Friday, April 20, 2012

G-8 ဆိုတာ ဘာလဲ?

ကျွန်တော်အပါအ၀င် ယနေ့ခေတ်လူငယ်တွေနဲ့ ပတ်သက်လို့ သတိထားမိတာတစ်ခုက နိုင်ငံတကာဗဟုသုတ အားနည်းနေကြတာပဲဖြစ်ပါတယ်။
နိုင်ငံတကာဗဟုသုတဆိုတာ နိုင်ငံခြားရောက်ဖူးတာတို့၊ ဘယ်နိုင်ငံက ဘယ်မြို့ကတော့ဖြင့် ဘယ်လိုပုံစံတို့ စသဖြင့် အသေးစိတ်ကို မဆိုလိုပါဘူး။
ကျွန်တော်ကိုယ်တိုင်လဲ နိုင်ငံခြားတိုင်းပြည်များကို လည်ပတ်သွားလာနိုင်ဖို့ အခြေအနေမရှိသလို နိုင်ငံတော်ရဲ့ကျေးဇူးကြောင့်သာ နိုင်ငံခြားဆိုတာကို အခုမှ တွေ့ဖူးမြင်ဖူးတာပါ။
ဗဟုသုတဆိုတာကတော့ ရောက်ဖူးမှ၊ တွေ့ဖူးမှ ရယ်လို့ မဟုတ်ပါဘူး။
ဘယ်နိုင်ငံက ကမ္ဘာရဲ့ ဘယ်တိုက်ကြီးမှာ ရှိတယ်ဆိုတာလောက်တော့ သိသင့်တယ်လို့ ယူဆပါတယ်။
အကြမ်းဖျင်းလောက်တော့ အနည်းအကျဉ်းသိထားသင့်ကြပါတယ်။
ကိုယ်တိုင်လေ့လာမှုအားနည်းတာကြောင့်ရော၊ ကျွန်တော်တို့ ပညာရေးစနစ်မှာ ၀ိဇ္ဇာတွဲ၊ သိပ္ပံတွဲ ခွဲထားတာမို့ သိပ္ပံတွဲသမားတွေ ပထ၀ီတို့၊ သမိုင်းတို့ စတာတွေ မသင်ကြရတော့တာကြောင့်ရော နိုင်ငံတကာဗဟုသုတတွေ အားနည်းတာ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကျွန်တော် ကိုယ့်ကိုကိုယ် ဖြည့်ဆည်းရင်းနဲ့ ဒီပို့စ်လေးကို ရေးတာပါ။
ပထမဆုံး ဒီနေ့ ကျွန်တော် G-8 ဆိုတာ ဘာလဲလို့ လေ့လာကြည့်မိပါတယ်။
G-8 ဆိုတာ အင်္ဂလိပ်လို Group of 8 ပါ။ (ကျွန်တော် အစက Great 8 လားလို့ေ၀၀ါးနေခဲ့တာပါ)
G-8 မှာ အကြမ်းဖျင်းပြောရရင် အဖွဲ့ဝင် ၈နိုင်ငံရှိပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကနေဒါနဲ့ ရုရှားနိုင်ငံတို့ ဖြစ်ကြပါတယ်။
ဘယ်လို ၈နိုင်ငံကို စုစည်းထားလဲ လေ့လာကြည့်တော့ အမျိုးမျိုးအဓိပ္ပါယ်ဖွင့်တာကို တွေ့ရပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး၈နိုင်ငံ၊ ကမ္ဘာ့စက်မှုဖွံ့ဖြိုးပြီး၈နိုင်ငံ၊ ကမ္ဘာ့အချမ်းသာဆုံးနဲ့ အင်အားအကြီးဆုံး၈နိုင်ငံ၊ ကမ္ဘာ့ထိပ်သီးဒီမိုကရေစီစက်မှု၈နိုင်ငံ စသဖြင့်ပါ။
ဖွင့်ဆိုချက်အမျိုးမျိုးကို ကြည့်လိုက်တဲ့အခါ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး၊ အချမ်းသာဆုံးစတဲ့နိုင်ငံတွေ စုစည်းထားတာမဟုတ်တာတော့ သေချာပါတယ်။
ဘာလို့လဲဆိုတော့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးတို့ကို ချန်လှပ်ထားခဲ့လို့ပါ။
ကျွန်တော်ယူဆတဲ့ အနီးစပ်ဆုံးအဖြေကတော့ ကမ္ဘာ့ထိပ်သီးဒီမိုကရေစီစက်မှု၈နိုင်ငံ ဖြစ်ပါတယ်။
၁၉၇၃ခုနှစ် ရေနံ(သို့မဟုတ်)စွမ်းအင်အကျပ်အတည်းကာလမှာ စတင်သန္ဓေတည်ခဲ့တဲ့ G-8 ကို ၁၉၇၅ခုနှစ်၊ ပြင်သစ်နိုင်ငံမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီးဒီမိုကရေစီနိုင်ငံအချို့ တွေ့ဆုံဆွေးနွေးပွဲကနေတစ်ဆင့် ဖွဲ့စည်းခဲ့ပါတယ်။
စတင်ဖွဲ့စည်းစဉ်မှာ ပြင်သစ်၊ အရှေ့ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့သာ ပါဝင်ပြီး G-6 လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။
၁၉၇၆ခုနှစ်မှာ ကနေဒါနိုင်ငံနဲ့ ၁၉၇၇ခုနှစ်မှာတော့ ယနေ့ EU(European Union)လို့ လူသိများတဲ့ European Community တို့ ပါဝင်တက်ရောက်လာခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းနှစ်တွေမှာ ကနေဒါနိုင်ငံကို တင်းပြည့်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပြီး G-7 လို့ ခေါ်ဝေါ်ခဲ့ကြပေမယ့် 
ကမ္ဘာ့နိုင်ငံပေါင်း ၁၅နိုင်ငံမှ ခေါင်းဆောင်များဟာ G-7 တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ကြပါတယ်။
၁၉၉၁ခုနှစ်မှာ ရုရှားနိုင်ငံဟာ စတင်ပါဝင်တက်ရောက်ခဲ့ပြီး ၁၉၉၈ခုနှစ်မှာတော့ တင်းပြည့်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့ကြကာ G-8 ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတာ ယနေ့အချိန်ထိ ဖြစ်ပါတယ်။
G-8 ဟာ နှစ်စဉ် အလှည့်ကျစနစ်နဲ့ ဦးဆောင်နိုင်ငံသတ်မှတ်ပြီး အလှည့်ကျတဲ့နိုင်ငံမှာ G-8ထိပ်သီးဆွေးနွေးပွဲတွေ ပြုလုပ်ကာ ကမ္ဘာ့ရေးရာအဖြာဖြာကို ဆွေးနွေးကြပြီင်္း ကြေငြာချက်တွေ ထုတ်ပြန်လေ့ရှိကြပါတယ်။
နောက်ပိုင်းနှစ်တွေမှာ G-8 ထိပ်သီးဆွေးနွေးပွဲများလို့ ခေါ်ဝေါ်ကြသလို G-8+5 ထိပ်သီးဆွေးနွေးပွဲများလို့လဲ ခေါ်ဝေါ်ကြပါတယ်။
+5 နိုင်ငံတွေကတော့ ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကိုနဲ့ တောင်ဖရိကနိုင်ငံများ ဖြစ်ကြပါတယ်။
ကိုးကား
- G-8 - Wikipedia.org
- What is the G8? - G8 Information Center
(ဒီနေရာမှာ ၀န်ခံချင်တာတစ်ခုက ကျွန်တော်ဟာ ဘာသာစကားကျွမ်းကျင်မှုမရှိသလို ကျွန်တော်ရေးတဲ့အချက်အလက်များဟာ ၁၀၀ရာခိုင်နှုန်းပြည့်စုံခြင်း ရှိမှာ မဟုတ်ပါဘူး။ လိုအပ်နေတဲ့၊ မှားယွင်းနေတဲ့ အချက်အလက်များကို ထောက်ပြပေးကြစေလိုပါတယ်။ နောက်ပြီး ဒီအချက်အလက်တွေဟာ ကျွန်တော်သိလိုတာတွေကို ရှာဖွေလေ့လာမိခြင်းပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ G-20 အဖွဲ့အကြောင်းကိုလည်း လေ့လာသွားပါဦးမယ်။)



