Wednesday, May 16, 2012

သူငယ်ချင်းမဟုတ်သော သူငယ်ချင်းအတွက်

ငါဟာ
နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းမဖြစ်နိုင်ပေမယ့်
နင်ဟာ
ငါ့ရဲ့
အချစ်ဆုံးသူငယ်ချင်းပါ။

အချစ်ဆုံးဆိုတဲ့ စကားလုံးက
နှလုံးသားထဲက အသံဆိုပေမယ့်
သူငယ်ချင်းဆိုတဲ့ စကားလုံးကို
မသုံးချင်ဘဲ တွဲသုံးနေရတယ်။

သူငယ်ချင်းရယ်
ဖြူစင်ခြင်းကို ငါ အရောင်မဆိုးချင်တော့ပေမယ့်
အဖြူစစ်စစ်မဟုတ်တဲ့ အဖြူရောင်တွေနဲ့
ငါ့နှလုံးသားလဲ သွေးနီရောင်မသန်းတော့ဘူး။

အချစ်ရဲ့အဆုံးမှာ
အမုန်းလို့ ဆိုကြပေမယ့်
နင် အဆုံးသတ်ပေးခဲ့တဲ့
ငါ့ချစ်ခြင်းရဲ့ အဆုံးမှာတော့
အချစ်တွေပဲ ရှိပါတယ်။

ချစ်တယ်လို့ မပြောခဲ့လို့
နင့်ကိုငါမမုန်းဘူး
မုန်းတယ်လို့ မပြောခဲ့တာအတွက်
နင့်ကိုငါချစ်တယ်။

တစ်နေ့နေ့ပေါ့...
ငါမလိုချင်တဲ့
နင့်ဆီက ဖိတ်စာတစ်စောင် ရောက်လာခဲ့ရင်
ငါ့ကောင်းကင်မှာ 
မိုးကြိုးမပစ်ရင်တောင်
မိုးတွေရွာနေလိမ့်မယ်။     ။     ။

5 comments:

  1. တကယ့်ခံစားချက်မို့ထင်တယ်.. ကဗျာလေးက အရမ်းလေးနက်နေတယ် :)

    ReplyDelete
  2. အချစ်ရဲ့အဆုံးမှာ
    အမုန်းလို့ ဆိုကြပေမယ့်
    နင် အဆုံးသတ်ပေးခဲ့တဲ့
    ငါ့ချစ်ခြင်းရဲ့ အဆုံးမှာတော့
    အချစ်တွေပဲ ရှိပါတယ်။ စာသားလေးလန်းတယ်။။

    ReplyDelete
  3. ကောင်းလှချည်လားသယ်ရင်းရဲ့......

    ချစ်တယ်လို့ မပြောခဲ့လို့
    နင့်ကိုငါမမုန်းဘူး
    မုန်းတယ်လို့ မပြောခဲ့တာအတွက်
    နင့်ကိုငါချစ်တယ်။

    တစ်နေ့နေ့ပေါ့...
    ငါမလိုချင်တဲ့
    နင့်ဆီက ဖိတ်စာတစ်စောင် ရောက်လာခဲ့ရင်
    ငါ့ကောင်းကင်မှာ
    မိုးကြိုးမပစ်ရင်တောင်
    မိုးတွေရွာနေလိမ့်မယ်။ ။ ။

    အဲ့လို မိုးရွာတဲ့တစ်နေ့ရောက်လာရင် မင်းဘယ်မှာ မိုးခိုနေမလဲ..? မိုးခိုစရာမရှိဘဲ မိုးစိုနေမယ်ဆိုရင် မင်းအချစ်ဖျားတက်မယ်နော်.....လုပ်ဦး....

    ReplyDelete
  4. သူငယ်ချင်းအတွက်တဲ့လား ဒီကဗျာလေးကိုကြိုက်တယ်.. အားပေးသွားပါတယ်..:)

    ReplyDelete
  5. လာရောက်အားပေးသွားသူ ကွန်မန့်ပေးသွားသူအပေါင်းအား ကျေးဇူးအထူးတင်ရှိနေပါသည်ခင်ဗျာ

    ReplyDelete