Wednesday, February 13, 2013

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင် (၂)

ပထမပို့စ်

မနေ့တုန်းက ရေးထားတာကို ဆက်ရေးမှာပါ။
စည်သူကျော်ထင်ဟာ စလင်းမှာ ရှင်သီဟကို ရှုံးပြီး ဆင်တစ်ကောင်နဲ့ ထွက်ပြေးအလာ၊ ရေငတ်လို့ ကန်တစ်ကန်မှာ ရေဆင်းအသောက် ကိုယ့်ဆင်က ကိုယ့်ပြန်ဝှေ့တာကြောင့် ၀ါးရုံတောထဲ ထွက်ပြေးမှ လွတ်ပါတယ်။
ဆင်လဲ သူ့ကို မလိုက်တော့ဘဲ တောထဲ ၀င်ပြေးသွားတာကြောင့် တောထဲမှာ စည်သူကျော်ထင်တစ်ယောက်ထဲ ယောင်လည်လည် ခရီးဆက်နေရတုန်း ချင်းတိုင်းရင်းသားတွေနဲ့ တွေ့ပြီး အဖမ်းခံရပါတော့တယ်။ (နာဂတွေလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ချင်းတွေက သူ့ကို ဖမ်းပြီး မိုးညှင်းစော်ဘွားဆီ သွားပို့လိုက်ပါတယ်။
သည်အချိန်မှာတော့ စည်သူကျော်ထင် ကံမဆိုးတော့ပါဘူး၊ ကံကောင်းသွားပါပြီ။
ဘာလို့လဲဆိုတော့ မိုးညှင်းစော်ဘွား မိုးညှင်းစလုံဆိုတာ စည်သူကျော်ထင်နဲ့ အင်မတန်ရင်းနှီးကျွမ်းဝင်သစ္စာရှိလှတဲ့ သွေးသောက်မို့လို့ပါ။
တရုတ်ကားတွေထဲကလို ဆိုရင်တော့ စည်သူကျော်ထင်နဲ့ မိုးညှင်းစလုံ(စ၀်လုံ)တို့ဟာ သွေးသောက်ညီအစ်ကိုတွေ ဆိုပါတော့။
မိုးညှင်းစလုံက စည်သူကျော်ထင်ကို တွေ့တဲ့အခါ စိတ်မကောင်းဖြစ်ပြီး သွေးသောက်ရယ်၊ ဖြစ်မှ ဖြစ်ရလေ၊ ဒါပေမယ့် ဘာမှ မစိုးရိမ်နဲ့၊ အင်းဝကို ငါကိုယ်တိုင် ရအောင်တိုက်ပြီး မင်းကို နန်းတင်မယ်လို့ ပြောပါတယ်။
အချင်းချင်း သစ္စာရှိလှတဲ့ မိတ်ဆွေတွေပါ။
အဲဒီအချိန် အင်းဝမှာ နန်းတက်နေတာက ရှမ်းလူမျိုးစစ်စစ် အုန်းဘောင်ခုံမှိုင်းထင်ပါတယ်။ (မိုးဗြဲနရပတိလည်း ဖြစ်နိုင်ပါတယ်)
အင်းဝနန်းမှာ ရှမ်း-ဗမာ စပ်တဲ့ သတိုးမင်းဖျားက စတည်ထောင်ခဲ့ပေမယ့် ရှမ်း-ဗမာစပ်တင် မဟုတ်ဘဲ ရှမ်းလူမျိုးစစ်စစ် မင်းသုံးပါး နန်းတက်ဖူးပါတယ်။
