Monday, October 29, 2012

မင်းအတွက် ချစ်ခြင်းရဲ့ ငါ့အနုပညာ

















ကောင်မလေးရေ...
ငါ ဘာမှ မချမ်းသာပါဘူး
ယုတ်စွအဆုံး
ကဗျာလေးတစ်ပုဒ်ရေးဖို့တောင်
ကာရန်တွေ မချမ်းသာဘူး...

ငါ့မှာရှိတာဆိုလို့
ဟောဒီဘောပင်လေးရယ်
ဟောဒီစာရွက်အပိုင်းအစတွေရယ်
ဟောဒီစကားလုံးတချို့ရယ်
နောက်ပြီး
ဟောဒီရင်ဘတ်ထဲက ခံစားချက်တွေရယ်
ဒါပဲရှိပါတယ်...

အချစ်ဆိုတာကို
စာလုံးပေါင်းကြည့်ဖို့ကြိုးစားရင်း
ငါ ဖန်တီးမိတဲ့အရာတွေဟာ
မင်းအတွက်ဖြစ်လာတယ်...

စာရွက်အပိုင်းအစတွေပေါ်
ရေးခြစ်နေမိတဲ့
ငါ့အတွက် အချစ်ဆိုတဲ့အရာဟာ
အရောင်မပါတဲ့ ကလေးပန်းချီ ဖြစ်ချင်ဖြစ်မယ်
ကာရန်မသိတဲ့ ကဗျာ ဖြစ်ချင်ဖြစ်မယ်
သံစဉ်မရှိတဲ့ သီချင်တစ်ပုဒ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်...

ဘာပဲဖြစ်ဖြစ်ပေါ့လေ...
ခံစားချက်တွေကို ပုံဖော်ရင်း
ဖြစ်ပေါ်လာတဲ့ အရာတွေဟာ
မပြီးပြည့်စုံနိုင်တာ သေချာပေမယ့်
မင်းတစ်ယောက်ပဲ ခံစားလို့တတ်ခဲ့ရင်တောင်
ငါ့အတွက်လုံလောက်ပြီ...

Saturday, October 27, 2012

အဲဖရက်နိုဘယ် - သူတော်ကောင်းလား၊ ဗီလိန်လား


ကျွန်တော်တို့ နိုဘယ်ဆုဆိုတာကို ကောင်းကောင်းကြီးကြားဖူးကြပါတယ်။
နိုဘယ်ဆုဆိုတာ အဲဖရက်နိုဘယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင်တည်ထောင်ချီးမြှင့်ပေးခဲ့တာလို့လည်း သိကြပါတယ်။ ဒါပေမယ့် အဲဖရက်နိုဘယ်ဆိုတာ ဘာလဲ၊ ကျွန်တော်တို့ ကောင်းကောင်းမသိကြပါဘူး။
အဲဖရက်နိုဘယ်ဆိုတာ ယနေ့ခေတ်လူ ကျွန်တော်တို့အတွက် သူတော်ကောင်းတစ်ယောက်ဖြစ်ပေမယ့် သူ့ခေတ်သူ့အခါက လူတွေအတွက်တော့ သူဟာ ဗီလိန်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။
အဲဖရက်နိုဘယ်ကို ၁၈၃၃ခုနှစ်မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ အဲဖရက်နိုဘယ်ဟာ သားသမီးရှစ်ယောက်ရှိတဲ့ မိသားစုမှာ လေးယောက်မြောက်သားဖြစ်ပါတယ်။
အဲဖရက်နိုဘယ် အသက်ကိုးနှစ်အရွယ်မှာတော့ သူတို့မိသားစုဟာ ဆွီဒင်ကနေ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဲဖရက်ရဲ့ ဖခင်ဖြစ်သူ အီမန်နြူရယ်နိုဘယ်ဟာ တီထွင်သူအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး စိန့်ပီတာစဘတ်မြို့မှာ တော်ပီဒိုထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတာကြောင့်ဖြစ်ပါတယ်။
အဲဖရက်တို့ညီအစ်ကိုတတွေဟာ ရုရှားနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားကလေးတွေဖြစ်နေတာမို့ ရုရှားစာသင်ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနိုင်ကြခြင်းမရှိတဲ့အတွက် အိမ်တွင်းမှာပဲ အိမ်တွင်းပညာရေးကို သင်ယူခဲ့ကြရပါတယ်။ ဆရာတွေကို အိမ်မှာ ခေါ်ယူသင်ကြားစေခဲ့တာပါ။
လာရောက်သင်ကြားပေးတဲ့ ရုရှားဆရာတွေထဲက တစ်ဦးကတော့ ရုရှားပညာရှင်ကြီးဖြစ်ပြီး အော်ဂင်းနစ်ဓာတုဗေဒပညာရပ်ရဲ့ ဖခင်ကြီးလည်းဖြစ်သူ နီကိုလိုင် နီကိုလာရဲဘိခ်ျ ဇီညင်ဖြစ်ပါတယ်။
ဆရာကြီးဟာ အဲဖရက်ရဲ့ ဓာတုဗေဒလက်တွေ့စမ်းသပ်မှုတွေကို စိတ်ဝင်စားလျက်ရှိခြင်းအား တိုးမြင့်လာစေခဲ့ပြီး အဲဖရက်ကို နိုက်ထရိုဂလစ်စရင်းနဲ့ ၄င်းရဲ့ ပေါက်ကွဲနိုင်စွမ်းဂုဏ်သတ္တိတွေအကြောင်း ပြောပြရှင်းလင်းနားလည်စေခဲ့ပါတယ်။
အသက်၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ ဓာတုဗေဒကို စိတ်ဝင်စားသူလူငယ်ကလေး အဲဖရက်ဟာ ဥရောပမှာ ပညာသင်ကြားဖို့ ထွက်လာခဲ့ပါတယ်။ သူဟာ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ အမေရိကန်စတဲ့ တိုင်းပြည်တွေကို လှည့်လည်သွားလာခဲ့ပြီး များစွာသော ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဆည်းပူးခွင့်တွေ ရရှိခဲ့ပါတယ်။
ပညာသင်ကြားခြင်းများ ပြီးဆုံးတဲ့အခါမှာတော့ အဲဖရက်ဟာ ရုရှား၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ သူ့ရဲ့ ဓာတုဗေဒသုတေသနလုပ်ငန်းတွေကို အကောင်အထည်ဖော်ပါတယ်။ အဓိက ကတော့ နိုက်ထရိုဂလစ်စရင်းအကြောင်း လက်တွေ့စမ်းသပ်ခြင်းတွေပါပဲ။ လက်တွေ့စမ်းသပ်မှုတွေဟာ အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းဖြစ်ပေမယ့် အဲဖရက်က မလျှော့သောဇွဲ၊ မြဲမြံတဲ့ လုံ့လနဲ့ အစဉ်တစိုက် လုပ်ကိုင်နေခဲ့ပါတယ်။


