Thursday, March 28, 2013

Third production - နှစ်(၄၀)စစ်ပွဲခေတ်လွန်က အင်းဝနောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင်


ကျွန်တော့်ဘလော့လေးမှာ အပိုင်း-၆ပိုင်း ခွဲပြီး ရေးခဲ့တဲ့ စစ်ကိုင်းစည်သူကျော်ထင်အကြောင်း pdf လေး ဖန်တီးလိုက်ပါပြီခင်ဗျာ။
ဒီစာလေးကို ဘာလို့ ရေးဖြစ်သလဲဆိုတော့ တရုတ်ရာဇ၀င်ဇာတ်ကားတွေကြည့်ရင်း ရေးချင်စိတ် ပေါ်လာလို့ ရေးဖြစ်ခဲ့တာပါ။
တရုတ်ရာဇ၀င်ဇာတ်ကားတွေ ကြည့်လိုက်ရင် သူတို့ဇာတ်ကားတွေက ရသတွေပေးနိုင်တဲ့အပြင် ဘုရင်တွေရဲ့ အမြော်အမြင်ရှိမှု၊ ပညာရှိတွေရဲ့ နှလုံးရည်ပြည့်ဝမှု၊ သူရဲကောင်းတွေရဲ့ လက်ရုံးရည်ကောင်းမွန်မှုတွေကိုလည်း အကောင်းဆုံးပုံဖော်နိုင်ကြတာ တွေ့နိုင်ပါတယ်။
ဇာတ်ကားရဲ့ ခံစားမှုရသကိုလည်း မပျက်စေဘဲ သူတို့ရဲ့ သမိုင်းအစဉ်အဆက်မှာ လူတော်တွေ ပေါများခဲ့ကြောင်းကို ရသလောက် ပုံဖော်နိုင်ကြတာလဲ တွေ့ရပါတယ်။
အဓိက ကတော့ ဘုရင်တစ်ပါးနဲ့တစ်ပါး ဗျူဟာခင်းကြပုံတွေ၊ ပညာရှိတစ်ဦးနဲ့တစ်ဦး ဥာဏ်ကစားကြပုံတွေ၊ သူရဲကောင်းတစ်ဦးနဲ့တစ်ဦး အစွမ်းပြိုင်ကြပုံတွေကို ပရိသတ်စိတ်ဝင်စားအောင် ရိုက်ကူးတင်ဆက်ကြပါတယ်။
မြန်မာရာဇ၀င်ဇာတ်ကားတွေကို ကြည့်ရင်တော့ အချစ်အကြောင်းတွေလောက်သာ အဓိက ဖော်ကျူးရိုက်ကူးလေ့ရှိပါတယ်။
ဥပမာ ကျန်စစ်သားအကြောင်း ဇာတ်ကားရိုက်တယ်ဆိုပါတော့၊ သူ့ရဲ့ လက်ရုံးရည်၊ နှလုံးရည်၊ အမြော်အမြင်တို့ကို ဖော်ကျူးရာမှာ အားနည်းသွားပြီး  မဏိစန္ဒာ၊ သမ္ဗူလ စသဖြင့် မိဖုရားတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့ ရာဇ၀င်တင်မယ့် အချစ်အကြောင်းတွေသာ အဓိက ဇာတ်လမ်းဆင်ကြတာ တွေ့ရပါတယ်။
သည်လိုမျိုး ရာဇ၀င်ဇာတ်ကားမှာ အချစ်က ရှေ့တန်းရောက်လာတဲ့အခါ မြန်မာဘုရင်တွေ၊ သူရဲကောင်းတွေဟာ အချစ်ကိုပဲ ဦးစားပေးခဲ့သလား၊ အခြားနေရာမှာတွေရော အစွမ်းအစမရှိကြတော့ဘူးလားလို့ မေးစရာတွေ ဖြစ်လာခဲ့တယ်။
စစ်တိုက်ရင်လဲ လူစု၊ စစ်ထွက်၊ တစ်ဖက်ကို သွားတိုက်ခိုက်တာလောက်ပဲ ဖော်ပြနိုင်ကြပြီး အရေးကြီးဆုံးဖြစ်တဲ့ စစ်သေနင်္ဂဗျူဟာချမှတ်ကြပုံတွေ မတွေ့မိသလောက်ပါပဲ။
တကယ်တော့ မြန်မာဘုရင်တွေ၊ ပညာရှိတွေ၊ သူရဲကောင်းတွေ ဟာလည်း သူ့အနေအထားနဲ့သူ အမြော်အမြင်ရှိကြပါတယ်၊ နှလုံးရည်ပြည့်ဝကြပါတယ်၊ လက်ရုံးရည်မြင့်မားကြပါတယ်။ (အကုန်လုံးတော့ မဟုတ်ဘူးပေါ့ဗျာ)
ဒီအကြောင်းတွေကို ဆရာကြီးနိုင်ပန်းလှရဲ့ ရာဇာဓိရာဇ်အရေးတော်ပုံတို့၊ ဦးကုလားရဲ့ မဟာရာဇ၀င်ကြီးတို့ကို ဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။
ဒါပေမယ့် လူငယ်တွေအနေနဲ့ လက်လှမ်းမီသလောက်အနေအထားမှာတော့ မတွေ့ရသလောက်ဖြစ်နေပါတယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ လက်ထဲရှိနေတဲ့ စာအုပ်လေးတစ်အုပ်နှစ်အုပ်ကနေ ရေးလို့ရတဲ့ အနေအထားလောက် ပေါ့ပေါ့ပါးပါး ရေးဖြစ်ခဲ့တာပါ။
ဘာလို့ နရပတိစည်သူအကြောင်း ရေးရသလဲဆိုတော့ သူ့အကြောင်း ဖတ်မိသွားတာရယ်၊ စိတ်ဝင်စားဖို့ ကောင်းတာရယ်၊ အစွမ်းအစရှိတဲ့ ဘုရင်တစ်ပါးဖြစ်သော်လည်း မထင်မရှားဖြစ်နေတာရယ်၊ သူ့အကြောင်း ပြည့်ပြည့်စုံစုံရေးသားကြတဲ့ စာအုပ်တွေဖြစ်စေ၊ ဆောင်းပါးတွေဖြစ်စေ အွန်လိုင်းပေါ်မှာ မတွေ့မိသေးတာရယ် ကြောင့်ပါပဲ။
ဒီစာလေးထဲမှာ နရပတိစည်သူရဲ့ အမြော်အမြင်၊ နှလုံးရည်၊ လက်ရုံးရည်တို့ကို စာအုပ်တွေက ရတဲ့ အချက်အလက်တွေက တဆင့် ဥာဏ်မီသလောက် ပုံဖော်ထားပါတယ်။
ဆင်ဖြူများရှင်ဘုရင့်နောင်မင်းတရားကြီးနဲ့ နရပတိစည်သူတို့ တစ်ဦးနဲ့တစ်ဦး ဥာဏ်ရည်ပြိုင် စစ်ဗျူဟာခင်းကြပုံကိုလည်း မဟာရာဇ၀င်ကြီးကို မှီးပြီး စကားလုံးအနည်းငယ်ဖြည့်စွက်ကာ ဖော်ပြထားပါတယ်။
ရာဇ၀င်ဆိုပေမယ့် ရာဇ၀ံသဆိုတဲ့ ဘုရင်အကြောင်းသာ မဟုတ်ဘဲ လက်အောက်က ပညာရှိ၊ သူရဲကောင်းများအကြောင်းပါ တတ်နိုင်သလောက် ထည့်သွင်းရေးသားထားပါတယ်။
ဒီစာလေးဟာ ၀တ္ထုသဘောလဲ မဟုတ်၊ သုတစာတမ်းမျိုးလဲ မဟုတ်ပါဘူး။
သမိုင်းအကြောင်း စိတ်ဝင်စားတဲ့၊ စာရေးရတာ ၀ါသနာပါတဲ့ လူငယ်တစ်ယောက်အနေနဲ့ သမိုင်းအချက်အလက်တွေနဲ့ ကိုက်ညှိပြီး ရေးတတ်သလို ပေါ့ပေါ့ပါးပါးလေး ရေးထားတာသာ ဖြစ်ကြောင်းပါခင်ဗျာ။

download ယူနိုင်သောလင့်ခ်
http://www.mediafire.com/?3jk5be0h54m7gxh

ကျေးဇူးတင်ပါတယ်။

Sunday, March 24, 2013

Flushed away (ဖြတ်စ)


