Monday, February 16, 2015

စကားလုံးတွေ



ကျွန်တော်တို့ဟာ
စကားလုံးတွေကြားမှာ ပိတ်မိနေကြလေရဲ့
တော်လှန်ရေးနဲ့ တည်ငြိမ်ရေးလဲ
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာလဲ
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
အစိုးရနဲ့ အတိုက်အခံ
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
ဖက်ဒရယ်နဲ့ ပြည်ထောင်စု
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
အမြင်တူမှုတွေ အမြင်မတူမှုတွေကြားမှာ
သူ့ဘက် ကိုယ့်ဘက်ခွဲလို့
စကားလုံးတွေနဲ့ ပိတ်မိနေတယ်
ခင်ဗျားနဲ့ ကျွန်တော်ဟာလဲ
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
တကယ်တော့ ဘက်ဆိုတာဟာ သူ့ဘက်၊ ကိုယ့်ဘက် နှစ်ဘက်ထဲလား
Diversityဟာရော Democracyမဟုတ်ဘူးလား
မတူကွဲပြားခြင်းဟာရော ဒီမိုကရေစီမပီသဘူးလား
အရောင်အသွေးစုံမှ လောကကြီးဟာ လှပသွားသတဲ့
ဒါပေမယ့် သူ့ဘက် ကိုယ့်ဘက် ဘက်တွေခွဲကြရင်းနဲ့
ယုံကြည်မှု၊ မယုံကြည်မှု စကားလုံးတွေကြားမှာ
ကျွန်တော်တို့ ပျောက်ဆုံးသွားရပြန်တယ်
မဇ္ဈိမ ပဋိပဒါဆိုတာက ငြိမ်းချမ်းရေးလမ်းစဉ်လို့ ဆိုသူကဆိုပေမယ့်
အလယ်အလတ်လမ်းစဉ်ဆိုတာ
ပျော့ညံ့သူတွေရဲ့ ရွေးခြယ်ရာလို့ အပြစ်တင်သူက တင်တယ်
အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ကြပါလို့ ဆိုသူတွေကလည်း
ရန်၊ ငါ စည်းပြတ်ရမတဲ့
အထပ်ထပ် ရွတ်ဖတ်ကြပြန်တယ်
မိုးကုပ်စက်ဝိုင်းက တဖြည်းဖြည်း ကျဉ်းလာနေလေရဲ့
First Personနဲ့ Second Person ရန်ဖြစ်တဲ့အခါ
ဖျန်ဖြေညှိနှိုင်းပေးဖို့ Third Personလိုအပ်တယ်
ဒါပေမယ့်
တတိယအုပ်စုလို့ ဆိုကြသူတွေကတော့
တံဆိပ်ကပ်ခံရပါများလို့
ဘက်နှစ်ဘက်ရဲ့ နောက်နားမှာ
ကုပ်ကုပ်လေး ရပ်နေကြရရှာတယ်