များစွာသော စမ်းသပ်လုပ်ကိုင်မှုများအပြီးမှာတော့ အဲဖရက်ဟာ ပေါက်ကွဲအားပြင်းထန်တဲ့ ဒိုင်းနမိုက်ဆိုတဲ့ ပစ္စည်းတစ်မျိုးကို တီထွင်တည်ဆောက်နိုင်လိုက်ပါတော့တယ်။
အဲဖရက်ဟာ ဒိုင်းနမိုက်ကို တီထွင်နိုင်ပြီးတဲ့အခါမှာပဲ ထိုခေတ်က လူ့အဖွဲ့အစည်းဟာ သူ့တီထွင်မှုကို ရန်လိုစွာ၊ မလိုလားစွာ တုန့်ပြန်ခဲ့ကြပါတယ်။
တကယ်တော့ ရထားလမ်း၊ အဝေးပြေးလမ်း၊ လိုဏ်ခေါင်းများနဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေမှာ အဲဖရက်ရဲ့ တီထွင်မှုဟာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ တီထွင်မှုဖြစ်တာမို့ အဲဖရက်ကိုယ်တိုင်ဟာ ဘာကြောင့် လူ့အဖွဲ့အစည်းက မလိုလားသလဲဆိုတာကို အံ့သြနေခဲ့ရှာပါတယ်။
အဲဖရက်ရဲ့ ညီအစ်ကိုတွေဟာ ဒိုင်းနမိုက်ကြောင့် ရုရှားအင်ပါယာအတွင်း ရေနံရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို အဲဖရက်ကိုယ်တိုင်လည်း ဒိုင်းနမိုက်ကြောင့် စီးပွားရေးအရ အောင်မြင်လာခဲ့ပါတယ်။
အဲဖရက်ဟာ ဒိုင်းနမိုက်ထုတ်လုပ်ဖို့ စက်ရုံပေါင်းများစွာကို ကမ္ဘာတစ်ဝှန်းမှာ တည်ထောင်နိုင်ခဲ့ပြီး အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေဟာ အဲဖရက်ရည်မှန်းသလို ခေတ်မီလူ့အဖွဲ့အစည်းတည်ထောင်ရန် လိုအပ်တဲ့နေရာမှာ သုံးကြရုံသာမက အဲဖရက်မမျှော်လင့်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေမှာပါ ထည့်သွင်းအသုံးပြုခြင်း ခံခဲ့ကြရပါတယ်။
ဒိုင်းနမိုက် မပေါ်ပေါက်ခင်က ယမ်းစိမ်းကဲ့သို့သော ရှေးရိုးပေါက်ကွဲပစ္စည်းများကိုသာ အသုံးပြုတဲ့ လက်နက်တွေဟာ တစ်ခါပေါက်ကွဲလျှင် တစ်စုံတစ်ယောက်သာ အထိအခိုက်ရှိနိုင်ခဲ့ပေမယ့် ဒိုင်းနမိုက်ပေါ်ပေါက်လာတဲ့အခါမှာတော့ အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များပါ ပေါ်ပေါက်လာခဲ့ပါတော့တယ်။
သည်လိုနဲ့ ကောင်းတဲ့အကွက်ကို နည်းနည်းပဲမြင်ပြီး မကောင်းတာကိုပဲ များများမြင်တတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း လူထုဟာ အဲဖရက်ကို အမြင်စောင်း၊ မကျေမနပ်ဖြစ်နေကြပါတော့တယ်။
ဒါပေမယ့် အဲဖရက်ဟာ ဒါကို ဂရုမပြုနိုင်သေးဘဲ သူရဲ့လုပ်ငန်းတွေကြားမှာပဲ နစ်မြုပ်နေခဲ့ပါတယ်။
၁၉၈၈ခုနှစ်မှာတော့ အဲဖရက်ရဲ့ ဘ၀ကို အလှည့်အပြောင်းဖြစ်စေမယ့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လို့လာခဲ့ပါတယ်။


အဖြစ်အပျက်က ပြင်သစ်သတင်းစာတစ်စောင်ရဲ့ နာရေးသတင်းတစ်ခုပါ။
နာရေးသတင်းခေါင်းစဉ်ကတော့ သေမင်းတမန်ကုန်သည်ကြီး ကွယ်လွန်ရှာပြီ လို့ဖြစ်ပြီး သတင်းထဲမှာတော့ ဒိုင်းနမိုက်တီထွင်သူ အဲဖရက်နိုဘယ် ကွယ်လွန်ပြီဖြစ်ကြောင်း လွဲမှားစွာ ရေးသားဖော်ပြခဲ့ပါတယ်။
နာရေးသတင်းထဲမှာတော့ အဲဖရက်ကို ဒိုင်းနမိုက်ဘုရင်ကြီး၊ သေမင်းတမန်ကုန်သည်ကြီး၊ သေခြင်းတရားပေါက်ကွဲမှုဖြစ်စဉ်ကုန်သည်ကြီး စသဖြင့် ဂုဏ်ပုဒ်များကို လှိုင်လှိုင်ဖော်ပြရေးသားခဲ့ပါတယ်။
မှားယွင်းမှုစစ်စစ်သော်လည်းကောင်း သို့မဟုတ် အရွဲ့တိုက်ရေးသားခဲ့ခြင်းသော်လည်းကောင်း ဖြစ်နိုင်ပေမယ့် ဘာပဲပြောပြော အမှားကောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
အဲဒီသတင်းကို ဖတ်မိလိုက်တဲ့အခါမှာတော့ အဲဖရက်ဟာ လူထုရဲ့အမြင်မှာ ကမ္ဘာလုံးဆိုင်ရာဗီလိန်ကြီးတစ်ဦးဖြစ်နေပြီဖြစ်ကြောင်း သူ့ကိုယ်သူ သတိထားမိလိုက်ပါတော့တယ်။
အဲဖရက်ဟာ သူ့ရဲ့ တီထွင်မှုအတွက် ၀မ်းနည်းစွာ ခံစားရပြီး သည်အတွက် ကမ္ဘာ့လူထုကို တစ်ခုခု ပြန်ပေးဆပ်ဖို့လဲ စဉ်းစားလိုက်မိပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက် ကမ္ဘာ့သမိုင်းမှာ ဗီလိန်ကြီးတစ်ဦးအဖြစ် မှတ်တမ်းမတင်စေလိုတာလည်း စိတ်ထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အဲဖရက်ဟာ သူ့ရဲ့ ပိုင်ဆိုင်သမျှငွေကြေးများကို ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုးလုပ်ဆောင်သူများကို အသိအမှတ်ပြု၊ ဆုချီးမြှင့်ဖို့ အစီအစဉ်တစ်ခု ချမှတ်ခဲ့ကာ သေတမ်းစာတစ်စောင် ရေးသားပါတော့တယ်။
သည်လိုနဲ့ပဲ ယနေ့အခါမှာ ကျွန်တော်တို့ သိနေတဲ့ နိုဘယ်ဆုနဲ့ နိုဘယ်ဆုချီးမြှင့်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတော့တယ်ခင်ဗျာ။


အဲဖရက်နိုဘယ်နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်အလက်များ
-       - ဆေးလိပ်မသောက်၊ အရက်မကြိုက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ်။
-      -  ဆိတ်ငြိမ်အေးချမ်းသော ဘ၀ပုံစံကို ကြိုက်နှစ်သက်သော်လည်း ဘ၀တစ်လျှောက်လုံး ရှုပ်ထွေးစည်ကားသော မြို့ပြဘ၀တွင်သာ ကျင်လည်ခဲ့ရ။
-     -  မိခင်ဆွီဒင်ဘာသာစကားအပါအ၀င် အင်္ဂလိပ်၊ ရုရှား၊ ဂျာမန်၊ ပြင်သစ် စသော ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်။
-     -  တေးသီချင်း၊ ၀တ္ထုနှင့် ကဗျာလင်္ကာအချို့ ရေးသားသီကုံးခဲ့။


(ဘာသာစကား လက်ချာတစ်ခုကို ဘာသာပြန်ပြီး ဓာတ်ပုံများကို ၀ီကီပီဒီးယားမှ ရယူပါသည်။)

