Friday, May 4, 2012

ကုန်းဘောင်ခေတ်က သိပ္ပံပညာဘာသာပြန်စာအုပ်များ

(ဘလော့လေးမှာ ပို့စ်မတင်ဖြစ်တာလဲကြာပြီ။
ပျင်းနေတာရော တခြားအရာတွေနဲ့ လုံးပန်းနေရတာရောကြောင့်ပါ။
အခုတော့ ပို့စ်လေးတစ်ခုရေးပါမယ်။)
နိုင်ငံတကာဗဟုသုတတွေအကြောင်း ကျွန်တော်မရေးခင် ကုန်းဘောင်ခေတ်တုန်းဆီက မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီနိုင်ငံကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများအကြောင်း ရေးခဲ့ပါတယ်။
အခုလည်း အဲဒီအဆက်လို့ပဲ ပြောရမှာပေါ့လေ။ 
စာလည်း သိပ်မဖတ်နိုင်အားသေးတာမို့ လောလောဆယ်တော့ ကုန်းဘောင်ခေတ်က အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ့ နိုင်ငံခြားပညာတော်သင်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ အသီးအပွင့်အချို့ကို တင်ပြပေးလိုပါတယ်။
မင်းတုန်းမင်းနန်းတက်ပြီး မကြာခင်မှာပဲ ကနောင်မင်းသားကြီးနဲ့ ယောအတွင်းဝန်ဦးဖိုးလှိုင်တို့ဟာ ထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်အချို့ကို ရွေးချယ်ပြီး အဲဒီခေတ်က ခေတ်မီနိုင်ငံများဖြစ်ကြတဲ့ အင်္ဂလန်၊ အီတလီ၊ ပြင်သစ် စတဲ့နိုင်ငံတွေကို ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါတယ်။
အဲဒီပညာတော်သင်တွေဟာ နိုင်ငံအသီးသီးမှာ ခေတ်မီပညာရပ်များ သင်ကြားပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ ကနောင်မင်းသားကြီးက ၄င်းတို့ တတ်မြောက်ခဲ့တဲ့ ပညာရပ်အသီးသီးကို မြန်မာဘာသာပြန်ဆိုရေးသားဖို့ အမိန့်ရှိတာကြောင့် ပညာရပ်ပေါင်းများစွာကို အသီးသီးဘာသာပြန်ဆိုရေးသားခဲ့ကြပါတယ်။
အဲဒီဘာသာပြန်စာအုပ်စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) မဟာပထ၀ီမြေကြီး၏ အခြင်းအရာကို ပြဆိုသော ဂျီအော်လော်ဂီ(Geology)စာအုပ်၊
(၂) ရွှေကျောက်၊ ငွေကျောက်၊ သံကျောက်၊ ကြေးကျောက်၊ ခဲကျောက်၊ ကန့်ကျောက်၊ ထုံးကျောက်၊ ပတ္တမြားစိန်ကျောက်မှစပြီး ခပ်သိမ်းသော ကျောက်မျိုးကို ပြဆိုရာဖြစ်သော မင်နရော်လော်ဂီ(Mineralogy)စာအုပ်၊
(၃) အရပ်ရပ် တိုင်းပြည်မြို့ရွာ မြေမျက်နှာ၌ ပေါက်ရောက်သည့် သစ်ပင်မျိုးကို ပြဆိုသည့် ဘိုတနီ(Botany)စာအုပ်၊
(၄) ကုန်းနေရေနေ သားငါးတိရစ္ဆာန်မျိုးကို ပြဆိုသည့် ဇူးအော်လော်ဂီ(Zoology)စာအုပ်၊
(၅) ကိုယ်ခန္ဓာ၌ ၃၂ကောဋ္ဌာသအစည်းအဝေး စသည်ကို ပြဆိုရာဖြစ်သော အင်နာတမီ(Anatomy)စာအုပ်၊
(၆) အသက်ရှိသည့် လူသတ္တ၀ါ တိရစ္ဆာန် သစ်ပင်တို့၌ မည်သည့်ဓာတ်ပြုပြင်ပြောင်းလဲသည်ကို ပြဆိုရာဖြစ်သော ဖီးဇီယော်လော်ဂီ(Physiology)စာအုပ်၊
