Tuesday, February 19, 2013

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင် (၄)



အင်းဝမှာ နရပတိစည်သူ နန်းတက်စိုးစံနေတုန်းမှာ ပဲခူးဟံသာဝတီက တပ်တွေ အင်းဝကို သိမ်းဖို့ နှစ်ကြိမ်ချီပါတယ်။
ပထမတစ်ကြိမ်ချီစဉ်က ဘုရင့်နောင်ကိုယ်တိုင်မဟုတ်ဘဲ ညီတော်၊ သားတော်များကိုသာ ကြည်းကြောင်း၊ ရေကြောင်း အင်အားတစ်သိန်းလေးသောင်းကျော်နဲ့ ချီစေခဲ့တာပါ။
အဲဒီအခါ နရပတိစည်သူဟာ လက်အောက်ခံမြို့စား၊ နယ်စားများထံက တပ်တွေကို စစ်ချီလမ်းကြောင်းမှာ ရှိတဲ့ မြို့နှစ်မြို့မှာ နှစ်စုခွဲပြီး ခုခံဖို့ ပြင်စေပါတယ်။
ကိုယ်တိုင်ကတော့ အင်းဝနေပြည်တော်ပတ်လည်က စုဆောင်းခေါ်ယူထားတဲ့ တပ်တွေအပြင် မဟာမိတ်များဖြစ်ကြတဲ့ ရှမ်းစော်ဘွားငါးဦးကိုလည်း စစ်ကူလာဖို့ ပင့်ချီခဲ့တာကြောင့် မိုးညှင်းစော်ဘွား၊ မိုးကောင်းစော်ဘွား၊ ဗန်းမော်စော်ဘွား စတဲ့ စော်ဘွားငါးဦးဟာ ဆင်၊မြင်း စစ်သည်အလုံးအရင်းနဲ့ အင်းဝကို ဆင်းလာပြီး ပူးပေါင်းခုခံကြဖို့ ပြင်ကြပါတယ်။
ရှမ်းစော်ဘွားတွေဖွဲ့ထားတဲ့ လှေတပ်တွေကိုတော့ အောက်ကို စုန်ဆင်းစေပြီး ခုခံဖို့ ပြင်ထားတဲ့ မြို့တွေမှာ အင်အားဖြည့်စေပါတယ်။
ပဲခူးဟံသာဝတီတပ်တွေက အင်အားကြီးကြီးမားမားနဲ့ ချီလာတာဖြစ်ပေမယ့် ဘုရင့်နောင် ကိုယ်တိုင်မပါတဲ့အပြင် အင်းဝတပ်တွေနဲ့ ရှမ်းတပ်တွေကလည်း အင်အားကြီးကြီးမားမားနဲ့ ခုခံဖို့ ပြင်ထားတာတွေ သိရတဲ့အတွက် တိုက်သော်လည်း အောင်မြင်ဖို့ မလွယ်ဘူးလို့ တွက်ရတာကြောင့် ဘုရင့်နောင်ကိုယ်တိုင်က ဆုတ်ခဲ့ဖို့ အမိန့်ပေးပြီး ဆုတ်စေခဲ့ပါတယ်။
စစ်ချီတဲ့ ရည်ရွယ်ချက်ကိုက တစ်ခါတည်းအပြီးတိုင်သိမ်းဖို့ မဟုတ်ဘဲ အင်းဝရဲ့ အင်အားဘယ်လောက်ရှိတယ်။ ဘယ်နေရာမှာ ဘယ်လိုခုခံဖို့ ပြင်တယ်ဆိုတဲ့ သေနင်္ဂဗျူဟာကို သိလိုတာကြောင့် အစမ်းချီတာဖြစ်တဲ့အတွက် ပဲခူးဟံသာဝတီဟာ စစ်မတိုက်ခဲ့ရသော်လည်း အမြတ်တော်တော်များများ ရခဲ့ပါတယ်။
