Saturday, January 31, 2015

သစ်ခုတ်သမားပုံပြင်



တစ်ခါတုန်းက အရမ်းကျန်းမာသန်စွမ်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်ကုန်သည်ကြီးတစ်ဦးထံမှာ အလုပ်သွားလျှောက်သတဲ့။ သစ်ကုန်သည်ကြီးကလဲ သစ်ခုတ်သမားရဲ့ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းပုံကို တွေ့မြင်ရလို့ အလုပ်ကို ချက်ချင်းပေးလိုက်တယ်။ အလုပ်လုပ်ခနဲ့ စည်းမျဉ်းစည်းကမ်းတွေကလဲ သစ်ခုတ်သမားအတွက် နစ်နာစရာမရှိအောင် ပေးပါတယ်။ ဒီတော့ သဘောထားပြည့်ဝတဲ့ သစ်ကုန်သည်ကြီးအတွက် သူ အကောင်းဆုံးလုပ်မယ်လို့ သစ်ခုတ်သမားဟာ ဆုံးဖြတ်လိုက်တော့တာပေါ့။
သစ်ကုန်သည်ကြီးက သူ့ကို ချွန်မြနေတဲ့ ပုဆိန်တစ်လက်ကို ပေးပြီး အလုပ်လုပ်ရမယ့် နေရာကို လိုက်ပြတယ်။ သူ သစ်ခုတ်ရမယ့် သစ်တောနေရာဆိုပါတော့။
ဒီလိုနဲ့ပဲ သစ်ခုတ်သမားဟာ သူ့အလုပ်ကို စ လုပ်ခဲ့တယ်။
ပထမဆုံးရက်မှာ သူဟာ သစ်ပင်ပေါင်း ၁၈ပင်တိတိကို ခုတ်လှဲပြီး အပ်နိုင်ခဲ့သတဲ့။
သစ်ကုန်သည်ကြီးက အလွန်ချီးကျူးတာပေါ့။ ဒီတိုင်းပဲ ဆက်လုပ်ပေးပါလို့လဲ ပြောလိုက်တယ်။
သစ်ကုန်သည်ကြီးရဲ့ စကားတွေဟာ သစ်ခုတ်သမားကို အားတက်စေတယ်။ နောက်တစ်ရက်မှာ သစ်ခုတ်သမားဟာ ပိုလို့တောင် အားထည့်ပြီး အလုပ်လုပ် သစ်ခုတ်သတဲ့။ ဒါပေမယ့် သူ့အနေနဲ့ သစ်ပင်၁၅ပင်ပဲ ခုတ်လှဲနိုင်ခဲ့တယ်။
သုံးရက်မြောက်မှာ သူဟာ ပိုပြီး အားအင်စိုက်ထုတ်ကာ သစ်ခုတ်ပြန်တယ်။ ခက်တာက သူ ၁၀ပင်ပဲ ခုတ်နိုင်ခဲ့တယ်။ တစ်ရက်ပြီး တစ်ရက် ဘယ်လိုပဲ သူ အားစိုက်စိုက် သစ်ပင်တွေ ရလာတာဟာ နည်းနည်းသွားသတဲ့။
ငါရဲ့ အားအင်တွေ ကုန်ခန်းသွားတာပဲ ဖြစ်ရမယ်လို့ သစ်ခုတ်သမားက တွေးတယ်။ သစ်တွေရလာတာ နည်းလာတာနဲ့အမျှ သစ်ကုန်သည်ကြီးကိုလဲ သူ အားနာလာတယ်။ ဒါနဲ့ပဲ သစ်ကုန်သည်ကြီးဆီ သွားပြီး တောင်းပန်သတဲ့။
" ကျွန်တော်တော့ ဘာတွေဖြစ်မှန်းကို မသိတော့ပါဘူးခင်ဗျာ။ ကျွန်တော် ဘယ်လောက်ပဲ အားအင်စိုက်ထုတ်ပြီး လုပ်ကိုင်ပေမယ့်လည်း သစ်ဟာ တဖြည်းဖြည်းနဲ့ အရနည်းလာနေပါတယ်။ ဘယ်လိုဆက်လုပ်ရမယ်မှန်းလည်း မသိတော့ပါဘူးခင်ဗျာ။ "
အဲဒီအခါ သစ်ကုန်သည်ကြီးဟာ ပုဆိန်ကို တစ်ချက်ကြည့်လိုက်ပြီး နားလည်စွာနဲ့ပဲ သစ်ခုတ်သမားကို ပြုံးပြီး မေးလိုက်ပါတယ်။
" ခင်ဗျားရဲ့ ပုဆိန်ကို ဘယ်နေ့တုန်းက နောက်ဆုံး သွေးခဲ့သလဲဗျ၊ "
ဒီတော့ သစ်ခုတ်သမားဟာ အံ့သြတကြီး ပြန်ဖြေလိုက်သတဲ့။
" ပုဆိန်ကို သွေးရမယ်... ဟုတ်လား... မနောက်ပါနဲ့ သူဌေးရယ်။ ကျွန်တော့်မှာ နေ့စဉ်နေ့တိုင်း သစ်တွေအများကြီးရအောင် ခုတ်ဖို့ပဲ လုံးပန်းနေတာ၊ ဘယ်မှာ ပုဆိန်ကို သွေးဖို့ အချိန် ရှိပါ့မလဲဗျာ။ "