(၇) ဘိန္ဓောဆေးမျိုး ဖော်နည်းစပ်နည်း၊ ကြွေမျိုး မြေမျိုး ဖန်မျိုး မှန်မျိုး အသုံးအဆောင်၊ ရွှေရောင် ငွေရောင် အနီ အ၀ါ အစိမ်း အပြာ စသော အရောင်မျိုး၊ ကန့်ပြန် ယမ်းပြန် အရက်ပြန်မှစပြီး ရေပြန်အမျိုးမျိုး၊ သေမျိုး၊ စားကောင်းသောက်ဖွယ်၊ ရသအမျိုးမျိုး၊ သားရေအမျိုးမျိုး၊ မိုးကြိုးစက်ကြေးနန်း၊ ဓာတ်ပုံကူးနည်း၊ မိုးချိန် လေချိန် ရေချိန် အခိုးချိန် မီးချိန် စသော ပြဒါး ဖန်ချောင် အမျိုးမျိုး၊ ကျောက်မီးသွေးတူးဖော်နှပ်လုပ်နည်း၊ ၄င်းအခိုးဖြင့် ဓာတ်မီးထွန်းနည်း၊ သံအမျိုးမျိုး စသော လုပ်နည်းများကို ပြဆိုသည့် ဟင်မစ္စရီ(Chemistry)စာအုပ်၊
(၈) ရောဂါမျိုး ကုသနည်း အခြင်းအရာကို ပြဆိုသော ဖီးစစ်ကက်(Physics)စာအုပ်၊
(၉) ဟစ္စထရီ(History)ကျမ်း အ၀င်ဖြစ်သော လူမျိုးကို ပြဆိုသည့် နာချရက်ဟစ္စရီ(Natural History)စာအုပ်၊
(၁၀) မင်းတို့အစဉ် အဖြစ်အပျက်ကို ပြဆိုသော မောရက်ဟစ္စရီ(Moral History)စာအုပ်၊
(၁၁) တိုင်းပြည်နိုင်ငံ ကျွန်းကြီးကျွန်းငယ် တောတောင် မြစ် ပင်လယ် သမုဒ္ဒရာများကို ပြဆိုရာဖြစ်သော ဂျော်ဂရဘီ(Geography)စာအုပ်၊
(၁၂) မက်သင်မက်တိတ်(Mathematics)ကျမ်းအ၀င်ဖြစ်သော ရွှေတွက်၊ ငွေတွက်၊ အစိပ်ဂဏန်း၊ ဆယ်လီစိပ်ဂဏန်း၊ သုံးချက်ဂဏန်း၊ ၀င်မူလ၊ ဃနမူလမှ စပြီး အရပ်ရပ် တွက်ပုံမျိုးကို ပြဆိုသည့် ဂဏန်းတွက်နည်း အရိသမတိတ်(Arithmetic)စာအုပ်၊
(၁၃) မျဉ်းတွန့်၊ မျဉ်းဖြောင့်၊ မျဉ်းကောက်၊ စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ ၅ထောင့် ၅နားမှ စပြီး မျက်နှာပြင်၌ ဖြစ်သည့် အရပ်ရပ်ပုံမျိုးကို အနားချင်း၊ ထောင့်အင်္သာချင်း၊ ဖလကွက်ခြင်း၊ နှိုင်းရှည်ပြီး ရေတွက်နည်းများနှင့်တကွ သဘာဝဓမ္မအားဖြင့် ဖြစ်ရဖြစ်ကြောင်း အရင်းမူလကို ပြဆိုသည့် ပလေ ဂျော်မက်ထရီ(Plane Geometry)စာအုပ်၊
(၁၄) ထုလုံး၊ ၃ထောင့် ၄ထောင့် ၅ထောင့်မှ စပြီး တစ်ခဲနက်ထုပါသည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို ပြဆိုသော စောလစ် ဂျော်မက်ထရီ(Solid Geometry)စာအုပ်၊
(၁၅) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နားမှ စပြီး ကောင်းကင်ကဲ့သို့ ခုံးသော အမြင့်ရှိသော အရာဌာနတို့၌ ဖြစ်သည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို ပြဆိုသော စဖက်ရစ်ကတ် ဂျော်မက်ထရီ(Spherical Geometry)စာအုပ်၊
(၁၆) ဂဏန်းနှင့်ရေတွက်သည့် အရပ်ရပ် တွက်နည်းတွက်ပုံများမှာ အက္ခရာကို ဂဏန်းအမှတ်ထားပြီး တွက်သည်များကို ပြဆိုသည့် အာဂျီဘရ(Algebra)စာအုပ်၊
(၁၇) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ အလုံးပုံ၊ အခုံးပုံ၊ အုပ်ဆောင်းပုံ၊ ပြောင်းပုံ၊ စည်ပုံ။ ဇယားပုံ၊ ၃မြှောင့် ၄မြှောင့် ၅မြှောင့်ပုံ စသော အရပ်ရပ်ပုံမျိုးတွင် အလျား အနံ အစောက် တိုင်းပြီး လက်သစ် စတုရမ်း၊ မိုက် စတုရမ်း၊ ထောင် စတုရမ်း၊ တာ စတုရမ်း၊ မျက်နှာပြင် ဖလကွက်၊ တခဲနက် ထုကွက် တွက်နည်းများကို ပြဆိုသည့် မင်စရေရှန်း(Mensuration)စာအုပ်၊
(၁၈) တိုက်အိမ်၊ သင်္ဘော၊ လှေ၊ သမ္ဗာန်၊ ဥမင်၊ တံတားမှ စပြီး သံ သစ် ပျဉ် အုတ် ကျောက် တို့ဖြင့် လုပ်ဆောင်သည့် အဆောက်အဦးများကို ပြဆိုသည့် အာရကက်စ်တက္ကချား(Architecture)ခေါ် ဗိသုကာပညာစာအုပ်၊
