Wednesday, February 13, 2013

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင်


ဟိုတစ်နေ့က ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာဆိုတဲ့ စာအုပ်လေးတွေ့လို့ ဖတ်မိပါတယ်။
ခေတ်အဆက်ဆက်က ဘုရင်တွေ၊ သူရဲကောင်းတွေ၊ ပညာရှိတွေ အကြောင်း ရောနှောရေးသားထားတာပါ။
ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကယား စတဲ့ တိုးရင်းသားလူမျိုးများရဲ့ ဘုရင်တွေ၊ သူရဲကောင်းတွေ၊ ပညာရှိတွေ၊ ခေါင်းဆောင်တွေ စတဲ့ အကြောင်းတွေ ရေးသားထားတာပါ။
အကုန်တော့ မဖတ်ရသေးဘူး။ လောလောဆယ် ဖတ်ထားပြီးသမျှထဲက လေးစားစရာကောင်းပြီး သိပ်မထင်ရှားတဲ့ ဗမာမင်းတစ်ပါးအကြောင်း သွားတွေ့ပါတယ်။
ဆရာကြီးဦးဖိုးကျားကတော့ စစ်ကိုင်းစည်သူကျော်ထင်လို့ ရေးပါတယ်။ ဆရာကြီးရေးတဲ့အထဲမှာက သည်မင်းဟာ နှလုံးရည်ကောင်းကြောင်းလောက်သာ ရေးထားပြီး တခြားမပါပါဘူး။
စစ်ကိုင်းစည်သူကျော်ထင်အကြောင်းဖတ်ရတဲ့အခါမှာ သည်မင်းဟာ အတော်လေးကို စိတ်သဘောထားသိမ်မွေ့မြင့်မြတ်တဲ့အကြောင်း ဖတ်ရတာမို့ ကျွန်တော်လဲ တော်တော်စိတ်ဝင်စားသွားပါတယ်။ သူ့အကြောင်းလဲ သိချင်သေးတာနဲ့ တခြားမှာ ရှာဖတ်ကြည့်ပါတယ်။
တော်တော်ရှာလိုက်တဲ့အခါတော့ သူ့အကြောင်းတွေ တော်တော်လေး သိလိုက်ရပါတယ်။ အပြည့်အစုံမဟုတ်ပေမယ့် ဆရာကြီးဦးဖိုးကျားရဲ့ စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာလေးတွေပါ သိရတာမို့ ကျွန်တော် သိထားသလောက်ပြန်ရေးပါမယ်။
စစ်ကိုင်းစည်သူကျော်ထင်ရယ်လို့ ကျွန်တော်သိလိုက်ရတဲ့အခါ သည်ပုဂ္ဂိုလ်ဟာ မင်းတော့ ဟုတ်ပါပြီ၊ ဘုရင်ရော ဟုတ်ရဲ့လားလို့ တွေးမိပါသေးတယ်။
ဘာလို့ဆိုတော့ သမိုင်းတွေထဲမှာ မင်းလို့ရေးကြတဲ့အခါ ထားပါတော့... တောင်ငူမင်း၊ ပြည်မင်း စသဖြင့် အဲဒီအသုံးအနှုန်းဟာ သည်ပုဂ္ဂိုလ်ဟာဖြင့် ဘုရင်ဖြစ်တယ်လို့ မဆိုလိုပါဘူး။ နယ်စား၊ ပယ်စား၊ ထီးဆောင်းမင်းများသာ ဖြစ်ပါတယ်။
သူတို့ရဲ့အထက်မှာ ဘုရင်ရှိပါတယ်။ ဥပမာဆိုပါတော့ ဆင်ဖြူများရှင်မင်းတရားကြီး။ ထီးဆောင်းမင်းအပေါင်းတို့ရဲ့ ဘုရင်ဆိုတဲ့ သဘောနေမှာပေါ့။ ကျွန်တော်လဲ သေချာတော့ မသိပါဘူး။
သည်တော့ စစ်ကိုင်းစည်သူကျော်ထင်ဆိုတာကရော စစ်ကိုင်းမင်းလား၊ ပြောရရင် စစ်ကိုင်းကိုသာ စားရတဲ့ နယ်စားတစ်ယောက်လားလို့ ထင်မိပေမယ့် မဟုတ်ပါဘူး။
