Thursday, June 13, 2013

စစ်ကြီးပြီးတဲ့အခါ


စစ်ကြီးစတင်တဲ့အခါ
လူငယ်တွေ သေလွန်ကြ
လူကြီးတွေ ဦးနှောက်ခြောက်ကြ

စစ်ကြီးပြီးဆုံးတဲ့အခါ
လူငယ်တွေ ရှင်သန်ကြ
လူကြီးတွေ လက်ဆွဲနှုတ်ဆက်ကြ

စစ်ကြီးပြီးသွားတဲ့အခါ
သေနတ်သံနဲ့ ဗုံးဆံတွေကြား
ပုန်းလျှိုးနေခဲ့ကြရတဲ့
မိဘမဲ့ကလေးတွေနဲ့ ကလေးမဲ့မိဘတွေရဲ့
ငိုရှိုက်သံတွေ ခပ်သဲ့သဲ့ကြား
ခဏအတွင်းမှာပဲ
ငြိမ်းချမ်းရေးအတွက် တီးတဲ့လက်ခုပ်သံတွေကြား
တိုးဝင်ပျောက်ကွယ်သွား

စစ်ကြီးပြီးသွားတဲ့အခါ
ဆေးရုံပေါ်က လူငယ်လေးတစ်ယောက်
လက်မရှိတော့တာ မေ့ပြီး
လက်ခုပ်တီးဖို့ပြင်
ခြေထောက်မရှိတော့တဲ့ လူငယ်လေးက
ထ ကဖို့ ကြိုးစား
မျက်လုံးမမြင်တော့တဲ့ လူငယ်လေး
မျက်ရည်တပေါက်ပေါက်ကျလာ
တောထဲရောက်နေတဲ့
ခြေအကောင်းလက်အကောင်းလူငယ်လေးကတော့
စွန့်ခွာသွားတဲ့ သူငယ်ချင်းတွေကို သတိရလို့
မြေကြီးကို လက်နဲ့ စမ်းကြည့်နေတယ်

စစ်ကြီးပြီးသွားတဲ့အခါ
လူငယ်တွေမှာ အာဃာတ မရှိကြတော့ဘူး
အနိုင်အရှုံးကိုလဲ သူတို့ မသတ်မှတ်ဘူး
ရန်ငြိုးလဲ မထားတတ်ဘူး
ပြန်ဆုံနိုင်မယ့်သူတွေအတွက် ပျော်မယ်
ပြန်မဆုံနိုင်တော့မယ့်သူတွေအတွက် ၀မ်းနည်းမယ်
ရိုးရှင်းပါရဲ့

စစ်ကြီးပြီးသွားတဲ့အခါ
စိုက်ဖို့ပျိုးဖို့
လယ်သမားဟာ လယ်မြေထံ ပြန်လာတယ်
သည်မြေအောက်မှာ မိုင်းခင်းထားသလား
သေချာမသိနိုင်
သည်မြေအောက်မှာ
နိုင်ငံအတွက်သော်လည်းကောင်း
လူမျိုးအတွက်သော်လည်းကောင်း
ပြည်ထောင်စုအတွက်သော်လည်းကောင်း
အဖွဲ့အစည်းအတွက်သော်လည်းကောင်း
ယုံကြည်ချက်အရလည်းကောင်း
ခံယူချက်အရလည်းကောင်း
လိုအပ်ချက်အရလည်းကောင်း
အမိန့်အရလည်းကောင်း
သို့တည်းမဟုတ်
ရှောင်ပုန်းပြေးလွှားရင်းဖြင့် လည်းကောင်း
လဲလျောင်းနေသူတွေတော့ သေချာပေါက်ရှိရဲ့
သူတို့ ပေးဆပ်ဖို့ကြိုးစားနေကြတုန်းပဲ
မြေသြဇာအဖြစ်
သူတို့မိသားစုနဲ့ သူတို့အချင်းချင်းကလွဲလို့
သူတို့ကို သတိရမယ့်သူ မရှိလောက်တော့

စစ်ကြီးပြီးတဲ့အခါ
လူငယ်အချို့ မြေသြဇာဖြစ်ကြ
လူကြီးတွေ လက်ဆွဲနှုတ်ဆက်ကြ

Wednesday, June 12, 2013

ခေတ်လား လူလား


မင်းတို့ရဲ့ ခေတ်ကို အမီမလိုက်နိုင်တာ တောင်းပန်ပါရဲ့
မင်းတို့က
သိက္ခာထက် ရမ္မက်ကို ပိုတန်ဖိုးထားတယ်
ကိုယ်ကျင့်တရားထက် ရလိုမှုကို ရှေ့တန်းတင်တယ်
ငါးပါးသီလထက် ဆန္ဒကို ဦးစားပေးတယ်
ခေတ်နဲ့အမီ ရှေ့ကိုတိုးရင်း
ကျပျောက်ခဲ့ကြတာ ဓလေ့ထုံးတမ်းတွေလေ
ထိန်းသိမ်းမှုအစဉ်အလာတွေဆိုတာ ဒိတ်အောက်သွားတတ်လား
ပြတိုက်မှာပဲ ထားရတော့မှာလား
မင်းတို့ ပျော်ပျော်ပါးပါးကစားနေကြတဲ့ ကစားပွဲတွေကို
ငါက မျက်စိနောက်တယ်
တရားသဘောနဲ့ကြည့်ရင် 
ဘယ်အရာမှ မက်စရာမရှိတာတော့ ဟုတ်တယ်
ခန္ဓာဆိုတာကြီးကလဲ အရေပြားတစ်ထောက်စာပဲပေါ့လေ
ဟက်...ဟက်...
သူများလို မိုးခါးရေမသောက်တတ်မှတော့
ငါပဲ နေခဲ့လိုက်တော့မယ်
လူပီသချင်ရင်တော့
ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့နဲ့ တပါးသူကို တန်ဖိုးထားတတ်ဖို့လဲ လိုသေးတယ်...

