Sunday, July 15, 2012

TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၂)

(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)


ယနေ့ညလည်း အိပ်မရသဖြင့် ၀ီလ်သည် ၀ီမစ်တီသို့ ကားမောင်းထွက်လာခဲ့ပြန်သည်။
အိပ်မရခဲ့သော ညများလည်း များခဲ့ပြီ။
အိပ်မက်ဆိုးတွေကလည်း ညတိုင်း သူ့ကို နှောင့်ယှက်လျက်ရှိသည်။
အိပ်မရသည့်ညတိုင်း ၀ီမစ်တီမြို့၊ လင်ဒန်ရပ်ကွက်သို့ ၀ီလ် ထွက်လာတတ်သည်။
လင်ဒန်ရပ်ကွက်မှာ ယခင်က လိင်မှုဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့ဖူးသူ ရော့ဘ်မာ့စ်ကုမ်း နေထိုင်သည်။
ဝီလ့်စိတ်ထဲမှာတော့ သည်ကောင်ပင် ချာလီဖြစ်မည်ဟု ယုံကြည်နေမိသည်။
ထိုသို့ယုံကြည်မိခြင်းအတွက် သူ့တွင် မည်သည့်အကြောင်းပြချက်မှ မရှိ။
ထင်မြင်ယူဆရုံသက်သက်သာ ဖြစ်သည်။
လင်ဒန်ရပ်ကွက်ထဲရောက်သောအခါ ၀ီလ်က ရော့ဘ်မာ့စ်ကုမ်း၏အိမ်ရှိရာကို လှမ်းမြင်နေရသော အမှောင်ရိပ်တစ်နေရာတွင် ကားကိုရပ်ကာ အရိပ်အခြေကို စောင့်ကြည့်နေမိသည်။
ဘာရယ်၊ ညာရယ် ရည်ရွယ်ချက်မရှိဘဲ သက်သက်မဲ့စောင့်ကြည့်နေမိခြင်းသာဖြစ်သည်။
တခါတရံ အမှိုက်ထွက်ပစ်တာမျိုးဖြစ်ဖြစ် ရော့ဘ်မာ့စ်ကုမ်း အိမ်ထဲမှ ထွက်လာလေ့ရှိသည်။
ညဘက် လူခြေတိတ်ချိန်၊ မီးပိတ်ချိန်မို့ ရော့ဘ်မာ့စ်ကုမ်း၏ မျက်နှာကိုကား အသေအချာမမြင်ရပါ။
ထောင်ထောင်မောင်းမောင်း၊ ဗလခပ်တောင့်တောင့်နှင့် အလယ်ခွဲပြီး သပ်တင်ထားသည် ဆံပင်ပုံစံကိုတော့ ၀ီလ် ခန့်မှန်းမိသည်။
အချိန်အတော်ကြာသွားပြီး ရော့ဘ်မာ့စ်ကုမ်း၏ အိမ် မီးပိတ်သွားမှ ၀ီလ်သည် ချီကာဂိုသို့ ကားမောင်းပြီး ပြန်လာခဲ့သည်။
အပြန်လမ်းတွင် ညနေခင်းက သူရောက်သော ပါတီပွဲအကြောင်း ခေါင်းထဲရောက်လာသည်။
ကြော်ငြာရိုက်ကူးရေးလုပ်ငန်း စတင်နိုင်သည့် အထိမ်းအမှတ်အဖြစ် အနုပညာအသိုင်းအ၀ိုင်းကလပ်တစ်ခု၌ A&Aကုမ္ပဏီမှ ကျင်းပပေးသော ပါတီပွဲဖြစ်သည်။
ပါတီပွဲကို ယောက်ျားလေး၊ မိန်းကလေး မော်ဒယ်အမြောက်အမြား တက်ရောက်ကြသည်။
အဖော်အချွတ်မော်ဒယ်များလည်း ပါကြသည်။
ထိုကလပ်မျိုးကို ၀ီလ်တစ်ခါမျှ မရောက်ဖူး။
နံရံများတွင် အဖော်အချွတ်မော်ဒယ်မလေးများ မလုံ့တလုံပုံများ ကပ်ထားသည်။
ထိုပုံများကို မြင်လိုက်ရသောအခါ နေ့လယ်ကမှ ဖတ်ထားမိသော အန်နီ့စကားလုံးများက ၀ီလ့်ခေါင်းထဲသို့ ရောက်လာသည်။