4 comments:

  1. ဒီလိုဗဟုသုတတွေက တစ်ကယ်သိထားသင့်ပါတယ်.. ကျမဆို G-8 ဆိုတာ ဘယ်လိုဆိုတာတော့ သိပြီး ဘယ်နိုင်ငံတွေပါလဲမေးရင် သေချာဖြေတတ်မှာ မဟုတ်ဘူး.. ဘာဖြစ်ဖြစ် ယောင်ဝါးဝါးပဲဖြစ်ဖြစ်နေတတ်တယ်.. သေချာလေ့လာရင် တစ်ကယ်အကျိုးရှိပါတယ်.

    ReplyDelete
    Replies
    1. အားပေးသွားလို့ ကျေးဇူးတင်ပါတယ် စနိုးရေ ငယ်ငယ်က သင်ခဲ့တဲ့ အင်္ဂလိပ်စာတွေက မေ့ကုန်လို့ ခရီးသိပ်မပေါက်ဘူးဖြစ်နေတယ်
      ကြိုးစားပါဦးမယ်

      Delete
  2. သယ်ရင်းရေ ကောင်းတယ်ဟေ့...အဲကလိုလေးတွေရေးစမ်းပါ....ဗဟုသုတတိုးတာပေါ့..

    ReplyDelete
    Replies
    1. အားပေးသွားလို့ ကျေးဇူးတင်ပါတယ် ရင်ဆူးရေ ကြိုးစားပါဦးမယ်

      Delete