သင်ခန်းစာ။     ။ ကျွန်တော်တို့ ဘ၀တွေဟာလည်း သစ်ခုတ်သမားလိုပါပဲ။ အမြဲတမ်း တစုံတခုအတွက် အလုပ်ရှုပ်နေတတ်ကြပြီး ကျွန်တော်တို့ရဲ့ ပုဆိန်တွေကို သွေးဖို့ အချိန်မရှိကြပါဘူး။ ဒီနေ့ခေတ်က လူသားတွေဟာ အလုပ်ရှုပ်လာတာနဲ့အမျှ ပျော်ရွှင်မှုတွေဟာ တဖြည်းဖြည်း လျော့နည်းလာနေကြပါတယ်။
ဒါဟာ ဘာကြောင့်လဲ။ ကျွန်တော်တို့ဟာ ထက်မြအောင် သွေးတယ် ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ်ကို မေ့နေကြလို့ပါပဲ။ အလုပ်ကြိုးစားတာနဲ့ အမြဲတမ်းတက်ကြွလှုပ်ရှားနေတာဟာ ဘာမှ မမှားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ အလုပ်များနေတာနဲ့ပဲ ကျွန်တော်တို့ ဘ၀ရဲ့ အရေးကြီးတဲ့အရာတွေကို မေ့မထားသင့် ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အချိန်၊ ဘာသာတရားအတွက် ထားရှိရမယ့် အချိန်၊ မိသားစုအတွက် ပေးသင့်တဲ့အချိန်၊ စာဖတ်ဖို့ အချိန် စသဖြင့်ပေါ့။
ဘယ်သူပဲမဆို ကျွန်တော်တို့အားလုံး အနားယူဖို့ အချိန်လိုကို လိုအပ်ပါတယ်။ စဉ်းစားတွေးခေါ်ဖို့၊ စိတ်ဖြေလျှော့ဖို့၊ လေ့လာစူးစမ်းဖို့နဲ့ ကြီးပွားတိုးတက်လာဖို့အတွက်တွေပါ။ တကယ်လို့ ကျွန်တော်တို့သာ ကျွန်တော်တို့ ပုဆိန်တွေကို မသွေးဘဲ နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ဆုံးရှုံးပြီး ကျွန်တော်တို့ဟာ လူထုံ၊ လူနုံကြီးတွေ ဖြစ်သွားကြပါလိမ့်မယ်။


ကျေးဇူးတင်ပါတယ်။
the story of a woodcutter ကို မင်းအရိပ်မှ ဆီလျော်သလို ဘာသာပြန်ပါတယ်။



