Sunday, March 10, 2013

စာတစ်ပုဒ်ဖတ်ရင်းက ဖြန့်ထွက်သွားသော ကျွန်တော့်အတွေးစ

ကျွန်တော့်အတွေးအမြင်လေးတစ်ခုအကြောင်း မဖတ်ခင်မှာ ဆရာဦးဘုန်း(ဓာတု)ရဲ့ စာလေးကို မဖတ်ရသေးရင် အရင်ဖတ်လိုက်ပါဦးခင်ဗျာ၊ ဒီနေရာမှာပါ။ စာလေးရဲ့ ခေါင်းစဉ်က ဒီသီချင်းက သူတို့ဆိုစရာလားဖေဖေရဲ့ တဲ့။


ယနေ့ကမ္ဘာကြီးမှာ အနောက်အုပ်စုဝင် နိုင်ငံများဟာ ကမ္ဘာ့အရပ်ရပ်က နိုင်ငံတွေထက် ဖွံ့ဖြိုးမှုမှာ ရှေ့ပြေးသော၊ နယ်ပယ်ပေါင်းစုံမှာ တိုးတက်သော နိုင်ငံများဖြစ်တယ်ဆိုတာ အားလုံး ခြွင်းချက်မရှိ လက်ခံနိုင်မယ်လို့ ထင်မိပါတယ်။ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ စသဖြင့်ပေါ့။
သည်လို ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် သူတို့နိုင်ငံတွေဟာ နှစ်ပေါင်းများစွာ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ကြရတာပါ။
ပြောချင်တာက အနောက်နိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ကို ရောက်ကြရဖို့ ၀ုန်းကနဲ၊ ဒိုင်းကနဲ ရောက်ခဲ့တာမဟုတ်ဘူး၊ တစ်ဆင့်ပြီး တစ်ဆင့် အဆင့်ဆင့် ဖြတ်ကျော်ပြီးမှသာ ချီတက်ခဲ့ရတာ ဖြစ်တယ်လို့ ပြောချင်တာပါ။
ပဒေသရာဇ်တော်လှန်ရေးတွေ၊ အလုပ်သမားတော်လှန်ရေးတွေ၊ စက်မှုတော်လှန်ရေးတွေ စသဖြင့်ပေါ့နော်။
ဒီလို အဆင့်ဆင့်ကျော်ဖြတ်ဖို့အတွက် နှစ်ပေါင်းများစွာကို သူတို့အနေနဲ့ ရင်းနှီးလုပ်ကိုင်ခဲ့ကြရပါတယ်။
အင်္ဂလန်ဟာ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ရောက်ဖို့ နှစ်ပေါင်း၁၀၀လောက် ကျားကုတ်ကျားခဲ ဆောင်ရွက်ခဲ့ရသလို အမေရိကန်ပြည်ထောင်စုဟာလည်း နှစ်ပေါင်း၇၀လောက် ကြိုးပမ်းတည်ဆောက်ခဲ့ရတာပါ။
သည်လိုဆိုရင်ဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ နှစ်အကြာကြီးစောင့်မှ ရမှာလား၊ အဆင့်ဆင့် တည်ဆောက်မှ ရမှာလားလို့ မေးစရာ ရှိလာပါတယ်။
အဲဒီလိုလဲ မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့ဟာ နှစ်ပေါင်း ၂၅နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့ကြပြီး ကမ္ဘာက အသိအမှတ်ပြုရတဲ့ နိုင်ငံတွေဖြစ်အောင် လုပ်နိုင်ခဲ့ကြတယ်။
တရုတ်လို နိုင်ငံမျိုးအတွက်ဆို နှစ်ပေါင်း၂၀ပဲ စောင့်ရမယ်တဲ့။
ကျွန်တော်တို့ ပတ်ဝန်းကျင် အရှေ့တောင်အာရှက နိုင်ငံတွေလည်း ဆယ်စုနှစ်အတွင်း ခုန်ပျံတိုးတက်ကုန်ကြပြီမဟုတ်လား။