Flushed awayဆိုတဲ့ ကာတွန်းဇာတ်ကားလေးထဲက ဇာတ်ဝင်ခန်းလေးတစ်ခန်းပါ၊
ကြိုက်လို့ ဖြတ်ထုတ်ထားတာ၊
တိုက်ဆိုင်သွားရင် ခွင့်လွှတ်ကြနော်... :P

Sunday, March 17, 2013

မင်းကို သတိရတဲ့အခါ ခဏတိုင်း ငါသေတယ်














သတိရတယ်ချစ်သူ
လွမ်းတယ်လို့တော့ ပြောခွင့်မရှိဘူးထင်ပါရဲ့...

ထွက်သွားခဲ့တဲ့ မင်း မမှားခဲ့ပါဘူး
မတားခဲ့မိတဲ့ ငါ့အမှားရယ်ပါ...

လမ်းခွဲကြရအောင်တဲ့
ငါ့နားထဲ အခုထိ ကြားဆဲပေါ့ချစ်သူ
အဲဒီအချိန်တုန်းက
မာနဆိုတဲ့ အရာကိုသာ
ငါ မပိုင်ဆိုင်ခဲ့ရင် ကောင်းသားလားချစ်သူရယ်
မတုန်မလှုပ်နဲ့ ခေါင်းငြိမ့်ခဲ့တဲ့ငါ့ကို
မင်း အံ့သြနေခဲ့မလား
ဒါမှမဟုတ်
လိုချင်တဲ့ အဖြေရလို့ ၀မ်းသာနေခဲ့သလား
ငါ ခုထိ ဝေခွဲမရနိုင်သေးဘူး
သေချာတာက
ငါ့ရင်ထဲက မာနတချို့ကို
မင်း မြင်အောင် ကြည့်မသွားခဲ့ဘူး...

အနေဝေးရင် သွေးအေးသွားမှာပါတဲ့
မင်းပြောခဲ့တယ်
ဒါပေမယ့်
အတိတ်ရက်တွေကို ပြန်တွေးလိုက်တိုင်း
ငါ့နှလုံးသားကို နွေးထွေးစေမြဲပါပဲ...

အသစ်မရှာဘူးဆိုလို့
စွန့်ခွာသွားတဲ့ မင်းကို
သစ္စာရှိလွန်းတာတော့ မဟုတ်ဘူး
နှလုံးသားထဲက မင်းက
ဘယ်ကိုမှ ထွက်မသွားတာ
အခက်ပေါ့ ချစ်သူ...

မိုင်တွေရဲ့ ခြားနားမှုကို သိတယ်ချစ်သူ
အချိန်တွေရဲ့ ကန့်သတ်မှုကိုလည်း နားလည်တယ်
ခက်တာက
လက်တွေ့အခြေအနေကို ရင်မဆိုင်ရဲခြင်းဟာ
ငါ့အတွက်
ကြေကွဲခြင်းနဲ့သာ ထိုက်တန်နေစေတာလေ...

အသဲကွဲဇာတ်လမ်းတွေဆိုတာ
ဒီနေ့ခေတ်ကြီးထဲမှာ
အဆန်းမဟုတ်တော့ဘူးတဲ့
လူတွေ ပြောကြတယ်
ငါက အသဲကွဲသူတစ်ယောက်မှ မဟုတ်တာ
နှလုံးသားတစ်စုံရဲ့ ရပ်တည်ရာကို
ပျောက်ဆုံးခဲ့သူရယ်ပါ...

မှတ်ဥာဏ်ဆိုတဲ့အရာကို
အစိတ်အပိုင်းလိုက်
ခွဲပြီး ဖျက်ပစ်လို့ရရင် သိပ်ကောင်းမယ်
အတိတ်တွေ
ပစ္စုပ္ပန်တွေ
အနာဂတ်တွေ
ငါ
မင်းကို သတိရတဲ့အခါ
ခဏတိုင်း သေတတ်လို့ပါချစ်သူ...



Thursday, March 14, 2013

There is no home like the one you've got 'cause that belongs to you


I have got so much to give
I swear I do
I may not have nine lives
But this one feels brand-new
Yes, I've lived a good one
I have tried to be true
There are some things I never realized
Till I met you
How the wind feels on my cheeks
When I'm barking at the moon
There is no home like the one you've got
'Cause that home belongs to you

Here I come
Back to you
There is no home like the one you've got
'Cause that home belongs to you

Well, I was in trouble bad
I was so confused
I may not see in color, babe
But I sure can feel blue
I have been a lot of things
They may not all be true
My experience was so mysterious
Till I met you
Now the sun will rise in the east
But I'm barking at the moon
There is no home like the one you've got
'Cause that home belongs to you

Here I come
Back to you
There is no home like the one you've got
'Cause that home belongs to you
There is no home like the one you've got
'Cause that home belongs to you


Bolt ကာတွန်းဇာတ်ကားထဲက ဇာတ်ဝင်တေးတစ်ပုဒ် ကြိုက်လို့ ဖြတ်ထုတ်ထားတာ
ဟောဒီစာသားလေး အကြိုက်ဆုံး
There is no home like the one you've got
'Cause that home belongs to you

ဒီတိုင်းပို့စ်တင်မလို့ဟာကို ဘလော့ဂါမှာတင်မရလို့ you tubeမှာ channelဖွင့်ပြီး ရှဲလိုက်တယ် ဘာရမလဲ ဟဲဟဲ

Sunday, March 10, 2013

စာတစ်ပုဒ်ဖတ်ရင်းက ဖြန့်ထွက်သွားသော ကျွန်တော့်အတွေးစ

ကျွန်တော့်အတွေးအမြင်လေးတစ်ခုအကြောင်း မဖတ်ခင်မှာ ဆရာဦးဘုန်း(ဓာတု)ရဲ့ စာလေးကို မဖတ်ရသေးရင် အရင်ဖတ်လိုက်ပါဦးခင်ဗျာ၊ ဒီနေရာမှာပါ။ စာလေးရဲ့ ခေါင်းစဉ်က ဒီသီချင်းက သူတို့ဆိုစရာလားဖေဖေရဲ့ တဲ့။