Monday, January 26, 2015

ဘာကုဒ်မှ သိစရာမလိုဘဲ ကိုယ်ပိုင်ဘလော့တွေကို APK ဖန်တီးချင်ပါသလား





ဖေ့စ်ဘုတ်ခ်တွေ ခေတ်စားလာတာနဲ့ အမျှ ဘလော့ဂါတွေ နည်းနည်းလာခဲ့ပါတယ်။
ဘာပဲပြောပြော ဘလော့ကို သံယောဇဉ်ခင်တွယ်နေသူတွေ ဆက်ရှိနေသေးတာကြောင့် ဘလော့နဲ့ ပတ်သက်ပြီး ပို့စ်လေးတွေကို ကျွန်တော် ရေးနေဦးမှာပါ။
ဒီနေ့ခေတ်ဟာ mobileခေတ်။ ဖုန်းတစ်လုံးရှိရင် အင်တာနက်သုံးလို့ ရသလို ကိုယ်လုပ်ချင်တာ တော်တော်များများလုပ်လို့ ရတဲ့ခေတ် ဖြစ်ပါတယ်။ android ဖုန်းနဲ့ ios ဖုန်း နှစ်မျိုးဟာ ခေတ်အစားဆုံးဖြစ်ပေမယ့် ကျွန်တော်မြန်မာနိုင်ငံမှာတော့ android အသုံးပြုသူတွေ ပိုများပါလိမ့်မယ်။ ကမ္ဘာမှာလည်း ပိုများမှာပါပဲ။ ဒီတော့ ကျွန်တော်တို့ဘလော့ဂါတွေအနေနဲ့ ကျွန်တော်တို့ ရေးသားနေတဲ့ ဘလော့တွေကို APKအဖြစ် ဖန်တီးပြီး ဘလော့ကို အလည်လာသူတွေကို လက်ဆောင်မပေးချင်ဘူးလား။
ဒီပို့စ်မှာ ဘာcodingမှ သိစရာမလိုဘဲ မိမိရဲ့ blogကို APK ဖန်တီးနိုင်ဖို့ ကျွန်တော် ပုံလေးတွေနဲ့ ရှင်းပြပေးသွားပါမယ်။
ဘာလို့ APK လုပ်ရမလဲဆိုတော့ ဖုန်းကနေ အင်တာနက်သုံးစွဲသူတွေအနေနဲ့ ဘလော့တွေကို သွားချင်ရင် internet browserကို အရင်ဖွင့်ရမယ်။ ပြီးမှ ကိုယ်သွားချင်တဲ့ ဘလော့ရဲ့ လိပ်စာကို ထည့်ရေးပြီး ရှာရမယ်။ ပြီးမှ လင့်ခ်ကို နှိပ်ပြီး ဘလော့ထဲကို ၀င်ရတာမျိုးပါ။
APKလုပ်လိုက်ပြီ ဆိုရင်တော့ အင်တာနက်ပွင့်နေတယ်ဆိုရင် apkကို နှိပ်လိုက်တာနဲ့ ဘလော့ထဲကို ချက်ချင်းရောက်သွားပြီး ဘာတွေ ရေးထားသလဲဆိုတာ ချက်ချင်းသိနိုင်ပါပြီ။
ကျွန်တော်လဲ ကျွန်တော့်ဘလော့ ရောင်စုံအခန်းငယ်အတွက် APK လုပ်ထားပါတယ်။ အစမ်းကြည့်ချင်တယ်ဆိုရင် အောက်ကလင့်ခ်မှာ နှိပ်ပြီး ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။
http://www.appsgeyser.com/getwidget/colourful.flatlet/

သဘောကျလို့ ကိုယ့်ဘလော့တွေကိုလဲ APKလုပ်ချင်တယ်ဆိုရင်ဖြင့် အောက်ကလင့်ခ်ကို နှိပ်လိုက်ပါ။
http://www.appsgeyser.com/

၁။ အဲဒီဝက်ဘ်ဆိုဒ်ကို ရောက်သွားပြီဆိုရင် အကောင့်အရင်ဖောက်ရပါမယ်။



Register a new userဆိုတာကို နှိပ်ပြီး အကောင့်ဖောက်လိုက်ပါ။
ရပြီဆိုရင် log in ပြန်ဝင်ပါ။

၂။ log in ၀င်ပြီးပြီဆိုရင် ညာဘက်ထိပ်မှာ create appဆိုတာကို ရှာပြီး နှိပ်လိုက်ပါ။



၃။ ပေါ်လာတဲ့ စာမျက်နှာမှာ တစ်ခုခုကို ရွေးပေးရပါမယ်။
ကျွန်တော်တို့က ဘလော့ကို apk လုပ်မှာဖြစ်တဲ့အတွက် websiteကို ရွေးပေးပါမယ်။



၎။ Websit URLဆိုတဲ့နေရာမှာ http://ဆိုတာကို ဖျက်ထုတ်ပြီး ကိုယ့်ဘလော့ရဲ့ URLကို ထည့်ပေးပါ။



၅။ APP nameမှာ ကိုယ်ပေးချင်တဲ့ နာမည်ကို ရိုက်ထည့်ပါ။ 



၆။ Descriptionမှာလဲ ဘလော့အကြောင်း အကျဉ်းချုပ်ဖော်ပြချက်ကို ရေးနိုင်ပါတယ်။



၇။ Icon နေရာမှာ သူပေးထားတာပဲ သုံးမလား။ ဒါမှမဟုတ် ကိုယ်ပိုင် icon ကို uploadတင်ပြီး သုံးမလား ရွေးပေးပါ။ 
ကိုယ်ပိုင် icon လုပ်ချင်ရင် ဒီနေရာမှာ ကျွန်တော် ရေးထားတဲ့ ပို့စ်ကို သွားဖတ်ပေးပါ။
http://colourful-flatlet.blogspot.ru/2014/03/blog-icon.html



