Wednesday, March 21, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ပြဿနာနှင့် ကျွန်တော့်အမြင်(Tag Post)

 ဒီတက်ဂ်ပို့စ်လေးကို ရေးဖို့ သူငယ်ချင်းရင်ဆူးက တက်ဂ်ထားတာတော့ ကြာပါပြီ။
ရေးမယ်၊ ရေးမယ်နဲ့ မရေးဖြစ်ခဲ့ဘဲ ခုမှပဲ ရေးဖြစ်ပါတော့တယ်။
ဆုံးဖြတ်ချက်က ယခုနှစ် ၂၀၁၀ခုနှစ်၊ မတ်လ၁၄ရက်မှာ ထွက်ခဲ့တာဖြစ်ပေမယ့် စတင်ပြဿနာဖြစ်ပွားခဲ့တာကတော့ ကြာပါပြီ။
နိုင်ငံနှစ်နိုင်ငံရဲ့ တည်နေပုံအနေအထားကြောင့် ဒီလိုမျိုး ပင်လယ်ပြင်ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုကတော့ ရှိမှာပါပဲ။
အကျယ်အကျယ် စ ဖြစ်တာကတော့ ၂၀၀၈ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက မြန်မာ့ရေပိုင်နက်ထဲက Exclusive Economic Zone အတွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာနေတုန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်သင်္ဘောတွေရောက်လာပြီး သူတို့ပိုင်နက်လို့ ပြောရာကနေစခဲ့တာပါ။
နှစ်နိုင်ငံမှ စစ်သင်္ဘောများ စေလွှတ်ပြီး ရင်ဆိုင်တဲ့အထိဖြစ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ခုံရုံးတင်ပြီး အဆုံးအဖြတ်ခံမယ်လို့ သဘောတူလိုက်ကြပါတယ်။
(ဒါဟာ နှစ်ဖက်နိုင်ငံခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ကြီးမားမှုလို့ပဲ ကျွန်တော်မြင်ပါတယ်။ အဲဒီအချိန်ကစပြီး နှစ်နိုင်ငံစလုံးဟာ မိမိတို့ရဲ့ ရေတပ်မတော်ကို အင်အားဖြည့်၊ အဆင့်မြှင့်လာခဲ့ကြတာဟာလည်း ဂရုပြုစရာပါပဲ။)
ဒီလိုနဲ့ နှစ်နိုင်ငံလုံးဟာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာတရားခုံရုံး(ITLOS)ကို တင်ပြခဲ့ရာမှ အဲဒီတရားရုံးကနေပြီး အခုနှစ် မတ်လ၁၄ရက်နေ့မှာ အခုဆုံးဖြတ်ချက်ကို ချလိုက်တာဖြစ်ပါတယ်။
လောလောဆယ်တော့ ပေးထားတဲ့မေးခွန်းလေးတွေကို ကျွန်တော့်အမြင်လေးတွေနဲ့ ဆွေးနွေးပါမယ်။
(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ ရေပိုင်နက်ကိစ္စဘယ်လိုမြင်သလဲ။
ဘင်္ဂလားဒေ့ရှ်က သူနိုင်သွားပြီလို့ လက်ဦးအောင်ကြေငြာလိုက်တဲ့အတွက် သိသိချင်းမှာ ဒေါသထွက်ရပါတယ်။ နောက်ထပ်သိရတဲ့ သတင်းတွေအရ မြန်မာဟာ မနိုင်သလို ရှုံးလဲ မရှုံးခဲ့ဘူးဆိုလို့ စိတ်သက်သာရာရခဲ့ပါတယ်။ တကယ်ရှုံးခဲ့တယ်ဆိုရင်တော့ ဘယ်ကျေနပ်နိုင်ပါ့မလဲ။
ဒီနေရာမှာ ကျွန်တော်တွေ့လိုက်ရတာက တခြားအကြောင်းတွေပါ။
ဒီကိစ္စအတွက် ဂျာမနီရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ ဆုံးဖြတ်ချက်ချပြီးပြီးချင်းမှာ သူတို့နိုင်ငံ မျှော်မှန်းထားတာထက် အောင်မြင်ခဲ့ပြီလို့ သူ့နိုင်ငံကို လှမ်းပြောပါတယ်။
သူ့နိုင်ငံက မီဒီယာတွေကလည်း သူတို့နိုင်ပြီဆိုပြီး လက်ခမောင်းခတ်ခဲ့ကြတယ်။
ဒီအနေအထားမှာ ဘယ်လိုသုံးသပ်မိလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံရေးသမားပီပီ ရတဲ့အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး သူ့အတွက် နိုင်ငံရေးလုပ်ကွက်ဖော်သွားတာလို့ မြင်ပါတယ်။
သူ့ဆီက သတင်းရတာနဲ့ တစ်ပြိုင်နက် သူတို့ဆီက မီဒီယာတွေက ချက်ချင်းဆိုသလို ၀မ်းမြောက်ဝမ်းသာနဲ့ သတင်းတွေတင်ကြတယ်။ သြဘာပေးကြတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ဒီကိစ္စအတွက် ဘယ်လောက်အလေးထားကြလဲ၊ စည်းလုံးကြသလဲဆိုတာ တွေ့နိုင်တယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့ မြန်မာမီဒီယာတွေနဲ့ မြန်မာတွေ ဘာလုပ်နေကြသလဲ။