Monday, October 22, 2012

ပန်းချီတော် ဆရာချုံ


ကုန်းဘောင်ခေတ်မှာ မြန်မာ့ ပန်းချီပညာသည်တွေဟာ အစုအစည်း တစ်ရပ် အနေနဲ့ မြန်မာ့နန်းတွင်းကို ဝင်ရောက်လာပြီး နန်းတွင်း ဓလေ့တွေကို မှတ်တမ်းတင် ရေးဆွဲခဲ့ကြရာက စလို့ “ပန်းချီတော်” ဆိုတဲ့ ဝေါဟာရဟာ စတင် ပေါ်ပေါက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 
ပန်းချီတော် များထဲမှာ ဦးကြာညွန့်၊ ဆရာစာ နဲ့ ဆရာချုံ တို့ဟာ ထင်ရှားခဲ့ပါတယ်။ 
အင်္ဂလိပ် – မြန်မာ ဒုတိယ စစ်ပွဲ ဖြစ်ပွားပြီးနောက် ၁၈၆၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ မြင်ကွန်းမြင်းခုံတိုင် ညီနောင်တို့က မင်းတုန်းမင်းကြီးကို ပုန်ကန်ခြားနားတဲ့ အရေး အခင်းကြောင့် ရပ်သူရွာသားတွေ ဟိုရွှေ့ဒီပြောင်း ပုန်းရှောင် နေရတဲ့ ကာလမှာ မောင်ချုံကို ဖွားမြင်ခဲ့ပါတယ်။ ချုံတော၊ ယာတော အတွင်းမှာ ပုန်းလျှိုးရင်း မွေးဖွားလာခဲ့ရတဲ့အတွက် ပထမ အစမှာ မောင်ယာချုံ လို့ အမည်ပေးခဲ့ပါတယ်။ နောက်တော့ မောင်စံချုံ၊ နောက်ပိုင်းမှာတော့ မောင်ချုံ ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ 
မောင်ချုံဟာ ငယ်စဉ်ကတည်းက ပန်းချီကို အားသန်ခဲ့ပြီး အသက် (၁၄) နှစ်သား အရွယ်မှာတော့ ပန်းချီတော် ဦးကြာညွန့်ရဲ့သား ဆရာစာ ထံမှာ တပည့်ခံရင်းနဲ့ ပန်းချီပညာကို လေ့လာခဲ့ပါတယ်။ 
မင်းတုန်းမင်းလက်ထက်မှာ အမှုထမ်းခဲ့တဲ့ ပန်းချီတော် ဦးကြာညွန့်ဟာ ခရစ် ၁၈၇၈ ခုနှစ်၊ သီပေါမင်း နန်းတက်အပြီး နှစ်နှစ်ခန့် အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် သီပေါမင်းက ဦးကြာညွန့်ရဲ့သားဖြစ်သူ ဆရာစာကို ဆက်လက် ခန့်အပ်ခဲ့ပါတယ်။ ဆရာစာ မျက်စိကွယ်ပြီး အနားယူရတဲ့အခါမှာ ဆရာချုံ ပန်းချီတော်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ 
ခရစ် ၁၈၈၃ ခုနှစ်မှာ ပန်းချီတော် ဖြစ်လာတဲ့ ဆရာချုံဟာ အသက် (၁၇) နှစ်သား အရွယ်မှာပဲ နန်းတွင်းပန်းချီတော် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 
ဒါနဲ့ ဆက်စပ်ပြီး မြန်မာစာပေလောကမှာ ဦးသြ (စိန္တကျော်သူ) ဟာလည်း အလောင်းမင်းတရားကြီး လက်ထက် မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ် အသက် (၁၇) နှစ်သား အရွယ်မှာပဲ နန်းတွင်း စာဆိုတော် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ 
ဆရာချုံ ပန်းချီတော် ဖြစ်ခဲ့တဲ့ အချိန်တုန်းက နန်းတွင်းမှာ အီတာလျံ ပန်းချီဆရာ နှစ်ဦးကိုလည်း ခေတ္တ ခန့်အပ် ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဆရာချုံဟာ အဲ့ဒီ အီတာလျံ ပန်းချီဆရာတွေနဲ့ ပန်းချီပညာချင်း ဖလှယ်ခွင့် ရခဲ့ပါတယ်။ 
ပန်းချီတော်အဖြစ် အမှုထမ်းရာမှာ လစာတော်ငွေ အဖြစ် (၃၅) ကျပ် ရရှိတယ်လို့ ဆိုပါတယ်။ 
ဆရာချုံ နန်းတွင်းကို ပန်းချီတော်အဖြစ် ရောက်ရှိခဲ့တဲ့ အချိန်မှာ ပုံတူ ရေးခြယ်မှု ခေတ်စားလျက် ရှိတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဦးကြာညွန့် သက်ရှိထင်ရှား ရှိစဉ်က ကြိုးစား ရေးခြယ်ခဲ့တဲ့ ပုံတူ ရေးခြယ် နည်းစနစ်ဟာ အရှိန်ရစ ပြုလာတဲ့ အချိန်လို့ ဆိုနိုင်ပါတယ်။ ခဲ၊ ဆေးရောင်စုံတွေနဲ့ မင်း၊ မှူးမတ်တို့ရဲ့ ပုံတူကို ရေးခြယ်လာခဲ့ရာမှာ ရေးရိုးရေးစဉ် မြန်မာ့ပန်းချီမှာ ပုံတူ ရေးခြယ်ခြင်း နည်းဟာ တစ်ကဏ္ဍအဖြစ် သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ 
ဆရာချုံတို့ခေတ်က ပုရပိုက် ပန်းချီတွေသာမက ပိတ်၊ စက္ကူနဲ့ ပိုးဖဲ စတဲ့ ဖျင်များပေါ်မှာ ဆင်ရုပ် ရေးခြယ်မှု ခေတ်စားခဲ့ပါတယ်။ ဆင်ရုပ်ပုံကို အလှအပ အတွက် သာမက စေ့စပ် လမ်းကြောင်းပြုတဲ့ အခါမှာလည်း သားရှင်က သမီးရှင်ထံ ဆင်ရုပ်ပန်းချီကားကို လက်ဆောင်အဖြစ် ပေးပို့လေ့ ရှိပါတယ်။ အဓိပ္ပါယ်ကတော့ ဆင်လို ကြံ့ကြံ့ခိုင်ပြီး ထားတဲ့ ကတိကို တည်ပါမည် ဆိုတဲ့ အကြောင်းပါပဲ။ 


