Friday, February 15, 2013

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင် (၃)



နရပတိစည်သူ (စစ်ကိုင်းစည်သူကျော်ထင်) အင်းဝမှာ နန်းတက်တဲ့အချိန်မှာ အောက်မြန်မာနိုင်ငံမှာ တပင်ရွှေထီးခေတ်လွန်ကို ရောက်နေပါပြီ။
ဘယ်လိုမျိုးလဲ ဆိုတော့ တပင်ရွှေထီးဟာ သူ့ကိုယ်ရံတော်လုပ်ကြံတာကို ခံလိုက်ရပြီး နတ်ရွာစံခဲ့ပြီ ဖြစ်ပါတယ်။
နယ်စား၊ပယ်စားတွေ များတဲ့ ပဒေသရာဇ်ခေတ်ဆိုတော့ ဘုရင်တော့ သေရှာပြီဟေ့ဆိုတဲ့ အသံကြားတာနဲ့ ကိုယ့်မြို့ကိုယ် အခိုင်လုပ်ပြီး မင်းလို အုပ်ချုပ်စိုးစံကြဖို့ချည်း ကြံကြတဲ့ခေတ်ဆိုတော့ တောင်ငူ၊ ပြည်၊ ဟံသာဝတီ၊ မုတ္တမ စသဖြင့် အောက်မြန်မာနိုင်ငံ (သို့မဟုတ်) ပဲခူးဟံသာဝတီနိုင်ငံတော်ကြီးဟာ ၀ါးအစည်းပြေမလို ဖြစ်နေပါလေရော။
အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ  ဘုရင့်နောင်က ဒလကို ရောက်နေတဲ့အချိန်ပါ။ သတင်းကြားကြားချင်း လူစု၊ လက်နက်စုပြီး ပြိုကွဲမလိုဖြစ်နေတဲ့ နိုင်ငံကို အပူတပြင်း ပြန်လည်စုစည်းလို့ လုံးပန်းပါတော့တယ်။
နရပတိစည်သူ အင်းဝနန်းမှာ တက်ချိန်မှာတော့ ဘုရင့်နောင်ဟာ တောင်ငူ၊ ပြည်တို့သာ ပြန်ရပါသေးတယ်။ ပဲခူးဟံသာဝတီ၊ မုတ္တမတို့ကို ပြန်မရသေးပါဘူး။ ကိုယ်တိုင်ဟာ သရေခေတ္တရာပြည်မှာ နန်းစံနေရချိန်ပါ။
ပြောရမယ်ဆိုရင်တော့ ဘုရင့်နောင်လဲ အောက်ပြည်အောက်ရွာမှာတင် အလုပ်များနေတဲ့ အချိန်၊ဘုရင့်နောင်ရဲ့ ဟံသာဝတီနိုင်ငံတော်ကြီး အကွဲကွဲဖြစ်နေလို့ ပြန်စုစည်းချိန် ဆိုပါတော့။
အင်းဝဆိုတာ သိုဟန်ဘွားတို့၊ အုံးဘောင်ခုံမှိုင်းတို့ လက်ထက်တုန်းကတော့ ရှမ်းစော်ဘွားတွေစုပြီး တပင်ရွှေထီး၊ ဘုရင့်နောင်တို့နဲ့ စစ်ပြိုင်ကြဖူးပါတယ်။ ဒါပေမယ့် မနိုင်ဘဲ အင်းဝတပ်တွေ ပြန်ပြေးရတာချည်းပါပဲ။
အင်းဝနဲ့ ပဲခူးဟံသာဝတီ ဒီလို စစ်ပြိုင်ခဲ့ကြဖူးတယ်လို့ ထုတ်ပြတာပါ။ အဲဒီအချိန်တုန်းက ပဲခူးဟံသာဝတီဟာ  အင်အားအတောင့်တင်းဆုံးအချိန်၊ မြို့၊ ရွာ နယ်ပယ်အတော်များများ ပိုင်ဆိုင်ချိန်ပေါ့။
အင်းဝမှာ နရပတိစည်သူ နန်းတက်ချိန်မှာတော့ ဘုရင့်နောင်တစ်ယောက် အောက်ပြည်အောက်ရွာမှာ အလုပ်ရှုပ်၊ ခေါင်းရှုပ်နေတဲ့အချိန်ပါ။ ၀ါးအစည်းပြေသလို ပြေလုမတတ်ဖြစ်နေတဲ့ နိုင်ငံတော်ကို ပြည်လည်စုစည်းဖို့ အပူတပြင်းကြိုးစားနေရတဲ့အချိန်ပေါ့။
သည်လို အချိန်မျိုးဟာ ခပ်ကြီးကြီးပြောရရင် ပြိုင်ဘက်နိုင်ငံက ဘုရင်တစ်ပါးအနေနဲ့ နရပတိစည်သူဟာ နိုင်ငံရေး၊ စစ်ရေးအမြတ် ထုတ်လို့ ရတဲ့အချိန်ပါ။
ပြောချင်တာက ဘုရင့်နောင်ရဲ့ ကျေးစွန်နယ်ဖျားမြို့ရွာတွေကို စစ်ချီပြီး သိမ်းလို့ရတဲ့အချိန်ကောင်းပါပဲ။
ဒါပေမယ့် နရပတိစည်သူဟာ အောက်ပြည်ကို စစ်မချီပါဘူး။ အင်းဝနဲ့ ပဲခူးဟံသာဝတီ စစ်ပြိုင်ဖူးတဲ့ အစဉ်အလာတွေ ရှိပေမယ့် သူ စစ်မချီခဲ့ပါဘူး။
စစ်ပဲ မတိုက်ချင်လို့လား၊ ဒါမှမဟုတ် စစ်ချီဖို့ အင်အားမရှိလို့ပဲလားတော့ မသိပါဘူး။
ဖြစ်နိုင်တာတစ်ခုက အင်းဝဘုရင်ဖြစ်ရင် ရှမ်းစော်ဘွားတွေနဲ့ ပြေလည်ဖို့ လိုပါတယ်။ အဲဒါကြောင့် ရှမ်းကိုးပြည်ထောင်ကို စည်းရုံးရေးဆင်းပြီး အချိန်ကုန်နေရလို့လည်း ဖြစ်နိုင်ပါတယ်။ အထက်မြန်မာပြည်က ရှမ်း၊ ဗမာတွေကို စည်းလုံးအောင် စည်းရုံးနေရပုံပါပဲ။
ဘုရင်အသစ်ဆိုတာ ဘုရင့်နောင်လို ထက်မြက်လွန်းတဲ့ ဘုရင်မျိုးတောင် အခြေကျဖို့ အတော်လုံးပန်းရတာ ဖြစ်တော့ နရပတိစည်သူလဲ အခြေကျဖို့နဲ့ တိုင်းပြည်နိုင်ငံရေး တည်ငြိမ်အောင် အတော်ကြိုးစားနေရတဲ့ ကာလ ဖြစ်ပါလိမ့်မယ်။
နရပတိစည်သူ အခြေတကျဖြစ်တဲ့အချိန်မှာတော့ ဘုရင့်နောင်မင်းတရားကြီးဟာ တလိုင်းသုံးရပ်နဲ့တကွ အောက်မြန်မာပြည်တလွှားမှာ အာဏာစက်ဖြန့်ကျက်နိုင်ပြီးနေပါပြီ။
နရပတိစည်သူက အောက်မြန်မာနိုင်ငံဖြစ်တဲ့ ပဲခူးဟံသာဝတီကို စစ်လုံးဝမချီပေမယ့် သံအဖွဲ့တော့ လွှတ်ပါတယ်။ ကြည့်ရတာ အခြေအနေစုံစမ်းဖို့ပဲ ဖြစ်မှာပါ။
အဲဒီသံအဖွဲ့ခေါင်းဆောင်ကတော့ မြန်မာသမိုင်းတလျှောက် စကားအရာမှာ အင်မတန်ထင်ရှားတဲ့ စကားတောင်စားပါပဲ။
စကားတောင်စားဟာ နရပတိစည်သူရဲ့ အမတ်တစ်ဦးပါ။ နရပတိစည်သူလက်အောက်မှာတော့ စကားတောင်စားဆိုတဲ့နာမည် မရသေးပါဘူး။ တမန်ဇေယျလို့ တွင်ပါတယ်။ ဗဟုသုတ၊ ဥာဏ်ပညာနဲ့ စကားအရာမှာ တတ်ကျွမ်းလွန်းလို့ နရပတိစည်သူရဲ့ လှော်ကားတော်မှာ လှေထိုးလိုက်နေရင်း နရပတိစည်သူကိုယ်တိုင် ခေါ်ယူချီးမြှောက်ထားတဲ့ အမတ်ပါ။
အဲဒါကြောင့် နရပတိစည်သူရဲ့ လက်အောက်မှာလည်း ပညာရှိတွေနဲ့ သူရဲကောင်းတွေ အတန်အသင့် ရှိပါတယ်လို့ ပြောရတာပါ။
ဘုရင့်နောင်လက်အောက်က ပညာရှိ၊ သူရဲကောင်းတွေနဲ့တော့ ယှဉ်လို့ မရဘူးပေါ့လေ။ ပြိုင်လို့ တုဖက်လို့ တူနိုင်တာမှ မဟုတ်ဘဲ။ ပြိုင်ဘက်လို့မှ မခေါ်နိုင်ဘဲမဟုတ်လား။
သည်လိုနဲ့ ပြိုင်ဘက်လို့ မခေါ်နိုင်ပေမယ့် ယှဉ်ပြိုင်ရမယ့် အနေအထားတော့ ဖြစ်လာခဲ့ပါတယ်။
ဘာလို့ဆို မြန်မာနိုင်ငံအောက်ပိုင်းမှာက ဘုရင့်နောင်ရဲ့ ပဲခူးဟံသာဝတီနိုင်ငံတော်ဟာ ပုဂံထိ သြဇာဖြန့်ကျက်ထားနိုင်ခဲ့ပါပြီ။
ပုဂံအထက်ပိုင်းလောက်သာ အင်းဝရဲ့ အာဏာရှိတော့တာပါ။
ရှမ်းကိုးပြည်ထောင်ဆိုတာကလည်း အာဏာတော့ သက်ရောက်ပေမယ့် ရှင်ဘုရင် က ကျွမ်းကျင်လိမ္မာပြီး ဆက်ဆံရေးကောင်းဖို့ လိုပါတယ်။
နရပတိစည်သူကတော့ မိုးညှင်းစလုံရဲ့ အကူအညီနဲ့ နန်းတက်လာတာဖြစ်တဲ့အပြင် အထက်မြန်မာပြည်ရဲ့ ဗမာတွေရဲ့ ကြည်ညိုမှုတွေရရှိထားတဲ့အပြင် ရှမ်းစော်ဘွားတွေနဲ့လဲ အဆက်အဆံအတော်လေးကို ပြေလည်ပုံရပါတယ်။
သည်လိုနဲ့ပဲ အောက်မြန်မာပြည်က ဗမာတွေနဲ့ တလိုင်းသုံးရပ်က မွန်တွေရဲ့ အားကို ယူထားတဲ့ ဆင်ဖြူများရှင်ဘုရင့်နောင်နဲ့ အထက်မြန်မာပြည်က ဗမာတွေနဲ့ ရှမ်းကိုးပြည်ထောင်က ရှမ်းတွေရဲ့ အားကို စုစည်းထားတဲ့ အင်းဝဘုရင် နရပတိစည်သူတို့ဟာ ပြိုင်ဘက်အသွင်မှာ စစ်ပြင်ကြရပါတော့တယ်။
စစ်အရင်ပြင်တာက ပဲခူးဟံသာဝတီဘက်ကပါ။
စစ်မပြင်ခင်မှာ ဘုရင့်နောင်မင်းတရားကြီးဟာ ၀န်ကြီးမှုးမတ်သေနာပတိစစ်သူကြီးအပေါင်းနဲ့ အစည်းအဝေးကြီးလုပ်ပါတယ်။ အင်းဝကို တိုက်ဖို့ စစ်ပြင်ဖို့ မဟုတ်ပါဘူး။ အောက်မြန်မာပြည်ရော၊ မွန်သုံးရပ်ရော စည်းရုံးပြီးဖြစ်လို့ နိုင်ငံတော် ထပ်ချဲ့ထွင်ဖို့ရာ အစည်းအဝေးလုပ်တာပါ။
ဟံသာဝတီနိုင်ငံတော်ကြီးဟာ မွန်သုံးရပ်အပြင် တောင်ငူ၊ ပြည်၊ ပုဂံ တိုင်အောင် လက်နက်နိုင်ငံအဖြစ် သိမ်းသွင်းပြီးပြီ။ ဘာဆက်လုပ်ကြမလဲဆိုပြီး အစည်းအဝေးလုပ်တာပါ။
အထက်က အင်းဝနဲ့ ရှမ်းပြည်တလွှားကိုပဲ အာဏာစက် ဆက်ချဲ့ထွင်မလား၊ ဒါမှမဟုတ် ယိုးဒယားဘက်ကိုပဲ အာဏာစက်ချဲ့ထွင်ကြမလားပေါ့။
ဘုရင့်နောင်မင်းတရားကြီး မိန့်တော်မူတာက ယိုးဒယားဟာ ညီတော်တပင်ရွှေထီးလက်ထက်ကတည်းက လက်အောက်က နိုင်ငံဖြစ်ပြီးသား၊ တပင်ရွှေထီးနတ်ရွာစံတာနဲ့ တစ်ပြိုင်နက် လက်နက်လူသူစုရုံးပြီး အခိုင်အမာနေတော့တယ်။ ငါကိုယ်တော် နန်းတက်တော့လည်း ခစားဝင်မလာဘူးပေါ့။ ဒါကြောင့် အခု ယခင်လက်နက်နိုင်ငံတော်ကို ပြန်လည်စုရုံးနိုင်ပြီဖြစ်လို့ ယိုးဒယားကိုပဲ တို့ စစ်ချီကြမလား၊ ဒါမှမဟုတ် အထက်က အင်းဝနဲ့တစ်ကွ ရှမ်းပြည်တန်းကိုပဲ အလျင်သိမ်းယူကြမလားလို့ လက်အောက်ကို ချပြပါတယ်။
သည်တော့ မှုးမတ်တွေလဲ အချင်းချင်း တိုင်ပင်ပြီးတော့ ဟိုလူက တစ်မျိုးလျှောက်၊ ဒီလူက တစ်မျိုးလျှောက် လျှောက်တင်ကြမှာပေါ့လေ။
သည်အထဲကမှ ပုသိမ်စား ဗညားလောက ဒီလိုလျှောက်ပါတယ်တဲ့။
