ်။ ကွင်းစကွင်းပိတ်ထဲက စာတွေကတော့ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်သက်သက်သာ ဖြစ်ပါတယ်။ မှားရင်ပြင်ပေးခဲ့ကြပါခင်ဗျာ။)

Wednesday, May 16, 2012

သူငယ်ချင်းမဟုတ်သော သူငယ်ချင်းအတွက်

ငါဟာ
နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းမဖြစ်နိုင်ပေမယ့်
နင်ဟာ
ငါ့ရဲ့
အချစ်ဆုံးသူငယ်ချင်းပါ။

အချစ်ဆုံးဆိုတဲ့ စကားလုံးက
နှလုံးသားထဲက အသံဆိုပေမယ့်
သူငယ်ချင်းဆိုတဲ့ စကားလုံးကို
မသုံးချင်ဘဲ တွဲသုံးနေရတယ်။

သူငယ်ချင်းရယ်
ဖြူစင်ခြင်းကို ငါ အရောင်မဆိုးချင်တော့ပေမယ့်
အဖြူစစ်စစ်မဟုတ်တဲ့ အဖြူရောင်တွေနဲ့
ငါ့နှလုံးသားလဲ သွေးနီရောင်မသန်းတော့ဘူး။

အချစ်ရဲ့အဆုံးမှာ
အမုန်းလို့ ဆိုကြပေမယ့်
နင် အဆုံးသတ်ပေးခဲ့တဲ့
ငါ့ချစ်ခြင်းရဲ့ အဆုံးမှာတော့
အချစ်တွေပဲ ရှိပါတယ်။

ချစ်တယ်လို့ မပြောခဲ့လို့
နင့်ကိုငါမမုန်းဘူး
မုန်းတယ်လို့ မပြောခဲ့တာအတွက်
နင့်ကိုငါချစ်တယ်။

တစ်နေ့နေ့ပေါ့...
ငါမလိုချင်တဲ့
နင့်ဆီက ဖိတ်စာတစ်စောင် ရောက်လာခဲ့ရင်
ငါ့ကောင်းကင်မှာ 
မိုးကြိုးမပစ်ရင်တောင်
မိုးတွေရွာနေလိမ့်မယ်။     ။     ။