အင်းဝအနေနဲ့ကတော့ ရှိသမျှအင်အားကို ထုတ်ပြပြီး စစ်ပြင်လိုက်တာ အားနည်းချက်တစ်ခုလို ဖြစ်သွားပါတယ်။
ဒါ့အပြင် အင်းဝက နရပတိစည်သူအနေနဲ့ ရှမ်းပြည်စော်ဘွားအားလုံးနဲ့ အဆင်ပြေနေသေးဟန်မတူပါဘူး။
ဒါကိုလဲ ဘုရင့်နောင် သိခဲ့ပုံရပါတယ်။
တကယ်ဆို အင်းဝက စစ်ကူခေါ်ရင် ရှမ်းကိုးပြည်ထောင်လုံးက စော်ဘွားအားလုံး ရောက်လာသင့်ပေမယ့် ရောက်မလာခဲ့ပါဘူး။ စော်ဘွားငါးဦးသာ ရောက်လာပါတယ်။
အင်းဝကို စစ်ကူပေးရင် ခဏချင်းရောက်လာမယ့် ကလေးစော်ဘွားတောင် ရောက်မလာပါဘူး။
သည်တော့ အင်းဝရဲ့ အင်အားဟာ ပဲခူးက ထင်ထားသလို အင်းဝနဲ့ ရှမ်းနယ်အားလုံးရဲ့ အားကို မစုစည်းနိုင်တာကြောင့် အင်အားကြီးသော်လည်း တအားတောင့်တင်းတာတော့မဟုတ်ခဲ့ပါဘူး။
တစ်ကြိမ်အစမ်းစစ်ချီလိုက်တဲ့အခါ အင်းဝရဲ့ အင်အား အားလုံးကို ဖော်ပြလိုက်ပြီးသလို ဖြစ်သွားတာကြောင့် ဒါဟာ အင်းဝရဲ့ အားနည်းချက်ဖြစ်သွားပါတယ်။
ဒါကို အင်းဝ၊ရှမ်းတပ်ပေါင်းစုက အကြီးအကဲတွေဖြစ်တဲ့ ဘုရင် နရပတိစည်သူနဲ့တကွ စော်ဘွားအားလုံးဟာ သဘောပေါက်ပါတယ်။
ဒါကြောင့် အင်းဝရောက်နေတဲ့ စော်ဘွားတွေအားလုံး ကိုယ့်နယ်ကိုယ်ပြန်ပြီး လူသူလက်နက် ထပ်မံစုဆောင်းကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
စစ်ကူပို့မလာတဲ့ အခြားနယ်နားနီးချင်းစော်ဘွားတွေရန်ကလည်း ကြောက်ရသေးတယ်မဟုတ်လား။
ဒါကြောင့် ပဲခူးက စစ်ကြောင်းတွေ နောက်ပြန်ဆုတ်သွားတာနဲ့ တစ်ပြိုင်နက် ရှမ်းစော်ဘွားငါးဦးဟာ ပါလာတဲ့ တပ်အင်အားအများစုနဲ့ တကွ လက်အောက်ခံစစ်သူကြီးအမတ်အချို့ကိုသာ တပ်ကို အုပ်ချုပ်ဖို့ ထားခဲ့ပြီး ပြန်သွားကြဟန်တူပါတယ်။
သည်အချိန်မှာ အင်းဝနေပြည်တော်မှာ အမတ်၊ ၀န်ကြီးများ ရှိနေမှာ ဖြစ်ပေမယ့် စစ်တိုက်ဖို့ရာ သူရဲကောင်းတွေတော့ သိပ်ပေါပေါများများ ချန်ထားဟန်မတူပါဘူး။ မရှိတာလည်း ဖြစ်ချင်ဖြစ်မှာပါ။