၈။ ပြီးရင်တော့ Create APP ကို နှိပ်နိုင်ပါပြီ။



၉။ အချိန်အနည်းငယ်စောင့်ဆိုင်းပြီးရင်တော့ သင့်ရဲ့ ဘလော့APKကို ဖန်တီးပြီးသွားပြီ။ ဒေါင်းလုဒ်ချပြီး သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်ခင်ဗျာ။



ကဲ စိတ်ဝင်စားတယ်ဆိုရင်ဖြင့် လုပ်ကြည့်လိုက်ကြပါ။
အားလုံးပဲ အဆင်ပြေကြပါစေ။
ကျေးဇူးတင်ပါတယ်။

Thursday, January 22, 2015

ဘောလုံးဝါသနာရှင် ဘလော့ဂါများ ဘလော့မှာ အမှတ်ပေးဇယားတွေ ထည့်ရအောင်



ဘောလုံးဝါသနာရှင် ဘလော့ဂါတွေ အနေနဲ့ ကျွန်တော် ပုံမှာ ပြထားသလိုမျိုး အမှတ်ပေးဇယားတွေကို ကိုယ့်ဘလော့မှာ အလွယ်လေးထည့်နိုင်ပါပြီ။
အောက်ပါလင့်ခ်ကို နှိပ်လိုက်ပါ။


အရင်ဆုံး Registerကို ရှာပြီး ပြထားသလို Register လုပ်ဖို့ လိုပါတယ်။
အကောင့်ဖွင့်ပြီးတာနဲ့ ပြန်ထွက်ပြီး အပေါ်က ပေးထားတဲ့ လင့်ခ်ကို ပြန်သွားပါ။


ပထမဆုံးပေါ်နေတဲ့ စာမျက်နှာက Create new ဆိုတာကို နှိပ်လို့ ရပါပြီ။
နှိပ်လိုက်ရင် သူက အကောင့်ပြန်ဝင်ခိုင်းပါလိမ့်မယ်။


အကောင့်ပြန်ဝင်ပါ။
ပြီးရင် အောက်ကပုံမှာ မြင်ရသလို အဆင့်သုံးဆင့် အဆင့်ဆင့် လုပ်လိုက်တာနဲ့ ကုဒ်ကို ရပါမယ်။


Live Scoreလား၊ အမှတ်ပေးဇယားလား၊ အကုန်ရွေးလို့ ရသလို ပရီးမီးယားလိဂ်လား၊ စပိန်လာလီဂါလား၊ အီတလီစီးရီးအေလား အကုန်လုံးပဲလား အဲဒါတွေလဲ ရွေးနိုင်ပါတယ်။
တတိယအဆင့်မှာ ကုဒ်မယူခင် Width နဲ့ Height ကို ကိုယ့်ဘလော့နဲ့ ကိုက်ညီမှုရှိအောင် ဂဏန်းတွေ ရေးထည့်ပေးဖို့တော့ လိုလိမ့်မယ်နော်။ နို့မို့ဆို သူက အော်တိုပေးပါလိမ့်မယ်။ ဘလော့နဲ့ ကိုက်ညီမှု ရှိကောင်းလဲ ရှိနိုင်ပါတယ်။
ကုဒ်ရရင် Blogger-->Layout-->Add New Widget-->Html/Java Script ကို ရွေးပြီး ရလာတဲ့ ကုဒ်ကို ကူးထည့်ရုံပါပဲ။
ပထမတော့ သူပေါ်ချင်သလို ပေါ်နေပါလိမ့်မယ်။
မိမိရဲ့ အီးမေးလ်ကိုသွားပြီး verify လုပ်လိုက်မှသာ ကိုယ်မြင်ချင်တဲ့ ပုံစံကို ရပါလိမ့်မယ်။
အဆင်ပြေကြပါစေ။
အဆင်မပြေရင် မေးမြန်းနိုင်ပါတယ်။
ကုဒ်ရတဲ့အခါ Save ကို နှိပ်လိုက်ဖို့ မမေ့ပါနဲ့။ ပြောဖို့ ကျန်ခဲ့လို့ :) :) :)


