Saturday, March 17, 2012

ရင်ရဲ့ရှိုက်သံ

ကြယ်တစ်စင်းလောက်မှ
မလင်းတဲ့ကောင်းကင်
ငါ့ရဲ့နေ့တွေ မှောင်လွန်းတယ်.....

နေ့တစ်နေ့ပေါ့...
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချတာလား
ဆောင်းတွင်းမှာပဲ နေဆယ်စင်းထွက်တာလား
သေချာတာတစ်ခုက
သံသရာရထား တစ်ဘူတာဆိုက်တော့မတဲ့
လောကကြီးတစ်ခုလုံး မည်းလို့ မှောင်လို့.....

ချစ်သူရေ...
ချစ်တော့ချစ်တယ်
ဒါပေမယ့် မချစ်ရက်ဘူး
ပွေ့ဖက်ထားချင်တယ်
ဒါပေမယ့် ဆွဲမခေါ်ရက်ဘူး
ငေးကြည့်နေချင်တယ်
ဒါပေမယ့် မျက်ရည်တွေမမြင်ရက်ဘူး
အသံလေးကြားချင်တယ်
ဒါပေမယ့် ရှိုက်သံတွေမကြားရက်ဘူး.....

မယုံနိုင်ဘူးကွယ်...
အရက်စက်ဆုံးစကားလုံးတွေသုံးပြီး
ကိုယ့်အသည်းနှလုံးကိုယ် ထိုးခွဲခြေမွ
ဧဒင်ဥယျာဉ်အ၀မှာ
ငိုချင်းချခဲ့ရတယ်.....

စိတ်နာလိုက်ပါချစ်သူ...
လိပ်ပြာသန့်သန့်နဲ့ ကျောခိုင်းခဲ့တာပါ
မင်းရှေ့မှာ ကံကောင်းခြင်းတွေ ရှိပါတယ်
ကံဆိုးခြင်းတွေကတော့
ငါ့အတွက်ပဲ ဖြစ်ပါစေ.....

မိစ္ဆာတွန်သံရယ်လေ...
ညသန်းခေါင်ယံမှာ
အဖန်ဖန်ပြုစားနှောင့်ယှက်
ရှေ့ဆက်ရမယ့်ရက်တွေမှာ
အိပ်ပျက်ညတွေများဦးမယ်.....

တောင်းပန်ပါတယ်...
ဘယ်တော့မီးစာကုန်မယ်မသိတဲ့
ငါ့ရဲ့ ခပ်မှိန်မှိန်ညဉ့်နက်တွေထဲ
တို့နှစ်ယောက်ရဲ့အတိတ်ကို သတိရခွင့်ပြုပါ
မင်းရဲ့မျက်နှာလေးကို မြင်ယောင်ခွင့်ပြုပါ
မင်းရဲ့နာမည်လေးကို ရေရွတ်ခွင့်ပြုပါ
ပြီးတော့...
ငါ့ကို   ငိုကြွေးခွင့်ပြုပါ.....။


(တစ်စုံတစ်ရာသော ကံကြမ္မာကြောင့် တစ်စုံတစ်ခုသောရောဂါကို ကိုယ့်အပြစ်မပါဘဲ လက်ခံထားရတဲ့ တစ်စုံတစ်ယောက်သော သူငယ်ချင်းအတွက် ခံစားရေးဖွဲ့ပါတယ်)