နောက်ပြီး တကယ်လို့ ပဲခူးက စစ်ချီလာရင် အရင်ဆုံးထိတွေ့မှာက အင်းဝလက်အောက်ခံ မြန်မာပြည်အလယ်ပိုင်းက ဗမာနယ်တွေဖြစ်တာကြောင့် လက်အောက်က တပ်မှုးသူရဲကောင်းတွေကို အဆိုပါနယ်တွေမှာ အင်အားတွေနဲ့ တကွ ခွဲထားပေးရဟန်ရှိပါတယ်။
အဲဒီအချိန်မှာ ပဲခူးဟံသာဝတီမှာတော့ ဆင်ဖြူများရှင်ဘုရင့်နောင်ဟာ ကမ္ဗောဇသာဒီဆိုတဲ့ နန်းတော်အသစ်ကို တည်ဆောက်နေပြီး နန်းသစ်တက်ဖို့ ပြင်ဆင်နေချိန်ပါ။
ပဲခူးဟံသာဝတီတပ်တွေ စစ်ချီလာရာကနေ စစ်ပြန်ဆုတ်သွားတဲ့အပြင် ဘုရင့်နောင်ကလည်း နန်းသစ်တက်ဖို့ ပြင်ဆင်နေချိန်မို့ အင်းဝက နရပတိစည်သူနဲ့တကွ မှုးမတ်၊ စစ်သူကြီး၊ နယ်စား၊ မြို့စားအားလုံး သွေးအေးသွားကြပါတယ်။
ဒါကြောင့် စစ်ပြင်ထားတဲ့နေရာတွေမှာ ရောက်ရှိနေတဲ့ မြို့စား၊ နယ်စား စစ်သူကြီးတွေဟာ ကိုယ့်နယ်ကိုယ် ပြန်သွားကြပါတယ်။
နယ်စား၊ မြို့စားဆိုတာကလည်း ကိုယ့်နယ်မြေနဲ့ ကိုယ် ကင်းကွာလို့ မကောင်းသလို အုပ်ချုပ်မှုကိစ္စတွေကလည်း အများသားမဟုတ်လား။
အုပ်ချုပ်သူနဲ့ တပ်တွေမရှိရင် သူခိုး၊ဓားပြ၊မုဒိမ်းကောင်တွေဆိုတာ ထကြွလေ့ရှိတယ်လေ။
အဲဒါကြောင့် အင်းဝဟာ စစ်ပြင်ထားတယ်ဆိုပေမယ့် အသင့်အနေအထားတော့ မရှိတော့ပါဘူး။
ပဲခူးဟံသာဝတီမှာတော့ ဘုရင့်နောင်ဟာ နန်းသစ်တက်ဖို့ ပြင်ဆင်နေတယ်ဆိုပေမယ့် လက်အောက်ခံဘုရင်ခံ၊ နယ်စား၊ မြို့စား အားလုံးကို လူသူလက်နက်စုဆောင်းဖို့ အမိန့်ပေးပြီးသားဖြစ်ပါတယ်။
လက်အောက်ခံများကလည်း တကယ့်ကို လူတော်တွေများတာမို့ သည်လိုအရေးကိစ္စတွေမှာ လှည့်ကြည့်စရာမလိုလောက်အောင် စီမံပြီးသားဖြစ်နေကြမှာ သေချာပါတယ်။
နန်းသစ်တက်ပြီးတာနဲ့ တစ်ပြိုင်နက် ဘုရင့်နောင်အဖို့ လုပ်စရာတစ်ခုပဲ ရှိပါတယ်။
အဲဒါကတော့ အင်းဝကို အလုံးစုံသိမ်းပိုက်ဖို့အတွက် စစ်ပြင်ခြင်းပါပဲ။
ရှေးမြန်မာစစ်ဘုရင်တွေ စစ်ပြင်ကြတာလည်း ဘက်ပေါင်းစုံကို တွေးပြီး ပြင်ကြရတာပါ။
ပထမဆုံးအချက်အနေနဲ့ တိုက်မယ့် စစ်မျက်နှာအတွက် စစ်ပြင်ရပါတယ်။
ဒုတိယအနေနဲ့ မိမိရဲ့ နေပြည်တော်၊ မြို့တော်မှာ နန်းသိမ်းမှု၊ အာဏာသိမ်းမှုတွေ မဖြစ်ရအောင် ပြင်ရပါတယ်။
