(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)
အန်နီသည် မွေးနေ့ပွဲပြီးသွားပြီး ဧည့်သည်များပြန်သွားသည်နှင့် တစ်ပြိုင်နက် ဖေဖေ့လက်ဆောင် Notebook ကိုပိုက်ပြီး အပေါ်ထပ်မှ သူမအခန်းရှိရာသို့ ပြေးတက်သည်။
Notebook ကို အင်တာနက်နှင့် ချိတ်သည်။
အင်တာနက်ရသည်နှင့် တပြိုင်နက် chatting ကို စဖွင့်သည်။
ဒီနေ့ အန်နီက ချာလီနှင့် ချိန်းထားတာရှိသည်လေ။ နောက်တောင် ကျနေပြီလားမသိ။
ချာလီဆိုတာက အန်နီ အင်တာနက်ကို ဖုန်းနှင့် သုံးနေစဉ်ကတည်းက ရင်းနှီးနေသော သူငယ်ချင်းဖြစ်သည်။
အန်နီက ဘောလီဘောအားကစားကို ၀ါသနာပါသည်မို့ ဘောလီဘောဝါသနာပါသည့် အထက်တန်းကျောင်းပေါင်းစုံ ကျောင်းသားကျောင်းသူများ စုစည်းထားသော အင်တာနက် group တစ်ခုထဲမှာ member ၀င်ထားသည်။
အန်နီက ကျောင်းလက်ရွေးစင်ဘောလီဘောအသင်းထဲ ပါဝင်လိုသည်ဖြစ်သောကြောင့် ထို group ထဲတွင် အကြံဥာဏ်များကို ရံဖန်ရံခါ တောင်းလေ့ရှိသည်။
တော်တော်များများက အကြံပေးကြပါသည်။
အချို့ကတော့ ပြောင်ချော်ချော်လုပ်တတ်သည်။
ထိုသို့သော သူမျိုးဆိုလျှင်တော့ အန်နီက ချက်ချင်းဘလော့လုပ်ပစ်လိုက်သည်။
အကြံပေးသူများထဲတွင် ချာလီ၏ အကြံပေးမှုများကတော့ အထိရောက်ဆုံးဖြစ်သည်။
လေ့ကျင့်ခန်းဆင်းချိန်များတွင် ဆရာသတိပြုမိအောင်နေ၊ သူများထက် ပိုပြီး မြင့်မြင့် ခုန်နိုင်အောင် ကြိုးစား စသည်ကအစ ဘာတွေစား၊ ဘာတွေသောက်အထိ အကြံပေးတတ်သည်။
group ထဲမှာတော့ ချာလီက အန်နီ့အတွက် အခင်ဆုံး၊ အကောင်းဆုံး သူငယ်ချင်းဖြစ်သည်။
အန်နီနှင့် ချာလီသည် ညတိုင်းလိုလို မအိပ်ခင် chatting ထဲမှာ စကားပြောဖြစ်ကြသည်။
ယနေ့သည် အန်နီ့မွေးနေ့မို့ စာကားပြောဖြစ်ရန် ပို၍အရေးကြီးသည်လေ။
အန်နီ chatting ထဲမှာ စိတ်ရောက်နေတုန်း ဖေဖေ အခန်းဝရောက်နေသည်ကိုပင် မသိလိုက်။
" သမီးရေ...ဆယ့်တစ်နာရီကျော်နေပြီလေ...အိပ်ချိန်ရောက်ပြီနော်.."
ဖေဖေက ဖွင့်ထားသော တံခါးကို ခေါက်ရင်း လှမ်းပြောသည်။
အန်နီက ထိုင်နေရာမှ နောက်လှည့်ကြည့်လိုက်ရင်း...
"ဟုတ် ဖေဖေ...နောက်ထပ်ငါးမိနစ်လောက်ပါ..ဒီနေ့မွေးနေ့မို့ပါဖေဖေရယ်...နော်..."
" ဟုတ်ပါပြီဗျာ... ၁၁း၁၅ထိကွာ...နော်..ဟုတ်ပြီလား..."
" ဟုတ်..."
အန်နီက Notebook ဘက် ပြန်မျက်နှာမူလိုက်ရင်း ကီးဘုတ်မှတစ်ဆင့် စာတွေထပ်ရိုက်နေသည်။
ဖေဖေက စိတ်ဝင်စားသွားပြီး အခန်းထဲ ၀င်လာသည်။
" ဘာတွေလုပ်နေတာလဲ သမီးရဲ့..."
" ချက်တင်တက်နေတာလေ ဖေဖေရဲ့... ။ ကယ်လီဖိုးနီးယားက သမီးသူငယ်ချင်း ချာလီနဲ့ပါ...။ သူက သူ့အထက်တန်းကျောင်းမှာ ဘောလီဘောအသင်း လက်ရွေးစင်လေ..."
" ဟာ...ဟုတ်လား...တယ်တော်ပါလား..."
ဖေဖေက အန်နီ့ပခုံးပေါ်မှ ကျော်ကြည့်ရင်း ပြောသည်။
" အလဲ့...LOL...အကျယ်ကြီးရယ်သည်ပေါ့...ဟုတ်လား..."
" ဖေဖေက တယ်ဟုတ်ပါလား...သိတယ်ပေါ့..."
အန်နီက ပြုံးပြီး ပြောလိုက်ရင်း စာထပ်ရိုက်လိုက်သည်....PWOMS...။
" ဘာတုန်းဟ...ပ၀မ်းစ်ဆိုတာ..."
" Parent watching over my shoulder လေ..."
" သူက ဘာပြန်ရေးတာလဲ..."
" M2 လေ... Me too တဲ့..."
ဖေဖေရောက်နေတာကို ခုနက ပြောလိုက်၍ ထင်သည်။ ချာလီက နှုတ်ဆက်စကားပြောလာသည်။
အန်နီကတော့ ဆက်ပြောနေချင်သေးသည်။
နေပါဦးဟု စာရိုက်လိုက်ရင်း ဖေဖေ့ကို ပြောလိုက်သည်။
" ဖေဖေ..မေမေ့ကို သူ့အလုပ်အခြေအနေ ကောင်းမကောင်း သွားမမေးချင်ဘူးလား..ဟီးးး...."
" ဟားဟား..ကောင်းပါပြီဗျာ...သွားဆိုလည်း သွားပေးပါ့မယ်..."
ဖေဖေက ပြောရင်း အန်နီနဖူးလေးကို ကုန်းနမ်းလိုက်သည်။
" ကောင်းသောမွေးနေ့ညကလေး ဖြစ်စေပါကွာ..."
ပြောပြီးသည်နှင့် ဖေဖေ အခန်းအပြင်ဘက်ထွက်သွားလေသည်။
ထိုနေ့ညက အန်နီမွေးနေ့မို့ ခါတိုင်းညတွေထက် ချာလီနှင့် chatting ပြောတာ ပိုကြာသွားသည်။
၁၁း၁၅ပင် ကျော်သွားသေးသည်ဟု ထင်ပါသည်။
(ဆက်ရန်)
ရှေ့မှ အပိုင်းများကို ဖတ်ရန်
No comments:
Post a Comment