ပထမ သိုဟန်ဘွားပါ။ မိုးညှင်းစလုံရဲ့ သား၊ သာသနာကို စော်ကား၊ ဓလေ့ထုံးတမ်းကိုလည်း အလေးမထား၊ ဗမာမှုးမတ်တွေနဲ့လဲ မသင့်မြတ်လို့ ဗမာအမတ် မင်းကြီးရန်နောင်က ယိမ်းနွဲ့ပါးဓားနဲ့ လုပ်ကြံပြီး ရှမ်းလူမျိုးစစ်စစ်ဖြစ်သူ အုံးဘောင်ခုံမှိုင်းကို နန်းထက်တင်ပါတယ်။ အုံးဘောင်ခုံမှိုင်းကတော့ ဗမာတွေနဲ့သင့်မြတ်ပြီး ရှမ်းစော်ဘွားတွေနဲ့လဲ အဆင်ပြေပါတယ်။ အုံးဘောင်စော်ဘွားကြီးရဲ့ သားပါ။
အုံးဘောင်ခုံမှိုင်းပြီးတော့ မိုးဗြဲနရပတိ နန်းတက်ပါတယ်။ မိုးဗြဲစော်ဘွားလဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သည်မင်းတွေ လက်ထက်မှာ ရှမ်းစော်ဘွားတွေနဲ့ မြန်မာပြည်အလယ်ပိုင်းက ဗမာတွေကို စုစည်းပြီး အင်အား အတန်အသင့်ကောင်းပါတယ်။
ဒါပေမယ့် မိုးညှင်းစလုံနဲ့တော့ အစေးကပ်ကြဟန် မတူပါဘူး။ သူ့သားကို လုပ်ကြံပြီးမှ နန်းတက်လာသူတွေမို့ ထင်ပါတယ်။
ဒါကြောင့် မိုးညှင်းစလုံက စည်သူကျော်ထင်ကို လိုအပ်သမျှ အကူအညီပေးပါတယ်။ မိုးညှင်းစလုံထံမှာ ခိုလှုံရင်း စည်သူကျော်ထင်ဟာ အထက်မြန်မာပြည်က ဗမာတွေကို စုရုံးသိမ်းသွင်းပြီး အင်အားနည်းပါးနေတဲ့ စစ်ကိုင်းကို သိမ်းကာ အင်းဝနဲ့ အပြိုင် မင်းပြုပါတော့တယ်။
အဲဒီအချိန်မှာ အင်းဝမှာ နန်းတက်နေတာကတော့ မိုးဗြဲနရပတိပါ။
စစ်ကိုင်းကို သိမ်းပြီးလို့ စစ်ကိုင်းစည်သူကျော်ထင်ဖြစ်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ နှလုံးရည်မြင့်မားတဲ့ အရည်အချင်းတွေဟာ ပိုလို့ ပေါ်လွင်လာပါတော့တယ်။
ဆရာကြီးဦးဖိုးကျားက သူ့ရဲ့ မြန်မာဂုဏ်ရည်ရာဇ၀င်ဖတ်စာ စာအုပ်ထဲမှာ စစ်ကိုင်းစည်သူကျော်ထင်ကို နှလုံးရည်ရှိသော စစ်ကိုင်းစည်သူကျော်ထင်ဆိုပြီး လေးစားဖွယ်ကောင်းတဲ့ အရည်အချင်းတွေကို တစ်ချက်ချင်းရေးပါတယ်။
စည်သူကျော်ထင် စစ်ကိုင်းမှာ နန်းစိုက်ချိန်မှာ အင်းဝမှာတော့ မိုးဗြဲနရပတိပေါ့။ မိုးညှင်းစော်ဘွားကလည်း စည်သူကျော်ထင်ကို ဆင်၊မြင်း၊လူသူ ပေးပြီး ကူညီနေပါတယ်တဲ့။