တတိယအချက်အနေနဲ့ မိမိနိုင်ငံပတ်ဝန်းကျင်က ရန်စွယ်အပေါင်းအတွက်လည်း အသင့်အနေအထားပြင်ရပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်က တိုက်ခိုက်လာရင် ပြန်ခုခံတွန်းလှန်နိုင်အောင်ပါ။
သည်သုံးချက်ပိုင်နိုင်မှ စစ်ထွက်လို့ ကောင်းပါတယ်။ သည်သုံးချက်ကို ယနေ့အချိန်အထိ အသုံးပြုနေကြဆဲဆိုတာလည်း လေ့လာမယ်ဆို တွေ့နိုင်ပါတယ်။
သည်တစ်ကြိမ် စစ်ပြင်တဲ့အခါမှာတော့ တော်တော်လေးကို ကြီးကြီးမားမားပြင်ဆင်တာတွေ့ရပါတယ်။
ရေကြောင်း၊ ကြည်းကြောင်း စစ်ပြင်ရာမှာ ရေကြောင်းဘက်မှာ တိုက်လှေ၊ ရိက္ခာလှေ စသဖြင့် လှေကြီးလှေငယ် တစ်ထောင့်လေးရာနဲ့ စစ်သည်အင်အားတစ်သိန်းတစ်သောင်းကို တပ်မှုးဆယ်ဦး၊ တပ်ပေါင်းဆယ်တပ်ဖွဲ့စေပြီး ညီတော်ပြည်မင်းကို ဦးဆောင်ကာ ချီစေပါတယ်။
ကြည်းကြောင်းမှာတော့ မြင်းတပ်ရှစ်တပ်ကို ရှေ့ဆုံးက ချီစေပြီး နောက်ပိုင်းက ဆင်၊မြင်း ခြေသည် အစုံပါတဲ့ တပ်ပေါင်းဆယ့်ခြောက်တပ်ကို ဆင်ဖြူရှင်ဘုရင့်နောင်ကိုယ်တိုင် ဦးစီးတဲ့ တပ်အား ၀န်းရံစေပြီး ချီပါတယ်။
ဘုရင့်နောင်မင်းတရားကြီးရဲ့ တပ်ကတော့ တော်တော်လေးကို ခမ်းနားပါတယ်။ ရွှေရောင်တပ်ကြီးလို့တောင် ပြောလို့ ရလောက်ပါတယ်။
ဘုရင့်နောင် မင်းတရာကြီး စီးတဲ့ဆင်ကို ဗဟိုပြုပြီး တပ်ဖွဲ့ပါတယ်။
ဆင်ရဲ့ ရှေ့၊နောက်၊ ဘေးဘယ်ညာမှ ကုလားလေးရာကို ရွှေနားသံဘောင်းဘီတွေဝတ်ဆင်စေပြီး သေနတ်ကိုယ်စီကိုင်ကာ လိုက်ရပါတယ်။
အဲသည်ပတ်လည်မှာ အင်အားသုံးထောင်ရှိတဲ့ ကိုယ်ရံတော်မြင်းတပ်က ရှေ့နောက်ဘေးဘယ်ညာစီစဉ်တကျရံပြီး လိုက်ပါတယ်။
အဲသည်ပတ်လည်မှာ ရှေ့နောက်ဘေးဘယ်ညာ ဆင်ဆယ်စီးစီ၊ စုစုပေါင်း ဆင်ပေါင်းလေးဆယ်နဲ့ ဆင်စီးသူရဲ လေးဆယ်က လိုက်ပါတယ်။
အဲသည်ရဲ့ ပတ်လည်မှာမှ ရွှေလွှား၊ရွှေကာတွေနဲ့ ရွှေလှံတွေကိုင်တဲ့ ခြေသည်စစ်သည်တွေက ပတ်လည်စီပြီး ထွက်ပါတယ်။
