Friday, July 26, 2013

မခုန်တော့တဲ့ နှလုံးသားလေးတော့ ယူသွားပါ


မဖြစ်နိုင်မှန်းတော့
အစကတည်းက သိခဲ့သားပေါ့
မင်းနဲ့ငါရဲ့ ဘ၀တွေဟာ
ကွာခြားလွန်းရဲ့

မင်းတို့အသိုင်းအ၀ိုင်းမှာ
ဝင်ဆန့်နိုင်တဲ့အနေအထားလည်း မဟုတ်ခဲ့ပါဘူး
မင်းအထင်ကြီးလောက်တဲ့ အရည်အချင်းလဲ
ငါ့မှာ မရှိခဲ့ပါဘူး
မင်းလိုလားတဲ့ ဘ၀မျိုးလည်း
ငါမပိုင်ဆိုင်ပါဘူး

ဒီဘ၀က ငါ့ကို ရွေးချယ်ခဲ့တာလား
ငါက ဒီဘ၀ကို ရွေးချယ်ခဲ့တာလားတဲ့
တစ်ခုမှ မဟုတ်ဘူး
အခြေအနေနဲ့ အချိန်အခါဆိုတာက
ငါ့ကို ဒီဘ၀လမ်းကြောင်းပေါ် ချပေးခဲ့တာ

ဘ၀ဆိုတာ
ကြိုးစားခွင့်မရှိရင် ပျင်းဖို့ကောင်းတယ်
မျှော်လင့်ချက်မရှိရင် အဓိပ္ပါယ်မဲ့မယ်
ငါ့ကို မျှော်လင့်ချက်နဲ့ကြိုးစားခွင့်လေးတော့ ပေးသင့်တာပေါ့

ကျည်ဆန်တစ်တောင့်ဟာ
လူတစ်ယောက်ရဲ့ နှလုံးခုန်ရပ်တန့်သွားအောင်
ချက်ကောင်းကိုထိမှ စွမ်းဆောင်နိုင်မယ်
မင်းရဲ့ No ဆိုတဲ့ စကားတစ်ခွန်းကတော့
ငါ့နှလုံးသွေးစီးဆင်းမှုကို အကြိမ်ကြိမ်ရပ်တန့်စေခဲ့တယ်




Thursday, July 18, 2013

အချစ်နှင့်ချစ်သူအပေါ် တန်ဖိုးထားသူ နိုင်ငံတော်လုပ်ကြံမှုတရားခံ

နိုင်ငံတော်လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသည့် ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်