ကနုတ်၊ နာရီ၊ ကပီ၊ ကဇာ လို့ ခေါ်တဲ့ ရှေးရိုးမြန်မာပန်းချီ လေးမျိုး လေးစား ရှိရာမှာ ဂဇာလို့ ခေါ်တဲ့ ဆင်ရုပ် ရေးနည်း ရေးဟန်ဟာ ရှေးမြန်မာ ပန်းချီဆရာတွေ တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့တဲ့ လေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ 
တရုတ်နဲ့ ဂျပန် ပန်းချီနယ်ပယ်မှာ ၁၄ ရာစု နောက်ပိုင်းကစပြီး ထွန်းကားလာခဲ့တဲ့ အနီးအဝေး ရေးဆွဲနည်း စနစ်ကို ရှေးမြန်မာ ပန်းချီ၊ ပန်းပု ဆရာကြီးတွေက “နတ်ကြည့်” ရေးနည်းလို့ ခေါ်ဝေါ်ကြပြီး အဲ့ဒီ ရေးနည်းကို ၁၈ ရာစု မြန်မာ ပန်းချီလောကမှာ ကြိုကြားကြိုကြား တွေ့မြင်လာခဲ့ရပါတယ်။ 
ဒီလက်ရာတွေကို ပန်းချီတော် ဦးကြာညွန့်ရဲ့ လက်ရာ ပုရပိုက် ပန်းချီတွေမှာ အများဆုံး တွေ့မြင်ရပြီး ဆရာစာ၊ ဆရာချုံ တို့က ဆက်လက် ကြိုးပမ်း ခဲ့ရာမှာ တစ်စတစ်စ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ 
မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ ပါတော်မူတဲ့ နေ့ကို ဆရာချုံတစ်ယောက် မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ 
ဒီကာလမှာ ဆရာချုံဟာ ဟိုပြောင်းဒီပြောင်းနဲ့ ပြောင်းရွှေ့နေထိုင် ခဲ့ရပါတယ်။ ဇနီးသည်လည်း ဆုံးခဲ့သလို၊ လူမမယ် သားနှစ်ယောက်နဲ့ သမီးနှစ်ယောက်ရဲ့ ဝန်ကိုလည်း ခက်ခက်ခဲခဲ ထမ်းခဲ့ရပါတယ်။ အင်္ဂလိပ်တွေက ဆရာချုံကို မသင်္ကာမှုနဲ့ ထောင် (၃) လ ချခဲ့ပါတယ်။ 
ဒီနောက်မှာ ကာနယ်ဆလေဒင် က ဆရာချုံရဲ့ ပန်းချီပညာကို နှစ်သက်တဲ့အတွက် သူ့ထံမှာ အမှုထမ်းဖို့ ခေါ်ခဲ့ဖူးပေမယ့်လည်း ဆရာချုံဟာ တိုင်းတစ်ပါးတို့ရဲ့ လက်အောက်မှာ အမှုမထမ်းဘူး ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မလုပ်ခဲ့ပါဘူး။ 
သူ့ကျွန်ဘဝ ပါတကားဟု တွေးတော သုံးသပ်ရင်း ဆရာချုံဟာ နောက်လာနောက်သားများ အမှတ်တရနှင့် ဇာတိမာန် တက်စိမ့်သောငှာ အရှင်နှစ်ပါး ပါတော်မူပုံကို ရေးဆွဲခဲ့ပါတယ်။ လယ်ထွန်မင်္ဂလာ သဘင်ကိုလည်း ပြန်လည် ရေးဆွဲခဲ့တယ်။ နန်းတွင်း မင်း၊ မှူးမတ်တို့ သွားလာ နေထိုင်ခဲ့ကြပုံတွေကိုလည်း ခြယ်မှုန်းခဲ့တယ်။ ဒါပေမယ့် ဝယ်မယ့်လူ မရှိ၊ ချီးမြှောက်မယ့်လူ မရှိခဲ့။ 
နောက်ပိုင်း ဆရာချုံဟာ ပိတ်တွေကို လက်မ ၂၀ ပတ်လည်အရွယ် ပိုင်းဖြတ်လို့ သစ်သားနဲ့ ဘောင်ကျက် ပြုလုပ်ပြီး ပုံတူရှုခင်း၊ နန်းမြို့ရိုး ဘုရားပုထိုးနဲ့ ဇာတ်နိပါတ်တွေကို ရေးခြယ်ခဲ့ပါတယ်။ ပန်းချီကား နှစ်ဆယ် အစိတ်လောက် စုမိတဲ့အခါ ဘုန်းကြီးပျံ၊ ဘတော်ပျံ၊ မယ်တော်ပျံ ပွဲတွေမှာ ချိတ်ဆွဲပြီး ပြသ ရောင်းချခဲ့တယ်။ 
၁၉၀၀ ပြည့်နှစ်လောက်မှာ ဆရာချုံဟာ အဲ့ဒီလို တီထွင် ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံမှာ ပထမဆုံး ပြသတဲ့ ပန်းချီပြပွဲလို့ ဆိုနိုင်မလားပဲ။ 
၁၉၁၁ ခုနှစ် နောက်ပိုင်းမှာ ဆရာချုံဟာ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘုန်းကြီးလမ်းနဲ့ ကျုံးကြီး လမ်းထောင့်က နှစ်ထပ် ပျဉ်ထောင်အိမ် လေးခန်းတွဲမှာ ငှားရမ်း နေထိုင် ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာ ကျားသူဌေးနဲ့ တွေ့ဆုံပြီး နောက်မှာတော့ နေရေး စားရေးအတွက် ပူစရာ မလိုတော့ဘူးလို့ သိရပါတယ်။
ပန်းချီတော် ဆရာချုံ
ရေးသူ – ဦးမင်းနိုင်
credit to မဟာရာဇာအံစာတုံး(The Mandalay Gazette)
စာအုပ်ဒေါင်းရန်
ဝန်ခံချက်
ကျွန်တော် ဘလော့စရေးကတည်းက ခံယူချက်တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ copy/paste လုပ်ခြင်းကို လက်ရှောင်မယ်ဆိုတာပါပဲ။ ဘာလို့ မလုပ်ချင်သလဲ၊ အကြောင်းရှိပါတယ်။
(၁) ကိုယ်တိုင်ဖန်တီးထားတဲ့သူကို အားနာလို့ပါ၊ သူ့ရဲ့ ကိုယ်စွမ်း၊ဥာဏ်စွမ်းနဲ့ ဖန်တီးထားတဲ့ အရာတစ်ခုကို ကျွန်တော်က ယူသုံးလိုက်တာ သူ့ကို မလေးစားရာ ရောက်တယ်၊ ဦးနှောက်ဖောက်စားရာ ရောက်တယ်လို့ ယူဆလို့ပါ။
(၂) copy/paste တွေချည်းလုပ်နေမယ်ဆိုရင် အသစ်၊ အသစ်သော အရာတွေကို မတွေ့ရတော့ဘဲ အဟောင်းပဲ တလည်လည်ဖြစ်နေမှာမို့ အသစ်တွေကို ဖန်တီးရေးသားချင်ခဲ့တာပါ။
အခုတော့ ခံယူချက်ပြောင်းရပါတော့မယ်။
ကျွန်တော်ဟာ သမိုင်းတွေကို စိတ်ဝင်စားသူဖြစ်ပါတယ်။
သမိုင်းအကြောင်းတွေကို အများကြီးရေးချင်ပါတယ်။ ဒါပေမယ့် အခုလို တွေးအား၊ ရေးအား၊ ဖတ်အား မသန်နိုင်သေးတဲ့အချိန်မှာ သမိုင်းကြောင်းကို လုံးဝထိမရဖြစ်နေပါတယ်။
သမိုင်းသမားမဟုတ်တော့ တစ်ပုဒ်ရေးချင်၊ အများကြီးဖတ်ရမယ်လေ။
ရေးလဲ ရေးချင်၊ သိလဲ သိချင်၊ တင်လဲ တင်ချင်၊ လုပ်က မလုပ်နိုင်ဖြစ်နေတာမို့ အခုတော့ သမိုင်းအကြောင်းတွေကို ကိုယ်တိုင်မရေးနိုင်ခင်စပ်ကြား ဒီလိုပဲ copy/pasteလေး လုပ်ပါစေလို့....
copy/paste လုပ်တိုင်းမှာ creditကို သေသေချာချာလေး ပေးသွားပါ့မယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

Friday, October 19, 2012

မြန်မာ့ရိုးရာ စကားထာများ (၄)

(၁) အမေး။   ။ ကန်ထဲမှာရေ၊ ရေထဲမှာ မြွေ၊ မြွေခေါင်းမှာ ရွှေ။
     အဖြေ။   ။ ဆီမီးခွက်။
(၂) အမေး။   ။ အညာက ဆင်ဖြူ၊ အမွှေးထူ။
     အဖြေ။   ။ ကြက်သွန်ဖြူ။
(၃) အမေး။   ။ ဖူးခနဲ ထောင်၊ ဖောင်ခနဲ လဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။
     အဖြေ။   ။ ငှက်ပျောဖူး။
(၄) အမေး။   ။ သူ့အပင်နွဲ့နှောင်း၊ မတက်ကောင်း၊ စားကောင်းပါရဲ့၊ ဖူးတံနဲ့။
     အဖြေ။   ။ ပြောင်းဖူး။
(၅) အမေး။   ။ ပ၀ါခြုံ လုံပါ၏၊ ဆံမြိတ်ချ လှပါ၏၊ ကျောက်တန်းစီ ညီပါ၏။
     အဖြေ။   ။ ပြောင်းဖူး။