ဘာမှလုပ်မနေပါဘူး။ ဒီနေရာမှ သူမှ၊ ကိုယ်မှရယ်လို့ မဟုတ်ဘူး။ လူတိုင်းလိုလို တာဝန်မဲ့သလိုဖြစ်နေတယ်လို့ မြင်မိတယ်။ (ကျွန်တော်လည်း ပါတယ်)
မီဒီယာတွေကလဲ အစောကတည်းက မီးမောင်းမထိုးပြခဲ့သလို ကျွန်တော်တို့ ပြည်သူတွေကလဲ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါ အစိုးရကိစ္စပါဆိုပြီး မသိလိုက်မသိဖာသာ နေခဲ့ကြတယ်မဟုတ်လား။
ပြီးမှ ရှုံးတယ်ဆိုတဲ့ စကားထွက်လာမှ အစိုးရကို ၀ိုင်းအပြစ်တင်တဲ့သူတွေ မြင်ရတာ စိတ်ပျက်ဖို့ကောင်းပါတယ်။ နိုင်တယ်လို့ပြောရင်တော့ ချီးကျူးစကားပြောမယ်မထင်ဘူး။
ထားပါတော့။ နောက်မေးခွန်းတစ်ခုဆက်ဖြေပါမယ်။
(၂)မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။
ခံစားရတာကတော့ ကိုယ့်လူမျိုး ကိုယ် အားမရတာပဲ။
ဒီကိစ္စဖြစ်နေတာကြာပြီ။ ဒါကို စိတ်ဝင်တစားဆွေးနွေးခဲ့တဲ့သူ ပြည်တွင်းကရော၊ ပြည်ပမှာပါ ဘယ်နှစ်ယောက်ရှိခဲ့သလဲ။
ခုမှ လေသံတွေထွက်လာကြတာပါ။ စဖြစ်တုန်းက ဘယ်သူမှ စိတ်ဝင်တစား မဆွေးနွေးခဲ့ကြပါဘူး။
ဒါကို ကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ မြန်မာလူမျိုးတွေဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားလုံးနဲ့ ပထ၀ီနိုင်ငံရေးဆိုတာကို စိတ်မ၀င်စားကြသေးဘူးဆိုတာပါပဲ။
တကယ်တော့ ကျွန်တော်တို့စိတ်ဝင်စားကြရမယ်။
ဒီပင်လယ်ပြင်၊ ဒီကျွန်းတွေပေးလိုက်ရင် ငါတို့ ဘာနစ်နာသွားနိုင်မလဲ၊ နောင် ဘာတွေဖြစ်လာနိုင်မလဲ ဆွေးနွေးကြသင့်တယ်ဗျ။ (ပြောသာပြောတာ ကိုယ်ရောဆွေးနွေးခဲ့သလားဆိုတော့ မဆွေးနွေးခဲ့ပါဘူး)
နောက်ဆုံး အဖြေထွက်လာပြီးတဲ့နောက်မှာတောင်မှ ကျွန်တော်တို့ အချင်းချင်း လက်ညှိုးထိုး အပြစ်တင်နေကြတုန်းဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာတောင် ကိုယ့်နိုင်ငံဘက်ကမနာဘဲ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လိုက်ပါလုပ်ဆောင်ခဲ့ကြသူတွေကိုပါ အပြစ်ပြောနေတာမြင်ရတာ ရင်ထဲ မချိပါဘူး။
(၃)တိုင်းပြည်ကိုချစ်တဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဘာလုပ်သင့်သလဲ။
မကျေမနပ်ဖြစ်နေရုံနဲ့တော့ ကိုယ်ပဲ စိတ်ပင်ပန်းမှာ၊ ပြီးမသွားဘူးဗျ။
ဒီကိစ္စမှာ ရှုံးတယ်၊နိုင်တယ် ပြောလို့မရခဲ့ပေမယ့် ဒီအဖြစ်အပျက်လေးကနေ ယူလို့ရတာတွေ အများကြီးပဲ။
အဓိက ကတော့ ကျွန်တော်တို့ မြန်မာတွေတော်တော်များများ အနောက်ဘက်က အန္တရာယ်ကို မြင်လာကြပြီလို့ ဆိုနိုင်ပါတယ်။
ဒါဟာ အစိုးရရဲ့ တာဝန်ပဲလို့သဘောမထားဘဲ ပြည်သူတစ်ယောက်အနေနဲ့ ငါ့မှာလဲ တာဝန်ရှိတယ်ဆိုတာ သဘောထားတတ်ဖို့လိုပါတယ်။
ဒီအဖြစ်အပျက်လေးဟာ မြန်မာတွေ စည်းလုံးညီညွတ်ဖို့ အချိန်ရောက်ပြီလို့ ပြနေသလိုပါပဲ။
မြန်မာတွေ စည်းလုံးညီညွတ်နေမှသာ တိုင်းပြည် အင်အားတောင့်တင်းမှာ ဖြစ်ပါတယ်။
မြန်မာတွေအနေနဲ့ ဘယ်လိုခံယူချက်မျိုးပဲ ရှိရှိ အမျိုးသားအကျိုးစီးပွားထိခိုက်လာတော့မယ်ဆိုရင် ငါနဲ့မတူ ငါ့ရန်သူလို့ သဘောမထားကြဘဲ သူ့ဘက်ကိုယ့်ဘက် ဘက်ရွေးမနေကြဘဲ မြန်မာဆိုတဲ့ တစ်ဘက်ထဲကနေ ရပ်တည်ကြဖို့လိုမယ်လို့ မြင်မိပါတယ်ခင်ဗျာ။

