Friday, February 15, 2013

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင် (၃)



နရပတိစည်သူ (စစ်ကိုင်းစည်သူကျော်ထင်) အင်းဝမှာ နန်းတက်တဲ့အချိန်မှာ အောက်မြန်မာနိုင်ငံမှာ တပင်ရွှေထီးခေတ်လွန်ကို ရောက်နေပါပြီ။
ဘယ်လိုမျိုးလဲ ဆိုတော့ တပင်ရွှေထီးဟာ သူ့ကိုယ်ရံတော်လုပ်ကြံတာကို ခံလိုက်ရပြီး နတ်ရွာစံခဲ့ပြီ ဖြစ်ပါတယ်။
နယ်စား၊ပယ်စားတွေ များတဲ့ ပဒေသရာဇ်ခေတ်ဆိုတော့ ဘုရင်တော့ သေရှာပြီဟေ့ဆိုတဲ့ အသံကြားတာနဲ့ ကိုယ့်မြို့ကိုယ် အခိုင်လုပ်ပြီး မင်းလို အုပ်ချုပ်စိုးစံကြဖို့ချည်း ကြံကြတဲ့ခေတ်ဆိုတော့ တောင်ငူ၊ ပြည်၊ ဟံသာဝတီ၊ မုတ္တမ စသဖြင့် အောက်မြန်မာနိုင်ငံ (သို့မဟုတ်) ပဲခူးဟံသာဝတီနိုင်ငံတော်ကြီးဟာ ၀ါးအစည်းပြေမလို ဖြစ်နေပါလေရော။
အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ  ဘုရင့်နောင်က ဒလကို ရောက်နေတဲ့အချိန်ပါ။ သတင်းကြားကြားချင်း လူစု၊ လက်နက်စုပြီး ပြိုကွဲမလိုဖြစ်နေတဲ့ နိုင်ငံကို အပူတပြင်း ပြန်လည်စုစည်းလို့ လုံးပန်းပါတော့တယ်။
နရပတိစည်သူ အင်းဝနန်းမှာ တက်ချိန်မှာတော့ ဘုရင့်နောင်ဟာ တောင်ငူ၊ ပြည်တို့သာ ပြန်ရပါသေးတယ်။ ပဲခူးဟံသာဝတီ၊ မုတ္တမတို့ကို ပြန်မရသေးပါဘူး။ ကိုယ်တိုင်ဟာ သရေခေတ္တရာပြည်မှာ နန်းစံနေရချိန်ပါ။
ပြောရမယ်ဆိုရင်တော့ ဘုရင့်နောင်လဲ အောက်ပြည်အောက်ရွာမှာတင် အလုပ်များနေတဲ့ အချိန်၊ဘုရင့်နောင်ရဲ့ ဟံသာဝတီနိုင်ငံတော်ကြီး အကွဲကွဲဖြစ်နေလို့ ပြန်စုစည်းချိန် ဆိုပါတော့။
အင်းဝဆိုတာ သိုဟန်ဘွားတို့၊ အုံးဘောင်ခုံမှိုင်းတို့ လက်ထက်တုန်းကတော့ ရှမ်းစော်ဘွားတွေစုပြီး တပင်ရွှေထီး၊ ဘုရင့်နောင်တို့နဲ့ စစ်ပြိုင်ကြဖူးပါတယ်။ ဒါပေမယ့် မနိုင်ဘဲ အင်းဝတပ်တွေ ပြန်ပြေးရတာချည်းပါပဲ။
အင်းဝနဲ့ ပဲခူးဟံသာဝတီ ဒီလို စစ်ပြိုင်ခဲ့ကြဖူးတယ်လို့ ထုတ်ပြတာပါ။ အဲဒီအချိန်တုန်းက ပဲခူးဟံသာဝတီဟာ  အင်အားအတောင့်တင်းဆုံးအချိန်၊ မြို့၊ ရွာ နယ်ပယ်အတော်များများ ပိုင်ဆိုင်ချိန်ပေါ့။