Tuesday, March 13, 2012

မြန်မာ့စက်မှုခေတ်ရဲ့ရှေ့ဆောင် ကနောင်မင်းသား

နှောင်းခေတ်မြန်မာတွေပြောလေ့ရှိတာက နှစ်ပေါင်း၁၀၀အတွင်းမှာ မြန်မာတွေဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးနှစ်ခု ကြုံခဲ့ရတယ်ဆိုတာပါပဲ။
ပထမတစ်ခုက ၁၈၆၆ခုနှစ်မှာ မြင်ကွန်း၊မြင်းခုံတိုင်လုပ်ကြံမှုကြောင့် ကနောင်မင်းသားကြီးနဲ့ လုပ်ဖော်ကိုင်ဖက်အချို့ကျဆုံးခဲ့ရပြီး မြန်မာ့စက်မှုခေတ်ပြောင်းတော်လှန်ရေးကြီး တစ်ခန်းရပ်သွားခဲ့ရတာပါ။
နောက်တစ်ခုက ကနောင်မင်းသားကြီးကျဆုံးအပြီး ၈၁နှစ်အကြာ ၁၉၄၇ခုနှစ်မှာ ဂဠုန်ဦးစောလုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကျဆုံးခဲ့ရပြီး ဗိုလ်ချုပ်ကြိုးစားစုစည်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ ယနေ့အချိန်အထိ အခက်အခဲပေါင်းစုံကြားထဲမှာ ရုန်းကန်နေရခြင်းပါပဲ။
ကျွန်တော်တို့ မြန်မာတိုင်း အကယ်၍သာ အထက်ပါပုဂ္ဂိုလ်ကြီးနှစ်ဦးသာ လုပ်ကြံမခံခဲ့ရရင်ဆိုတဲ့ အတွေးမျိုး တစ်ခါလောက်ဖြစ်ဖြစ် တွေးခဲ့ကြဖူးမှာပါ။
ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာပဲလို့ ဖြေသိမ့်နိုင်ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း၁၅၀ကျော်ကတည်းက အာရှမှာ မြန်မာဟာ အခြားနိုင်ငံများစွာထက်စောပြီး စက်မှုခေတ်ပြောင်းတော်လှန်ရေးလုပ်ဖို့ စိုင်းပြင်းနေခဲ့တာကို မေ့ပစ်လို့ မရနိုင်ပါဘူး။
၁၈၂၀ခုနှစ်ကျော်ကျော်လောက်ကတည်းက သာယာဝတီမင်းလက်ထက်မှာ မက္ခရာမင်းသားကြီးဟာ အနောက်တိုင်းစာပေ၊ အနောက်တိုင်းသိပ္ပံပညာတွေကို မြန်မာဘာသာပြန်ဆိုပြီး မြန်မာတွေရဲ့မျက်စိကို စဖွင့်ပေးခဲ့ပါတယ်။
၁၈၅၀ခုနှစ်တွေမှာ ကနောင်မင်းသားဦးဆောင်တဲ့ ရဲဘော်ရဲဘက်တစ်စုဟာ မြန်မာနိုင်ငံကို ခေတ်မီတိုးတက်တဲ့စက်မှုနိုင်ငံအဖြစ် ပြောင်းလဲနိုင်ဖို့ အားထုတ်ခဲ့ကြပါတယ်။
အဲဒီအားထုတ်မှုကြီးဟာ ကမ္ဘာ့စက်မှုအင်အားကြီး ဂျပန်နိုင်ငံ ယနေ့အခြေအနေရောက်လာဖို့ သန္ဓေတည်ခဲ့တယ်ဆိုတဲ့ မေဂျီခေတ်ပြောင်းတော်လှန်ရေးထက် ၁၀နှစ်လောက် စောနေခဲ့တာပါ။
ကနောင်မင်းသားကြီးဟာ လက်ရုံးရည်၊ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသလို ခေတ်ကို ကြိုမြင်တတ်တဲ့ ထက်မြက်တဲ့သူလည်း ဖြစ်ပါတယ်။
                                                ရှေ့ရေးမြင်တဲ့ကနောင်မင်းသားကြီး
သူဟာ သူ့လက်ရုံးရည်၊ ဦးဆောင်မှုတွေနဲ့ နောင်တော်ဖြစ်သူ မင်းတုန်းမင်းကို နန်းတင်ပေးပြီးတဲ့နောက် မြန်မာနိုင်ငံကို ခေတ်သစ်နိုင်ငံတည်ထောင်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။
နယ်ချဲ့အင်္ဂလိပ်တွေလက်ထဲ တိုင်းပြည်တစ်ဝက်ပေးပြီးတဲ့နောက်မှာ မြန်မာတွေဟာ ခေတ်သစ်တစ်ခေတ်ကို တွေ့မြင်လိုက်ရပါတယ်။
တွေ့နေရတဲ့ခေတ်သစ်ကို အမီလိုက်ဖို့လိုတယ်ဆိုတာ ညီနောင်နှစ်ပါးလုံး သဘောပေါက်ပါတယ်။
မင်းတုန်းမင်းက နယ်ချဲ့အင်္ဂလိပ်တွေနဲ့ စစ်ပွဲထပ်မံမဖြစ်ပွားစေရေးနဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်ရယူနိုင်ရေးတို့အတွက် အနုနည်းဖြစ်တဲ့ သံတမန်နည်းလမ်းတွေနဲ့ ကြိုးပမ်းနေချိန်မှာ
တစ်ဖက်က ကနောင်မင်းသားကြီးဟာ ခေတ်မီလက်နက်နဲ့ တပ်မတော်ရှိတဲ့ ခေတ်သစ်နိုင်ငံဖြစ်မှသာ အင်အားကြီးနိုင်ငံတွေ ကျူးကျော်ရန်စ မပြုရဲကြမှာဆိုတဲ့ ယုံကြည်မှုနဲ့ မမှိတ်မသုန်ကြိုးစားခဲ့ပါတယ်။
ဒါ့အပြင် အင်အားကြီးမားလာတဲ့အခါ အောက်မြန်မာနိုင်ငံကို ပြန်တိုက်ယူလိုတဲ့ ဆန္ဒလည်းရှိပါတယ်။
ထက်မြက်တဲ့ညီနောင်နှစ်ပါးဟာ ခေတ်သစ်နိုင်ငံထူထောင်ဖို့ လက်တွဲလုပ်ကိုင်ခဲ့ကြပါတယ်။
ခေတ်မီစက်ရုံတွေဖြစ်တဲ့ စာပုံနှိပ်စက်ရုံ၊ ဒင်္ဂါးစက်ရုံ၊ အထည်အလိပ်စက်ရုံ၊ ဆန်စက်ရုံ။ လက်နက်စက်ရုံ၊ ခဲယမ်းစက်ရုံ၊ မဲနယ်စက်ရုံ၊ လွှစက်ရုံ၊ သကြားစက်ရုံ၊ သံချက်စက်ရုံ၊ ဖန်ချက်စက်ရုံ၊ ၀ါဂွမ်းစက်ရုံ၊ ဆီကြိတ်စက်ရုံ စတဲ့ စက်ရုံပေါင်း ငါးဆယ်ကျော်ကို တည်ထောင်ခဲ့ကြပါတယ်။
တကယ်တမ်းစိတ်ရောကိုယ်ပါနှစ်ပြီး ဦးဆောင်ခဲ့တာကတော့ ကနောင်မင်းသားပါ။
ကနောင်မင်းသားဟာ အခြားသောစက်ရုံများထက် ခေတ်မီလက်နက်များတီထွင်ထုတ်လုပ်ဖို့ ပိုစိတ်ဝင်စားတာကြောင့် စစ်ကိုင်းဘက်မှာ လက်နက်စက်ရုံကြီးနှစ်ရုံတည်ခဲ့တဲ့အပြင် မြို့တော် အနောက်မြောက် ရွှေတချောင်းအနီးမှာလည်း စက်ရုံတစ်ရုံတည်ဆောက်ခဲ့ပါတယ်။
ဒါကို အားမရသေးဘဲ နေ့ရောညပါအလုပ်လုပ်လိုတာကြောင့် အိမ်ရှေ့စံအိမ်တော်ဝင်းထဲမှာပါ အလုပ်ရုံသဖွယ် စမ်းသပ်လုပ်ကိုင်ခဲ့ပါတယ်။
ကနောင်မင်းသားဟာ မနက်ခင်းမှာ လွှတ်တော်တက်ပြီး နိုင်ငံရေးရာစီမံပြီးတာနဲ့ တစ်ပြိုင်နက် စက်ရုံတွေ လှည့်လည်ကြည့်ရှုတာ ဒါမှမဟုတ် အလုပ်ရုံမှာ ကိုယ်တိုင်ဝင်လုပ်နေတာနဲ့ အချိန်ကုန်နေတတ်တယ်လို့ ဆိုပါတယ်။
ကနောင်မင်းသားနဲ့အတူ လက်တွဲဖော် ရဲဘော်ရဲဖက်တွေကတော့ ယောအတွင်းဝန်ဦးဖိုးလှိုင်၊ မကွေးဝန်ကြီးဦးကြာဥ၊ ၀က်မစွတ်မြို့စား ၀န်ထောက်မင်းကြီး စတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
ကနောင်မင်းသားဟာ ခေတ်မီနည်းပညာတွေ တတ်မြောက်ချင်ရင် နိုင်ငံကြီးတွေဆီက နည်းပညာတွေ ရယူဖို့လိုတယ်ဆိုတာကို သဘောပေါက်သူမို့ နောင်တော်နဲ့တိုင်ပင်ပြီး ပညာတော်သင်တွေ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။
အိန္ဒိယ၊ ပြင်သစ်၊ အီတလီ စတဲ့နေရာတွေကို ပညာတော်သင် ၉၀ကျော်စေလွှတ်ပြီး ပညာအရပ်ရပ်သင်ယူစေခဲ့ပါတယ်။
ကနောင်မင်းသားဟာ စက်ရုံတွေတည်ထောင်ခြင်းနဲ့ ပညာတော်သင်စေလွှတ်ခြင်းတွေမှာ အိမ်ရှေ့စံအတွက် ဝေပုံကျရရှိတဲ့ ကိုယ်ပိုင်အခွန်တော်ငွေတွေထဲက သုံးစွဲခဲ့ပြီး စိတ်ပါဝင်စားစွာ စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ကိုင်ခဲ့တာပါ။
မြန်မာ့တပ်မတော်ကိုလည်း ခေတ်မီလက်နက်တွေ ကိုင်ဆောင်နိုင်တဲ့ အမြဲတမ်းတပ်မတော်တစ်ရပ်ဖြစ်အောင် နိုင်ငံခြားပညာရှင်တွေ အကူအညီယူပြီး အားထုတ်ကြိုးပမ်းခဲ့ပါတယ်။
နိုင်ငံခြားပညာရှင်အချို့၊ နိုင်ငံခြားကပြန်လာတဲ့ မြန်မာပညာတော်သင်များ၊ ရှိရင်း အလုပ်ကြပ်၊အလုပ်သမားတွေနဲ့ ကနောင်မင်းသားရဲ့ စီမံခန့်ခွဲမှုအောက်မှာ လည်ပတ်နေတဲ့ လက်နက်စက်ရုံတွေကနေ  ခေတ်မီလက်နက်တွေ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဲဒီထဲက အထင်ရှားဆုံးလက်နက်ကတော့ ရေမြှုပ်ဗုံးပါပဲ။
နယ်ချဲ့တွေ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုရင် ရေလမ်းပဲ အဓိကထားမယ်ဆိုတာ တွက်ဆမိတဲ့ ကနောင်မင်းသားကြီးဟာ ရေမြှုပ်ဗုံးတီထွင်ထုတ်လုပ်နိုင်ဖို့ အစွမ်းကုန် အားထုတ်ခဲ့ပါတယ်။
အောင်လည်း အောင်မြင်ခဲ့ပါတယ်။ ကနောင်မင်းသားကြီးနဲ့ တပည့်လက်စွဲတော်အုပ်စုဟာ ရေမြှုပ်ဗုံးကို အောင်ပင်လယ်ကန်ထဲမှာ စမ်းသပ်လေ့ရှိကြပါတယ်။
နောက်ဆုံးတစ်ခေါက်မှာတော့ နယ်ချဲ့သင်္ဘောတွေကို လုံးဝဖြိုဖျက်နိုင်မယ့် ဖျက်အားပြင်းရေမြှုပ်ဗုံးကို တီထွင်စမ်းသပ်အောင်မြင်ခဲ့ပါတယ်။
အောင်ပင်လယ်ကန်မှာ ပြုလုပ်တဲ့ အဲဒီစမ်းသပ်ဖောက်ခွဲမှုကြီးကြောင့် ရွှေမြို့တော်တစ်ခုလုံး တုန်ဟီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဘာသာတရားကို အလေးထားတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် သံဃာတော်တွေဟာ သတ္တ၀ါတွေ သေကြေပျက်ဆီးစေတတ်တဲ့ လူသတ်လက်နက်တွေ ဖန်တီးနေခြင်းအတွက် စိတ်မကောင်းဖြစ်ကြကြောင်း မင်းတုန်းမင်းကို အမိန့်ရှိပါတယ်။
အဲဒါကြောင့် မင်းတုန်းမင်းကလဲ ကနောင်မင်းသားကို တီထွင်စမ်းသပ်ထုတ်လုပ်မှုတွေကို လျှော့လုပ်ဖို့ တစ်ဖန် မေတ္တာရပ်ခံမိန့်တော်မူရပြန်ပါတယ်။
အနောက်နိုင်ငံတွေနဲ့ တန်းတူဖြစ်တော့မယ်ဆိုပြီး ၀မ်းမြောက်နေတဲ့ ကနောင်မင်းသားဟာ နောင်တော်ရဲ့ မေတ္တာရပ်ခံချက်အပြီးမှာ စိတ်ဓာတ်ကျသွားဟန်တူပါတယ်။
အဲဒီအချိန်ကစပြီး ရွှေမြို့တော်မှာ လက်နက်စမ်းသပ်တဲ့ အသံတွေ လုံးဝ ဆိတ်သုန်းသွားခဲ့ပါတယ်
ကနောင်မင်းသားကလည်း လက်နက်စက်ရုံတွေအပါအ၀င် ဘယ်စက်ရုံကိုမှ အရင်လို မသွားတော့ဘဲ တူတော်သုံးဆယ်မင်းသားနဲ့ မက္ခရာမင်းသားကိုပဲ ကြည့်ရှုစစ်ဆေးကြဖို့ တာဝန်လွှဲလိုက်ပါတယ်။
ဒီလိုနဲ့ မြန်မာ့စက်မှုခေတ်ပြောင်းတော်လှန်ရေးဟာ အရှိန်လျော့လာပါတော့တယ်။ ဒါပေမယ့် သူ့အရှိန်နဲ့သူတော့ လည်ပတ်နေဆဲပါပဲ။
၁၈၆၆ခုနှစ်မှာတော့ မြန်မာတို့ရဲ့ကံကြမ္မာဟာ အချိုးအကွေ့တစ်ခုကို ရောက်လာခဲ့ပါတယ်။
ကနောင်မင်းသားနဲ့ လွှတ်တော်ဝန်ကြီးအစုအဖွဲ့တွေ ယာယီစံနန်းတော်မှာ နိုင်ငံရေးရာ စည်းဝေးဆွေးနွေးနေခိုက် မြင်ကွန်း၊ မြင်းခုံတိုင်မင်းသားနှစ်ပါးနဲ့ နောက်ပါများဟာ လက်နက်စွဲကိုင် ၀င်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
လွှတ်တော်တက်နေစဉ်အတွင်း မည်သူမျှ လက်နက်ယူဆောင်လာခွင့်မရှိတာကြောင့် ကနောင်မင်းသားကြီးဟာ ဘယ်လိုမှ မတတ်နိုင်ဘဲ လုပ်ကြံခံလိုက်ရပါတော့တယ်။
အဲဒီ မြင်ကွန်း၊ မြင်းခုံတိုင်အရေးအခင်းမှာ ကနောင်မင်းသားကြီးအပါအ၀င် တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နေကြတဲ့ ပုဂ္ဂိုလ်တော်တော်များများ လုပ်ကြံခံလိုက်ကြရပါတယ်။
မင်းတုန်းမင်းက ပုန်ကန်မှုကို နှိမ်နင်းနိုင်ပြီး မကြာခင်မှာပဲ ပန်းတိမ်း(ပတိမ်း)မင်းသား အရေးအခင်းဆက်ဖြစ်ပါတယ်။
 ပတိမ်းမင်းသားဟာ ကနောင်မင်းရဲ့သားတော်ဖြစ်ပြီး ခမည်းတော်လုပ်ကြံခံရတာကို မကျေနပ်လို့ ပုန်ကန်တာပါ။
အဲဒီအရေးအခင်းမှာ စက်ရုံ၊အလုပ်ရုံတွေမှာ လုပ်နေကြတဲ့ ကနောင်မင်းသစ္စာတော်ခံ အလုပ်သမားတပည့်ကျေးကျွန်အများအပြားဟာ ပတိမ်းမင်းသားအောက်ကို ခိုဝင်သွားကြပါတယ်။
မင်းတုန်းမင်းက ပေါ်ပေါက်လာတဲ့ အရေးအခင်းနှစ်ခုလုံးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပေမယ့် အရေးအခင်းနှစ်ခုလုံးကြောင့် တိုင်းပြည်အတွက်အားထားရမယ့် စက်ရုံ၊အလုပ်ရုံတွေက ကျွမ်းကျင်သူ ပညာရှင်၊ အလုပ်ကြပ်၊ အလုပ်သမား တော်တော်များများကို ဆုံးရှုံးခဲ့ရပါတယ်။
နောက်ပိုင်းမှာ စက်မှုယန္တရားကြီး ပြန် လည်ပတ်နိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ကနောင်မင်းသားကြီးလို စိတ်ရောကိုယ်ပါနှစ်ပြီး ဦးဆောင်မယ့်သူမရှိခြင်း၊ စက်ရုံ၊အလုပ်ရုံများမှာ ကျွမ်းကျင်သူများ နည်းပါးသွားခြင်း၊ နိုင်ငံခြားရောက် ပညာတော်သင်များကို ထောက်ပံ့ပေးမယ့်သူ မရှိတော့ခြင်း၊ အထက်မှ အားပေးကူညီမှုနည်းပါးခြင်းတို့ကြောင့် အရင်လို ပြန် မလည်ပတ်နိုင်တော့ပါဘူး။
ဒီလိုနဲ့ပဲ ခေတ်သစ်ဆီ ဦးတည်နေတဲပ ကနောင်မင်းသားကြီးတည်ဆောက်ခဲ့သမျှဟာ သူလုပ်ကြံခံရပြီးတဲ့အချိန်ကစပြီး ရှေ့ဆက်မသွားနိုင်တော့ဘဲ ပြိုပျက်ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။