ယိုးဒယားပြည်ဟာ ခရီးဝေးတော့ လုပ်ကြံဖို့လဲ ခဲယဉ်းတယ်။ ဆင်လုံးမြင်းရင်း အင်အားလဲ များတယ်။ နောက် အမှုထမ်းတွေကလဲ ယိုးဒယားမျိုးတွေချည်းမို့ အသက်စွန့်ထမ်းကြမယ့်သူတွေ။ ပြောချင်တာက ဗမာတို့၊ မွန်တို့၊ ရှမ်းတို့လို ကျွန်တော်တို့နဲ့ သွေးနီးတဲ့သူတွေ မဟုတ်ဘူးပေါ့။ အရင်တစ်ခေါက်နိုင်တယ်ဆိုတာကလဲ အပြည့်နိုင်တာမဟုတ်ဘူး။ သူတို့ဘုရင်ရဲ့ သား၊ သမက်၊ ညီတို့ကို တိုက်ပွဲမှာ မိထားနိုင်လို့ အညံ့ခံလာတာဖြစ်တယ်။ ဒါကြောင့် စစ်ချီပြီးတာနဲ့ ချက်ချင်းဆိုသလို အလျင်အမြန်သိမ်းပိုက်နိုင်ဖို့ရာက မလွယ်ဘူး။ ကြာလရှည်ကြာစစ်ချီထွက်နေပြန်ရင်လည်း အထက်က အင်းဝနဲ့ ရှမ်းစော်ဘွားတွေ ရန်ကို ငဲ့ရဦးမယ်။ ဒါကြောင့် ညီတော်၊ သားတော်၊ မှုးမတ်စစ်သူကြီးတွေကို အကြီးအကဲခန့်ပြီး အင်းဝကိုသာ အစမ်းချီစေသင့်တယ်လို့ လျှောက်တာပါ။
သည်လို လျှောက်တော့ အမတ်အချို့ကလဲ ထောက်ခံကြတယ်။
ဒါနဲ့ ဘုရင့်နောင်လဲ စဉ်းစားမှာပေါ့။
ဟုတ်တော့လဲ ဟုတ်ပါတယ်။ အမျိုးဝေး၊ သွေးဝေးတဲ့ ယိုးဒယားတွေကို စည်းရုံးသိမ်းသွင်းဖို့ထက် သွေးနီးတဲ့ အင်းဝက ဗမာတွေနဲ့ ရှမ်းကိုးပြည်ထောင်က ရှမ်းတွေကို စည်းရုံးသိမ်းသွင်းတာက ပိုလွယ်မယ်မဟုတ်လား။
သွေးချင်းနီး၊ ဘာသာစကားလဲ မကွဲပြား၊ မြေချင်းကလဲ ဆက်နေတာဆိုတော့ (ကြားမှာ တောင်တန်းတွေ မခြားထား၊ ခရီးလမ်းလွယ်ကူ၊ လမ်းတစ်လျှောက် ရိက္ခာထောက်နိုင်ဖို့ လက်အောက်ခံမြို့တွေကလဲ အဆင်သင့်) အင်းဝကို စစ်ချီဖို့ရာ အဖက်ဖက်က အားသာနေတာပေါ့။
ဒါပေမယ့် အင်းဝက နရပတိစည်သူရဲ့ လုပ်ရည်ကြံရည်ကို အထင်သေးတာတော့ မဟုတ်ဘူး။
ဒါကြောင့် တစ်ခါတည်း သိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ရန်သူ့အနေအထားကို အကဲခတ်နိုင်အောင် ဘုရင့်နောင်မင်းတရားကြီးဟာ အင်းဝကို အစမ်းစစ်ချီစေဖို့ ရေကြောင်း၊ကြည်းကြောင်း စစ်ပြင်ပါတယ်။
အစမ်းချီတယ်ဆိုပေမယ့် အင်အားကြီးမားစွာ စစ်ပြင်တာပါ။
ရေကြောင်းမှာ ညီတော် ပြည်မင်းနဲ့ သားတော်အိမ်ရှေ့မင်း နန္ဒမင်းသားတို့ တပ်တွေအပါအ၀င် တပ်မှုးကြီးဆယ်ဦးရဲ့ တပ်ဆယ်တပ်နဲ့ လှေကြီးလှေငယ်ကိုးရာ၊ အင်အား ခုနစ်သောင်းနဲ့ ချီစေပါတယ်။
ကြည်းကြောင်းမှာတော့ စစ်သူကြီးငါးဦးရဲ့ မြင်းတပ်ငါးတပ်ကို ရှေ့မှာထားပြီး နောက်မှာ ညီတော်မင်းရဲကျော်ထင်၊ ညီတော်တောင်ငူမင်း တို့ ပါဝင်တဲ့ တပ်ဆယ်တပ်၊ စုစုပေါင်း တပ်ဆယ့်ငါးတပ်မှာ ဆင်ငါးရာ၊ မြင်ငါးထောင်၊ စစ်သည်ခုနစ်သောင်းနဲ့ ချီစေပါတယ်။
စုစုပေါင်း တပ်ပေါင်းနှစ်ဆယ့်ငါးတပ်နဲ့ အင်အားတစ်သိန်းလေးသောင်းနဲ့ အင်းဝကို ချီစေတာပါ။
ဒီသတင်းကို နရပတိစည်သူကြားတဲ့အခါ အင်းဝဘက်ကလည်း စစ်ပြင်ရပါတော့တယ်။
သူနဲ့ သင့်မြတ်တဲ့ ရှမ်းစော်ဘွားငါးဦးကို စစ်ကူပေးဖို့ အကူအညီတောင်းပါတယ်။
မိုးညှင်းစလုံကတော့ ထိပ်ဆုံးက ရောက်လာမှာပေါ့။ အုန်းဘောင်စော်ဘွား၊ ဗန်းမော်စော်ဘွား၊ မိုးကောင်းစော်ဘွားတို့လဲ အင်အားအလုံးအရင်းနဲ့ အင်းဝကို ရောက်လာပြီး ခုခံဖို့ ပြင်ကြပါတယ်။
စော်ဘွားငါးဦးလို့ ဆိုပေမယ့် တစ်ဦးဟာ ဘယ်စော်ဘွားလဲ မတွေ့မိပါဘူး။
အုန်းဘောင်ခုံမှိုင်းလက်ထက်တုန်းက စော်ဘွားခုနစ်ဦး ပေါင်းပြီး ဟံသာဝတီနဲ့ စစ်ပြိုင်ဖူးပေမယ့် လောလောဆယ်မှာတော့ နရပတိစည်သူဟာ ကျန်နေတဲ့ စော်ဘွားနှစ်ဦးကို စည်းရုံးလို့ မရသေးဘူးလို့ ထင်ပါတယ်။ ကျန်တဲ့စော်ဘွားတွေကတော့ မိုးဗြဲစော်ဘွား(ဘုရင့်နောင် လက်အောက်မှာပါ)၊ ညောင်ရွှေစော်ဘွား သို့မဟုတ် မိုးမိတ်စော်ဘွား တစ်ဦးဦးပါပဲ။
ရှမ်းတပ်တွေနဲ့ အင်းဝက တပ်တွေပေါင်းပြီး အင်းဝမှာ ရေရော ကြည်းပါ ခုခံဖို့ ပြင်ပါတယ်။
အင်းဝမှာလဲ ရှမ်းစော်ဘွားတွေသာမက ဗမာနယ်တွေ ရှိပါသေးတယ်။
မြေတူးမြို့စား၊ ငရနဲမြို့စား၊ စည်ပုတ္တရာမြို့စား၊ ကမ်းနီမြို့စား၊ ဒီပဲယင်းမြို့စား၊ စည်သာမြို့စား၊ အမြင့်မြို့စားတို့ဟာ ကိုယ့်နယ်က တပ်တွေ ကိုယ်စီစုရုံးပြီး စစ်ချီလမ်းကြောင်းက အမြင့်မြို့မှာ ခုခံဖို့ ပြင်ပါတယ်။
ရမည်းသင်း၊ ၀တီ၊ ယင်းတော်၊ လှိုင်းတက်၊ ညောင်ရမ်း၊ မြစ်ညောင်း၊ သာဂရ၊ ပင်းတလဲ၊ ပြင်စည် သည်မြို့တွေက တပ်တွေကတော့ တရုပ်မြို့မှာ ရှိတဲ့ တပ်တွေနဲ့ပေါင်းပြီး တရုပ်မြို့ကနေ ခုခံဖို့ ပြင်ပါတယ်။ ရှမ်းစော်ဘွားတွေရဲ့ လှေတပ်တွေလဲ တရုပ်မြို့ကို ဆင်းလာပြီး ကူဖို့ပြင်ပါတယ်။
အိမ်ရှေ့စံ နန္ဒမင်းသားဦးဆောင်တဲ့ ရေတပ်ဟာ ပုဂံကို ရောက်ပြီး နားတဲ့အခါ ပုဂံမင်းစည်သူက ခုလိုလျှောက်ပါတယ်။
အခုချီလာတဲ့ ရေတပ်လောက်နဲ့တော့ အင်းဝကို နိုင်ဖို့ မလွယ်ဘူး။ အင်းဝမှာ နရပတိစည်သူရဲ့ အင်အားတွေအပြင် စော်ဘွားငါးဦးရဲ့ အင်အားတွေပါ ရောက်နေတယ်။ အင်အားကြီးလွန်းလှတယ်လို့ လျှောက်ပါတယ်။
သည်တော့ နန္ဒမင်းသားက ခမည်းတော်မှာလိုက်တာရှိတယ်၊ ကိုယ်က သာတယ်ထင်ရင် တိုက်ပါ၊ မသာဘူးထင်ရင် ဆုတ်ခဲ့ပါလို့ မှာတယ်။ တိုက်တော့ တိုက်ကြည့်ချင်သေးတယ်၊ မသာရင်တော့ ခွာရမယ်လို့ ပြန်ပြောပါတယ်။
သည်လိုနဲ့ ပုဂံမှာ တိုင်ပင်နေကြတုန်း ကြည်းကြောင်းက ချီလာတဲ့ တောင်ငူမင်းခေါင်တို့ တပ်တွေ ရောက်လာတဲ့အခါ စစ်သူကြီးတွေ ခေါင်းချင်းဆိုင် ဆွေးနွေးကြပြန်တယ်။
သည်အတိုင်းဆိုရင်တော့ မလွယ်ဘူးပေါ့လေ။ အင်းဝက အင်အားကြီးတယ်။ နရပတိစည်သူဆိုတာကလည်း လျှော့တွက်လို့ မရဘူး။ တိုက်ပြီးမှ ရှုံးပြန်ရင်လည်း မကောင်း၊ နိုင်ဖို့ကလည်း မလွယ်လှတော့ ဘုရင့်နောင်ထံ ပြန်ပြီး အစီရင်ခံ၊ အမိန့်တောင်းကြမှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဘုရင့်နောင်လဲ ရှေ့တန်းတပ်တွေဆီက သတင်းတွေ ပြန်ကြားရတဲ့အခါ မလွယ်လောက်တဲ့အရေးမို့ ချီသမျှ ကြည်းကြောင်း၊ ရေကြောင်း အကုန်ပြန်ဆုတ်လာခဲ့တော့လို့ အမိန့်ပေးလိုက်ပါတယ်။
ပထမအကြိမ်စစ်ချီရာမှာ စစ်မပြိုင်ဖြစ်လိုက်ပေမယ့် နရပတိစည်သူရဲ့ အင်အားကို သိလိုက်ရတာကြောင့် ဒုတိယအကြိမ်စစ်ချီဖို့ရာ ဘုရင့်နောင်မင်းတရားကြီးဟာ လက်အောက်ခံမြို့စား၊ နယ်စားအပေါင်းကို ဆင်မြင်းလူသူ၊ လှေလက်နက် စုဆောင်းခိုင်းဖို့ အချိန်ယူလိုက်တာ ဖြစ်ပါတယ်။
ရှေ့ကို ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တဲ့သဘောပါ။
သည်အချိန်မှာ နရပတိစည်သူဟာလည်း သေချာပေါက် လူသူ၊ လက်နက် စုဆောင်းနေရမှာပါပဲ။
ဒါပေမယ့် နိုင်ငံအနေအထား၊ နယ်မြေအနေအထား၊ လက်အောက်ခံ အနေအထား မတူလေတော့ ဘုရင့်နောင်လို ဘုရင်မျိုးကို ယှဉ်နိုင်လောက်တဲ့အင်အားထိတော့ စုဆောင်းလို့ မရနိုင်တာ အသေအချာပါ။
သည်လို လက်နက်လူသူ အပြိုင်စုနေတဲ့ အချိန်မှာပဲ ဘုရင့်နောင်မင်းတရားလက်အောက်ကို ရခိုင်က သံတွဲစားမင်းသားဟာ အင်အားအလုံးအရင်းနဲ့ ခိုဝင်လာပြန်ပါတယ်။
သည်လိုနဲ့ အားယူနေတဲ့ အချိန်များကို ကုန်လွန်ပြီးတဲ့အခါမှာတော့ ဘုရင့်နောင်ဟာ အင်းဝကို စစ်ချီဖို့ ဒုတိယအကြိမ်စစ်ပြင်ပါတော့တယ်။
သည်တစ်ခါပြင်တဲ့ စစ်ကတော့ အပြီးတိုင်သိမ်းယူဖို့ ရည်ရွယ်ချက်ရှိတာကြောင့် အင်မတန်ကို အလုံးအရင်းနဲ့ ပြင်တာပါ။
မကြာခင်မှာပဲ အင်းဝနရပတိစည်သူနဲ့ ဟံသာဝတီ ဆင်ဖြူများရှင်ဘုရင့်နောင်တို့ စစ်ပြိုင်ကြပါတော့မယ်။
ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီလို့ မဆိုနိုင်ပေမယ့် ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင် အတူအောင်းလေ့ မရှိတာကြောင့် အားနည်းတဲ့သူက ရှုံးနိမ့်ရမှာ ဓမ္မတာပါပဲ။