အင်းဝမှာ နရပတိစည်သူ နန်းတက်ချိန်မှာတော့ ဘုရင့်နောင်တစ်ယောက် အောက်ပြည်အောက်ရွာမှာ အလုပ်ရှုပ်၊ ခေါင်းရှုပ်နေတဲ့အချိန်ပါ။ ၀ါးအစည်းပြေသလို ပြေလုမတတ်ဖြစ်နေတဲ့ နိုင်ငံတော်ကို ပြည်လည်စုစည်းဖို့ အပူတပြင်းကြိုးစားနေရတဲ့အချိန်ပေါ့။
သည်လို အချိန်မျိုးဟာ ခပ်ကြီးကြီးပြောရရင် ပြိုင်ဘက်နိုင်ငံက ဘုရင်တစ်ပါးအနေနဲ့ နရပတိစည်သူဟာ နိုင်ငံရေး၊ စစ်ရေးအမြတ် ထုတ်လို့ ရတဲ့အချိန်ပါ။
ပြောချင်တာက ဘုရင့်နောင်ရဲ့ ကျေးစွန်နယ်ဖျားမြို့ရွာတွေကို စစ်ချီပြီး သိမ်းလို့ရတဲ့အချိန်ကောင်းပါပဲ။
ဒါပေမယ့် နရပတိစည်သူဟာ အောက်ပြည်ကို စစ်မချီပါဘူး။ အင်းဝနဲ့ ပဲခူးဟံသာဝတီ စစ်ပြိုင်ဖူးတဲ့ အစဉ်အလာတွေ ရှိပေမယ့် သူ စစ်မချီခဲ့ပါဘူး။
စစ်ပဲ မတိုက်ချင်လို့လား၊ ဒါမှမဟုတ် စစ်ချီဖို့ အင်အားမရှိလို့ပဲလားတော့ မသိပါဘူး။
ဖြစ်နိုင်တာတစ်ခုက အင်းဝဘုရင်ဖြစ်ရင် ရှမ်းစော်ဘွားတွေနဲ့ ပြေလည်ဖို့ လိုပါတယ်။ အဲဒါကြောင့် ရှမ်းကိုးပြည်ထောင်ကို စည်းရုံးရေးဆင်းပြီး အချိန်ကုန်နေရလို့လည်း ဖြစ်နိုင်ပါတယ်။ အထက်မြန်မာပြည်က ရှမ်း၊ ဗမာတွေကို စည်းလုံးအောင် စည်းရုံးနေရပုံပါပဲ။
ဘုရင်အသစ်ဆိုတာ ဘုရင့်နောင်လို ထက်မြက်လွန်းတဲ့ ဘုရင်မျိုးတောင် အခြေကျဖို့ အတော်လုံးပန်းရတာ ဖြစ်တော့ နရပတိစည်သူလဲ အခြေကျဖို့နဲ့ တိုင်းပြည်နိုင်ငံရေး တည်ငြိမ်အောင် အတော်ကြိုးစားနေရတဲ့ ကာလ ဖြစ်ပါလိမ့်မယ်။
နရပတိစည်သူ အခြေတကျဖြစ်တဲ့အချိန်မှာတော့ ဘုရင့်နောင်မင်းတရားကြီးဟာ တလိုင်းသုံးရပ်နဲ့တကွ အောက်မြန်မာပြည်တလွှားမှာ အာဏာစက်ဖြန့်ကျက်နိုင်ပြီးနေပါပြီ။
နရပတိစည်သူက အောက်မြန်မာနိုင်ငံဖြစ်တဲ့ ပဲခူးဟံသာဝတီကို စစ်လုံးဝမချီပေမယ့် သံအဖွဲ့တော့ လွှတ်ပါတယ်။ ကြည့်ရတာ အခြေအနေစုံစမ်းဖို့ပဲ ဖြစ်မှာပါ။
အဲဒီသံအဖွဲ့ခေါင်းဆောင်ကတော့ မြန်မာသမိုင်းတလျှောက် စကားအရာမှာ အင်မတန်ထင်ရှားတဲ့ စကားတောင်စားပါပဲ။
စကားတောင်စားဟာ နရပတိစည်သူရဲ့ အမတ်တစ်ဦးပါ။ နရပတိစည်သူလက်အောက်မှာတော့ စကားတောင်စားဆိုတဲ့နာမည် မရသေးပါဘူး။ တမန်ဇေယျလို့ တွင်ပါတယ်။ ဗဟုသုတ၊ ဥာဏ်ပညာနဲ့ စကားအရာမှာ တတ်ကျွမ်းလွန်းလို့ နရပတိစည်သူရဲ့ လှော်ကားတော်မှာ လှေထိုးလိုက်နေရင်း နရပတိစည်သူကိုယ်တိုင် ခေါ်ယူချီးမြှောက်ထားတဲ့ အမတ်ပါ။
