Monday, April 24, 2017

ဧကရီဖွားစောတင်လျှောက်ချက်(၇)ချက်


တရုတ်ပြေးမင်းနရသီဟပတေ့(မင်းခွေးချေး) သည် မွန်ဂိုတို့ရန်ကြောင့် စစ်ပြေးရလျက်ရှိစဉ် မိဖုရားဖွားစောမှ လျှောက်ထားသည့် မင်းတို့ကျင့်အပ်၊ ဆင်ခြင်အပ်သည့် အကြောင်း(၇)ချက်
(က) ပြည့်ဝမ်းစာကို မဖောက်ရာ။
ပြည်ကြီးဝမ်းနှင့်တူသော သူဌေးသူကြွယ်တို့ကို အပြစ်မရှိဘဲလျက် အပြစ်ရှာ၍ ဥစ္စာရွှေငွေတို့ကို ဖျက် ဆီးသိမ်းယူခြင်း၊ သူဌေးသူကြွယ်တို့ သေသောအခါ အမွေဆက်ဆံသည့် သားသမီးရှိလျက် အမွေမခံရ၊ ပြဲ့ပြဲ့ ကုန်အောင် သိမ်းယူတော်မူခြင်း။
(ခ) ပြည့်ဦးကင်းကို မနှိမ်ရာ။
ပြည့်ဦးကင်းနှင့် တူသော မှူးကြီးမတ်ခိုင်တို့ကို အမျက်တော်ရှိလျှင် မထောက်မချင့်၊ မဆင်မခြင် ကွပ် ညှပ်တော်မူခြင်း။
(ဂ) ပြည့်တံခွန်ကို မလှဲရာ။
ပြည်၏ တံခွန်နှင့်တူသော ရသေ့၊ ရဟန်း၊ ပညာရှိတို့ကို အမျက်တော်ရှိလျှင် မစုံမစမ်း၊ မထောက်မရှု မျက်တော်မူခြင်း။
(ဃ) ပြည့်မျက်စိကို မထုတ်ရာ။
ပြည့်မျက်စိနှင့်တူသော ပိဋကတ်၊ ဗေဒင်တတ်သော ပညာရှိ၊ ပုရောဟိတ်တို့ကို အမျက်တော်ရှိလျှင် ဆီးတားပိတ်ဆို့တော်မမူ။ ရွပ်ရွပ်ချွံချွံ မျက်တော်မူခြင်း။
(င) ပြည့်စွယ်ကို မချိုးရာ။
ပြည်ကြီးအစွယ်နှင့်တူသော မင်းညီမင်းသားတို့ကို အမျက်တော်ရှိလျှင် ရှေ့ကို ထောက်ရှုတော်မမူ၊ မျက်တော်မူခြင်း။
(စ) ပြည့်မျက်နှာကို မဖျက်ရာ။
ပြည်၏ မျက်နှာနှင့်တူသော မိဘ၊ လင်သားတို့၏ ကြေးမုံသဖွယ်ဖြစ်သော သူ၏ သား၊ သမီးတို့ကို အနိုင်အထက် ယူတော်မူခြင်း။
(ဆ) ပြည့်ခြေ၊ ပြည့်လက်အား မဖြတ်ရာ။
ပြည့်ခြေ၊ ပြည့်လက်နှင့်တူသော သူရဲသူခက်တို့ကို အမျက်တော်ရှိလျှင် သံသရာ၊ ပစ္စုပ္ပန်နှစ်ပါးကို ထောက်ရှုတော်မမူ၊ သတ်ဖြတ်ခြင်း။

ယနေ့ခေတ်အစိုးရမင်းများသည် အထက်ပါအချက်များအား လိုက်နာကြရန် လို၊မလို စာဖတ်သူများ မိမိဘာသာ ဝေဖန်ဆန်းစစ်ကြည့်တော်မူကြပါကုန်။

©

မင်းအရိပ်


No comments:

Post a Comment