သူဟာ အင်းဝနန်းထက်မှာ တက်ပြီး ဘိသိက်ခံ နန်းစံခဲ့တဲ့ ဘုရင်တစ်ပါးပါ။
နာမည်ကျော် မွန်-ဗမာ နှစ်၄၀စစ် နောက်ပိုင်းမှာ နန်းဆက်မပြတ်ခဲ့သေးတဲ့ အင်းဝထီးနန်းမှာ သူဟာ နောက်ဆုံးဘုရင်ပါ။ သူ့လက်ထက်မှာပဲ မင်းဆက်ပြတ်ခဲ့တာပါ။
အင်းဝဆက်ရဲ့ နောက်ဆုံးဘုရင်၊ သူ့လက်ထက်မှာ မင်းဆက်ပြတ်ရတယ်ဆိုလို့ သူ့ဟာ အရည်အချင်းမရှိတဲ့သူတော့ မဟုတ်ပါဘူး။ သူ့မှာ လေးစားလောက်ဖွယ် အရည်အချင်းတွေရှိတဲ့အပြင်၊ အင်အားလဲ အတော်အတန်ရှိခဲ့တဲ့သူပါ။ သူရဲကောင်းတွေ၊ ပညာရှိတွေက အစပေါ့။
ဦးကုလားရာဇ၀င်ထဲမှာတော့ သူ့ကို စလင်းစည်သူကျော်ထင်အနေနဲ့ စ တွေ့ရပါတယ်။
စလင်းစားပေါ့လေ။ ဘယ်ဘုရင်လက်ထက်မှာ ဘာကြောင့် သူ့ကို စလင်းမြို့ကို စားစေခဲ့သလဲတော့ မသိပါဘူး။
နောက်ပိုင်းတော့ တောင်ငူက တပင်ရွှေထီးတို့ ရောက်လာပြီး စလင်းကို သိမ်းလိုက်ပါတယ်။ စလင်းမြို့ကိုလဲ တပင်ရွှေထီးက သူ့ရဲ့ အထိန်းတော်တစ်ယောက်ဖြစ်တဲ့ ရှင်သီဟကို စည်သူကျော်ထင်ဆိုတဲ့ဘွဲ့နဲ့ပဲ ပေးလိုက်ပါတယ်တဲ့။
အဲဒီအချိန်မှာတော့ ကျွန်တော်တို့ရဲ့ စလင်းစည်သူကျော်ထင်ဟာ အင်းဝမှာ သွားခိုလှုံနေပုံပါပဲ။
သည်အချိန်က စပြီး သူ့ရဲ့ အရည်အချင်းတွေ စ ပေါ်လွင်လာခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ စလင်းကို သူဟာ ကိုယ်တိုင်တိုက်ယူစရာမလိုဘဲ ပြန်ရခဲ့တာပါ။
စည်သူကျော်ထင်နှစ်ယောက်မို့ ကျွန်တော်တို့ရဲ့ စည်သူကျော်ထင်ကို စည်သူကျော်ထင်လို့ ရေးပြီး တပင်ရွှေထီးရဲ့စည်သူကျော်ထင်ကိုတော့ ရှင်သီဟလို့ပဲ ရေးပါရစေ။
စည်သူကျော်ထင် အင်းဝမှာ ရှိနေစဉ်မှာ စလင်းမှာတော့ ရှင်သီဟ အုပ်ချုပ်နေပါတယ်။ အုပ်ချုပ်မှုအလျော့အရဲကို ကြည့်ပြီး စည်သူကျော်ထင်ရဲ့ တပည့် လုလင်ကျော်မှုးဦးဆောင်ပြီး ရှင်သီဟကို ပုန်ကန်ထကြွကာ စလင်းကို ပြန်သိမ်းကြပါတယ်။
ရှင်သီဟကတော့ တောင်ငူကို အပြင်းပြန်ပြေးရတယ်လို့ ဆိုပါတယ်။
ရှင်သီဟမရှိတော့တဲ့အခါ လုလင်ကျော်မှုးတို့က စည်သူကျော်ထင်ကို အင်းဝကနေ ပြန်ပင့်ပြီး စလင်းကို ပြန်အပ်ပါတယ်တဲ့။
