Tuesday, July 3, 2012

TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၄)

(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)


" မေမေရေ..."
အန်နီက အိမ်ရှေ့တံခါးကို အလောတကြီးတွန်းဖွင့်ကာ အိမ်ထဲ ပြေးဝင်လာရင်း သူ့မေမေလင်းကို လှမ်းအော်ခေါ်လိုက်သည်။
" မေမေ အခန်းထဲမှာ သမီးရေ...ဘာဖြစ်လို့လဲ..."
" သမီးကို အသင်းမှာ ရွေးလိုက်ပြီ မေမေရေ..."
အန်နီက အိမ်ပေါ်ထပ်ရှိ သူမအခန်းဆီ ပြေးတက်ရင်း အော်သွားသည်။
" ဒါမှ မေမေ့သမီး...တော်လိုက်တာ...ဘယ်လိုအရွေးခံခဲ့ရတာလဲ... မေမေ့ကို လာပြောပြပါဦး..."
အန်နီ့မေမေ လင်းက ၀မ်းသာအားရအော်ပြောရင်း သူမအခန်းထဲမှ ထွက်လာသည်။
သို့သော် အန်နီကတော့ အပေါ်ထပ်ပြေးတက်သွားပြီ ဖြစ်ပါသည်။
အန်နီသည် သူမမေမေကိုပင် မရှင်းပြနိုင်တော့ဘဲ လက်ပ်တော့ကို ပြေးဖွင့်သည်။
chatting ကို ဖွင့်သည်။
ချာလီ ရှိမှ ရှိနေပါ့မလား...။
တော်သေးသည်...ချာလီရှိနေသည်...။

အန်နီး ဟိုင်း ချာလီ
ချာလီး ပြန်လာပြီလား 
အဆင်ပြေတယ်မဟုတ်လား
အန်နီး အင်း
ငါ့ကို အသင်းမှာ ရွေးလိုက်ပြီ
ဒါနဲ့ မနေ့က ဓာတ်ပုံပို့လိုက်တာ ရတယ်မဟုတ်လား
ချာလီး အင်း
ရွေးခံရမယ်ဆိုတာ သိပြီးသားပါ
တခြားသူမှ မဟုတ်တာ အန်နီပဲလေ
အန်နီး :)
ဒါနဲ့ မနေ့ကပုံရော ရလားလို့
ချာလီး အင်း ရပါတယ်
ဒါနဲ့ နင့်ကို ငါ ၀န်ချတောင်းပန်စရာတစ်ခု ရှိတယ်
အန်နီး ဟမ် ဘာများလဲ
ချာလီး တကယ်တော့ ကိုယ်ဟာ ဘာကလေတက္ကသိုလ်က ကျောင်းသားတစ်ယောက်ပါ
အသက် ၂၀ ရှိနေပါပြီ

" ဘယ်လို..."
စာကို မြင်မြင်ချင်း အန်နီ ဆွံ့အသွားသည်။
သည်လိုဆို ချာလီဟာ အထက်တန်းကျောင်းသားတစ်ယောက် မဟုတ်ဘူးပေါ့...။
သည်လိုဆို ချာလီက အသက်၂၀တောင် ရှိနေပြီပေါ့...။
သည်လိုဆို ချာလီက တစ်ချိန်လုံး လိမ်ညာနေခဲ့သည်ပေါ့...။

ချာလီး ကိုယ်ညာချင်လို့ ညာခဲ့တာမဟုတ်ပါဘူး
ကိုယ်က တက္ကသိုလ်ဘောလီဘောအသင်းမှာ ဆော့နေတာဆိုတော့
အထက်တန်းကျောင်းဘောလီဘောလက်ရွေးစင်ဖြစ်ဖို့ ပေးတဲ့ ကိုယ့်အကြံပြုချက်တွေကို အန်နီက အံမ၀င်ဘူးလို့ ယူဆနေမှာစိုးလို့ အန်နီ လက်မခံမှာစိုးလို့ပါ

အန်နီကတော့ ဆွံ့အနေဆဲ..။
တစ်ချိန်လုံး လိမ်ညာခံနေရကြောင်း သိလိုက်ရသူအဖို့ ဘာတွေများ ပြန်ပြောနိုင်မည်လဲ။