သူတို့နှစ်ယောက်ဟာ အချင်းချင်း ရန်သူမှန်းသိပါတယ်။ ဒါပေမယ့် မိုးဗြဲနရပတိက စည်သူကျော်ထင်ထံကို ဆက်သွယ်လေ့ရှိပါတယ်တဲ့။ သိမ်းသွင်းကြည့်တာနေမှာပေါ့။
တစ်ခါမှာ မိုးဗြဲနရပတိက စားသောက်ဖွယ်ရာ ထမင်း၊ ဟင်းတွေ ပြင်ပြီး စည်သူကျော်ထင်ထံ ပို့လိုက်ပါတယ်။
စည်သူကျော်ထင်ရဲ့ မှုးမတ်တွေက မစားသင့်ဘူးလို့ ၀ိုင်းလျှောက်ကြပေမယ့် စည်သူကျော်ထင်က ခုလို ပြောလိုက်ပါတယ်တဲ့။
သူကတော့ စာသံ၊ ပေသံနဲ့ ပြောတာပေါ့နော်။ ကျွန်တော်ကတော့ ရှင်းရှင်းပဲ ရေးပါမယ်။
ထီးနန်းသီးခြားစီစံကြပေမယ့် စစ်မက်က တစ်ကဏ္ဍ၊ ချစ်ခြင်းမေတ္တာက တစ်ကဏ္ဍပါတဲ့။ စစ်တိုက်တဲ့ အချိန်မှာတော့ ရန်သူလို့ သဘောထားမယ်။ စစ်မတိုက်တဲ့ အခုချိန်မှာတော့ ရန်သူလို့ သဘောမထားဘူးတဲ့။ မစားဘဲ မနေသင့်ဘူးဆိုပြီး အဆိပ်ခပ်သည်၊ မခပ်သည်၊ ပဓာနမထားဘဲ တစ်ဦးသိက္ခာတစ်ဦးယုံကြည်မှုကို ပြပြီး ပို့လာတဲ့ စားပွဲများကို စားခဲ့ပါတယ်။
သည်လိုပဲ စစ်မက်မရှိတဲ့အခါ သိက္ခာရှိကြောင်းပြခဲ့သလို စစ်မက်ဖြစ်တော့လဲ စိတ်ထားမြင့်မြတ်ကြောင်းကို ပြခဲ့ပါတယ်။
တစ်ခါမှာ မိုးဗြဲနရပတိက အင်းဝဘက်ကနေ ကူးလာပြီး စစ်ကိုင်းကို လာတိုက်တော့ စည်သူကျော်ထင်ဟာ ခုခံဖို့ စီမံရင်း သူ့ရဲ့ ဗိုလ်မှုးတပ်မှုးတွေကို ခုလို မှာပါတယ်။
စစ်ပွဲတွေဖြစ်တဲ့အခါမှာ သူနဲ့နီးရင် သူ့ရဲမက်လုပ်ရတယ်၊ ငါနဲ့နီးရင် ငါ့အမှုတော်ကို ထမ်းရတာ ဖြစ်တယ်။ ဒါကြောင့် တစ်ဖက်က စစ်သည်တွေကို အရှင်မိရင် သေအောင် မလုပ်ကြပါနဲ့လို့ မှာပါတယ်။
ပြောတဲ့စကားအတိုင်းပဲ စစ်ပွဲမှာမိတဲ့ ထိခိုက်ရှနာစစ်သည်တွေကို စာရင်းနဲ့ သေချာမှတ်ပြီး ကောင်းစွာကျွေးမွေးပြုစုဆေးကုသပေးပါတယ်။ ကျန်းမာသွားတဲ့အခါမှာတော့ သားမယားထံ ပြန်ပါဆိုပြီး အင်းဝကို ပြန်လွှတ်ပါတယ်။
အပြည်ပြည်ဆိုင်ရာမှာတောင် အတည်မဖြစ်သေးတဲ့ စစ်သုံ့ပန်းသဘောတရားကို လက်တွေ့သုံးခဲ့တဲ့ ရှေးမြန်မာမင်းတစ်ပါးပါ၊ တော်တော်လေး လေးစားဖို့ ကောင်းပါတယ်။