ဆက်ရန်...

Wednesday, February 13, 2013

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင် (၂)

ပထမပို့စ်

မနေ့တုန်းက ရေးထားတာကို ဆက်ရေးမှာပါ။
စည်သူကျော်ထင်ဟာ စလင်းမှာ ရှင်သီဟကို ရှုံးပြီး ဆင်တစ်ကောင်နဲ့ ထွက်ပြေးအလာ၊ ရေငတ်လို့ ကန်တစ်ကန်မှာ ရေဆင်းအသောက် ကိုယ့်ဆင်က ကိုယ့်ပြန်ဝှေ့တာကြောင့် ၀ါးရုံတောထဲ ထွက်ပြေးမှ လွတ်ပါတယ်။
ဆင်လဲ သူ့ကို မလိုက်တော့ဘဲ တောထဲ ၀င်ပြေးသွားတာကြောင့် တောထဲမှာ စည်သူကျော်ထင်တစ်ယောက်ထဲ ယောင်လည်လည် ခရီးဆက်နေရတုန်း ချင်းတိုင်းရင်းသားတွေနဲ့ တွေ့ပြီး အဖမ်းခံရပါတော့တယ်။ (နာဂတွေလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ချင်းတွေက သူ့ကို ဖမ်းပြီး မိုးညှင်းစော်ဘွားဆီ သွားပို့လိုက်ပါတယ်။
သည်အချိန်မှာတော့ စည်သူကျော်ထင် ကံမဆိုးတော့ပါဘူး၊ ကံကောင်းသွားပါပြီ။
ဘာလို့လဲဆိုတော့ မိုးညှင်းစော်ဘွား မိုးညှင်းစလုံဆိုတာ စည်သူကျော်ထင်နဲ့ အင်မတန်ရင်းနှီးကျွမ်းဝင်သစ္စာရှိလှတဲ့ သွေးသောက်မို့လို့ပါ။
တရုတ်ကားတွေထဲကလို ဆိုရင်တော့ စည်သူကျော်ထင်နဲ့ မိုးညှင်းစလုံ(စ၀်လုံ)တို့ဟာ သွေးသောက်ညီအစ်ကိုတွေ ဆိုပါတော့။
မိုးညှင်းစလုံက စည်သူကျော်ထင်ကို တွေ့တဲ့အခါ စိတ်မကောင်းဖြစ်ပြီး သွေးသောက်ရယ်၊ ဖြစ်မှ ဖြစ်ရလေ၊ ဒါပေမယ့် ဘာမှ မစိုးရိမ်နဲ့၊ အင်းဝကို ငါကိုယ်တိုင် ရအောင်တိုက်ပြီး မင်းကို နန်းတင်မယ်လို့ ပြောပါတယ်။
အချင်းချင်း သစ္စာရှိလှတဲ့ မိတ်ဆွေတွေပါ။
အဲဒီအချိန် အင်းဝမှာ နန်းတက်နေတာက ရှမ်းလူမျိုးစစ်စစ် အုန်းဘောင်ခုံမှိုင်းထင်ပါတယ်။ (မိုးဗြဲနရပတိလည်း ဖြစ်နိုင်ပါတယ်)
အင်းဝနန်းမှာ ရှမ်း-ဗမာ စပ်တဲ့ သတိုးမင်းဖျားက စတည်ထောင်ခဲ့ပေမယ့် ရှမ်း-ဗမာစပ်တင် မဟုတ်ဘဲ ရှမ်းလူမျိုးစစ်စစ် မင်းသုံးပါး နန်းတက်ဖူးပါတယ်။
ပထမ သိုဟန်ဘွားပါ။ မိုးညှင်းစလုံရဲ့ သား၊ သာသနာကို စော်ကား၊ ဓလေ့ထုံးတမ်းကိုလည်း အလေးမထား၊ ဗမာမှုးမတ်တွေနဲ့လဲ မသင့်မြတ်လို့ ဗမာအမတ် မင်းကြီးရန်နောင်က ယိမ်းနွဲ့ပါးဓားနဲ့ လုပ်ကြံပြီး ရှမ်းလူမျိုးစစ်စစ်ဖြစ်သူ အုံးဘောင်ခုံမှိုင်းကို နန်းထက်တင်ပါတယ်။ အုံးဘောင်ခုံမှိုင်းကတော့ ဗမာတွေနဲ့သင့်မြတ်ပြီး ရှမ်းစော်ဘွားတွေနဲ့လဲ အဆင်ပြေပါတယ်။ အုံးဘောင်စော်ဘွားကြီးရဲ့ သားပါ။
အုံးဘောင်ခုံမှိုင်းပြီးတော့ မိုးဗြဲနရပတိ နန်းတက်ပါတယ်။ မိုးဗြဲစော်ဘွားလဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သည်မင်းတွေ လက်ထက်မှာ ရှမ်းစော်ဘွားတွေနဲ့ မြန်မာပြည်အလယ်ပိုင်းက ဗမာတွေကို စုစည်းပြီး အင်အား အတန်အသင့်ကောင်းပါတယ်။
ဒါပေမယ့် မိုးညှင်းစလုံနဲ့တော့ အစေးကပ်ကြဟန် မတူပါဘူး။ သူ့သားကို လုပ်ကြံပြီးမှ နန်းတက်လာသူတွေမို့ ထင်ပါတယ်။
ဒါကြောင့် မိုးညှင်းစလုံက စည်သူကျော်ထင်ကို လိုအပ်သမျှ အကူအညီပေးပါတယ်။ မိုးညှင်းစလုံထံမှာ ခိုလှုံရင်း စည်သူကျော်ထင်ဟာ အထက်မြန်မာပြည်က ဗမာတွေကို စုရုံးသိမ်းသွင်းပြီး အင်အားနည်းပါးနေတဲ့ စစ်ကိုင်းကို သိမ်းကာ အင်းဝနဲ့ အပြိုင် မင်းပြုပါတော့တယ်။
အဲဒီအချိန်မှာ အင်းဝမှာ နန်းတက်နေတာကတော့ မိုးဗြဲနရပတိပါ။
စစ်ကိုင်းကို သိမ်းပြီးလို့ စစ်ကိုင်းစည်သူကျော်ထင်ဖြစ်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ နှလုံးရည်မြင့်မားတဲ့ အရည်အချင်းတွေဟာ ပိုလို့ ပေါ်လွင်လာပါတော့တယ်။
ဆရာကြီးဦးဖိုးကျားက သူ့ရဲ့ မြန်မာဂုဏ်ရည်ရာဇ၀င်ဖတ်စာ စာအုပ်ထဲမှာ စစ်ကိုင်းစည်သူကျော်ထင်ကို နှလုံးရည်ရှိသော စစ်ကိုင်းစည်သူကျော်ထင်ဆိုပြီး လေးစားဖွယ်ကောင်းတဲ့ အရည်အချင်းတွေကို တစ်ချက်ချင်းရေးပါတယ်။
စည်သူကျော်ထင် စစ်ကိုင်းမှာ နန်းစိုက်ချိန်မှာ အင်းဝမှာတော့ မိုးဗြဲနရပတိပေါ့။ မိုးညှင်းစော်ဘွားကလည်း စည်သူကျော်ထင်ကို ဆင်၊မြင်း၊လူသူ ပေးပြီး ကူညီနေပါတယ်တဲ့။
သူတို့နှစ်ယောက်ဟာ အချင်းချင်း ရန်သူမှန်းသိပါတယ်။ ဒါပေမယ့် မိုးဗြဲနရပတိက စည်သူကျော်ထင်ထံကို ဆက်သွယ်လေ့ရှိပါတယ်တဲ့။ သိမ်းသွင်းကြည့်တာနေမှာပေါ့။
တစ်ခါမှာ မိုးဗြဲနရပတိက စားသောက်ဖွယ်ရာ ထမင်း၊ ဟင်းတွေ ပြင်ပြီး စည်သူကျော်ထင်ထံ ပို့လိုက်ပါတယ်။
စည်သူကျော်ထင်ရဲ့ မှုးမတ်တွေက မစားသင့်ဘူးလို့ ၀ိုင်းလျှောက်ကြပေမယ့် စည်သူကျော်ထင်က ခုလို ပြောလိုက်ပါတယ်တဲ့။
သူကတော့ စာသံ၊ ပေသံနဲ့ ပြောတာပေါ့နော်။ ကျွန်တော်ကတော့ ရှင်းရှင်းပဲ ရေးပါမယ်။
ထီးနန်းသီးခြားစီစံကြပေမယ့် စစ်မက်က တစ်ကဏ္ဍ၊ ချစ်ခြင်းမေတ္တာက တစ်ကဏ္ဍပါတဲ့။ စစ်တိုက်တဲ့ အချိန်မှာတော့ ရန်သူလို့ သဘောထားမယ်။ စစ်မတိုက်တဲ့ အခုချိန်မှာတော့ ရန်သူလို့ သဘောမထားဘူးတဲ့။ မစားဘဲ မနေသင့်ဘူးဆိုပြီး အဆိပ်ခပ်သည်၊ မခပ်သည်၊ ပဓာနမထားဘဲ တစ်ဦးသိက္ခာတစ်ဦးယုံကြည်မှုကို ပြပြီး ပို့လာတဲ့ စားပွဲများကို စားခဲ့ပါတယ်။
သည်လိုပဲ စစ်မက်မရှိတဲ့အခါ သိက္ခာရှိကြောင်းပြခဲ့သလို စစ်မက်ဖြစ်တော့လဲ စိတ်ထားမြင့်မြတ်ကြောင်းကို ပြခဲ့ပါတယ်။
တစ်ခါမှာ မိုးဗြဲနရပတိက အင်းဝဘက်ကနေ ကူးလာပြီး စစ်ကိုင်းကို လာတိုက်တော့ စည်သူကျော်ထင်ဟာ ခုခံဖို့ စီမံရင်း သူ့ရဲ့ ဗိုလ်မှုးတပ်မှုးတွေကို ခုလို မှာပါတယ်။