ဒီလိုမျိုးဖြစ်ဖို့အတွက် သူတို့ရဲ့ အလားအလာကောင်းတွေကို အဲဒီနှစ်တွေ မတိုင်ခင်ကတင် အရှိန်ယူခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ထားပါတော့၊ ဒီ အာရှနိုင်ငံတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက ဂျပန်၊ နောက်တစ်နိုင်ငံက ကိုရီးယား။
ဂျပန်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ပြာပုံထဲ ရောက်နေခဲ့တာပါ၊ ပြာပုံထဲက ဘ၀ဖြစ်တဲ့အပြင် စစ်လျော်ကြေး အကြွေးတွေက လည်ပင်းခိုက်နေပါသေးတယ်။
ဒါပေမယ့် ဆယ်စုနှစ်သုံးခုအတွင်း အမေရိကန်ကို အမီလိုက်၊ အနောက်နိုင်ငံအချို့ကိုတောင် ကျော်တက်ပြခဲ့ပါတယ်။
ကိုရီးယားဟာလည်း သူတို့ရဲ့ ကျွန်းဆွယ်စစ်ပွဲအပြီး ပြာပုံထဲကနေ ထိုးထွက်လာလိုက်တာ ဆယ်စုနှစ်နှစ်ခုကျော်မှာပဲ အနောက်နိုင်ငံတွေကို ခြေရာတိုင်းနိုင်ပြီ မဟုတ်ပါလား။
သူတို့ ဘယ်လိုများ အဆင့်တွေ ကျော်ပြီး တိုးတက်ခဲ့ကြသလဲ၊ ဘာနဲ့များ သည်လို လုပ်ဆောင်နိုင်ခဲ့ကြသလဲ။
သည်မေးခွန်းတွေအတွက် အဖြေတစ်ခုကတော့ အမျိုးသားရေးစိတ်ဓာတ်ဆိုတဲ့ လက်နက်ကို သူတို့သုံးခဲ့တယ်ဆိုတာပါပဲ။
အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘာလဲ။
နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်ပေါ့။ ငါ့နိုင်ငံဟာ နိမ့်ကျမနေရဘူး၊ ငါ့လူမျိုးဟာ နိမ့်ကျမနေရဘူး၊ တခြားလူမျိုးတွေ လုပ်နိုင်ရင် ငါတို့လူမျိုးလည်း လုပ်နိုင်ရမယ်၊ စတဲ့ စိတ်ဓာတ်ပေါ့။
သည်လိုမျိုး အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပြီး လုပ်ခဲ့ကြတာလို့ ကျွန်တော်မြင်ပါတယ်။
ပထမကမ္ဘာစစ်အပြီးမှာ ဂျာမန်ဟာ ပြာပုံထဲကနေ ထိုးထွက်လာနိုင်ခဲ့တာလည်း အမျိုးသားရေးစိတ်ဓာတ်ကြောင့်သာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ဟာ ပြာပုံထဲကနေ ထိုးထွက်လာနိုင်ခဲ့တာလည်း အမျိုးသားရေးစိတ်ဓာတ်ကြောင့်သာ ဖြစ်ပါတယ်။
ဒီတော့ ယေဘုယျသုံးသပ်မယ်ဆိုရင် ပြာပုံ (သို့မဟုတ်) အောက်ခြေအဆင့်က နိုင်ငံတစ်နိုင်ငံအနေနဲ့ သူ့ထက် အဆများစွာတိုးတက်နေတဲ့ နိုင်ငံတွေကို နှစ်အနည်းငယ်အတွင်း အမီလိုက်နိုင်ဖို့ဆိုရင် တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်နိုင်ရမယ်၊ အမျိုးသားရေးစိတ်ဓာတ် မြင့်တက်နေရမယ်။ အမျိုးသားရေးစိတ်ဓာတ်ကို ခွန်အားမြှင့်တင်ရေးလက်နက်အဖြစ် အသုံးချနိုင်ရမယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရမယ်။
