Sunday, July 14, 2013

မွန်-ဗမာနှစ်(၄၀)စစ်အတွင်းမှ မင်းရဲကျော်စွာ၏ ငယ်ကျွန်တော် သူရဲကောင်းနှစ်ဦး

(သုံးစွဲထားသော ပန်းချီပုံမှာ ဖေ့စ်ဘုတ်ခ်ပေါ်တွင် ဆရာဦးသန်းမြင့်တင်ပေးထားသော ပုံများအနက်မှ တစ်ပုံဖြစ်ပါသည်။)


ငနတ်တော်
မင်းရဲကျော်စွာ ဆင်ထိ၍ ဥနှဲပင်အောက်တွင် နေရစဉ်က မွန်တို့သည် မင်းရဲကျော်စွာကို မမြင်ကြ၍ ၎င်း၏ ဆင်တော် နောက်ထိုင် ငနတ်တော်ကို စစ်မေးသော် မသိဟု ဆို၏။ ရာဇာဓိရာဇ်က " ငါ့တူတော်ကို အပြစ်မပြုပါ သားပြုပါမည် " ဟု ဆိုမှ မင်းရဲကျော်စွာ ရှိရာသို့ ညွှန်လေသည်။

ငမြတ်တော်
ဘုရင်မင်းခေါင်သည် ဒလမှ ပုသိမ်သို့ချီ၍ မွန်သူရဲကောင်း သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်) ကျော်စောလှသည် ငါကြည့်လိုသည် ထွက်ပါစေဟု စေ၏။ ထွက်လာ၍ ပြောဟောနေကြစဉ် မင်းရဲကျော်စွာသား မင်းငယ်ကျော်ထင်၏ ကျွန် ငမြတ်တော်သည် သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်) ကို လှံနှင့်လှမ်း၍ ထိုးလိုက်၏။ ဝေးသောကြောင့် မထိုးမိ။ ရှေ့တွင် ကျလေ၏။ သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်) လည်း သတ်ရအောင် ဥပါယ်ဖြင့် ခေါ်သည်ထင်၍ ရုတ်ခြည်းထ၍ ပြန်ခဲ့၏။ မြို့တွင်းသို့ ပြန်ရောက်သောအခါ " ရှေ့တော်တွင် လူဆိုး သူဆိုးတို့ လှံနှင့်ထိုး၍ အရှည်အကြာ ဦးမခိုက်ခဲ့ရပါ "ဟု မင်းခေါင်သို့ လျှောက်လိုက်၏။
မင်းခေါင်သည် မြေးတော် မင်းငယ်ကျော်ထင်ကို ထိုးစေသလော " ဟု စစ်မေးရာ " သူ့အလိုအလျောက် ထိုးပါသည် " လျှောက်မှ ငမြတ်တော် ကို နှောင်ကြိုးတည်း၍ ကြိုက်ရာတွင် ကွပ်လေဟု သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်)သို့ အပ်တော်မူ၏။
သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်)က စစ်မေးသော် " မည်သူမျှ ငါ့ကို မတိုက်တွန်း ငါ့အရှင် မင်းရဲကျော်စွာ ဆုံးရသည်ကို စိတ်နာ၍ ငါ ထိုးပေသည် ငါ့ကို သတ်လိုလျှင် သတ်ပါ ငါမကြောက် " ဟု ဆို၏။
သမိန်အင်းဝနိုင် (သမိန်အဝနံနိုင်)လည်း " အရှင်ကိုချစ်သော သူရဲကောင်းကို ငါမသတ်လို " ဟုဆို၍ ဘုရင်မင်းခေါင်သို့ ဤသို့ လျှောက်၏။ " အရှင်မင်းကြီးက စေ၍ထိုးသည်ဟု ထင်မှားမိပါသည် သည်းခံတော်မူပါ။ ထိုသူ၏ အသက်ကို ကျွန်တော် တောင်းပန်ပါ၏ " ဟု လျှောက်လိုက်၏။ မင်းခေါင်လည်း စိတ်ပြေ၍ လွှတ်တော်မူ၏။

(ဦးဖိုးကျားရေးသားသော မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာ စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။)

Thursday, July 11, 2013

မင်း၊ ငါ၊ သူ


ဖန်တစ်ရာတေနေတဲ့ စကားတွေချည်း ကြားနေရတာ
ငြီးငွေ့လွန်းလှပြီ
လူတွေရဲ့အဝေးကို ပြေးထွက်သွားချင်မိရဲ့
စကားလုံးတွေက ဓားသွားတွေထက် ထက်တယ်
လှိုင်းလုံးတွေထက် အားကြီးတယ်
တပါးသူကို တိုက်ခိုက်ရင်း
ကိုယ့်ကိုကိုယ် ကာကွယ်နေကြ
တပါးသူကို နှိမ့်ချရင်း
ကိုယ့်ကိုကိုယ် မြှင့်တင်နေကြ
တပါးသူကို စွပ်စွဲရင်း
ကိုယ့်ကိုကိုယ် ဟန်ဆောင်နေကြ
မှန်ရှေ့မှာ ရပ်နေကြရင်း
ပုံရိပ်ယောင်တွေကိုပဲ အမှန်ထင်နေကြ
ငါရောက်နေတာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ
ငါရောက်နေတာ အပြေးပြိုင်ပွဲတစ်ခုမှာ
ငါရောက်နေတာ တောရိုင်းကောင်တွေကြားထဲမှာ
မှန်ထဲ ကြည့်မိတဲ့အခါ
ငါ့ကိုယ်ငါတော့ လူလို့ မြင်ရတာပါပဲ
တောဥပဒေသရှိတယ်
အားကြီးသူသာ အနိုင်ရစတမ်း
အဲဒါဟာလဲ
လောကရဲ့ ဥပဒေတစ်ခုပဲ ဖြစ်တယ်