Sunday, May 26, 2013

my robot arm in robot studio



ကျွန်တော်လုပ်ထားတာလေးပါ။
တင်စရာမရှိသေးလို့ ဒါလေးပဲ တင်လိုက်တယ် :P

Saturday, May 11, 2013

လေထဲ၌သာ ပျော်ပျော်ကြီး ပျံဝဲကြပါစို့


တစ်နေ့သ၌ ကျွန်ုပ်သည် ကွန်နက်ရှင်ကောင်းသည့်အချိန် ညနက်သန်းခေါင်ကြီး၌ လက်စွဲတော်လက်ပ်တော့ကို ဖွင့်ကာ မည်သည့်အခါမျှ သုံးစွဲ၍ တင်းတိမ်ရောင့်ရဲခြင်းမရှိလေသော ဖေ့စ်ဘုတ်ခ်ဟူသည့် လူမှုကွန်ယက်ကြီးအတွင်းတွင် မွေ့ပျော်လျက် ရှိနေချေ၏။
ဖေ့စ်ဘုတ်ခ်ပေါ်မှ ဆရာ့ဆရာကြီးများ၏ ဝေဖန်ရေးနှင့်လေကန်ရေး သုံးသပ်ချက်ကြီးများကို၎င်း၊ မဟာ့မဟာအကြံပေးချက်ကြီးများကို၎င်း၊ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း စတေးတပ်များကို၎င်း၊ သတင်းအယောင်ဆောင် အတင်းအဖျင်းပေါင်းစုံကို၎င်း အားပါးတရဖတ်ရှုလျက်ရှိစဉ်မှာပင် ကျွန်ုပ်သည် မည်သို့မည်ပုံဖြစ်သွားသည်မသိ၊ ရုတ်တရက်အိပ်ပျော်သွားကာ အိပ်မက်များမက်နေချေ၏။
အိပ်မက်ထဲတွင် ကျွန်ုပ်သည် လေထဲ၌ ပျံဝဲလျက်ရှိ၏။
ကျွန်ုပ်လည်း လွန်စွာမှ အံ့အားသင့်မိ၏။
ငါ့အခန်းကလေးဟာ လေဟာနယ်များ ဖြစ်သွားလေရော့သလားဟုလည်း တွေးမိ၏။
ပထမသော် ပျော်ရွှင်မိ၏။
ဒုတိယသော် စိတ်လှုပ်ရှား၏။
တတိယသော် ကြောက်ရွံ့မိ၏။
နောက်ဆုံး၌ အားကနဲ အကျယ်ကြီးထအော်လိုက်မိသောအခါ ကျွန်ုပ်၏ ခန္ဓာကိုယ်အတ္တဘောကြီးသည် အဆမတန် ဖောင်းကားလာပြီးနောက် ဒိုင်းကနဲ ပေါက်ကွဲသွားလေတော့၏။
အိပ်မက်မှ လန့်နိုးလာသောအခါ ကျွန်ုပ်မှာ ရင်တွေခုန်ပြီး ချွေးစေးများပျံလျက် ရှိ၏။
လေပေါ်၌ ပျံဝဲနေလျက်က ဘာကြောင့် ပေါက်ကွဲသွားပါလိမ့်ဟု တွေးမိ၏။
ထို့ပြင်တ၀ ဘာကြောင့်များ ပျံဝဲနေရပါသနည်းဟုလည်း တွေးမိ၏။
ငါ့အခန်းကပဲ လေဟာနယ်ဖြစ်နေလို့ လေပေါ်ပျံနေလေရော့သလား။
သို့တည်းမဟုတ် ခန္ဓာကိုယ်ထဲမှာ လေတွေ အဆမတန်များပြားလာပြီး ပေါ့ပါးသွားကာ လေပေါ် ပျံဝဲနေခြင်းပေလား။
ဝေခွဲမရဖြစ်ကာ ထိုင်ရာမှ ရုတ်တရက်ထလိုက်စဉ် ကျွန်ုပ်၏ခြေဖ၀ါးအောက်မှ မဟာပထ၀ီ အိမ်ကြမ်းပြင်သည် သိမ့်ကနဲ တုန်ခါသွားချေ၏။
ဘုရား...ဘုရား...။
ငလျင်များ လှုပ်လေရော့သလား...။
တစ်ခုခုတော့ ဖြစ်နေချေပြီ...။
ကျွန်ုပ်သည် စိုးရိမ်တကြီးဖြင့် အိမ်အပြင်သို့ ပြေးထွက်လိုက်မိ၏။
အိမ်အပြင်သို့ ရောက်သောအခါ လောကကြီးတစ်ခုလုံးသည် ဘာမှမသိသလိုပင် ငြိမ်ချက်သားကောင်းလျက်ရှိချေ၏။
ကောင်းကင်ကို မော့ကြည့်မိသောအခါ ကြယ်များကို ယခင်ညများကထက်ပင် စုံလင်စွာ တွေ့လိုက်ရ၏။
ရုတ်ချည်းဆိုသလို ကျွန်ုပ်၏အတွေးထဲတွင် အမျိုးသမီးအာကာသယာဉ်မှူးတစ်ဦးက ပြောခဲ့ဖူးသော စကားတစ်ခွန်းကို အမှတ်ရလိုက်မိ၏။
သူမကတော့ အတည်ပြောသလော၊ ရွဲ့ပြီး ပြောသလောမသိ။
သူမ ပြောခဲ့သည်မှာကား အာကာသထဲမှ လှမ်းမျှော်ကြည့်လျှင် ညအချိန်၌ ကမ္ဘာပေါ်တွင် အထူးဆန်းဆုံးကား မြန်မာပြည်ဟု ဆိုချေ၏။