စစ်ပွဲတွေဖြစ်တဲ့အခါမှာ သူနဲ့နီးရင် သူ့ရဲမက်လုပ်ရတယ်၊ ငါနဲ့နီးရင် ငါ့အမှုတော်ကို ထမ်းရတာ ဖြစ်တယ်။ ဒါကြောင့် တစ်ဖက်က စစ်သည်တွေကို အရှင်မိရင် သေအောင် မလုပ်ကြပါနဲ့လို့ မှာပါတယ်။
ပြောတဲ့စကားအတိုင်းပဲ စစ်ပွဲမှာမိတဲ့ ထိခိုက်ရှနာစစ်သည်တွေကို စာရင်းနဲ့ သေချာမှတ်ပြီး ကောင်းစွာကျွေးမွေးပြုစုဆေးကုသပေးပါတယ်။ ကျန်းမာသွားတဲ့အခါမှာတော့ သားမယားထံ ပြန်ပါဆိုပြီး အင်းဝကို ပြန်လွှတ်ပါတယ်။
အပြည်ပြည်ဆိုင်ရာမှာတောင် အတည်မဖြစ်သေးတဲ့ စစ်သုံ့ပန်းသဘောတရားကို လက်တွေ့သုံးခဲ့တဲ့ ရှေးမြန်မာမင်းတစ်ပါးပါ၊ တော်တော်လေး လေးစားဖို့ ကောင်းပါတယ်။
စည်သူကျော်ထင် သည်လို လုပ်နေတာလဲ သိရော မိုးညှင်းစလုံဟာ ဒေါကြီး၊ မောကြီးနဲ့ စစ်ကိုင်းကို ပေါက်ချလာပါတယ်။
မိုးညှင်းစလုံဘက်က ကြည့်ရင်လဲ ဟုတ်ပါတယ်။ သူ့မှာက စည်သူကျော်ထင်ကို စစ်ဖြစ်ရင် ဆင်၊မြင်း၊လူသူ ပို့ပြီး စစ်ကူရတာ။ စစ်မဖြစ်ခင်လဲ အထောက်အပံ့တွေ ပေးနေတာ။ အင်းဝကို ရစေချင်လို့ပါ။
ခုတော့ စည်သူကျော်ထင်က အင်းဝက သုံ့ပန်းတွေကို သတ်မပစ်ရင်တောင် စစ်ကိုင်းမှာပဲ အကျဉ်းချရင်ချ၊ မချရင် စစ်ကိုင်းစစ်တပ်မှာပဲ တပ်ဗိုလ်၊ တပ်သားအဖြစ် သိမ်းသွင်းလို့ရပါလျက် ပြန်ပြန်လွှတ်နေတော့ အင်းဝရဲ့ အင်အားက စစ်တိုက်ပေမယ့် မလျော့နိုင်သလို ဖြစ်စေတာပေါ့။
ရန်သူကို အင်အားမယုတ်လျော့စေသလို ဖြစ်တာပေါ့။
ဒါကြောင့် မိုးညှင်းစလုံက ရောက်လာပြီး စည်သူကျော်ထင်ကို အပြစ်တင်ပါတယ်။
ဒီမှာ သွေးသောက်၊ ရှေးတုန်းက ကျားသေကို အသက်သွင်းမိလို့ ကျားက ပြန်ကိုက်သတ်တာခံရတဲ့ လုလင်ငယ်နဲ့ မင်းနဲ့ဟာ အတူတူလို ဖြစ်နေပြီပေါ့။
သည်လိုပြောတော့ စည်သူကျော်ထင်က ပြန်မငြင်းပါဘူး။ အင်းဝကို အလျင်အမြန်ရစေချင်တဲ့ မိုးညှင်းစလုံရဲ့ စေတနာကိုလဲ သိတယ်လေ။ ဒါပေမယ့် မိုးညှင်းစလုံကိုတော့ သွေးသောက်ရဲ့ ကျေးဇူးဟာ သူ့အပေါ် ကြီးမားလှတဲ့အကြောင်း၊ သည်ကျေးဇူးဟာ နိဗ္ဗာန်မတိုင်ခင် ဆပ်ရင်တောင် ကုန်မှာ မဟုတ်ကြောင်း၊ ခုလည်း သူဟာ အင်းဝကို ရဖို့သာ အားထုတ်နေတာသာဖြစ်ကြောင်း၊ လူဆိုး၊ လူသွမ်း၊ လူညံ့တွေစကားကို မယုံပါနဲ့၊ ယုံရင် သွေးသောက်သာ စိတ်ဒုက္ခများပြီး အကုသိုလ်ပွားနိုင်ကြောင်း ပြန်ပြောပါတယ်။
မိုးညှင်းစလုံကလည်း စည်သူကျော်ထင်မှာ အင်းဝကို အရယူဖို့ ဗျူဟာရှိလောက်တယ်လို့ တွေးမိတဲ့အတွက် အင်းဝကို မလိုချင်ဘဲ စစ်ကိုင်းလောက်နဲ့များ နှစ်သိမ့်နေသလား၊ လာမေးတာပါ၊ အင်းဝနန်းကို မင်း  အလိုရှိသေးတာ သိရတော့ ငါကူညီတာ အလကားမဖြစ်ပါဘူးဆိုပြီး ပြန်သွားပါတယ်။
နောက်ပိုင်းမှာ စည်သူကျော်ထင်ရဲ့ စိတ်သဘောထားမြင့်မြတ်မှုတွေ၊ အရည်အချင်းရှိမှုတွေကြောင့် နောက်လိုက်ဗိုလ်ပါတွေ တဖြည်းဖြည်းများလာပါတယ်။ စစ်ပွဲမှာ မိတဲ့သူတွေကလည်း မပြန်ဘဲ စစ်ကိုင်းမှာဘဲ အမှုထမ်းတဲ့သူထမ်း၊ အင်းဝပြန် မိသားစုပါ ခေါ်ပြီး ပြန်လာတဲ့သူ လာနဲ့မို့ ထင်ပါတယ်။
နောက်ပိုင်းမှာ မိုးဗြဲနရပတိဟာ တဖြည်းဖြည်းလန့်လာပါတယ်။ အင်အားကလည်း နည်းသည်ထက် နည်းလာပြီး ရှမ်းကိုးပြည်ထောင်စော်ဘွားတွေနဲ့လဲ အစေးမကပ်တော့ဘူး ထင်ပါရဲ့။
အင်းဝနန်းက လက်အောက်ခံအင်အားတွေ အကုန်ယူပြီး အောက်မြန်မာပြည်မှာ ပြည်ထောင်စုစည်းနေတဲ့ ဆင်ဖြူရှင် ဘုရင့်နောင်ထံ ခိုဝင်သွားပါတော့တယ်။
သည်လိုနဲ့ နှလုံးရည်ကောင်းတဲ့ စည်သူကျော်ထင်တစ်ယောက် အင်းဝထီးနန်းကို သိပ်ခက်ခက်ခဲခဲ မတိုက်လိုက်ရဘဲ သိမ်းပိုက်လိုက်နိုင်ပြီး နရပတိဆိုတဲ့ဘွဲ့အမည်နဲ့ အင်းဝမင်းဆက်ကို ဆက်ခံနိုင်လိုက်ပါတယ်။
အင်းဝမင်းဆက်မှာက နရပတိတွေများလို့ အများကတော့ သူ့ကို နရပတိစည်သူလို့ ခေါ်ကြပါတယ်။
စည်သူကျော်ထင်ရဲ့ စိတ်ထားမြင့်မြတ်ပုံတွေရှိပါသေးတယ်။
တစ်ခါက စစ်ကိုင်းအရပ်မှာ မိန်းမငယ်တစ်ယောက်ဟာ ရက်ကန်းစင်တွင်းတူးတဲ့အခါ စဉ့်အိုးနဲ့ ရွှေငါးပိဿာတူးဖော်ရရှိပါသတဲ့။
အဲဒီခေတ်က သက်ဦးဆံပိုင်၊ ရေပိုင်၊ မြေပိုင် ဘုရင်ခေတ်လေ။ သည်တော့ မိန်းမငယ်ကလဲ မြေကြီးထဲကရတာ ဘုရင်နဲ့ ဆိုင်တယ်ဆိုပြီး စည်သူကျော်ထင်ကို ဆက်ဖို့ နန်းတော်ကို ရောက်လာပါတယ်။
တိတ်တိတ်လေးယူထားပြန်ရင်လည်း မင်းပြစ်မင်းဒဏ်သင့်နိုင်တယ်မဟုတ်လား။
သူမ နန်းတော်ကို ရောက်ချိန်မှာတော့ စည်သူကျော်ထင် ဘုရားဆောင်ဝင်နေတဲ့အချိန်ပါ။
စည်သူကျော်ထင်ဟာ ဥဒေတယံဂါထာတော်ကို နံနက်ခင်းမှာ တစ်ထောင်၊ အပေဘယံဂါထာတော်ကို ညခင်းမှာ တစ်ထောင် ရွတ်ဖတ်ပူဇော်လေ့ ရှိပါတယ်။
အရပ်သူမိန်းမငယ်ရောက်သွားတော့ စည်သူကျော်ထင်ဟာ ဥဒေတယံဂါထာကို ရွတ်ဖတ်လို့ မပြီးသေးပါဘူး။
ဝန်ကြီး၊မှုးကြီးများကလဲ ကြားဖြတ်ပြီး မလျှောက်ရဲလို့ စောင့်နေကြရတယ်။ ဂါထာတော်ကို ရွတ်ဖတ်တာကလည်း အချိန်တော်တော်ယူရတယ်ထင်ပါတယ်။ အရပ်သူမိန်းမငယ်လေး စောင့်နေရတာလည်း အတော်ကြာပြီဆိုတော့ ၀န်ကြီးတွေက အားနာလာဟန်တူတယ်။
သူ့ခမြာ နန်းတွင်းမှာ ဘုရင့်ထံအခစားဝင်တာဆိုတော့ အနေကြပ်၊ အထိုင်ကြပ်၊ ခေါင်းမမော့ရ၊ ကြမ်းပြင်နဲ့ နဖူးနဲ့ထိ၊ ခါးကိုညွတ်ဘာညာဆိုတော့ နန်းတွင်းနဲ့ နေသားမကျတဲ့ သာမန်အရပ်သူအဖို့ အတော်လေး စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်နေမှာပေါ့။