Sunday, July 7, 2013

သူတောင်းစားအားပေးတဲ့တိုင်းပြည်



ခင်ဗျားကြားဖူးလားဗျ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာပေါ့ဗျာ။
ခြေအကောင်း၊လက်အကောင်းသူတောင်းစားများကို အလုပ်လုပ်ချင်စိတ်ပေါ်ပေါက်စေရန်အတွက် ပိုက်ဆံမပေးခြင်းဖြင့် ကူညီကြပါဆိုတာလေ။
ကျွန်တော်လဲ ကောင်းကောင်းကြီး ကြားဖူးတာပေါ့။
ကျွန်တော်တို့ မြန်မာလူမျိုးတွေက အင်မတန်သနားတတ်ကြတယ်၊ ကြင်နာတတ်ကြတယ်၊ သို့သော် သူတောင်းစားတွေနဲ့ပတ်သက်ရင်တော့ ပိုက်ဆံမထည့်ဖြစ်တာများမယ်ထင်တယ်၊ လူကောင်းပကတိ သူတောင်းစားတွေကိုလေ။
တစ်ခါတုန်းကပေါ့။
ကျွန်တော် မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တစ်မြို့ကို စ ရောက် ရောက်ချင်း ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်သွားထိုင်ကြတယ်၊ ည ရှစ်နာရီလောက်ပေါ့၊ ဘောလုံးပွဲလဲ ကြည့်ရင်း၊ လက်ဖက်ရည်လဲ သောက်ရင်းပေါ့ဗျာ။
ဒီလိုထိုင်နေရင်းနဲ့ ကျွန်တော့်မိတ်ဆွေက ကောက်ခါငင်ခါကြီးပြောတယ်ဗျ။
ညီလေးတဲ့၊ တစ်ခါတစ်လေ ဒီဆိုင်ကို သူတောင်းစားလေးတွေ ရောက်လာတတ်တယ်၊ ကလေးလေးတွေပေါ့ကွာ၊ ပိုက်ဆံသွားမပေးနဲ့ကွတဲ့။
ကျွန်တော်က ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ ဒီကောင်တွေကွာ၊ ခြေအကောင်း၊ လက်အကောင်း၊ ဒုက္ခိတလဲ မဟုတ်ဘဲနဲ့ လွယ်လို့ တောင်းစားနေကြတာကွ၊ အလုပ်လုပ်ချင်စိတ် မရှိတာ၊ ဒီဆိုင်မှာ ကြည့်စမ်း၊ အလုပ်လုပ်နေတဲ့ ကလေးတွေအများကြီး၊ ပိုက်ဆံပေးချင်ရင်တောင် အဲဒီလို သူတောင်းစားတွေထက် လခနည်းနည်းလေးနဲ့ အလုပ်လုပ်နေရတဲ့ ကလေးတွေကို ပေးတာ ပိုတန်တယ်ကွတဲ့။
အင်း၊ ဟုတ်သလိုလိုပဲ၊ ကျွန်တော် ခေါင်းတဆတ်ဆတ်ငြိမ့်မိတယ်။
သူ ပြောတာ မှန်ပါတယ်၊ ကလေးတွေ ငယ်ငယ်လေးကတည်းက တောင်းစားရင် ငွေရလွယ်မှန်းသိတဲ့အခါ ကြီးလာရင် ဘယ်အလုပ်လုပ်ချင်တော့မလဲ၊ အလွယ်လိုက်တတ်သွားပြီ၊ ပညာသင်ဖို့လဲ စိတ်ကူးမှာ မဟုတ်တော့ဘူးလေ။
တကယ်တမ်းလဲ သူတောင်းစားလေးတွေ ရောက်လာတဲ့အခါ ကျွန်တော့်အသိက ပိုက်ဆံမပေးတဲ့အပြင် ခေါ်ပြီး ရစ်လိုက်ပါသေးတယ်။
မင်း ဘယ်မှာနေလဲကွ၊ မင်း မိဘမရှိဘူးလား၊ ကျောင်းတက်လား၊ ဘာညာပေါ့။
ကလေးကလဲ ပြန်ဖြေပါတယ်၊ (ပိုက်ဆံလေးများ ရမလားပေါ့)၊ ဘယ်ရွာကပါ၊ အိမ်မှာ စားစရာလုံးဝမရှိလို့ပါ၊ ပိုက်ဆံလေး နည်းနည်းလောက်ပေးပါပေါ့။
ကျွန်တော့်မိတ်ဆွေက လုံးဝ မပေးပါဘူး၊ သူတောင်းစားလေးပြောတာကိုလဲ ယုံကြည်ဟန်မတူပါဘူး။ တစ်ကျပ်တောင် မထုတ်ပါဘူး၊ မင်းတို့ လက်အကောင်း၊ ခြေအကောင်း၊ အလုပ်လုပ်လို့ ရရဲ့သားနဲ့ ဘာလို့လိုက်တောင်းစားနေတာလဲ၊ မင်းမရှက်ဘူးလား စသဖြင့် သြ၀ါဒတောင် ခြွေလိုက်ပါသေးတယ်။
နောက်တော့လဲ သူတောင်းစားလေးခမြာ လေကုန်တာနဲ့ မကာမိဘဲ လက်ဗလာပြန်ထွက်သွားပါတော့တယ်။
ဒီဖြစ်ရပ်မှာ ကျွန်တော့်မိတ်ဆွေရဲ့ တွေးခေါ်ယူဆချက်နဲ့ လုပ်ဆောင်မှုဟာ မှားသလားဆိုတော့ မမှားပါဘူး။
ဒါဖြင့် မှန်သလားလို့ မေးရင်ရော မှန်တယ်လို့ ပြောနိုင်ပါသလား။
ကျွန်တော် မဖြေတတ်ပါဘူး။
ဒါပေမယ့် ကျွန်တော့်အတွေးထဲမှာတော့ သက်ကြီးရွယ်အိုတွေ၊ ဒုက္ခိတတွေကလွဲလို့ တခြားသူတောင်းစားတွေကို ပိုက်ဆံပေးတာဟာ သူတို့အလုပ်လုပ်ချင်စိတ်ကို ချိုးနှိမ်လိုက်တာပဲဆိုတဲ့ အတွေးလေးတစ်ခုတော့ ရသွားခဲ့ပါတယ်။
ဒီယူဆချက်ဟာ မှန်လား၊ မှားလား သုံးသပ်ဖို့ ကျွန်တော်မစဉ်းစားမိသေးခင်မှာဘဲ ကံတရားရဲ့ ပို့ဆောင်မှုကြောင့် ဥရောပနိုင်ငံတစ်နိုင်ငံကို ကျွန်တော် ရောက်လာခဲ့ပါတယ်။