၁၉၄၇ခုနှစ်၊ ဇူလိုင်လ၊ ၁၇ရက်နေ့၊ နံနက်၁၀နာရီ ၃၇မိနစ်တွင် မြန်မာ့သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးသော နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားခဲ့သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း၊ သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးဘ၀င်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ နိုင်ငံအာဇာနည်ကိုးဦး လုပ်ကြံမှုကြောင့် အသက်ဆုံးရှူံးခဲ့ကြရလေသည်။
လုပ်ကြံသူများမှာ ဂဠုန်ဦးစော ဦးဆောင်ပြီး မောင်စိုး၊ မောင်နီ(ခ)ဂနီ၊ စိန်ကြီး(ခ)မောင်စိန်(ခ)လှအောင်၊ မှုံကြီး(ခ)မောင်မှုံ၊ ဘညွန့်(ခ)လှမင်း၊ ခင်မောင်ရင်၊ သုခနှင့် ရန်ကြီးအောင်တို့ ကိုးဦးဖြစ်ကြသည်။
ဘညွန့်(ခ)လှမင်းမှာ အစိုးရသက်သေ(ဖော်ကောင်)ဖြစ်သောကြောင့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ကျန်သူအားလုံးမှာ ပုဒ်မအသီးသီးဖြင့် သေဒဏ်ကိုယ်စီ ကျခံကြရသည်။
သို့သော် သေဒဏ်မစီရင်မီတွင် နိုင်ငံတော်သမ္မတကြီးစ၀်ရွှေသိုက်မှ ခင်မောင်ရင်၊ မောင်နီနှင့် သုခတို့ကို သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲလျှော့ပေါ့ပေးခဲ့ရာ သေဒဏ်စီရင်ခံခဲ့ရသူများမှာ ငါးဦးသာ ဖြစ်လေသည်။
ထိုသို့ သေဒဏ်စီရင်ခံခဲ့ရသူ နိုင်ငံတော်လုပ်ကြံမှုတရားခံများအနက်မှ စိန်ကြီး(ခ)မောင်စိန်(ခ)လှအောင်သည် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် လူသိထင်ရှားသော ဦးမောင်ကြီး၏တစ်ဦးတည်းသောသားဖြစ်ပြီး အင်္ဂလိပ်ခေတ်က ဆယ်တန်းအထိ ကျောင်းနေခဲ့ဖူးသည်။ ဦးမောင်ကြီးနှင့် ဂဠုန်ဦးစောတို့သည် အလွန်ရင်းနှီးကြသူများဖြစ်သည်။ ဖခင်ဖြစ်သူ ဦးမောင်ကြီးမှာ လူသတ်ခံရပြီးနောက် မိခင်ဖြစ်သူက သားဖြစ်သူစိန်ကြီးကို တစ်ချိန်က ဦးစော၏ကျေးဇူးရှိခဲ့ဖူးသောကြောင့် သားဖြစ်သူအား အစစအရာရာလိမ္မာရေးခြားရှိစေရန်နှင့် လိုအပ်သလို ခိုင်းစေပါရန် ဦးစောထံ အပ်နှံခဲ့သည်။ ဦးစောက ၄င်း၏အိမ်ဝင်းသို့ ရောက်ရောက်ချင်း စိန်ကြီးကို သစ္စာရေသောက်ခိုင်းပြီး လုပ်ကြံမှုထဲတွင် ပါဝင်ခိုင်းသည်။
လူငယ်ဘာသာဘာဝ စိန်ကြီးမှာ မိမိဇာတိ ကြို့ပင်ကောက်မြို့၌ ငယ်ရည်းစားရှိသည်။
စိန်ကြီးသည် သေဒဏ်ချမှတ်ခံရပြီးနောက်တွင် အယူခံတင်ခဲ့သေးသည်။ သို့သော် အယူခံပယ်ချခံခဲ့ရသည်။
ထိုသို့ အယူခံပယ်ချခံရပြီးနောက် ကြိုးပေးရန်ရက်နီးလာခါနီး၌ သက်ဆိုင်ရာအကျဉ်းဦးစီးဝန်ထမ်းများကို ၄င်း၏ငယ်ရည်းစားနှင့် တွေ့ဆုံလိုကြောင်း ပြောပြသည်။ သက်ဆိုင်ရာက နောက်ဆုံးအခွင့်အရေးပေးသည့်အနေဖြင့် အထက်အာဏာပိုင်များထံ ခွင့်ပန်၍ တွေ့ဆုံခွင့်ပေးခဲ့သည်။ ဤသို့ဖြင့် စိန်ကြီး၏ရည်းစားသည် ရန်ကုန်ထောင်ကြီးသို့ ရောက်လာသောအခါ ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် ၄င်းတို့နှစ်ဦးအား စကားပြောခွင့် ပြုခဲ့သည်။
စိန်ကြီး၏ငယ်ရည်းစားမှာ ကြို့ပင်ကောက်သူ မထူး ဆိုသူဖြစ်၏။
စိန်ကြီးသည် မထူးနှင့် တွေ့ဆုံစဉ် ထောင်ပိုင်ကြီးနှင့် ၀န်ထမ်းများရှေ့၌ စကားပြောကြားရာတွင် မထူးအား လင်မရှိလျှင် လူစော်ကားလိမ့်မည်ဖြစ်ရာ ၄င်းကြိုးပေးခံရပြီးနောက် သင့်တော်သည့်တစ်ယောက်ယောက်ကို အမြန်ဆုံးလက်ထပ်ယူရန်လဲ ပြောကြားသည်။ သူက နိုင်ငံတော်လုပ်ကြံမှုတရားခံတစ်ဦးဖြစ်နေသည့် အချက်ကြောင့် ဤသို့အလေးပေးပြောခြင်း ဖြစ်နိုင်သည်။ မထူးက သူ့ဘ၀တစ်သက်တွင် ယောက်ျားမယူလိုတော့ကြောင်း ပြောကြားခဲ့ရာ စိန်ကြီးကလည်း ၄င်း၏စကားကို နားထောင်ရန်တွင်တွင်မှာကြားခဲ့သည်။
ထို့နောက် စိန်ကြီးက မိမိသည် သူနှင့်သမီးရည်းစားဖြစ်ခဲ့သည်မှာ (၄)နှစ်တိုင် ရှိခဲ့ပြီဖြစ်သော်လည်း မိမိရည်းစားကို တစ်ခါမျှ မနမ်းခဲ့ဖူးကြောင်းနှင့် ကြိုးပေးခါနီး၌ တစ်ကြိမ်တစ်ခါ ပါးကို နမ်းသွားလိုကြောင်း ပြောပြရာ သက်ဆိုင်ရာအကျဉ်းဝန်ထမ်းတို့က မိန်းကလေးသဘောတူလျှင် နမ်းနိုင်ကြောင်း ပြောပြသည်။ မထူးကလည်း ခွင့်ပြုသဖြင့် စိန်ကြီးသည် ပါးနှစ်ဖက်စလုံးကို မနမ်းဘဲ သစ္စာရှိစွာဖြင့် ၁၅၀၀မေတ္တာဖြင့် ပါးတစ်ဖက်သာနမ်းပြီး ကျန်ပါးတစ်ဖက်ကို မထူးလက်ထပ်ယူမည့် ခင်ပွန်းလောင်းအတွက် သန့်သန့်ရှင်းရှင်းထားခဲ့ကြောင်း ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် အချစ်သက်သေထူသွားခဲ့လေသည်။
ထို့နောက် ၁၉၄၈ခုနှစ်၊ မေလ၊ ရှစ်ရက်နေ့၊ နံနက် ၅း၃၀မိနစ်တွင် ရန်ကုန်ထောင်ကြီး၌ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ကြိုးပေးရာ ကြိုးမပေးမီအချိန်ကလေး၌ စိန်ကြီးက မိမိနှင့် အပေါင်းပါတို့ ဦးစော၏စကားကို နားထောင်မိ၍ ယခုကဲ့သို့ မလုပ်သင့် မလုပ်ထိုက်သည်ကို လုပ်ခဲ့မိကြောင်း၊ ၄င်းအနေနှင့် ဘ၀ဆက်တိုင်း ဦးစောလိုလူမျိုးနှင့် မတွေ့ရ၊ မဆုံရပါစေနှင့်ဟု တိုင်တည်သွားပြီး လုပ်ရဲလျှင် ခံရဲရမည်ဟု ဆိုကာ ဗိုလ်ချုပ်နှင့် ၀န်ကြီးများအား သတ်ခဲ့သည်မှာ မှန်ကြောင်း၊ ထိုသို့ သတ်ရခြင်းမှာလည်း ဂဠုန်ဦးစော၏ စေခိုင်းချက်အရ သတ်ခဲ့ရကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်များကို ပြောဆိုပြီးနောက် " အသက်ရေ၊ ငါပြောတဲ့အတိုင်း လုပ်ထားဟေ့၊ ငါလာခဲ့ပြီ " ဟု အော်ဟစ်သွားလေသည်။
ထိုအချိန်တွင် မထူးသည် ရန်ကုန်ထောင်အတွင်းရှိ ၀န်ထမ်းအိမ်ရာတစ်နေရာ၌ အရက်တစ်ခွက်နှင့် မီးညှိထားသော စီးကရက်တစ်လိပ်ကို ပန်းကန်ပြား၌ စိန်ကြီးမှာထားခဲ့သည့်အတိုင်း ပြုလုပ်ထားလေသည်။ (စိန်ကြီးသည် အရက်ကိုလည်းကြိုက်၊ ဆေးလိပ်ကိုလည်း မီးခိုးမပြတ်အောင် သောက်တတ်သူဖြစ်သည်။) စိန်ကြီးသည် ကြိုးစင်ပေါ်၌ ဒေါက်မဖြုတ်ခင်လေးအတွင်းတွင်  " အသက်ရေ၊ ငါပြောတဲ့အတိုင်း လုပ်ထားဟေ့၊ ငါလာခဲ့ပြီ " ဟု အော်ဟစ်သွားပြီးနောက် အရက်ခွက်ထဲမှ လှိုင်းများထသကဲ့သို့ သိသိသာသာ လှုပ်ခတ်လာပြီး စီးကရက်မှာလည်း လူတစ်ယောက် ၀င်ဖွာနေသည့်အလား မီးခိုးများ တထောင်းထောင်းထနေသည်ကို တွေ့ကြရလေသည်။
ဤသိုဖြင့် အပြစ်ကြီးလှသော နိုင်ငံတော်လုပ်ကြံမှုတရားခံတစ်ဦး၏ဘ၀သည် ဇာတ်သိမ်းသွားခဲ့ရပေသည်။
သမိုင်းဟူသည် အမှန်တရားကို ဖော်ပြရန်ဖြစ်ပေသည်။ သမိုင်းဘာသာရပ်ကို သင်ကြားကြရခြင်းမှာ အတိတ်မှ လူပုဂ္ဂိုလ်တို့၏ ဖြစ်ရပ်များကို လေ့လာမှတ်သားကာ အတုယူသင့်သည်ကို ယူ၍ ရှုံ့ချပြစ်တင်အပ်သည်တို့ကို မလုပ်မိစေဖို့ သင်ခန်းစာယူရန်ဖြစ်သည်။
စိန်ကြီးသည် လွတ်လပ်ရေးဖခင်၊ နိုင်ငံ့ခေါင်းဆောင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကိုးဦးတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် ထိုလုပ်ရပ်မှာ နှလုံးနာဖွယ်ဖြစ်သော်လည်း သူ၏ ချစ်သူအပေါ်ထားရှိခဲ့သော မေတ္တာတရား၊ သန့်ရှင်းစင်ကြယ်သော အချစ်နှင့် ချစ်သူကို တန်ဖိုးထားခဲ့ပုံတို့မှာ လေးစားဖွယ်ဖြစ်ကာ နှောင်းခေတ်လူငယ်တို့ သိထား၊မှတ်သားသင့်လှပေသည်။
ထို့အတူ မထူး၏ နိုင်ငံတော်လုပ်ကြံမှုတရားခံချစ်သူအပေါ် ထားရှိသော အချစ်မှာလည်း လေးစားဖွယ်ပင်တည်း။