စည်သူကျော်ထင် သည်လို လုပ်နေတာလဲ သိရော မိုးညှင်းစလုံဟာ ဒေါကြီး၊ မောကြီးနဲ့ စစ်ကိုင်းကို ပေါက်ချလာပါတယ်။
မိုးညှင်းစလုံဘက်က ကြည့်ရင်လဲ ဟုတ်ပါတယ်။ သူ့မှာက စည်သူကျော်ထင်ကို စစ်ဖြစ်ရင် ဆင်၊မြင်း၊လူသူ ပို့ပြီး စစ်ကူရတာ။ စစ်မဖြစ်ခင်လဲ အထောက်အပံ့တွေ ပေးနေတာ။ အင်းဝကို ရစေချင်လို့ပါ။
ခုတော့ စည်သူကျော်ထင်က အင်းဝက သုံ့ပန်းတွေကို သတ်မပစ်ရင်တောင် စစ်ကိုင်းမှာပဲ အကျဉ်းချရင်ချ၊ မချရင် စစ်ကိုင်းစစ်တပ်မှာပဲ တပ်ဗိုလ်၊ တပ်သားအဖြစ် သိမ်းသွင်းလို့ရပါလျက် ပြန်ပြန်လွှတ်နေတော့ အင်းဝရဲ့ အင်အားက စစ်တိုက်ပေမယ့် မလျော့နိုင်သလို ဖြစ်စေတာပေါ့။
ရန်သူကို အင်အားမယုတ်လျော့စေသလို ဖြစ်တာပေါ့။
ဒါကြောင့် မိုးညှင်းစလုံက ရောက်လာပြီး စည်သူကျော်ထင်ကို အပြစ်တင်ပါတယ်။
ဒီမှာ သွေးသောက်၊ ရှေးတုန်းက ကျားသေကို အသက်သွင်းမိလို့ ကျားက ပြန်ကိုက်သတ်တာခံရတဲ့ လုလင်ငယ်နဲ့ မင်းနဲ့ဟာ အတူတူလို ဖြစ်နေပြီပေါ့။
သည်လိုပြောတော့ စည်သူကျော်ထင်က ပြန်မငြင်းပါဘူး။ အင်းဝကို အလျင်အမြန်ရစေချင်တဲ့ မိုးညှင်းစလုံရဲ့ စေတနာကိုလဲ သိတယ်လေ။ ဒါပေမယ့် မိုးညှင်းစလုံကိုတော့ သွေးသောက်ရဲ့ ကျေးဇူးဟာ သူ့အပေါ် ကြီးမားလှတဲ့အကြောင်း၊ သည်ကျေးဇူးဟာ နိဗ္ဗာန်မတိုင်ခင် ဆပ်ရင်တောင် ကုန်မှာ မဟုတ်ကြောင်း၊ ခုလည်း သူဟာ အင်းဝကို ရဖို့သာ အားထုတ်နေတာသာဖြစ်ကြောင်း၊ လူဆိုး၊ လူသွမ်း၊ လူညံ့တွေစကားကို မယုံပါနဲ့၊ ယုံရင် သွေးသောက်သာ စိတ်ဒုက္ခများပြီး အကုသိုလ်ပွားနိုင်ကြောင်း ပြန်ပြောပါတယ်။
မိုးညှင်းစလုံကလည်း စည်သူကျော်ထင်မှာ အင်းဝကို အရယူဖို့ ဗျူဟာရှိလောက်တယ်လို့ တွေးမိတဲ့အတွက် အင်းဝကို မလိုချင်ဘဲ စစ်ကိုင်းလောက်နဲ့များ နှစ်သိမ့်နေသလား၊ လာမေးတာပါ၊ အင်းဝနန်းကို မင်း  အလိုရှိသေးတာ သိရတော့ ငါကူညီတာ အလကားမဖြစ်ပါဘူးဆိုပြီး ပြန်သွားပါတယ်။