အဲဒါကြောင့် နရပတိစည်သူရဲ့ လက်အောက်မှာလည်း ပညာရှိတွေနဲ့ သူရဲကောင်းတွေ အတန်အသင့် ရှိပါတယ်လို့ ပြောရတာပါ။
ဘုရင့်နောင်လက်အောက်က ပညာရှိ၊ သူရဲကောင်းတွေနဲ့တော့ ယှဉ်လို့ မရဘူးပေါ့လေ။ ပြိုင်လို့ တုဖက်လို့ တူနိုင်တာမှ မဟုတ်ဘဲ။ ပြိုင်ဘက်လို့မှ မခေါ်နိုင်ဘဲမဟုတ်လား။
သည်လိုနဲ့ ပြိုင်ဘက်လို့ မခေါ်နိုင်ပေမယ့် ယှဉ်ပြိုင်ရမယ့် အနေအထားတော့ ဖြစ်လာခဲ့ပါတယ်။
ဘာလို့ဆို မြန်မာနိုင်ငံအောက်ပိုင်းမှာက ဘုရင့်နောင်ရဲ့ ပဲခူးဟံသာဝတီနိုင်ငံတော်ဟာ ပုဂံထိ သြဇာဖြန့်ကျက်ထားနိုင်ခဲ့ပါပြီ။
ပုဂံအထက်ပိုင်းလောက်သာ အင်းဝရဲ့ အာဏာရှိတော့တာပါ။
ရှမ်းကိုးပြည်ထောင်ဆိုတာကလည်း အာဏာတော့ သက်ရောက်ပေမယ့် ရှင်ဘုရင် က ကျွမ်းကျင်လိမ္မာပြီး ဆက်ဆံရေးကောင်းဖို့ လိုပါတယ်။
နရပတိစည်သူကတော့ မိုးညှင်းစလုံရဲ့ အကူအညီနဲ့ နန်းတက်လာတာဖြစ်တဲ့အပြင် အထက်မြန်မာပြည်ရဲ့ ဗမာတွေရဲ့ ကြည်ညိုမှုတွေရရှိထားတဲ့အပြင် ရှမ်းစော်ဘွားတွေနဲ့လဲ အဆက်အဆံအတော်လေးကို ပြေလည်ပုံရပါတယ်။
သည်လိုနဲ့ပဲ အောက်မြန်မာပြည်က ဗမာတွေနဲ့ တလိုင်းသုံးရပ်က မွန်တွေရဲ့ အားကို ယူထားတဲ့ ဆင်ဖြူများရှင်ဘုရင့်နောင်နဲ့ အထက်မြန်မာပြည်က ဗမာတွေနဲ့ ရှမ်းကိုးပြည်ထောင်က ရှမ်းတွေရဲ့ အားကို စုစည်းထားတဲ့ အင်းဝဘုရင် နရပတိစည်သူတို့ဟာ ပြိုင်ဘက်အသွင်မှာ စစ်ပြင်ကြရပါတော့တယ်။
စစ်အရင်ပြင်တာက ပဲခူးဟံသာဝတီဘက်ကပါ။
စစ်မပြင်ခင်မှာ ဘုရင့်နောင်မင်းတရားကြီးဟာ ၀န်ကြီးမှုးမတ်သေနာပတိစစ်သူကြီးအပေါင်းနဲ့ အစည်းအဝေးကြီးလုပ်ပါတယ်။ အင်းဝကို တိုက်ဖို့ စစ်ပြင်ဖို့ မဟုတ်ပါဘူး။ အောက်မြန်မာပြည်ရော၊ မွန်သုံးရပ်ရော စည်းရုံးပြီးဖြစ်လို့ နိုင်ငံတော် ထပ်ချဲ့ထွင်ဖို့ရာ အစည်းအဝေးလုပ်တာပါ။
ဟံသာဝတီနိုင်ငံတော်ကြီးဟာ မွန်သုံးရပ်အပြင် တောင်ငူ၊ ပြည်၊ ပုဂံ တိုင်အောင် လက်နက်နိုင်ငံအဖြစ် သိမ်းသွင်းပြီးပြီ။ ဘာဆက်လုပ်ကြမလဲဆိုပြီး အစည်းအဝေးလုပ်တာပါ။