ဝီလ် ပုံတွေကို ကြည့်နေရင်း ခေါင်းတွေ ချာချာလည်လာသည်။
ဘုရား..ဘုရား..။
ငါ့သမီးလေးသာ ဒီလို မင်းသမီးဖြစ်ခဲ့ရင်...။
ဘုရား..ဘုရား..။
ဝီလ့်ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသဖြင့် ပါတီပွဲမှ မည်သူ့ကိုမျှနှုတ်မဆက်တော့ဘဲ အိမ်သို့ ပြန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဝီလ်သည် ၀ီမစ်တီမှ အိမ်သို့ ပြန်ရောက်သောအခါ အိပ်ယာထဲသို့ မ၀င်သေးဘဲ ဧည့်ခန်းထဲ၌ ထိုင်ကာ လက်ပ်တော့ကို ဖွင့်လိုက်သည်။
ထို့နောက် ဆယ်ကျော်သက် ကျောင်းသူကျောင်းသားများ သုံးသည့် ဆိုက်တစ်ခုထဲ ၀င်လိုက်သည်။
ထိုဆိုက်ထဲတွင် ၀ီလ်က အသက်၁၃နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်အဖြစ် မှတ်ပုံတင်လိုက်သည်။
နာမည်ကို sadlilgrrl ဟု ပေးလိုက်သည်။
ပြီးလျှင် လာ၍ chatting ပြောသူတိုင်းနှင့် ချက်မည်။
သည်တဏှာရူးကောင်တွေကို အပြင်ဆွဲထုတ်နိုင်ဖို့က သည်နည်းဖြင့်သာ ရနိုင်မည်။
ဝီလ် ယခုလုပ်နေသည်ကို မှားသလား၊ မှန်သလား မတွေးမိ။
လုပ်သင့်သလား၊ မလုပ်သင့်သလားလဲ မစဉ်းစားမိ။
သမီးလေးအတွက် တရားခံကောင်ချာလီကို အပြင်ရောက်အောင် ဆွဲထုတ်နိုင်ဖို့ ဘာဖြစ်ဖြစ် ၀ီလ်လုပ်မည်သာဖြစ်သည်။
ချာလီက သူ့သမီးကို ဘယ်လိုချဉ်းကပ်ခဲ့သလဲဆိုသည်ကို စာအုပ်ထဲမှ ဖတ်ထား၊သိထားပြီးပြီမို့ ထိုနည်းလမ်းနှင့် ချဉ်းကပ်လာသည့်သူ သေဖို့သာ ပြင်ပေတော့..။
" တံခါးဖွင့်သံ ကြားလိုက်လားလို့..."
အိပ်ခန်းတွင်းမှ လင်းက အိမ်တံခါးဖွင့်သံကြောင့် နိုးလာပြီး အိပ်မှုံစုံမွှားနှင့် ထွက်လာသည်။
" အဲဒါ ကိုယ်ပါလင်း... ကိုယ် အိပ်မပျော်လို့ ကားလျှောက်မောင်းနေတာ..."
ဝီလ်က chatting မှာ စာရိုက်နေရင်း ပြောလိုက်သည်။
" ၀ီလ်ရယ်... ဘာများလဲလို့ လန့်သွားတာပဲ..."
" ဆောရီး လင်း..."
လင်းက အိပ်ခန်းထဲ ပြန်ဝင်ရန် ပြင်လိုက်သည်။
" အိပ်ရေးပျက်သွားပြီလား..."
" နည်းနည်းပါ..."
ထိုအခါမှ လင်းက ၀ီလ့်ကို ဂရုစိုက်မိသွားသည်။
ဝီလ် ညကြီးမင်းကြီး မှောင်မှောင်မည်းမည်းထဲမှာ ဘာစာတွေကို သည်းကြီးမည်းကြီး ရိုက်နေပါလိမ့်။
" ဘာလုပ်နေတာလဲ ၀ီလ်.."
" ဘာမှ မလုပ်ပါဘူး.."
ဝီလ်က ဗြောင်လိမ်လိုက်သည်။
သို့သော် ၀ီလ့်မျက်နှာက တစ်စုံတစ်ရာကို ဖော်ပြနေသည်။
လင်းက ချက်ချင်း ဘေးနားရောက်လာပြီး လက်ပ်တော့ကို ငုံ့ကြည့်လိုက်သည်။