အဘယ့်ကြောင့်ဟူမူ မြန်မာနိုင်ငံသည် ပိုးစုန်းကြူးတိုင်းပြည်နှင့် တူ၍ ဟူသတည်း။
အခြားနိုင်ငံများ၌ ညအခါတွင် လင်းသည့်နေရာ တသမတ်တည်းလင်းပြီး မှောင်သည့်နေရာ တသမတ်တည်း မှောင်လျက်ရှိကြသော်လည်း မြန်မာနိုင်ငံမူကား တစ်နေရာက လင်းလာလိုက်၊ မှောင်သွားလိုက်၊ နောက်တစ်နေရာက လင်းလာလိုက်၊ မှောင်သွားလိုက်နှင့်မို့ ဟူသတတ်။
ကျွန်ုပ်မြင်တွေ့နေရသော မြင်ကွင်းကား ထိုအတိုင်းပင်တည်း။
မြန်မာနိုင်ငံဘေးပတ်လည်ကား လင်းထိန်လျက် မီးပွင့်ကလေးများမှာ စုပြုံနေကြသော ကြယ်ကလေးများပမာ။
မြန်မာနိုင်ငံသဏ္ဍာန်လေးကသာ အထီးကျန် မှောင်မဲလျက်။
ကျွန်ုပ်၏ အိမ်၌ မီးလာနေပါလျက် အဘယ့်ကြောင့် မြန်မာနိုင်ငံတစ်ခုလုံး မှောင်မဲနေရပါသနည်း။
အလိုလေး၊ အလိုလေး...။
ကယ်ကြပါဦး အရပ်ကတို့ရေ...။
ယခုမှ စဉ်းစားမိသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ကမ္ဘာမြေကြီးမှ ဖယ်ခွာကာ မှောက်ခုံကြီး ပျံဝဲနေပါရော့လား။
ကျွန်ုပ်မြင်နေရသော ကြယ်ရောင်လေးများမှာ ကမ္ဘာပေါ်မှ မီးပွင့်ကလေးများ ဖြစ်နေပါရော့လား။
အားဟု အာခေါင်ခြစ်၍ အော်ချင်သော်လည်း အသံထွက်မလာချေ။
ကျွန်ုပ်လည်း ကြောက်အားလန့်အားဖြင့် အိမ်ထဲ အပြေးဝင်လိုက်၏။
မတော် ဆွဲငင်အားမရှိတော့ဘဲ ကမ္ဘာပေါ်သို့ ဇောက်ထိုးကြီးပြုတ်ကျမှဖြင့် ကိုယ်ကျိုးနည်းမည်မဟုတ်လော။
အခန်းထဲသို့ မောပန်းတကြီးပြန်ရောက်သော် လက်ပ်တော့ဖန်သားပြင်ပေါ်မှ ဖေ့စ်ဘုတ်ခ်စာမျက်နှာကြီးက ကျွန်ုပ်ကို စူးစူးရဲရဲစိုက်ကြည့်နေ၏။
ကျွန်ုပ် အကြံရပြီ။
လှမ်းမြင်နေရသော ကမ္ဘာကြီးကို ဖုန်းဖြင့် ဓာတ်ပုံလှမ်းရိုက်မည်။
ဖေ့စ်ဘုတ်ခ်ပေါ် ဦးအောင် တင်ရမည်။
Google translateကို သုံးပြီး ဘာသာစကားပေါင်းစုံဖြင့် ကမ္ဘာက သိအောင် ဖြန့်ရမည်။
မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသည် လေထဲ၌ မောက်ခုံကြီးပျံဝဲနေသည်မှာလည်း ဂုဏ်ယူစရာပင်မဟုတ်လော။
ကျွန်ုပ်၏အကြံကို မည်သူများ ဦးသွားပြီနည်းဟု ဖေ့စ်ဘုတ်ခ်ကို အလောတကြီးလှမ်းကြည့်လိုက်စဉ် ဝေဖန်ရေးနှင့်လေကန်ရေးစာများသည်၎င်း၊ မဟာ့မဟာအကြံပေးချက်ကြီးများသည်၎င်း၊ သတင်းအယောင်ဆောင် အတင်းအဖျင်းပေါင်းစုံသည်၎င်း သူ့ထက်ငါဦးအောင် ကျွန်ုပ်၏ မြင်ကွင်းရှေ့သို့ တိုးဝှေ့လာနေကြလေ၏။
ထိုခဏ၌ ကျွန်ုပ်၏ ဦးခေါင်းထဲတွင် နွေခေါင်ခေါင်၌ အလှည့်ကျမီးလာဘိသကဲ့သို့ လင်းလက်သွားချေ၏။
1M မျှ ကျနေသော ဒေါင်းလုဒ်စပိဒ်ကို မြင်ရသောအခါ heart attack ရဘိသကဲ့သို့ ရင်ထဲ၌ ဒိန်းကနဲ ဖြစ်သွားကာ ကီးဘုတ်ကိုပင် လွှင့်ပစ်လိုက်ချင်စိတ် ပေါက်သွားလေတော့၏။
အဘယ့်ကြောင့်ဟူမူ...
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သစ်ကြီးအား လေဖြင့်သာ အားပါးတရတည်ဆောက်လျက်ရှိကြပေရာ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံကြီးသည် လေများ ၀ပြီးသကာလ လေထဲ၌သာ မှောက်ခုံကြီး ပျံဝဲနေခြင်းဖြစ်ပေတော့သည်တမုံ့။