Sunday, May 13, 2012

စကားဝါမြေ တေးဆို - နှင်းဧကရီ

ကျွန်တော်သီချင်းတွေတောင် မတင်ဖြစ်တာကြာပြီလေ။
အခုသီချင်းတစ်ပုဒ်တင်ပါမယ်။
သီချင်းနာမည်ကတော့ စကားဝါမြေဖြစ်ပြီး  တေးဆိုက နှင်းဧကရီပါ။
မူရင်းသီချင်းတော့ မဟုတ်ပါဘူး၊ ဘာversionမှန်းလဲ မသိပါဘူး၊ သိတဲ့သူရှိရင် ပြောပေးခဲ့ပါဦးနော်။
သီချင်းလေးက မူရင်းပုံစံလဲ သိပ်မပျောက်ဘူးထင်တယ်၊ နောက်ပြီး ဟိုမရောက်ဒီမရောက်အကတွေ ဥပမာ sexy dance တွေလဲ မပါလို့ သဘောကျစွာ တင်ပေးလိုက်တာပါ။
ပုပ္ပားတောင်ကလပ်အကြောင်းဆိုထားတဲ့ သီချင်းလေးပေါ့။
ပုပ္ပားဆိုတာ ကျောက်ပန်းတောင်းနဲ့ တောင်တွင်းကြီးကြားမှာ ရှိတာထင်တယ်။
သေချာမမှတ်မိတော့ဘူး။
ပုပ္ပားကို ကျွန်တော်နှစ်ခေါက်ရောက်ဖူးပါတယ်။ (နှစ်ခေါက်လုံး ၀မ်းလျှောတယ်၊ တိုက်ဆိုင်တာလားတော့ မသိ။)
တစ်ခေါက်က ညအိပ်တယ်၊ ဘိုးမင်းခေါင်ရိပ်သာမှာ၊ အလကားတည်းလို့ရတယ်၊ ရိပ်သာကြီးက တကယ့်ကို အပျံစားပဲ။ ပွဲတော်ရက်တွေတော့ နေရာအားမယ်မထင်။ အခန်းတွေပါရှိတယ်။ ရေချိုးခန်း၊ အိမ်သာ တစ်ခါတည်းပါပြီးသား။ (ရောက်ဖြစ်ခဲ့ရင် တည်းနိုင်ဖို့ပါ။)
နောက်တစ်ခေါက်ကတော့ နေ့ချင်းပြန်။ မကွေးကနေ မန္တလေးအသွား လမ်းမှာ ၀င်တာလေ။
မြန်မာနိုင်ငံ အလယ်ပိုင်းလွင်ပြင်ရဲ့ တကယ့် အိုအေစစ်လေးတစ်ခုပဲဗျာ။
ဘေးပတ်ဝန်းကျင်က မြို့တွေမှာ ဘယ်လောက်ပူပူ၊ ပုပ္ပားရဲ့ ဧရိယာထဲ ၀င်ပြီဆိုတာနဲ့ သိသိသာသာ အပူလျော့သွားတာ အမှန်ပဲဗျ။
ပတ်ဝန်းကျင်ကလည်း စိမ်းစိုပြီး သာယာလိုက်တာကတော့ တကယ်ပါပဲ။
တစ်ခုပဲ၊ တောင်ပေါ်က မျောက်တွေကတော့ လက်တော်တော် သရမ်းတယ် :P။
သီချင်းတင်တာကနေ စကားက ရှည်သွားပြန်ပြီ။
ခရီးသွားဝါသနာပါတဲ့သူတွေတော့ တကယ့်ကိုသွားသင့်တဲ့ နေရာတစ်ခုပါဗျား။



Saturday, May 12, 2012

ကုန်းဘောင်ခေတ်က အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်ဝန်ဦးရွှေအိုး

ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ အမြော်အမြင်ရှိတဲ့ မြန်မာခေါင်းဆောင်တွေဟာ ခေတ်မီနိုင်ငံတစ်ခု တည်ဆောက်နိုင်ဖို့အတွက် အနောက်နိုင်ငံများကို ပညာတော်သင်အများအပြားစေလွှတ်ခဲ့ပါတယ်။
စေလွှတ်ခဲ့တဲ့ပညာတော်သင်တွေအနက် ဖန်ချက်ဝန်ဦးရွှေအိုးဆိုတာ ကျွန်တော်တို့ နှောင်းလူတွေ နားအယဉ်ဆုံးနာမည်ဖြစ်မယ် ထင်ပါရဲ့။
ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆မှာ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့အပိုင် နွယ်ငြိမ်းရွာမှာ ဖွားမြင်ခဲ့ပါတယ်။
အရွယ်ရောက်လာတဲ့အခါ နန်းတွင်းမှာ ၀င်ရောက်အမှုထမ်းနေစဉ် အသက်၁၈နှစ်အရွယ်မှာ ကနောင်မင်းသားကြီးရဲ့ စီမံကိန်းအရ ကာလကတ္တားကို ပညာတော်သင်ငါးဦးစေလွှတ်ရာမှ ပါဝင်ခဲ့ပါတယ်။
ဦးရွှေအိုးတို့ဟာ ကာလကတ္တားက ဒိုရေတန်ကောလိပ်မှာ သိပ္ပံပညာရပ်များကို တစ်နှစ်ခွဲကြာ သင်ယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။
ကံအားလျော်စွာနဲ့ပဲ သူတို့ဟာ အပြန်လမ်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ လူယုံတော် ကောင့်ဟင်နရီ ဒီဆာဆေနဲ့ ရင်းနှီးခဲ့ပြီး နေပြည်တော်ကို ခေါ်ဆောင်လာခဲ့ပါတယ်။
နောက်ပိုင်းမှာ မင်းတုန်းမင်းနဲ့ ကောင့် ဟင်နရီ ဒီဆာဆေတို့ ညှိုနှိုင်းဆွေးနွေးပြီး ပြင်သစ်ကို ပညာတော်သင်သုံးယောက် စေလွှတ်ရာမှာ ဦးရွှေအိုး ပါသွားခဲ့ပြန်ပါတယ်။
ပြင်သစ်ရောက်တဲ့အခါ ဦးရွှေအိုးဟာ ပဲရစ်မြို့၊ ပန်သီယန်သိပ္ပံကျောင်းကနေ သိပ္ပံဘွဲ့ရရှိပြီး ပဲရစ်ဗဟိုဝိဇ္ဇာနဲ့ ထုတ်လုပ်မှုလုပ်ငန်းကျောင်းမှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပါတယ်။
ဦးရွှေအိုးဟာ အဲဒီကျောင်းမှာ မဟာသိပ္ပံဘွဲ့လွန်သင်တန်းတက်နေရင်း တစ်ဖက်မှာလည်း မြို့ပြအင်ဂျင်နီယာဘွဲ့အတွက် ပညာသင်ကြားခဲ့ပါတယ်။
ဒီလိုနဲ့ ပြင်သစ်မှာ ရှစ်နှစ်ကြာ ပညာသင်ပြီးတဲ့နောက်မှာတော့ ဦးရွှေအိုးဟာ သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့နဲ့ မြို့ပြအင်ဂျင်နီယာဘွဲ့တို့ကို ရရှိခဲ့ပါတယ်။
ဦးရွှေအိုးတို့ ပြင်သစ်ပညာတော်သင်တွေဟာ တစ်လကို အင်္ဂလိပ်ဒင်္ဂါး ၈၀၀ ထောက်ပံ့ကြေးရကြပါတယ်။
ဦးရွှေအိုးဟာ ပြင်သစ်မှာပဲ ပြင်သစ်သူတစ်ဦးနဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက်လည်း မွေးဖွားခဲ့တယ်လို့ ဆိုကြပါတယ်။
ပြင်သစ်နိုင်ငံမှာ ပညာသင်ကြားနေစဉ်အတောအတွင်းမှာ ဦးရွှေအိုးဟာ ကမ္ဘာကျော်သိပ္ပံပညာရှင်အချို့နဲ့ တွေ့ဆုံရင်းနှီးခဲ့ပါတယ်။
ဓာတုဗေဒသင်ကြားရသူတိုင်း အထူးရင်းနှီးပြီးသားဖြစ်တဲ့ Periodic Tableကို တီထွင်ဖော်ထုတ်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ အကျော်ကြားဆုံးဓာတုဗေဒပညာရှင် မင်ဒိလိယက်ဖ်နဲ့လည်း အထူးရင်းနှီးခဲ့ပါတယ်။
(Periodic Table မှာ ဦးရွှေအိုးရဲ့ အကြံဥာဏ်တချို့ပါ ပါဝင်တယ်လို့ အချို့က ယုံကြည်ကြပါတယ်။)
လေယာဉ်ပျံသန်းမှုဆိုင်ရာသိပ္ပံပညာရှင် အာဘယ်ဟူရိုဒဗီလ်နဖ်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။