နောက်ပိုင်းမှာ စည်သူကျော်ထင်ရဲ့ စိတ်သဘောထားမြင့်မြတ်မှုတွေ၊ အရည်အချင်းရှိမှုတွေကြောင့် နောက်လိုက်ဗိုလ်ပါတွေ တဖြည်းဖြည်းများလာပါတယ်။ စစ်ပွဲမှာ မိတဲ့သူတွေကလည်း မပြန်ဘဲ စစ်ကိုင်းမှာဘဲ အမှုထမ်းတဲ့သူထမ်း၊ အင်းဝပြန် မိသားစုပါ ခေါ်ပြီး ပြန်လာတဲ့သူ လာနဲ့မို့ ထင်ပါတယ်။
နောက်ပိုင်းမှာ မိုးဗြဲနရပတိဟာ တဖြည်းဖြည်းလန့်လာပါတယ်။ အင်အားကလည်း နည်းသည်ထက် နည်းလာပြီး ရှမ်းကိုးပြည်ထောင်စော်ဘွားတွေနဲ့လဲ အစေးမကပ်တော့ဘူး ထင်ပါရဲ့။
အင်းဝနန်းက လက်အောက်ခံအင်အားတွေ အကုန်ယူပြီး အောက်မြန်မာပြည်မှာ ပြည်ထောင်စုစည်းနေတဲ့ ဆင်ဖြူရှင် ဘုရင့်နောင်ထံ ခိုဝင်သွားပါတော့တယ်။
သည်လိုနဲ့ နှလုံးရည်ကောင်းတဲ့ စည်သူကျော်ထင်တစ်ယောက် အင်းဝထီးနန်းကို သိပ်ခက်ခက်ခဲခဲ မတိုက်လိုက်ရဘဲ သိမ်းပိုက်လိုက်နိုင်ပြီး နရပတိဆိုတဲ့ဘွဲ့အမည်နဲ့ အင်းဝမင်းဆက်ကို ဆက်ခံနိုင်လိုက်ပါတယ်။
အင်းဝမင်းဆက်မှာက နရပတိတွေများလို့ အများကတော့ သူ့ကို နရပတိစည်သူလို့ ခေါ်ကြပါတယ်။
စည်သူကျော်ထင်ရဲ့ စိတ်ထားမြင့်မြတ်ပုံတွေရှိပါသေးတယ်။
တစ်ခါက စစ်ကိုင်းအရပ်မှာ မိန်းမငယ်တစ်ယောက်ဟာ ရက်ကန်းစင်တွင်းတူးတဲ့အခါ စဉ့်အိုးနဲ့ ရွှေငါးပိဿာတူးဖော်ရရှိပါသတဲ့။
အဲဒီခေတ်က သက်ဦးဆံပိုင်၊ ရေပိုင်၊ မြေပိုင် ဘုရင်ခေတ်လေ။ သည်တော့ မိန်းမငယ်ကလဲ မြေကြီးထဲကရတာ ဘုရင်နဲ့ ဆိုင်တယ်ဆိုပြီး စည်သူကျော်ထင်ကို ဆက်ဖို့ နန်းတော်ကို ရောက်လာပါတယ်။
တိတ်တိတ်လေးယူထားပြန်ရင်လည်း မင်းပြစ်မင်းဒဏ်သင့်နိုင်တယ်မဟုတ်လား။
သူမ နန်းတော်ကို ရောက်ချိန်မှာတော့ စည်သူကျော်ထင် ဘုရားဆောင်ဝင်နေတဲ့အချိန်ပါ။
စည်သူကျော်ထင်ဟာ ဥဒေတယံဂါထာတော်ကို နံနက်ခင်းမှာ တစ်ထောင်၊ အပေဘယံဂါထာတော်ကို ညခင်းမှာ တစ်ထောင် ရွတ်ဖတ်ပူဇော်လေ့ ရှိပါတယ်။