ဒါနဲ့ပဲ ၀န်ကြီးတွေက ကဲ ကဲ စောင့်မနေနဲ့တော့၊ မင်းကြီးကလဲ ကြာဦးမှာ၊ တစ်ဝက်ကို မင်းဘဏ္ဍာအဖြစ်သိမ်းပြီး တစ်ဝက်ကို ယူပြီး ပြန်တော့လို့ ပြန်လွှတ်လိုက်တယ်။
အရပ်သူမိန်းမငယ်လဲ ၀မ်းမြောက်ဝမ်းသာနဲ့ ပြန်သွားရှာတယ်၊ ရွှေနှစ်ပိဿာခွဲဆိုတော့ နည်းလားဗျာ။ ၀န်ကြီးတွေက အကုန်ထားခဲ့ဆိုလဲ ထားခဲ့ရမှာလေ၊ တစ်ဝက်ကြီးများတောင် ရတော့ သူလဲ ပျော်ရှာတာပေါ့။
စည်သူကျော်ထင်လဲ ဂါထာရွတ်ဖတ်ပြီးလို့ ထွက်လာတော့ မှုးမတ်တွေက ဒီလို၊ ဒီလိုပဲ လို့ ၀ိုင်းလျှောက်ထားကြတာပေါ့။
သည်လို သိလိုက်ရတော့ စည်သူကျော်ထင်က ဘာပြောတယ်ထင်ပါသလဲ။
အစ်ကိုတို့၊ ဘာလို့များ သည်လိုလုပ်သလဲပေါ့၊ အစ်ကိုတို့ ကိုယ့်ကိုကိုယ် ယောက်ျားကောင်းဟဲ့၊ ငါလဲ လုပ်နိုင်တယ်ဆိုပြီး မြို့တော်ပတ်လည်မှာ တစ်နေ့ တွင်းတစ်ထောင်တူးပြီး ရှာဦး၊ သည်လို ရွှေအိုးမျိုး ရနိုင်ပါ့မလားတဲ့။
ဒါဟာ သူထိုက်လို့ သူ့ရှေးဘုန်းကံကြောင့်သာ သည်မိန်းမငယ်ရရှာတာ ဖြစ်တယ်၊ တစ်ဝက်လဲ မသိမ်းသင့်ဘူး၊ အကုန်ပြန်ပေးလိုက်ပါ လို့ မိန့်ပါတယ်တဲ့။
သည်လိုနဲ့ ရွှေအိုးရှာတွေ့တဲ့ မိန်းမငယ်ဟာ ရွှေအကုန်ရသွားပါတယ်။
တော်တော်လေးကိုလဲ မြင့်မားတဲ့ စိတ်ထားပါပဲ။
တကယ်တော့ ဘုရင်ဆိုတာ ရွှေလိုတယ်ဗျ၊ ဘာလို့လဲ ဆိုတော့ သူ့မှာ သူပိုင်ဆိုင်တဲ့ တိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့၊ ဖွံ့ဖြိုးစည်ပင်ဖို့၊ သာသနာတော်ထောက်ပံ့ဖို့ စသဖြင့် အရင်းအနှီး ရွှေ၊ ငွေ များစွာလိုပါတယ်။
ဒါပေမယ့် စည်သူကျော်ထင်ဟာ သူ့သက်တမ်းတစ်လျှောက်မှာ ရသင့်တဲ့ အခွန်ငွေကိုသာ ယူမယ်လို့ ဆုံးဖြတ်ထားပုံပါပဲ။
သူ့ရဲ့ စိတ်ထားမြင့်မြတ်ပုံတွေဟာ ဒါတင်ပဲလားဆိုတော့ မပြီးသေးပါဘူး။
သူ့ရဲ့ မိဖုရားကြီးက စမ်းသပ်တာရှိသေးတယ်။
ငယ်လင်ငယ်မယားတော့ မဟုတ်လောက်ဘူးထင်တယ်။ ငယ်လင်၊ငယ်မယားဆိုရင်တော့ စိတ်သိနေပြီပဲ။ ဘယ်စမ်းပါ့မလဲ။
ကြည့်ရတာ သည်မိဖုရားကြီးက ဘုရင်အဖြစ်ရောက်မှ ဘိသိက်ခံရတဲ့ မင်းမျိုးမင်းနွယ်မိဖုရားကြီး ထင်ပါရဲ့။
ဒါမှမဟုတ်လဲ စည်သူကျော်ထင်ရဲ့ စိတ်ထားမြင့်မြတ်ကြောင်း လူပိုသိအောင် အားဖြည့်ပေးတဲ့သဘောလဲ ဖြစ်ချင်ဖြစ်မှာပါ။
မိဖုရားကြီးက စည်သူကျော်ထင်ရဲ့ စိတ်ကို စမ်းချင်လို့ဆိုပြီး ဆန်တစ်ပြည်မှာ စပါးလုံးတစ်စလယ်ရောပြီး စားတော်ပွဲ တည်ပေးလိုက်ပါတယ်။
ဆန်တစ်ပြည်မှာ စပါးလုံးတစ်စလယ်ဆိုတော့ စပါးလုံးတွေ အများကြီးပေါ့။
ဒါကို စည်သူကျော်ထင်တွေ့တော့ စပါးလုံးတွေ များလှပါလားလို့ တစ်ခွန်းပဲ ပြောပြီး ပန်းကန်ထဲက စပါးလုံးတွေကို ကိုယ့်ဖာသာ ရွေးဖယ်ပြီး ဆက်စားတော်ခေါ်ပါတယ်တဲ့။
အဲဒီအခါမှာ ဘေးက မိဖုရားက ခုလို လျှောက်ပါတယ်။
အရှင်မင်းကြီး၊ စားတော်ကဲတွေ အတော်ပေါ့လျော့လို့ သည်လိုဖြစ်ရတာ၊ နောက်မဖြစ်အောင် နာနာကျင်ကျင် ဆုံးမရမယ်၊ ဘာညာပေါ့။
သည်တော့ စည်သူကျော်ထင်က ပြန်ပြောပါတယ်။
သည်လိုတော့ မဟုတ်လောက်ပါဘူးပေါ့။ လက်အောက်ခံအမှုထမ်းတွေဆိုတာ ကိုယ့်ဆရာသမားကို မျက်နှာရအောင်ပဲ လုပ်လိုကြတာပါ၊ မလိုတမာ တမင်တကာတော့ မလုပ်လောက်ပါဘူးတဲ့။ ဆန်ကိုလဲ သူတို့ စင်ကြယ်အောင် တီးပြာထားမှာပါ၊ စပါးထားတာနဲ့ နီးလို့ ကျေးငှက်၊ ကြက်တွေ ၀င်ယက်တဲ့အခါ ပြာထားတဲ့ဆန်ထဲကို ၀င်ရောက်ကုန်တာ ဖြစ်မှာပါ၊ ဘာမှ အပြစ်မပေးပါနဲ့လို့ မိဖုရားကြီးကို ပြန်တောင်းပန်တယ်လို့တောင် ဆိုပါတယ်။
အတော်လေးကိုလဲ စိတ်သဘောထားက ဖြူစင်မြင့်မြတ်ပြီး သည်းခံခွင့်လွှတ်နိုင်စွမ်းကြီးပါတယ်။
ဒါကြောင့်လဲ အင်းဝပြည်သူပြည်သားတွေဟာ သူ့ကို အတော်လေး ချစ်ခင်လေးစားကြတယ်လို့ ဆိုပါတယ်။
သည်လို နှလုံးရည်နဲ့လဲပြည့်စုံသလို လက်ရုံးရည်လဲ ရှိတဲ့အပြင် ပညာရှိ၊ သူရဲကောင်းအချို့ကိုလဲ သိမ်းသွင်းထားနိုင်တဲ့ အင်းဝဘုရင် နရပတိစည်သူ(စစ်ကိုင်းစည်သူကျော်ထင်)ဟာ အင်းဝမင်းဆက်မှာ အရည်အချင်းရှိတဲ့ မင်းကောင်းတစ်ပါးဖြစ်ပေမယ့် သူ့ခေတ်သူ့အခါမှာမှ ဘုရင်လာဖြစ်ရတာ ကံတော့ မကောင်းခဲ့ပါဘူး။
စစ်ကိုင်းမှာ မင်းပြုစဉ် ပြိုင်ဘက်ဖြစ်သူ မိုးဗြဲနရပတိဟာ သူ့ကို ယှဉ်ပေမယ့် မနိုင်လို့ အင်းဝထီးနန်းကိုတောင် စွန့်ပြီး ထွက်ပြေးခဲ့တဲ့အခါ သူဟာ အင်းဝထီးနန်းကို ပိုင်စိုးပြီး ဘုရင်ဖြစ်လာခဲ့သူပါ။
အထက်မြန်မာပြည်မှာ သူဟာ ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ပြီး တစ်ယောက်တည်း ဗိုလ်စွဲနိုင်ခဲ့ပြီဆိုပါတော့။
ကံဆိုးတာကတော့ အထက်မြန်မာပြည်မှာ စည်သူကျော်ထင်ဟာ ပြိုင်ဘက်မရှိ ဘုရင်ဖြစ်လာခဲ့ပေမယ့် အောက်မြန်မာပြည်မှာလဲ ပြိုင်ဘက်ဘုရင်တစ်ပါးဟာ ဆင်၊မြင်း၊လူသူ နယ်ပယ်စုစည်းနေခဲ့ပါတယ်။
အဲဒီဘုရင်ကတော့ မြန်မာ့သမိုင်းမှာရော၊ အရှေ့တောင်အာရှသမိုင်းမှာပါ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့သူ ဆင်ဖြူများရှင်ဘုရင့်နောင်မင်းတရားကြီးပါပဲ။
အင်းဝထီးနန်းကို သိမ်းပိုက်နိုင်လိုက်တဲ့အခါမှာ စည်သူကျော်ထင်ခမြာ ပြိုင်ဘက်မဟုတ်တဲ့ ဘုရင့်နောင်မင်းတရားကြီးနဲ့ စစ်ပြိုင်ရဖို့ အကြောင်းတွေ ဖန်လာပါတော့တယ်။