ကိုးကားစာရင်း
- ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး (၁) -ဒဂုန်ခင်ခင်လေး
- မြန်မာ့စွယ်စုံကျမ်း အတွဲ - ၁ အပိုင်း(က)
- မြန်မာ့မျက်ပွင့် - ဇေယျ
- ကုန်းဘောင်မင်းဆက်ရုပ်ပုံလွှာ - တင်နိုင်တိုး

Friday, March 9, 2012

The lost world - ပျောက်ဆုံးနေသောကမ္ဘာ

The lost world - ပျောက်ဆုံးနေသောကမ္ဘာတဲ့...။
ဒီစကားလုံးကို မြင်လိုက်တာနဲ့ အတွေးလေးတွေ တန်းစီဝင်လာမယ်...။
အတ္တလန္တိတ်မြို့တော်ဆိုတဲ့ ပျောက်ကွယ်သွားပြီဆိုတဲ့ ကမ္ဘာဟောင်းမြို့တော်လား...?
တိဘက်မှာရှိတယ်ဆိုတဲ့ ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ - ရှန်ဂရီလာလား...?
တောင်အမေရိကတိုက်က လျှို့ဝှက်စွာပျောက်ကွယ်သွားတဲ့ မာယာယဉ်ကျေးမှုလား...?
လူသူအရောက်အပေါက်နည်းလွန်းတဲ့ အမေဇုန်သစ်တောကြီးထဲက Jurassic Park လား...?
ကျွန်တော်လည်း စိတ်ဝင်စားခဲ့တယ်...။
ကျွန်တော်လည်း စူးစမ်းခဲ့ဖူးတယ်...။
ငါသာရှာတွေ့ခဲ့ရင် ကောင်းမှာပဲတဲ့...ကျွန်တော်စိတ်ကူးယဉ်ခဲ့ဖူးတယ်...။
နောက်ဆုံးတော့...
စိတ်ကူးပေါင်းစုံနဲ့ ခရီးဆက်ရင်း
ကျွန်တော်တကယ်ပျောက်ဆုံးသွားတာ
ကျွန်တော့်ကိုယ်ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ပတ်ဝန်းကျင်ပါပဲ..။
တကယ်တော့
ပျောက်ဆုံးနေတဲ့ ကမ္ဘာဟာ 
ကျွန်တော့်ကိုယ်ပိုင်ကမ္ဘာလေးဖြစ်နေပါရော့လား...။
( mmcybermedia ကရိုက်တင်ပေးထားတဲ့ the lost world - ပျောက်ဆုံးနေသောကမ္ဘာဆိုတဲ့ စာအုပ်လေးကို ရှာတွေ့ရင်း ဖြစ်ပေါ်လာတဲ့ အတွေးစဉ်လေးတွေကို ချရေးမိတာပါ။ 
ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးတွေကို တကယ်ပဲ ပျောက်ဆုံးနေခဲ့ကြပါသလား!)