အနောက်နိုင်ငံတစ်ခုမှာ ရက်ပေါင်းများစွာ နေထိုင်ပြီးနောက် သူတောင်းစားနဲ့ပတ်သက်လို့ ကျွန်တော့်ခေါင်းထဲက အထက်ပါအတွေးလေးဟာ မှန်သလား၊ မှားသလား သုံးသပ်ကြည့်ဖို့ အခြေအနေတွေ ဖန်လာခဲ့ပါတော့တယ်။
အနောက်နိုင်ငံတွေဆိုတာ အားလုံး သိတဲ့အတိုင်းပဲ ကိုယ့်အားကိုယ်ကိုးဖို့ အင်မတန်အားပေးတဲ့ နိုင်ငံတွေပါ။
ပညာရေးမပြီးဆုံးသေးတဲ့ ကျောင်းသားတွေတောင် အသက်၁၈နှစ်ပြည့်ရင် ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်ဖို့ ကြိုးစားကြတဲ့ နိုင်ငံဖြစ်ပါတယ်။
အစက ကျွန်တော်ထင်ခဲ့တာတော့ ဒီလိုနိုင်ငံမျိုးတွေမှာ သူတောင်းစားအင်မတန်ရှားလိမ့်မယ်လို့ပေါ့။
တကယ်တမ်းတော့ သူတောင်းစားတွေဟာ မပေါပေမယ့် ရှားတော့ မရှားပါဘူး။
အဖိုးကြီး၊ အဖွားကြီးတွေလဲ တောင်းနေတာ တွေ့ဖူးတယ်၊ ကလေးကို လက်ဆွဲလို့ အမေက လိုက်တောင်းနေတာလဲ တွေ့ဖူးတယ်၊ ဒုက္ခိတတွေ လိုက်တောင်းနေတာလဲ တွေ့ဖူးတယ်၊
အဲ ခြေအကောင်း လက်အကောင်း အလုပ်လုပ်နိုင်တဲ့ သန်သန်မာမာ လူလတ်ပိုင်းအရွယ် ယောက်ျား၊ မိန်းမ တွေ တောင်းစားနေကြတာတောင် တွေ့ရရဲ့။
အဲဒီလို လူတွေရဲ့ အ၀တ်အစားဟာ စုတ်ပြတ်သတ်နေတာတော့ မဟုတ်ဘူး၊ တစ်ခါတစ်လေ ကျွန်တော်ဝတ်ထားထက်တောင် ဖက်ရှင်ကျရင် ကျနေမယ်၊ စတိုင်မိရင် မိနေမယ်၊ တစ်ခါတစ်လေ သူ့နံဘေးမှာ သူမွေးထားတဲ့ ခွေးလှလှတစ်ကောင် ရှိချင်ရှိမယ်၊ ကြောင်လေး နှစ်ကောင်၊သုံးကောင် ရှိချင်ရှိမယ်။
ဆိုင်းဘုတ်စာရွက်လေးတွေတော့ သူတို့ဘေးနားမှာ ရှိတယ်၊ သူဟာ အိမ်ခြေယာမဲ့၊ ဒါမှမဟုတ် အလုပ်လက်မဲ့၊ ဒါမှမဟုတ် ရောဂါတစ်ခုခုကို ဆေးကုဖို့ စသဖြင့်ပေါ့။
မြန်မာနိုင်ငံက သူတောင်းစားတွေနဲ့ ကွာတာကတော့ သူတို့က အတင်းလိုက်မတောင်းဘူး။ ကားဂိတ်၊ ရထားဂိတ်နဲ့ လူစည်ကားရာအရပ်တွေမှာ ကိုယ့်ဘာသာ ဆိုင်းဘုတ်လေးထောင်ပြီး ထိုင်နေကြတာပါပဲ။ တချို့ကတော့ လက်ဝါးလေးဖြန့်ရင်းပေါ့။ အချို့ကတော့ သက်ဆိုင်ရာဘုရားစာလေးတွေ ရွတ်ရင်းပေါ့။
မြေအောက်ရထားတွဲတွေမှာ ဆိုရင်တော့ သူတောင်းစားတွေဟာ သူ့အခက်အခဲတွေကို ပါးစပ်က ပြောရင်း အိတ်တစ်လုံးကိုင်ပြီး ထိုင်နေ၊ ရပ်နေကြသူတွေ အလယ်ကနေ ဒီတိုင်းဖြတ်သွားတာပါပဲ။
ဒီနေရာမှာ တစ်ခုပြောချင်တာက သူတို့ဆီက လူစည်ကားရာအရပ်တွေမှာ သူတောင်းစားတွေအပြင် တူရိယာတစ်မျိုးမျိုးနဲ့ သီချင်းဆိုနေသူတွေလဲ ရှိတယ်၊ အဖွဲ့လိုက်လည်း ဖြစ်ချင်ဖြစ်မယ်၊ သီချင်းဆိုတာ မဟုတ်လဲ ကိုယ်တတ်ကျွမ်းရာ အနုပညာတစ်ခုခုကို ဖော်ကျူးပြသနေကြသူတွေလည်း ရှိတယ်။
သူတို့အနီးမှာ သူတောင်းစားများနည်းတူ ဦးထုပ်လေးတစ်လုံးဖြစ်စေ၊ ခွက်ကလေးတစ်ခွက်ဖြစ်စေ၊ အိတ်ကလေးတစ်လုံးဖြစ်စေ ချထားလေ့ရှိတယ်။
ဒါပေမယ့် ဒီလူတွေဟာ သူတောင်းစားတွေမဟုတ်ပါဘူး၊ လမ်းသွားလမ်းလာပြည်သူလူထုကို သူတို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေနေကြတာသာ ဖြစ်ပါတယ်။
လမ်းသွားလမ်းလာများကလဲ အဆင်ပြေရင် ရပ်ကြည့်နေမယ်၊ ဒါမှမဟုတ် နားသောတဆင်မယ်ပေါ့။ နောက်ပြီးတော့ ဦးထုပ်ထဲကိုဖြစ်စေ၊ ခွက်ထဲကိုဖြစ်စေ၊ တတ်နိုင်သလောက် ပိုက်ဆံလေးတွေ ထည့်သွားကြတယ်။
ဒါဟာ ဒီလူတွေ တောင်းစားနေတာပဲ ဆိုတဲ့သဘောနဲ့ ပိုက်ဆံကို စွန့်ကြဲသွားတာမဟုတ်ပါဘူး။
အနုပညာတစ်ရပ်ရပ်ကို အချိန်ကုန်ခံပြီး လေ့လာလိုက်စားထားကြတဲ့သူတွေကို လေးစားအားပေးတဲ့အနေနဲ့ ဖြစ်ပါတယ်။ ပေးဆပ်ခဲ့တဲ့ သူတို့ရဲ့ အချိန်တွေ၊ သူတို့ရဲ့ လုပ်အားတွေအတွက်ပေါ့။
ဒီလူတွေရတဲ့ပိုက်ဆံဟာ တောင်းစားတဲ့ပိုက်ဆံမဟုတ်ပါဘူး၊ အနုပညာကြေးပါ၊ သူတို့ဟာ တောင်းစားနေကြတာ မဟုတ်ပါဘူး၊ အနုပညာအလုပ်နဲ့ အသက်မွေးနေတာလို့ ဆိုနိုင်ပါတယ်။