အဲဒီအချိန်မှာ မြန်မာပြည်ကြီးဟာ အထက်မှာ အင်းဝ၊ ရှမ်းမှာ ရှမ်းကိုးပြည်ထောင်၊ အောက်မှာ ဟံသာဝတီ၊ တောင်ငူ စသဖြင့် ကွဲနေတဲ့အပြင် သည်မင်းတွေလက်အောက်မှာ မခိုဝင်တဲ့ နယ်စား၊မြို့စားတွေ အများအပြားလဲ ရှိနေတဲ့အချိန်မှာ၊ မြို့ကို သိမ်းနိုင်သူ မြို့စားလုပ်နိုင်နေတဲ့အချိန်မှာ လုလင်ကျော်မှုးတို့က မြို့ကိုသိမ်းပြီး စည်သူကျော်ထင်ထံ ပြန်အပ်တာကို ကြည့်ရင် သူတို့ရဲ့ဆရာကို ဘယ်လောက်ထိ လေးစားချစ်ခင်တယ်ဆိုတာ သိနိုင်ပါတယ်။
ဒါဟာလဲ သူ့(စည်သူကျော်ထင်)ရဲ့ အရည်အချင်းတစ်ရပ်လို့ ထင်ပါတယ်။
အထိန်းတော်ရှင်သီဟ စလင်းကနေ တောင်ငူကို ပြန်ပြေးလာရတာကို တပင်ရွှေထီးသိတဲ့အခါ တောင်ငူမင်းတစ်တပ်၊ ပြည်မင်းတစ်တပ်၊ မြေထဲစားတစ်တပ်၊ ရှင်သီဟတစ်တပ် တပ်လေးတပ်ကို တိုက်ဆင်တစ်ရာ့ငါးဆယ်၊ မြင်းနှစ်ထောင်၊ စစ်သည်ခုနစ်သောင်းနဲ့ စလင်းကို ပြန်တိုက်ယူဖို့ စေလွှတ်လိုက်ပါတယ်တဲ့။
နည်းနည်းနောနောတပ်ကြီးပါလားနော်။
စလင်းစည်သူကျော်ထင်ဆီမှာတော့ အင်အားက တော်တော်နည်းတဲ့ပုံပါ။ ဒါပေမယ့် သည်တိုက်ပွဲအကြောင်းကို ဦးကုလားရာဇ၀င်မှာ အတော်အသင့်နေရာပေးထားပုံထောက်တော့ တော်တော်လေးလဲ အစွမ်းအစပြခဲ့ကြတဲ့ပွဲလို့ ထင်ပါတယ်။
နောက်ပြီး စလင်းစည်သူကျော်ထင်လက်အောက်က သူရဲကောင်းတွေဟာလဲ တော်တော်လေးစွမ်းကြပုံပေါက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ရှင်ဘုရင်တို့ရဲ့အကြောင်းကိုသာ တခမ်းတနားရေးသားဖော်ပြလေ့ရှိတဲ့ မြန်မာရာဇ၀င်စာအုပ်တွေမှာ ဘုရင့်သူရဲကောင်းစစ်သူကြီးများ၊ အောင်ပွဲရစစ်သည်များမဟုတ်ရင် တော်ရုံတန်ရုံထည့်ရေးလေ့ မရှိသလို စာအုပ်ထဲ နာမည်တစ်လုံးပါဖို့တောင် မလွယ်ပေမယ့် သည်တိုက်ပွဲအကြောင်းကို အတော်အသင့်ဖော်ပြထားတဲ့အပြင် စည်သူကျော်ထင်နဲ့အတူ တိုက်ခဲ့တဲ့ သူ့ရဲ့ လက်ရုံးသူရဲကောင်းတွေကိုပါ ဖော်ပြတာကြောင့် ဖြစ်ပါတယ်။
စည်သူကျော်ထင်ဟာ ရှင်မောက်ကျော်၊ ရှင်မာန်အောင်တို့နဲ့ အတူထွက်တိုက်တယ်လို့ ပါပါတယ်။
အင်အားနည်းတဲ့ စည်သူကျော်ထင်ကတော့ ဆင်တစ်စီး၊ မြင်းသုံးရာ၊ စစ်သည်သုံးထောင်နဲ့ ထွက်တိုက်ပါတယ်။
စည်သူကျော်ထင်နဲ့ ရှင်မာန်အောင်ကတော့ ဆင်တစ်စီးထဲ အတူစီးပြီး ရှင်မောက်ကျော်ကတော့ မြင်းနဲ့ ထွက်ဟန်တူပါတယ်။
ရှင်သီဟကလည်း ဆင်တစ်စီးနဲ့ အပြင်းတိုက်ပါတယ်။
အင်အားမမျှပေမယ့် စည်သူကျော်ထင်က ဗျူဟာကောင်း၊ လူကောင်းထင်ပါရဲ့။ ရှင်သီဟ ဆင်မှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆုတ်ရပါတယ်။