လင်းသည် လက်ပ်တော့screenပေါ်မှ chatting box များကို မြင်လိုက်ရသောအခါ ကိုယ့်ကိုကိုယ် မယုံနိုင်အောင် ဖြစ်သွားသည်။
" ဒါ.. ဒါ ရှင်ရေးနေတာလား..."
ဝီလ်က ဘာမှ မပြောဘဲ ငြိမ်နေသည်။
" ရှင်.. ရှင်က ၀မ်းနည်းနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့... ဟုတ်လားဝီလ်..."
လင်းက ၀ီလ့်ကို သေချာစိုက်ကြည့်လိုက်သည်။
" ရှင် ဘာတွေလုပ်နေတာလဲဝီလ်... ရှင်က ကောင်မလေးဟန်ဆောင်ပြီး အွန်လိုင်းပေါ်မှာ ယောက်ျားတစ်ယေက်နဲ့ ချက်နေတာ.. ဟုတ်လား.."
" ဒါ ဒီကောင်တွေ သုံးတဲ့နည်းပဲလေ.. ဒီနည်းနဲ့ပဲ ဒီကောင်တွေကို ဆွဲထုတ်လို့ရမှာ..."
" ဘုရား..ဘုရား.."
လင်း ဘုရားတလိုက်မိသည်။
" ရှင် ဘာတွေဖြစ်နေတာလဲ ၀ီလ်..."
လင်းက ၀ီလ့်ကို မယုံနိုင်စွာ ကြည့်သည်။
ဝီလ် ရူးများသွားပြီလား...။
လင်းက တစ်ခုခုပြောလိုက်မည်ပြုပြီးမှ မပြောတော့ဘဲ ခေါင်းတစ်ချက်ယမ်းကာ ၀ီလ့်အနားမှ ထွက်သွားလေသည်။
ဝီလ်လည်း စိတ်ပျက်စွာဖြင့် လက်ပ်တော့ကို ပိတ်လိုက်ကာ အမှောင်ထဲတွင် ငိုင်ငိုင်ကြီး ထိုင်နေမိသည်။
သူ ဘာတွေလုပ်နေမိသလဲ ဆိုတာကို သူ့ဘာသာပင် သတိမထားမိတော့ပါ။
စိတ်တွေပဲ လွတ်လွတ်သွားသလား မပြောတတ်တော့ပေ။
ဝီလ်သည် နောက်ဆုံး၌ အိပ်ယာဝင်လိုက်ခြင်းသာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
အိပ်ခန်းထဲ မ၀င်သေးခင် အန်နီ့အခန်းသို့ တက်သွားလိုက်သည်။
အန်နီ့အခန်းထဲရောက်သောအခါ စောင်မခြုံဘဲ အိပ်ပျော်လျက်ရှိသော သမီးလေးကို တွေ့လိုက်ရသဖြင့် နံဘေးမှ စောင်ကို အသာအယာဆွဲယူကာ ခြုံပေးလိုက်သည်။
ထို့နောက် ထွက်သွားရန် ဟန်ပြင်ပြီးမှ အန်နီ့အိပ်ယာဘေးမှ စားပွဲခုံပေါ်တွင် တင်ထားသော ဖုန်းအဟောင်းလေးကို တွေ့လိုက်သည်။
ထို့ကြောင့် ဖုန်းကို အသာအယာကောက်ယူပြီး ဖွင့်လိုက်သည်။
သမီးလေးများ ချာလီ့ကို တစ်နည်းနည်းဖြင့် ဆက်သွယ်နေသေးလား သိချင်သဖြင့် ဖွင့်ကြည့်လိုက်ခြင်းဖြစ်သည်။
ထို့နောက် ဖုန်းကို စားပွဲပေါ်၌ ပြန်ချထားလိုက်ပြီး အခန်းထဲမှ ပြန်ထွက်လိုက်သည်။
တံခါးဆွဲပိတ်လိုက်၍ ထွက်သွားသောအသံကြောင့် လန့်နိုးသွားသော အန်နီသည် ပွင့်လျက်ရှိသော ဖုန်းအား စားပွဲပေါ်၌ တွေ့လိုက်ရသောအခါ ဖုန်းကို ကြမ်းပြင်ပေါ်သို့ မကျေမနပ် ဒေါသထွက်ထွက်နှင့် ပစ်ချလိုက်လေသည်။