လမ်းပေါ်မှာ အနုပညာတစ်ရပ်ရပ်နဲ့ ဖျော်ဖြေလို့ လမ်းသွားလမ်းလာတွေက ပိုက်ဆံလှူဒါန်းသွားတာတော့ ဟုတ်ပါပြီ။ ဘာမှ မလုပ်ဘဲ လမ်းဘေးမှာ ထိုင်ပြီး တောင်းစားနေကြတဲ့ သူတောင်းစားအစစ်တွေကိုရော လမ်းသွားလမ်းလာ ခရီးသွားတွေက စွန့်ကြဲကြရဲ့လား။
ကိုယ့်အားကိုယ်ကိုးဖို့ အင်မတန်အားပေးတဲ့ အနောက်နိုင်ငံမှာ ဘာမှမလုပ်ဘဲ လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ သူတောင်းစားကို သူတို့ စွန့်ကြဲကြပါ့မလား။
ဟင့်အင်း၊ သူတို့ စွန့်ကြဲကြပါတယ်၊ ငွေအကြွေပါသူတွေ ဒါမှမဟုတ် စွန့်ကြဲဖို့ အဆင်ပြေတယ်ဆိုရင် စွန့်ကြဲသွားကြတာပါပဲ။
အဖိုးကြီး၊ အဖွားကြီးတွေ၊ ဒုက္ခိတတွေကို စွန့်ကြဲတာ ထားပါတော့၊ အားကိုးရာမဲ့တွေကိုး။
ပြောက်ကျားဝတ်စုံဝတ်ထားပြီး ခြေပြတ်၊လက်ပြတ် စစ်ထွက်တွေများဆို ကူညီကြပါလို့တောင် အော်စရာမလို၊ မြေအောက်ရထားတွဲထဲ တစ်ခေါက်ဖြတ်လျှောက်လိုက်ရုံနဲ့ တစ်ယောက်ပြီး တစ်ယောက် ပိုက်ဆံတွေ ထည့်ကြတာ တွေ့ရမယ်။ တလေးတစားနဲ့ပေါ့။
ထားပါတော့။
ဒီလိုလူတွေအပြင် ကူညီကြပါဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး လမ်းဘေးထိုင်နေသူ လူကောင်းပကတိ လူလတ်ပိုင်းတွေ၊ ကိုယ်က စားမရှိလို့ တောင်းစားနေတာတောင် ခွေးတွေ၊ ကြောင်တွေ မွေးထားတဲ့ လူကောင်းပကတိ လူလတ်ပိုင်းသူတောင်းစားတွေရော ပိုက်ဆံထည့်တဲ့သူ ရှိမှ ရှိပါ့မလား။
အဲဒီလိုတွေးမိရင်တော့ ခင်ဗျား မှားသွားမယ်၊ သိပ်ရှိတာပေါ့ဗျာ၊ ဒီနိုင်ငံမှာ တောင်းတဲ့သူရှိရင် ပိုက်ဆံထည့်တဲ့သူလဲ ရှိကိုရှိတယ်ဗျ။ နာရီအနည်းငယ်လောက် တောင်းရုံနဲ့ မက်ဒေါနယ်က ဘာဂါလောက်တော့ သွားဝါးလို့ ရနိုင်ပါတယ်။
ဟာ ဒါအနောက်နိုင်ငံလေ၊ ကိုယ့်အားကိုယ်ကိုးဖို့ အင်မတန်အားပေးတဲ့ နိုင်ငံလေ၊ ဘယ့်နှယ် ခုတော့ သူတောင်းစားအားပေးတဲ့တိုင်းပြည်ဖြစ်နေပါပေါ့လား။
ဟုတ်ကဲ့၊ ကျွန်တော်လဲ အဲဒီအတိုင်း တွေးခဲ့ဖူးပါတယ်။
ကျွန်တော်တို့လို သူများကို သနားတတ်တဲ့ အရှေ့တိုင်းနိုင်ငံတွေဆို ထားပါတော့၊ ဒါ ကိုယ့်ကိုကိုယ်ကလွဲလို့ သူများကို ဂရုမစိုက်တတ်တဲ့ အနောက်တိုင်းနိုင်ငံလေဗျာ၊ ဘာကြောင့် သူတောင်းစားတွေကို ဒီလောက်တောင် အားပေးကြပါလိမ့်။
ဒီလိုအရာတွေကို မြင်ရတာများလာတော့ ကျွန်တော့်မှာလဲ တွေးစရာ ဖြစ်လာတော့တာပေါ့။
ဒီနိုင်ငံကလူတွေက အင်မတန် သနားတတ်လို့များလား၊
မိုးလင်းကနေ မိုးချုပ်ထိ ပြေးလွှားလှုပ်ရှားနေမှ စားဝတ်နေရေးပြေလည်နိုင်မယ့် ဒီလိုနိုင်ငံမျိုးမှာ အလုပ်လုပ်နေကြတဲ့သူတွေအနေနဲ့ အလုပ်လုပ်နိုင်လျက်နဲ့ မလုပ်ဘဲ အေးအေးလူလူတောင်းစားနေကြတဲ့ ဒီလူတွေအပေါ် သဒ္ဓါတရားထားဖို့ဆိုတာ လွယ်နိုင်ပါ့မလား။
ကျွန်တော့်အတွက်တော့ ပုစ္ဆာတစ်ပုဒ်လိုပေါ့၊ တွေးရခက်နေပြီ။
ကိုယ်သိကျွမ်းသူ ဒီနိုင်ငံသားတစ်ယောက်ယောက်ကို ဟေ့ မင်းတို့ နိုင်ငံသားတွေ ဘာလို့ သူတောင်းစားအားပေးကြတာတုန်းလို့ မေးရင်လဲ အထိုးခံရဖို့ပဲ ရှိတယ်မဟုတ်လား၊ ဒီတော့ ဘယ်သူ့ကိုမှလဲ မမေးရဲဘူးဗျ။
ဒီလိုနဲ့ပဲ ကျွန်တော်ဟာ အိမ်ခြေယာမဲ့တစ်ယောက်ပါ၊ ကျွန်မဟာ အလုပ်လက်မဲ့ပါ စတဲ့ ဆိုင်းဘုတ်လေးတွေကို မြင်ရပါများလာတော့ ကျွန်တော် နည်းနည်းတော့ သဘောပေါက်သလို ရှိလာခဲ့တယ်။
ခင်ဗျားရော။
ကျွန်တော်ဟာ အိမ်ခြေယာမဲ့ပါ၊ ကျွန်တော်ဟာ အလုပ်လက်မဲ့ပါ၊ ကျွန်တော့်မှာ ရှိသမျှအရာအားလုံးကို ဆုံးရှုံးခဲ့ပါပြီ။
အဲဒီစာသားလေးကို လေး၊ငါး၊ဆယ်ခေါက်လောက် ခင်ဗျားဖတ်ကြည့်စမ်းဗျာ။
ခင်ဗျား ဘာတွေ တွေးမိလဲ။ ဘာခံစားမိလဲ။
ကျွန်တော်တွေးမိတာတော့ ဒီလိုဗျ။
သူတောင်းစားတွေ ဘာလို့ တောင်းစားလဲ၊ စားစရာမရှိလို့ပေါ့။
စားစရာ ဘာလို့ မရှိလဲ၊ ပိုက်ဆံမရှိလို့ပေါ့။