ကောင်းပြီ၊ ကျွန်တော်တို့နိုင်ငံဟာ ယနေ့အချိန်မှာ ကမ္ဘာရဲ့ အောက်ခြေအဆင့်က နိုင်ငံတစ်ခုဆိုတာ လူတိုင်းလက်ခံပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်အနည်းငယ်အတွင်း တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် တိုင်းသူပြည်သား တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ထိပ်တန်းရောက်အောင် မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။
လိုအပ်ကြောင်းလည်း နိုင်ငံမှာရှိတဲ့ ပညာရှိတွေ၊ ပညာရှင်တွေ တော်တော်များများ သိကြပါတယ်။ (အနုပညာရှင်အချို့လည်း သိကြပါတယ်)
ပြည်သူလူထုရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ဖို့ရာ ဖြစ်တဲ့အတွက် ဒီတာဝန်ကို ကိုယ်ပိုင်အသိစိတ်နဲ့ အဓိက ထမ်းဆောင်လာကြတာက ပြည်သူနဲ့ နီးစပ်တဲ့၊ ပြည်သူတွေ ချစ်တဲ့ စာပေပညာရှင်တွေ၊ အနုပညာရှင်တွေပါပဲ။ (အခုဆိုရင် တချို့တရားပွဲတွေမှာ အမျိုးသားရေးစိတ်ဓာတ်တိုးမြှင့်စေဖို့ ဟောကြားနေကြတဲ့ ဆရာတော်တွေတောင် ရှိလာပါပြီ)
စာပေပညာရှင်တွေကလည်း စာတွေရေးတယ်၊ စာပေဟောပြောပွဲတွေလုပ်တယ်။
အနုပညာရှင်တွေကလည်း သီချင်းတွေ စပ်ဆိုကြတယ်။ စသဖြင့်ပေါ့... လုပ်နိုင်သလောက် လုပ်ကြတယ်။
ဒီပညာရှင်တွေထဲမှာ ဆရာ ဦးဘုန်း(ဓာတု) လည်း တစ်ယောက် အပါအ၀င်ပါပဲ။
အထက်မှာ ကျွန်တော်ညွှန်းဆိုထားတဲ့ စာလေးဟာလည်း ဆရာ ဦးဘုန်း(ဓာတု)ရဲ့ အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေးဖို့ ရည်ရွယ်တဲ့ စာကလေးပါပဲ။
ဘာကြောင့် ဒီလိုပြောနိုင်လဲ ဆိုတော့ ဒီစာကို ဖတ်ပြီးတဲ့ စာဖတ်သူတိုင်းကို အမျိုးသားရေးအသိနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ရာကို ပေးနိုင်တယ်ဆိုတာ ငြင်းမရလို့ပါပဲ။
ဆရာ့အရေးအသားတွေ တော်တော်ကောင်းပါတယ်။ စာဖတ်သူ စိတ်ဝင်စားအောင် အရေးအသား သွက်သွက်လေးနဲ့ ထက်ထက်လေး ရေးသွားပါတယ်။
ဖတ်ရင်း ဖတ်ရင်းနဲ့ ကျွန်တော် တော်တော်လေးကြိုက်ပါတယ်။ ဒီလိုနဲ့ ဆုံးခါနီးလဲ ရောက်ရော ကျွန်တော့်စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။
ဒီသီချင်းက သူတို့ဆိုစရာလား ဖေဖေရဲ့တဲ့၊
ဒီသီချင်းက သူတို့ဆိုစရာလား ဖေဖေရဲ့တဲ့၊
ကျွန်တော့်စိတ်ထဲ တစ်ခုခုတော့ ခံစားရတယ်။ မဟုတ်တော့ မဟုတ်သေးဘူး။
ဘာ မဟုတ်သေးတာလဲ။
ဒီလိုနဲ့ ကျွန်တော် ဖြန့်ထွက်စဉ်းစားမိတော့တယ်။
ဆရာဟာ မန္တလေးမှာ နေထိုင်တဲ့ ရှမ်းလူမျိုးတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်၊ (မှားရင်လည်း ထောက်ပြပေးကြပါ)