ယနေ့ကမ္ဘာကြီးမှာ အနောက်အုပ်စုဝင် နိုင်ငံများဟာ ကမ္ဘာ့အရပ်ရပ်က နိုင်ငံတွေထက် ဖွံ့ဖြိုးမှုမှာ ရှေ့ပြေးသော၊ နယ်ပယ်ပေါင်းစုံမှာ တိုးတက်သော နိုင်ငံများဖြစ်တယ်ဆိုတာ အားလုံး ခြွင်းချက်မရှိ လက်ခံနိုင်မယ်လို့ ထင်မိပါတယ်။ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ စသဖြင့်ပေါ့။
သည်လို ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် သူတို့နိုင်ငံတွေဟာ နှစ်ပေါင်းများစွာ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ကြရတာပါ။
ပြောချင်တာက အနောက်နိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ကို ရောက်ကြရဖို့ ၀ုန်းကနဲ၊ ဒိုင်းကနဲ ရောက်ခဲ့တာမဟုတ်ဘူး၊ တစ်ဆင့်ပြီး တစ်ဆင့် အဆင့်ဆင့် ဖြတ်ကျော်ပြီးမှသာ ချီတက်ခဲ့ရတာ ဖြစ်တယ်လို့ ပြောချင်တာပါ။
ပဒေသရာဇ်တော်လှန်ရေးတွေ၊ အလုပ်သမားတော်လှန်ရေးတွေ၊ စက်မှုတော်လှန်ရေးတွေ စသဖြင့်ပေါ့နော်။
ဒီလို အဆင့်ဆင့်ကျော်ဖြတ်ဖို့အတွက် နှစ်ပေါင်းများစွာကို သူတို့အနေနဲ့ ရင်းနှီးလုပ်ကိုင်ခဲ့ကြရပါတယ်။
အင်္ဂလန်ဟာ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ရောက်ဖို့ နှစ်ပေါင်း၁၀၀လောက် ကျားကုတ်ကျားခဲ ဆောင်ရွက်ခဲ့ရသလို အမေရိကန်ပြည်ထောင်စုဟာလည်း နှစ်ပေါင်း၇၀လောက် ကြိုးပမ်းတည်ဆောက်ခဲ့ရတာပါ။
သည်လိုဆိုရင်ဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ နှစ်အကြာကြီးစောင့်မှ ရမှာလား၊ အဆင့်ဆင့် တည်ဆောက်မှ ရမှာလားလို့ မေးစရာ ရှိလာပါတယ်။
အဲဒီလိုလဲ မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့ဟာ နှစ်ပေါင်း ၂၅နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့ကြပြီး ကမ္ဘာက အသိအမှတ်ပြုရတဲ့ နိုင်ငံတွေဖြစ်အောင် လုပ်နိုင်ခဲ့ကြတယ်။
တရုတ်လို နိုင်ငံမျိုးအတွက်ဆို နှစ်ပေါင်း၂၀ပဲ စောင့်ရမယ်တဲ့။
ကျွန်တော်တို့ ပတ်ဝန်းကျင် အရှေ့တောင်အာရှက နိုင်ငံတွေလည်း ဆယ်စုနှစ်အတွင်း ခုန်ပျံတိုးတက်ကုန်ကြပြီမဟုတ်လား။
ဒီလိုမျိုးဖြစ်ဖို့အတွက် သူတို့ရဲ့ အလားအလာကောင်းတွေကို အဲဒီနှစ်တွေ မတိုင်ခင်ကတင် အရှိန်ယူခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ထားပါတော့၊ ဒီ အာရှနိုင်ငံတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက ဂျပန်၊ နောက်တစ်နိုင်ငံက ကိုရီးယား။
ဂျပန်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ပြာပုံထဲ ရောက်နေခဲ့တာပါ၊ ပြာပုံထဲက ဘ၀ဖြစ်တဲ့အပြင် စစ်လျော်ကြေး အကြွေးတွေက လည်ပင်းခိုက်နေပါသေးတယ်။
ဒါပေမယ့် ဆယ်စုနှစ်သုံးခုအတွင်း အမေရိကန်ကို အမီလိုက်၊ အနောက်နိုင်ငံအချို့ကိုတောင် ကျော်တက်ပြခဲ့ပါတယ်။
ကိုရီးယားဟာလည်း သူတို့ရဲ့ ကျွန်းဆွယ်စစ်ပွဲအပြီး ပြာပုံထဲကနေ ထိုးထွက်လာလိုက်တာ ဆယ်စုနှစ်နှစ်ခုကျော်မှာပဲ အနောက်နိုင်ငံတွေကို ခြေရာတိုင်းနိုင်ပြီ မဟုတ်ပါလား။
သူတို့ ဘယ်လိုများ အဆင့်တွေ ကျော်ပြီး တိုးတက်ခဲ့ကြသလဲ၊ ဘာနဲ့များ သည်လို လုပ်ဆောင်နိုင်ခဲ့ကြသလဲ။
သည်မေးခွန်းတွေအတွက် အဖြေတစ်ခုကတော့ အမျိုးသားရေးစိတ်ဓာတ်ဆိုတဲ့ လက်နက်ကို သူတို့သုံးခဲ့တယ်ဆိုတာပါပဲ။
အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘာလဲ။
နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်ပေါ့။ ငါ့နိုင်ငံဟာ နိမ့်ကျမနေရဘူး၊ ငါ့လူမျိုးဟာ နိမ့်ကျမနေရဘူး၊ တခြားလူမျိုးတွေ လုပ်နိုင်ရင် ငါတို့လူမျိုးလည်း လုပ်နိုင်ရမယ်၊ စတဲ့ စိတ်ဓာတ်ပေါ့။
သည်လိုမျိုး အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပြီး လုပ်ခဲ့ကြတာလို့ ကျွန်တော်မြင်ပါတယ်။
ပထမကမ္ဘာစစ်အပြီးမှာ ဂျာမန်ဟာ ပြာပုံထဲကနေ ထိုးထွက်လာနိုင်ခဲ့တာလည်း အမျိုးသားရေးစိတ်ဓာတ်ကြောင့်သာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ဟာ ပြာပုံထဲကနေ ထိုးထွက်လာနိုင်ခဲ့တာလည်း အမျိုးသားရေးစိတ်ဓာတ်ကြောင့်သာ ဖြစ်ပါတယ်။
ဒီတော့ ယေဘုယျသုံးသပ်မယ်ဆိုရင် ပြာပုံ (သို့မဟုတ်) အောက်ခြေအဆင့်က နိုင်ငံတစ်နိုင်ငံအနေနဲ့ သူ့ထက် အဆများစွာတိုးတက်နေတဲ့ နိုင်ငံတွေကို နှစ်အနည်းငယ်အတွင်း အမီလိုက်နိုင်ဖို့ဆိုရင် တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်နိုင်ရမယ်၊ အမျိုးသားရေးစိတ်ဓာတ် မြင့်တက်နေရမယ်။ အမျိုးသားရေးစိတ်ဓာတ်ကို ခွန်အားမြှင့်တင်ရေးလက်နက်အဖြစ် အသုံးချနိုင်ရမယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရမယ်။
ကောင်းပြီ၊ ကျွန်တော်တို့နိုင်ငံဟာ ယနေ့အချိန်မှာ ကမ္ဘာရဲ့ အောက်ခြေအဆင့်က နိုင်ငံတစ်ခုဆိုတာ လူတိုင်းလက်ခံပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်အနည်းငယ်အတွင်း တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် တိုင်းသူပြည်သား တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ထိပ်တန်းရောက်အောင် မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။
လိုအပ်ကြောင်းလည်း နိုင်ငံမှာရှိတဲ့ ပညာရှိတွေ၊ ပညာရှင်တွေ တော်တော်များများ သိကြပါတယ်။ (အနုပညာရှင်အချို့လည်း သိကြပါတယ်)
ပြည်သူလူထုရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ဖို့ရာ ဖြစ်တဲ့အတွက် ဒီတာဝန်ကို ကိုယ်ပိုင်အသိစိတ်နဲ့ အဓိက ထမ်းဆောင်လာကြတာက ပြည်သူနဲ့ နီးစပ်တဲ့၊ ပြည်သူတွေ ချစ်တဲ့ စာပေပညာရှင်တွေ၊ အနုပညာရှင်တွေပါပဲ။ (အခုဆိုရင် တချို့တရားပွဲတွေမှာ အမျိုးသားရေးစိတ်ဓာတ်တိုးမြှင့်စေဖို့ ဟောကြားနေကြတဲ့ ဆရာတော်တွေတောင် ရှိလာပါပြီ)