Tuesday, March 6, 2012

လှမ်းလာခဲ့ပါ ပြည်မြန်မာ - အေးချမ်းမေ

ဒီသီချင်းရဲ့နာမည်က လှမ်းလာခဲ့ပါ ပြည်မြန်မာ ဖြစ်ပါတယ်။
သီဆိုထားတဲ့ အဆိုတော်ကတော့ အေးချမ်းမေပါ။
အခုနောက်ပိုင်း ချောစုခင်ပြန်ဆိုထားတာ တွေ့ဖူးပါတယ်။
တီးလုံးလေးကလည်း ကောင်းသလို စာသားတွေကလည်း အဓိပ္ပါယ်ရှိတယ်။ နောက်ပြီး ဗီဒီယိုဖိုင်ကို ဖန်တီးပေးထားတဲ့သူကလည်း ဓာတ်ပုံလှလှလေးတွေချည်း ရွေးထားတာမို့ အရမ်းကောင်းတဲ့ သီချင်းလေးလို့ပဲ ပြောချင်ပါတယ်။
ဒီသီချင်းလေးက ၁၉၉၆ခုနှစ်၊ Visit Myanmar Year အတွက် ရည်ရွယ်စပ်ဆိုခဲ့တာဖြစ်မှာပါ။
အခုအချိန်လို ကျွန်တော်တို့နိုင်ငံမှာ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မယ့် အရိပ်အယောင်တွေနဲ့ ဒီသီချင်းလေးက တအားလိုက်ဖက်လွန်းတာမို့ ကျွန်တော့်ဘလော့လေးမှာ တင်လိုက်တာပါ။
မီးခိုးမထွက်တဲ့ စီးပွားရေးလုပ်ငန်းလို့ ကမ္ဘာမှာတင်စားကြတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ ဆိုးကျိုးမရှိတာမဟုတ်ပေမယ့် ကောင်းကျိုးတွေက ပိုများတာမို့ မြန်မာနိုင်ငံမှာ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပါစေချင်မိပါတယ်။

Monday, March 5, 2012

ငါးထောင်တန်ဖုန်းအပေါ်အမြင်တဲ့(တက်ဂ်ပေးလို့ရေးပါတယ်)

 ဒီနေ့ ကျွန်တော့်သူငယ်ချင်းရင်ဆူးရဲ့ ဘလော့ကိုသွားလည်ရင်း အထက်ပါခေါင်းစဉ်တပ်ထားတဲ့ ပို့စ်လေးတစ်ပုဒ်တွေ့လို့ ၀င်ဖတ်လိုက်ပါတယ်။ ဖတ်နေရင်းနဲ့က ပို့စ်အောက်ဆုံးမှာ ဗြုန်းဆို ရောင်စုံအခန်းငယ်ဆိုပြီး တက်ဂ်ထားတာကို တွေ့လိုက်ရပါလေရော။
တက်ဂ်စာဆိုတဲ့အတိုင်းပါပဲ....သွေးမတက်အောင် မနည်းထိန်းလိုက်ရတယ်။
ထားပါတော့လေ...တက်ဂ်တဲ့သူက တက်ဂ်တော့လည်း ရေးတဲ့သူက ရေးရတော့မှာပေါ့။
ဒီခေါင်းစဉ်လေးကို ဘလော့ဂါတွေ ဆွေးနွေးနေကြတယ်လို့တော့ ကြားမိပါရဲ့...တချို့ဘလော့တွေမှာလဲ တွေ့ပါရဲ့...အဲဒီတုန်းကတော့ ဘာမှမဖြစ်ဘူး... အခုမှ မျက်လုံးပြူးရပြီ...။
ဒီနေရာမှာပြောချင်တာက ကျွန်တော်ဟာ ဘလော့ဂါမဟုတ်သေးပါဘူး။ ဘလော့တစ်ခုမှာ စာလေးနည်းနည်းရေးတင်နေတဲ့ ၀ါသနာရှင်တစ်ယောက်သက်သက်ပါ။
ကိုယ့်ဘလော့ကိုယ်တောင် မပြင်နိုင်လို့ ဒီတိုင်းထားထားရတာကြာပြီ။
အဲဒါကြောင့် ဒီစာလေးဝင်ဖတ်မိလို့ အမြီးအမောက်မတည့်ရင်လဲ သည်းခံပါလို့ ကြိုတောင်းပန်ထားပါတယ်။ (ပြောမယ့်သာပြောရ ဒီဘလော့ကို ၀င်တဲ့သူဆိုလို့ စုစုပေါင်းမှ လက်ဆယ်ချောင်းတောင် ပြည့်မှာ မဟုတ်ဘူး)
ဒီကိစ္စလေးကို စလိုက်တာက ကိုသက်တန့်ချိုလို့ သိရပါတယ်။
ကိုသက်တန့်ချိုရဲ့ စေတနာကတော့ တန်ဖိုးနည်းဖုန်းတွေ ပေါ်ပေါက်လာစေချင်တဲ့ စေတနာပဲ ဖြစ်မှာပါ။
ဒါပေမယ့် အစ်ကိုရဲ့စေတနာတွေဟာ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံဖြစ်မသွားဖို့တော့ လိုပါတယ်အစ်ကိုရေ။
ဘာလို့လဲဆိုတော့ ငါးထောင်တန်ဆိုတဲ့စကားလုံးဟာ ရွှေပြည်တံခွန်ကုမ္ပဏီက ကန့်သတ်ပေးထားတဲ့ စကားလုံးဖြစ်ပါတယ်။ ဖုန်းကဒ်ဆိုတာ ငါးထောင်တန်ဟာ တန်ဖိုးအနည်းဆုံးလား၊ သုံးထောင်တန်၊ နှစ်ထောင်တန်၊ ငါးရာတန် တွေရော မဖြစ်နိုင်တော့ဘူးလား။ ရွှေပြည်တံခွန်က ကန့်သတ်ပေးထားတဲ့ စကားလုံးကို ယူသုံးလိုက်ရင်............?????
ကျွန်တော်ကတော့ တန်ဖိုးနည်းဖုန်းကဒ်ဆိုတဲ့ စကားလုံးလေးပဲ သုံးချင်မိပါတယ်။
ကဲ.....ပေးထားတဲ့မေးခွန်းလေးတွေကို စတင်ဖြေပါမယ်။