ဆရာ့အနေနဲ့ ဘယ်လူမျိုးတွေကို ရည်ညွှန်းလဲ ကျွန်တော် ကောင်းကောင်းကြီး သိတာပေါ့။
ဆရာဟာ စာရေးဆရာတစ်ယောက်မို့လို့ ကလေးတစ်ယောက်ကို ဇာတ်ကောင်အနေနဲ့ သုံးသွားခဲ့တာ၊ တကယ်တော့ ဆရာပြောချင်တဲ့ စကားအချို့ကို ကလေးက ကလေး စကားနဲ့ ပြောသွားခဲ့တာပါ။
ကျွန်တော်ဆိုရင်ရော ဘာပြောမလဲ၊ နိုင်ငံတော်သီချင်းဟာ သူတို့ ဆိုစရာလားလို့ ကျွန်တော်ခနဲ့မလား၊ သူတို့ ဆိုစရာမဟုတ်ဘူးလို့ ကျွန်တော် တားမြစ်မလား။
ကျွန်တော့်အဖြေကတော့ နိုး ပါ။ ကျွန်တော် လုံးဝ မတားပါဘူး၊ မတားနိုင်ပါဘူး။
ဘာကြောင့်လဲ။
ကောင်းပြီ၊ ဘာကြောင့် ကျွန်တော် သည်လို ခံစား တွေးမြင်ရသလဲ၊ ကျွန်တော် ပြောပြချင်ပါတယ်။
တကယ်တော့ တရုတ်ပဲ ဖြစ်စေ၊ ကုလားပဲ ဖြစ်စေ၊ မြန်မာပြည်မှာ မွေးလာတယ်၊ မြန်မာ့မြေမှာ နေတယ်၊ မြန်မာ့ရေကို သောက်တယ်၊ မြန်မာ့ဆန်ကို စားတယ်၊ နောက်ပြီး သူက မြန်မာနိုင်ငံသားလည်း ခံယူထားတယ်၊ သည်လူတွေကို နိုင်ငံတော်သီချင်းကို မင်းတို့က တိုင်းရင်းသားမဟုတ်လို့၊ ဌာနေတိုင်းရင်းသား ၁၃၅မျိုးထဲမှာ မပါလို့ ဆိုခွင့်မရှိ၊ မဆိုရလို့ ကျွန်တော် မပြောသင့်ဘူးလို့ ကျွန်တော် ယူဆပါတယ်။
ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံနဲ့ သီချင်းဖွင့်ရင်တောင် မတ်တပ်ထမရပ်တဲ့ လူတွေအစား သူတို့ နိုင်ငံတော်သီချင်းကို ဆိုနေကြရင် ကျွန်တော်ပြုံးပြီး ကြည့်နေလိုက်မယ်။
ကျွန်တော်တို့ နိုင်ငံတော်သီချင်းဆိုနေကြတဲ့အခါ သူတို့ လိုက်မဆိုရင်တောင် ဟ မင်းတို့က ဘာလို့ မဆိုတာလဲလို့ ကျွန်တော်မေးမယ်၊ မင်းတို့က မြန်မာနိုင်ငံသားမဟုတ်ဘူးလားလို့ ကျွန်တော်မေးလိုက်မယ်။
လိုက်ဆိုခိုင်းမယ်။
နိုင်ငံတော်သီချင်းကို အလွတ်ရတယ်၊ လိုက်ဆိုတယ်ဆိုကတည်းက သည်ကလေးတွေရဲ့ နှလုံးသားမှာ (သို့မဟုတ်) ဦးနှောက်မှာ မြန်မာဆိုတာ တစ်နေရာ ရှိနေပါပြီ။
သီချင်းဆိုတာမျိုးက လိုက်ဆိုရင်း လိုက်ဆိုရင်း စာသားရဲ့ အနှစ်သာရတွေက အသွေးအသားထဲ ရောက်သွားစေတတ်တယ်။ ဒီလိုမဟုတ်တောင် စာသားရဲ့ အဓိပ္ပါယ်ကို စဉ်းစားရင်းနဲ့ နှစ်ခြိုက်မြတ်နိုးစေတတ်တယ်။
ဆရာက ကလေးတွေနဲ့ ရေးထားလို့ ကျွန်တော်ကလည်း ကလေးတွေနဲ့ ဥပမာပေးချင်ပါတယ်။
ကလေးဆိုတာ နုနယ်တယ်၊ သင်လွယ်တတ်လွယ်တယ် မဟုတ်လား။
သည်ကလေးတွေကို ဒီသီချင်းက နင်တို့ဆိုစရာလားလို့ မပြောဘဲ၊ နင်တို့ဆိုခွင့်မရှိဘူးလို့ မတားမြစ်ဘဲ ဗမာစကားပြောပြီး မြန်မာတစ်ယောက်လို ကြီးပြင်းလာအောင်သာ ကျွန်တော်တို့ ၀ိုင်းဝန်းလုပ်ဆောင်ပေးသင့်တယ်မဟုတ်လား။