မျက်လုံးထဲမြင်ကြည့်လိုက်ရင်တော့ ရွှေရောင်တလက်လက်တောက်ပနေတဲ့ ခမ်းနားလှတဲ့ တပ်တော်ကြီးကို မြင်ရမှာပါ။
အဲသည်ရွှေရောင်တပ်ကြီးပတ်ပတ်လည်ကိုမှ ကျန်တဲ့ တပ်ပေါင်း၂၄တပ်က ရံပြီး စစ်ထွက်တာဖြစ်ပါတယ်။
ကြည်းကြောင်းမှာတော့ တပ်ပေါင်း၂၅တပ်၊ ဆင်ရှစ်ရာ၊ မြင်းကိုးထောင်၊ စစ်သည်အင်အား တစ်သိန်းရှစ်သောင်းတောင် ရှိပါတယ်တဲ့။
နေပြည်တော်မှာတော့ သားတော်နန္ဒမင်းသားနဲ့ နန္ဒသင်္ကြံအမတ်ကို အင်အားတောင့်တောင့်တင်းတင်းနဲ့ မြို့စောင့်အနေနဲ့ ထားခဲ့ပါတယ်။
အရှေ့ဘက်စစ်မျက်နှာက ဇင်းမယ်ပြည်နဲ့ ယိုးဒယားပြည်တို့ရဲ့ ရန်ကလည်း ရှိတာကြောင့် မုတ္တမ၃၂မြို့ကို စစ်ချီရာ မပါစေပါဘူး။ အဲဒီက အင်အားအလုံးအရင်းနဲ့တကွ ညီတော်မုတ္တမင်းနဲ့ မြို့စားများကို အစောင့်အရှောက်ထားခဲ့ပါတယ်။
အနောက်ဘက်စစ်မျက်နှာဖြစ်တဲ့ ရခိုင်အတွက်တော့ ဒေးပသွယ်စားနဲ့ လင်းပတေ့စားတို့ကို တပ်ကိုယ်စီ အင်အားအပြည့်အစုံနဲ့ သံတွဲအနီးမှာ တပ်ချအစောင့်ထားခဲ့ပါတယ်။
သည်လို ပဲခူးဟံသာဝတီက အင်အားအပြည့်နဲ့ စစ်ချီလာချိန်မှာတော့ အင်းဝဘုရင် နရပတိစည်သူရဲ့ စစ်ရေးအစီအစဉ်က ပြောင်းလဲပုံမပေါ်ပါဘူး။
အင်းဝရဲ့ အောက်ဘက်တလွှားက မြို့စား၊ နယ်စားအားလုံးကိုတော့ ကိုယ့်နယ်မှာကိုယ် အင်အားစုဆောင်းပြီး ခုခံဖို့ ပြင်ဆင်ထားစေတယ်။ ခုခံလို့မနိုင်မှသာ အင်းဝကို အင်အားတွေနဲ့တကွ သွားရောက်ပူးပေါင်းကြရမှာဖြစ်ပါတယ်။
နောက်ပြီး အင်းဝကိုသာ တစ်ခါတည်း စစ်ထိုးလာမယ်ဆိုရင် နောက်ကနေ ၀ိုင်းပတ်တိုက်ဖို့၊ သို့မဟုတ် ရိက္ခာထောက်တပ်တွေ၊ စစ်ကူတွေကို ဖြတ်တိုက်ဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။
အင်းဝရဲ့ အထက်ဘက်က မြို့စားနယ်စားတွေကိုလဲ အင်အားအလုံးအရင်း စုဆောင်းထားစေပေမယ့် ရသမျှအင်အားကိုတော့ အင်းဝကို မပို့စေဘဲ ကိုယ်စီအလုံးအရင်းနဲ့ နေကြဖို့ စီစဉ်ဟန်တူပါတယ်။