(မှတ်ချက်။   ။ စိန်ကြီး၏ ငယ်ရည်းစားဖြစ်သူ မထူးသည် ယနေ့ခေတ် မြန်မာနိုင်ငံ၌ အချမ်းသာဆုံးစာရင်းဝင် ဦးတေဇ၏ ယောက္ခမဖြစ်လေသည်။ ဦးတေဇသည် ဦးဇော်နှင့်ဒေါ်ထူးတို့၏သမီး ဒေါ်သီတာဇော်နှင့် လက်ထပ်ခဲ့သည်။ ဦးတေဇ၏ ထူးကုမ္ပဏီဟူသည်မှာ ယောက္ခမနာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်ကြောင်း အချို့က ပြောကြပါသည်။)

မှီငြမ်းလင့်ခ်
http://moemaka.com/archives/36365

Sunday, July 14, 2013

မွန်-ဗမာနှစ်(၄၀)စစ်အတွင်းမှ မင်းရဲကျော်စွာ၏ ငယ်ကျွန်တော် သူရဲကောင်းနှစ်ဦး

(သုံးစွဲထားသော ပန်းချီပုံမှာ ဖေ့စ်ဘုတ်ခ်ပေါ်တွင် ဆရာဦးသန်းမြင့်တင်ပေးထားသော ပုံများအနက်မှ တစ်ပုံဖြစ်ပါသည်။)


ငနတ်တော်
မင်းရဲကျော်စွာ ဆင်ထိ၍ ဥနှဲပင်အောက်တွင် နေရစဉ်က မွန်တို့သည် မင်းရဲကျော်စွာကို မမြင်ကြ၍ ၎င်း၏ ဆင်တော် နောက်ထိုင် ငနတ်တော်ကို စစ်မေးသော် မသိဟု ဆို၏။ ရာဇာဓိရာဇ်က " ငါ့တူတော်ကို အပြစ်မပြုပါ သားပြုပါမည် " ဟု ဆိုမှ မင်းရဲကျော်စွာ ရှိရာသို့ ညွှန်လေသည်။

ငမြတ်တော်
ဘုရင်မင်းခေါင်သည် ဒလမှ ပုသိမ်သို့ချီ၍ မွန်သူရဲကောင်း သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်) ကျော်စောလှသည် ငါကြည့်လိုသည် ထွက်ပါစေဟု စေ၏။ ထွက်လာ၍ ပြောဟောနေကြစဉ် မင်းရဲကျော်စွာသား မင်းငယ်ကျော်ထင်၏ ကျွန် ငမြတ်တော်သည် သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်) ကို လှံနှင့်လှမ်း၍ ထိုးလိုက်၏။ ဝေးသောကြောင့် မထိုးမိ။ ရှေ့တွင် ကျလေ၏။ သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်) လည်း သတ်ရအောင် ဥပါယ်ဖြင့် ခေါ်သည်ထင်၍ ရုတ်ခြည်းထ၍ ပြန်ခဲ့၏။ မြို့တွင်းသို့ ပြန်ရောက်သောအခါ " ရှေ့တော်တွင် လူဆိုး သူဆိုးတို့ လှံနှင့်ထိုး၍ အရှည်အကြာ ဦးမခိုက်ခဲ့ရပါ "ဟု မင်းခေါင်သို့ လျှောက်လိုက်၏။
မင်းခေါင်သည် မြေးတော် မင်းငယ်ကျော်ထင်ကို ထိုးစေသလော " ဟု စစ်မေးရာ " သူ့အလိုအလျောက် ထိုးပါသည် " လျှောက်မှ ငမြတ်တော် ကို နှောင်ကြိုးတည်း၍ ကြိုက်ရာတွင် ကွပ်လေဟု သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်)သို့ အပ်တော်မူ၏။
သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်)က စစ်မေးသော် " မည်သူမျှ ငါ့ကို မတိုက်တွန်း ငါ့အရှင် မင်းရဲကျော်စွာ ဆုံးရသည်ကို စိတ်နာ၍ ငါ ထိုးပေသည် ငါ့ကို သတ်လိုလျှင် သတ်ပါ ငါမကြောက် " ဟု ဆို၏။
သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်)လည်း " အရှင်ကိုချစ်သော သူရဲကောင်းကို ငါမသတ်လို " ဟုဆို၍ ဘုရင်မင်းခေါင်သို့ ဤသို့ လျှောက်၏။ " အရှင်မင်းကြီးက စေ၍ထိုးသည်ဟု ထင်မှားမိပါသည် သည်းခံတော်မူပါ။ ထိုသူ၏ အသက်ကို ကျွန်တော် တောင်းပန်ပါ၏ " ဟု လျှောက်လိုက်၏။ မင်းခေါင်လည်း စိတ်ပြေ၍ လွှတ်တော်မူ၏။