ချာလီး အန်နီ မင်းကိုယ့်ကို မုန်းသွားပြီလားဟင်

အန်နီဘာမှ မပြောတတ်တော့..။
သူ တစ်ချိန်လုံး လိမ်ညာနေခဲ့တာပဲ..။
အန်နီ့မှာတော့ သူ့အကြောင်းတွေ အကုန်အမှန်ထင်ပြီး မိဘ၊ မောင်နှမများကိုတောင် ဂုဏ်ယူစွာ ပြောပြခဲ့သည်။
အန်နီ ဘာလုပ်ရမှန်း မသိတော့..။
ချာလီနှင့် စကားဆက်ပြောချင်စိတ်လည်း မရှိတော့..။
သို့သော်..
အန်နီက ချာလီ့ကို ပစ်ပစ်ခါခါတော့လည်း ပြန်မပြောရက်ပါ..၊ အပြစ်တင်စကားလည်း မဆိုလိုက်ရက်ပါ..။
အန်နီ၏ ဖြူစင်သော လက်ချောင်းလေးများသည် ကီးဘုတ်ပေါ်တွင် ပြေးလွှားသွားသည်။

အန်နီး ဟင့်အင်း
မုန်းတော့ မမုန်းပါဘူး
အန်နီ အနေမကြပ်အောင် လုပ်ပေးခဲ့တာပဲ
ဘာမှမဖြစ်ပါဘူး ကျေးဇူးပါ
ချာလီး အင်း
အန်နီနားလည်ပေးနိုင်မယ်မှန်း ကိုယ်သိပါတယ်
ခု ရွေးခံရပြီဆိုတော့ အတွေ့အကြုံများများရအောင် လေ့ကျင့်ရတော့မယ်နော်

အန်နီ စကားပြန်မပြောဖြစ်။
စက္ကန့် အနည်းငယ်မျှ တွေဝေနေသည်။
နောက်ဆုံး နှုတ်ဆက်စကားပြောပြီး chatting ထဲမှထွက်လိုက်တာ အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်သည်။
"Bye" ဟု မရိုက်ရသေးခင်မှာပင် ချာလီ့ထံမှ တစ်စုံတစ်ခု တက်လာသည်။
ဓာတ်ပုံတစ်ပုံပါ..။
အားကစားဝတ်စုံပြည့်ဖြင့် ဘောလီဘောပုတ်နေသော ခပ်ချောချော ခပ်ဖြောင့်ဖြောင့် လူငယ်တစ်ဦး၏ ပုံ..။
ချာလီက လူချောပါလား..။
အန်နီ ဓာတ်ပုံလေးကို ကြည့်နေစဉ်မှာပင် နောက်တစ်ပုံ ထပ်တက်လာပြန်သည်။
သည်တစ်ခေါက်တက်လာတာက စွပ်ကျယ်လက်ပြတ်ဝတ်ထားပြီး အနီးကပ်ရိုက်ထားသည့် ကိုယ်တစ်ပိုင်းပုံ..။
ကြံ့ခိုင်တောင့်တင်းသည့် ကိုယ်ကာယကို ပိုင်ဆိုင်သည့်အပြင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကိုပါ ပိုင်ဆိုင်သည့် ရုပ်ဖြောင့်ဖြောင့် ချာလီ၏ ဓာတ်ပုံဖြစ်ပါသည်။
ချာလီက တော်တော်လေးကို ခန့်ညားပြီး ဆွဲဆောင်မှုရှိသော တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါလား..။
ကီးဘုတ်ပေါ်တွင် ပြေးလွှားသွားသော အန်နီ့လက်ချောင်းလေးများသည် "Bye" ဟူသော စကားလုံးအစား "Hello" ဟူသော စကားလုံးလေးကို ရိုက်လိုက်မိလေသည်။