ပိုက်ဆံ ဘာလို့ မရှိလဲ၊ အလုပ်မလုပ်လို့ပေါ့။
အလုပ် ဘာလို့ မလုပ်လဲ၊ အလုပ်မရှိလို့ပေါ့။
အလုပ်ဘာလို့မရှိလဲ၊ အော် မရှိပါဘူးဆိုမှ ရှာမရလို့ပေါ့။
ဒီမှာ အဖြေပေါ်ပြီလို့ ကျွန်တော် ထင်မိပါရဲ့။
ကျွန်တော်တို့ရဲ့ ကမ္ဘာလောကကြီးဟာ လူတိုင်းကို ပိုက်ဆံရမယ့်အလုပ်၊ ထမင်းကျွေးပေးမယ့်အလုပ် မပေးနိုင်ဘူးဗျ၊ အလုပ်ဆိုတာများ ရှာလုပ်လဲ ရပါတယ်တဲ့၊ ကောင်းပြီလေ၊ သို့သော် သမ္မာအာဇီဝအလုပ်ကတော့ ရှားပါလိမ့်မယ်ဗျာ။
ဒီတော့ ဒီလိုဖြေရှင်းချက်လေး ထုတ်ကြည့်ရအောင်။
လူတစ်ယောက် အလုပ်လက်မဲ့ဖြစ်သွားပြီ၊ ဒီအခါ သူ့မှာ ၀င်ငွေမရှိတော့ဘူး၊
အလုပ်သစ်ရှာရင်းနဲ့ စားဝတ်နေရေးအတွက် ရှိတာလေးတွေ ရောင်းစားရတော့မယ်၊ အဓိက ကတော့ စားရေးပါပဲ၊ မသေအောင်တော့ ၀မ်းဗိုက်ကို ဖြည့်ကို ဖြည့်ပေးရမယ်၊
ငါတော့ သေချင်တာပဲလို့ ဘယ်လောက်ပြောပြော လူဆိုတာ သေရမှာ ကြောက်ကြတဲ့အမျိုးပါပဲ။
ဒီလိုနဲ့ အလုပ်ကလည်း ရှာမရတဲ့အပြင် ပိုင်ဆိုင်သမျှလေးတွေလဲ ကုန်၊ အိမ်ခြေယာမဲ့လဲ ဖြစ်သွားပါလေရော၊ (အစကတည်းက မရှိတာလဲ ဖြစ်ချင်ဖြစ်မယ်)
ကဲ ၀င်ငွေလဲ မရှိဘူး၊ ရောင်းစရာလဲ ဘာမှ မရှိတော့ဘူး၊ ဒါပေမယ့် ဗိုက်က ဆာနေပြီ၊ ဘာလုပ်မလဲ။
တောင်းစားရတော့မှာပေါ့ဗျာ။
တောင်းစားတဲ့အခါ အိမ်ပြန်မ၀ယ်နိုင်ပေမယ့် အစာမစားရလို့ မသေဖို့အတွက်တော့ စိတ်ချသွားရပြီပေါ့။
ကောင်းပြီ။ ဒီနေရာမှာ တောင်းစားတဲ့သူဟာ အလုပ်လုပ်နိုင်ပါလျက်နဲ့ မလုပ်ဘဲ တောင်းစားနေတာ၊ တစ်ပြားမှ မထည့်ဘူးဟာဆိုတဲ့ လူတွေချည်းပဲ ရှိမယ် ဆိုပါစို့။
ဒီ အိမ်ခြေယာမဲ့၊ အလုပ်လက်မဲ့လူဟာ တောင်းစားပါသော်လည်း တစ်ပြားမှ မရ၊ ဗိုက်ကလဲ အင်မတန်ဆာနေပြီ၊ ဘယ်လိုမှ ထိန်းမထားနိုင်တော့ဘူး၊ ဒီလူ ဘာလုပ်မလဲ။
အင်း၊ တောင်းစားလို့ မရမှတော့ ခိုးစားပြီပေါ့ဗျာ၊ ခိုးမယ်၊ ၀ှက်မယ်၊ လုမယ်၊ ၀မ်းရေးအတွက်ကတော့ လုပ်ရမှာပဲကိုယ့်လူရေ၊ ခြေလက်တွေရှိနေပါလျက် အဆာလွန်ပြီးတော့ အသေခံမယ့်သူတော့ အင်မတန်ရှားလိမ့်မယ်ဗျ။
ကဲ အခုတော့ သူတောင်းစားအားပေးရခြင်းရဲ့ အဖြေကို အပြည့်အစုံမဟုတ်တောင် တစ်ချို့တစ်ဝက်တော့ ဖေါ်နိုင်ပြီထင်တာပါပဲ။
တကယ်တော့ သူတောင်းစားအားပေးခြင်းဟာ သူခိုးအားမပေးခြင်းပဲ ဖြစ်ပါတယ်။ ခါးပိုက်နှိုက်အားမပေးခြင်းပဲ ဖြစ်ပါတယ်၊ ဓားပြအားမပေးခြင်းပဲ ဖြစ်ပါတယ်။
ဟေ့ ဟေ့၊ ခိုးချင်တဲ့သူကတော့ ခိုးမှာပဲ၊ ဓားပြတိုက်ချင်တဲ့သူက တိုက်မှာပဲလို့ ခင်ဗျားပြောချင်လား။
ဟုတ်တော့ ဟုတ်ပါတယ်၊ သူခိုးတွေကတော့ ခိုးနေမှာပဲ၊
ဒါပေမယ့် ဗိုက်ဝနေတဲ့ သူတောင်းစားတစ်ယောက်ဟာ သူခိုး ဖြစ်ချင်မှ ဖြစ်လာလိမ့်မယ်၊ နောက်ပြီး စားစရာလုံးဝမရှိတဲ့ သူတောင်းစားတစ်ယောက်ကြောင့် သူခိုးစာရင်းထဲမှာ နောက်တစ်ယောက် တိုးလာနိုင်တယ်မဟုတ်လား။
ကျွန်တော် တွေးမိသလောက်ပေါ့လေ၊ ဒီလိုလဲ ဟုတ်ချင်မှ ဟုတ်မယ်၊ ဒါထက်လဲ အဓိပ္ပါယ် ပိုကျယ်ပြန့်ချင် ကျယ်ပြန့်မယ်ပေါ့။
ဘာပဲပြောပြော အဖြေလေးတစ်ခု ရှာတွေ့တဲ့အတွက် ကျွန်တော်တော့ ကျေနပ်သွားပြီ။
ခင်ဗျားတော့ ကျေနပ်လားမသိဘူး။
မကျေနပ်လဲ ကျွန်တော်တော့ ထပ်မတွေးချင်တော့ဘူးဗျ။
ဒီတော့ မြန်မာပြည်က လူတွေပြောပြောနေကြတဲ့ စကားလေးနဲ့ပဲ ပိတ်လိုက်ရအောင်။
ခြေအကောင်း၊လက်အကောင်းသူတောင်းစားများကို အလုပ်လုပ်ချင်စိတ်ပေါ်ပေါက်စေရန်အတွက် ပိုက်ဆံမပေးခြင်းဖြင့် ကူညီကြပါဆိုတာလေ။
ဟဲ..ဟဲ.. ခင်ဗျား ဘယ်လိုဆုံးဖြတ်မလဲဗျ။
သူတောင်းစားကို ပိုက်ဆံပေးခြင်းဖြင့် အားပေးမလား။
သူတောင်းစားကို ပိုက်ဆံမပေးခြင်းဖြင့် သူခိုးတွေကိုပဲ အားပေးမလား။
ကြိုက်ရာရွေးပေတော့ဗျို့။