Wednesday, October 17, 2012

ဖိတ်ခေါ်ပြီ (2013 Myanmar Sea Games song)



တေးဆို- R ဇာနည်၊ L ဆိုင်းဇီ, Vocal- R Zarni, L Saizi
တေးရေး- ဆလိုင်း, Composer - Salai
Band- Lazy Club
Music Producer - ဇ၀ါ (Zawar)

Tuesday, October 16, 2012

101 Romantic Ideas (4)

(14) သင် ချစ်သောသူဟာ သင့်အခန်း၊ ဒါမှမဟုတ်၊ သင့်အိမ် သို့ လာလေ့ရှိပါသလား...။
လာလေ့ လာထ မရှိလျှင်လည်း တစ်နေရာရာသို့ ချိန်းလိုက်ပါ...။
သူလာတဲ့အခါမှာ သင့်ကို အရင် မတွေ့သေးစေဘဲ ရိုးတံရှည်ရှည် နှင်းဆီတစ်ပွင့်နဲ့ စာကဒ်တစ်ခုကို အရင်တွေ့အောင် လုပ်ပေးထားပါ။
ကဒ်ကလေးပေါ်မှာ ရေးရမှာကတော့...
Thank you for coming
into my life. လို့ စာကြောင်းလေးကို နည်းနည်းလေးခွာပြီး ရေးထားလိုက်ပါနော်...
(15) သင် ချစ်သောသူ နက်ဖြန် အလုပ် အသစ် စ ၀င်မှာဖြစ်ဖြစ်၊ ဒါမှမဟုတ် အင်တာဗျူးသွားဖြေမှာဖြစ်ဖြစ်၊ စာမေးပွဲတစ်ခုခု ဖြေမှာပဲ ဖြစ်ဖြစ်ပေါ့... သင် ဒီနေ့မှာ သူ့ကို စီဒီတစ်ချပ် လက်ဆောင်ပေးလိုက်ပါ...
အဲဒီထဲမှာ သီချင်းတစ်ချို့ ထည့်ပေးပါ...
ဥပမာဆိုပါတော့... အင်္ဂလိပ်သီချင်း I have confidence ဆိုတဲ့ သီချင်းမျိုးပေါ့...
သီချင်းအားလုံးအဆုံးမှာတော့ သင့်အသံလေးပါ ထည့်ပေးလိုက်ပါ...
ဥပမာ
" ကံကောင်းပါစေချစ်သူ၊ မင်းအောင်မြင်အောင် လုပ်နိုင်မယ်ဆိုတာ ငါယုံကြည်ပါတယ်ကွယ်..." သည်လို အဓိပ္ပါယ်ရမယ့် စာသားမျိုးပေါ့။
သင်ဟာ သင်ချစ်သောသူအတွက် လိုအပ်ချိန်မှာ အားအင်တွေ၊ ယုံကြည်မှုတွေ ပေးဖို့ အဆင့်သင့်ဖြစ်ကြောင်း ပြသရာလည်း ရောက်ပါတယ်နော်။
(16) အလှဆင်ထားတဲ့ လက်ဆောင်ဗူးလေး တစ်ခုလောက် ၀ယ်လိုက်ပါ...
ပြီးရင် ရောင်စုံတစ်ရှုးစက္ကူငယ်လေးတွေ၊ နောက် ခန္ဓာကိုယ်ကို နှိပ်နယ်တဲ့အခါသုံးတဲ့ massage oil ဆီမွှေး နည်းနည်းလောက်ရယ်၊ စာရေးဖို့ ကဒ်လေးတစ်ခုရယ်ကိုလည်း ရှာလိုက်ပေါ့...။
ပြီးရင် ရောင်စုံတစ်ရှုးလေးတွေမှာ ဆီမွှေးလေးဆွတ်၊ ပြီးရင် ကဒ်ကလေးမှာ စာရေး၊ ကဒ်ကို အောက်ဆုံးမှာထားပြီး ရောင်စုံတစ်ရှုးလေးတွေကို အပေါ်က ဖုံးထား၊ ပြီးရင်တော့ ဗူးလေးကို သေချာပိတ်၊ သင် ချစ်သောသူ အလုပ်က ပြန်လာတဲ့အခါ ကမ်းပေးလိုက်ပါ...။
ကဒ်ကလေးထဲမှာ ရေးရမယ့် စာကတော့...
" အချစ်ရေ... ပင်ပန်းလာပြီလားကွယ်... (ကိုယ်/ချစ်) အကောင်းဆုံး အနှိပ်ဆရာတစ်ယောက် တွေ့ထားတယ်သိလား... သည်ဖုန်းနံပါတ်လေးကို ဆက်လိုက်နော် - (09-(သင့်ရဲ့ဖုန်းနံပါတ်)..."
သူသာ ဒီစာလေးကို ဖတ်မိလို့ကတော့ သင်အနေနဲ့ သင်ချစ်သောသူရဲ့ အပြုံးလေးကို မြင်ရဖို့ ၉၀ရာခိုင်နှုန်းသေချာကြောင်းပါဗျာ...

by Michael Webb

Saturday, October 13, 2012

ဗုဒ္ဓဘာသာနိုင်ငံများရဲ့ အဝေးဆုံးက ဗုဒ္ဓဘာသာပြည်ထောင်တစ်ခု (သို့မဟုတ်) Republic of Kalmykia