 ထိုနေ့ညက ဆီရီနာ၏ ကြီးကျယ်ခမ်းနားသောအိမ်ကြီးတွင် ကျင်းပသည့် ပါတီပွဲသို့ အန်နီနှင့် ဘရစ်တနီ တူတူရောက်သွားသည်။
ဆူညံမြူးတူးနေသော ပါတီပွဲတွင် အန်နီနှင့်ဘရစ်တနီက ကလေးလေးတွေလို ၀ိုင်ခွက်တစ်ခွက်ဆီကိုင်ကာ ထောင့်တစ်ထောင့်မှာ ကြောင်ကြောင်ကြီး ရပ်နေမိကြသည်။
ဆူညံပွက်လောရိုက်ပြီး ကခုန်နေကြသော ပတ်ဝန်းကျင်သည် သည်ကလေးမနှစ်ယောက်နှင့် အသားကျသော လောကတစ်ခုမဟုတ်ပေ။
ထို့ကြောင့် အန်နီတို့နှစ်ယောက် ဆီရီနာကို လိုက်ရှာကြသည်။
ဆီရီနာတို့ ပေါ်ပြူလာမိန်းမပျိုလေးတစ်သိုက်က အိမ်အပေါ်ထပ်က အခန်းကျယ်တစ်ခန်းမှာ မီးမှိန်မှိန်လေးထွန်းပြီး စကားစုပြောနေကြသည်။
အန်နီ အခန်းထဲဝင်သွားတော့ ဆီရီနာက နှုတ်ဆက်သည်။
" ဟိုင်း.. အန်နီ..ဘယ်လိုလဲ.. နင့်အစ်ကို မပါဘူးလား.."
" ဟင့်အင်း..သူက ကောလိပ်သွားတက်ဖို့ ပြင်ဆင်နေလို့ လိုက်မလာဘူး.."
" ဟင်း...ဟုတ်ပါပြီဟာ ထားပါတော့... ဒါဖြင့် ဒီညတော့ ငါ ဘာမှ မလုပ်ရတော့ဘူးပေါ့..."
ထိုင်နေကြသော မိန်းကလေးဝိုင်းသည် ခိုးခိုးခစ်ခစ်ရယ်သံများဖြင့် ဆူညံသွားသည်။
" ငါက တစ်ခုခုလုပ်ဖို့ စီစဉ်ထားတာဟ.. ဟိဟိ..ဒါနဲ့ အန်နီ.. ၀ါသနာပါရင် ငါတို့နဲ့လာထိုင်ပါလား..ဒီမှာ အလက်ဆာက သူ့အတွေ့အကြုံတွေလက်ချာပေးနေတာ..သူတို့စုံတွဲအတွေ့အကြုံပေါ့... ဟိဟိ.."
အန်နီ ထိုအကြောင်းတွေ နားမထောင်ချင်ပါ။
ဘရစ်တနီလည်း ထို့အတူပင်ဖြစ်မည် ထင်ပါသည်။
ထို့ကြောင့် ပြန်ရန်ဆုံးဖြတ်လိုက်သည်။
" ဒါနဲ့ ဆီရီနာ... ရေချိုးခန်းကို ဘယ်လိုသွားရမလဲ.."
" ရေချိုးခန်းခြောက်ခုရှိတယ်..အောက်ထပ်ကို ဆင်းသွားလိုက်..တစ်ခုတော့ တွေ့မှာပါ.."
ထိုသို့နှင့် အန်နီနှင့် ဘရစ်တနီတို့ ပါတီပွဲမှ အမြန်ပြန်လစ်ခဲ့ကြလေသည်။
သို့တိုင်အောင် အန်နီအိမ်ပြန်ရောက်တော့ ညဉ့်အတော်နက်နေပြီဖြစ်သည်။
တစ်အိမ်လုံးတွင် ဖေဖေ့စာကြည့်ခန်းမှာသာ စားပွဲတင်မီးလေး လင်းလျက်ရှိသည်။
အန်နီ့ဖေဖေ ရုံးအလုပ်များနှင့် ရှုပ်နေခြင်းဖြစ်သည်။
အန်နီက တံခါးဝမှ လှမ်းနှုတ်ဆက်လိုက်သည်။
" ဖေဖေ"
ဖေဖေက တစ်ချက်မော့ကြည့်လိုက်ပြီး အလုပ်ကို ဆက်လုပ်နေသည်။
" အော် သမီး..ပြန်လာပြီလား..ဘယ်လိုလဲ..ပျော်ခဲ့ရဲ့လား..."
" အင်း..ပျော်တယ်ရယ်လို့လဲ မဟုတ်ပါဘူး..အဲဒီမှာက လူကို ရူးအောင်လုပ်နေသလိုပဲ..မူးနောက်နေတာပဲ.."
" ဟုတ်လား..."
" အင်း..တကယ်တော့ သမီး ဆီရီနာတို့နဲ့ အပေါင်းအသင်းဖြစ်ချင်ပါတယ်..အဲဒါက အများကြီးကောင်းမယ် ထင်တယ်.."
" ကိုယ့်ပုံစံနဲ့ပဲ ကိုယ်နေပါသမီးရယ်..သူတို့က သမီးနဲ့ အပေါင်းအသင်းမလုပ်ချင်ရင်လည်း သူတို့ပဲ တစ်စုံတစ်ရာကို ဆုံးရှုံးသွားမှာပဲလေ.."
" မဟုတ်ဘူးဖေဖေ..အခုက အထက်တန်းကျောင်းရောက်နေပြီလေ.. ဒီလိုအခြေအနေမှာတောင် သူတို့နဲ့ အပေါင်းအသင်းမဖြစ်ရင် သမီးပဲ ညံ့ရာရောက်မှာပေါ့..ဖေဖေ သဘောပေါက်တယ်မဟုတ်လား.."
ကျောင်းက ပေါ်ပြူလာမိန်းကလေးအုပ်စုထဲ ၀င်ဆန့်နိုင်သူတိုင်း ကျောင်းမှာ ဂုဏ်တစ်ခုတော့ ရှိသည်မဟုတ်လား..။
အန်နီ့ဖေဖေက အလုပ်လုပ်နေရင်းမှ တစ်ချက်မော့ကြည့်သည်။
" ဟို..ပြောရရင် သမီးပြောတာ အပြည့်အစုံတော့ နားမလည်ဘူးကွာ..ဟိုလေ..ဖေဖေဒီမှာ လုပ်စရာလေးတွေရှိနေသေးလို့ကွာ..ဆောရီးနော်သမီး.."
" ဟုတ်..ဒါဆိုလဲ ကောင်းသောညပါဖေဖေ.."
"ကောင်းသောည သမီး.."
တကယ်တမ်းတော့ အန်နီသည် သူမဖေဖေကို ပြောချင်နေသည်က ဆီရီနာတို့နှင့် အပေါင်းအသင်းဖြစ်ချင်သည့်ကိစ္စသာမက ချာလီကိစ္စကိုပါ ပြောချင်နေ၍ ဖြစ်သည်။
ယခုတော့ ဘာမှ မပြောလိုက်ရတော့ပေ..။
ကုတင်ပေါ်မှာ လှဲအိပ်ရင်း ဖုန်းထဲက အင်တာနက်မှတစ်ဆင့် ချာလီနှင့် အဆက်အသွယ်ယူလိုက်သည်။
ချာလီ့ကို ပါတီပွဲက အကြောင်းတွေပြောပြသည်။
ချာလီက အန်နီ့ကို အမှန်ပင် နားလည်ပေးနိုင်သူဟု အန်နီထင်သည်။