Thursday, June 13, 2013

စစ်ကြီးပြီးတဲ့အခါ


စစ်ကြီးစတင်တဲ့အခါ
လူငယ်တွေ သေလွန်ကြ
လူကြီးတွေ ဦးနှောက်ခြောက်ကြ

စစ်ကြီးပြီးဆုံးတဲ့အခါ
လူငယ်တွေ ရှင်သန်ကြ
လူကြီးတွေ လက်ဆွဲနှုတ်ဆက်ကြ

စစ်ကြီးပြီးသွားတဲ့အခါ
သေနတ်သံနဲ့ ဗုံးဆံတွေကြား
ပုန်းလျှိုးနေခဲ့ကြရတဲ့
မိဘမဲ့ကလေးတွေနဲ့ ကလေးမဲ့မိဘတွေရဲ့
ငိုရှိုက်သံတွေ ခပ်သဲ့သဲ့ကြား
ခဏအတွင်းမှာပဲ
ငြိမ်းချမ်းရေးအတွက် တီးတဲ့လက်ခုပ်သံတွေကြား
တိုးဝင်ပျောက်ကွယ်သွား

စစ်ကြီးပြီးသွားတဲ့အခါ
ဆေးရုံပေါ်က လူငယ်လေးတစ်ယောက်
လက်မရှိတော့တာ မေ့ပြီး
လက်ခုပ်တီးဖို့ပြင်
ခြေထောက်မရှိတော့တဲ့ လူငယ်လေးက
ထ ကဖို့ ကြိုးစား
မျက်လုံးမမြင်တော့တဲ့ လူငယ်လေး
မျက်ရည်တပေါက်ပေါက်ကျလာ
တောထဲရောက်နေတဲ့
ခြေအကောင်းလက်အကောင်းလူငယ်လေးကတော့
စွန့်ခွာသွားတဲ့ သူငယ်ချင်းတွေကို သတိရလို့
မြေကြီးကို လက်နဲ့ စမ်းကြည့်နေတယ်

စစ်ကြီးပြီးသွားတဲ့အခါ
လူငယ်တွေမှာ အာဃာတ မရှိကြတော့ဘူး
အနိုင်အရှုံးကိုလဲ သူတို့ မသတ်မှတ်ဘူး
ရန်ငြိုးလဲ မထားတတ်ဘူး
ပြန်ဆုံနိုင်မယ့်သူတွေအတွက် ပျော်မယ်
ပြန်မဆုံနိုင်တော့မယ့်သူတွေအတွက် ၀မ်းနည်းမယ်
ရိုးရှင်းပါရဲ့

စစ်ကြီးပြီးသွားတဲ့အခါ
စိုက်ဖို့ပျိုးဖို့
လယ်သမားဟာ လယ်မြေထံ ပြန်လာတယ်
သည်မြေအောက်မှာ မိုင်းခင်းထားသလား
သေချာမသိနိုင်
သည်မြေအောက်မှာ
နိုင်ငံအတွက်သော်လည်းကောင်း
လူမျိုးအတွက်သော်လည်းကောင်း
ပြည်ထောင်စုအတွက်သော်လည်းကောင်း
အဖွဲ့အစည်းအတွက်သော်လည်းကောင်း
ယုံကြည်ချက်အရလည်းကောင်း
ခံယူချက်အရလည်းကောင်း
လိုအပ်ချက်အရလည်းကောင်း
အမိန့်အရလည်းကောင်း
သို့တည်းမဟုတ်
ရှောင်ပုန်းပြေးလွှားရင်းဖြင့် လည်းကောင်း
လဲလျောင်းနေသူတွေတော့ သေချာပေါက်ရှိရဲ့
သူတို့ ပေးဆပ်ဖို့ကြိုးစားနေကြတုန်းပဲ
မြေသြဇာအဖြစ်
သူတို့မိသားစုနဲ့ သူတို့အချင်းချင်းကလွဲလို့
သူတို့ကို သတိရမယ့်သူ မရှိလောက်တော့