စာပေပညာရှင်တွေကလည်း စာတွေရေးတယ်၊ စာပေဟောပြောပွဲတွေလုပ်တယ်။
အနုပညာရှင်တွေကလည်း သီချင်းတွေ စပ်ဆိုကြတယ်။ စသဖြင့်ပေါ့... လုပ်နိုင်သလောက် လုပ်ကြတယ်။
ဒီပညာရှင်တွေထဲမှာ ဆရာ ဦးဘုန်း(ဓာတု) လည်း တစ်ယောက် အပါအ၀င်ပါပဲ။
အထက်မှာ ကျွန်တော်ညွှန်းဆိုထားတဲ့ စာလေးဟာလည်း ဆရာ ဦးဘုန်း(ဓာတု)ရဲ့ အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေးဖို့ ရည်ရွယ်တဲ့ စာကလေးပါပဲ။
ဘာကြောင့် ဒီလိုပြောနိုင်လဲ ဆိုတော့ ဒီစာကို ဖတ်ပြီးတဲ့ စာဖတ်သူတိုင်းကို အမျိုးသားရေးအသိနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ရာကို ပေးနိုင်တယ်ဆိုတာ ငြင်းမရလို့ပါပဲ။
ဆရာ့အရေးအသားတွေ တော်တော်ကောင်းပါတယ်။ စာဖတ်သူ စိတ်ဝင်စားအောင် အရေးအသား သွက်သွက်လေးနဲ့ ထက်ထက်လေး ရေးသွားပါတယ်။
ဖတ်ရင်း ဖတ်ရင်းနဲ့ ကျွန်တော် တော်တော်လေးကြိုက်ပါတယ်။ ဒီလိုနဲ့ ဆုံးခါနီးလဲ ရောက်ရော ကျွန်တော့်စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။
ဒီသီချင်းက သူတို့ဆိုစရာလား ဖေဖေရဲ့တဲ့၊
ဒီသီချင်းက သူတို့ဆိုစရာလား ဖေဖေရဲ့တဲ့၊
ကျွန်တော့်စိတ်ထဲ တစ်ခုခုတော့ ခံစားရတယ်။ မဟုတ်တော့ မဟုတ်သေးဘူး။
ဘာ မဟုတ်သေးတာလဲ။
ဒီလိုနဲ့ ကျွန်တော် ဖြန့်ထွက်စဉ်းစားမိတော့တယ်။
ဆရာဟာ မန္တလေးမှာ နေထိုင်တဲ့ ရှမ်းလူမျိုးတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်၊ (မှားရင်လည်း ထောက်ပြပေးကြပါ)
ဆရာ့အနေနဲ့ ဘယ်လူမျိုးတွေကို ရည်ညွှန်းလဲ ကျွန်တော် ကောင်းကောင်းကြီး သိတာပေါ့။
ဆရာဟာ စာရေးဆရာတစ်ယောက်မို့လို့ ကလေးတစ်ယောက်ကို ဇာတ်ကောင်အနေနဲ့ သုံးသွားခဲ့တာ၊ တကယ်တော့ ဆရာပြောချင်တဲ့ စကားအချို့ကို ကလေးက ကလေး စကားနဲ့ ပြောသွားခဲ့တာပါ။
ကျွန်တော်ဆိုရင်ရော ဘာပြောမလဲ၊ နိုင်ငံတော်သီချင်းဟာ သူတို့ ဆိုစရာလားလို့ ကျွန်တော်ခနဲ့မလား၊ သူတို့ ဆိုစရာမဟုတ်ဘူးလို့ ကျွန်တော် တားမြစ်မလား။
ကျွန်တော့်အဖြေကတော့ နိုး ပါ။ ကျွန်တော် လုံးဝ မတားပါဘူး၊ မတားနိုင်ပါဘူး။
ဘာကြောင့်လဲ။
ကောင်းပြီ၊ ဘာကြောင့် ကျွန်တော် သည်လို ခံစား တွေးမြင်ရသလဲ၊ ကျွန်တော် ပြောပြချင်ပါတယ်။
တကယ်တော့ တရုတ်ပဲ ဖြစ်စေ၊ ကုလားပဲ ဖြစ်စေ၊ မြန်မာပြည်မှာ မွေးလာတယ်၊ မြန်မာ့မြေမှာ နေတယ်၊ မြန်မာ့ရေကို သောက်တယ်၊ မြန်မာ့ဆန်ကို စားတယ်၊ နောက်ပြီး သူက မြန်မာနိုင်ငံသားလည်း ခံယူထားတယ်၊ သည်လူတွေကို နိုင်ငံတော်သီချင်းကို မင်းတို့က တိုင်းရင်းသားမဟုတ်လို့၊ ဌာနေတိုင်းရင်းသား ၁၃၅မျိုးထဲမှာ မပါလို့ ဆိုခွင့်မရှိ၊ မဆိုရလို့ ကျွန်တော် မပြောသင့်ဘူးလို့ ကျွန်တော် ယူဆပါတယ်။
ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံနဲ့ သီချင်းဖွင့်ရင်တောင် မတ်တပ်ထမရပ်တဲ့ လူတွေအစား သူတို့ နိုင်ငံတော်သီချင်းကို ဆိုနေကြရင် ကျွန်တော်ပြုံးပြီး ကြည့်နေလိုက်မယ်။
ကျွန်တော်တို့ နိုင်ငံတော်သီချင်းဆိုနေကြတဲ့အခါ သူတို့ လိုက်မဆိုရင်တောင် ဟ မင်းတို့က ဘာလို့ မဆိုတာလဲလို့ ကျွန်တော်မေးမယ်၊ မင်းတို့က မြန်မာနိုင်ငံသားမဟုတ်ဘူးလားလို့ ကျွန်တော်မေးလိုက်မယ်။
လိုက်ဆိုခိုင်းမယ်။
နိုင်ငံတော်သီချင်းကို အလွတ်ရတယ်၊ လိုက်ဆိုတယ်ဆိုကတည်းက သည်ကလေးတွေရဲ့ နှလုံးသားမှာ (သို့မဟုတ်) ဦးနှောက်မှာ မြန်မာဆိုတာ တစ်နေရာ ရှိနေပါပြီ။
သီချင်းဆိုတာမျိုးက လိုက်ဆိုရင်း လိုက်ဆိုရင်း စာသားရဲ့ အနှစ်သာရတွေက အသွေးအသားထဲ ရောက်သွားစေတတ်တယ်။ ဒီလိုမဟုတ်တောင် စာသားရဲ့ အဓိပ္ပါယ်ကို စဉ်းစားရင်းနဲ့ နှစ်ခြိုက်မြတ်နိုးစေတတ်တယ်။
ဆရာက ကလေးတွေနဲ့ ရေးထားလို့ ကျွန်တော်ကလည်း ကလေးတွေနဲ့ ဥပမာပေးချင်ပါတယ်။
ကလေးဆိုတာ နုနယ်တယ်၊ သင်လွယ်တတ်လွယ်တယ် မဟုတ်လား။
သည်ကလေးတွေကို ဒီသီချင်းက နင်တို့ဆိုစရာလားလို့ မပြောဘဲ၊ နင်တို့ဆိုခွင့်မရှိဘူးလို့ မတားမြစ်ဘဲ ဗမာစကားပြောပြီး မြန်မာတစ်ယောက်လို ကြီးပြင်းလာအောင်သာ ကျွန်တော်တို့ ၀ိုင်းဝန်းလုပ်ဆောင်ပေးသင့်တယ်မဟုတ်လား။
သူတို့ဟာ မြန်မာနိုင်ငံထဲမှာ နေနေတာပါ။ မြန်မာနိုင်ငံသား ခံယူထားကြတာပါ။
အဲဒါကြောင့် သူတို့စိတ်ထဲမှာ ပထမနိုင်ငံဟာ မြန်မာဖြစ်ရမယ်၊ မြန်မာနိုင်ငံကို သူတို့ချစ်တတ်အောင် လုပ်ပေးရမယ်၊ သည်အခါ သူတို့အနေနဲ့ ပြည်ကြီးကိုလည်း မလွမ်းတော့ဘူး၊ ဆွေမျိုးတွေဆီလည်း မပြန်ချင်တော့ဘူးပေါ့။ ဘာပဲပြောပြော သူတို့စိတ်ထဲမှာ မြန်မာဆိုတာ စွဲစွဲနစ်နစ် ၀င်ရောက်သွားမှာပေါ့။
ခုနက ကလေးတွေကို ကျောင်းတွေမှာ ဌာနေတိုင်းရင်းသားမဟုတ်လို့ ဆိုပြီး ခွဲခြားဆက်ဆံကြမလား။
ဟင့်အင်း၊ မလုပ်လိုက်ကြပါနဲ့။
သူတို့ကို မြန်မာဖြစ်လာအောင်သာ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ချစ်တတ်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်လာအောင်သာ လုပ်ပေးကြပါ။
ခွဲခြားတယ်ဆိုတာ ဘာမှ မကောင်းပါဘူး။
လူမျိုးရေးခွဲခြားတယ်ဆိုတာ နိုင်ငံခြားရောက်ဖူးတဲ့ မြန်မာတွေလဲ ကြိုက်မှာမဟုတ်ဘူး၊ ကျွန်တော်လဲ မကြိုက်ပါဘူး။
ဘာသာရေးလဲ မခွဲခြားကောင်းပါဘူး၊ လူမျိုးရေးလည်း မခွဲခြားကောင်းပါဘူး၊ မကောင်းတဲ့သူကိုသာ မကောင်းသလို ခွဲခြားဆက်ဆံကောင်းပါတယ်။ ၀ါးလုံးနဲ့ရမ်းပြီး အားလုံးကို မုန်းတီးတာတော့ မကောင်းပါဘူး။