စည်သူကျော်ထင်လဲ မြို့ထဲ ပြန်ဝင်ပါတယ်။ ညကျတော့ ထုံးစံအတိုင်း စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်ကြသေးတာကို ရေးထားပါသေးတယ်။
ညကြီးမင်းကြီးမှာ ရှင်သီဟတို့ တပ်ချ နားနေတဲ့နားကို စလင်းရဲမက်တွေက သွားအော်ပြီး စိန်ခေါ်ကြတာပေါ့။ ဟေ့ ပဲခူးသားတွေ မင်းတို့ ဘယ်ပြေးမလဲ ဘာညာပေါ့။ ဟိုဘက်ကလဲ ပြန်အော်တယ်။ မနက်ကျမှ တွေ့မယ် ဘာညာပေါ့။ တစ်ယောက်ချင်းချမယ်ပေါ့။
သည်လိုနဲ့ နောက်နေ့မနက်လဲ ရောက်ရော ရှင်သီဟက တခြားဆင်တစ်စီးနဲ့ မြင်းသုံးရာ စစ်သည်သုံးထောင်နဲ့ ပြန်ထွက်လာတယ်။
စည်သူကျော်ထင်က ဆင်တစ်စီး၊ မြင်းသုံးရာ၊ လူသုံးရာနဲ့ ထွက်တယ်။ အရင်နေ့ကပဲ လူတော်တော်များများ ထိသွားသလား၊ ဒါမှမဟုတ် ကိုယ့်ကိုကိုယ်ပဲ စိတ်ကြီးဝင်သွားသလားတော့ မသိပါဘူး။ အင်အားကတော့ သုံးရာနဲ့ သုံးထောင် ဆယ်ဆလောက်ကွာပါတယ်။
နှစ်ယောက်ချင်း ဆင်စီးချင်းလို့တောင် ပြောလို့ ရနိုင်မယ်ထင်တယ်။
သည်တစ်ခါတော့ စည်သူကျော်ထင် ကံမကောင်းပါ။ မြင်းစီးတဲ့ ရှင်မောက်ကျော်ကျတာနဲ့ ဆင်ခြေဖုံးတပ် ကွဲပါတယ်။ 
ဆင်ခြေဖုံးတပ်ကွဲတော့ ဆင်ချင်းတွေ့ပါတယ်။ အားမတန်လို့ စည်သူကျော်ထင်ဆင်က လှည့်ပြေးပါတယ်။ စည်သူကျော်ထင်ဆင်က အရင်နေ့ကလည်း ဒဏ်ရာတွေရှိနေမှာဖြစ်သလို တစ်ဖက်ဆင်ကတော့ ဆင်သစ်မို့ အားပြည့်နေဟန်ပါပဲ။
ဒါတောင် ရှင်မာန်အောင်က လှံနဲ့ လှမ်းထိုးလို့ ရှင်သီဟမှာ မောက်တိုပေါက်ပြီး နဖူးမှာတောင် စပါးတစ်ထောက်စာ ထိသွားသတဲ့။
ရှင်သီဟက မျက်နှာမှာ သွေးဖြာဖြာကျပေမယ့် ဒေါသထွက်ထွက်နဲ့ အတင်းလိုက်တာကြောင့် ဆင်ပေါ်ကနေ ရှင်မာန်အောင်တောင် အောက်မှာ ခြေလျင် ချန်နေခဲ့ပြီး ဆင်တစ်စီးနဲ့ စည်သူကျော်ထင်တစ်ယောက်ထဲ ပြေးရပါတော့တယ်။
စလင်းမြို့လဲ ကျသွားပါတယ်။
စည်သူကျော်ထင် ကံဆိုးပုံက ဆင်တစ်စီး၊ ကိုယ်တစ်ယောက်တည်း ပြေးလာရတဲ့အပြင် လမ်းမှာ ရေငတ်လို့ ကန်တစ်ကန်မှာ ရေဆင်းသောက်တုန်း အဲဒီဆင်ကပဲ လိုက်ဝှေ့လို့ မနည်းပြေးရသေးတယ်လို့ ဆိုပါတယ်။ ၀ါးရုံတောထဲ ၀င်ပြေးတော့မှ ဆင်က မလိုက်တော့ဘူးတဲ့။
နောက်ဆုံး ဆင်ကလည်း ထွက်ပြေးသွားပါတယ်။
စည်သူကျော်ထင်ကတော့ တောထဲမှာ ဘယ်သူမှမပါ၊ တစ်ယောက်တည်း အင်းဝရှိရာ ခရီးနှင်နေတုန်းမှာပဲ လမ်းမှာ ချင်းတိုင်းရင်းသားတွေနဲ့ တွေ့ပြီး ဆီး ဖမ်းလိုက်ကြပါတော့တယ်။
ဆက်ရန်...

No comments:

Post a Comment