အထက်က အင်းဝနဲ့ ရှမ်းပြည်တလွှားကိုပဲ အာဏာစက် ဆက်ချဲ့ထွင်မလား၊ ဒါမှမဟုတ် ယိုးဒယားဘက်ကိုပဲ အာဏာစက်ချဲ့ထွင်ကြမလားပေါ့။
ဘုရင့်နောင်မင်းတရားကြီး မိန့်တော်မူတာက ယိုးဒယားဟာ ညီတော်တပင်ရွှေထီးလက်ထက်ကတည်းက လက်အောက်က နိုင်ငံဖြစ်ပြီးသား၊ တပင်ရွှေထီးနတ်ရွာစံတာနဲ့ တစ်ပြိုင်နက် လက်နက်လူသူစုရုံးပြီး အခိုင်အမာနေတော့တယ်။ ငါကိုယ်တော် နန်းတက်တော့လည်း ခစားဝင်မလာဘူးပေါ့။ ဒါကြောင့် အခု ယခင်လက်နက်နိုင်ငံတော်ကို ပြန်လည်စုရုံးနိုင်ပြီဖြစ်လို့ ယိုးဒယားကိုပဲ တို့ စစ်ချီကြမလား၊ ဒါမှမဟုတ် အထက်က အင်းဝနဲ့တစ်ကွ ရှမ်းပြည်တန်းကိုပဲ အလျင်သိမ်းယူကြမလားလို့ လက်အောက်ကို ချပြပါတယ်။
သည်တော့ မှုးမတ်တွေလဲ အချင်းချင်း တိုင်ပင်ပြီးတော့ ဟိုလူက တစ်မျိုးလျှောက်၊ ဒီလူက တစ်မျိုးလျှောက် လျှောက်တင်ကြမှာပေါ့လေ။
သည်အထဲကမှ ပုသိမ်စား ဗညားလောက ဒီလိုလျှောက်ပါတယ်တဲ့။
ယိုးဒယားပြည်ဟာ ခရီးဝေးတော့ လုပ်ကြံဖို့လဲ ခဲယဉ်းတယ်။ ဆင်လုံးမြင်းရင်း အင်အားလဲ များတယ်။ နောက် အမှုထမ်းတွေကလဲ ယိုးဒယားမျိုးတွေချည်းမို့ အသက်စွန့်ထမ်းကြမယ့်သူတွေ။ ပြောချင်တာက ဗမာတို့၊ မွန်တို့၊ ရှမ်းတို့လို ကျွန်တော်တို့နဲ့ သွေးနီးတဲ့သူတွေ မဟုတ်ဘူးပေါ့။ အရင်တစ်ခေါက်နိုင်တယ်ဆိုတာကလဲ အပြည့်နိုင်တာမဟုတ်ဘူး။ သူတို့ဘုရင်ရဲ့ သား၊ သမက်၊ ညီတို့ကို တိုက်ပွဲမှာ မိထားနိုင်လို့ အညံ့ခံလာတာဖြစ်တယ်။ ဒါကြောင့် စစ်ချီပြီးတာနဲ့ ချက်ချင်းဆိုသလို အလျင်အမြန်သိမ်းပိုက်နိုင်ဖို့ရာက မလွယ်ဘူး။ ကြာလရှည်ကြာစစ်ချီထွက်နေပြန်ရင်လည်း အထက်က အင်းဝနဲ့ ရှမ်းစော်ဘွားတွေ ရန်ကို ငဲ့ရဦးမယ်။ ဒါကြောင့် ညီတော်၊ သားတော်၊ မှုးမတ်စစ်သူကြီးတွေကို အကြီးအကဲခန့်ပြီး အင်းဝကိုသာ အစမ်းချီစေသင့်တယ်လို့ လျှောက်တာပါ။
သည်လို လျှောက်တော့ အမတ်အချို့ကလဲ ထောက်ခံကြတယ်။
ဒါနဲ့ ဘုရင့်နောင်လဲ စဉ်းစားမှာပေါ့။