သူတို့ဟာ မြန်မာနိုင်ငံထဲမှာ နေနေတာပါ။ မြန်မာနိုင်ငံသား ခံယူထားကြတာပါ။
အဲဒါကြောင့် သူတို့စိတ်ထဲမှာ ပထမနိုင်ငံဟာ မြန်မာဖြစ်ရမယ်၊ မြန်မာနိုင်ငံကို သူတို့ချစ်တတ်အောင် လုပ်ပေးရမယ်၊ သည်အခါ သူတို့အနေနဲ့ ပြည်ကြီးကိုလည်း မလွမ်းတော့ဘူး၊ ဆွေမျိုးတွေဆီလည်း မပြန်ချင်တော့ဘူးပေါ့။ ဘာပဲပြောပြော သူတို့စိတ်ထဲမှာ မြန်မာဆိုတာ စွဲစွဲနစ်နစ် ၀င်ရောက်သွားမှာပေါ့။
ခုနက ကလေးတွေကို ကျောင်းတွေမှာ ဌာနေတိုင်းရင်းသားမဟုတ်လို့ ဆိုပြီး ခွဲခြားဆက်ဆံကြမလား။
ဟင့်အင်း၊ မလုပ်လိုက်ကြပါနဲ့။
သူတို့ကို မြန်မာဖြစ်လာအောင်သာ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ချစ်တတ်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်လာအောင်သာ လုပ်ပေးကြပါ။
ခွဲခြားတယ်ဆိုတာ ဘာမှ မကောင်းပါဘူး။
လူမျိုးရေးခွဲခြားတယ်ဆိုတာ နိုင်ငံခြားရောက်ဖူးတဲ့ မြန်မာတွေလဲ ကြိုက်မှာမဟုတ်ဘူး၊ ကျွန်တော်လဲ မကြိုက်ပါဘူး။
ဘာသာရေးလဲ မခွဲခြားကောင်းပါဘူး၊ လူမျိုးရေးလည်း မခွဲခြားကောင်းပါဘူး၊ မကောင်းတဲ့သူကိုသာ မကောင်းသလို ခွဲခြားဆက်ဆံကောင်းပါတယ်။ ၀ါးလုံးနဲ့ရမ်းပြီး အားလုံးကို မုန်းတီးတာတော့ မကောင်းပါဘူး။
မုန်းတီးအောင် လုပ်တာလည်း မကောင်းပါဘူးဗျာ။
ဟိုတလောက ထိုင်ဝမ်က တရုတ်ကလေးတစ်ယောက် သူတို့ဆီက super idolပြိုင်ပွဲမှာ မျိုးကြီးသီချင်းကို မြန်မာလိုဆိုပြီး အမှတ်အများဆုံးရသွားတာလေး တွေ့မိတယ်။
အမြင့်ဆုံးအဆင့်ရောက်ခါနီးမှာ ဒိုင်တရုတ်တွေနားမလည်တဲ့ မြန်မာသီချင်းကို မြန်မာလို ဆိုသွားခဲ့တာ။
ဘာဖြစ်လို့လဲ။
ဒီကလေးရဲ့ စိတ်ထဲမှာ မြန်မာဆိုတာ တစ်နေရာရှိနေလို့ပေါ့။ (အဲဒီကလေးက မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်ပါ။)
ဘာပဲပြောပြော မြန်မာသီချင်းကို သည်ကလေး မြတ်နိုးတတ်သွားပြီ၊ မြန်မာစကားကို သည်ကလေး မြတ်နိုးတတ်ခဲ့ပြီ၊ သည်အရာတွေ ဆက်စပ်လိုက်ရင် မြန်မာဆိုတာကိုလည်း သည်ကလေး မြတ်နိုးတတ်လိမ့်မယ်လို့ ထင်မိတယ်။
နောက်ပြီး ဟိုတလောက ထိုင်ဝမ်ကပဲ ကမ္ဘာကျော် HTC ရဲ့ စီအီးအိုကြီး ရောက်လာခဲ့သေးတယ်။
သူက မန္တလေးသားဆိုတော့ မြန်မာဂျာနယ်များအပါအ၀င် အားလုံးက သောင်းသောင်းဖြဖြကြိုဆို ခဲ့ကြတာပေါ့ဗျာ။