(၁၉) တိုက်အိမ်၊ အဆောက်အဦး၊ သစ်ပင်တောတောင်၊ မြေမျက်နှာ၊ ပင်လယ်သမုဒ္ဒရာ စသည့်တို့၌ အလျား အနံ အကျဉ်း အကျယ် အနိမ့် အမြင့် အကွာ အဝေးများကို မှန်ကန်သိသာအောင် တိုင်း ချိန် တွက်နည်း အရင်းမူလကို ပြဆိုသည့် ပလေး ထရစ်ဂနော်မက်ထရီ(Plane Trigonometry)စာအုပ်၊
(၂၀) ကောင်းကင်ကဲ့သို့ ခုံးသော မြင့်သော အရာဌာနတို့၌ ဖြစ်သော ပုံမျိုးတို့တွင် အလျား အနံ ထောင့် အင်္သာ၊ အကွာ အဝေး အချင်း အနိမ့် အမြင့် လုံးပတ် စသည်များကို တွက်စစ်ပြဆိုသည့် စဖစ်ရစ်ကက် ထရစ်ဂနော်မက်ထရီ(Spherical Trigonometry)စာအုပ်၊
(၂၁) နေ လ ဂြိုလ် နက္ခတ်တာရာ ကြယ်တံခွန် မှစပြီး ကောင်းကင်၌ တည်သည့်အရာများကို တွက်စစ်ပြဆိုသည့် အစထရော်နော်မီး(Astronomy) ခေါ် ဗေဒင်လက်ရိုးစာအုပ်၊
(၂၂) ကုန်း လမ်းမထင်သည့် ပင်လယ်သမုဒ္ဒရာ၌ နေ လ ဂြိုလ် နက္ခတ်တာရာကို တိုင်း ချိန် တွက် စစ်ပြီး လိုရာ မြို့ ရွာ ဆိပ်ကမ်းသို့ ရောက်အောင် သင်္ဘောသွားနည်းကို ပြဆိုသည့် နာဘစ်ဂေးရှန်း(Navigation)စာအုပ်၊
(၂၃) ဗုံး အမြောက် သေနတ် မီးကျည် စသော လက်နက်မျိုးကို ပစ်လွှတ်နည်း၊ ခံမြို့ တည်ဆောက်နည်း စသော စစ်ရေး စစ်မှုနှင့် စပ်ဆိုင်သော ဗျူဟာအမျိုးမျိုးကို ပြဆိုသည့် မစ်လစ်ထရီ(Military Science)စာအုပ်၊
(၂၄) နာရီ ကြီး ငယ် စက်၊ ထည်မျိုး အုပ်မျိုး အသုံးအဆောင် ရက်လုပ်သည့်စက်၊ မီးသင်္ဘောစက်၊ မီးရထားစက် မှစပြီး အရပ်ရပ် ကုန်းစက် ရေစက် များကို ပြဆိုသည့် မစ်ရှင်နရီ(Machinery)စာအုပ်.........
စသောအားဖြင့် ပညာရပ်စာအုပ်များစွာ ဘာသာပြန်ဆိုခဲ့ကြပါတယ်။
အို.....ကြည့်စမ်းပါဦး....။
ကုန်းဘောင်ခေတ်က ဘာသာပြန်ခဲ့တဲ့ အနောက်တိုင်းသိပ္ပံပညာစာအုပ်စာရင်းတဲ့။
များလိုက်တဲ့ပညာရပ်တွေ၊ ဘာသာပြန်နိုင်ပြီဆိုမှတော့ တတ်မြောက်နေကြပြီလို့ ယူဆလို့ ရနေပြီပဲ။
အဲဒီခေတ်အခါက အနောက်တိုင်းမှ ပညာဗဟုသုတ အလင်းရောင်ကိုရအောင် ရှေးဦးစွာ ကြိုးပမ်းခဲ့ကြတဲ့ ရှေးမြန်မာတွေ ဘယ်လိုအဆင့်အတန်းထိ ရောက်ခဲ့တယ်ဆိုတာ ထင်းထင်းကြီးပေါ်လွင်စေခဲ့ပြီပဲ။
ပန်းတဉ်းဝန်ထောက်၊ ဖန်ချက်ဝန်ထောက်၊ သံချက်ဝန်တို့ကတော့ ပညာလမ်းကို ရှေးဦးစွာ ညွှန်ပြခဲ့တဲ့ အဲဒီခေတ်အခါက ထင်ရှားတဲ့ ပညာတတ်လူငယ်တွေဖြစ်ကြပါတယ်။
ကနောင်မင်းသားကြီးနဲ့ပူးပေါင်းကြိုးပမ်းခဲ့ကြတဲ့ ထိုထိုသောပုဂ္ဂိုလ်ကြီးများရဲ့ ဥာဏ်အမြော်အမြင်၊ ကြိုးပမ်းအားထုတ်မှုတွေကတော့ အာရှမှာ ဘယ်နိုင်ငံသမိုင်းနှင့် ယှဉ်ယှဉ် နိမ့်ကျမယ် မထင်ပါဘူး။
သူ့ခေတ်သူ့အခါ အသီးသီးက နိုင်ငံအတွက် ကြိုးစားအားထုတ်ခဲ့ကြတဲ့သူတိုင်းကို ကျွန်တော်တို့နှောင်းလူတွေအနေနဲ့ အသိအမှတ်ပြု ဂုဏ်ယူလေးစားကြရပေလိမ့်မယ်။
(ဆရာမောင်ထင်ရေးသားတဲ့ ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်းမှ အချက်အလက်များကို ထုတ်နှုတ်ရေးသားပါတယ်။)