(၁)ယခုဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?
     အခုဆက်သွယ်ရေးက ချထားပေးမယ့် ဖုန်းဟာနှစ်သိန်းအများဆုံးဖြစ်မယ်လို့ ထင်မြင်မိပြီး တစ်သိန်းရှစ်သောင်းငါးထောင်နဲ့တောင် စရောင်းနေပြီလို့လည်း ကြားရပါတယ်။
အရင်တုန်းက ဆယ့်ငါးသိန်းနဲ့ ရောင်းခဲ့တုန်းကထက်စာရင်တော့ တန်ဖိုးကတစ်ဖြည်းဖြည်းနည်းလာတာ အမှန်ပါပဲ။
လူတိုင်းအတွက်တော့ တန်ဖိုးနည်းဖုန်းမဟုတ်သေးတာ မှန်ပေမယ့် လူတစ်ချို့ အတွက်တော့ တန်ဖိုးနည်းဖုန်းဖြစ်လာတာ အမှန်ပါ။
ဒီနေရာမှာ ဆက်သွယ်ရေးလိုင်းတစ်ခုဖြစ်လာဖို့ ဘယ်လိုလုပ်ပြီး ဘာတွေကုန်ကျတယ်ဆိုတာ ပြောကြည့်ရအောင်။
အရင်ဆုံး ကိုယ်လုပ်ချင်နေတဲ့၊ improve ဖြစ်စေချင်တဲ့ နယ်မြေဧရိယာကိုကြည့်ရပါမယ်။
ကုမ္ပဏီအနေနဲ့ဆိုရင်တော့ business area ဖြစ်တဲ့ ရန်ကုန်လောက်ပဲ ကွက်ကြည့်လို့ရပေမယ့် နိုင်ငံမှာ ဆက်သွယ်ရေးကဏ္ဍ တကယ်ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင်တော့ တစ်နိုင်ငံလုံးကို ဖြန့်ကြည့်ရပါမယ်။
ရန်ကုန်ကလူက ချင်းတောင်ကို လှမ်းဆက်သွယ်ချင်လည်း ရရမယ်၊ ပူတာအိုကလူက ကော့သောင်းကို ဖုန်းဆက်ချင်ရင်လည်း ဖြစ်ရမယ်။ ဒါမှသာ တကယ့် improvement ဖြစ်မှာပေါ့။
တစ်နိုင်ငံလုံး တပြေးညီဆက်သွယ်နိုင်ဖို့ဆိုရင် တစ်နိုင်ငံလုံးမှာ အခြေခံအဆောက်အအုံတွေ ဆောက်ရတော့မယ်။
ဘာတွေလဲဆိုတော့ ဥပမာ tower တွေထောင်ရမယ်၊ fiber optic တွေချရမယ်၊ network တွေထောင်ရမယ်၊ တချို့ဟာတွေမှာ micro wave link တွေလိုမယ်၊ ဖုန်းပေါင်းစုံဆက်သွယ်နိုင်ဖို့ gate way တွေလိုမယ်၊ ဒီကြားထဲ internet သုံးဖို့အတွက်ဆိုရင် Internet gateway နဲ့ချိတ်ရမယ်ပေါ့နော်။
အပေါ်ယံဖြန့်ကြည့်ရင်တောင် လုပ်ငန်းကအများကြီး၊ ဒီတော့ cost က ဘယ်လောက်ရှိမလဲ၊ မှန်းကြည့်လို့ရပြီ။
ဆက်သွယ်ရေးလုပ်ငန်းမှာ အဓိကကုန်ကျစရိတ်ဟာ ဆင်းကဒ်ထုတ်လုပ်တဲ့ စရိတ်မဟုတ်ပါဘူး၊ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရခြင်းပါ။
အဲဒီအတွက် ရင်းနှီးမြှုပ်နှံငွေတွေဟာ အများကြီးပါ၊ တချို့နိုင်ငံတွေမှာ တယ်လီကွန်းကဏ္ဍအတွက် ကမ္ဘာ့ဘဏ်တို့၊ ADB တို့ကနေ ချေးငွေရပါတယ်။ ချေးငွေရတဲ့ နိုင်ငံတွေအနေနဲ့ ဆင်းကဒ်အပေါ်မှာ ကုန်ကျစရိတ်တွေ လျှော့ချပြီး ချက်ချင်းအကောင်အထည်ဖော်လို့ရပါတယ်။
ကျွန်တော်တို့နိုင်ငံချေးငွေမရပါဘူး၊ ပုဂ္ဂလိကကုမ္ပဏီတွေကို ရင်းနှီးခိုင်းထားရပါတယ်။
အိမ်နီးချင်းတွေကို ကြည့်လိုက်ပါဦး၊ ထိုင်းတို့၊ စင်ကာပူတို့ ဆိုရင်လည်း ဖြည်းဖြည်းချင်းတည်ဆောက်ပြီး ဖြည်းဖြည်းချင်းလျှော့ချသွားတာပါ။
တရုတ်ပြည်မှာဆိုရင်တောင် အစတုန်းက ဒေါ်လာ၂၀၀၀ကနေ အခု အလကားရတဲ့ အဆင့်ကို တဖြည်းဖြည်းဖြစ်လာတာပါ။

(၂)ငါးထောင်တန်ဖုန်းဖြစ်ပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လို မြင်မိပါသလဲ?
    လုပ်တဲ့သူကတော့ လုပ်တာပဲ။
ဘယ်လိုမြင်မိသလဲဆိုတော့ သူတို့စိတ်နဲ့ သူတို့ကိုယ်လုပ်တာပဲ၊ ပြောစရာမရှိပါဘူး။
တစ်ခုတော့ရှိတယ်။
ဘာကြောင့် သူတို့ ဒီလိုလုပ်ရသလဲ။
ဖုန်းကဒ်တွေပေါ်လာစေဖို့ စေတနာအရင်းခံလား၊ ကိုယ့်ဘာသာထွက်လာတဲ့ volunteer တွေလား။
ပြည်သူလူထုအတွက် စေတနာသန့်သန့်နဲ့ လုပ်ဆောင်သူတွေလား။
လူငယ်တွေစိတ်ကတော့ ရိုးရှင်းတာများပါတယ်။
ဟာ...ဒါတော့ဖြစ်သင့်တယ်...ငါတို့လုပ်သင့်တယ်...ဆိုပြီး လုပ်ကြမယ်ဆိုပါတော့...။
အဲဒီလုပ်ရပ်ရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့၊ ပုန်းကွယ်နေတဲ့ တစ်စုံတစ်ယောက်(သို့မဟုတ်) တစ်စုံတစ်ခု ရှိနေနိုင်သလား။
သို့လော...သိုလော...မေးခွန်းပေါင်းများစွာ။
အရွေ့တစ်ခုဖြစ်စေချင်ရင် force(အား)တစ်ခုပေးရမယ်ဆိုတာ မှန်ပါတယ်။
ငါးထောင်တန်ဖုန်းကို သီးသန့်တောင်းဆိုနေတာထက် ဖုန်းကဒ်တန်ဖိုးများ အဆင့်ဆင့်နဲ့ အမြန်ဆုံး လျှော့ချပေးဖို့တောင်းဆိုတာက ပိုမထိရောက်နိုင်ပေဘူးလား၊ ပိုဖြစ်နိုင်ချေမများပေဘူးလား။
အခုလုပ်နေတာက တစ်စုံတစ်ယောက်တည်းအတွက် တောင်းဆိုပေးနေသလိုလို ဖြစ်မနေဘူးလား။

(၃)ငါးထောင်တန်ဖုန်း ပေါ်လာစေဖို့ စုပေါင်းလက်မှတ်ရေးထိုးပြီး လွှတ်တော်ကို တင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ?
    စာနဲ့ပေနဲ့ရေးပြီး တင်ပြတောင်းဆိုတာဟာ သင့်တော်ပါတယ်။
အောက်ခြေမှာ ဆူဆူပူပူဖြစ်အောင် လှုံ့ဆော်တာထက်စာရင်တော့ အေးအေးချမ်းချမ်းနဲ့ ကိစ္စပြီးသွားအောင် တကယ်လုပ်ပေးနိုင်တဲ့သူတွေကို ချဉ်းကပ်တာ ကောင်းပါတယ်။
တစ်ခုတော့ရှိတယ်။
ဘာအတွက် ဘယ်လိုစာတွေစီပြီး တင်ပြမလဲဆိုတာတော့ အရေးကြီးပါတယ်။
စကားလုံးတစ်လုံးစီတိုင်းဟာ အရေးကြီးတယ်နော်။
စကားလုံးတစ်လုံးစီတိုင်းက ကိုယ့်လုပ်ရပ်ဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်လား၊ လူထုအတွက်လားဆိုတာ ဖော်ပြနေပါလိမ့်မယ်။
ဒီတော့ ငါးထောင်တန်ဖုန်းကဒ်အကြောင်းကို ဂဃနဏ သိဖို့ လိုလာပါလိမ့်မယ်။
ဖြစ်နိုင်၏၊ မဖြစ်နိုင်၏၊ အရင်းအနှီး၊ မြှုပ်နှံမှု၊ နည်းပညာ၊ ဘာညာသာရကာ အလုံးစုံသိဖို့ လိုပါလိမ့်မယ်နော်။
တစ်ခါတစ်လေကျတော့လည်း ဖြစ်ချင်တာချည်းပဲ ရှေ့တန်းတင်လို့ မရပါဘူး။
တစ်ခုရှိသေးတယ်။ အခုအချိန်မှာ လွှတ်တော်ကို တင်ပြဖို့ဟာ ငါးထောင်တန်ဖုန်းကိစ္စက အရေးအကြီးဆုံး ဖြစ်နေပါပြီလား။
သူ့ထက် ဦးစားပေးလုပ်စရာတွေ မရှိတော့ဘူးလား။ ဥပမာ...ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး...စတဲ့ ကိစ္စရပ်တွေမှာပေါ့။