ဆက်ရန်...

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင်


ဟိုတစ်နေ့က ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာဆိုတဲ့ စာအုပ်လေးတွေ့လို့ ဖတ်မိပါတယ်။
ခေတ်အဆက်ဆက်က ဘုရင်တွေ၊ သူရဲကောင်းတွေ၊ ပညာရှိတွေ အကြောင်း ရောနှောရေးသားထားတာပါ။
ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကယား စတဲ့ တိုးရင်းသားလူမျိုးများရဲ့ ဘုရင်တွေ၊ သူရဲကောင်းတွေ၊ ပညာရှိတွေ၊ ခေါင်းဆောင်တွေ စတဲ့ အကြောင်းတွေ ရေးသားထားတာပါ။
အကုန်တော့ မဖတ်ရသေးဘူး။ လောလောဆယ် ဖတ်ထားပြီးသမျှထဲက လေးစားစရာကောင်းပြီး သိပ်မထင်ရှားတဲ့ ဗမာမင်းတစ်ပါးအကြောင်း သွားတွေ့ပါတယ်။
ဆရာကြီးဦးဖိုးကျားကတော့ စစ်ကိုင်းစည်သူကျော်ထင်လို့ ရေးပါတယ်။ ဆရာကြီးရေးတဲ့အထဲမှာက သည်မင်းဟာ နှလုံးရည်ကောင်းကြောင်းလောက်သာ ရေးထားပြီး တခြားမပါပါဘူး။
စစ်ကိုင်းစည်သူကျော်ထင်အကြောင်းဖတ်ရတဲ့အခါမှာ သည်မင်းဟာ အတော်လေးကို စိတ်သဘောထားသိမ်မွေ့မြင့်မြတ်တဲ့အကြောင်း ဖတ်ရတာမို့ ကျွန်တော်လဲ တော်တော်စိတ်ဝင်စားသွားပါတယ်။ သူ့အကြောင်းလဲ သိချင်သေးတာနဲ့ တခြားမှာ ရှာဖတ်ကြည့်ပါတယ်။
တော်တော်ရှာလိုက်တဲ့အခါတော့ သူ့အကြောင်းတွေ တော်တော်လေး သိလိုက်ရပါတယ်။ အပြည့်အစုံမဟုတ်ပေမယ့် ဆရာကြီးဦးဖိုးကျားရဲ့ စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာလေးတွေပါ သိရတာမို့ ကျွန်တော် သိထားသလောက်ပြန်ရေးပါမယ်။
စစ်ကိုင်းစည်သူကျော်ထင်ရယ်လို့ ကျွန်တော်သိလိုက်ရတဲ့အခါ သည်ပုဂ္ဂိုလ်ဟာ မင်းတော့ ဟုတ်ပါပြီ၊ ဘုရင်ရော ဟုတ်ရဲ့လားလို့ တွေးမိပါသေးတယ်။
ဘာလို့ဆိုတော့ သမိုင်းတွေထဲမှာ မင်းလို့ရေးကြတဲ့အခါ ထားပါတော့... တောင်ငူမင်း၊ ပြည်မင်း စသဖြင့် အဲဒီအသုံးအနှုန်းဟာ သည်ပုဂ္ဂိုလ်ဟာဖြင့် ဘုရင်ဖြစ်တယ်လို့ မဆိုလိုပါဘူး။ နယ်စား၊ ပယ်စား၊ ထီးဆောင်းမင်းများသာ ဖြစ်ပါတယ်။
သူတို့ရဲ့အထက်မှာ ဘုရင်ရှိပါတယ်။ ဥပမာဆိုပါတော့ ဆင်ဖြူများရှင်မင်းတရားကြီး။ ထီးဆောင်းမင်းအပေါင်းတို့ရဲ့ ဘုရင်ဆိုတဲ့ သဘောနေမှာပေါ့။ ကျွန်တော်လဲ သေချာတော့ မသိပါဘူး။
သည်တော့ စစ်ကိုင်းစည်သူကျော်ထင်ဆိုတာကရော စစ်ကိုင်းမင်းလား၊ ပြောရရင် စစ်ကိုင်းကိုသာ စားရတဲ့ နယ်စားတစ်ယောက်လားလို့ ထင်မိပေမယ့် မဟုတ်ပါဘူး။
သူဟာ အင်းဝနန်းထက်မှာ တက်ပြီး ဘိသိက်ခံ နန်းစံခဲ့တဲ့ ဘုရင်တစ်ပါးပါ။
နာမည်ကျော် မွန်-ဗမာ နှစ်၄၀စစ် နောက်ပိုင်းမှာ နန်းဆက်မပြတ်ခဲ့သေးတဲ့ အင်းဝထီးနန်းမှာ သူဟာ နောက်ဆုံးဘုရင်ပါ။ သူ့လက်ထက်မှာပဲ မင်းဆက်ပြတ်ခဲ့တာပါ။
အင်းဝဆက်ရဲ့ နောက်ဆုံးဘုရင်၊ သူ့လက်ထက်မှာ မင်းဆက်ပြတ်ရတယ်ဆိုလို့ သူ့ဟာ အရည်အချင်းမရှိတဲ့သူတော့ မဟုတ်ပါဘူး။ သူ့မှာ လေးစားလောက်ဖွယ် အရည်အချင်းတွေရှိတဲ့အပြင်၊ အင်အားလဲ အတော်အတန်ရှိခဲ့တဲ့သူပါ။ သူရဲကောင်းတွေ၊ ပညာရှိတွေက အစပေါ့။
ဦးကုလားရာဇ၀င်ထဲမှာတော့ သူ့ကို စလင်းစည်သူကျော်ထင်အနေနဲ့ စ တွေ့ရပါတယ်။
စလင်းစားပေါ့လေ။ ဘယ်ဘုရင်လက်ထက်မှာ ဘာကြောင့် သူ့ကို စလင်းမြို့ကို စားစေခဲ့သလဲတော့ မသိပါဘူး။
နောက်ပိုင်းတော့ တောင်ငူက တပင်ရွှေထီးတို့ ရောက်လာပြီး စလင်းကို သိမ်းလိုက်ပါတယ်။ စလင်းမြို့ကိုလဲ တပင်ရွှေထီးက သူ့ရဲ့ အထိန်းတော်တစ်ယောက်ဖြစ်တဲ့ ရှင်သီဟကို စည်သူကျော်ထင်ဆိုတဲ့ဘွဲ့နဲ့ပဲ ပေးလိုက်ပါတယ်တဲ့။
အဲဒီအချိန်မှာတော့ ကျွန်တော်တို့ရဲ့ စလင်းစည်သူကျော်ထင်ဟာ အင်းဝမှာ သွားခိုလှုံနေပုံပါပဲ။
သည်အချိန်က စပြီး သူ့ရဲ့ အရည်အချင်းတွေ စ ပေါ်လွင်လာခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ စလင်းကို သူဟာ ကိုယ်တိုင်တိုက်ယူစရာမလိုဘဲ ပြန်ရခဲ့တာပါ။
စည်သူကျော်ထင်နှစ်ယောက်မို့ ကျွန်တော်တို့ရဲ့ စည်သူကျော်ထင်ကို စည်သူကျော်ထင်လို့ ရေးပြီး တပင်ရွှေထီးရဲ့စည်သူကျော်ထင်ကိုတော့ ရှင်သီဟလို့ပဲ ရေးပါရစေ။
စည်သူကျော်ထင် အင်းဝမှာ ရှိနေစဉ်မှာ စလင်းမှာတော့ ရှင်သီဟ အုပ်ချုပ်နေပါတယ်။ အုပ်ချုပ်မှုအလျော့အရဲကို ကြည့်ပြီး စည်သူကျော်ထင်ရဲ့ တပည့် လုလင်ကျော်မှုးဦးဆောင်ပြီး ရှင်သီဟကို ပုန်ကန်ထကြွကာ စလင်းကို ပြန်သိမ်းကြပါတယ်။
ရှင်သီဟကတော့ တောင်ငူကို အပြင်းပြန်ပြေးရတယ်လို့ ဆိုပါတယ်။
ရှင်သီဟမရှိတော့တဲ့အခါ လုလင်ကျော်မှုးတို့က စည်သူကျော်ထင်ကို အင်းဝကနေ ပြန်ပင့်ပြီး စလင်းကို ပြန်အပ်ပါတယ်တဲ့။
အဲဒီအချိန်မှာ မြန်မာပြည်ကြီးဟာ အထက်မှာ အင်းဝ၊ ရှမ်းမှာ ရှမ်းကိုးပြည်ထောင်၊ အောက်မှာ ဟံသာဝတီ၊ တောင်ငူ စသဖြင့် ကွဲနေတဲ့အပြင် သည်မင်းတွေလက်အောက်မှာ မခိုဝင်တဲ့ နယ်စား၊မြို့စားတွေ အများအပြားလဲ ရှိနေတဲ့အချိန်မှာ၊ မြို့ကို သိမ်းနိုင်သူ မြို့စားလုပ်နိုင်နေတဲ့အချိန်မှာ လုလင်ကျော်မှုးတို့က မြို့ကိုသိမ်းပြီး စည်သူကျော်ထင်ထံ ပြန်အပ်တာကို ကြည့်ရင် သူတို့ရဲ့ဆရာကို ဘယ်လောက်ထိ လေးစားချစ်ခင်တယ်ဆိုတာ သိနိုင်ပါတယ်။
ဒါဟာလဲ သူ့(စည်သူကျော်ထင်)ရဲ့ အရည်အချင်းတစ်ရပ်လို့ ထင်ပါတယ်။
အထိန်းတော်ရှင်သီဟ စလင်းကနေ တောင်ငူကို ပြန်ပြေးလာရတာကို တပင်ရွှေထီးသိတဲ့အခါ တောင်ငူမင်းတစ်တပ်၊ ပြည်မင်းတစ်တပ်၊ မြေထဲစားတစ်တပ်၊ ရှင်သီဟတစ်တပ် တပ်လေးတပ်ကို တိုက်ဆင်တစ်ရာ့ငါးဆယ်၊ မြင်းနှစ်ထောင်၊ စစ်သည်ခုနစ်သောင်းနဲ့ စလင်းကို ပြန်တိုက်ယူဖို့ စေလွှတ်လိုက်ပါတယ်တဲ့။
နည်းနည်းနောနောတပ်ကြီးပါလားနော်။
စလင်းစည်သူကျော်ထင်ဆီမှာတော့ အင်အားက တော်တော်နည်းတဲ့ပုံပါ။ ဒါပေမယ့် သည်တိုက်ပွဲအကြောင်းကို ဦးကုလားရာဇ၀င်မှာ အတော်အသင့်နေရာပေးထားပုံထောက်တော့ တော်တော်လေးလဲ အစွမ်းအစပြခဲ့ကြတဲ့ပွဲလို့ ထင်ပါတယ်။
နောက်ပြီး စလင်းစည်သူကျော်ထင်လက်အောက်က သူရဲကောင်းတွေဟာလဲ တော်တော်လေးစွမ်းကြပုံပေါက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ရှင်ဘုရင်တို့ရဲ့အကြောင်းကိုသာ တခမ်းတနားရေးသားဖော်ပြလေ့ရှိတဲ့ မြန်မာရာဇ၀င်စာအုပ်တွေမှာ ဘုရင့်သူရဲကောင်းစစ်သူကြီးများ၊ အောင်ပွဲရစစ်သည်များမဟုတ်ရင် တော်ရုံတန်ရုံထည့်ရေးလေ့ မရှိသလို စာအုပ်ထဲ နာမည်တစ်လုံးပါဖို့တောင် မလွယ်ပေမယ့် သည်တိုက်ပွဲအကြောင်းကို အတော်အသင့်ဖော်ပြထားတဲ့အပြင် စည်သူကျော်ထင်နဲ့အတူ တိုက်ခဲ့တဲ့ သူ့ရဲ့ လက်ရုံးသူရဲကောင်းတွေကိုပါ ဖော်ပြတာကြောင့် ဖြစ်ပါတယ်။
စည်သူကျော်ထင်ဟာ ရှင်မောက်ကျော်၊ ရှင်မာန်အောင်တို့နဲ့ အတူထွက်တိုက်တယ်လို့ ပါပါတယ်။
အင်အားနည်းတဲ့ စည်သူကျော်ထင်ကတော့ ဆင်တစ်စီး၊ မြင်းသုံးရာ၊ စစ်သည်သုံးထောင်နဲ့ ထွက်တိုက်ပါတယ်။
စည်သူကျော်ထင်နဲ့ ရှင်မာန်အောင်ကတော့ ဆင်တစ်စီးထဲ အတူစီးပြီး ရှင်မောက်ကျော်ကတော့ မြင်းနဲ့ ထွက်ဟန်တူပါတယ်။
ရှင်သီဟကလည်း ဆင်တစ်စီးနဲ့ အပြင်းတိုက်ပါတယ်။
အင်အားမမျှပေမယ့် စည်သူကျော်ထင်က ဗျူဟာကောင်း၊ လူကောင်းထင်ပါရဲ့။ ရှင်သီဟ ဆင်မှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆုတ်ရပါတယ်။
စည်သူကျော်ထင်လဲ မြို့ထဲ ပြန်ဝင်ပါတယ်။ ညကျတော့ ထုံးစံအတိုင်း စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်ကြသေးတာကို ရေးထားပါသေးတယ်။
ညကြီးမင်းကြီးမှာ ရှင်သီဟတို့ တပ်ချ နားနေတဲ့နားကို စလင်းရဲမက်တွေက သွားအော်ပြီး စိန်ခေါ်ကြတာပေါ့။ ဟေ့ ပဲခူးသားတွေ မင်းတို့ ဘယ်ပြေးမလဲ ဘာညာပေါ့။ ဟိုဘက်ကလဲ ပြန်အော်တယ်။ မနက်ကျမှ တွေ့မယ် ဘာညာပေါ့။ တစ်ယောက်ချင်းချမယ်ပေါ့။
သည်လိုနဲ့ နောက်နေ့မနက်လဲ ရောက်ရော ရှင်သီဟက တခြားဆင်တစ်စီးနဲ့ မြင်းသုံးရာ စစ်သည်သုံးထောင်နဲ့ ပြန်ထွက်လာတယ်။
စည်သူကျော်ထင်က ဆင်တစ်စီး၊ မြင်းသုံးရာ၊ လူသုံးရာနဲ့ ထွက်တယ်။ အရင်နေ့ကပဲ လူတော်တော်များများ ထိသွားသလား၊ ဒါမှမဟုတ် ကိုယ့်ကိုကိုယ်ပဲ စိတ်ကြီးဝင်သွားသလားတော့ မသိပါဘူး။ အင်အားကတော့ သုံးရာနဲ့ သုံးထောင် ဆယ်ဆလောက်ကွာပါတယ်။
နှစ်ယောက်ချင်း ဆင်စီးချင်းလို့တောင် ပြောလို့ ရနိုင်မယ်ထင်တယ်။
သည်တစ်ခါတော့ စည်သူကျော်ထင် ကံမကောင်းပါ။ မြင်းစီးတဲ့ ရှင်မောက်ကျော်ကျတာနဲ့ ဆင်ခြေဖုံးတပ် ကွဲပါတယ်။ 
ဆင်ခြေဖုံးတပ်ကွဲတော့ ဆင်ချင်းတွေ့ပါတယ်။ အားမတန်လို့ စည်သူကျော်ထင်ဆင်က လှည့်ပြေးပါတယ်။ စည်သူကျော်ထင်ဆင်က အရင်နေ့ကလည်း ဒဏ်ရာတွေရှိနေမှာဖြစ်သလို တစ်ဖက်ဆင်ကတော့ ဆင်သစ်မို့ အားပြည့်နေဟန်ပါပဲ။
ဒါတောင် ရှင်မာန်အောင်က လှံနဲ့ လှမ်းထိုးလို့ ရှင်သီဟမှာ မောက်တိုပေါက်ပြီး နဖူးမှာတောင် စပါးတစ်ထောက်စာ ထိသွားသတဲ့။
ရှင်သီဟက မျက်နှာမှာ သွေးဖြာဖြာကျပေမယ့် ဒေါသထွက်ထွက်နဲ့ အတင်းလိုက်တာကြောင့် ဆင်ပေါ်ကနေ ရှင်မာန်အောင်တောင် အောက်မှာ ခြေလျင် ချန်နေခဲ့ပြီး ဆင်တစ်စီးနဲ့ စည်သူကျော်ထင်တစ်ယောက်ထဲ ပြေးရပါတော့တယ်။
စလင်းမြို့လဲ ကျသွားပါတယ်။
စည်သူကျော်ထင် ကံဆိုးပုံက ဆင်တစ်စီး၊ ကိုယ်တစ်ယောက်တည်း ပြေးလာရတဲ့အပြင် လမ်းမှာ ရေငတ်လို့ ကန်တစ်ကန်မှာ ရေဆင်းသောက်တုန်း အဲဒီဆင်ကပဲ လိုက်ဝှေ့လို့ မနည်းပြေးရသေးတယ်လို့ ဆိုပါတယ်။ ၀ါးရုံတောထဲ ၀င်ပြေးတော့မှ ဆင်က မလိုက်တော့ဘူးတဲ့။
နောက်ဆုံး ဆင်ကလည်း ထွက်ပြေးသွားပါတယ်။
စည်သူကျော်ထင်ကတော့ တောထဲမှာ ဘယ်သူမှမပါ၊ တစ်ယောက်တည်း အင်းဝရှိရာ ခရီးနှင်နေတုန်းမှာပဲ လမ်းမှာ ချင်းတိုင်းရင်းသားတွေနဲ့ တွေ့ပြီး ဆီး ဖမ်းလိုက်ကြပါတော့တယ်။
ဆက်ရန်...