:D

Monday, April 29, 2013

ဝိကိလိခ်စ် တည်ထောင်သူရဲ့ ဘ၀ ရုပ်ပုံလွှာ


ဝိကိလိခ်စ် တည်ထောင်သူရဲ့ ဘ၀ ရုပ်ပုံလွှာ
ရဲမြင့်ကျော်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူနာမီပြီး လျှင် အကြီးဆုံးဟုဆိုရမည့် ငလျင်ကြီး တစ်ခု ဖြစ်ခဲ့သည်။ ထိုငလျင်က မြေ ပေါ်တွင်မဟုတ်၊ မိုးပေါ်တွင်ဖြစ်ခဲ့သည် မို့ အားလုံးအတွက် ထူးဆန်းနေသည်။ အထူးသဖြင့် ငလျင်ဗဟိုချက်က အမေရိကန် နိုင်ငံရေးနဲ့ သံတမန်အသိုင်းအ၀ိုင်းကို အကြီးအကျယ်အထိနာ စေခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေး လျှို့ဝှက်ချက် လေးပုံတစ်ပုံကျော် ဖောက်ချ လိုက်တဲ့ ၀ိကိလိခ်စ် (WikiLeaks) အွန်လိုင်း ငလျင်ကြီးပင်။ ၀ိကိလိခ်စ် ၀ဘ်ဆိုဒ်က ၁၉၆၆ မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာအနှံရှိ သံရုံးများမှ အမေရိကန်အစိုးရထံ လျှို့ဝှက်ပေးပို့တဲ့ ကေဘယ်ဖိုင် ၂၅၁၂၈၈ ကို ဖောက်ချလိုက်သည်။ နိုင်ငံအသီးသီးရှိ အမေရိကန်သံရုံး သံတမန်များမှာ စပိုင်များဖြစ်နေတာ ရုပ်လုံး ဘွားဘွားကြီးပေါ်သွားသည်။ ရုရှား၊ ပါကစ္စတန်၊ အီရန်၊ တရုတ်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် ဇင်ဘာဘွေစတဲ့နိုင်ငံများနှင့် ခေါင်းဆောင်များအပေါ် အမေရိကန်သံတမန်စပိုင်များရဲ့ မှတ်ချက်တွေက ကာကယံရှင် နိုင်ငံများအတွက် ဒေါသထွက်စရာများ ဖြစ်လာသည်။ ၀ိကိလိခ်စ်ဇာတ်လမ်းက ကမ္ဘာ့အကောင်းဆုံး ဖြစ်ရပ်မှန်စပိုင် ၀တ္ထုကြီးဖြစ်လာသည်။ အမေရိကန်အနေနှင့် အရှက်လုံးကွဲရုံမက သူ့ရဲ့စစ်ရေး နိုင်ငံရေးဖုံးဖုံးဖိဖိကိစ္စများ အခု တစ်ကမ္ဘာလုံး ၀က်ဝက်ကွဲ သိကုန်ပြီ။
အမေရိကန်ဘဏ်တွေရဲ့ လျှို့ဝှက်အချက်လက်များ မကြာမီ ၀ိကီလိခ်စ်က ဖွင့်ချတော့မည့်အတွက် စတော့ဈေးများ ထိုးစိုက်ကျနေသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းခင်မျာလည်း အမေရိကန်သံတမန်များစွာက အတင်းအပင်းပေါင်းများစွာဖြင့် စပိုင်လိုက်ခံ ထားရသောကြောင့် သံတမန်အလုပ်နှင့် စပိုင်အလုပ် ခွဲလုပ် ကြဖို့ ဗြောင်ဖွင့်မေတ္တာရပ်ခံ ရတော့သည်။ ဇာတ်လမ်းကမပြီးသေး။ ၀ိကိလိခ်စ်မှ ယိုစိမ့်ထွက်လာတဲ့ ဖိုင်များ တစ်ဖိုင်ချင်းတစ်စချင်း ဖွကြတာနဲ့အမျှ နိုင်ငံတစ်ခုချင်း အလိုက် ပြဿနာများက မီးခိုးကြွက်လျှောက်။ အမေရိကန်အစိုးရကတော့ ၀ိကိလိခ်စ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း (Julian Assange) ကိုအသေသတ်ချင်နေသည်။ ၉/၁၁ အကြမ်းဖက်မီးမွှေးသူ အိုစမာဘင်လာဒင် ပြီးရင် ဒုတိယရန်သူတော်စာရင်း သွင်းလိုက်ပြီ။ ထုံးစံအတိုင်း အမေရိကန်တို့က သူတို့ပိုင်ရာနိုင်ရာ နိုင်ငံတကာရဲအဖွဲ့ (Interpol) နှင့် အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ အမေရိကန်ကြီး ရှက်ရမ်းရမ်း စိတ်ဆိုးပြီဆိုတော့ အက်စ်ဆန်းကို ဘယ်နိုင်ငံမှ အခု လက်ခံမထားရဲတော့။ ၀ိကိလိခ်စ် တည်ထောင်သူ ဖခင်ကြီး ဟတ်ကာ အက်စ်ဆန်း ဘယ်ရောက်နေပြီလဲ၊ သူဘယ်သူလဲ။ ဂျူလီယန် အက်စ်ဆန်း ဂျူလီယန် အက်စ်ဆန်းကို ဩစတြေးလျနိုင်ငံ ပြဇာတ်လုပ်ငန်း လုပ်ကိုင်သူ မိဘနှစ်ဦးမှ မွေးဖွားခဲ့ပြီး ယခု အသက် ၃၉ နှစ်ရှိပြီဖြစ်သည်။ သူ့အမေက အင်မတန်ဥာဏ်ရည်မြင့်တဲ့ကလေးဟု သူ့အကြောင်း ပြန်ပြောပြသည်။ သူမက ၁၉၈၇ ခုနှစ်၊ အက်စ်ဆန်း ၁၆နှစ်သား အရွယ်တွင် Commodore 64 ကွန်ပျူတာကြီးတစ်လုံး ၀ယ်ပေးလိုက်သည်။ အက်စ်ဆန်းက သူ့ကွန်ပျူတာအတွက် အင်တာနက်ချိတ်ဖို့ modem တစ်ခုဝယ်ပြီးနောက် ကမ္ဘာကွန်ပျူတာကွန်ယက်ကြီးထဲကတဆင့် သူခရီးစတင်ပါတော့သည်။ စစ်တုရင် ကစားရသလိုပဲ၊ အင်တာနက်ပေါ်မှာ မွှေနှောက်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ပုစ္ဆာတွေအားကြီးပဲ ဟု အက်စ်ဆင်းခ်ျက နယူးယောခ့်ကာ မဂ္ဂဇင်းကို တစ်ခါက ပြောပြဖူးသည်။ သူ့မိခင်က သူ့သားကို မည်သည့်ဘာသာရေး ဩဇာအောက်မှာမှ မထားပေမယ့် အက်စ်ဆန်းဟာ သိပ်နူးညံကြောင်း၊ ပျော်ပျော်နေတတ်ကြောင်း၊ တိရိစ္ဆာန်တွေနဲ့ စကားပြောနေတတ်ကြောင်း၊ မြင်သလိုထင်သလို လုပ်ချင်တဲ့စိတ်ပြင်းပြကြောင်း ပြောသည်။ ဩစတြေးလျ မဲလ်ဘုန်း တက္ကသိုလ်တွင် သင်္ချာနှင့် ရူပဗေဒ အထူးပြုလေ့လာခဲ့သည်။ အက်စ်ဆန်းက အင်မတန် မိုးပြန်အောင် ပွေလီရှုပ်ထွေးနေတဲ့ ကွန်ပျူတာစနစ်များကို ထွင်းဖောက် (hack) နိုင်သူဖြစ်သည်။ စာကြီးပေကြီးများလည်း အရူးအမူးဖတ်သည်။ အာဖရိကခရီးထွက်ရတာ အနှစ်ခြိုက်ဆုံးဟု ပြောတတ်သည်။ အသက် ၁၈နှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး ကလေးတစ်ယောက်ရခဲ့သည်။ သူနှင့်ဆက်ဆံရေး မပြေလည်မှုကြောင့် ဇနီးသည်က ကလေးငယ်ခေါ်ပြီး သူ့ကိုပစ်သွားခဲ့သည်။ ဩစတြေးလျတွင် ဘဏ်အကောင့် ၃၁ ခု ဟတ်ခ် လုပ်ခြင်းကြောင့် တရားစွဲခံရပြီး ငွေအနည်းငယ် လျော်ကြေးပေး လွတ်မြောက်ခဲ့သည်။ နောက်ပိုင်း သူ့အာရုံပြောင်းလာသည်။ အစိုးရတွေရဲ့ အားနည်းချက် တွေ အမှားတွေကို အင်တာနက်ပေါ်ကနေ ဖွင့်ချမယ့် ပရောဖက်ရှင်နယ် ဟတ်ကာ ဖြစ်ဖို့ကြိုးစားလာသည်။ သူ့ဘလော့ဂ် IQ.org မှာ လူသိများပြီး သင်္ချာ၊ ဖလော်ဆော်ဖီကနေ အီရန်အစိုးရ ဆင်ဆာ တားမြစ်မှုအထိ သူ့အမြင်မျိုးစုံ ရေးထားသည်။ ၂၀၀၆ ခုနှစ်တွင်တော့ နိုင်ငံရေးလှုပ်ရှားသူတစ်ပိုင်း၊ ဂျာနယ်လစ်တစ်ပိုင်း ပိုးဝင်ပြီး WikiLeaks ကို စတင်ထူထောင်သည်။ အအိပ်မေ့ အစားမေ့ဖြင့် အလုပ်လုပ်သည်။ ၀န်ထမ်းအနည်းငယ်၊ ဗော်လန်တီယာ အချို့ဖြင့် သူ့အလုပ် သဲကြီးမဲကြီး လုပ်တော့သည်။ နိုင်ငံပေါင်းစုံခရီးထွက်ပြီး ကွန်ပျူတစ်လုံး ကျောပိုးအိတ်တစ်လုံးဖြင့် ကြုံရာကျပန်း အိတ်တတ်သူ၊ ဖြစ်သလို နေတတ်သူ ဖြစ်သည်။ ၀ိကိလိခ်က အစိုးရများ၊ ကော်ပိုရေးရှင်းများ၊ ကျော်ကြားသူများရဲ့ အတွင်းသတင်းအနံ့ပေါင်းစုံကို အတိအကျကို နှိုက်ဖော်ပြခြင်းဖြစ်သည်။ အချက်အလက် အင်ဖော်မေရှင်းတွေက အတိအကျပါလား၊ ဘယ်ကရလဲ သူ့ကိုမေးရင် ဘယ်တော့မှ ပြန်မဖြေတာက သူ့စရိုက်သဘ၀။ အက်စ်ဆန်းက CNN အင်တာဗျူးတွင် ပြောပြဖူးတာ ရှိသည်။ လူတွေက ၀ိကိလိခ်စ်က လုံးဝမှန်ကန် ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေပေးတယ်လို့ ယုံကြည်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သတင်းဇာတ်လမ်းတွေရဲ့ မူလအချက်အလက်ရင်းမြစ်တွေ (primary source) တွေကို ချပေးနိုင်လို့၊ ပြီးမှ အဲဒီ့အချက်အလက်တွေပေါ် သုံးသပ်ရေးကြတာ။ primary source မပါဘဲ ဘယ်တော့မှ ရမ်းဖော်ပြတာ မရှိဘူး။ ဒါကြောင့် ကျနော်တို့ကို ယုံကြတာပေါ့ ဟု ပြောထားသည်။ တကယ်လည်း သူက ဖွက်ထားတဲ့ မူလရင်းမြစ် အနှိုက်ကောင်းသူ။ ယခုနှစ် ဇူလိုင်တွင် အာဖဂန်စစ်ပွဲနဲ့ပတ်သက်တဲ့ လျှို့ဝှက်အထောက်အထား ၉၀၀၀၀ ကျော်အထိ သူ့ဝဘ်ဆိုဒ်က ထုတ်ဖြန့်ခဲ့သည်။ အမေရိကန်သမိုင်းတွင် ပထမဆုံး ထောက်လှမ်းရေး အချက်အလက် ယိုစိမ့်မှုကြီး စဖြစ်ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာတွင် ၀ီကိလိခ်စ်က အီရက် စစ်ပွဲနဲ့ပတ်သက်တဲ့ အထောက်အထားတွေဖိုင်တွေ ထပ်ထုတ်သည်။ သံတမန်ဆိုင်ရာ အချက်အလက်ပေါင်း ၂၅၀၀၀၀ ၀ဘ်ဆိုဒ်ပေါ် တင်ပေးခဲ့ပြန်သည်။ သာမန် လူထုကတော့ ၀ီကိလိခ်စ် ကို လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ချီးကျူးထောပနာကြသည်။ သို့သော် အိမ်ဖြူတော်၊ ပင်တဂွန်အပါအ၀င် အစိုးရအများစုက ကမ္ဘာ့လုံခြုံရေး ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ ၀ဘ်ဆိုဒ်ဟု သတ်မှတ်ပြီး အက်စ်ဆန်းကို အမျိုးမျိုးခြိမ်းခြောက်ထားမှုများ ရှိခဲ့သည်။ အက်စ်ဆန်းကို ချစ်သူ မုန်းသူများအကြား ဗျာများလွန်ဆွဲနေကြသည်။ သူ့ကျော်ကြားမှုအတွက် တိုင်းမ် မဂ္ဂဇင်းက ဒစ်ဂျစ်တယ်ခေတ်ရဲ့ တစ်နှစ်တာ အထူးချွန်ဆုံးပုဂ္ဂိုလ်ဆု ချီးမြှင့်လိုက်သည်။ တဆက်ထဲ သူ့အရိပ်မည်းက နောက်က လိုက်လာသည်။ ဆွီဒင်နိုင်ငံတွင် လိင်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဆိုပဲ။ စတော့ဟုမ်း တရားရုံးက မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ ပြစ်မှုမြောက်လျှင် နှစ်နှစ် ထောင်ဒဏ်ကျခံရမည်။ အင်တာပိုလ် ကလည်း လိုက်နေပြီ။ အားလုံးကတော့ သိနေသည်။ အမေရိကန် နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ။ အက်စ်ဆန်းရဲ့ ခံယူချက်နှင့် သီအိုရီကတော့ ရှင်းနေသည်။ တစ်ကမ္ဘာလုံး လုံးဝလုံးဝ ပွင့်လင်းမြင်သာရေး (total transparency) ရှိဖို့၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိဖို့တဲ့။ သူ့အတွက် ပြဿနာ ရှိရှိမရှိထက်၊ အမေရိကန်အတွက်တော့ အကျပ်ရိုက်ကုန်သည်။ ရုရှားနိုင်ငံကို မာဖီးယားနိုင်ငံဟု အမေရိကန်က နောက်ကွယ်မှ သတ်မှတ်ထားတာ ပေါ်သွားပြီ။ အာဖဂန် စစ်ရေးလျှို့ချက်များ ပေါ်ကုန်ပြီး၊ ကာဇိုင်းအစိုးရအပေါ် အမေရိကန် အယုံအကြည်မရှိတာ ထင်ရှားနေသည်။ လက်နက်အရောင်းအ၀ယ်ကိစ္စ မူးယစ်ဆေးဝါးကိစ္စတွေ ရှိနေသည်။ စင်္ကာပူဝါရင့်ဝန်ကြီး လီကွမ်ယူက အာဆီယံထဲတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့မှာ တရုတ်အင်ဖော်မာများ ဖြစ်နေကြောင်း၊ အစည်းအဝေးလုပ်ပြီး နာရီအနည်းငယ်အတွင်း တရုတ်သတင်းပေးလုပ်နိုင်ကြောင်း ဖွင့်ချထားတာ ပါနေသည်။ ဒေသအသီးသီးရှိ အမေရိကန် သံတမန်များအဖို့လည်း မျက်နှာပျက်စရာဖြစ်နေသလို အသက်အန္တရာယ် စိုးရိမ်စရာများ ရှိနေသည်။ ရှေ့တွင် သံတမန်၊ နောက်တွင် စပိုင်လုပ်နေတဲ့ အမေရိကန်သံအမှုထမ်းတွေရဲ့ လျှို့ဝှက်အထုတ်များ ဖြေဖို့ အားလုံး စောင့်မျှော်နေကြသည်။ ရည်ညွှန်း။ CNN, the New York Times
မြန်မာဝီကီလိခ်