(၄)ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာဖို့ကို သင့်အနေနဲ့ ကြိုဆိုပါသလား။
    ငါးထောင်တန်ဖုန်းကဒ်ရယ်လို့မှ မဟုတ်ပါဘူး။
တန်ဖိုးနည်းဖုန်းတွေ ပေါ်လာတိုင်း ကြိုဆိုမှာပဲ။
အခု MPT ကဖုန်းကဒ်တွေ ၁၅သိန်းကနေ တန်ဖိုးတွေ တဖြည်းဖြည်း လျော့ကျလာတာကိုလဲ ကြိုဆိုတာပဲ။
ဒီထက်ပို ကျမှာကိုလဲ ကြိုဆိုမှာပဲ။
ငါးထောင်တန်ထွက်လာရင်လဲ ကြိုဆိုမှာပဲ၊ ငါးရာတန်ထွက်လာရင်လဲ ကြိုဆိုမှာပဲ။
မြန်မာနိုင်ငံမှာ ဖုန်းကိုင်နိုင်တဲ့သူ များလာလေ၊ ၀မ်းသာကြည်နူးရလေပါပဲ။
တစ်ခုတော့ရှိတယ်၊ ဆင်းကဒ်တွေ ရောင်းရာမှာလည်း ဒီအတိုင်း စွက်စက် ရောင်းလို့ရတာမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။
ဥပမာဆိုပါတော့ဗျာ...တန်ဖိုးနှစ်သိန်းနဲ့ ဖုန်းလိုင်းတစ်သိန်း ချထားပေးမယ်ဆိုပါတော့။
ဆောက်ထားတဲ့ backbone မှာ ဖြစ်နိုင်တဲ့ လိုင်းအရေအတွက်ကို ချထားပေးရတာကိုးဗျ။
ဒါကို ကျွန်တော်တို့က တန်ဖိုးလျှော့ချပေးပါဆိုလို့ရှိရင် investment တွေမှာ အကြီးအကျယ် ပြဿနာ တက်ကုန်နိုင်တယ်လေ။
ဒီတော့ တောင်းဆိုတော့ ချပေးလိုက်မှဖြစ်မယ်ဆိုပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စီစဉ်လိုက်တော့ တန်ဖိုးနှစ်သောင်းနဲ့ ဖုန်းလိုင်းတစ်သန်းဖြစ်သွားရင် ဘယ့်နှယ်လုပ်ကြမလဲ။
လိုင်းက ကြပ်ရုံတင်မဟုတ်တော့ဘူး၊ အလုအယက်တိုးနေရတော့မှာ။
နောက်တစ်ချက်က နှိုင်းယှဉ်စဉ်းစားကြည့်ဖို့...။
အခြေခံအဆောက်အဦးတွေ ဆောက်ပြီးမှ ရောင်းတဲ့ဖုန်းကဒ်နဲ့ ဖုန်းကဒ်ရောင်းပြီးမှ အခြေခံအဆောက်အဦးတွေ ဆောက်တာနဲ့ ဘယ်ဖုန်းကဒ်သုံးတာက ပိုအဆင်ပြေနိုင်မလဲ စဉ်းစားကြည့်ပါ။

(၅)ငါးထောင်တန်ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက် ချရေးကြည့်ပါ။
    ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းဟာ နိုင်ငံတော်ကပဲ ပိုင်ပါတယ်။
အမေရိကန်မှာတောင် ဘယ်သူပိုင်လဲဆိုတာ ကြည့်ချင်ရင် ဟောလိဝုဒ်က ဇာတ်ကားတွေ ကြည့်ကြည့်ပေါ့။
တရားခံတွေကို FBI တို့ CIA တို့က ဖုန်းကနေ ခြေရာခံလိုက်ကြတာတွေ့ရပါလိမ့်မယ်။
နိုင်ငံတကာမှာလည်း နိုင်ငံတော်ကနေပြီးတော့မှ Radio Spectrum တွေကို operator တွေကို ပြန်ရောင်းပါတယ်။
နိုင်ငံတော်က လိုင်စင်Feesတောင်းပြီး ၀င်ငွေရှာတဲ့သဘောပါ။
operator တွေက frequency ဘယ်နှစ်ခုလိုချင်တယ် ဆိုတာ ကန်ထရိုက်ဆွဲရပါတယ်။
ပြီးတော့မှ သူ့အနေနဲ့ သူ့ရဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်လုပ်တာတို့၊ တိုးချဲ့တာတို့၊ အဆင့်မြှင့်တင်တာတို့ လုပ်ပါတယ်။
ထိုင်းနိုင်ငံမှာလည်း စစချင်း ပထမဆုံး အစိုးရလုပ်ငန်း TOT ဆိုပြီး စပါတယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း operator တွေ အနေနဲ့ ဆွဲထုတ်ခဲ့တာပါ။
စင်ကာပူမှာလည်း အဲဒီလိုပဲ၊ တရုတ်မှာလည်း အဲဒီလိုစခဲ့တာပါပဲ။
အခု ရွှေပြည်တံခွန်အနေနဲ့ မြန်မာ့ဆက်သွယ်ရေး MPT နဲ့ မပေါင်းဘူး၊ သီးသန့် နက်ဝပ်ခ် ဆောက်မယ်လို့ပြောပါတယ်။
နက်ဝပ်ခ်ဆောက်တာက ဆောက်လို့ရပါတယ်။ MPT နဲ့ မပေါင်းဘူးဆိုတာတော့ တစ်မျိုးကြီးပဲ။
ဒီတော့ ရွှေပြည်တံခွန်ရဲ့ ဖုန်းကဒ်တွေဟာ သူတို့ကုမ္ပဏီဖုန်းကဒ်အချင်းချင်းပဲ ဆက်သွယ်လို့ ရတော့မှာပေါ့။
ဒါဖြင့် MPT က ကြိုးဖုန်းတွေကို ဘယ်လိုခေါ်မလဲ၊ တခြားသူ့အရင်ရှိပြီးသား မိုဘိုင်းဖုန်းတွေကို ဘယ်လိုခေါ်မလဲ။
နောက်ပြီး ရွှေပြည်တံခွန်က ခြောက်လအတွင်းဆောက်မယ်ဆိုတဲ့ ဆက်သွယ်ရေးအတွက်လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေဟာ ရန်ကုန်နဲ့ ဧရာဝတီ တိုင်းဒေသကြီးနှစ်ခုပဲ ပါပါမယ်။
ဒါဆို ရခိုင်ပြည်နယ်ကိုခေါ်ချင်ရင်၊ ရှမ်းပြည်နယ်ကို ခေါ်ချင်ရင် MPT ကဖုန်းကဒ်တစ်ခု ၀ယ်ရတော့မှာပေါ့။
အင်း...ဘယ်ဘက်မှာ ဟမ်းဖုန်းတစ်လုံး၊ ညာဘက်မှာ ဟမ်းဖုန်းတစ်လုံး စတိုင်တော့ ကျန်တာပေါ့လေ။
နိုင်ငံခြားမှာလည်း ပုဂ္ဂလိက operator တွေ ကိုယ့်နက်ဝက်ခ်နဲ့ ကိုယ်ပါပဲ။
ဒါပေမယ့် သူတို့က နက်ဝက်ခ်တွေ အချင်းချင်းချိတ်ထားတယ်၊ ပေါင်းစည်းထားတယ်။
ကုမ္ပဏီဖုန်းအချင်းချင်းခေါ်ရင် ဈေးတစ်မျိုး၊ operator မတူရင် ဈေးတစ်မျိုးပေါ့လေ။
တချို့နိုင်ငံတွေမှာဆို operator မတူရင် ဈေးတော်တော်ကြီးပါတယ်။
နောက်တစ်ခုက ရွှေပြည်တံခွန်ဟာ MPT နဲ့ မပူးပေါင်းဘဲ သူ့ဖုန်းတွေမှာ internet ကွန်နက်ရှင် ဘယ်လိုမှ မရယူနိုင်ပါဘူး။
အင်တာနက် Gateway နဲ့ချိတ်မယ်ဆိုရင် National Internet Gateway နဲ့ချိတ်မှ ရပါမယ်။
သူ့ဘာသာ ချိတ်ချင်ရင်လည်း MPT က operator အနေနဲ့ ခွင့်ပြုပေးမှ ချိတ်လို့ရပါလိမ့်မယ်။
ဒီတော့ ငါးထောင်တန်ဖုန်းကဒ်ထွက်လာဖို့ဆိုတာ နှစ်ဦးနှစ်ဖက်ပြေလည်မှ ဖြစ်နိုင်မှာပါ။
ဘယ်သူ့ဘယ်သူမှ ထိခိုက်နစ်နာလို့ မဖြစ်ပါဘူး... Win-Win policy မှ ကောင်းပါလိမ့်မယ်။
ဒီခေတ်ဟာ IT ခေတ်ဆိုလား ကြားဖူးပါတယ်။
သတင်းအချက်အလက်ရယူနိုင်မှုဟာ တအားအရေးကြီးလာပါပြီ။
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍစုံမှာ သတင်းအချက်အလက်ဟာ အရေးကြီးလာပါတယ်။
သတင်းအချက်အလက် မြန်မြန်ရနိုင်လေလေ ဖွံ့ဖြိုးမှုနားကို ချဉ်းကပ်နိုင်လေလေ ဖြစ်မှာပါ။
နိုင်ငံတိုင်းကတော့ ဖွံ့ဖြိုးတိုးတက်ချင်တာချည်းပါပဲ။
ဒါပေမယ့် အခြေအနေတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူတဲ့အတွက် လုပ်နည်းလုပ်ဟန်တွေလဲ တူမှာမဟုတ်ပါဘူး။
တစ်ချို့က ဖွံ့ဖြိုးမှုဆီကို မြန်မြန်ပြေးသွားချင်တယ်။
တစ်ချို့က တစ်ဆင့်ချင်းစီ ဖြေးဖြေးမှန်မှန်သွားချင်တယ်။
သေချာတာကတော့ ဖွံ့ဖြိုးမှုဆီ လျှောက်ရမယ့်လမ်းဟာ ပန်းခင်းလမ်းမဟုတ်ပါဘူး။
ချော်လဲရင် လဲမယ်၊ ခလုတ်တိုက်ရင် တိုက်မိမယ်။
ဘာပဲပြောပြော ပန်းတိုင်ဟာ တစ်ခုတည်းပါ။
အဲဒီတစ်ခုတည်းသော ပန်းတိုင်ဆီကို ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေ ဦးစားပေးလုပ်ဆောင်ရင်း လက်တွဲညီညီနဲ့ အနာတရနည်းပါးစွာ ရောက်ရှိနိုင်ပါစေကြောင်း ဆုတောင်းမိပါတယ်။
(ဟူးးးးးးးးးးးးးးးးးးးးးး ပင်ပန်းလိုက်တာကွာ...
စာတွေဖတ်ရ၊ ခေါင်းကစဉ်းစားရ၊ typing ရိုက်ရနဲ့...
ကိုယ်မသိတာတွေကို သိသလိုလိုလုပ်ပြီး ရေးရတာ တော်တော်ပင်ပန်းပါတယ်။
တော်တော်ဆိုးတဲ့ ရင်ဆူး
ငါ့မှ ရွေးတက်ဂ်ရတယ်လို့ကွာ.....)
အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်