ဦးရွှေအိုးဟာ နပိုလီယံဘုရင်ရဲ့ ကြယ်တာရာတံဆိပ်ကိုပါ လက်ခံရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ မြင်ကွန်း၊မြင်းခုံတိုင်အရေးအခင်းကြောင့် ကနောင်မင်းသားကြီးကျဆုံးသွားပြီး အထောက်အပံ့တွေ ခေတ္တရပ်ဆိုင်းသွားတာမို့ ဦးရွှေအိုးဟာ ဇနီးနဲ့သားကို ထားခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
နေပြည်တော်ပြန်ရောက်တဲ့အခါမှာတော့ ဦးရွှေအိုးဟာ အင်္ဂလိပ်ဘာသာစကားရော၊ ပြင်သစ်ဘာသာစကားပါ ကျွမ်းကျင်တာကြောင့် ယောအတွင်းဝန်ဦးဖိုးလှိုင်လက်အောက်မှာ နိုင်ငံခြားရေးရာကိစ္စအ၀၀အတွက် လုပ်ကိုင်အမှုထမ်းရပါတယ်။
ဒါ့အပြင် ဦးရွှေအိုးဟာ "သြသဓရတနာကရ"အမည်ရ ဖန်ချက်ခြင်းပညာရပ်ဆိုင်ရာစာတမ်းကို ရေးသားဆက်သွင်းခဲ့တဲ့အတွက် ပထမဆုံးဖန်ချက်ဝန်အဖြစ်လည်း ခန့်အပ်ခံခဲ့ရပါတယ်။
ဦးရွှေအိုးဟာ မအားလပ်တဲ့ တာဝန်တွေကြားထဲက လောကဓာတ်ဆေးကျမ်းကြီးခေါ် ဓာတုဗေဒကျမ်းတစ်စောင်ကိုလည်း ဘာသာပြန်ရေးသားနိုင်ခဲ့ပါတယ်။
ဦးရွှေအိုးရဲ့ လူသိပ်မသိတဲ့ တီထွင်မှုတစ်ခုရှိပါသေးတယ်
အဲဒါကတော့ Fermentation Theory (ကစော်ဖောက်ခြင်းသဘောတရား) ဖြစ်ပါတယ်။
ကမ္ဘာ့မှတ်တမ်းများမှာ အဲဒီသီအိုရီကို ၁၈၇၇ခုနှစ်မှာ သိပ္ပံပညာရှင်ထရာဗေက စတင်တွေ့ရှိဖော်ထုတ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပေမယ့် ၁၈၆၈ခုနှစ်မတိုင်မီကတည်းက ဦးရွှေအိုးက ရှာဖွေဖော်ထုတ်ခဲ့ပြီးဖြစ်တယ်လို့ ကုန်းဘောင်ခေတ် မြန်မာ့သိပ္ပံပညာရှင်များစာအုပ်မှာ ဒေါက်တာမျိုးသန့်တင်က ဖော်ထုတ်ရေးသားထားပါတယ်။
ဦးရွှေအိုးဟာ သံအမတ်အဖြစ်လည်းကောင်း၊ ပညာတော်သင်ကိစ္စရပ်များအတွက်လည်းကောင်း နိုင်ငံရပ်ခြားကို အခေါက်ခေါက်သွားရောက်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ-အင်္ဂလိပ်ပူးတွဲတရားရုံးမှာလည်း တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ယောအတွင်းဝန်ဦးဖိုးလှိုင်ရဲ့ နိုင်ငံခြားရေးရာကိစ္စရပ်များတိုင်ပင်ရာ အားအကိုးရဆုံးလက်ရုံးလည်း ဖြစ်ပါတယ်။
နာမည်ကျော်တိုင်တားမင်းကြီးရဲ့ သမက်လည်းဖြစ်ပါတယ်။
ဗြိတိသျှက မြန်မာကို တတိယအကြိမ်စစ်ပြုမယ့်အရေး ရှောင်ရှားနိုင်ဖို့အတွက် လယ်ကိုင်းမြို့စားကင်းဝန်မင်းကြီးနဲ့အတူ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
နောက်ပိုင်း ဗြိတိသျှက မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ခေတ်ပညာတတ်ဦးရွှေအိုးဟာ ဗြိတိသျှလက်အောက်မှာ လုံးဝအမှုမထမ်းဘဲ မိမိတတ်တဲ့ပညာနဲ့သာ အသက်မွေးခဲ့ပါတယ်။
ကုန်းဘောင်ခေတ်က မြန်မာ့ပထမဆုံးအင်ဂျင်နီယာလို့ ဆိုနိုင်တဲ့ ဦးရွှေအိုးဟာ အသက်၆၉နှစ်အရွယ်၊ ၂၂၊ ဒီဇင်ဘာ၊ ၁၉၀၅မှာ သူချစ်တဲ့ အမိနိုင်ငံနဲ့တကွ လောကကြီးကိုပါ စွန့်ခွာသွားခဲ့ပါတယ်။
ကိုးကား
ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း - မောင်ထင်
ပထမဆုံးအင်ဂျင်နီယာဘွဲ့ရ ဖန်ချက်ဝန်ဦးရွှေအိုး - တင်နိုင်တိုး (ဆောင်းပါး)