Tuesday, January 13, 2015

စလုံးနဲ့ ဆလိမ် ကွဲပြားအောင် အသံထွက်ကြစို့


တလောက ကျွန်တော် DVBက ရိုက်ကူးတင်ဆက်တဲ့ ဗီဒီယိုတစ်ခုမှာ ကတုံးနဲ့ ဦးလေးကြီးနှစ်ယောက် (ဇာဂနာနဲ့ နောက်တစ်ယောက်က နာမည်မသိ) ဆွေးနွေးနေကြတာလေး တွေ့လိုက်တယ်။ ဒီနေ့ခေတ်အဆိုတော်တွေဟာ စလုံးနဲ့ ဆလိမ်ကို အသံကွဲပြားအောင် မထွက်ကြလို့ ဝေဖန်ထားကြတာပေါ့ဗျာ။
ဟင် ဟုတ်လားပေါ့။ သူတို့ပြောမှပဲ ကြားဖူးတော့တယ်။
ဒါနဲ့ ဘယ်လို အသံကွဲအောင် ထွက်ရသလဲဆိုတာ အင်တာနက်မှာ လိုက်ရှာတော့ မတွေ့ဘူးခင်ဗျ။
ဒီလိုနဲ့ တစ်နေ့မှာ သုတပညာလေထန်ကုန်းဆိုတဲ့ ဖေ့စ်ဘုတ်ခ်ပေ့ခ်ျတစ်ခုမှာ အစ်မတစ်ယောက်က ရေးသားရှင်းပြထားတာတွေ့လို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော်လဲ ဒီနေ့က စပြီး အသံကွဲပြားအောင် ထွက်ဖို့ ကြိုးစားပါတော့မယ်။

ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ မြန်မာစာပါမောက္ခ ဆရာကြီးဦးခင်အေး(မောင်ခင်မင်(ဓနုဖြူ)) က MWD Documentary - Tele Talk မှာ ဟောပြောသွားတာကို နားထောင်လိုက်ရပါတယ်။ ဆရာကြီးပြောသွားတဲ့အထဲမှာ စ(စလုံး) နဲ ဆ(ဆလိမ်) မကွဲကြတဲ့အကြောင်းလည်း ပါပါတယ်။ ဆရာကြီးက ..
က - ခ
စ - ဆ
တ - ထ
ပ - ဖ
ဒီလေးတွဲမှာ နောက်စာလုံးတွေကို အသံထွက်ဆိုရင် ပထမစာလုံးမှာ ဟ သံထည့်ဆိုပါ တဲ့။ ဒီလိုမျိုးပါ။
ခ = က+ဟ
ဆ = စ+ဟ
ထ = တ+ဟ
ဖ = ပ+ဟ
ခ၊ ထ၊ နဲ့ ဖ ကို ပီအောင် ဆိုနိုင်ရင် ဆ ကို ဘာလို့ ပီအောင် မဆိုနိုင်ရမှာလဲ။ မဟုတ်ဘူးလားရှင်။
ဆရာကြီး ဥပမာ ပေးသွားတာက တစ်ခါတုန်းက ရုပ်မြင်သံကြားမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘာတွေကို ဆောက်လုပ်သည် … အဲသလို တင်ဆက်တယ်တဲ့။ အဲဒီမှာ ပြောတဲ့လူက ဆောက်လုပ်ကို ဆ သံနဲ့ မပြောဘဲ စ သံနဲ့ပြောလေတော့ အတော်ကြီးကို နားထောင်ရဆိုးတဲ့အကြောင်း …။
စ က အင်အားသိပ်မစိုက်ထုတ်ဘဲ အသံပျော့ပျော့ ရွတ်ဆိုရတဲ့ သိထိလဗျည်း (သံပျော့ဗျည်း) ဖြစ်ပါတယ်။ ဆ ကတော့ အင်အားစိုက်ထုတ်ပြီး အသံတင်းတင်း ရွတ်ဆိုရတဲ့ရတဲ့ ဓနတဗျည်း (သံတင်းဗျည်း) ဖြစ်ပါတယ်။ အများအားဖြင့် ဆ နဲ့ ပြောရ၊ ရေးရမယ့်နေရာမှာ စ နဲ့ မှားယွင်း ပြောတတ်၊ ရေးတတ် ကြပါတယ်။ စ နဲ့ရေးရမှာကို ဆ နဲ့ရေးတဲ့အမှားကတော့ မတွေ့သလောက်ပါပဲ။
ဟုတ်ပြီ။ အခု .. နမူနာအနေနဲ့ ဒီစာကြောင်းလေးကို အသံထွက်ပြီး ဆိုကြည့်ပါလား။
“ရက်တွေ ဆုတ်ပေါင်းဆိုင်းပေါင်းလည်း များပြီ။ ဆီမရှိ ဆန်မရှိ ဆားမရှိနဲ့။ ”
ဆ သံကို စ သံနဲ့ ပြောရင် ဒီလိုကြားရပါမယ်။
“ရက်တွေ စုတ်ပေါင်းစိုင်းပေါင်းလည်း များပြီ။ စီမရှိ စန်မရှိ စားမရှိနဲ့။”
အဆင်မပြေဘူး မဟုတ်လား။ တကယ်လို့ အဲဒီလို ပီသအောင် မဆိုနိုင်တဲ့သူဟာ ကျောင်းဆရာ/မ၊ ဥပဒေအရာရှိလိုမျိုး ရုံးတွေမှာ ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတွေမှာ အတည်အခန့်ပြောရတဲ့သူ၊ ဟောပြောရတဲ့သူ၊ မိန့်ခွန်းပြောရတဲ့သူ စသည် ဖြစ်နေမယ်ဆိုရင် အတော်ခက်ပါလိမ့်မယ်။ နောက်ကွယ်မှာ သူများပြောစရာ ဖြစ်နေလိမ့်မယ်။ အခုနောက်ပိုင်းမှာ အပြောတင် မကွဲပြားတာမဟုတ်ဘဲ အသံပေါ်လိုက်ပြီး အရေးမှာပါ မကွဲကြတာကို တွေ့နေရပါတယ်။ အဲဒါဆိုရင် ဖတ်တဲ့အခါမှာ အဓိပ္ပါယ်ပါ လွဲပါတော့မယ်။ အဲဒါကြောင့် အခုနေ ဆ ကို ပီအောင် မဆိုနိုင်ရင် အမြန်ဆုံး လေ့ကျင့်ပြီး ပီအောင် ဆိုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။