အရပ်သူမိန်းမငယ်ရောက်သွားတော့ စည်သူကျော်ထင်ဟာ ဥဒေတယံဂါထာကို ရွတ်ဖတ်လို့ မပြီးသေးပါဘူး။
ဝန်ကြီး၊မှုးကြီးများကလဲ ကြားဖြတ်ပြီး မလျှောက်ရဲလို့ စောင့်နေကြရတယ်။ ဂါထာတော်ကို ရွတ်ဖတ်တာကလည်း အချိန်တော်တော်ယူရတယ်ထင်ပါတယ်။ အရပ်သူမိန်းမငယ်လေး စောင့်နေရတာလည်း အတော်ကြာပြီဆိုတော့ ၀န်ကြီးတွေက အားနာလာဟန်တူတယ်။
သူ့ခမြာ နန်းတွင်းမှာ ဘုရင့်ထံအခစားဝင်တာဆိုတော့ အနေကြပ်၊ အထိုင်ကြပ်၊ ခေါင်းမမော့ရ၊ ကြမ်းပြင်နဲ့ နဖူးနဲ့ထိ၊ ခါးကိုညွတ်ဘာညာဆိုတော့ နန်းတွင်းနဲ့ နေသားမကျတဲ့ သာမန်အရပ်သူအဖို့ အတော်လေး စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်နေမှာပေါ့။
ဒါနဲ့ပဲ ၀န်ကြီးတွေက ကဲ ကဲ စောင့်မနေနဲ့တော့၊ မင်းကြီးကလဲ ကြာဦးမှာ၊ တစ်ဝက်ကို မင်းဘဏ္ဍာအဖြစ်သိမ်းပြီး တစ်ဝက်ကို ယူပြီး ပြန်တော့လို့ ပြန်လွှတ်လိုက်တယ်။
အရပ်သူမိန်းမငယ်လဲ ၀မ်းမြောက်ဝမ်းသာနဲ့ ပြန်သွားရှာတယ်၊ ရွှေနှစ်ပိဿာခွဲဆိုတော့ နည်းလားဗျာ။ ၀န်ကြီးတွေက အကုန်ထားခဲ့ဆိုလဲ ထားခဲ့ရမှာလေ၊ တစ်ဝက်ကြီးများတောင် ရတော့ သူလဲ ပျော်ရှာတာပေါ့။
စည်သူကျော်ထင်လဲ ဂါထာရွတ်ဖတ်ပြီးလို့ ထွက်လာတော့ မှုးမတ်တွေက ဒီလို၊ ဒီလိုပဲ လို့ ၀ိုင်းလျှောက်ထားကြတာပေါ့။
သည်လို သိလိုက်ရတော့ စည်သူကျော်ထင်က ဘာပြောတယ်ထင်ပါသလဲ။
အစ်ကိုတို့၊ ဘာလို့များ သည်လိုလုပ်သလဲပေါ့၊ အစ်ကိုတို့ ကိုယ့်ကိုကိုယ် ယောက်ျားကောင်းဟဲ့၊ ငါလဲ လုပ်နိုင်တယ်ဆိုပြီး မြို့တော်ပတ်လည်မှာ တစ်နေ့ တွင်းတစ်ထောင်တူးပြီး ရှာဦး၊ သည်လို ရွှေအိုးမျိုး ရနိုင်ပါ့မလားတဲ့။
ဒါဟာ သူထိုက်လို့ သူ့ရှေးဘုန်းကံကြောင့်သာ သည်မိန်းမငယ်ရရှာတာ ဖြစ်တယ်၊ တစ်ဝက်လဲ မသိမ်းသင့်ဘူး၊ အကုန်ပြန်ပေးလိုက်ပါ လို့ မိန့်ပါတယ်တဲ့။
သည်လိုနဲ့ ရွှေအိုးရှာတွေ့တဲ့ မိန်းမငယ်ဟာ ရွှေအကုန်ရသွားပါတယ်။
တော်တော်လေးကိုလဲ မြင့်မားတဲ့ စိတ်ထားပါပဲ။