(ဦးဖိုးကျားရေးသားသော မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာ စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။)

Thursday, July 11, 2013

မင်း၊ ငါ၊ သူ


ဖန်တစ်ရာတေနေတဲ့ စကားတွေချည်း ကြားနေရတာ
ငြီးငွေ့လွန်းလှပြီ
လူတွေရဲ့အဝေးကို ပြေးထွက်သွားချင်မိရဲ့
စကားလုံးတွေက ဓားသွားတွေထက် ထက်တယ်
လှိုင်းလုံးတွေထက် အားကြီးတယ်
တပါးသူကို တိုက်ခိုက်ရင်း
ကိုယ့်ကိုကိုယ် ကာကွယ်နေကြ
တပါးသူကို နှိမ့်ချရင်း
ကိုယ့်ကိုကိုယ် မြှင့်တင်နေကြ
တပါးသူကို စွပ်စွဲရင်း
ကိုယ့်ကိုကိုယ် ဟန်ဆောင်နေကြ
မှန်ရှေ့မှာ ရပ်နေကြရင်း
ပုံရိပ်ယောင်တွေကိုပဲ အမှန်ထင်နေကြ
ငါရောက်နေတာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ
ငါရောက်နေတာ အပြေးပြိုင်ပွဲတစ်ခုမှာ
ငါရောက်နေတာ တောရိုင်းကောင်တွေကြားထဲမှာ
မှန်ထဲ ကြည့်မိတဲ့အခါ
ငါ့ကိုယ်ငါတော့ လူလို့ မြင်ရတာပါပဲ
တောဥပဒေသရှိတယ်
အားကြီးသူသာ အနိုင်ရစတမ်း
အဲဒါဟာလဲ
လောကရဲ့ ဥပဒေတစ်ခုပဲ ဖြစ်တယ်