ပထ၀ီနိုင်ငံရေးဆိုတာလေး ပြောမိထားလို့ နည်းနည်းလောက် ထပ်ရေးပါရစေဦး။
ဒီရေပိုင်နက်ပြဿနာလေးမှာ မြန်မာဘက်က လုပ်သွားတာ ပညာပါတယ်လို့ မြင်မိပါတယ်။
မြန်မာဘက်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေ ပါမသွားတဲ့အပြင် ၂၀၀၈ခုနှစ်က အငြင်းပွားဧရိယာကိုလည်း မြန်မာအပိုင်ဆိုတာ သေချာသွားစေခဲ့ပါတယ်။
နှစ်နိုင်ငံ ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်များ အပြီးသတ် သတ်မှတ်ပြီးသားဖြစ်သွားသလို အဲဒီဧရိယာတွေ အပြင်ဘက်က နှစ်နိုင်ငံပိုင် ဧရိယာတစ်ခုပါ အပိုဆောင်းရလိုက်ပါတယ်။
တစ်ခုပဲပြောစရာရှိတာက စိန့်မာတင်(ရှင်မဖြူ)ကျွန်းကို ပေးလိုက်ရတာပါ။
တစ်ခုပဲလို့ဆိုပေမယ့် ဒါဟာ ပထ၀ီအနေအထားအရ တစ်ချိန်ချိန်ကျရင် အင်မတန်သတိထားလာရနိုင်တာမို့ အခုကတည်းက မြန်မာတွေ သတိထားနေသင့်ပြီလို့ ထင်မိကြောင်းပါခင်ဗျာ။
(ရေးချင်တာကတော့ အများကြီးပဲ။ အရမ်းရှည်သွားပြီး လေးသွားမှာ စိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။
ဒီလောက်ဆို တဂ်ထားတဲ့ ရင်ဆူးလည်းကျေနပ်လောက်ပါပြီ။ ရေးချင်တာနဲ့ အတော်ဖြစ်သွားလို့ ကျေးဇူးတင်ပါတယ်သူငယ်ချင်းရေ။)