မုန်းတီးအောင် လုပ်တာလည်း မကောင်းပါဘူးဗျာ။
ဟိုတလောက ထိုင်ဝမ်က တရုတ်ကလေးတစ်ယောက် သူတို့ဆီက super idolပြိုင်ပွဲမှာ မျိုးကြီးသီချင်းကို မြန်မာလိုဆိုပြီး အမှတ်အများဆုံးရသွားတာလေး တွေ့မိတယ်။
အမြင့်ဆုံးအဆင့်ရောက်ခါနီးမှာ ဒိုင်တရုတ်တွေနားမလည်တဲ့ မြန်မာသီချင်းကို မြန်မာလို ဆိုသွားခဲ့တာ။
ဘာဖြစ်လို့လဲ။
ဒီကလေးရဲ့ စိတ်ထဲမှာ မြန်မာဆိုတာ တစ်နေရာရှိနေလို့ပေါ့။ (အဲဒီကလေးက မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်ပါ။)
ဘာပဲပြောပြော မြန်မာသီချင်းကို သည်ကလေး မြတ်နိုးတတ်သွားပြီ၊ မြန်မာစကားကို သည်ကလေး မြတ်နိုးတတ်ခဲ့ပြီ၊ သည်အရာတွေ ဆက်စပ်လိုက်ရင် မြန်မာဆိုတာကိုလည်း သည်ကလေး မြတ်နိုးတတ်လိမ့်မယ်လို့ ထင်မိတယ်။
နောက်ပြီး ဟိုတလောက ထိုင်ဝမ်ကပဲ ကမ္ဘာကျော် HTC ရဲ့ စီအီးအိုကြီး ရောက်လာခဲ့သေးတယ်။
သူက မန္တလေးသားဆိုတော့ မြန်မာဂျာနယ်များအပါအ၀င် အားလုံးက သောင်းသောင်းဖြဖြကြိုဆို ခဲ့ကြတာပေါ့ဗျာ။
မန္တလေးမှာ ပညာရည်နို့ သောက်စို့သွားခဲ့တဲ့ မန္တလေးသားတစ်ယောက်မို့ ဂုဏ်ယူခဲ့ကြရတယ်၊အင်တာဗျူးတောင် မြန်မာလို ပြောသွားသေးတယ်။
ကျွန်တော် စဉ်းစားမိပါတယ်၊ သည်လို ပုဂ္ဂိုလ်မျိုးတွေကျ ခွဲခြားဖို့ ကျွန်တော်တို့ သတိမရကြဘူးမဟုတ်လား။
ဘယ်သူမှတော့ ခွဲခြားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လုပ်နေကြတာလို့ ကျွန်တော်မထင်ပါဘူး။
ဒါပေမယ့် အမျိုးသားရေးစိတ်ဓာတ် တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ပဲ လုပ်နေကြတာပါ။ ခံစားချက်လေးတွေ ရောပြွမ်းပြီး လုပ်နေကြတာပါ။
အဓိက ကတော့ နိုင်ငံကောင်းဖို့ပေါ့။ နိုင်ငံနဲ့လူမျိုး တိုးတက်ဖို့ပေါ့။
အဆိုတော် လင်းလင်းကတောင် သီချင်းတစ်ပုဒ်ဆိုခဲ့သေးတယ်မဟုတ်လား။
ကျွန်တော်မွေးခဲ့တဲ့မြို့ မရှိတော့ပါတဲ့၊ သူစိမ်းတွေနဲ့ သေဆုံးနေတဲ့ ငါတို့ရဲ့ မန္တလေးတဲ့၊ အကြင်နာခေါင်းပါးသူ အဖြူရောင်အသားနဲ့လူ ဘာသာစကားများလည်း တို့နဲ့မတူတဲ့။
သီချင်း ခေါင်းစဉ်ကတော့ ဘာလဲ မသိပါဘူး။
အဓိက ကတော့ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးချင်ကြတာပါ။
ပထမကမ္ဘာစစ်အပြီးမှာ ဟစ်တလာဟာ ချွတ်ခြုံကျနေတဲ့ သူ့နိုင်ငံကို တိုးတက်အောင် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တယ်၊ အချိန်တိုအတွင်း အမျိုးသားရေးစိတ်ဓာတ်မြင့်တက်လာခဲ့ပါတယ်။
ဘယ်လိုနည်းနဲ့ မြှင့်တင်ခဲ့သလဲဆိုတော့ ဂျူးမုန်းတီးရေးဝါဒနဲ့ပေါ့။ လုပ်နည်းကိုင်နည်းမှားခဲ့တော့ အမျိုးသားရေးစိတ်ဓာတ်ကနေ လူမျိုးကြီးဝါဒဖြစ်သွားပြီး ရက်ရက်စက်စက်လူသတ်ပွဲကြီးတွေ ကမ္ဘာမှာ ဖြစ်ခဲ့တော့တာပါပဲ။
အနီးစပ်ဆုံး အိမ်နီးချင်း ထိုင်းတောင်မှ သူတို့ တိုးတက်ဖို့ အမျိုးသားရေးစိတ်ဓာတ်နေရာမှာ ဗမာမုန်းတီးရေးဝါဒကို အစားထိုးခဲ့ပါသေးတယ်။ ကုန်းဘောင်ခေတ်ရောက်သည်အထိ ထိုင်းဟာ မြန်မာထက် အောက်ကျပါတယ်။
အဲဒီနောက်မှာမှ အယုဒ္ဓယကို စွန့်ခွာပြီး ဗန်ကောက်မြို့ကို တည်ထောင်ခဲ့ပါတယ်။ ဗန်ကောက်ခေတ်လို့ ခေါ်တွင်တဲ့ အဲသည်ခေတ်ရောက်မှ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပြီး သူတို့ ကြိုးစားခဲ့ကြလို့ ယနေ့အချိန်မှာ ယခု အနေအထားကို ရောက်နေတာဖြစ်ပါတယ်။
တလွဲ အမျိုးသားရေးစိတ်ဓာတ်တွေကို တင်ပြတာ ဖြစ်ပါတယ်။
အခု ဒီပို့စ်လေးကိုတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ သူ့ရဲ့ ဖြစ်ရပ်ကလေးနဲ့ အဆုံးသတ်ချင်ပါတယ်။
ကျွန်တော့်သူငယ်ချင်း ငယ်စဉ် ကလေးဘ၀တုန်းကပေါ့။
သူငယ်ချင်းက မိုးကုတ်သားပါ၊ သူနေတဲ့ ရပ်ကွက်ထိပ်က အပင်ကြီးတစ်ပင်အောက်မှာ အကြော်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အကြော်သည်ကြီးကတော့ အသားမည်းမည်း ကုလားမကြီးပါတဲ့။
ဟိန္ဒူလား၊ မွတ်စလင်လားတော့ ကျွန်တော် မမေးမိပါဘူး။
သူက ကလေးဆိုတော့ အိမ်က အကြော်စားချင်ရင် သူ့ပဲ ပြေးခိုင်းတာပေါ့၊ မုန့်ဖိုးတွေ ဘာတွေရလို့ ကိုယ့်ဘာသာလဲ အကြော်ဝယ်စားဖူးတာပေါ့။
သည်လိုနဲ့ ၀ယ်ပါများတော့ အကြော်သည် ကုလားမကြီးနဲ့ သူနဲ့က ခင်လာတာပေါ့လေ။
တစ်ခါတစ်လေ ညနေခင်းတွေ အကြော်မ၀ယ်ဘဲလဲ အကြော်ဆိုင်မှာ သွားထိုင်ရင် ထိုင်နေတာပေါ့။
တစ်နေ့တော့ ကျောင်းမှာ တိုင်းရင်းသားတွေအကြောင်း သင်လာခဲ့ရတယ်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုကြီး ရှစ်စုရှိပြီး တိုင်းရင်းသား ၁၃၅မျိုးရှိပါသည် စသဖြင့်ပေါ့။
အဲဒီလို သင်လာရတော့ သူငယ်ချင်းက ကလေးဆိုတော့ တွေ့ရာလူကို မေးတာပေါ့။
ဦးလေး ဘာလူမျိုးလဲ၊ ဒေါ်ဒေါ် ဘာလူမျိုးလဲပေါ့။
မိုးကုတ်ဆိုတော့ တိုင်းရင်းသားအစုံရှိတယ်လေ၊ ကချင်အစ ရှမ်းအဆုံး ပေါ့။
အဲဒါနဲ့ တစ်ညနေ အကြော်သွားဝယ်ရင်းနဲ့ အကြော်သည်ကြီးကို ကြည့်ပြီး အသားမည်းမည်း၊ ရုပ်ကလဲ သူများနဲ့ မတူဘူးဆိုတော့ ဘာလူမျိုးလဲ သိချင်လာတယ်။
သည်တော့ မေးလိုက်တာပေါ့။
"ကြီးကြီး၊ ကြီးကြီး... ကြီးကြီးက ဘာလူမျိုးလဲဟင်... ကချင်လား၊ ကယားလား၊ ကရင်လား၊ ချင်းလား..."
သည်တော့ အကြော်သည် ကုလားမကြီးက ကလေးကို ပြုံးပြုံးလေး လှည့်ကြည့်ပြီး သည်လို ဖြေလိုက်ပါသတဲ့။
"သြော်... ကြီးကြီးလား... ကြီးကြီးက ပြည်ထောင်စုလူမျိုးပေါ့ကွယ်..."တဲ့။
သည်လိုနဲ့ သူငယ်ချင်းလဲ ပြည်ထောင်စုလူမျိုး၊ ပြည်ထောင်စုလူမျိုးလို့ ရေရွတ်ရင်း အကြော်ထုပ်လေးဆွဲပြီး အိမ်ပြန်ခဲ့ပါတော့တယ်တဲ့။