တကယ်တော့ ဘုရင်ဆိုတာ ရွှေလိုတယ်ဗျ၊ ဘာလို့လဲ ဆိုတော့ သူ့မှာ သူပိုင်ဆိုင်တဲ့ တိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့၊ ဖွံ့ဖြိုးစည်ပင်ဖို့၊ သာသနာတော်ထောက်ပံ့ဖို့ စသဖြင့် အရင်းအနှီး ရွှေ၊ ငွေ များစွာလိုပါတယ်။
ဒါပေမယ့် စည်သူကျော်ထင်ဟာ သူ့သက်တမ်းတစ်လျှောက်မှာ ရသင့်တဲ့ အခွန်ငွေကိုသာ ယူမယ်လို့ ဆုံးဖြတ်ထားပုံပါပဲ။
သူ့ရဲ့ စိတ်ထားမြင့်မြတ်ပုံတွေဟာ ဒါတင်ပဲလားဆိုတော့ မပြီးသေးပါဘူး။
သူ့ရဲ့ မိဖုရားကြီးက စမ်းသပ်တာရှိသေးတယ်။
ငယ်လင်ငယ်မယားတော့ မဟုတ်လောက်ဘူးထင်တယ်။ ငယ်လင်၊ငယ်မယားဆိုရင်တော့ စိတ်သိနေပြီပဲ။ ဘယ်စမ်းပါ့မလဲ။
ကြည့်ရတာ သည်မိဖုရားကြီးက ဘုရင်အဖြစ်ရောက်မှ ဘိသိက်ခံရတဲ့ မင်းမျိုးမင်းနွယ်မိဖုရားကြီး ထင်ပါရဲ့။
ဒါမှမဟုတ်လဲ စည်သူကျော်ထင်ရဲ့ စိတ်ထားမြင့်မြတ်ကြောင်း လူပိုသိအောင် အားဖြည့်ပေးတဲ့သဘောလဲ ဖြစ်ချင်ဖြစ်မှာပါ။
မိဖုရားကြီးက စည်သူကျော်ထင်ရဲ့ စိတ်ကို စမ်းချင်လို့ဆိုပြီး ဆန်တစ်ပြည်မှာ စပါးလုံးတစ်စလယ်ရောပြီး စားတော်ပွဲ တည်ပေးလိုက်ပါတယ်။
ဆန်တစ်ပြည်မှာ စပါးလုံးတစ်စလယ်ဆိုတော့ စပါးလုံးတွေ အများကြီးပေါ့။
ဒါကို စည်သူကျော်ထင်တွေ့တော့ စပါးလုံးတွေ များလှပါလားလို့ တစ်ခွန်းပဲ ပြောပြီး ပန်းကန်ထဲက စပါးလုံးတွေကို ကိုယ့်ဖာသာ ရွေးဖယ်ပြီး ဆက်စားတော်ခေါ်ပါတယ်တဲ့။
အဲဒီအခါမှာ ဘေးက မိဖုရားက ခုလို လျှောက်ပါတယ်။
အရှင်မင်းကြီး၊ စားတော်ကဲတွေ အတော်ပေါ့လျော့လို့ သည်လိုဖြစ်ရတာ၊ နောက်မဖြစ်အောင် နာနာကျင်ကျင် ဆုံးမရမယ်၊ ဘာညာပေါ့။
သည်တော့ စည်သူကျော်ထင်က ပြန်ပြောပါတယ်။
သည်လိုတော့ မဟုတ်လောက်ပါဘူးပေါ့။ လက်အောက်ခံအမှုထမ်းတွေဆိုတာ ကိုယ့်ဆရာသမားကို မျက်နှာရအောင်ပဲ လုပ်လိုကြတာပါ၊ မလိုတမာ တမင်တကာတော့ မလုပ်လောက်ပါဘူးတဲ့။ ဆန်ကိုလဲ သူတို့ စင်ကြယ်အောင် တီးပြာထားမှာပါ၊ စပါးထားတာနဲ့ နီးလို့ ကျေးငှက်၊ ကြက်တွေ ၀င်ယက်တဲ့အခါ ပြာထားတဲ့ဆန်ထဲကို ၀င်ရောက်ကုန်တာ ဖြစ်မှာပါ၊ ဘာမှ အပြစ်မပေးပါနဲ့လို့ မိဖုရားကြီးကို ပြန်တောင်းပန်တယ်လို့တောင် ဆိုပါတယ်။