Sunday, March 4, 2012

တော်စတွိုင်းပြောသော ပုံပြင်

တစ်ရက် ကျွန်တော် အင်တာနက်ပေါ်မှာ စာအုပ်တွေလိုက်ရှာတုန်း လီယိုတော်စတွိုင်းရေးခဲ့တဲ့ ပုံပြင်တွေစုစည်းထားတဲ့ စာအုပ်တစ်အုပ်တွေ့လို့ ဒေါင်းထားလိုက်ပါတယ်။
လီယိုတော်စတွိုင်းဆိုတာ ကမ္ဘာကျော် စစ်နဲ့ငြိမ်းချမ်းရေးဆိုတဲ့ စာအုပ်ကို ရေးခဲ့တဲ့ ရုရှားစာရေးဆရာကြီးပါ။
ဒီနေရာမှာ ပုံပြင်နဲ့ပတ်သက်တဲ့ ကျွန်တော့်ယူဆချက်ကို ပြောပြချင်ပါတယ်။
ပုံပြင်ဆိုတာဟာ တကယ်တော့ ပုံပြင်ရေးတဲ့သူရဲ့ လောကကြီးကို ရှုမြင်တဲ့ အမြင်၊ ဒါမှမဟုတ် လောကကြီးထဲ ရှင်သန်နေထိုင်ရင်း ရရှိလာတဲ့ ဒဿနတွေကို ရေးသားတင်ပြတာလို့ ကျွန်တော်ယူဆပါတယ်။
ပုံပြင်တွေရဲ့ အနှစ်သာရဆိုတာ အဲဒီ ဒဿန တွေပါပဲ။

သူငယ်ချင်းနှစ်ယောက်
 တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက် တောကြီးမျက်မည်းထဲမှာ လှည့်လည်သွားလာနေတုန်း ဗြုန်းဆို ခပ်လှမ်းလှမ်း လာနေတဲ့ ၀က်ဝံကြီးတစ်ကောင်ကို တွေ့လိုက်ရသတဲ့။
တစ်ယောက်ဟာ ချက်ချင်းဆိုသလို ၀ုန်းကနဲထွက်ပြေးသွားပြီး နီးစပ်ရာအပင်ပေါ်ကို တွယ်တက်သွားတယ်။
နောက်တစ်ယောက်ကတော့ ဘာလုပ်ရမှန်းမသိဘဲ ၀က်ဝံကြီးလာရာ လမ်းကြောင်းတည့်တည့်မှာ ထီးတည်းကြီး ကျန်နေခဲ့တာပေါ့။
ကြံရာမရတဲ့အဆုံး သူဟာ မြေကြီးပေါ်လှဲချလိုက်ပြီး အသေကောင်လိုဟန်ဆောင်နေလိုက်တယ်။
ဝက်ဝံကြီးဟာ သူ့လမ်းကြောင်းအတိုင်း လျှောက်လာပြီး လမ်းပေါ်မှာလဲနေတဲ့သူ့အနားရောက်လာတဲ့အခါ ရပ်လိုက်တယ်။
ပြီးတော့ သူ့ရဲ့မျက်နှာနားကပ်ပြီး အနံ့ခံလိုက်သတဲ့။
အောက်ကလူကတော့ အသက်ရှူရပ်မတတ် ကို ကြောက်လန့်နေရှာတော့တာပေါ့။
အသက်မရှူတဲ့သူကို တွေ့တဲ့ ၀က်ဝံကြီးဟာ အသေကောင်လို့ထင်ပြီး အနားက ထွက်ခွာသွားတော့တယ်။
ဝက်ဝံကြီးပြန်သွားတဲ့အခါ အပင်ပေါ်ကလူဟာ အောက်ကိုပြန်ဆင်းလာတယ်။
ပြီးတော့ အသက်ထွက်မတတ်ကြောက်ရွံ့နေရှာတဲ့ သူ့သူငယ်ချင်းကိုကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်တော့တယ်။
ရယ်နေရင်းနဲ့ပဲ "၀က်ဝံကြီးက မင်းမျက်နှာနားကပ်ပြီး ဘာပြောသွားတာလဲကွ" လို့ မေးလိုက်တယ်။
အဲဒီအခါ မြေကြီးပေါ်မှာလှဲနေတဲ့သူဟာ ပြန်ထလာပြီး.....
"အေး... ဒုက္ခတစ်စုံတစ်ရာနဲ့တွေ့တဲ့အချိန်မှာ  သူငယ်ချင်းမိတ်ဆွေနားက ထွက်ပြေးရှောင်ပုန်းသွားတဲ့သူဟာ မပေါင်းအပ်တဲ့မိတ်ဆွေပဲလို့ ပြောသွားတာကွ" လို့ ပြန်ဖြေလိုက်ပါသတဲ့။
ကဲ..... ကလေးတို့ရေ... ဒီတစ်ခေါက်ပုံပြင်လေးကတော့ ဒီလောက်ပါပဲနော်.....:)
နောက်ရက်တွေမှပဲ..............။