( ပို့စ်လေးကတော့ ရှည်သွားပြီ ထင်တယ်၊ အပြီးထိ ဖတ်ပေးကြနော် :P ၊ ဒါတွေ ရေးလို့ ဘာလူမျိုးလဲ မအောက်မေ့နဲ့နော်၊ ဗမာစစ်စစ်ပါဗျာ၊ ဟီးးး၊ ဒီလိုရေးတာ စာဖတ်သူမောင်နှမများရဲ့ အတွေးအမြင်တွေကိုလည်း သိလိုလို့ပါ၊ ကျွန်တော့်အတွေးအမြင်ဆိုတာကလည်း မှားယွင်းကောင်း မှားယွင်းနိုင်တယ်မဟုတ်လား၊ ထောက်ပြပေးကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ၊)

Saturday, March 9, 2013

ဒီသီချင်းက သူတို့ဆိုစရာလားဖေဖေရဲ့ - ဦးဘုန်း(ဓာတု)

(ကျွန်တော့်ဘလော့ကို ပို့စ်အသစ်တင်တိုင်း မပျက်မကွက် လာအားပေးလေ့ရှိတဲ့ ဘလော့ဂါမောင်နှမများကို အထူးကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။
ကျွန်တော်အခု ပို့စ်တစ်ခုတင်ချင်ပါတယ်၊ မတင်ခင်မှာ ပြောချင်တာလေးရှိလို့ပါခင်ဗျာ။
ဒီပို့စ်က ကျွန်တော်ရေးတာမဟုတ်ပါဘူး၊ ဆရာဦးဘုန်း(ဓာတု)ရဲ့ ရနံ့သစ်မဂ္ဂဇင်းပါတဲ့ ၀တ္ထုတိုဆန်ဆန် စာပေတစ်မျိုးဖြစ်ပါတယ်။ ( အဲဒါကြောင့် ဖတ်လို့ ကောင်းနေတာပေါ့နော်)
သည်စာလေးကို ကူးယူပြီးတင်ရတာ ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိပါတယ်။
သည်စာလေးကို ဖတ်ပြီးပြီးချင်း ကျွန်တော်ခံစားလိုက်ရတဲ့ ခံစားချက်ကို ပြောပြချင်တာပါ၊ အဲဒီခံစားချက်ဆိုတာ ကျွန်တော့်ဒဿန၊ ကျွန်တော့်အတွေးအမြင်လဲ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် လာလည်ကြတဲ့ စာဖတ်သူမောင်နှမများကို တောင်းဆိုချင်တာက ဒီစာလေးဖတ်ပြီးလို့ ကွန်မန့်ပေးချင်တယ်ဆိုရင် ခဏလောက် သည်းခံပြီး စောင့်ဆိုင်းပေးဖို့ပါ။
ဘာလို့လဲဆိုတော့ နက်ဖြန်မှာ ကျွန်တော်က ဒီပို့စ်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အတွေးအမြင်ကို တင်ပြမှာပါ။
ကျွန်တော့်အတွေးအမြင်ဆိုတာ မှားမလား၊ မှန်မလား အတိအကျပြောလို့ မရနိုင်ပါဘူး။
ကျွန်တော့်အတွေးအမြင်ကို ဖတ်ပြီးမှသာ ပေးချင်တဲ့ ကွန်မန့်ကို ပေးကြဖို့၊ ကျွန်တော့်ကို ဝေဖန်ထောက်ပြကြဖို့သာ လေးစားစွာနဲ့ တောင်းဆိုပါရစေခင်ဗျာ။)