မိတ်ဆွေ... သင်ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါသလား...။
သည်လိုဆိုရင်တော့ သင်နဲ့ အဝေးဆုံးမှာ သင့်ရဲ့ အနီးဆုံးမိတ်ဆွေတွေ ရှိနေတယ်ဆိုတာ သင် သိသင့်ပါတယ်။
သိရင်လဲ သိပါလိမ့်မယ်။ မသိရင်လဲ မသိဘူး။ မသိဖို့ များတယ်။ အရိုးသားဆုံးဝန်ခံရရင် လွန်ခဲ့သော တစ်လလောက်က ကျွန်တော်လဲ မသိခဲ့တာ အမှန်ပါဗျာ...။
Republic of Kalmykia တဲ့... မြန်မာလိုဆိုရင်တော့ ကာလ်မီးကီယာပြည်ပေါ့...
ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာ့ဘာသာကြီးတွေထဲက တစ်ခုလေ... ဒါကြောင့် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာတိုင်းပြည်တွေရှိနေတာ ဆန်းကြယ်ခြင်းတစ်ခုတော့ မဟုတ်ပေဘူး။
သို့သော် ကာလ်မီးကီယာပြည်ရဲ့ တည်နေပုံ ပထ၀ီအနေအထားကို သင် မြင်လိုက်ရင်ဖြင့် သင့်စိတ်ထဲ ထူးဆန်းအံ့သြသွားမှာ သေချာပါတယ်... ဒါ့အပြင် ကာလ်မီးကီယာပြည်သူပြည်သားတွေရဲ့ မိမိတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာတရားအပေါ်ထားရှိတဲ့ ခိုင်မာမြဲမြံလှတဲ့ စိတ်သဘောထားများကိုလည်း သင် ချီးကျူးမိပေလိမ့်မယ်။
ကဲ သူ့ရဲ့ တည်နေရာ အနေအထားလေး တစ်ချက်လောက် ကြည့်လိုက်ကြရအောင်...။
ဒါကတော့ အကျယ်ချဲ့ထားတဲ့ မြေပုံပါ...
ကာလ်မီးကီယာပြည်ရဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်ပါ... ခရစ်ယာန်ဒေသတွေနဲ့ မွတ်စလင်ဒေသတွေကြားမှာ သူသာလျှင် ထီးတည်း ဗုဒ္ဓသာသနာနယ်မြေအဖြစ် ရပ်တည်နေရတာ တွေ့နိုင်ပါတယ်။
ကမ္ဘာ့မြေပုံမှာ ရှာကြည့်လိုက်ပါ... သည်နယ်မြေနဲ့ အနီးဆုံးနိုင်ငံတွေဟာ အစ္စလာမ်နိုင်ငံတွေဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။
သည်နယ်မြေနဲ့ အနီးဆုံးဆိုတဲ့ ဗုဒ္ဓဘာသာနိုင်ငံတောင် မိုင်ပေါင်းထောင်ချီ ဝေးပါလိမ့်မယ်။
ကာလ်မီးကီယာပြည်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံထဲက ပြည်ထောင်တစ်ခုပါ။
တလက်စတည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြောင်းကို ရှင်းပြရမယ်ထင်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဟာ နှစ်ခုလုံး ဖက်ဒရယ်ပြည်ထောင်စုတွေဖြစ်ပေမယ့် ဖွဲ့စည်းပုံချင်းမတူပါဘူး။
အမေရိကန်ပြည်ထောင်စုဟာ နယ်မြေခံတိုင်းရင်းသားများ သတ်သတ်မှတ်မှတ်မရှိဘဲ ပြည်နယ်ငါးဆယ်ခွဲကာ ဖက်ဒရယ်ပြည်ထောင်စုလုပ်ထားတာ ဖြစ်ပါတယ်။
အားလုံးဟာ ပြည်နယ်တွေ ဖြစ်ပါတယ်... ပြည်ထောင်တွေ မဟုတ်ကြပါ... Republic မဟုတ်ကြပါ။
ရုရှားဖွဲ့စည်းပုံကတော့ ပြည်နယ်များနဲ့ ဖွဲ့စည်းပုံမဟုတ်ပါ... ရုရှားမှာ ပြည်နယ်ဆိုတာ လုံးဝမရှိပါဘူး။
Regionတွေနဲ့သာ ဖွဲ့စည်းပါတယ်... ကျွန်တော့်အထင် ပြည်ထောင်စုမြန်မာနိုင်ငံမှာလိုဆိုရင်တော့ တိုင်းဒေသကြီးများပုံစံနဲ့ ဆင်တူပါလိမ့်မယ်။
နယ်မြေခံတိုင်းရင်းသားပေါင်းများစွာ မှီတင်းနေထိုင်ကြတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးမို့ ရုရှားဖွဲ့စည်းပုံကလဲ ရှုပ်ထွေးလွန်းပါတယ်... ကျွန်တော်နိုင်ငံရေးသမား မဟုတ်လို့ နားမလည်ပါ။
ဝီကီပီဒီယားမှာတော့ ခုလို ရေးထားပါတယ်။
21 Republic ( ၂၁ပြည်ထောင် သို့မဟုတ် ၂၁နိုင်ငံ)
9 edges (နယ်ခြားဒေသ ၉ခု)
46 areas ( ဒေသကြီး ၄၆ခု)
2 federal cities ( ပြည်ထောင်စုအစိုးရ အုပ်ချုပ်နယ်မြေမြို့တော် ၂ခု - ယနေ့ မြန်မာနိုင်ငံမှ နေပြည်တော်ကောင်စီနယ်မြေကဲ့သို့ ထင်ပါတယ်)
1 autonomous region ( ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီး ၁ခု - ယနေ့ မြန်မာနိုင်ငံမှ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကဲ့သို့ ထင်ပါတယ်)
4 autonomous districts ( ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၄ခု - ယနေ့ မြန်မာနိုင်ငံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကဲ့သို့ ထင်ပါတယ်။)
စတဲ့ တိုင်းဒေသကြီးတွေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ကာလ်မီးကီယာပြည်ဟာ ရုရှားပြည်ထောင်စုထဲက နိုင်ငံ သို့မဟုတ် ပြည်ထောင်တစ်ခုပါပဲ။
မြန်မာနိုင်ငံမှ ပြည်နယ်များလိုပဲ ပြည်နယ်အစိုးရရှိပါတယ်... ပြည်နယ်ဝန်ကြီးချုပ်ရှိပါတယ်... သို့သော် ဗဟိုအစိုးရရဲ့ လက်အောက်ကတော့ လွတ်သွားတာ မဟုတ်ပါဘူး။
ကာလ်မီးကီယာပြည်ရဲ့ ဘာသာရေးကတော့ တိဘက်တန်ဗုဒ္ဓဘာသာပါ... မဟာယာနဗုဒ္ဓဘာသာလို့ပဲ ဆိုကြပါစို့။
လူဦးရေ သုံးသိန်းနီးပါးရှိပြီး ပြည်နယ်ရဲ့ အဓိကဘာသာတရားဟာ ဗုဒ္ဓဘာသာအဖြစ် တရားဝင်သတ်မှတ်ထားပါတယ်။ (ရုရှားနိုင်ငံမှာ ဒေသခံတိုင်းရင်းသားဗုဒ္ဓဘာသာဝင် တစ်သန်းကျော်၊ အစ္စလာမ်ဘာသာဝင်၁၂သန်းကျော်နဲ့ ကျန်တာကတော့ ခရစ်ယာန်ဘာသာဝင်တွေပါ)
ဒါကတော့ ကာလ်မီးကီယာပြည်ရဲ့ အထင်ကရ Golden Temple Elista - အယ်လစ်စတာ ရွှေကျောင်းတော်ပါ။
နောက်ထပ်ဗုဒ္ဓဘာသာပြည်ထောင်တွေ ရုရှားနိုင်ငံမှာ ရှိသေးပေမယ့် မွန်ဂိုလီးယားနဲ့ ကပ်နေတာမို့ သိပ်မအံ့သြမိပေမယ့် ဒီ ကာလ်မီးကီယာပြည်ကတော့ ခရစ်ယာန်နဲ့ အစ္စလာမ်နယ်မြေများကြားက တစ်ခုတည်းသော ဗုဒ္ဓသာသနာနယ်မြေမို့ အံ့သြချီးကျူးမိတာပါ။
ကာလ်မီးကီယာပြည်သူပြည်သား ကာလ်မီးခ်လူမျိုးတွေဟာ သူတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာတရားကို မြတ်နိုးတန်ဖိုးထားပြီး ဂုဏ်လဲယူကြပါတယ်။
သူတို့ရဲ့ ၀န်ကြီးချုပ် လုဒမီလာ အီဗန်နိုဗာကိုယ်တိုင် သူမရဲ့ ရုံးခန်းမှာ ဗုဒ္ဓဘုရားစင်ကို ဂုဏ်ယူစွာ ထားရှိထားပါတယ်။
ဒါကတော့ ကာလ်မီးကီယာပြည်ရဲ့ အလံပါ။
ဒါကတော့ ကာလ်မီးကီယာပြည်ရဲ့ အထိမ်းအမှတ် အမှတ်အသားပါ။
ကာလ်မီးကီယာပြည်နဲ့ အနီးစပ်ဆုံး ဆက်ဆံတဲ့ ဗုဒ္ဓဘာသာပြည်ကတော့ တိဘက်ပဲ ဖြစ်ပါတယ်။
တိဘက်လိုပဲ ကာလ်မီးကီယာပြည်မှာ လာမားဘုန်းတော်ကြီးတွေ အများအပြားရှိပါတယ်။
ဒါကတော့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နဲ့ ကာလ်မီးကီယာမှ လာမားဘုန်းတော်ကြီးတွေနဲ့ ရွှေကျောင်းတော်အယ်လစ်စတာမှာ အမှတ်တရရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
ကာလ်မီးကီယာလို နယ်မြေမှာ ဗုဒ္ဓသာသနာကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ကြတဲ့ သာသနာအပေါ် ထားရှိသော စိတ်ဓာတ် ခိုင်မာမြဲမြံတဲ့ ကာလ်မီးခ်လူမျိုးတွေကိုတော့ ကျွန်တော် အရမ်းလေးစားမိပါတယ်။
သူတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းဟာ ခက်ခဲကြမ်းတမ်းလွန်းသလို ပထ၀ီအနေအထားအရလည်း ဗုဒ္ဓသာသနာဟာ ဒီလိုနယ်မြေမျိုးမှာ အလွယ်တကူကို ကွယ်ပျောက်သွားနိုင်တာပါ။
ရောက်ရာအရပ်မှာ လူအား၊ ငွေအားနဲ့ စွမ်းစွမ်းတမံ သာသနာပြုလေ့ ရှိကြတဲ့ ခရစ်ယာန်သာသနာနဲ့ မူရင်းဗုဒ္ဓဘာသာနိုင်ငံတွေ ဖြစ်ကြတဲ့ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေကို အစ္စလာမ်နိုင်ငံများ ဖြစ်သွားစေခဲ့တဲ့ အစ္စလာမ်သာသနာတွေအကြား ယနေ့အချိန်ထိ ကြံ့ကြံ့ခံကာ ဗုဒ္ဓသာသနာကို အဆင့်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့ သည်ကာလ်မီးခ်လူမျိုး ဗုဒ္ဓသာသနာဘုန်းတော်ကြီးတွေနဲ့ ကာလ်မီးခ်လူမျိုး ဗုဒ္ဓသာသနာဒကာ၊ ဒကာမများအကြောင်း သိရတဲ့အခါမှာ သူတို့ရဲ့ စိတ်ဓာတ်များကို ကျွန်တော်တို့တတွေ အတုယူသင့်ကြောင်း တွေးနေမိရင်း လေးစားလွန်းလို့ ရုရှားဘာသာစကားနဲ့ " Уважаемые Калмыки " " လေးစားအပ်ပါသော ကာလ်မီးခ်လူမျိုးများ၊ ကာလ်မီးကီယာပြည်သူပြည်သားများ" လို့သာ ရေရွတ် ဦးညွတ်အလေးပြုမိပါတော့တယ်ခင်ဗျာ။