Friday, May 4, 2012

ကုန်းဘောင်ခေတ်က သိပ္ပံပညာဘာသာပြန်စာအုပ်များ

(ဘလော့လေးမှာ ပို့စ်မတင်ဖြစ်တာလဲကြာပြီ။
ပျင်းနေတာရော တခြားအရာတွေနဲ့ လုံးပန်းနေရတာရောကြောင့်ပါ။
အခုတော့ ပို့စ်လေးတစ်ခုရေးပါမယ်။)
နိုင်ငံတကာဗဟုသုတတွေအကြောင်း ကျွန်တော်မရေးခင် ကုန်းဘောင်ခေတ်တုန်းဆီက မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီနိုင်ငံကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများအကြောင်း ရေးခဲ့ပါတယ်။
အခုလည်း အဲဒီအဆက်လို့ပဲ ပြောရမှာပေါ့လေ။ 
စာလည်း သိပ်မဖတ်နိုင်အားသေးတာမို့ လောလောဆယ်တော့ ကုန်းဘောင်ခေတ်က အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ့ နိုင်ငံခြားပညာတော်သင်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ အသီးအပွင့်အချို့ကို တင်ပြပေးလိုပါတယ်။
မင်းတုန်းမင်းနန်းတက်ပြီး မကြာခင်မှာပဲ ကနောင်မင်းသားကြီးနဲ့ ယောအတွင်းဝန်ဦးဖိုးလှိုင်တို့ဟာ ထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်အချို့ကို ရွေးချယ်ပြီး အဲဒီခေတ်က ခေတ်မီနိုင်ငံများဖြစ်ကြတဲ့ အင်္ဂလန်၊ အီတလီ၊ ပြင်သစ် စတဲ့နိုင်ငံတွေကို ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါတယ်။
အဲဒီပညာတော်သင်တွေဟာ နိုင်ငံအသီးသီးမှာ ခေတ်မီပညာရပ်များ သင်ကြားပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ ကနောင်မင်းသားကြီးက ၄င်းတို့ တတ်မြောက်ခဲ့တဲ့ ပညာရပ်အသီးသီးကို မြန်မာဘာသာပြန်ဆိုရေးသားဖို့ အမိန့်ရှိတာကြောင့် ပညာရပ်ပေါင်းများစွာကို အသီးသီးဘာသာပြန်ဆိုရေးသားခဲ့ကြပါတယ်။
အဲဒီဘာသာပြန်စာအုပ်စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) မဟာပထ၀ီမြေကြီး၏ အခြင်းအရာကို ပြဆိုသော ဂျီအော်လော်ဂီ(Geology)စာအုပ်၊
(၂) ရွှေကျောက်၊ ငွေကျောက်၊ သံကျောက်၊ ကြေးကျောက်၊ ခဲကျောက်၊ ကန့်ကျောက်၊ ထုံးကျောက်၊ ပတ္တမြားစိန်ကျောက်မှစပြီး ခပ်သိမ်းသော ကျောက်မျိုးကို ပြဆိုရာဖြစ်သော မင်နရော်လော်ဂီ(Mineralogy)စာအုပ်၊
(၃) အရပ်ရပ် တိုင်းပြည်မြို့ရွာ မြေမျက်နှာ၌ ပေါက်ရောက်သည့် သစ်ပင်မျိုးကို ပြဆိုသည့် ဘိုတနီ(Botany)စာအုပ်၊