ဒီသီချင်းက သူတို့ ဆိုစရာလား ဖေဖေရဲ

`ဖေဖေ ၊ ဖေဖေမှားနေတယ်`
တစ်ညက ဖြစ်သည်။ ကျွန်တော်က စာရေးနေသည်။ သမီးလေး ချစ်ပေါက် က ဆော့နေသည်။ စိတ်ဝင်တစားဖြင့် စာရေးနေချိန်တွင် သမီးက အနားသို့ ကပ်လာပြီး ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။
``ဖေဖေ ဘာမှားလို့လဲ သမီးရဲ့``
မှားနေတယ်လေ ဖေဖေရဲ့၊ ဖေဖေ ရေးတဲ့ စက္ကူမှာ နေ့စွဲလို့ ရေးထားတယ်။ အခု ညရောက်နေပြီလေ။ ညစွဲလို့ ရေးရမှာပေါ့။ ဖေဖေက နေနဲ့ ညနဲ့လည်း မသိဘူး။
ကျွန်တော် ပြုံးမိသည်။ သမီးပြောတော့လည်း တွေးစရာ ရလိုက်သည်။ အခုမှ ပထမတန်း ရှိသေးသည်။ သတ္တိရှိသည်။ ရဲဝင့်သည်။ အလွန်ဆော့သည်။ တစ်ခါ တစ်ရံ မျောက်တကောင်နှင့် တူသည်။
ပြီးခဲ့သောနှစ် ၊ သူငယ်တန်းတုန်းက ကျောင်းတွင် သူ၏ အတန်းပိုင်ဆရာမနှင့် စကားများခဲ့သည်။ ဆရာမက ဒရယ် ဆိုသော စာလုံးပေါင်းကို သင်သည်။ ဒရေးဒ ၊ ရ ရေး ရသတ် ရယ် ဟု သင်သည်။ သမီးက ဒဒွေးရေး ဒ ၊ ရကောက်ရေး ယပလက်သတ်ရယ် ဟု အော်ပြီး ဖတ်သည်။ ဆရာမက သူချပေးသလို လိုက်ပြီး မဆိုသဖြင့် ဒဏ်ပေးသည်။ သမီးက အိမ်ရောက်တော့ ဒီအကြောင်းကို ပြောပြသည်။
``ဖေဖေ သိလား၊ ဒဒွေးတွေ၊ ဓအုပ်ချိုက်တွေ၊ ရကောက်တွေ၊ ယပလတ်တွေ ခွဲပြီး မဆိုတော့ဘူး။ သမီးက ဖေဖေ သင်ပေးတဲ့အတိုင်း ဆိုတယ်။ အဲဒါ ကျောင်းမှာ သမီးဆိုတာကို မှားတယ်တဲ့။ ဒီလိုဆိုရင် ဒဒွေးနဲ့ ဓအုပ်ချိုက် တစ်ခုရှိရင်ကို ရပြီပေါ့လို့ သမီးက ဆရာမကို ပြောလိုက်တယ်။ အဲဒါနဲ့ သမီး အတန်းထဲမှာ မတ်တတ်ရပ်ပြီး နေရတယ်။ ဖေဖေ မှားတာလား။ ဆရာမ မှားတာလား``
ကျွန်တော့ သမီးက အဲဒီလိုမျိုး။ လူမကြောက်ဘူး။ ပြောစရာရှိရင် ပြောတတ်သည်။
တစ်နေ့က သမီးကို ကာတွန်းစာအုပ်တစ်အုပ် ဖတ်ပြသည်။ ထိုစာအုပ်ထဲတွင် ဇာတ်လမ်းသည် လူသတ်ပြီး ဓားပြတိုက်သွားသော လူဆိုးကို ဖမ်းမိလျှင် ဆုငွေ ဒေါ်လာ တစ်သန်းပေးမည်ဟု ပါရှိသည်။ ထိုလူသတ်ကောင် ဓားပြဗိုလ်၏ ဓာတ်ပုံအထက်တွင် အလိုရှိဟူသော စာတန်းချိတ်ဆွဲထားသည်။
ဖေဖေ ရဲတွေကလည်း ညံ့လိုက်တာ
ဘာဖြစ်လို့လဲ သမီးရဲ့
ဖေဖေရယ် ။ အဲဒီ လူဆိုးဗိုလ်ကြီးကို ဓာတ်ပုံရိုက်တုန်းက ဖမ်းထားလိုက်ရင် ပြီးတာပဲ။ အခုကျမှ ဆုငွေထုတ်ရတယ်လို့။
သမီးပြောစကားများသည် ရိုးရိုးလေးနှင့် ဆန်းနေသည်။
သမီးသည် ယခုခေတ်တွင် မွေးသော ကလေးများ၏ စတိုလ် အပြည့်ရှိသည်။ ထုပ်ဆီးတိုးတမ်း မကစားတတ်။ ဖန်ခုန်တုန်း ကစားခြင်းကို မကြားဘူး။ ကြက်ဖခွပ်တမ်း ကစားခြင်းကို နားမလည်။ သူတို့ ကစားသည့်နည်းများမှာ မော်ဒယ်ရှိုးလျှောက်တမ်း၊ သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုတမ်း ကစားကြသည်။ အိုးပုတ်၊ ချိုးရုပ်ကို သူမသိ။ ဇယ်တောက်တမ်း ကစားခြင်းကို သူမသိ။ ကွန်ပျူတာကို သိသည်။ လက်တော့ပ်ကို သိသည်။ ကီးဘုတ်ကို သိသည်။ မောက်စ်ကို သိသည်။ ယနေ့ခေတ် အဆိုတော်ပေါက်စများ၏ သီချင်းများကို ကျွမ်းဝင်သည်။ မြို့မငြိမ်းကို မသိ။ စိုင်းစိုင်းကို သိသည်။ နတ်ရှင်နောင်ကို မသိ။ မိုးမိုးကို သိသည်။ ကလေးဆိုတော့ ထားပါတော့။
တစ်နေ့က အိမ်တွင် IC သီချင်း စီဒီချပ်ကို ဖွင့်နေသည်။ သမီးက လေးဖြူကိုလည်း ကြိုက်သည်။ အငဲကိုလည်း ကြိုက်သည်။ ဝိုင်းဝိုင်းနှင့် ဇော်ပိုင်ကိုလည်း နှစ်သက်သည်။ တကယ့် အာဂ သမီးလေးပါ။
ဇော်ပိုင်၏ ပန်ဆင်ပို့ ပန်းကလေးတွေ ပွင့်လန်းနေ………. မပန်ချင်လည်း နှလုံးသားကို ခြွေလိုက်လေ……… ဆိုသည့် သီချင်းကို အလွန်ကြိုက်သည်။ တစ်ခါတစ်ရံ ဤသီချင်းကို ညဉ်းဆိုနေတတ်သည်။
ဖေဖေ …… ကျောင်းမှာ သမီးတို့ သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုတမ်း ကစားကြတယ်။ သမီးက ဇော်ပိုင် သီချင်းကို ဆိုပြလိုက်တယ်။ သမီး သူငယ်ချင်း ရွှန်းလဲ့ခင်က ပြောတယ်။ အဲဒါ မြန်မာသီချင်း မဟုတ်ဘူးတဲ့။ ဟုတ်လား ဖေဖေ……………
သမီးက အဲဒီလို ပေါက်တတ်ကရလည်း မေးတတ်ပါသည်။
သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ကဗျာကို အသံနေ အသံထားဖြင့် ရွတ်ဆိုနေတတ်ပြန်သည်။