Sunday, April 21, 2013

ဆန္ဒနဲ့ဘဝ
















ကောင်မလေးရေ...
မင်းရဲ့ အပြုံးနုနုနဲ့ နှုတ်ခမ်းအစုံဟာ
ပြင်းရှတဲ့ ၀ိုင်တစ်ခွက်လို
သင်းမြချိုမြိန်ရီဝေစေသတဲ့..
ခက်တာက
ငါ ၀ိုင်မကြိုက်ဘူး...

မင်းရဲ့ သာယာကြည်လင်တဲ့ အသံလေးနဲ့သာ
နိုးထရရင် 
နံနက်ခင်းမှာ တီတာသီကျူးတတ်တဲ့
ငှက်ကလေးတွေရဲ့ တေးသံတွေတောင်
အရှုံးပေးရလောက်ရဲ့တဲ့..
ဒါပေမယ့်
ငါက မနက်စောစောလဲ မနိုးပြန်ဘူး...

ကောင်မလေးရယ်...
မင်းရဲ့ မျက်နှာဝိုင်းလေးဟာ
ညခင်းကို အလင်းရောင်ပေးတဲ့
အေးမြမြ လစန္ဒာသာ ဖြစ်လိုက်ပါတော့လား..
မင်းရဲ့ မျက်လုံးတစ်စုံဟာ
ကောင်းကင်ပြာကြီးထဲ တလက်လက်တောက်နေတဲ့
ကြယ်တာရာကလေးတွေသာ ဖြစ်လိုက်ပါတော့လား..
မင်းရဲ့ နှလုံးခုန်သံ လှိုင်းချက်လေးတွေဟာ
တိတ်ဆိတ်နေတဲ့ ညအလယ်မှာ
ရေပြင်ကို ဖြတ်ပြေးလာတဲ့ လေပြေညင်းလေးအဖြစ်
ငါ့ရင်ကို အေးမြစေပါတော့လား..

ဖြစ်ချင်တော့
ဒီ နွေဦးက ပူလွန်းတယ်
မိုးထိထိုးထောင်နေတဲ့ တိုက်တာတွေနဲ့
အုံ့မှိုင်းဖြန့်ကြက်ထားတဲ့ မြို့ပြမီးရောင်တွေကြား
လစန္ဒာနဲ့ ကြယ်ကလေးကိုရော
ငါရှာတွေ့နိုင်မှာလားကွယ်...


Thursday, April 11, 2013

အိမ်ခြေယာမဲ့တို့၏ မြေအောက်မြို့တော်တစ်ခုကို ရှာဖွေတွေ့ရှိခြင်း


အမေရိကန်နိုင်ငံ၊ မစ်ဆိုရီပြည်နယ်၊ ကန်ဆတ်မြို့တော်အနီးမှာ ရဲတွေဟာ အိမ်ခြေယာမဲ့တွေ နေထိုင်လျက်ရှိတဲ့ မြေအောက်ရပ်ကွက်ငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နေထိုင်နေကြတဲ့ အိမ်ခြေယာမဲ့တွေဟာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိမယ်လို့လဲ ယူဆကြပါတယ်။



အချိန်ဘယ်လောက်ယူပြီး တူးဖော်တည်ဆောက်ထားမှန်း မသိရတဲ့ သည် လှိုဏ်ခေါင်းတွေနဲ့ လှိုဏ်ဂူတွေပါတဲ့ ကွန်ရက်ဟာ မြေအောက်ရဲ့ ၂၀ သို့မဟုတ် ၂၅ပေ အနက်လောက်ထိ နက်ပါတယ်။
လိုဏ်ဂူငယ်လေးတွေကို အိပ်ယာပါဝင်တဲ့ အခန်းငယ်များအဖြစ် ဖွဲ့စည်းထားပြီး အလင်းရောင်အတွက် ဖယောင်းတိုင်တွေ သုံးထားတဲ့ ခြေရာလက်ရာတွေလဲ တွေ့ရပါတယ်။