(၄) ကုန်းနေရေနေ သားငါးတိရစ္ဆာန်မျိုးကို ပြဆိုသည့် ဇူးအော်လော်ဂီ(Zoology)စာအုပ်၊
(၅) ကိုယ်ခန္ဓာ၌ ၃၂ကောဋ္ဌာသအစည်းအဝေး စသည်ကို ပြဆိုရာဖြစ်သော အင်နာတမီ(Anatomy)စာအုပ်၊
(၆) အသက်ရှိသည့် လူသတ္တ၀ါ တိရစ္ဆာန် သစ်ပင်တို့၌ မည်သည့်ဓာတ်ပြုပြင်ပြောင်းလဲသည်ကို ပြဆိုရာဖြစ်သော ဖီးဇီယော်လော်ဂီ(Physiology)စာအုပ်၊
(၇) ဘိန္ဓောဆေးမျိုး ဖော်နည်းစပ်နည်း၊ ကြွေမျိုး မြေမျိုး ဖန်မျိုး မှန်မျိုး အသုံးအဆောင်၊ ရွှေရောင် ငွေရောင် အနီ အ၀ါ အစိမ်း အပြာ စသော အရောင်မျိုး၊ ကန့်ပြန် ယမ်းပြန် အရက်ပြန်မှစပြီး ရေပြန်အမျိုးမျိုး၊ သေမျိုး၊ စားကောင်းသောက်ဖွယ်၊ ရသအမျိုးမျိုး၊ သားရေအမျိုးမျိုး၊ မိုးကြိုးစက်ကြေးနန်း၊ ဓာတ်ပုံကူးနည်း၊ မိုးချိန် လေချိန် ရေချိန် အခိုးချိန် မီးချိန် စသော ပြဒါး ဖန်ချောင် အမျိုးမျိုး၊ ကျောက်မီးသွေးတူးဖော်နှပ်လုပ်နည်း၊ ၄င်းအခိုးဖြင့် ဓာတ်မီးထွန်းနည်း၊ သံအမျိုးမျိုး စသော လုပ်နည်းများကို ပြဆိုသည့် ဟင်မစ္စရီ(Chemistry)စာအုပ်၊
(၈) ရောဂါမျိုး ကုသနည်း အခြင်းအရာကို ပြဆိုသော ဖီးစစ်ကက်(Physics)စာအုပ်၊
(၉) ဟစ္စထရီ(History)ကျမ်း အ၀င်ဖြစ်သော လူမျိုးကို ပြဆိုသည့် နာချရက်ဟစ္စရီ(Natural History)စာအုပ်၊
(၁၀) မင်းတို့အစဉ် အဖြစ်အပျက်ကို ပြဆိုသော မောရက်ဟစ္စရီ(Moral History)စာအုပ်၊
(၁၁) တိုင်းပြည်နိုင်ငံ ကျွန်းကြီးကျွန်းငယ် တောတောင် မြစ် ပင်လယ် သမုဒ္ဒရာများကို ပြဆိုရာဖြစ်သော ဂျော်ဂရဘီ(Geography)စာအုပ်၊
(၁၂) မက်သင်မက်တိတ်(Mathematics)ကျမ်းအ၀င်ဖြစ်သော ရွှေတွက်၊ ငွေတွက်၊ အစိပ်ဂဏန်း၊ ဆယ်လီစိပ်ဂဏန်း၊ သုံးချက်ဂဏန်း၊ ၀င်မူလ၊ ဃနမူလမှ စပြီး အရပ်ရပ် တွက်ပုံမျိုးကို ပြဆိုသည့် ဂဏန်းတွက်နည်း အရိသမတိတ်(Arithmetic)စာအုပ်၊
(၁၃) မျဉ်းတွန့်၊ မျဉ်းဖြောင့်၊ မျဉ်းကောက်၊ စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ ၅ထောင့် ၅နားမှ စပြီး မျက်နှာပြင်၌ ဖြစ်သည့် အရပ်ရပ်ပုံမျိုးကို အနားချင်း၊ ထောင့်အင်္သာချင်း၊ ဖလကွက်ခြင်း၊ နှိုင်းရှည်ပြီး ရေတွက်နည်းများနှင့်တကွ သဘာဝဓမ္မအားဖြင့် ဖြစ်ရဖြစ်ကြောင်း အရင်းမူလကို ပြဆိုသည့် ပလေ ဂျော်မက်ထရီ(Plane Geometry)စာအုပ်၊