အန်နီး အကိုက အန်နီ့ကို နားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ
ချာလီး အန်နီလည်း ကိုယ့်အတွက် အဲဒီလိုပါပဲ
အန်နီက ကိုယ့်ကို သိမ်းပိုက်ထားတာလေ
အန်နီး :) သိပါတယ်
စကားပြောတော့ကောင်းတယ်နော်
ချာလီး မဟုတ်ပါဘူး
ကိုယ်စဉ်းစားတယ် သိလား
အန်နီ့ကို အဲဒီက ဘယ်ယောက်ျားလေးနဲ့မှ ရည်းစားမဖြစ်စေချင်ဘူးကွာ
ဖြစ်ရင်တော့ ကိုယ် အဲဒီကောင်ကို လာထိုးမိမှာပဲ
အန်နီး အကို့ကွန်ပြူတာက cam က ကောင်းသွားပြီလား
ဗီဒီယိုချက်မယ်လေ
ချာလီး ဟင့်အင်း မကောင်းသေးဘူး
ပြင်နေတာပဲ ကောင်းတော့မှာပါ
ကောင်းသွားရင်တော့ ပျော်စရာကြီးနော်
အန်နီး အကိုသာ ချီကာဂိုမှာ နေတာဆိုရင် သိပ်ကောင်းမှာပဲ
ချာလီး ကိုယ်လဲ နေချင်တာပေါ့
ဖြစ်နိုင်ရင် အန်နီ့ကို ချက်ချင်းတောင် လာတွေ့ချင်တယ်
တွေ့ဖြစ်ရင်လေ အန်နီ့ပါးလေးကို ဖွဖွလေး နမ်းမယ်နော်
ရမလား ???

အန်နီ၏ သေးသွယ်သော လက်ချောင်းကလေးများက ဖုန်းခလုတ်လေးများပေါ် တုန်ရီစွာ လှုပ်ရှားသွားသည်။

အန်နီး အင်းးးးး
ချာလီး တစ်နေ့နေ့ပေါ့နော်
ခုတော့ မိုးချုပ်နေပြီအန်နီ အိပ်တော့နော်
Good Night
အန်နီး Good Night

ထိုနေ့ညက ရင်ခုန်နေသောကြောင့် အန်နီအိပ်ပျော်ဖို့ အချိန်တော်တော်ယူလိုက်ရပါသည်။

(ဆက်ရန်)

ရှေ့မှ အပိုင်းများကို ပြန်ဖတ်ရန်
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၂)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၃)

No comments:

Post a Comment