နောက်တစ်နေ့ညစာစားချိန်၌မူ ၀ီလ်သည် ဘယ်မှ မသွားတော့ဘဲ မိသားစု စုံလင်စွာ ညစာစားဖြစ်ကြသည်။
ယခင်က စကားသံများဖြင့် စည်ကားနေလေ့ရှိသော ထမင်းဝိုင်းသည် ယခုမူ ငြိမ်သက်လျက် ရှိလေသည်။
" ဒီနေ့ ပီတာ့ဆီက ဖုန်းရတယ်.."
လင်းက ငြိမ်သက်ခြင်းကို အန်တုလိုက်သည်။
" ကိုကြီးက ဟောလိုဝင်းကျောင်းပိတ်ရက် အိမ်ခဏပြန်လာမယ်တဲ့..."
ကေတီလေးက သူ့အစ်ကိုကြီးပြန်လာမည်ဖြစ်သဖြင့် ၀မ်းသာအားရစွာ အော်ပြောသည်။
" အင်း ဟုတ်တယ်.. လာဖို့ ကြိုးစားမယ်တဲ့... ကောလိပ်မှာတော့ သူလည်း အလုပ်များမှာပေါ့လေ... ဒါပေမယ့် သူ့စကားတွေ နားထောင်ကြည့်ရတာ အဲဒီမှာ ပျော်နေပုံပါပဲ..."
" ကိုကြီးကို မပြောပြလိုက်ဘူးမဟုတ်လား..."
အန်နီက သူ့အမေကို ကောက်ခါငင်ကာ မေးလိုက်သည်။
သူမ ဖြစ်ပျက်ခဲ့သော ကိစ္စများကို သူမ၏အစ်ကိုကြီးအား လုံးဝ မသိစေချင်ပါ။
" မပြောပါဘူး... ဒါပေမယ့် အမေ.."
" မပြောပါနဲ့... လုံးဝမပြောနဲ့... ဟုတ်ပြီနော်..."
" ဟမ်... ဘာလဲ.. ဘာလဲ.. ဘာအကြောင်းလဲဟင်..."
ကေတီလေးက လူကြီးများပြောနေသော အကြောင်းကို လုံးဝမသိပေ။
" မေမေတို့ အပေါ်ထပ်မှာ ပြောပြောနေကြတဲ့အကြောင်းပါ သမီးလေးရယ်.. သမီးအစ်မ အနာတရ ဖြစ်ခဲ့တဲ့ အကြောင်းပါ..."
" လုံးဝမပြောရဘူးနော်..."
" အေးပါသမီးရယ်..."
" ဖေဖေတို့ မိသားစု ဒီစနေ၊ တနင်္ဂနွေ ရုပ်ရှင်သွားကြည့်ကြရင် မကောင်းဘူးလား... သမီးဘာကားကြည့်ချင်လဲ အန်နီ.."
" စိတ်မ၀င်စားပါဘူး..."
" ပြောကြည့်ပါသမီးရယ်.. ဖေဖေစိတ်ဝင်စားချင် ၀င်စားမှာပေါ့..."
" မသွားဘူး... ကြည့်လဲ မကြည့်ချင်ဘူး..."
" သမီး ဘာဖြစ်နေတာလဲ.. ဘာကို စိတ်ဆိုးနေတာလဲ.. ဖေဖေ ဘာလုပ်မိလို့လဲ..."
မကျေမနပ်ဖြစ်နေသည့် ပုံစံနှင့် ပြောနေသော အန်နီ့ကို ၀ီလ်က မေးလိုက်သည်။
အန်နီက ၀ီလ့်ကို ဘာမှ ပြန်မပြော...။
" ဘာကို မကျေမနပ်ဖြစ်နေတာလဲ အန်နီ..."
" မဖြစ်ပါဘူး... ကေတီ... မမကိုကြည့်စမ်း... မကျေမနပ်ဖြစ်နေတဲ့ ပုံ ပေါက်နေလို့လား..."
အန်နီက ကေတီလေးကို ဆွဲထည့်လိုက်သည်။
" ဟင့်အင်း.. မတူဘူး.."
ဝီလ်က သက်ပြင်းကို မျှင်းမျှင်း ချလိုက်သည်။
" ဒီအပတ် စနေ၊ တနင်္ဂနွေ မမတို့ စက်ဘီးပတ်စီးကြရင် မကောင်းဘူးလားကေတီ.."
အန်နီက ၀ီလ့်ကို တည့်တည့်ကြီး ဆန့်ကျင်ဘက်ပြုလိုက်ခြင်း ဖြစ်သည်။
" ကောင်းတာပေါ့... ရေအိုင်ကြီးနား လိုက်ပို့မလား.."
" သွားမှာပေါ့... ညီမလေးကြိုက်တဲ့ ကျောက်တုံးလေးတွေ လိုက်ကောက်ကြမယ်လေ.."
" ကောင်းတယ်.. ကောင်းတယ်.. သွားမယ်.."
ကေတီလေးက အားရ၀မ်းသာ ထောက်ခံသည်။
ဝီလ့်အစီအစဉ်ပျက်သွားပြီမို့ အန်နီက ၀ီလ့်ကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်လေသည်။

(ဆက်ရန်)

ရှေ့မှ အပိုင်းများကို ပြန်ဖတ်ရန်
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၂)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲသည် - အပိုင်း(၃)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၄)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၅)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၆)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၇)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၈)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၉)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၀)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၁)

No comments:

Post a Comment