(၁၄) ထုလုံး၊ ၃ထောင့် ၄ထောင့် ၅ထောင့်မှ စပြီး တစ်ခဲနက်ထုပါသည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို ပြဆိုသော စောလစ် ဂျော်မက်ထရီ(Solid Geometry)စာအုပ်၊
(၁၅) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နားမှ စပြီး ကောင်းကင်ကဲ့သို့ ခုံးသော အမြင့်ရှိသော အရာဌာနတို့၌ ဖြစ်သည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို ပြဆိုသော စဖက်ရစ်ကတ် ဂျော်မက်ထရီ(Spherical Geometry)စာအုပ်၊
(၁၆) ဂဏန်းနှင့်ရေတွက်သည့် အရပ်ရပ် တွက်နည်းတွက်ပုံများမှာ အက္ခရာကို ဂဏန်းအမှတ်ထားပြီး တွက်သည်များကို ပြဆိုသည့် အာဂျီဘရ(Algebra)စာအုပ်၊
(၁၇) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ အလုံးပုံ၊ အခုံးပုံ၊ အုပ်ဆောင်းပုံ၊ ပြောင်းပုံ၊ စည်ပုံ။ ဇယားပုံ၊ ၃မြှောင့် ၄မြှောင့် ၅မြှောင့်ပုံ စသော အရပ်ရပ်ပုံမျိုးတွင် အလျား အနံ အစောက် တိုင်းပြီး လက်သစ် စတုရမ်း၊ မိုက် စတုရမ်း၊ ထောင် စတုရမ်း၊ တာ စတုရမ်း၊ မျက်နှာပြင် ဖလကွက်၊ တခဲနက် ထုကွက် တွက်နည်းများကို ပြဆိုသည့် မင်စရေရှန်း(Mensuration)စာအုပ်၊
(၁၈) တိုက်အိမ်၊ သင်္ဘော၊ လှေ၊ သမ္ဗာန်၊ ဥမင်၊ တံတားမှ စပြီး သံ သစ် ပျဉ် အုတ် ကျောက် တို့ဖြင့် လုပ်ဆောင်သည့် အဆောက်အဦးများကို ပြဆိုသည့် အာရကက်စ်တက္ကချား(Architecture)ခေါ် ဗိသုကာပညာစာအုပ်၊
(၁၉) တိုက်အိမ်၊ အဆောက်အဦး၊ သစ်ပင်တောတောင်၊ မြေမျက်နှာ၊ ပင်လယ်သမုဒ္ဒရာ စသည့်တို့၌ အလျား အနံ အကျဉ်း အကျယ် အနိမ့် အမြင့် အကွာ အဝေးများကို မှန်ကန်သိသာအောင် တိုင်း ချိန် တွက်နည်း အရင်းမူလကို ပြဆိုသည့် ပလေး ထရစ်ဂနော်မက်ထရီ(Plane Trigonometry)စာအုပ်၊
(၂၀) ကောင်းကင်ကဲ့သို့ ခုံးသော မြင့်သော အရာဌာနတို့၌ ဖြစ်သော ပုံမျိုးတို့တွင် အလျား အနံ ထောင့် အင်္သာ၊ အကွာ အဝေး အချင်း အနိမ့် အမြင့် လုံးပတ် စသည်များကို တွက်စစ်ပြဆိုသည့် စဖစ်ရစ်ကက် ထရစ်ဂနော်မက်ထရီ(Spherical Trigonometry)စာအုပ်၊