ဟုတ်တော့လဲ ဟုတ်ပါတယ်။ အမျိုးဝေး၊ သွေးဝေးတဲ့ ယိုးဒယားတွေကို စည်းရုံးသိမ်းသွင်းဖို့ထက် သွေးနီးတဲ့ အင်းဝက ဗမာတွေနဲ့ ရှမ်းကိုးပြည်ထောင်က ရှမ်းတွေကို စည်းရုံးသိမ်းသွင်းတာက ပိုလွယ်မယ်မဟုတ်လား။
သွေးချင်းနီး၊ ဘာသာစကားလဲ မကွဲပြား၊ မြေချင်းကလဲ ဆက်နေတာဆိုတော့ (ကြားမှာ တောင်တန်းတွေ မခြားထား၊ ခရီးလမ်းလွယ်ကူ၊ လမ်းတစ်လျှောက် ရိက္ခာထောက်နိုင်ဖို့ လက်အောက်ခံမြို့တွေကလဲ အဆင်သင့်) အင်းဝကို စစ်ချီဖို့ရာ အဖက်ဖက်က အားသာနေတာပေါ့။
ဒါပေမယ့် အင်းဝက နရပတိစည်သူရဲ့ လုပ်ရည်ကြံရည်ကို အထင်သေးတာတော့ မဟုတ်ဘူး။
ဒါကြောင့် တစ်ခါတည်း သိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ရန်သူ့အနေအထားကို အကဲခတ်နိုင်အောင် ဘုရင့်နောင်မင်းတရားကြီးဟာ အင်းဝကို အစမ်းစစ်ချီစေဖို့ ရေကြောင်း၊ကြည်းကြောင်း စစ်ပြင်ပါတယ်။
အစမ်းချီတယ်ဆိုပေမယ့် အင်အားကြီးမားစွာ စစ်ပြင်တာပါ။
ရေကြောင်းမှာ ညီတော် ပြည်မင်းနဲ့ သားတော်အိမ်ရှေ့မင်း နန္ဒမင်းသားတို့ တပ်တွေအပါအ၀င် တပ်မှုးကြီးဆယ်ဦးရဲ့ တပ်ဆယ်တပ်နဲ့ လှေကြီးလှေငယ်ကိုးရာ၊ အင်အား ခုနစ်သောင်းနဲ့ ချီစေပါတယ်။
ကြည်းကြောင်းမှာတော့ စစ်သူကြီးငါးဦးရဲ့ မြင်းတပ်ငါးတပ်ကို ရှေ့မှာထားပြီး နောက်မှာ ညီတော်မင်းရဲကျော်ထင်၊ ညီတော်တောင်ငူမင်း တို့ ပါဝင်တဲ့ တပ်ဆယ်တပ်၊ စုစုပေါင်း တပ်ဆယ့်ငါးတပ်မှာ ဆင်ငါးရာ၊ မြင်ငါးထောင်၊ စစ်သည်ခုနစ်သောင်းနဲ့ ချီစေပါတယ်။
စုစုပေါင်း တပ်ပေါင်းနှစ်ဆယ့်ငါးတပ်နဲ့ အင်အားတစ်သိန်းလေးသောင်းနဲ့ အင်းဝကို ချီစေတာပါ။
ဒီသတင်းကို နရပတိစည်သူကြားတဲ့အခါ အင်းဝဘက်ကလည်း စစ်ပြင်ရပါတော့တယ်။
သူနဲ့ သင့်မြတ်တဲ့ ရှမ်းစော်ဘွားငါးဦးကို စစ်ကူပေးဖို့ အကူအညီတောင်းပါတယ်။
မိုးညှင်းစလုံကတော့ ထိပ်ဆုံးက ရောက်လာမှာပေါ့။ အုန်းဘောင်စော်ဘွား၊ ဗန်းမော်စော်ဘွား၊ မိုးကောင်းစော်ဘွားတို့လဲ အင်အားအလုံးအရင်းနဲ့ အင်းဝကို ရောက်လာပြီး ခုခံဖို့ ပြင်ကြပါတယ်။
စော်ဘွားငါးဦးလို့ ဆိုပေမယ့် တစ်ဦးဟာ ဘယ်စော်ဘွားလဲ မတွေ့မိပါဘူး။