Sunday, July 7, 2013

သူတောင်းစားအားပေးတဲ့တိုင်းပြည်



ခင်ဗျားကြားဖူးလားဗျ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာပေါ့ဗျာ။
ခြေအကောင်း၊လက်အကောင်းသူတောင်းစားများကို အလုပ်လုပ်ချင်စိတ်ပေါ်ပေါက်စေရန်အတွက် ပိုက်ဆံမပေးခြင်းဖြင့် ကူညီကြပါဆိုတာလေ။
ကျွန်တော်လဲ ကောင်းကောင်းကြီး ကြားဖူးတာပေါ့။
ကျွန်တော်တို့ မြန်မာလူမျိုးတွေက အင်မတန်သနားတတ်ကြတယ်၊ ကြင်နာတတ်ကြတယ်၊ သို့သော် သူတောင်းစားတွေနဲ့ပတ်သက်ရင်တော့ ပိုက်ဆံမထည့်ဖြစ်တာများမယ်ထင်တယ်၊ လူကောင်းပကတိ သူတောင်းစားတွေကိုလေ။
တစ်ခါတုန်းကပေါ့။
ကျွန်တော် မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တစ်မြို့ကို စ ရောက် ရောက်ချင်း ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်သွားထိုင်ကြတယ်၊ ည ရှစ်နာရီလောက်ပေါ့၊ ဘောလုံးပွဲလဲ ကြည့်ရင်း၊ လက်ဖက်ရည်လဲ သောက်ရင်းပေါ့ဗျာ။
ဒီလိုထိုင်နေရင်းနဲ့ ကျွန်တော့်မိတ်ဆွေက ကောက်ခါငင်ခါကြီးပြောတယ်ဗျ။
ညီလေးတဲ့၊ တစ်ခါတစ်လေ ဒီဆိုင်ကို သူတောင်းစားလေးတွေ ရောက်လာတတ်တယ်၊ ကလေးလေးတွေပေါ့ကွာ၊ ပိုက်ဆံသွားမပေးနဲ့ကွတဲ့။
ကျွန်တော်က ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ ဒီကောင်တွေကွာ၊ ခြေအကောင်း၊ လက်အကောင်း၊ ဒုက္ခိတလဲ မဟုတ်ဘဲနဲ့ လွယ်လို့ တောင်းစားနေကြတာကွ၊ အလုပ်လုပ်ချင်စိတ် မရှိတာ၊ ဒီဆိုင်မှာ ကြည့်စမ်း၊ အလုပ်လုပ်နေတဲ့ ကလေးတွေအများကြီး၊ ပိုက်ဆံပေးချင်ရင်တောင် အဲဒီလို သူတောင်းစားတွေထက် လခနည်းနည်းလေးနဲ့ အလုပ်လုပ်နေရတဲ့ ကလေးတွေကို ပေးတာ ပိုတန်တယ်ကွတဲ့။
အင်း၊ ဟုတ်သလိုလိုပဲ၊ ကျွန်တော် ခေါင်းတဆတ်ဆတ်ငြိမ့်မိတယ်။
သူ ပြောတာ မှန်ပါတယ်၊ ကလေးတွေ ငယ်ငယ်လေးကတည်းက တောင်းစားရင် ငွေရလွယ်မှန်းသိတဲ့အခါ ကြီးလာရင် ဘယ်အလုပ်လုပ်ချင်တော့မလဲ၊ အလွယ်လိုက်တတ်သွားပြီ၊ ပညာသင်ဖို့လဲ စိတ်ကူးမှာ မဟုတ်တော့ဘူးလေ။
တကယ်တမ်းလဲ သူတောင်းစားလေးတွေ ရောက်လာတဲ့အခါ ကျွန်တော့်အသိက ပိုက်ဆံမပေးတဲ့အပြင် ခေါ်ပြီး ရစ်လိုက်ပါသေးတယ်။
မင်း ဘယ်မှာနေလဲကွ၊ မင်း မိဘမရှိဘူးလား၊ ကျောင်းတက်လား၊ ဘာညာပေါ့။
ကလေးကလဲ ပြန်ဖြေပါတယ်၊ (ပိုက်ဆံလေးများ ရမလားပေါ့)၊ ဘယ်ရွာကပါ၊ အိမ်မှာ စားစရာလုံးဝမရှိလို့ပါ၊ ပိုက်ဆံလေး နည်းနည်းလောက်ပေးပါပေါ့။
ကျွန်တော့်မိတ်ဆွေက လုံးဝ မပေးပါဘူး၊ သူတောင်းစားလေးပြောတာကိုလဲ ယုံကြည်ဟန်မတူပါဘူး။ တစ်ကျပ်တောင် မထုတ်ပါဘူး၊ မင်းတို့ လက်အကောင်း၊ ခြေအကောင်း၊ အလုပ်လုပ်လို့ ရရဲ့သားနဲ့ ဘာလို့လိုက်တောင်းစားနေတာလဲ၊ မင်းမရှက်ဘူးလား စသဖြင့် သြ၀ါဒတောင် ခြွေလိုက်ပါသေးတယ်။
နောက်တော့လဲ သူတောင်းစားလေးခမြာ လေကုန်တာနဲ့ မကာမိဘဲ လက်ဗလာပြန်ထွက်သွားပါတော့တယ်။
ဒီဖြစ်ရပ်မှာ ကျွန်တော့်မိတ်ဆွေရဲ့ တွေးခေါ်ယူဆချက်နဲ့ လုပ်ဆောင်မှုဟာ မှားသလားဆိုတော့ မမှားပါဘူး။
ဒါဖြင့် မှန်သလားလို့ မေးရင်ရော မှန်တယ်လို့ ပြောနိုင်ပါသလား။
ကျွန်တော် မဖြေတတ်ပါဘူး။
ဒါပေမယ့် ကျွန်တော့်အတွေးထဲမှာတော့ သက်ကြီးရွယ်အိုတွေ၊ ဒုက္ခိတတွေကလွဲလို့ တခြားသူတောင်းစားတွေကို ပိုက်ဆံပေးတာဟာ သူတို့အလုပ်လုပ်ချင်စိတ်ကို ချိုးနှိမ်လိုက်တာပဲဆိုတဲ့ အတွေးလေးတစ်ခုတော့ ရသွားခဲ့ပါတယ်။
ဒီယူဆချက်ဟာ မှန်လား၊ မှားလား သုံးသပ်ဖို့ ကျွန်တော်မစဉ်းစားမိသေးခင်မှာဘဲ ကံတရားရဲ့ ပို့ဆောင်မှုကြောင့် ဥရောပနိုင်ငံတစ်နိုင်ငံကို ကျွန်တော် ရောက်လာခဲ့ပါတယ်။