Friday, February 8, 2013

ငါဆိုတာ ခဏလောက် ခွာမယ်


ငါဆိုတာ ခဏလောက် ခွာမယ်


ကြည့်စမ်းပါ

မှောင်နေတဲ့ အခန်းထဲ

ကိုယ့်ကြိုးတွေနဲ့ ကိုယ်ရှုပ်

ကလို့ မရလောက်တဲ့ ရုပ်သေးရုပ်တစ်ရုပ်ပေါ့

သည်အခန်းထဲမှာ

တစ်နေ့ထက်တစ်နေ့

လေထုက လေး လေး လာတယ်

ပြူတင်းပေါက် မဖွင့်တာ ကြာပြီ

အမှောင်တွေရော၊ ဖုန်တွေရော

ပင့်ကူမျှင်တွေရော

စက္ကူစုတ်တွေရော

ဆေးလိပ်ပြာတွေရော

ဟင့်အင်း

မဖွင့်ပါနဲ့ဦး

ရှုပ်ပွနေတဲ့ ငါ့အခန်းကို

ငါ ပြန်ကြည့်နိုင်အောင် အဆင်သင့်မဖြစ်သေးဘူး

တစ်နေ့နေ့တော့

တပ်ထားတဲ့ မျက်မှန် ချွတ်မယ်

ပြူတင်းပေါက်ဖွင့်မယ်

မျက်မှန်မပါဘဲ ကြည့်ရင်

လောကကြီး ဘာများ ပိုထူးခြားမလဲ

အခွင့်ရမယ်ဆိုရင်

မင်းတပ်ထားတဲ့ မျက်မှန်လဲ

ခဏတော့ ငါ စွပ်ကြည့်ချင်မိပါရဲ့

အနည်းဆုံး ပါဝါချင်း ကိုက်မကိုက်တော့ သိရတာပေါ့

Sunday, February 3, 2013

ဖီးနစ်နှင့်စာမရီ(ဇာမဏီ)

ကျွန်တော်က ဒဏ္ဍာရီတွေ၊ ဘာတွေကို စိတ်ဝင်စားတယ်ဗျ။
ဘာပဲပြောပြော ဒဏ္ဍာရီဆိုတာလည်း သက်ဆိုင်ရာလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ အတွေးအမြင်ကို ဖော်ပြပေးနိုင်တယ်မဟုတ်လား။
ဖီးနစ်ငှက်အကြောင်းကိုတော့ ၀တ္ထုတွေဘာတွေ စဖတ်တဲ့ အချိန်ကတည်းက ရေးရေးလေး သိနေခဲ့တာပါ။
ဒီငှက်က အင်မတန်တင်စားလို့ ကောင်းတယ်မဟုတ်လား။ ဒဏ္ဍာရီဖန်တီးခဲ့သူကလည်း တင်စားဖော်ပြဖို့ ဖန်တီးခဲ့တာတူပါရဲ့။
ဖီးနစ်ငှက်ဆိုတာ ဂရိဒဏ္ဍာရီလာ သတ္တ၀ါတစ်ကောင်ပေါ့၊ ဘ၀သစ်ကို ဖန်ဆင်းဖို့ ကိုယ့်အသက်ကိုယ်စတေးတဲ့ ငှက်အဖြစ် လူသိများပါတယ်။
အသက်ရှည်ခြင်း၊ ဘ၀သစ်ဖန်ဆင်းရန် မိမိအသက်ကို မိမိစတေးခြင်း၊ ပြာပုံထဲမှ တစ်ဖန်ပြန်လည်နိုးထလာခြင်း စတာတွေဟာ လူတွေ အားကျလောက်တဲ့ ဖီးနစ်ရဲ့ ၀ိသေသလက္ခဏာတွေပါပဲ။
ပညာရှင်တွေကတော့ ဖီးနစ်ငှက်ဟာ နေမင်းသူရိန်၊ အချိန်ကာလ၊ ဘ၀နိဗ္ဗာန်၊ အပျိုစင်၊ ပုံမှန်ထက်ထူးခြားသော လူသားနဲ့ ဘာသာရေးဆက်နွယ်တဲ့ ပုံရိပ်တွေ(ဥပမာ ခရစ်တော်၊ မယ်တော်မေရီ) စတာတွေရဲ့ သင်္ကေတ၊ ရှင်ပြန်ထမြောက်ခြင်းရဲ့ သင်္ကေတဖြစ်တယ်လို့ ဆိုကြပါတယ်။
ဖီးနစ်ငှက်ဟာ အသက်အင်မတန်ရှည်တဲ့ငှက်ပါ၊ ဒါပေမယ့် အိုမင်းတတ်ပါတယ်၊ သူ တဖြည်းဖြည်းအိုမင်းလာတဲ့အခါမှာ နောက်ဆုံး မီးပုံထဲမှာ ကိုယ့်အသက်ကိုယ် စတေးလိုက်ပါတယ်၊ အဲဒီနောက်မှာတော့ အချိန်တစ်ခုအတိုင်းအတာအတွင်း သူ့ကိုယ်သူ မီးရှို့သဂြိုင်္လ်ထားတဲ့ ပြာပုံထဲကနေ ဘ၀အသစ်တစ်ခု ပြန်လည်ရှင်သန်မွေးဖွားအစပြုစေပါတယ်။
သည်လို အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီထဲက ဖီးနစ်ငှက်အကြောင်း သိလာပြီးတဲ့နောက်မှာ ကျွန်တော့်ခေါင်းထဲကို ဇာမဏီငှက်ဆိုတဲ့ ဝေါဟာရတစ်မျိုးက ချဉ်းနင်းဝင်ရောက်လာတယ်။
ဇာမဏီငှက်ဆိုတာ ဘာပါလိမ့်ပေါ့။
မြန်မာ့ယဉ်ကျေးမှုနဲ့ ရိုးရာစာပေတွေမှာတော့ စာမရီ၊ ဇာမဏီဆိုတာကို တော်တော်အလေးဂရုပေးပြီး ဖော်ပြလေ့ရှိတာကလား။
ကျွန်တော့်ရဲ့ ချောက်တီးချောက်ချက် အတွေးတိမ်တိမ်လေးထဲမတော့ ဇာမဏီဆိုတာ မြန်မာဒဏ္ဍာရီထဲက ဖီးနစ်ငှက်ပဲ ဖြစ်ရမယ်လို့ တွေးမိတယ်။
ဂရိဒဏ္ဍာရီမှာ ဖီးနစ်ဆိုတာ အင်မတန် အလေးဂရုပေးရတဲ့ ဝေါဟာရဖြစ်သလို စာမရီ(ဇာမဏီ)ဆိုတာလဲ မြန်မာစာပေပညာရှင်တွေက ခေတ်အဆက်ဆက် အလေးဂရုပေးခဲ့တဲ့ ဝေါဟာရမဟုတ်လား။
ဇာမဏီရဲ့အမွှေးအတောင်ကို ရှေးမြန်မာတွေက တန်ဖိုးထားကြတယ်လို့ ဆိုလေတော့လည်း ဒေါင်းလိုပဲ ငှက်သတ္တ၀ါလို့ ယူဆလိုက်တာပါ။
စာမရီယပ်ဆိုတာကိုလဲ မြန်မာဘုရင်တွေက အင်မတန်တန်ဖိုးထားကြတယ်လေ။
ဒီအတွေးလေးကို လက်ခံရင်းနေလာလိုက်တာ ဖီးနစ်ဆိုတာနဲ့ ဇာမဏီဆိုတာကို ခဏခဏမြင်လာရတော့ အဓိပ္ပါယ်တူရင် တစ်လုံးပဲ သုံးရမှာ ဘာလို့ နှစ်လုံးသုံးပါလိမ့်လို့ တွေးမိလာပြန်တယ်။
သည်လိုနဲ့ ဇာမဏီဟာ ဘာလဲ စိတ်ဝင်စားနေမိတဲ့အချိန်မှာပဲ ကမ္ဘောဇဆောင်းနှင်းရည်ရေးတဲ့ စာမရီပြဿနာဆိုတဲ့ ဆောင်းပါးလေးဖတ်မိမှပဲ အမလေး လွဲပါပေါ့လားလို့ ရေရွတ်မိပါတော့တယ်။
ဒါလဲ လူက မကျေနပ်သေးဘူးဗျ၊ ထပ်ရှာပြန်တော့ မြန်မာ့စွယ်စုံကျမ်းထဲမှာ ထပ်တွေ့ပါတယ်။
ဒီတော့မှ ကိုယ့် အတွေးတွေ မှားခဲ့ကြောင်း လက်ခံလိုက်ရပါတော့တယ်။
မြန်မာ့စွယ်စုံကျမ်းတို့၊ ကမ္ဘောဇဆောင်းနှင်းလှိုင်ရဲ့ ဆောင်းပါးတို့မှာတော့ သက်သေ၊သက္ကာရအပြည့်အစုံနဲ့ ရေးသားတင်ပြထားပေမယ့် စာလေးမှာစိုးလို့ ကျွန်တော်အကြမ်းဖျင်းပဲ ရေးပြသွားပါမယ်နော်။
တကယ်တော့ စာမရီဆိုတာ ငှက်မျိုးနွယ်မဟုတ်ပါဘူးတဲ့... အောင်းလို့ ခေါ်တဲ့ နွားမျိုးနွယ်ပါတဲ့ဗျာ။
အင်း... လွဲချက်ကတော့ နည်းနည်းလေးပါပဲနော်...
စွယ်စုံကျမ်းထဲမှာတော့ စာမရီဟာ အမြင့်ပေ၁၆၀၀၀ကျော်တဲ့ တိဗက်ကုန်းပြင်မြင့်မှာ တွေ့နိုင်တဲ့ ကျွဲ၊နွားမျိုးနွယ်ဝင် သားကောင်တစ်မျိုးပါတဲ့။ အိန္ဒိယနဲ့ တရုတ်နိုင်ငံ အချို့ဒေသတွေမှာလည်း တွေ့နိုင်ပါတယ်။
အမြင့်ကတော့ ပခုံးကတိုင်းရင် ၆ပေကျော်ပြီး အလေးချိန်က ပေါင်၁၀၀၀ကျော် စီးပါတယ်တဲ့။
အရောင်ကတော့ အနက်၊ အညိုရင့်ရောင်၊ အမွှေးတွေက နုပြီး ရှည်ပါတယ်၊ အမြီး၊ ခြေထောက်၊ ကိုယ်အောက်ပိုင်းက အမွှေးတွေက ပိုပြီးရှည်ပါတယ်တဲ့။
သည်လိုနဲ့ တကယ့်စာမရီသားကောင်ရဲ့ ပုံစစ်စစ်ကို မြင်လိုက်ရတဲ့အခါ ကျွန်တော် တော်တော်လေး အံ့သြသွားရပါတော့တယ်။
ကြည့်ပါဦး... လှလဲ မလှဘူး၊ နွားတို့၊ ကျွဲတို့နဲ့ ဘာများ ကွာခြားလို့ပါလဲ။
ဘာကြောင့်များ ရှေးမြန်မာ့ပညာရှင်တွေက သည်သတ္တ၀ါကို စာတစ်တန်၊ပေတစ်တန်နဲ့ ဖွဲ့နွဲ့စပ်ဆိုခဲ့ကြပါလိမ့်ဆိုတာ ကျွန်တော့်အတွေးထဲ မေးခွန်းဖြစ်လာတော့တယ်။
သည်မေးခွန်းရဲ့ အဖြေကိုတော့ ကမ္ဘောဇဆောင်းနှင်းလှိုင်ရဲ့ ဆောင်းပါးက ဖြေထားပေးပါတယ်။
စာမရီဟာ မိမိရဲ့ မြီးဆံကို အလွန်တန်ဖိုးထားတဲ့အကြောင်း၊ အသွားမတော်လို့ ခြုံ၊နွယ်မှာ ငြိမိရင်တောင်မှ အမွေးတစ်ပင် အကျွတ်မခံ၊ မရုန်းမကန် အသံသာ အသေခံတတ်တဲ့အကြောင်း၊ သေသွားတဲ့အခါ မြီးဆံနဲ့ သားမီးယပ်လုပ်လိုလျှင် အလှမပျက် နဂိုအတိုင်းရပါစေဆိုတဲ့ စိတ်စေတနာမွန်မျိုးရှိတဲ့အကြောင်း သိနိုင်ပါတယ်။
 အင်း... ဟုတ်ပေတာပေါ့နော်... စာမရီဆိုတာ သူ့မြီးဆံကို အသက်ထက် တန်ဖိုးထားတယ်မဟုတ်လား။
သည်လိုပဲ မြန်မာစာပေပညာရှင်တွေကလဲ လူသားတွေအနေနဲ့ မိမိရဲ့ သီလကို စာမရီက သူ့မြီးဆံကို အသက်အသေခံပြီး တန်ဖိုးထားသလို  လူသားတွေအနေနဲ့ မိမိရဲ့ သီလကို ထပ်တူတန်ဖိုးထားကြဖို့ တင်စားတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ကိုယ်တန်ဖိုးထားတဲ့အရာကို အသက်နဲ့လဲ စောင့်ရှောက်လေ့ရှိတဲ့ သူတိုင်း၊ သတ္တ၀ါတိုင်းကို စာပေပညာရှင်၊ ပညာရှိများက စာမရီနဲ့ခိုင်းနှိုင်းတာပါပဲ။
ဒီအပြင် စာမရီမြီးယပ်ဆိုတာ တိဗက်က တဆင့်လာမှ မြန်မာဘုရင်တွေ ရနိုင်တာ မဟုတ်လား။
သည်တော့ ရှားပါးပစ္စည်းဆို တန်ဖိုးထားလေ့ရှိတဲ့ လူ့သဘာဝအတိုင်း မြန်မာဘုရင်တွေရော၊ မြန်မာလူထုရော တန်ဖိုးထားခဲ့တာဖြစ်သလို ပညာရှင်အဆက်ဆက် စာမရီကို ပမာပြုခိုင်းနှိုင်းပြီး ဆုံးမခဲ့ကြလေတော့ စာမရီဆိုတာ မြန်မာ့စာပေမှာ အလေးအမြတ်ပြုစရာ သတ္တ၀ါဖြစ်လာခဲ့တာပါ။
ကိုယ်တန်ဖိုးထားတဲ့အရာကို အသက်နဲ့လဲ စောင့်ရှောက်လေ့ရှိတဲ့ သူတိုင်း၊ သတ္တ၀ါတိုင်းကို စာပေပညာရှင်၊ ပညာရှိများက စာမရီနဲ့ခိုင်းနှိုင်းတာပါပဲ။
ဒါ့အပြင် မြန်မာစာပေတွေမှာ မြင်တွေ့ရလေ့ရှိတဲ့ စာမြီ၊ ဇာမြီ၊ စာမရီ၊ ဇာမရီ၊ ဇာမဏီဆိုတာ စာမရီသားကောင်တစ်မျိုးထဲကို ရည်ညွှန်းတာသာဖြစ်ကြောင်း ကမ္ဘောဇဆောင်းနှင်းလှိုင်က ဆောင်းပါးထဲမှာ ဖော်ပြရေးသားထားပါတယ်။
သည်လိုနဲ့ ကျွန်တော်လဲ ဖီးနစ်နဲ့ ဇာမဏီ လားလားမျှ မတူညီကြောင်း သိလိုက်ရပါပြီ။
ဘာပဲပြောပြော ဖီးနစ်ဟာလဲ ဂရိဒဏ္ဍာရီမှာ အလေးအမြတ်ထားတဲ့ ငှက်မျိုးဖြစ်သလို စာမရီ(ဇာမဏီ)ဟာလည်း မြန်မာစာပေသမိုင်းမှာ အလေးအမြတ်ပြုရတဲ့ သတ္တ၀ါဖြစ်ပါတယ်။
ရည်ညွှန်းချက်ချင်းမတူညီပေမယ့်လို့ နှစ်မျိုးစလုံးဟာ မြတ်နိုးတန်ဖိုးထားစရာများပဲ မဟုတ်ပါလားခင်ဗျာ။