အုန်းဘောင်ခုံမှိုင်းလက်ထက်တုန်းက စော်ဘွားခုနစ်ဦး ပေါင်းပြီး ဟံသာဝတီနဲ့ စစ်ပြိုင်ဖူးပေမယ့် လောလောဆယ်မှာတော့ နရပတိစည်သူဟာ ကျန်နေတဲ့ စော်ဘွားနှစ်ဦးကို စည်းရုံးလို့ မရသေးဘူးလို့ ထင်ပါတယ်။ ကျန်တဲ့စော်ဘွားတွေကတော့ မိုးဗြဲစော်ဘွား(ဘုရင့်နောင် လက်အောက်မှာပါ)၊ ညောင်ရွှေစော်ဘွား သို့မဟုတ် မိုးမိတ်စော်ဘွား တစ်ဦးဦးပါပဲ။
ရှမ်းတပ်တွေနဲ့ အင်းဝက တပ်တွေပေါင်းပြီး အင်းဝမှာ ရေရော ကြည်းပါ ခုခံဖို့ ပြင်ပါတယ်။
အင်းဝမှာလဲ ရှမ်းစော်ဘွားတွေသာမက ဗမာနယ်တွေ ရှိပါသေးတယ်။
မြေတူးမြို့စား၊ ငရနဲမြို့စား၊ စည်ပုတ္တရာမြို့စား၊ ကမ်းနီမြို့စား၊ ဒီပဲယင်းမြို့စား၊ စည်သာမြို့စား၊ အမြင့်မြို့စားတို့ဟာ ကိုယ့်နယ်က တပ်တွေ ကိုယ်စီစုရုံးပြီး စစ်ချီလမ်းကြောင်းက အမြင့်မြို့မှာ ခုခံဖို့ ပြင်ပါတယ်။
ရမည်းသင်း၊ ၀တီ၊ ယင်းတော်၊ လှိုင်းတက်၊ ညောင်ရမ်း၊ မြစ်ညောင်း၊ သာဂရ၊ ပင်းတလဲ၊ ပြင်စည် သည်မြို့တွေက တပ်တွေကတော့ တရုပ်မြို့မှာ ရှိတဲ့ တပ်တွေနဲ့ပေါင်းပြီး တရုပ်မြို့ကနေ ခုခံဖို့ ပြင်ပါတယ်။ ရှမ်းစော်ဘွားတွေရဲ့ လှေတပ်တွေလဲ တရုပ်မြို့ကို ဆင်းလာပြီး ကူဖို့ပြင်ပါတယ်။
အိမ်ရှေ့စံ နန္ဒမင်းသားဦးဆောင်တဲ့ ရေတပ်ဟာ ပုဂံကို ရောက်ပြီး နားတဲ့အခါ ပုဂံမင်းစည်သူက ခုလိုလျှောက်ပါတယ်။
အခုချီလာတဲ့ ရေတပ်လောက်နဲ့တော့ အင်းဝကို နိုင်ဖို့ မလွယ်ဘူး။ အင်းဝမှာ နရပတိစည်သူရဲ့ အင်အားတွေအပြင် စော်ဘွားငါးဦးရဲ့ အင်အားတွေပါ ရောက်နေတယ်။ အင်အားကြီးလွန်းလှတယ်လို့ လျှောက်ပါတယ်။
သည်တော့ နန္ဒမင်းသားက ခမည်းတော်မှာလိုက်တာရှိတယ်၊ ကိုယ်က သာတယ်ထင်ရင် တိုက်ပါ၊ မသာဘူးထင်ရင် ဆုတ်ခဲ့ပါလို့ မှာတယ်။ တိုက်တော့ တိုက်ကြည့်ချင်သေးတယ်၊ မသာရင်တော့ ခွာရမယ်လို့ ပြန်ပြောပါတယ်။
သည်လိုနဲ့ ပုဂံမှာ တိုင်ပင်နေကြတုန်း ကြည်းကြောင်းက ချီလာတဲ့ တောင်ငူမင်းခေါင်တို့ တပ်တွေ ရောက်လာတဲ့အခါ စစ်သူကြီးတွေ ခေါင်းချင်းဆိုင် ဆွေးနွေးကြပြန်တယ်။