အနောက်နိုင်ငံတစ်ခုမှာ ရက်ပေါင်းများစွာ နေထိုင်ပြီးနောက် သူတောင်းစားနဲ့ပတ်သက်လို့ ကျွန်တော့်ခေါင်းထဲက အထက်ပါအတွေးလေးဟာ မှန်သလား၊ မှားသလား သုံးသပ်ကြည့်ဖို့ အခြေအနေတွေ ဖန်လာခဲ့ပါတော့တယ်။
အနောက်နိုင်ငံတွေဆိုတာ အားလုံး သိတဲ့အတိုင်းပဲ ကိုယ့်အားကိုယ်ကိုးဖို့ အင်မတန်အားပေးတဲ့ နိုင်ငံတွေပါ။
ပညာရေးမပြီးဆုံးသေးတဲ့ ကျောင်းသားတွေတောင် အသက်၁၈နှစ်ပြည့်ရင် ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်ဖို့ ကြိုးစားကြတဲ့ နိုင်ငံဖြစ်ပါတယ်။
အစက ကျွန်တော်ထင်ခဲ့တာတော့ ဒီလိုနိုင်ငံမျိုးတွေမှာ သူတောင်းစားအင်မတန်ရှားလိမ့်မယ်လို့ပေါ့။
တကယ်တမ်းတော့ သူတောင်းစားတွေဟာ မပေါပေမယ့် ရှားတော့ မရှားပါဘူး။
အဖိုးကြီး၊ အဖွားကြီးတွေလဲ တောင်းနေတာ တွေ့ဖူးတယ်၊ ကလေးကို လက်ဆွဲလို့ အမေက လိုက်တောင်းနေတာလဲ တွေ့ဖူးတယ်၊ ဒုက္ခိတတွေ လိုက်တောင်းနေတာလဲ တွေ့ဖူးတယ်၊
အဲ ခြေအကောင်း လက်အကောင်း အလုပ်လုပ်နိုင်တဲ့ သန်သန်မာမာ လူလတ်ပိုင်းအရွယ် ယောက်ျား၊ မိန်းမ တွေ တောင်းစားနေကြတာတောင် တွေ့ရရဲ့။
အဲဒီလို လူတွေရဲ့ အ၀တ်အစားဟာ စုတ်ပြတ်သတ်နေတာတော့ မဟုတ်ဘူး၊ တစ်ခါတစ်လေ ကျွန်တော်ဝတ်ထားထက်တောင် ဖက်ရှင်ကျရင် ကျနေမယ်၊ စတိုင်မိရင် မိနေမယ်၊ တစ်ခါတစ်လေ သူ့နံဘေးမှာ သူမွေးထားတဲ့ ခွေးလှလှတစ်ကောင် ရှိချင်ရှိမယ်၊ ကြောင်လေး နှစ်ကောင်၊သုံးကောင် ရှိချင်ရှိမယ်။
ဆိုင်းဘုတ်စာရွက်လေးတွေတော့ သူတို့ဘေးနားမှာ ရှိတယ်၊ သူဟာ အိမ်ခြေယာမဲ့၊ ဒါမှမဟုတ် အလုပ်လက်မဲ့၊ ဒါမှမဟုတ် ရောဂါတစ်ခုခုကို ဆေးကုဖို့ စသဖြင့်ပေါ့။
မြန်မာနိုင်ငံက သူတောင်းစားတွေနဲ့ ကွာတာကတော့ သူတို့က အတင်းလိုက်မတောင်းဘူး။ ကားဂိတ်၊ ရထားဂိတ်နဲ့ လူစည်ကားရာအရပ်တွေမှာ ကိုယ့်ဘာသာ ဆိုင်းဘုတ်လေးထောင်ပြီး ထိုင်နေကြတာပါပဲ။ တချို့ကတော့ လက်ဝါးလေးဖြန့်ရင်းပေါ့။ အချို့ကတော့ သက်ဆိုင်ရာဘုရားစာလေးတွေ ရွတ်ရင်းပေါ့။
မြေအောက်ရထားတွဲတွေမှာ ဆိုရင်တော့ သူတောင်းစားတွေဟာ သူ့အခက်အခဲတွေကို ပါးစပ်က ပြောရင်း အိတ်တစ်လုံးကိုင်ပြီး ထိုင်နေ၊ ရပ်နေကြသူတွေ အလယ်ကနေ ဒီတိုင်းဖြတ်သွားတာပါပဲ။
ဒီနေရာမှာ တစ်ခုပြောချင်တာက သူတို့ဆီက လူစည်ကားရာအရပ်တွေမှာ သူတောင်းစားတွေအပြင် တူရိယာတစ်မျိုးမျိုးနဲ့ သီချင်းဆိုနေသူတွေလဲ ရှိတယ်၊ အဖွဲ့လိုက်လည်း ဖြစ်ချင်ဖြစ်မယ်၊ သီချင်းဆိုတာ မဟုတ်လဲ ကိုယ်တတ်ကျွမ်းရာ အနုပညာတစ်ခုခုကို ဖော်ကျူးပြသနေကြသူတွေလည်း ရှိတယ်။
သူတို့အနီးမှာ သူတောင်းစားများနည်းတူ ဦးထုပ်လေးတစ်လုံးဖြစ်စေ၊ ခွက်ကလေးတစ်ခွက်ဖြစ်စေ၊ အိတ်ကလေးတစ်လုံးဖြစ်စေ ချထားလေ့ရှိတယ်။
ဒါပေမယ့် ဒီလူတွေဟာ သူတောင်းစားတွေမဟုတ်ပါဘူး၊ လမ်းသွားလမ်းလာပြည်သူလူထုကို သူတို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေနေကြတာသာ ဖြစ်ပါတယ်။
လမ်းသွားလမ်းလာများကလဲ အဆင်ပြေရင် ရပ်ကြည့်နေမယ်၊ ဒါမှမဟုတ် နားသောတဆင်မယ်ပေါ့။ နောက်ပြီးတော့ ဦးထုပ်ထဲကိုဖြစ်စေ၊ ခွက်ထဲကိုဖြစ်စေ၊ တတ်နိုင်သလောက် ပိုက်ဆံလေးတွေ ထည့်သွားကြတယ်။
ဒါဟာ ဒီလူတွေ တောင်းစားနေတာပဲ ဆိုတဲ့သဘောနဲ့ ပိုက်ဆံကို စွန့်ကြဲသွားတာမဟုတ်ပါဘူး။
အနုပညာတစ်ရပ်ရပ်ကို အချိန်ကုန်ခံပြီး လေ့လာလိုက်စားထားကြတဲ့သူတွေကို လေးစားအားပေးတဲ့အနေနဲ့ ဖြစ်ပါတယ်။ ပေးဆပ်ခဲ့တဲ့ သူတို့ရဲ့ အချိန်တွေ၊ သူတို့ရဲ့ လုပ်အားတွေအတွက်ပေါ့။
ဒီလူတွေရတဲ့ပိုက်ဆံဟာ တောင်းစားတဲ့ပိုက်ဆံမဟုတ်ပါဘူး၊ အနုပညာကြေးပါ၊ သူတို့ဟာ တောင်းစားနေကြတာ မဟုတ်ပါဘူး၊ အနုပညာအလုပ်နဲ့ အသက်မွေးနေတာလို့ ဆိုနိုင်ပါတယ်။