4 comments:

  1. ဟေ့မင်းအရိပ်ကြီး....လာဖတ်သွားတယ်ဟ......အမှန်တွေအကုန်ကစ်သွားပါလား..အခုထိ စတုတ္ထမဏ္ဍိုင်ကလည်း အသုံးမကျဘူးပြောရင် နာကြဥိးမယ်...အရေးမကြီးလည်း....ကြီးတယ်ထင်ရင်ရေးတယ်....ကြီးတဲ့ဟာလည်း အကျိုးအမြတ်မရရင် မရေးကြဘူး...စာနယ်ဇင်းသမားအားလုံးကိုဆိုလိုတာတော့မဟုတ်ပါဘူး....ဒါပေမဲ့ ဒီကိစ္စကို အဆုံးအဖြတ်မပေးခင်မှာ.....ဘယ်သတင်း၊ ဘယ်ဂျာနယ်က ထည့်ပြီး ရေးဖူးလို့လဲ...အဆုံးအဖြတ်ပေးပြီးတာတောင် ဂျာနယ်ထဲ သတင်းထဲ အရင် မြင်ရ ဖတ်၇တာမဟုတ်....ဖေ့စ်ဘုတ်လောက်တောင် အသုံးမကျဘူးလို့ ပြောလို့ရမယ်....တော်ပြီ ပြောရင်လည်း ကိုယ့်ပေါင်ကိုလှန်ထောင်းဖြစ်ဦးမယ်.....ဘာပဲဖြစ်ဖြစ် ပါတ်ဝန်းကျင်နိုင်ငံတွေ၊ အနောက်အုပ်စုတွေကို သတိထားမိစေတဲ့ကိစ္စတစ်ခုပေါ့ကွာ.....ကိုယ့်နိုင်ငံတွင်းဘဲ လှည့်ပါတ်ပြီး လက်ညှိုးထိုးတဲ့အကျင့်တွေပျောက်သင့်ပြီကွ..ဒီအချိန်မှာ မင်းပြောသလို ပူးပေါင်းပြီး မြန်မာဆိုတဲ့နိုင်ငံဘက်ကဘဲ ရပ်တည်ပြီး ရှေ့ဆက်လျှောက်သင့်ပြီလို့တော့ ငါမြင်တယ်ကွာ...မင်းရေးသွားတာလေးတွေ ထောက်ခံသွားတယ်ဟေ့....သူငယ်ချင်း..

    ReplyDelete
    Replies
    1. ကွန်မန့်ပေးသွားလို့ ကျေးဇူးတင်ပါတယ်သူငယ်ချင်း

      Delete
  2. အစ်ကို တဂ်ပို့စ်လေးရေးပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ.. ။ လာဖတ်သွားပါတယ်..။

    ReplyDelete
    Replies
    1. ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်ညီ၊ ဒါမျိုးလေးတွေက တဂ်တာကောင်းပါတယ်၊ ဆွေးနွေးဖြစ်သွားတာပေါ့

      Delete