6 comments:

  1. ဒီပို့စ်ကို ဖတ်ပြီး စိတ်ထဲမှာ တခုခုခံစားသွားရတယ်.. ပျောက်သွားတဲ့အရာတစ်ခုခုကို နှမျောသလိုလိုမျိုး.။ စိတ်ထဲခံစားမိတာ ရေးသွားတာမလို့ မှားတာရှိရင်တောင်းပန်ပါတယ်နော် ၊ ဒီလိုပို့စ်မျိုးလေးတွေ ရေးသားတဲ့အတွက် ကျေးဇူးတင်ပါတယ်. တကယ်ဗဟုသုတရပါတယ်. မသိသေးတာတွေ သိလာရတယ်။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ စနိုးရေ
      ကွန်မန့်လေးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
      ဘာအကြောင်းပဲဖြစ်ဖြစ် ကြိုက်တာရေးခဲ့နိုင်ပါတယ်ခင်ဗျာ

      Delete
  2. အေးကွာ...အနောက်တိုင်းသိပ္ပံပညာရပ်တွေ အဲ့ခေတ်ကတည်းက ဒီလောက်သင်ပြီး တတ်မြောက်ခဲ့တဲ့ လူတွေ ဒီလောက်များလိမ့်မယ်.... လေ့လာခဲ့ကြလိမ့်မယ်လို့လည်း မတွေးမိပါဘူး....ဒို့နိုင်ငံသာ သူ့ကျွန်မဖြစ်ခဲ့ရင် ကမ္ဘာမှာ မြန်မာဆိုတာ မသိတဲ့သူမရှိလောက်ဘူး မင်းအရိပ်ရေ....

    ReplyDelete
    Replies
    1. ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်ရင်ဆူးရေ
      အရင်တုန်းက သူတို့ကြိုးစားခဲ့ကြတယ် ဒီခေတ်ကတော့ မင်းတို့ကြိုးစားအလှည့်ပေါ့ကွာ
      ငါတော့မပါဘူး အိပ်လိုက်ဦးမယ် ဟိဟိ

      Delete
  3. ပို့လေးအားပေးသွားပါတယ်

    ReplyDelete
  4. အားပေးမှုအတွက် ကျေးဇူးတင်ပါတည်။

    ReplyDelete