Monday, January 12, 2015

အွန်လိုင်းပေါ်မှာ ဖိုင်တွေ သိမ်းဆည်းမျှဝေနိုင်တဲ့ အကောင်းဆုံး ဆိုဒ်၃ခု




ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ နေထိုင်နေကြတဲ့ ကျွန်တော်တို့ဟာ အင်တာနက်၊ ကွန်ပြူတာ၊ မိုဘိုင်းဖုန်းတွေနဲ့ မကင်းကွာနိုင်သလို ရုပ်ရှင်၊ သီချင်း၊ စာအုပ် စတာတွေကိုဟာလဲ ဒီဂျစ်တယ်ဗားရှင်းတွေကို အသုံးပြုကြပါတယ်။
ကျွန်တော်ဆိုရင် e-bookတွေ၊ ဇာတ်ကားတွေ စုရတာ ၀ါသနာပါ ပါတယ်။
စာအုပ်တွေချည်းပဲ ကျွန်တော် စုထားတာ 50Gbကျော်ပါတယ်။ ကိုယ်တိုင်လဲ စာအုပ်လုပ်သလို သူများလုပ်ထားတာတွေလဲ နေရာအနှံ့အပြားလိုက်စုတာပါ။ (ကိုယ်တိုင်လုပ်တာတော့ နည်းတာပေါ့)
ရုပ်ရှင်တွေစုထားတာဆိုရင် hard driveတစ်ခုတောင် ပြည့်တော့မယ်။ 500Gb :P
ဒီနေ့ခေတ်မှာ cloud storage လို့ ခေါ်တဲ့ နည်းပညာတွေပေါ်လာပြီး အွန်လိုင်းပေါ်မှာ free space စုဆောင်းခွင့်ပေးတဲ့ ၀က်ဘ်ဆိုဒ်တွေ ပေါ်လာတဲ့အတွက် ကျွန်တော်တို့ဟာ စုဆောင်းချင်တဲ့ အရာတွေကို ကွန်ပြူတာထဲ hard driveတွေထဲမှာတင်မဟုတ်ဘဲ အွန်လိုင်းပေါ်မှာပါ စုဆောင်းလို့ ရလာနိုင်တယ်။
စုဆောင်းရုံတင်မဟုတ်ဘဲ မျှဝေလို့ပါ ရလာခဲ့ပါတယ်။
ကျွန်တော် ဘာလို့ ဒီစာကို ရေးဖြစ်သွားလဲဆိုတော့ ကျွန်တော်စုဆောင်းထားတဲ့ စာအုပ်တွေကို အွန်လိုင်းပေါ်မှာ တင်ပြီး မျှဝေလိုတဲ့ ဆန္ဒကြောင့်ပါ။
အစက လူသိများတဲ့ mediafireတို့၊ dropboxတို့ သုံးမယ်ပေါ့ဗျာ။
dropboxကနေ ကျွန်တော် 3Gbပဲ ရတယ်။
mediafireကတော့ မည်သို့မည်ပုံလုပ်လိုက်သည်မသိ 51Gbရပါတယ်။
ဒါက လူတိုင်းသိတဲ့ လူတိုင်းသုံးတဲ့ အရာတွေပေါ့ဗျာ။
စိတ်ဝင်စားလာတာက ဒီအပြင်ရော အွန်လိုင်းပေါ်မှာ သိမ်းဆည်းထားနိုင်တဲ့ ၀က်ဘ်ဆိုဒ်တွေရှိသေးလားလို့ပေါ့။
ဒါနဲ့ ရှာကြည့်တော့ အများအပြားရှိပါတယ်။
ဒီထဲမှာမှ တချို့ cloud storage ဆိုဒ်တွေက အာမခံမရဘူး။ ပျက် ပျက်သွားကြတာတွေလဲ များတယ်။ ဒီထဲမှာမှ စိတ်အချရဆုံး ဆိုဒ်သုံးခုဆိုပြီး ရှာတွေ့လို့ ကျွန်တော် share လုပ်တာပါ။