ကိုးကား
(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
(၂) စာမရီပြဿနာ - ကမ္ဘောဇဆောင်းနှင်းလှိုင်
(၃) ၀ီကီမြန်မာ
(၄) wikipedia


Thursday, January 31, 2013

မင်းမြန်မာ တေးဆို အောင်ကိုလတ်



မင်း...မြန်မာ
တေးရေး၊တေးဆို - အောင်ကိုလတ်

(ဒီသီချင်းလေး အရမ်းကောင်းတယ်ဗျ... ကျွန်တော်တို့လို နိုင်ငံရပ်ခြားရောက်နေသူတွေအဖို့ အိမ်ကို လွမ်းတဲ့အခါ၊ အမိမြေကို လွမ်းတဲ့အခါ၊ သူစိမ်းအရပ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နားထောင်သင့်တဲ့ သီချင်းပေါ့ဗျာ။ ကျွန်တော့်အတွက်တော့ ဒီသီချင်းလေးက အားအင်တွေကို ပေးပါတယ်။ စာသားလေးတွေကို သေသေချာချာနှလုံးသွင်းပြီး နားထောင်ကြည့်ပါနော်...)

Lyrics

ပျော်ပျော်နေပါ အပျော်ဆုံး... ပြုံးပြုံးလေး အမြဲပျော်ပါ...
တော်အောင်နေပါ အတော်ဆုံးမို့ အမြဲတမ်း မင်း တော်ပါစေ...

ပျော်ပျော်နေပါ အပျော်ဆုံး... ပြုံးပြုံးလေး အမြဲပျော်ပါ...
တော်အောင်နေပါ အတော်ဆုံးမို့ အမြဲတမ်း မင်း တော်ပါစေ...
လှိုင်းကြမ်းလှေ... လွန့်လူးပါစေ... ဇွဲနဲ့လေ... ကြိုးစားကာနေ...

မှန်မှန်နေရင် မှန်မှန်မင်းမို့ အမြဲတမ်း မင်း မင်းမှန်ပါစေ...
ဘယ်သူဘယ်ဝါ ဘာတွေပြောပြော မင်းလမ်း မင်းမှန်ပါစေ...

ဘယ်နေရာမှာ ဘာကိုလုပ်လုပ် ရိုးသားခြင်း အရင်းခံလေ...

လူသာသေမယ် နာမည်လေးတော့ အမြဲတမ်း အသက်ရှင်ပါစေ...


ဘယ်နေရာမှာ ဘာကိုလုပ်လုပ် ရိုးသားခြင်း အရင်းခံလေ...

လူသာသေမယ် နာမည်လေးတော့ အမြဲတမ်း အသက်ရှင်ပါစေ...

စိတ်ဓာတ်တွေ... မပျက်ပြားစေ...
ကြိတ်မှတ်နေ... ထိပ်သို့ ရောက်ပါစေ...

ဘယ်နိုင်ငံမှာ ဘာကိုလုပ်လုပ် မြဲမြဲမှတ်ပါ မင်း မြန်မာ...

လူပုံအလယ်မှာ မြန်မာပဲလို့ ရဲရဲခေါင်းဖော်နေ...


Wednesday, January 9, 2013

အရှိတရား















လွင့်မျောနေတယ်...
မျောလွင့်နေတယ်...
အဆုံးအစမဲ့ပေါ့...

လွတ်လပ်ခြင်းရဲ့ အရသာ
အနှောင့်အယှက်ကင်းခြင်းရဲ့ အရသာ
အေးချမ်းခြင်းရဲ့ အရသာ
ဆိတ်ငြိမ်ခြင်းရဲ့ အရသာ

ဘယ်သူမှမရှိ...
တစ်ယောက်တည်းဆိုမှ တစ်ယောက်တည်း...

ကမ္ဘာကြီးနဲ့ ဝေးကွာရာ
လူတွေနဲ့ ဝေးကွာရာ

သီးခြား သုခဘုံလေး တစ်ခုလေလား...

ထူးခြားလှတဲ့ ခံစားမှု
ချိုမြလှတဲ့ ခံစားမှု
သာယာလှတဲ့ ခံစားမှု

မှန်းစမ်း...
ကဗျာတစ်ပုဒ် ရေးရအောင်...

ဟင်...
ကဗျာတွေ...
ကဗျာတွေ မရှိတော့ဘူး...

ငါ့ကဗျာတွေ...
မင်းကဗျာတွေ...
သူတို့ကဗျာတွေ...
ဟောဟိုက ကမ္ဘာကြီးပေါ်မှာ ကျန်ခဲ့ပါပကော...

ကဗျာရေးချင်တယ်
ကဗျာရေးချင်တယ်

ရှူး... တိုးတိုး...
နားထောင်...
အသံလေး သဲ့သဲ့ ကြားနေရတယ်...

ချစ်သား...
ကဗျာဆိုတာ ကမ္ဘာကြီးမှာပဲ ရှိတယ်...
ကဗျာဆိုတာ နှလုံးသားနဲ့ ရေးရတယ်...တဲ့

သဲ့သဲ့လေး ကြားရတယ်

ဘယ်သူလဲ...
ငါ မသိဘူး...
လမ်းမှန်ညွှန်ပြမယ့် အရှင်သခင်တစ်ယောက်ဖြစ်မှာပေါ့...

ငါ ကဗျာရေးချင်တယ်
ကဗျာဆိုတာ ကမ္ဘာကြီးမှာပဲ ရှိသတဲ့
ကဗျာရေးဖို့ နှလုံးသားလိုသတဲ့

ကဗျာရေးဖို့ ကမ္ဘာကြီးရှိရာ ပြန်ရမယ်

လူတွေ ရှုပ်ထွေးနေတဲ့
အနှောင့်အယှက်မျိုးစုံတဲ့
မလွတ်လပ်တဲ့
မအေးချမ်းတဲ့ ကမ္ဘာကြီးရှိရာကိုပေါ့...

နေဦး...
ရှိသေးတယ်...

ငါ့ရဲ့ ကမ္ဘာကို အရောက်ပြန်သွားဖို့ဆိုတာလဲ
နှလုံးသားရှိဖို့ လိုအပ်တယ် ။     ။