စစ်ကြီးပြီးတဲ့အခါ
လူငယ်အချို့ မြေသြဇာဖြစ်ကြ
လူကြီးတွေ လက်ဆွဲနှုတ်ဆက်ကြ

Wednesday, June 12, 2013

ခေတ်လား လူလား


မင်းတို့ရဲ့ ခေတ်ကို အမီမလိုက်နိုင်တာ တောင်းပန်ပါရဲ့
မင်းတို့က
သိက္ခာထက် ရမ္မက်ကို ပိုတန်ဖိုးထားတယ်
ကိုယ်ကျင့်တရားထက် ရလိုမှုကို ရှေ့တန်းတင်တယ်
ငါးပါးသီလထက် ဆန္ဒကို ဦးစားပေးတယ်
ခေတ်နဲ့အမီ ရှေ့ကိုတိုးရင်း
ကျပျောက်ခဲ့ကြတာ ဓလေ့ထုံးတမ်းတွေလေ
ထိန်းသိမ်းမှုအစဉ်အလာတွေဆိုတာ ဒိတ်အောက်သွားတတ်လား
ပြတိုက်မှာပဲ ထားရတော့မှာလား
မင်းတို့ ပျော်ပျော်ပါးပါးကစားနေကြတဲ့ ကစားပွဲတွေကို
ငါက မျက်စိနောက်တယ်
တရားသဘောနဲ့ကြည့်ရင် 
ဘယ်အရာမှ မက်စရာမရှိတာတော့ ဟုတ်တယ်
ခန္ဓာဆိုတာကြီးကလဲ အရေပြားတစ်ထောက်စာပဲပေါ့လေ
ဟက်...ဟက်...
သူများလို မိုးခါးရေမသောက်တတ်မှတော့
ငါပဲ နေခဲ့လိုက်တော့မယ်
လူပီသချင်ရင်တော့
ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့နဲ့ တပါးသူကို တန်ဖိုးထားတတ်ဖို့လဲ လိုသေးတယ်...