မန္တလေးမှာ ပညာရည်နို့ သောက်စို့သွားခဲ့တဲ့ မန္တလေးသားတစ်ယောက်မို့ ဂုဏ်ယူခဲ့ကြရတယ်၊အင်တာဗျူးတောင် မြန်မာလို ပြောသွားသေးတယ်။
ကျွန်တော် စဉ်းစားမိပါတယ်၊ သည်လို ပုဂ္ဂိုလ်မျိုးတွေကျ ခွဲခြားဖို့ ကျွန်တော်တို့ သတိမရကြဘူးမဟုတ်လား။
ဘယ်သူမှတော့ ခွဲခြားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လုပ်နေကြတာလို့ ကျွန်တော်မထင်ပါဘူး။
ဒါပေမယ့် အမျိုးသားရေးစိတ်ဓာတ် တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ပဲ လုပ်နေကြတာပါ။ ခံစားချက်လေးတွေ ရောပြွမ်းပြီး လုပ်နေကြတာပါ။
အဓိက ကတော့ နိုင်ငံကောင်းဖို့ပေါ့။ နိုင်ငံနဲ့လူမျိုး တိုးတက်ဖို့ပေါ့။
အဆိုတော် လင်းလင်းကတောင် သီချင်းတစ်ပုဒ်ဆိုခဲ့သေးတယ်မဟုတ်လား။
ကျွန်တော်မွေးခဲ့တဲ့မြို့ မရှိတော့ပါတဲ့၊ သူစိမ်းတွေနဲ့ သေဆုံးနေတဲ့ ငါတို့ရဲ့ မန္တလေးတဲ့၊ အကြင်နာခေါင်းပါးသူ အဖြူရောင်အသားနဲ့လူ ဘာသာစကားများလည်း တို့နဲ့မတူတဲ့။
သီချင်း ခေါင်းစဉ်ကတော့ ဘာလဲ မသိပါဘူး။
အဓိက ကတော့ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးချင်ကြတာပါ။
ပထမကမ္ဘာစစ်အပြီးမှာ ဟစ်တလာဟာ ချွတ်ခြုံကျနေတဲ့ သူ့နိုင်ငံကို တိုးတက်အောင် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တယ်၊ အချိန်တိုအတွင်း အမျိုးသားရေးစိတ်ဓာတ်မြင့်တက်လာခဲ့ပါတယ်။
ဘယ်လိုနည်းနဲ့ မြှင့်တင်ခဲ့သလဲဆိုတော့ ဂျူးမုန်းတီးရေးဝါဒနဲ့ပေါ့။ လုပ်နည်းကိုင်နည်းမှားခဲ့တော့ အမျိုးသားရေးစိတ်ဓာတ်ကနေ လူမျိုးကြီးဝါဒဖြစ်သွားပြီး ရက်ရက်စက်စက်လူသတ်ပွဲကြီးတွေ ကမ္ဘာမှာ ဖြစ်ခဲ့တော့တာပါပဲ။
အနီးစပ်ဆုံး အိမ်နီးချင်း ထိုင်းတောင်မှ သူတို့ တိုးတက်ဖို့ အမျိုးသားရေးစိတ်ဓာတ်နေရာမှာ ဗမာမုန်းတီးရေးဝါဒကို အစားထိုးခဲ့ပါသေးတယ်။ ကုန်းဘောင်ခေတ်ရောက်သည်အထိ ထိုင်းဟာ မြန်မာထက် အောက်ကျပါတယ်။
အဲဒီနောက်မှာမှ အယုဒ္ဓယကို စွန့်ခွာပြီး ဗန်ကောက်မြို့ကို တည်ထောင်ခဲ့ပါတယ်။ ဗန်ကောက်ခေတ်လို့ ခေါ်တွင်တဲ့ အဲသည်ခေတ်ရောက်မှ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပြီး သူတို့ ကြိုးစားခဲ့ကြလို့ ယနေ့အချိန်မှာ ယခု အနေအထားကို ရောက်နေတာဖြစ်ပါတယ်။
တလွဲ အမျိုးသားရေးစိတ်ဓာတ်တွေကို တင်ပြတာ ဖြစ်ပါတယ်။
အခု ဒီပို့စ်လေးကိုတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ သူ့ရဲ့ ဖြစ်ရပ်ကလေးနဲ့ အဆုံးသတ်ချင်ပါတယ်။
ကျွန်တော့်သူငယ်ချင်း ငယ်စဉ် ကလေးဘ၀တုန်းကပေါ့။