လမ်းပေါ်မှာ အနုပညာတစ်ရပ်ရပ်နဲ့ ဖျော်ဖြေလို့ လမ်းသွားလမ်းလာတွေက ပိုက်ဆံလှူဒါန်းသွားတာတော့ ဟုတ်ပါပြီ။ ဘာမှ မလုပ်ဘဲ လမ်းဘေးမှာ ထိုင်ပြီး တောင်းစားနေကြတဲ့ သူတောင်းစားအစစ်တွေကိုရော လမ်းသွားလမ်းလာ ခရီးသွားတွေက စွန့်ကြဲကြရဲ့လား။
ကိုယ့်အားကိုယ်ကိုးဖို့ အင်မတန်အားပေးတဲ့ အနောက်နိုင်ငံမှာ ဘာမှမလုပ်ဘဲ လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ သူတောင်းစားကို သူတို့ စွန့်ကြဲကြပါ့မလား။
ဟင့်အင်း၊ သူတို့ စွန့်ကြဲကြပါတယ်၊ ငွေအကြွေပါသူတွေ ဒါမှမဟုတ် စွန့်ကြဲဖို့ အဆင်ပြေတယ်ဆိုရင် စွန့်ကြဲသွားကြတာပါပဲ။
အဖိုးကြီး၊ အဖွားကြီးတွေ၊ ဒုက္ခိတတွေကို စွန့်ကြဲတာ ထားပါတော့၊ အားကိုးရာမဲ့တွေကိုး။
ပြောက်ကျားဝတ်စုံဝတ်ထားပြီး ခြေပြတ်၊လက်ပြတ် စစ်ထွက်တွေများဆို ကူညီကြပါလို့တောင် အော်စရာမလို၊ မြေအောက်ရထားတွဲထဲ တစ်ခေါက်ဖြတ်လျှောက်လိုက်ရုံနဲ့ တစ်ယောက်ပြီး တစ်ယောက် ပိုက်ဆံတွေ ထည့်ကြတာ တွေ့ရမယ်။ တလေးတစားနဲ့ပေါ့။
ထားပါတော့။
ဒီလိုလူတွေအပြင် ကူညီကြပါဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး လမ်းဘေးထိုင်နေသူ လူကောင်းပကတိ လူလတ်ပိုင်းတွေ၊ ကိုယ်က စားမရှိလို့ တောင်းစားနေတာတောင် ခွေးတွေ၊ ကြောင်တွေ မွေးထားတဲ့ လူကောင်းပကတိ လူလတ်ပိုင်းသူတောင်းစားတွေရော ပိုက်ဆံထည့်တဲ့သူ ရှိမှ ရှိပါ့မလား။
အဲဒီလိုတွေးမိရင်တော့ ခင်ဗျား မှားသွားမယ်၊ သိပ်ရှိတာပေါ့ဗျာ၊ ဒီနိုင်ငံမှာ တောင်းတဲ့သူရှိရင် ပိုက်ဆံထည့်တဲ့သူလဲ ရှိကိုရှိတယ်ဗျ။ နာရီအနည်းငယ်လောက် တောင်းရုံနဲ့ မက်ဒေါနယ်က ဘာဂါလောက်တော့ သွားဝါးလို့ ရနိုင်ပါတယ်။
ဟာ ဒါအနောက်နိုင်ငံလေ၊ ကိုယ့်အားကိုယ်ကိုးဖို့ အင်မတန်အားပေးတဲ့ နိုင်ငံလေ၊ ဘယ့်နှယ် ခုတော့ သူတောင်းစားအားပေးတဲ့တိုင်းပြည်ဖြစ်နေပါပေါ့လား။
ဟုတ်ကဲ့၊ ကျွန်တော်လဲ အဲဒီအတိုင်း တွေးခဲ့ဖူးပါတယ်။
ကျွန်တော်တို့လို သူများကို သနားတတ်တဲ့ အရှေ့တိုင်းနိုင်ငံတွေဆို ထားပါတော့၊ ဒါ ကိုယ့်ကိုကိုယ်ကလွဲလို့ သူများကို ဂရုမစိုက်တတ်တဲ့ အနောက်တိုင်းနိုင်ငံလေဗျာ၊ ဘာကြောင့် သူတောင်းစားတွေကို ဒီလောက်တောင် အားပေးကြပါလိမ့်။
ဒီလိုအရာတွေကို မြင်ရတာများလာတော့ ကျွန်တော့်မှာလဲ တွေးစရာ ဖြစ်လာတော့တာပေါ့။
ဒီနိုင်ငံကလူတွေက အင်မတန် သနားတတ်လို့များလား၊
မိုးလင်းကနေ မိုးချုပ်ထိ ပြေးလွှားလှုပ်ရှားနေမှ စားဝတ်နေရေးပြေလည်နိုင်မယ့် ဒီလိုနိုင်ငံမျိုးမှာ အလုပ်လုပ်နေကြတဲ့သူတွေအနေနဲ့ အလုပ်လုပ်နိုင်လျက်နဲ့ မလုပ်ဘဲ အေးအေးလူလူတောင်းစားနေကြတဲ့ ဒီလူတွေအပေါ် သဒ္ဓါတရားထားဖို့ဆိုတာ လွယ်နိုင်ပါ့မလား။
ကျွန်တော့်အတွက်တော့ ပုစ္ဆာတစ်ပုဒ်လိုပေါ့၊ တွေးရခက်နေပြီ။
ကိုယ်သိကျွမ်းသူ ဒီနိုင်ငံသားတစ်ယောက်ယောက်ကို ဟေ့ မင်းတို့ နိုင်ငံသားတွေ ဘာလို့ သူတောင်းစားအားပေးကြတာတုန်းလို့ မေးရင်လဲ အထိုးခံရဖို့ပဲ ရှိတယ်မဟုတ်လား၊ ဒီတော့ ဘယ်သူ့ကိုမှလဲ မမေးရဲဘူးဗျ။
ဒီလိုနဲ့ပဲ ကျွန်တော်ဟာ အိမ်ခြေယာမဲ့တစ်ယောက်ပါ၊ ကျွန်မဟာ အလုပ်လက်မဲ့ပါ စတဲ့ ဆိုင်းဘုတ်လေးတွေကို မြင်ရပါများလာတော့ ကျွန်တော် နည်းနည်းတော့ သဘောပေါက်သလို ရှိလာခဲ့တယ်။
ခင်ဗျားရော။
ကျွန်တော်ဟာ အိမ်ခြေယာမဲ့ပါ၊ ကျွန်တော်ဟာ အလုပ်လက်မဲ့ပါ၊ ကျွန်တော့်မှာ ရှိသမျှအရာအားလုံးကို ဆုံးရှုံးခဲ့ပါပြီ။
အဲဒီစာသားလေးကို လေး၊ငါး၊ဆယ်ခေါက်လောက် ခင်ဗျားဖတ်ကြည့်စမ်းဗျာ။
ခင်ဗျား ဘာတွေ တွေးမိလဲ။ ဘာခံစားမိလဲ။
ကျွန်တော်တွေးမိတာတော့ ဒီလိုဗျ။
သူတောင်းစားတွေ ဘာလို့ တောင်းစားလဲ၊ စားစရာမရှိလို့ပေါ့။
စားစရာ ဘာလို့ မရှိလဲ၊ ပိုက်ဆံမရှိလို့ပေါ့။