(၂၁) နေ လ ဂြိုလ် နက္ခတ်တာရာ ကြယ်တံခွန် မှစပြီး ကောင်းကင်၌ တည်သည့်အရာများကို တွက်စစ်ပြဆိုသည့် အစထရော်နော်မီး(Astronomy) ခေါ် ဗေဒင်လက်ရိုးစာအုပ်၊
(၂၂) ကုန်း လမ်းမထင်သည့် ပင်လယ်သမုဒ္ဒရာ၌ နေ လ ဂြိုလ် နက္ခတ်တာရာကို တိုင်း ချိန် တွက် စစ်ပြီး လိုရာ မြို့ ရွာ ဆိပ်ကမ်းသို့ ရောက်အောင် သင်္ဘောသွားနည်းကို ပြဆိုသည့် နာဘစ်ဂေးရှန်း(Navigation)စာအုပ်၊
(၂၃) ဗုံး အမြောက် သေနတ် မီးကျည် စသော လက်နက်မျိုးကို ပစ်လွှတ်နည်း၊ ခံမြို့ တည်ဆောက်နည်း စသော စစ်ရေး စစ်မှုနှင့် စပ်ဆိုင်သော ဗျူဟာအမျိုးမျိုးကို ပြဆိုသည့် မစ်လစ်ထရီ(Military Science)စာအုပ်၊
(၂၄) နာရီ ကြီး ငယ် စက်၊ ထည်မျိုး အုပ်မျိုး အသုံးအဆောင် ရက်လုပ်သည့်စက်၊ မီးသင်္ဘောစက်၊ မီးရထားစက် မှစပြီး အရပ်ရပ် ကုန်းစက် ရေစက် များကို ပြဆိုသည့် မစ်ရှင်နရီ(Machinery)စာအုပ်.........
စသောအားဖြင့် ပညာရပ်စာအုပ်များစွာ ဘာသာပြန်ဆိုခဲ့ကြပါတယ်။
အို.....ကြည့်စမ်းပါဦး....။
ကုန်းဘောင်ခေတ်က ဘာသာပြန်ခဲ့တဲ့ အနောက်တိုင်းသိပ္ပံပညာစာအုပ်စာရင်းတဲ့။
များလိုက်တဲ့ပညာရပ်တွေ၊ ဘာသာပြန်နိုင်ပြီဆိုမှတော့ တတ်မြောက်နေကြပြီလို့ ယူဆလို့ ရနေပြီပဲ။
အဲဒီခေတ်အခါက အနောက်တိုင်းမှ ပညာဗဟုသုတ အလင်းရောင်ကိုရအောင် ရှေးဦးစွာ ကြိုးပမ်းခဲ့ကြတဲ့ ရှေးမြန်မာတွေ ဘယ်လိုအဆင့်အတန်းထိ ရောက်ခဲ့တယ်ဆိုတာ ထင်းထင်းကြီးပေါ်လွင်စေခဲ့ပြီပဲ။
ပန်းတဉ်းဝန်ထောက်၊ ဖန်ချက်ဝန်ထောက်၊ သံချက်ဝန်တို့ကတော့ ပညာလမ်းကို ရှေးဦးစွာ ညွှန်ပြခဲ့တဲ့ အဲဒီခေတ်အခါက ထင်ရှားတဲ့ ပညာတတ်လူငယ်တွေဖြစ်ကြပါတယ်။
ကနောင်မင်းသားကြီးနဲ့ပူးပေါင်းကြိုးပမ်းခဲ့ကြတဲ့ ထိုထိုသောပုဂ္ဂိုလ်ကြီးများရဲ့ ဥာဏ်အမြော်အမြင်၊ ကြိုးပမ်းအားထုတ်မှုတွေကတော့ အာရှမှာ ဘယ်နိုင်ငံသမိုင်းနှင့် ယှဉ်ယှဉ် နိမ့်ကျမယ် မထင်ပါဘူး။
သူ့ခေတ်သူ့အခါ အသီးသီးက နိုင်ငံအတွက် ကြိုးစားအားထုတ်ခဲ့ကြတဲ့သူတိုင်းကို ကျွန်တော်တို့နှောင်းလူတွေအနေနဲ့ အသိအမှတ်ပြု ဂုဏ်ယူလေးစားကြရပေလိမ့်မယ်။
(ဆရာမောင်ထင်ရေးသားတဲ့ ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်းမှ အချက်အလက်များကို ထုတ်နှုတ်ရေးသားပါတယ်။)