ကိုးကား
(၁) Kalmykia - Wikipedia
(၂) The federal structure of Russia
(၃) www.kalmregion.ru
(၄) http://savetibet.ru
(၅) www.aquaexpert.ru
(၆) www.answers.com

Tuesday, October 9, 2012

101 Romantic Ideas (3)

(9)  ရာသီဥတုသာယာတဲ့ တစ်နေ့နေ့မှာ သင့်ချစ်သူကို ခေါ်ပြီး တိတ်ဆိတ်ငြိမ်သက်ပြီး စိမ်းလန်းတဲ့ မြက်ခင်းပြင် ဒါမှမဟုတ် တောင်ကုန်းလေးတစ်ကုန်းပေါ်မှာ အပန်းဖြေသင့်တယ်။ အဲဒီနေရာဟာ ပန်းခြံလဲ ဖြစ်ချင်ဖြစ်မှာပေါ့။
မြက်ခင်းပြင်ပေါ် နှစ်ယောက်အတူတူ လှဲအိပ်ပြီး ကောင်းကင်ပြင်က တိမ်တွေကို ကြည့်လိုက်ပါ.. လေနဲ့အတူ လွင့်ပါးနေကြတဲ့ တိမ်တွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းနေတာမို့ သင်နဲ့ သင်ချစ်သူနဲ့ တိမ်ထဲမှာ ကွယ်ဝှက်ထားတဲ့ ပုံသဏ္ဍာန်လေးတွေကို လိုက်လံဖော်ထုတ်ရင်း ပျော်ရွှင်ဖွယ် အချိန်ကုန်ဆုံးသင့်တယ်နော်...

(10) အရမ်းလွယ်ပြီး ချစ်ဖို့ကောင်းတဲ့ လက်ဆောင်တစ်ခု လုပ်ကြရအောင်ဗျာ။
ခဲတံနဲ့ စာရွက်တစ်ရွက်လောက်ယူလိုက်.. ပြီးရင် စာရွက်ပေါ်မှာ ကလေးတွေ ဆွဲသလို တုတ်ချောင်းလေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် လက်တွဲထားတဲ့ ချစ်သူနှစ်ဦးပုံ ဆွဲလိုက်

ပါ..
ပြီးတဲ့အခါ အဲဒီ တုတ်ချောင်းချစ်သူလေးနှစ်ယောက်ရဲ့ဘေးမှာ သင်နဲ့ သင့်ချစ်သူရဲ့ နာမည်ကို ရေးလိုက်... I love you လို့ အထဲမှာ ရေးထားတဲ့ အသည်းပုံလေးပါ ထည့်ဆွဲလိုက်နော်...
အားလုံး ပြီးစီးသွားတဲ့အခါမှာတော့ စာအိတ်တစ်အိတ်ယူ သင့်ချစ်သူ အလုပ်လုပ်နေရာကို လိပ်မူပြီး စာထည့်လိုက်ပေတော့...
အလုပ်ရှုပ်ပြီး စိတ်ရှုပ်နေတဲ့ သင့်ချစ်သူကို စိတ်အင်အား တစ်စုံတစ်ရာ ပေးစွမ်းနိုင်ပါလိမ့်မယ်နော်...
(13) သင်နဲ့ သင့်ချစ်သူ ပန်းခြံတော့ ရောက်ဖြစ်ကြမှာပါနော်...
ကလေးကစားကွင်းဖြစ်ဖြစ်၊ ပန်းခြံဖြစ်ဖြစ်ပါ... အဲဒီမှာ ဒန်းကို တွေ့ရင်တော့ သင့်ချစ်သူကို ဒန်းပေါ်မှာ ထိုင်ခိုင်းပြီး သင်က ဒန်းလွှဲပေးလိုက်ပါ...
ဒန်းစီးရတာ ဒန်းလွှဲရတာ ပျော်ဖို့ကောင်းမှာ ဖြစ်သလို ငယ်ငယ်တုန်းက ပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ပြန်ပြီး အမှတ်ရနေမှာကလည်း ပိုပြီးတော့ ပီတိဖြစ်စရာ ကောင်းပါသေးတယ်လေ...
by Michael Webb

စာလာဖတ်တဲ့ အစ်ကိုတွေ၊ အစ်မတွေကို စေ့စပ်သေချာမှုရှိမရှိ စမ်းသပ်မယ်ဗျို့.....
အခုတင်ထားတဲ့ စာတွေမှာ နံပါတ်တွေ ကျော်ထားတာ သတိထားမိသလား.....
အမယ်.. အမယ်... ဘာအခုမှ ပြာပြာသလဲ လိုက်ရှာတာလဲ... :P
တကယ် မပါတာပါခင်ဗျာ... ဟီးးးးး
တချို့အချက်တွေက လိုက်လုပ်လို့ မလွယ်တာလေးတွေ ပါနေတာမို့ ကျွန်တော် နံပါတ်စဉ်တွေ ကျော်ပစ်ခဲ့တယ်နော်... စိတ်မရှိပါနဲ့...
တော်ကြာ လူလည်လုပ်ပြီး နံပါတ်ကျော်ထားတယ်ထင်နေမှာ စိုးလို့ ...
:) :D

Friday, October 5, 2012

လက်ကျန်အလွမ်း













ထားသွားတဲ့သူကို
လွမ်းရတာလောက်
ခါးတာ မရှိဘူး...