ဘာကြောင့်လဲဆိုတော့ တကယ်လို့သာ အင်းဝက ကျဆုံးသွားပြီဆိုရင် နရပတိစည်သူအနေနဲ့ အထက်ဘက်က မြို့တစ်မြို့မြို့ကို ဆုတ်ခွာပြီး အင်အားစုဆောင်းလို့ ပြန်လည် တိုက်ခိုက်နိုင်မယ်မဟုတ်လား။
ခေတ်အခေါ်ဆိုရင်တော့ B-plan ဆိုပါတော့။
အင်းဝကျပြီဆိုတာနဲ့ အလုံးစုံဆုံးရှုံးသွားမှုမရှိအောင် စီမံထားတဲ့ ပုံစံပါ။
အင်းဝမှာတော့ အင်းဝတပ်တွေအပြင် ရှမ်းစော်ဘွားများက ပို့ထားပေးတဲ့ ရှမ်းတပ်တွေလဲ အလုံးအရင်းနဲ့ ခုခံဖို့ ပြင်ထားပါတယ်။
ဒါ့အပြင် ရှမ်းစော်ဘွားများကလည်း ကိုယ်နယ့်များမှာ ကိုယ်စီ အင်အားတွေ စုဆောင်းနေကြပြီး အင်းဝအခြေမလှတာနဲ့ တစ်ပြိုင်နက် အလုံးအရင်းနဲ့ စစ်ကူဆင်းကြဖို့ စီစဉ်ထားကြမှာပါ။
ရှမ်းစော်ဘွားများအတွက် အင်းဝကို ဆုံးရှုံးတာဟာ သူတို့နယ်တွေ ဆုံးရှုံးတာနဲ့ အတူတူပါပဲ။
ဘာကြောင့်ဆိုတော့ အင်းဝကျပြီဆိုတာနဲ့ ရှမ်းနယ်တွေအတွက် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ လမ်းကြီးပွင့်သွားတာဖြစ်ပြီး ကျရှုံးဖို့ဆိုတာလည်း ရာခိုင်နှုန်းတော်တော်များနေလို့ပဲ ဖြစ်ပါတယ်။
ရှမ်းစော်ဘွားတွေမှာလည်း B-planရှိမှာပဲ။ အဲဒါကြောင့်သာ အင်အားတွေ အပူတပြင်းစုဆောင်းနေရတာပါ။ အင်းဝကျတာနဲ့ ပဲခူးဟံသာဝတီရဲ့မြှားဦးက သူတို့ဘက်လှည့်လာမှာ အသေအချာပဲမဟုတ်လား။
သည်အတွက် စစ်ပြင်ကြတာပါ။ အင်းဝကို စစ်ကူမလွှတ်တဲ့ စော်ဘွားတွေရဲ့ သဘောကလဲ သည်အတိုင်းပဲ ဖြစ်ဟန်တူပါတယ်။
သည်လိုနဲ့ ဘုရင့်နောင်မင်းတရားကြီး တောင်ငူမှာ တပ်နားတုန်း အင်းဝရဲ့ စစ်ရေးအစီအစဉ်တွေကို သိရတဲ့အခါ ညီတော်တောင်ငူမင်း မင်းခေါင်က ခုလို လျှောက်ပါတယ်။
အင်းဝရဲ့ အင်အားဟာ အင်းဝတပ်တွေချည်းပဲ မဟုတ်ဘူး။ ရှမ်းတပ်တွေဟာလည်း အင်းဝရဲ့ အင်အားတွေဖြစ်တယ်။ စော်ဘွားတွေက အင်းဝကို အထူး အကူအညီပေးကြတာကြောင့် အင်းဝဟာ အင်အားတောင့်တင်းတယ်။
ဒါကြောင့် သည်တစ်ခေါက် အင်းဝကို တိုက်ရင် အမြန်ဆုံးနဲ့ ပြီးအောင် တိုက်ရမယ်။
အင်းဝကို တိုက်နေတာ ကြာနေရင် ရှမ်းစော်ဘွားတွေဟာ အင်အားတွေ ထပ်စုဆောင်းပြီး ဆင်းလာကြမှာ ဖြစ်တယ်။