သည်အတိုင်းဆိုရင်တော့ မလွယ်ဘူးပေါ့လေ။ အင်းဝက အင်အားကြီးတယ်။ နရပတိစည်သူဆိုတာကလည်း လျှော့တွက်လို့ မရဘူး။ တိုက်ပြီးမှ ရှုံးပြန်ရင်လည်း မကောင်း၊ နိုင်ဖို့ကလည်း မလွယ်လှတော့ ဘုရင့်နောင်ထံ ပြန်ပြီး အစီရင်ခံ၊ အမိန့်တောင်းကြမှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဘုရင့်နောင်လဲ ရှေ့တန်းတပ်တွေဆီက သတင်းတွေ ပြန်ကြားရတဲ့အခါ မလွယ်လောက်တဲ့အရေးမို့ ချီသမျှ ကြည်းကြောင်း၊ ရေကြောင်း အကုန်ပြန်ဆုတ်လာခဲ့တော့လို့ အမိန့်ပေးလိုက်ပါတယ်။
ပထမအကြိမ်စစ်ချီရာမှာ စစ်မပြိုင်ဖြစ်လိုက်ပေမယ့် နရပတိစည်သူရဲ့ အင်အားကို သိလိုက်ရတာကြောင့် ဒုတိယအကြိမ်စစ်ချီဖို့ရာ ဘုရင့်နောင်မင်းတရားကြီးဟာ လက်အောက်ခံမြို့စား၊ နယ်စားအပေါင်းကို ဆင်မြင်းလူသူ၊ လှေလက်နက် စုဆောင်းခိုင်းဖို့ အချိန်ယူလိုက်တာ ဖြစ်ပါတယ်။
ရှေ့ကို ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တဲ့သဘောပါ။
သည်အချိန်မှာ နရပတိစည်သူဟာလည်း သေချာပေါက် လူသူ၊ လက်နက် စုဆောင်းနေရမှာပါပဲ။
ဒါပေမယ့် နိုင်ငံအနေအထား၊ နယ်မြေအနေအထား၊ လက်အောက်ခံ အနေအထား မတူလေတော့ ဘုရင့်နောင်လို ဘုရင်မျိုးကို ယှဉ်နိုင်လောက်တဲ့အင်အားထိတော့ စုဆောင်းလို့ မရနိုင်တာ အသေအချာပါ။
သည်လို လက်နက်လူသူ အပြိုင်စုနေတဲ့ အချိန်မှာပဲ ဘုရင့်နောင်မင်းတရားလက်အောက်ကို ရခိုင်က သံတွဲစားမင်းသားဟာ အင်အားအလုံးအရင်းနဲ့ ခိုဝင်လာပြန်ပါတယ်။
သည်လိုနဲ့ အားယူနေတဲ့ အချိန်များကို ကုန်လွန်ပြီးတဲ့အခါမှာတော့ ဘုရင့်နောင်ဟာ အင်းဝကို စစ်ချီဖို့ ဒုတိယအကြိမ်စစ်ပြင်ပါတော့တယ်။
သည်တစ်ခါပြင်တဲ့ စစ်ကတော့ အပြီးတိုင်သိမ်းယူဖို့ ရည်ရွယ်ချက်ရှိတာကြောင့် အင်မတန်ကို အလုံးအရင်းနဲ့ ပြင်တာပါ။
မကြာခင်မှာပဲ အင်းဝနရပတိစည်သူနဲ့ ဟံသာဝတီ ဆင်ဖြူများရှင်ဘုရင့်နောင်တို့ စစ်ပြိုင်ကြပါတော့မယ်။
ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီလို့ မဆိုနိုင်ပေမယ့် ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင် အတူအောင်းလေ့ မရှိတာကြောင့် အားနည်းတဲ့သူက ရှုံးနိမ့်ရမှာ ဓမ္မတာပါပဲ။

ဆက်ရန်...

1 comment:

  1. စာတွေနဲ့ ဝေးနေတော့သမိုင်းတွေလည်း
    မေ့တောင်နေပြီ ကျေးဇူးတင်ပါတယ်..

    ReplyDelete