ချစ်ခဲ့မိသူကို
သတိရနေရတာကလည်း
ချိုနေတတ်ပြန်တယ်...

နွေရာသီမှာ
မိုးမိပြီး ဖျားသလိုမျိုး
နှစ်အကြာမှာ
လွမ်းဖျားလွမ်းနာကျနေတယ်...

ခွဲခွာခြင်းအတိတ်က ခြောက်လှန့်လို့
ကန္တာရညလယ်တွေထဲ
လန့်လန့်နိုးတတ်နေပြီ...

ခက်တယ်...
ည ည ဆို
လက်ကျန်အလွမ်းတွေ မော့သောက်ရင်း
အခန်းထဲလဲ
ခံစားချက်တွေ ၀ုန်းဒိုင်းကျဲလို့...

ကျေးဇူးပြု၍ ငါ့အခန်းထဲ ၀င်မလာပါနဲ့...
ပြည့်နှက်နေသော ငါ၏ အလွမ်းများဖြင့်
သင်တို့အား
မနှိပ်စက်လို....။

Wednesday, October 3, 2012

ကျည်ဆန်များဖြင့် ပန်းများပွင့်စေ

ဘယ်လို.. ဘယ်လို..
ကျည်ဆန်များဖြင့် ပန်းများပွင့်စေ.. ဟုတ်လား..
ဟုတ်ပဗျာ.. ပုံထဲမှာ မတွေ့ဘူးလား...
အင်း.. တွေ့တော့ တွေ့တယ်.. ဘယ်လိုလုပ်ထားတာလဲ... လက်မှုပညာတစ်ရပ်လား...
နိုး... မဟုတ်ရပါဘူးဗျာ... တမင် ပန်းပွင့်ပုံဖြစ်ပါစေတော့လို့ ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပေမယ့် တခြားတစ်ခုအတွက် စမ်းသပ်ရင်း အကြောင်းတိုက်ဆိုင်စွာဖြစ်ပေါ်လာတဲ့ side effect ဘေးထွက်သက်ရောက်မှု အနုပညာလက်ရာတစ်ခုလို့ပဲ ဆိုကြပါစို့...
ဘယ်လို ဖြစ်လာတာလဲ... မရှင်းပြခင် အောက်က ဗီဒီယိုလို အရင်ကြည့်လိုက်ပါဦးနော်...

ကဲ... ဘယ်လိုဖြစ်လာတာ ရှင်းပြီထင်ပါရဲ့နော်... :)
အဖြစ်ကတော့ ဒီလိုပါဗျ...
အမေရိကန်ရေတပ်က medical တပ်သားဟောင်းတစ်ဦးဖြစ်တဲ့ အင်ဒရူးထော်ဟီး(Andrew Tuohy) ဆိုသူက လက်နက်ငယ်အချို့ကို ရေအောက်မှာ ပစ်ခတ်လို့ ရမရ စမ်းသပ်ရင်း အခုလို ကျည်ဆန်ပန်းပွင့်ကလေးများ ရရှိလာခြင်းဖြစ်ပါတယ်။
လောလောဆယ် စမ်းသပ်ချက်အကြောင်းပြောရအောင်နော်။
Glock 22 pistol နဲ့ ပစ်လိုက်တဲ့ ကျည်ဆန်ဟာ ပေါက်ကွဲမှုဖြစ်ပြီး အတော်ဝေးဝေးကို ထွက်သွားတာ တွေ့နိုင်ပါတယ်။
ဒီတကယ့်အဖြစ်အပျက်နဲ့ သိပ္ပံပညာအရ နားလည်ထားမှုတို့ဟာ တကယ်တော့ ကွဲပြားခြားနားနေပါတယ်။
၂၀၀၅ခုနှစ်က MythBusters အဖွဲ့ဟာ ကျည်ကာရေလွှာပြင်(Bulletproof Water)စမ်းသပ်ချက်အရ supersonic ကျည်ဆန်တွေဟာ ရေထဲ အများဆုံး သုံးပေအတွင်းမှာ အစိတ်စိတ်အမွှာမွှာ တစ်စစီ ဖြစ်သွားကြောင်း စမ်းသပ်ပြခဲ့ပါတယ်။
အခုတော့ ပစ္စတိုကျည်ဆန်ဟာ ရေထဲမှာ ရှစ်ပေအကွာအဝေးအထိ သက်ရောက်နိုင်ကြောင်း ကျွန်တော်တို့ သိရပါပြီ။
သိပ္ပံအမြင်နဲ့ ထပ်ချဉ်းကပ်ကြတဲ့အခါမှာတော့ အဖြေပြန်ထွက်လာခဲ့ပါတယ်။
အခု ပစ္စတိုကျည်ဆန်ပေါက်ကွဲမှုဖြစ်ပြီး သေနတ်ပြောင်းထဲက ထွက်သွားသလိုမျိုးပဲ အခြေခံပေါက်ကွဲမှုတွေဖြစ်ဖို့ အခြေခံအရာသုံးမျိုးလိုအပ်ပါတယ်။
အောက်ဆီဂျင်၊ လောင်စာနဲ့ မီးပွင့်တို့ပဲ ဖြစ်ပါတယ်။
အောက်ဆီဂျင်က ယမ်းထဲမှာ ပါပါတယ်။ ယမ်းထဲက ဓာတ်ပေါင်းဟာ အပူချိန်များများဖြစ်လာတဲ့အခါ အောက်ဆီဂျင်ကို ထုတ်ပေးပါတယ်။
ယမ်းဟာ လောင်စာအဖြစ်အသုံးခံပြီး ကျည်ဆန်ဖင်မှာရှိတဲ့ နားကွက်ကို မောင်းရိုက်တံက ရိုက်လိုက်တဲ့အခါ မီးပွင့်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ကာ ကျည်ထိပ်ဖူးဟာ သေနတ်ပြောင်းထဲက ထွက်သွားတာဖြစ်ပါတယ်။
ယမ်းသာ ခြောက်သွေ့နေမယ်ဆိုရင် ရေထဲမှာသာမဟုတ်၊ လကမ္ဘာပေါ်မှာတောင် သေနတ်ပစ်လို့ ရပါသတဲ့။
ရေထဲမှာ ပစ္စတိုနဲ့ ပစ်လိုက်တဲ့အခါ ကျည်ထိပ်ဖူးဟာ ရေရဲ့ ခုခံအားကို တွန်းကန်ရင်း ပန်းပွင့်ပုံသဏ္ဍာန်လေးတွေ ဖြစ်သွားတာပါပဲ။
ဒီလိုနဲ့ တစ်ခုကို စမ်းသပ်ရင်း နှစ်ခုကို တွေ့ရှိသွားတဲ့ အင်ဒရူးထော်ဟီး(Andrew Tuohy)ဟာ ရေထဲမှာ ဗလာကျည်များကို ပစ်၊ ပြီးတော့ ပန်းပွင့်ပုံသဏ္ဍာန်ဖြစ်သွားတဲ့ ကျည်ထိပ်ဖူးလေးတွေကိုကောက်၊ ကျောက်မျက်လေးတွေဆင်ပြီး သူ့အခေါ်အရ "tactical flowers" ဆိုတဲ့ ကျည်ဆန်ပန်းပွင့်ကလေးများ ဖန်တီးထားခြင်းပဲ ဖြစ်ပါကြောင်းခင်ဗျာ...