Thursday, March 1, 2012

ဂုဏ်ယူစရာ - မြန်မာဆရာဝန်တစ်ယောက်ရဲ့ သုတေသနတွေ့ရှိချက်အသစ်

ရှားပါးရောဂါစု တစ်မျိုးနှင့် ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာတို့ ဆက်စပ်နေကြောင်း သုတေသန တွေ့ရှိချက် အသစ်တစ်ခုကို မြန်မာ ဆေးပညာရှင်တစ်ဦး ဦးဆောင်သော သုတေသနအဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါတွေ့ရှိချက်ကို နိုင်ငံတကာ သတင်းမီဒီယာများ၌ ထိပ်တန်း သတင်းအနေဖြင့် ဖော်ပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သုတေသနတွေ့ရှိချက် အသစ်ကို အမေရိကန်နိုင်ငံ ကင်ဆာ ရောဂါပညာရှင်များအဖွဲ့( American Society of Clinical Oncology) မှ ထုတ်ဝေသည့် ထိပ်တန်းဆေးသိပ္ပံဂျာနယ် Journal of Clinical Onco- logy ၌ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဖော်ပြခဲ့ပြီး ရိုက်တာသတင်းဌာနနှင့် Sky News ၊ Fox News ၊ Science Daily အစရှိသော မီဒီယာများ အပါအ၀င် နိုင်ငံတကာသတင်းမီဒီယာများတွင်လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြခဲ့ကြသည်။
သုတေသနတွေ့ရှိချက် အသစ်ဖော်ထုတ်မှုကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ မဲလ်ဘုန်းတက္ကသိုလ် မှ မျိုးရိုးဗီဇသုတေသနပညာရှင် ဒေါက်တာအောင်ကိုဝင်းနှင့် တွဲဖက် ပါမောက္ခ Mark Jenkins တို့ ဦးဆောင်သည့် Colon Cancer Family Registry အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
တွေ့ရှိမှုမှာ ရှားပါးရောဂါစု တစ်မျိုးဖြစ်သည့် Lynch Syndrome ဝေဒနာရှင်များတွင် မုန့်ချိုအိတ်(ခေါ်) ပန်ကရိယ(Pancreas) ကင်ဆာနှင့် ရင်သား ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ပိုမိုမြင့်မားကြောင်းကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါသည်။ Lynch Syndrome ရောဂါစုသည် လူ့ခန္ဓာကိုယ် မျိုးရိုးဗီဇစနစ်၏ အဓိကဖြစ်သော DNA ကွဲလွဲမှု ပြင်ဆင်ပေးနိုင်သည့် မျိုးရိုးဗီဇသဏ္ဌာန်ပြောင်းလဲမှု( mismatch repair gene mutation) ရှိသူများထံ တွင် တွေ့ရလေ့ရှိကြောင်း သိရသည်။
Lynch Syndrome ရောဂါစုသည်ပျမ်းမျှအားဖြင့် လူတစ်ထောင်လျှင် တစ်ယောက်နှုန်းခန့်သာ တွေ့ရသောရောဂါဖြစ်ပြီး အကျိုးဆက်အားဖြင့် ကင်ဆာရောဂါများ အသက်ငယ်ငယ် အရွယ်တွင် ဖြစ်ပွားတတ်ကြသူများ ဖြစ်ကြောင်း သိရပါသည်။
“ဒီလို ဝေဒနာရှင်တွေမှာ အူမကြီး၊ သားအိမ်၊ မျိုးဥအိမ်၊ ကျောက်ကပ်၊ အစာအိမ်နဲ့ ဆီးအိမ်တို့မှာ ကင်ဆာဖြစ်ပွားနှုန်း အလွန်မြင့်တာကို ယခင်က တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ အခု သုတေသနပြုချက်အရ ဒီကင်ဆာတွေအပြင် ပန်ကရိယကင်ဆာနဲ့ ရင်သားကင်ဆာတွေလည်း ဖြစ်ပွားနိုင်ခြေများတာကို ပထမဆုံး အခိုင်အမာ သက်သေပြနိုင်ခြင်းဖြစ်ပါတယ်” ဟု သုတေသနတွေ့ရှိချက်အသစ်တွင် ဦးဆောင်ပါဝင်ခဲ့သည့် ဒေါက်တာအောင်ကိုဝင်းက ပြောပြပါသည်။
ထို့အပြင် မိသားစုဝင်များအတွင်း အူမကြီးကင်ဆာ အပါအ၀င် ကင်ဆာရောဂါများ အသက် ငယ်ငယ်ရွယ်ရွယ်တွင် ဖြစ်ပွားမှုများခြင်း က Lynch Syndrome ၏ လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ သို့သော် ရောဂါဖြစ်ပွားမှု သေချာရန် အတွက်မူ Confirmatory Test အနေဖြင့် မျိုးရိုးဗီဇစစ်ဆေးမှုများ ပြုလုပ်ရလေ့ရှိသည်ဟု ဒေါက်တာ အောင်ကိုဝင်းက ဆက်လက်ပြောပြ ပါသည်။
“မိသားစုဝင်တွေမှာ ကင်ဆာ ရောဂါအဖြစ်များပြီဆိုရင်ဆရာဝန်နဲ့ တိုင်ပင် ပြသဖို့လိုပြီး ကင်ဆာရော ဂါကာကွယ်ဖို့ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ဖို့ လိုပါတယ်။ mismatch repair gene mutation ရှိတဲ့ သူတွေ အနေနဲ့ အူမကြီးကင်ဆာကို စောစော စီးစီးသိနိုင်ဖို့ အူမကြီးမှန်ပြောင်းစစ် ဆေးမှု(Colonoscopy)ကို ပုံမှန် ပြုလုပ်ဖို့လိုအပ်ပါတယ်” ဟု ဒေါက်တာအောင်ကိုဝင်းက ပြောပါသည်။
သို့သော် mismatch repair gene mutation ကို သယ်ဆောင်မထားသူ များအတွက်မူ များစွာစိုးရိမ်ဖွယ်ရာ မရှိဘဲ ကင်ဆာဖြစ်ပွားနိုင်ခြေမြင့်မားမှု မရှိကြောင်း သိရသည်။
“အခုတွေ့ရှိချက်အရ Lynch Syndrome ဝေဒနာရှင်တွေရဲ့မိသားစုဝင် ဆွေမျိုးတွေအနေနဲ့ mismatch repair gene mutation သယ်ဆောင်ထားခြင်း မရှိဘူးဆိုရင် အူမကြီးကင်ဆာအပါအ၀င် တခြားကင်ဆာများ ဖြစ်နိုင်ခြေ မြင့်မားမှု မရှိကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ သူတို့တွေအနေနဲ့ အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး။ အူမကြီးမှန်ပြောင်းစစ်ဆေးမှု Colonoscopy ကို မလိုအပ်ဘဲ မလုပ်သင့်ပါဘူး။ ဒါကတော့ သတင်းကောင်းပါပဲ” ဟု ဒေါက်တာအောင်ကိုဝင်းက ပြောပြခဲ့ပါသည်။
ဒေါက်တာအောင်ကိုဝင်း ဦးဆောင်ခဲ့သော Colon Cancer Family Registry အဖွဲ့မှ သုတေသနတွေ့ရှိချက်အသစ် ဖော်ထုတ်နိုင်ခဲ့ခြင်းကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ Monash တက္ကသိုလ်၌ ပြည်သူ့ကျန်းမာရေး ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော ဒေါက်တာစိုးထက်က မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါသည်။
“မြန်မာလူငယ် ပညာရှင်တစ်ဦးရဲ့ စွမ်းဆောင်မှုကို နိုင်ငံတကာ ဆေးသိပ္ပံပညာနဲ့ သုတေသနဂျာနယ် တွေ၊ ကမ္ဘာ့စာနယ်ဇင်း မီဒီယာတွေမှာ အလေးပေးဖော်ပြခဲ့တဲ့ သုတေသန ဖော်ထုတ်တွေ့ရှိချက်ဖြစ်လို့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ နောက်ပြီး မြန်မာလူငယ်တွေ ကိုလည်း သုတေသန အလေ့အကျင့်တွေ ပိုမိုရှင်သန်လာစေပြီး အခုလို နိုင်ငံတကာမှာ ပုံနှိပ်ဖော်ပြလာတာကို များစွာမြင်တွေ့ပြီး ဂုဏ်ယူလိုပါတယ်”ဟု ဒေါက်တာစိုးထက်က ပြော ခဲ့သည်။
“ဒေါက်တာ အောင်ကိုဝင်းက မဲလ်ဘုန်းတက္ကသိုလ်မှာ ပါရဂူဘွဲ့ အတွက် ဆေးသုတေသနပြုတဲ့သူ တစ်ဦးပါ။ သူတို့ရဲ့သုတေသနအဖွဲ့ မှာ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံက ဆေးပညာရှင်တွေလည်း ပါဝင်ပါတယ်။ သူတို့ အဖွဲ့က mismatch repair gene မှာ လာမယ့် မျိုးဆက်တွေ အကျိုးဆက် ခံရနိုင်မယ့် မျိုးရိုးသဏ္ဌာန်ပြောင်းလဲမှု (mutation) သယ်ဆောင်သူ လေးရာကျော်နဲ့ မသယ်ဆောင်သူ တစ်ထောင်ကျော်ကို စစ်တမ်းကောက်ယူပြီး သုတေသနပြုခဲ့တာလို့ သိရပါတယ်”ဟု ဒေါက်တာစိုးထက်က ဆက်လက် ပြောကြားခဲ့ပါသည်။
(ဂုဏ်ယူဂုဏ်ပြုချင်လွန်းလို့ သိသိချင်းမျှဝေပေးလိုက်တာပါ။ eleven media group ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ သတင်းဆောင်းပါးဖြစ်ပါတယ်ခင်ဗျာ။)