Sunday, May 26, 2013

my robot arm in robot studio



ကျွန်တော်လုပ်ထားတာလေးပါ။
တင်စရာမရှိသေးလို့ ဒါလေးပဲ တင်လိုက်တယ် :P

Saturday, May 11, 2013

လေထဲ၌သာ ပျော်ပျော်ကြီး ပျံဝဲကြပါစို့


တစ်နေ့သ၌ ကျွန်ုပ်သည် ကွန်နက်ရှင်ကောင်းသည့်အချိန် ညနက်သန်းခေါင်ကြီး၌ လက်စွဲတော်လက်ပ်တော့ကို ဖွင့်ကာ မည်သည့်အခါမျှ သုံးစွဲ၍ တင်းတိမ်ရောင့်ရဲခြင်းမရှိလေသော ဖေ့စ်ဘုတ်ခ်ဟူသည့် လူမှုကွန်ယက်ကြီးအတွင်းတွင် မွေ့ပျော်လျက် ရှိနေချေ၏။
ဖေ့စ်ဘုတ်ခ်ပေါ်မှ ဆရာ့ဆရာကြီးများ၏ ဝေဖန်ရေးနှင့်လေကန်ရေး သုံးသပ်ချက်ကြီးများကို၎င်း၊ မဟာ့မဟာအကြံပေးချက်ကြီးများကို၎င်း၊ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း စတေးတပ်များကို၎င်း၊ သတင်းအယောင်ဆောင် အတင်းအဖျင်းပေါင်းစုံကို၎င်း အားပါးတရဖတ်ရှုလျက်ရှိစဉ်မှာပင် ကျွန်ုပ်သည် မည်သို့မည်ပုံဖြစ်သွားသည်မသိ၊ ရုတ်တရက်အိပ်ပျော်သွားကာ အိပ်မက်များမက်နေချေ၏။
အိပ်မက်ထဲတွင် ကျွန်ုပ်သည် လေထဲ၌ ပျံဝဲလျက်ရှိ၏။
ကျွန်ုပ်လည်း လွန်စွာမှ အံ့အားသင့်မိ၏။
ငါ့အခန်းကလေးဟာ လေဟာနယ်များ ဖြစ်သွားလေရော့သလားဟုလည်း တွေးမိ၏။
ပထမသော် ပျော်ရွှင်မိ၏။
ဒုတိယသော် စိတ်လှုပ်ရှား၏။
တတိယသော် ကြောက်ရွံ့မိ၏။
နောက်ဆုံး၌ အားကနဲ အကျယ်ကြီးထအော်လိုက်မိသောအခါ ကျွန်ုပ်၏ ခန္ဓာကိုယ်အတ္တဘောကြီးသည် အဆမတန် ဖောင်းကားလာပြီးနောက် ဒိုင်းကနဲ ပေါက်ကွဲသွားလေတော့၏။
အိပ်မက်မှ လန့်နိုးလာသောအခါ ကျွန်ုပ်မှာ ရင်တွေခုန်ပြီး ချွေးစေးများပျံလျက် ရှိ၏။
လေပေါ်၌ ပျံဝဲနေလျက်က ဘာကြောင့် ပေါက်ကွဲသွားပါလိမ့်ဟု တွေးမိ၏။
ထို့ပြင်တ၀ ဘာကြောင့်များ ပျံဝဲနေရပါသနည်းဟုလည်း တွေးမိ၏။
ငါ့အခန်းကပဲ လေဟာနယ်ဖြစ်နေလို့ လေပေါ်ပျံနေလေရော့သလား။
သို့တည်းမဟုတ် ခန္ဓာကိုယ်ထဲမှာ လေတွေ အဆမတန်များပြားလာပြီး ပေါ့ပါးသွားကာ လေပေါ် ပျံဝဲနေခြင်းပေလား။
ဝေခွဲမရဖြစ်ကာ ထိုင်ရာမှ ရုတ်တရက်ထလိုက်စဉ် ကျွန်ုပ်၏ခြေဖ၀ါးအောက်မှ မဟာပထ၀ီ အိမ်ကြမ်းပြင်သည် သိမ့်ကနဲ တုန်ခါသွားချေ၏။
ဘုရား...ဘုရား...။
ငလျင်များ လှုပ်လေရော့သလား...။
တစ်ခုခုတော့ ဖြစ်နေချေပြီ...။
ကျွန်ုပ်သည် စိုးရိမ်တကြီးဖြင့် အိမ်အပြင်သို့ ပြေးထွက်လိုက်မိ၏။
အိမ်အပြင်သို့ ရောက်သောအခါ လောကကြီးတစ်ခုလုံးသည် ဘာမှမသိသလိုပင် ငြိမ်ချက်သားကောင်းလျက်ရှိချေ၏။
ကောင်းကင်ကို မော့ကြည့်မိသောအခါ ကြယ်များကို ယခင်ညများကထက်ပင် စုံလင်စွာ တွေ့လိုက်ရ၏။
ရုတ်ချည်းဆိုသလို ကျွန်ုပ်၏အတွေးထဲတွင် အမျိုးသမီးအာကာသယာဉ်မှူးတစ်ဦးက ပြောခဲ့ဖူးသော စကားတစ်ခွန်းကို အမှတ်ရလိုက်မိ၏။
သူမကတော့ အတည်ပြောသလော၊ ရွဲ့ပြီး ပြောသလောမသိ။
သူမ ပြောခဲ့သည်မှာကား အာကာသထဲမှ လှမ်းမျှော်ကြည့်လျှင် ညအချိန်၌ ကမ္ဘာပေါ်တွင် အထူးဆန်းဆုံးကား မြန်မာပြည်ဟု ဆိုချေ၏။
အဘယ့်ကြောင့်ဟူမူ မြန်မာနိုင်ငံသည် ပိုးစုန်းကြူးတိုင်းပြည်နှင့် တူ၍ ဟူသတည်း။
အခြားနိုင်ငံများ၌ ညအခါတွင် လင်းသည့်နေရာ တသမတ်တည်းလင်းပြီး မှောင်သည့်နေရာ တသမတ်တည်း မှောင်လျက်ရှိကြသော်လည်း မြန်မာနိုင်ငံမူကား တစ်နေရာက လင်းလာလိုက်၊ မှောင်သွားလိုက်၊ နောက်တစ်နေရာက လင်းလာလိုက်၊ မှောင်သွားလိုက်နှင့်မို့ ဟူသတတ်။
ကျွန်ုပ်မြင်တွေ့နေရသော မြင်ကွင်းကား ထိုအတိုင်းပင်တည်း။
မြန်မာနိုင်ငံဘေးပတ်လည်ကား လင်းထိန်လျက် မီးပွင့်ကလေးများမှာ စုပြုံနေကြသော ကြယ်ကလေးများပမာ။
မြန်မာနိုင်ငံသဏ္ဍာန်လေးကသာ အထီးကျန် မှောင်မဲလျက်။
ကျွန်ုပ်၏ အိမ်၌ မီးလာနေပါလျက် အဘယ့်ကြောင့် မြန်မာနိုင်ငံတစ်ခုလုံး မှောင်မဲနေရပါသနည်း။
အလိုလေး၊ အလိုလေး...။
ကယ်ကြပါဦး အရပ်ကတို့ရေ...။
ယခုမှ စဉ်းစားမိသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ကမ္ဘာမြေကြီးမှ ဖယ်ခွာကာ မှောက်ခုံကြီး ပျံဝဲနေပါရော့လား။
ကျွန်ုပ်မြင်နေရသော ကြယ်ရောင်လေးများမှာ ကမ္ဘာပေါ်မှ မီးပွင့်ကလေးများ ဖြစ်နေပါရော့လား။
အားဟု အာခေါင်ခြစ်၍ အော်ချင်သော်လည်း အသံထွက်မလာချေ။
ကျွန်ုပ်လည်း ကြောက်အားလန့်အားဖြင့် အိမ်ထဲ အပြေးဝင်လိုက်၏။
မတော် ဆွဲငင်အားမရှိတော့ဘဲ ကမ္ဘာပေါ်သို့ ဇောက်ထိုးကြီးပြုတ်ကျမှဖြင့် ကိုယ်ကျိုးနည်းမည်မဟုတ်လော။
အခန်းထဲသို့ မောပန်းတကြီးပြန်ရောက်သော် လက်ပ်တော့ဖန်သားပြင်ပေါ်မှ ဖေ့စ်ဘုတ်ခ်စာမျက်နှာကြီးက ကျွန်ုပ်ကို စူးစူးရဲရဲစိုက်ကြည့်နေ၏။
ကျွန်ုပ် အကြံရပြီ။
လှမ်းမြင်နေရသော ကမ္ဘာကြီးကို ဖုန်းဖြင့် ဓာတ်ပုံလှမ်းရိုက်မည်။
ဖေ့စ်ဘုတ်ခ်ပေါ် ဦးအောင် တင်ရမည်။
Google translateကို သုံးပြီး ဘာသာစကားပေါင်းစုံဖြင့် ကမ္ဘာက သိအောင် ဖြန့်ရမည်။
မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသည် လေထဲ၌ မောက်ခုံကြီးပျံဝဲနေသည်မှာလည်း ဂုဏ်ယူစရာပင်မဟုတ်လော။
ကျွန်ုပ်၏အကြံကို မည်သူများ ဦးသွားပြီနည်းဟု ဖေ့စ်ဘုတ်ခ်ကို အလောတကြီးလှမ်းကြည့်လိုက်စဉ် ဝေဖန်ရေးနှင့်လေကန်ရေးစာများသည်၎င်း၊ မဟာ့မဟာအကြံပေးချက်ကြီးများသည်၎င်း၊ သတင်းအယောင်ဆောင် အတင်းအဖျင်းပေါင်းစုံသည်၎င်း သူ့ထက်ငါဦးအောင် ကျွန်ုပ်၏ မြင်ကွင်းရှေ့သို့ တိုးဝှေ့လာနေကြလေ၏။
ထိုခဏ၌ ကျွန်ုပ်၏ ဦးခေါင်းထဲတွင် နွေခေါင်ခေါင်၌ အလှည့်ကျမီးလာဘိသကဲ့သို့ လင်းလက်သွားချေ၏။
1M မျှ ကျနေသော ဒေါင်းလုဒ်စပိဒ်ကို မြင်ရသောအခါ heart attack ရဘိသကဲ့သို့ ရင်ထဲ၌ ဒိန်းကနဲ ဖြစ်သွားကာ ကီးဘုတ်ကိုပင် လွှင့်ပစ်လိုက်ချင်စိတ် ပေါက်သွားလေတော့၏။
အဘယ့်ကြောင့်ဟူမူ...
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သစ်ကြီးအား လေဖြင့်သာ အားပါးတရတည်ဆောက်လျက်ရှိကြပေရာ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံကြီးသည် လေများ ၀ပြီးသကာလ လေထဲ၌သာ မှောက်ခုံကြီး ပျံဝဲနေခြင်းဖြစ်ပေတော့သည်တမုံ့။

:D