အနီးအနားတ၀ိုက်မှာ မရှိရှိတာနဲ့ တည်ဆောက်ထားတဲ့ တဲသဏ္ဍာန် အရာများကိုလည်း မြေပြင်ထက် ထိုးထိုးထောင်ထောင် တွေ့ရှိရတာကြောင့် မနည်းလှတဲ့ အိမ်ခြေယာမဲ့တွေ နေထိုင်ကြတာဖြစ်တယ်လို့လဲ ယူဆကြပါတယ်။



ရဲတွေ ရှာတွေ့တဲ့အချိန်မှာ သည်မြေအောက်ရပ်ကွက်လေးနဲ့ မြေပေါ်တဲလေးတွေမှာ နေထိုင်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေမယ့် ရဲအရာရှိတစ်ဦးကတော့ သည်နေရာဟာ အိမ်ခြေယာမဲ့တွေ နေထိုင်လျက်ရှိကြတဲ့ နေရာဖြစ်ပြီး အနည်းဆုံး မနေ့ကအထိ နေထိုင်ခဲ့ကြကြောင်း အာမခံပါတယ်လို့ ဆိုပါတယ်။


သည်မြေအောက်မြို့တော်ကလေးရဲ့ ၀င်လမ်း၊ ထွက်လမ်းတချို့ဟာ ဖုံးအုပ်ကွယ်ဖျောက်ထားတာ တွေ့ရပါတယ်။


တကယ်တော့ ရဲတွေဟာ သည်မြေအောက်မြို့တော်လေးကို တမင်ရှာဖွေခဲ့တာ မဟုတ်ဘဲ အနီးအနားမှာ ရှိတဲ့ စက်မှုဧရိယာမှ ကြေးနီပျောက်ဆုံးမှုတွေအတွက် သူခိုးတွေ လိုက်ရှာရင်း တွေ့ခဲ့ရတာဖြစ်ပါတယ်။
နောက်တော့ သူတို့ဟာ တရားရုံးတော်အမိန့်နဲ့ သည်နေရာမှာ နေထိုင်ခြင်းမပြုနိုင်အောင် ပြုလုပ်ဖို့ ပြန်ရောက်လာခဲ့ကြပါတယ်။ ဘူဒိုဇာတွေ အသုံးပြုကာ တဲသဏ္ဍာန်အရာတွေကို ဖျက်ဆီးပြီး အပျက်အဆီးအစုအပုံတွေနဲ့ မြေအောက်လှိုဏ်တွေကို ဖို့ပစ်လိုက်ကြပါတယ်။


ရဲအရာရှိတစ်ဦးကတော့ စုတ်ပြတ်ညစ်ညမ်းနေတဲ့ ပတ်ဝန်းကျင်အနေအထားဟာ လူတွေ နေထိုင်ဖို့ မသင့်တော်လို့ ဖျက်ဆီးရပါတယ်လို့ ဆိုပါတယ်၊ ဒါ့အပြင် သည်နေရာမှာ နေထိုင်သူတွေဟာ ကလေးတွေ ရှိပြီး ကလေးအနှီးအချို့ကိုလဲ တွေ့ရတယ်လို့ ဆိုပါတယ်။


နောက် သောကြာနေ့မှာ ရဲတွေဟာ အိမ်ခြေယာမဲ့တွေကို ကူညီဖို့ ဖွဲ့စည်းထားတဲ့ Hope Faith Ministries နဲ့အတူ အိမ်ခြေယာမဲ့တွေရဲ့ အခြေချစခန်းကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ရောက်ရှိနေထိုင်လျက်ရှိတဲ့ အိမ်ခြေယာမဲ့ လေးဦးကို တွေ့ရှိခဲ့ကြပါတယ်။
ဒါပေမယ့် သည်မြေအောက်မြို့တော်ကို ဘယ်အချိန်မှာ တည်ဆောက်ခဲ့ကြတယ်ဆိုတာနဲ့ နေထိုင်ခဲ့ကြတဲ့ အိမ်ခြေယာမဲ့ အရေအတွက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ကြရပါဘူး။ နေထိုင်ကြတဲ့ အိမ်ခြေယာမဲ့တွေဟာ ဒီနယ်မြေထဲက ကြေးနီသူခိုးတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့တော့ သံသယရှိကြရပါတယ်။
Hope Faith Ministries ကတော့ တွေ့ရှိခဲ့တဲ့ အိမ်ခြေယာမဲ့လေးယောက်ကို ထောက်ပံ့မှုအစီအစဉ်တွေ ကမ်းလှမ်းခဲ့ပြီး သုံးယောက်ကတော့ လက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီကနေ့ခေတ်ကာလကြီးမှာ လူတွေဟာ ရှင်သန်နေထိုင်မှုအတွက် မြေအောက်ထဲ ဆင်းပြီး စီမံဖန်တီးနေကြရတာကတော့ စိတ်မကောင်းဖွယ်ရာပဲ ဖြစ်ပါတယ်ခင်ဗျာ။

မူရင်းလင့်ခ် http://realestate.aol.com/blog/on/http:/realestate.aol.com/blog/on/underground-city-homeless-kansas-city/#photoID-5800101 ကို ကျွန်တော် ဘာသာပြန်ပါတယ်။
ကျွန်တော် မင်းအရိပ်ပါ  :P