သူငယ်ချင်းက မိုးကုတ်သားပါ၊ သူနေတဲ့ ရပ်ကွက်ထိပ်က အပင်ကြီးတစ်ပင်အောက်မှာ အကြော်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အကြော်သည်ကြီးကတော့ အသားမည်းမည်း ကုလားမကြီးပါတဲ့။
ဟိန္ဒူလား၊ မွတ်စလင်လားတော့ ကျွန်တော် မမေးမိပါဘူး။
သူက ကလေးဆိုတော့ အိမ်က အကြော်စားချင်ရင် သူ့ပဲ ပြေးခိုင်းတာပေါ့၊ မုန့်ဖိုးတွေ ဘာတွေရလို့ ကိုယ့်ဘာသာလဲ အကြော်ဝယ်စားဖူးတာပေါ့။
သည်လိုနဲ့ ၀ယ်ပါများတော့ အကြော်သည် ကုလားမကြီးနဲ့ သူနဲ့က ခင်လာတာပေါ့လေ။
တစ်ခါတစ်လေ ညနေခင်းတွေ အကြော်မ၀ယ်ဘဲလဲ အကြော်ဆိုင်မှာ သွားထိုင်ရင် ထိုင်နေတာပေါ့။
တစ်နေ့တော့ ကျောင်းမှာ တိုင်းရင်းသားတွေအကြောင်း သင်လာခဲ့ရတယ်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုကြီး ရှစ်စုရှိပြီး တိုင်းရင်းသား ၁၃၅မျိုးရှိပါသည် စသဖြင့်ပေါ့။
အဲဒီလို သင်လာရတော့ သူငယ်ချင်းက ကလေးဆိုတော့ တွေ့ရာလူကို မေးတာပေါ့။
ဦးလေး ဘာလူမျိုးလဲ၊ ဒေါ်ဒေါ် ဘာလူမျိုးလဲပေါ့။
မိုးကုတ်ဆိုတော့ တိုင်းရင်းသားအစုံရှိတယ်လေ၊ ကချင်အစ ရှမ်းအဆုံး ပေါ့။
အဲဒါနဲ့ တစ်ညနေ အကြော်သွားဝယ်ရင်းနဲ့ အကြော်သည်ကြီးကို ကြည့်ပြီး အသားမည်းမည်း၊ ရုပ်ကလဲ သူများနဲ့ မတူဘူးဆိုတော့ ဘာလူမျိုးလဲ သိချင်လာတယ်။
သည်တော့ မေးလိုက်တာပေါ့။
"ကြီးကြီး၊ ကြီးကြီး... ကြီးကြီးက ဘာလူမျိုးလဲဟင်... ကချင်လား၊ ကယားလား၊ ကရင်လား၊ ချင်းလား..."
သည်တော့ အကြော်သည် ကုလားမကြီးက ကလေးကို ပြုံးပြုံးလေး လှည့်ကြည့်ပြီး သည်လို ဖြေလိုက်ပါသတဲ့။
"သြော်... ကြီးကြီးလား... ကြီးကြီးက ပြည်ထောင်စုလူမျိုးပေါ့ကွယ်..."တဲ့။
သည်လိုနဲ့ သူငယ်ချင်းလဲ ပြည်ထောင်စုလူမျိုး၊ ပြည်ထောင်စုလူမျိုးလို့ ရေရွတ်ရင်း အကြော်ထုပ်လေးဆွဲပြီး အိမ်ပြန်ခဲ့ပါတော့တယ်တဲ့။

( ပို့စ်လေးကတော့ ရှည်သွားပြီ ထင်တယ်၊ အပြီးထိ ဖတ်ပေးကြနော် :P ၊ ဒါတွေ ရေးလို့ ဘာလူမျိုးလဲ မအောက်မေ့နဲ့နော်၊ ဗမာစစ်စစ်ပါဗျာ၊ ဟီးးး၊ ဒီလိုရေးတာ စာဖတ်သူမောင်နှမများရဲ့ အတွေးအမြင်တွေကိုလည်း သိလိုလို့ပါ၊ ကျွန်တော့်အတွေးအမြင်ဆိုတာကလည်း မှားယွင်းကောင်း မှားယွင်းနိုင်တယ်မဟုတ်လား၊ ထောက်ပြပေးကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ၊)

1 comment:

  1. ကွန်မန့်လိုချင်လို့ပါဆို
    ဒါမျိုးကျ ပျောက်နေကြတယ်
    ဟင်း..ဟင်း.. သိနေတယ်နော်.. :P

    ReplyDelete