ပိုက်ဆံ ဘာလို့ မရှိလဲ၊ အလုပ်မလုပ်လို့ပေါ့။
အလုပ် ဘာလို့ မလုပ်လဲ၊ အလုပ်မရှိလို့ပေါ့။
အလုပ်ဘာလို့မရှိလဲ၊ အော် မရှိပါဘူးဆိုမှ ရှာမရလို့ပေါ့။
ဒီမှာ အဖြေပေါ်ပြီလို့ ကျွန်တော် ထင်မိပါရဲ့။
ကျွန်တော်တို့ရဲ့ ကမ္ဘာလောကကြီးဟာ လူတိုင်းကို ပိုက်ဆံရမယ့်အလုပ်၊ ထမင်းကျွေးပေးမယ့်အလုပ် မပေးနိုင်ဘူးဗျ၊ အလုပ်ဆိုတာများ ရှာလုပ်လဲ ရပါတယ်တဲ့၊ ကောင်းပြီလေ၊ သို့သော် သမ္မာအာဇီဝအလုပ်ကတော့ ရှားပါလိမ့်မယ်ဗျာ။
ဒီတော့ ဒီလိုဖြေရှင်းချက်လေး ထုတ်ကြည့်ရအောင်။
လူတစ်ယောက် အလုပ်လက်မဲ့ဖြစ်သွားပြီ၊ ဒီအခါ သူ့မှာ ၀င်ငွေမရှိတော့ဘူး၊
အလုပ်သစ်ရှာရင်းနဲ့ စားဝတ်နေရေးအတွက် ရှိတာလေးတွေ ရောင်းစားရတော့မယ်၊ အဓိက ကတော့ စားရေးပါပဲ၊ မသေအောင်တော့ ၀မ်းဗိုက်ကို ဖြည့်ကို ဖြည့်ပေးရမယ်၊
ငါတော့ သေချင်တာပဲလို့ ဘယ်လောက်ပြောပြော လူဆိုတာ သေရမှာ ကြောက်ကြတဲ့အမျိုးပါပဲ။
ဒီလိုနဲ့ အလုပ်ကလည်း ရှာမရတဲ့အပြင် ပိုင်ဆိုင်သမျှလေးတွေလဲ ကုန်၊ အိမ်ခြေယာမဲ့လဲ ဖြစ်သွားပါလေရော၊ (အစကတည်းက မရှိတာလဲ ဖြစ်ချင်ဖြစ်မယ်)
ကဲ ၀င်ငွေလဲ မရှိဘူး၊ ရောင်းစရာလဲ ဘာမှ မရှိတော့ဘူး၊ ဒါပေမယ့် ဗိုက်က ဆာနေပြီ၊ ဘာလုပ်မလဲ။
တောင်းစားရတော့မှာပေါ့ဗျာ။
တောင်းစားတဲ့အခါ အိမ်ပြန်မ၀ယ်နိုင်ပေမယ့် အစာမစားရလို့ မသေဖို့အတွက်တော့ စိတ်ချသွားရပြီပေါ့။
ကောင်းပြီ။ ဒီနေရာမှာ တောင်းစားတဲ့သူဟာ အလုပ်လုပ်နိုင်ပါလျက်နဲ့ မလုပ်ဘဲ တောင်းစားနေတာ၊ တစ်ပြားမှ မထည့်ဘူးဟာဆိုတဲ့ လူတွေချည်းပဲ ရှိမယ် ဆိုပါစို့။
ဒီ အိမ်ခြေယာမဲ့၊ အလုပ်လက်မဲ့လူဟာ တောင်းစားပါသော်လည်း တစ်ပြားမှ မရ၊ ဗိုက်ကလဲ အင်မတန်ဆာနေပြီ၊ ဘယ်လိုမှ ထိန်းမထားနိုင်တော့ဘူး၊ ဒီလူ ဘာလုပ်မလဲ။
အင်း၊ တောင်းစားလို့ မရမှတော့ ခိုးစားပြီပေါ့ဗျာ၊ ခိုးမယ်၊ ၀ှက်မယ်၊ လုမယ်၊ ၀မ်းရေးအတွက်ကတော့ လုပ်ရမှာပဲကိုယ့်လူရေ၊ ခြေလက်တွေရှိနေပါလျက် အဆာလွန်ပြီးတော့ အသေခံမယ့်သူတော့ အင်မတန်ရှားလိမ့်မယ်ဗျ။
ကဲ အခုတော့ သူတောင်းစားအားပေးရခြင်းရဲ့ အဖြေကို အပြည့်အစုံမဟုတ်တောင် တစ်ချို့တစ်ဝက်တော့ ဖေါ်နိုင်ပြီထင်တာပါပဲ။
တကယ်တော့ သူတောင်းစားအားပေးခြင်းဟာ သူခိုးအားမပေးခြင်းပဲ ဖြစ်ပါတယ်။ ခါးပိုက်နှိုက်အားမပေးခြင်းပဲ ဖြစ်ပါတယ်၊ ဓားပြအားမပေးခြင်းပဲ ဖြစ်ပါတယ်။
ဟေ့ ဟေ့၊ ခိုးချင်တဲ့သူကတော့ ခိုးမှာပဲ၊ ဓားပြတိုက်ချင်တဲ့သူက တိုက်မှာပဲလို့ ခင်ဗျားပြောချင်လား။
ဟုတ်တော့ ဟုတ်ပါတယ်၊ သူခိုးတွေကတော့ ခိုးနေမှာပဲ၊
ဒါပေမယ့် ဗိုက်ဝနေတဲ့ သူတောင်းစားတစ်ယောက်ဟာ သူခိုး ဖြစ်ချင်မှ ဖြစ်လာလိမ့်မယ်၊ နောက်ပြီး စားစရာလုံးဝမရှိတဲ့ သူတောင်းစားတစ်ယောက်ကြောင့် သူခိုးစာရင်းထဲမှာ နောက်တစ်ယောက် တိုးလာနိုင်တယ်မဟုတ်လား။
ကျွန်တော် တွေးမိသလောက်ပေါ့လေ၊ ဒီလိုလဲ ဟုတ်ချင်မှ ဟုတ်မယ်၊ ဒါထက်လဲ အဓိပ္ပါယ် ပိုကျယ်ပြန့်ချင် ကျယ်ပြန့်မယ်ပေါ့။
ဘာပဲပြောပြော အဖြေလေးတစ်ခု ရှာတွေ့တဲ့အတွက် ကျွန်တော်တော့ ကျေနပ်သွားပြီ။
ခင်ဗျားတော့ ကျေနပ်လားမသိဘူး။
မကျေနပ်လဲ ကျွန်တော်တော့ ထပ်မတွေးချင်တော့ဘူးဗျ။
ဒီတော့ မြန်မာပြည်က လူတွေပြောပြောနေကြတဲ့ စကားလေးနဲ့ပဲ ပိတ်လိုက်ရအောင်။
ခြေအကောင်း၊လက်အကောင်းသူတောင်းစားများကို အလုပ်လုပ်ချင်စိတ်ပေါ်ပေါက်စေရန်အတွက် ပိုက်ဆံမပေးခြင်းဖြင့် ကူညီကြပါဆိုတာလေ။
ဟဲ..ဟဲ.. ခင်ဗျား ဘယ်လိုဆုံးဖြတ်မလဲဗျ။
သူတောင်းစားကို ပိုက်ဆံပေးခြင်းဖြင့် အားပေးမလား။
သူတောင်းစားကို ပိုက်ဆံမပေးခြင်းဖြင့် သူခိုးတွေကိုပဲ အားပေးမလား။
ကြိုက်ရာရွေးပေတော့ဗျို့။