Sunday, April 21, 2013

ဆန္ဒနဲ့ဘဝ
















ကောင်မလေးရေ...
မင်းရဲ့ အပြုံးနုနုနဲ့ နှုတ်ခမ်းအစုံဟာ
ပြင်းရှတဲ့ ၀ိုင်တစ်ခွက်လို
သင်းမြချိုမြိန်ရီဝေစေသတဲ့..
ခက်တာက
ငါ ၀ိုင်မကြိုက်ဘူး...

မင်းရဲ့ သာယာကြည်လင်တဲ့ အသံလေးနဲ့သာ
နိုးထရရင် 
နံနက်ခင်းမှာ တီတာသီကျူးတတ်တဲ့
ငှက်ကလေးတွေရဲ့ တေးသံတွေတောင်
အရှုံးပေးရလောက်ရဲ့တဲ့..
ဒါပေမယ့်
ငါက မနက်စောစောလဲ မနိုးပြန်ဘူး...

ကောင်မလေးရယ်...
မင်းရဲ့ မျက်နှာဝိုင်းလေးဟာ
ညခင်းကို အလင်းရောင်ပေးတဲ့
အေးမြမြ လစန္ဒာသာ ဖြစ်လိုက်ပါတော့လား..
မင်းရဲ့ မျက်လုံးတစ်စုံဟာ
ကောင်းကင်ပြာကြီးထဲ တလက်လက်တောက်နေတဲ့
ကြယ်တာရာကလေးတွေသာ ဖြစ်လိုက်ပါတော့လား..
မင်းရဲ့ နှလုံးခုန်သံ လှိုင်းချက်လေးတွေဟာ
တိတ်ဆိတ်နေတဲ့ ညအလယ်မှာ
ရေပြင်ကို ဖြတ်ပြေးလာတဲ့ လေပြေညင်းလေးအဖြစ်
ငါ့ရင်ကို အေးမြစေပါတော့လား..

ဖြစ်ချင်တော့
ဒီ နွေဦးက ပူလွန်းတယ်
မိုးထိထိုးထောင်နေတဲ့ တိုက်တာတွေနဲ့
အုံ့မှိုင်းဖြန့်ကြက်ထားတဲ့ မြို့ပြမီးရောင်တွေကြား
လစန္ဒာနဲ့ ကြယ်ကလေးကိုရော
ငါရှာတွေ့နိုင်မှာလားကွယ်...


1 comment:

  1. ဟုတ်တယ် အစ်ကိုရေ ... ဒီနွေဦးကတော့ ပူလွန်းတယ် ... လစန္ဒာနဲ့ကြယ်ကလေးတွေတောင် မှိန်ပြပြရယ်ပဲ ... :)

    ReplyDelete