၁။ One drive
Microsoft corporation က ပြုလုပ်ပေးထားတဲ့ ၀က်ဘ်ဆိုဒ်ပါ။ မိုက်ခရိုဆော့ဖ်ဆိုတော့ စိတ်ချရပြီပေါ့ဗျာ။
ဖရီး 15Gbရပါတယ်။ စာအုပ်သမားတွေအတွက် ကောင်းတာက စာအုပ်တင်လိုက်ပြီးတာနဲ့ လင့်ခ်ကို ရှဲလိုက်ရင် စာအုပ်ကို အွန်လိုင်းပေါ်မှာ တိုက်ရိုက်ဖတ်လို့ရသလို ဒေါင်းလို့လဲ ရပါတယ်။ ရုပ်ရှင်တော့ တင်မကြည့်ရသေးဘူး။ တိုက်ရိုက်ကြည့်လို့ရလားလို့။ နောက်ထပ်တစ်ခုက microsoft mail အကောင့်လဲ ဖွင့်ပြီးသား ဖြစ်သွားပါတယ်။
အကောင့်ဖွင့်လိုရင် အောက်ကလင့်ခ်ကတဆင့် သွားလိုက်ပါ။
https://onedrive.live.com/

၂။ SafeSync
ကုမ္ပဏီကတော့ humyoလို့ ခေါ်ပြီး UK အခြေစိုက်ပါ။ humyo.comမှာ အကောင့်ဖွင့်ရပါတယ်။ သူ့ရဲ့အားသာချက်က ဖရီးအကောင့်ဖွင့်ရုံနဲ့တင် 20Gb ပေးပါတယ်။ တော်တော်များတဲ့ ပမာဏပါပဲ။ ကိုယ်uploadတင်ထားကိုလဲ မျှဝေနိုင်ပါတယ်။
အကောင့်ဖွင့်လိုရင် အောက်ကလင့်ခ်ကတဆင့် သွားလိုက်ပါ။
https://www.humyo.com/login

၃။ IDrive
သူ့ကိုတော့ ဘာလို့ နံပါတ်သုံးနေရာ ပေးထားတာလဲ မသိပါဘူး။ ကျွန်တော် ရှာတွေ့တဲ့နေရာမှာ သူက နံပါတ်သုံးဖြစ်နေလို့သာ ကျွန်တော် ရေးလိုက်တာပါ။ ဖရီး 5Gb ပေးပြီးတော့ ဖိုင်တွေ မျှဝေလို့ ရပါတယ်။
အကောင့်ဖွင့်လိုရင် အောက်ကလင့်ခ်ကတဆင့် သွားလိုက်ပါ။
https://www.idrive.com/

သုံးခုလုံးမှာ ကျွန်တော် အကောင့်ဖွင့်ပြီး စာအုပ်တွေ တင်ကြည့်ပြီးပါပြီ။ သုံးရတာ အဆင်ပြေပါတယ်။
ဖိုင်တွေတင်ပြီး မျှဝေနိုင်တဲ့ တခြားဆိုဒ်တွေလဲ ရှိပါသေးတယ်။ ဥပမာ PCloudတို့ google driveတို့ Boxတို့၊ အဲဒါတွေ တကယ်လို့ သိချင်သေးတယ်ဆိုရင် နောက်မှ ရေးပေးပါမယ်။
ကျေးဇူးတင်ပါတယ်။


Saturday, January 10, 2015

ထင်ရှားကျော်ကြား မြန်မာသိပ္ပံပညာရှင်များ(၂) ဒေါက်တာမိုးဇက်ဝင်း (Moe Z. Win)