ပန်းကလေးများ ပွင့်တော့မည်.. ဖူးတံဝင့်လို့ချီ ဆိုသည့်ကဗျာ ကို သီချင်းတစ်ပုဒ်ကဲ့သို့ ဆိုပြနိုင်သည်။ ဆိုပြတတ်သည်။ ကျောင်းမှ သင်သော ကဗျာများ၊ စာများ၏ အကြောင်းရင်းများကိုလည်း မေးတတ်သည်။ ရှင်းပြခိုင်းသည်။ စိတ်ဝင်စားသည်။ သူမေးသမျှ စိတ်ရှည်ရှည်ဖြင့် သူနားလည်အောင် ရှင်းပြရပါသည်။
ဖေဖေ ညအခါ လသာသာ၊ ကစားမလား နားမလား ဆိုတာ မီးမလာလို့လား ဖေဖေရဲ့။ သမီးဖြင့် ညအခါ လာသာသာမှာ မကစားဖူးပေါင်`
သမီးပြောတော့မှ ဒီနေ့ခေတ်ကလေးငယ်များ၏ ခံစားချက်နှင့် အမြင်ကို တွေးဆမိပြန်သည်။
တစ်နေ့တွင်…….
ကျောင်းမှ ပြန်လာစဉ် ထူးထူးဆန်းဆန်း ကစားများကို ပြောလေတော့သည်။
ဖေဖေရေ. သမီးတို့အတန်းထဲကိုလေ ကျောင်းသားအသစ် ငါးယောက်တောင် ရောက်လာတယ် သိလား..
အဲဒါ ဘာဖြစ်တုန်း သမီးရဲ့
သူတို့က မြန်မာစကား ကောင်းကောင်း မပြောတတ်ဘူး။ စကားလည်း မပီဘူး..
ငယ်သေးလို့ နေမှာပေါ့ သမီးရဲ့..
ပြီးတော့လေ.. သူတို့က ကျောင်းကိုလာရင် ကားဖြူဖြူ၊ အကောင်းစားကြီးနဲ့ လာတယ်ဖေဖေရဲ့။ ကားရဲ့ ရှေ့မှန်မှာလည်း အနီရောင်စက္ကူပေါ်မှာ ရွှေရောင်စာလုံးတွေနဲ့။ ဘာတွေမှန်းလည်း မသိဘူး။ ရေးထားတယ်။ ကပ်ထားတယ်။
အဲဒါ ဘာဖြစ်တုံး..
သူတို့က သူဌေးတွေလို့ ပြောတာပဲ။ အတန်းပိုင် ဆရာမနဲ့လည်း ခင်တယ် ထင်တယ်။ သူတို့က နောက်မှာ ရောက်လာပြီး ရှေ့ဆုံးခုံမှာ ထိုင်ရတယ် ဖေဖေ..
သောကြာသမီး ပီသသည်။ အလွန်စကားများသည်။ အလွန်စပ်စုသည်။
သူတို့ စာအုပ်ထည့်လာတဲ့ ကျောပိုးအိတ်ကြီးကလည်း အမိုက်စားကြီးဗျ။ သုံးသောင်း ပေးရတယ် ပြောတယ်။ သူတို့ ဒီလောက်ထိ ဘာလို့များ သူဌေးဖြစ်ရတာလဲ မသိဘူး..
ကျွန်တော် ပြုံးလိုက်မိသည်။ သမီးက ဆက်ပြောသည်။
နေ့လယ် ထမင်းစားဆင်းတော့ ကျောင်းရှေ့က သစ်ပင်အောက်မှာ ကော်ဇော အနီကြီးကို ခင်ပြီးတော့ ထမင်းစားကြတယ် ဖေဖေရဲ့၊ သူတို့က ကြွားသေးတယ်။ ပုဇွန်ဟင်းနဲ့ စားတာတဲ့။ သမီးကလည်း ပြန်ကြွားလိုက်တာပေါ့။ ငါတို့က အာလူးဟင်းလို့..
သမီးက အာလူးဟင်းကို ကြိုက်သည်။ အာလူးကိုမှ ဟင်းထင်သူ ဖြစ်သည်။
သူတို့က သူတို့အချင်းချင်း မြန်မာစကားမပြောကြဘူး ဖေဖေရဲ့၊ ဘာစကားတွေမှန်း မသိပါဘူး၊ ကိုရီးယား စကားလိုလို ဘာလိုလို နဲ့..
သမီက ကျောင်းမှ ပြန်လာတိုင်း တစ်အိမ်လုံးကို သူ့ကျောင်းအကြောင်း ပြောတတ်သည်။ တစ်ခါတလေ ရယ်ရသည်။ တစ်ခါတလေ ဘာမှန်းမသိပါ။ သို့သော် ကလေးပီပီ သွက်လက်ချက်ချာသဖြင့် ချစ်မိသည်ကတော့ အမှန်ပင်။
ဒီနေ့ ညနေ ကျောင်းမှ ပြန်အလာ သမီး ငိုလာသည်။ ဘာကြောင့် ငိုလာရသလဲဟု ဝိုင်းပြီး မေးကြသည်။
ဖေဖေ ဘာသိလို့လဲ..
မသိလို့ မေးတာပေါ့ သမီးရဲ့..
သမီးတို့က ကျောင်းမှာ သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုတမ်း ကစားကြတယ်..
အဲဒါ ဘာဖြစ်တုံး..
သမီးက ဇော်ပိုင်သီချင်းကို ဆိုပြလိုက်တယ်
ဘာသီချင်းလဲ သမီးရဲ့
..ပန်ဆင်ဖို့ ပန်းကလေးတွေ .. ပွင့်လန်းနေ .. သီချင်းပေါ့
အဲဒီ သီချင်းက သမီးအလွန်ပိုင်တဲ့ သီချင်းပဲ။ ဒါနဲ့ သမီးက ဘာဖြစ်လို့ ငိုရတာတုံး.
သူတို့က အဲဒီသီချင်းကို သူတို့စကားနဲ့ ဆိုပြတယ် ဖေဖေရဲ့။ အဲဒါ သူတို့ သီချင်းတဲ့.
ဟုတ်တယ်လေ ။ ဒါနဲ့များ သမီးက ငိုရတယ်လို့အေ..
သမီးက အဲဒီအထိ မငိုသေးပါဘူး
ကဲ ဆက်ပြောစမ်းပါဦး
သမီး သူငယ်ချင်း ရွှန်းလဲ့ခင်က သူတို့ကို သီချင်းဆိုပြစမ်းပါလို့ ခိုင်းလိုက်တယ်..
သမီးက ပြောရင်းဖြင့် မျက်ရည်များ လည်လာသည်။ ဝမ်းနည်းလည်သည်။ ဦးခေါင်းကို မော့ထားသည်။
ပြောလေ သမီးရဲ့..
သူတို့က ကမ္ဘာမကျေ သီချင်းကို အော်ပြီး ဆိုပြတယ်..
ဒါငိုစရာလား သမီးရဲ့..
ဖေဖေ ဘာသိလို့လဲ။ ကမ္ဘာမကျေ သီချင်းထဲမှာ ပါတယ်လေ။ ဒါ တို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့ပြည်တဲ့။ ဒီသီချင်းက သူတို့ ဆိုစရာလား. ဖေဖေရဲ့..
ကျွန်တော်တို့ တစ်အိမ်လုံး တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး မှင်တတ်နေမိကြတော့သည်။
သြော် သမီးလေး ချစ်ပေါက်ရယ်……

ဦးဘုန်း(ဓာတု) မန္တလေး

ရနံ့သစ် မဂ္ဂဇင်း