အတော်လေးကိုလဲ စိတ်သဘောထားက ဖြူစင်မြင့်မြတ်ပြီး သည်းခံခွင့်လွှတ်နိုင်စွမ်းကြီးပါတယ်။
ဒါကြောင့်လဲ အင်းဝပြည်သူပြည်သားတွေဟာ သူ့ကို အတော်လေး ချစ်ခင်လေးစားကြတယ်လို့ ဆိုပါတယ်။
သည်လို နှလုံးရည်နဲ့လဲပြည့်စုံသလို လက်ရုံးရည်လဲ ရှိတဲ့အပြင် ပညာရှိ၊ သူရဲကောင်းအချို့ကိုလဲ သိမ်းသွင်းထားနိုင်တဲ့ အင်းဝဘုရင် နရပတိစည်သူ(စစ်ကိုင်းစည်သူကျော်ထင်)ဟာ အင်းဝမင်းဆက်မှာ အရည်အချင်းရှိတဲ့ မင်းကောင်းတစ်ပါးဖြစ်ပေမယ့် သူ့ခေတ်သူ့အခါမှာမှ ဘုရင်လာဖြစ်ရတာ ကံတော့ မကောင်းခဲ့ပါဘူး။
စစ်ကိုင်းမှာ မင်းပြုစဉ် ပြိုင်ဘက်ဖြစ်သူ မိုးဗြဲနရပတိဟာ သူ့ကို ယှဉ်ပေမယ့် မနိုင်လို့ အင်းဝထီးနန်းကိုတောင် စွန့်ပြီး ထွက်ပြေးခဲ့တဲ့အခါ သူဟာ အင်းဝထီးနန်းကို ပိုင်စိုးပြီး ဘုရင်ဖြစ်လာခဲ့သူပါ။
အထက်မြန်မာပြည်မှာ သူဟာ ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ပြီး တစ်ယောက်တည်း ဗိုလ်စွဲနိုင်ခဲ့ပြီဆိုပါတော့။
ကံဆိုးတာကတော့ အထက်မြန်မာပြည်မှာ စည်သူကျော်ထင်ဟာ ပြိုင်ဘက်မရှိ ဘုရင်ဖြစ်လာခဲ့ပေမယ့် အောက်မြန်မာပြည်မှာလဲ ပြိုင်ဘက်ဘုရင်တစ်ပါးဟာ ဆင်၊မြင်း၊လူသူ နယ်ပယ်စုစည်းနေခဲ့ပါတယ်။
အဲဒီဘုရင်ကတော့ မြန်မာ့သမိုင်းမှာရော၊ အရှေ့တောင်အာရှသမိုင်းမှာပါ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့သူ ဆင်ဖြူများရှင်ဘုရင့်နောင်မင်းတရားကြီးပါပဲ။
အင်းဝထီးနန်းကို သိမ်းပိုက်နိုင်လိုက်တဲ့အခါမှာ စည်သူကျော်ထင်ခမြာ ပြိုင်ဘက်မဟုတ်တဲ့ ဘုရင့်နောင်မင်းတရားကြီးနဲ့ စစ်ပြိုင်ရဖို့ အကြောင်းတွေ ဖန်လာပါတော့တယ်။

ဆက်ရန်...

No comments:

Post a Comment