ထင်ရှားကျော်ကြား မြန်မာသိပ္ပံပညာရှင်များ(၂)
 ဒေါက်တာမိုးဇက်ဝင်း (Moe Z. Win)


ဒေါက်တာမိုးဇက်ဝင်းဟာ ဗမာ-အမေရိကန် သင်္ချာပညာရှင်နဲ့ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက် (electrical engineer) ဖြစ်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ၀ိုင်ယာလက်စ်ဆက်သွယ်ရေးလောက(wireless communications)မှာ လူသိများထင်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ Massachusetts Institute of Technology မှာ ပါမောက္ခတစ်ယောက်အဖြစ် တာဝန်ထမ်းဆောာင်နေပါတယ်။

မြန်မာနိုင်ငံမှာ ဖွားမြင်ခဲ့ပြီး အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူ ဒေါက်တာမိုးဇက်ဝင်းဟာ Texas A&M Universityကနေ ၁၉၈၇ခုနှစ်မှာ လျှပ်စစ်အင်ဂျင်နီယာအဖြစ် သိပ္ပံဘွဲ့ရရှိခဲ့ပြီး University of Southern California (USC)ကနေ ၁၉၈၉ခုနှစ်မှာ မဟာသိပ္ပံဘွဲ့၊ ၁၉၉၈ခုနှစ်မှာ Ph.D. ရရှိခဲ့ပါတယ်။

AT&T Research Laboratoriesမှာ ငါးနှစ်တာ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သလို Jet Propulsion Laboratoryမှာ ခုနစ်နှစ်တာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ MITမှာ ပါမောက္ခအဖြစ်အမှုထမ်းရင်း သုတေသနအလုပ်တွေ ဆက်လက်လုပ်ဆောင်နေဆဲပါ။ လက်ရှိလုပ်ဆောင်နေတဲ့ သုတေသနလုပ်ငန်းခေါင်းစဉ်တွေကတော့ measurement and modeling of time-varying channels၊ design and analysis of multiple antenna systems၊ ltra-wide bandwidth (UWB) communications systems၊ optical communications systemsနဲ့ space communications systems တို့ပဲ ဖြစ်ကြပါတယ်။

ရရှိခဲ့ပြီးဖြစ်တဲ့ ဆုတံဆိပ်တွေကတော့ 
၁။ IEEE fellow (၂၀၀၄ခုနှစ်)
၂။ IEEE Eric E. Summer award (ပါမောက္ခ Robert A. Scholtz နှင့်တွဲဖက်) (၂၀၀၆ခုနှစ်)
၃။ Wireless Educator of the Year Award ( Global Wireless Education Consortiumမှ) (၂၀၀၇ခုနှစ်)
၎။ IEEE Kiyo Tomiyasu Award (၂၀၁၁ခုနှစ်) တို့ပဲ ဖြစ်ပါတယ်။

ဒေါက်တာမိုးဇက်ဝင်းအကြောင်းကို Kiyo Tomiyasu Award က
[
ဒေါက်တာမိုးဇက်ဝင်းဟာ ၀ိုင်ယာလက်စ်စနစ်တွေအတွက် hybrid diversity techniques တွေကို ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ အဆိုပါ နည်းပညာတွေဟာ လက်ရှိသုံးစွဲနေကြရတဲ့ နည်းပညာတွေရဲ့ ရှုပ်ထွေးမှုနဲ့ စွမ်းအင်သုံးစွဲမှုတွေကို လျှော့ချပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါက်တာမိုးဇက်ဝင်းဟာ ဝေးလံတဲ့ နေရာတစ်ခုမှ နေရာတစ်ခုသို့ မြင့်မားတဲ့ နှုန်းပမာဏနဲ့ အချက်အလက်ဒေတာတွေကို ကြိုးမဲ့ပို့ဆောင်ပေးနိုင်တဲ့ နည်းပညာတွေကိုလဲ ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ ဒေါက်တာမိုးဇက်ဝင်းဟာ အဆိုပါနည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေအတွက် သီအိုရီပိုင်းရော၊ လက်တွေ့ပိုင်းမှာပါ ဦးဆောင်နိုင်ခဲ့သူဖြစ်တယ်။
]
လို့ ရေးသားဖော်ပြခဲ့ကြောင်းပါခင်ဗျာ။


ကိုးကား
၁။ http://en.wikipedia.org/wiki/Moe_Z._Win
၂။ http://wgroup.lids.mit.edu/moewin.html
၃။ Presentation of the 2011 IEEE Kiyo Tomiyasu Award to Moe Z. Win (pdf)