အင်းဝကို ရံထားတဲ့ တပ်တွေကို အပြင်က ထပ်ရံခံရရင် စစ်နိုင်ဖို့ ခက်ပြီမဟုတ်လား။
နောက်တစ်ချက်က ၀ါဆို၊ ၀ါခေါင်ရောက်တာနဲ့ မိုးကျပြီ။ မိုးထဲ လေထဲမှာဆိုတော့ စစ်ကစားဖို့၊ ဆင်တပ်၊မြင်းတပ်တွေ လှုပ်ရှားဖို့၊ စစ်အင်အားတွေ နေရာရွှေ့ပြောင်းဖို့ မလွယ်ဘူးလေ။
ဒါကြောင့် လေး၊ငါးလအတွင်းမှာ ပြီးစီးအောင် လုပ်ကြမှ ရမယ်။
နောက်တစ်ချက်က အင်းဝဟာ လက်အောက်ခံတပ်တွေကို လူသူစုဆောင်းပြီး နေရာမှာတင် နေစေတယ်။
အင်းဝရဲ့ တောင်ဘက်က မြို့အားလုံးဟာလည်း အင်အားကိုယ်စီနဲ့ ခုခံကြဖို့ စောင့်နေသလို အင်းဝရဲ့ မြောက်ဘက်က မြို့အားလုံးလည်း အင်အားအခိုင်အမာစုဆောင်းနေကြတယ်။
သည်တော့ အင်းဝကို တစ်ခါတည်းစစ်ထိုးတာနဲ့ စစ်ကြောင်းကို တောင်ဘက်က မြို့တွေက အင်အားတွေနဲ့ နှောင့်ယှက်ကြမှာဖြစ်တယ်။ နောက်ချန်တပ်တွေ၊ ရိက္ခာထောက်တပ်တွေအတွက် အန္တရာယ်များတယ်။
ဒါကြောင့်မို့ စစ်ကို အင်းဝထံ တစ်ခါတည်းအရောက်မချီစေဘဲ အင်းဝတောင်ဘက်က မြို့တွေအားလုံးကို သိမ်းယူပြီးမှသာ အင်းဝကို စစ်ထိုးသင့်တယ်၊ စသဖြင့် လျှောက်တင်ပါတယ်။
တောင်ငူမင်းခေါင်ရဲ့ ဗျူဟာက အောက်ခြေမှာ ရှုပ်နေတဲ့ အကိုင်းအခက်တွေကို ရှင်းပြီးမှ ပင်စည်ကို ခုတ်လှဲမယ့်ဗျူဟာပါ။
အောက်ခြေရှင်းသွားတော့ ခုတ်ရ၊ပြုရတာ လွယ်ပါတယ်။ အထက်က အကိုင်းအခက်တွေကတော့ ပင်စည်လဲတာနဲ့ သူ့ဘာသာ လဲပြိုကျလာမှာပါပဲ။
သည် စစ်ရေးဗျူဟာကို ဘုရင့်နောင်မင်းတရားလဲ သဘောကျတာကြောင့် ချီလာတဲ့ ကြည်းကြောင်းတပ်များကို စစ်သုံးကြောင်းခွဲဖို့ စီစဉ်ပါတော့တယ်။
အနောက်ကြောင်း၊ အလယ်ကြောင်းနဲ့ အရှေ့ကြောင်းဆိုပြီး ခွဲပါတယ်။
အရှေ့ကြောင်းမှာ ညီတော်တောင်ငူမင်းခေါင် ဦးစီးပြီး မြင်းတပ်နှစ်တပ်နဲ့ ဆင်၊ခြေလျင်တပ်၎တပ်ပေါင်း ၇တပ်ဖြစ်ပြီး အလယ်ကြောင်းကိုတော့ ညီတော်မင်းရဲကျော်ထင်ဦးစီးပြီး မြင်းတပ်နှစ်တပ်၊ ဆင်၊ခြေလျင်တပ် ၄တပ် ပေါင်း ၇တပ်နဲ့ နှစ်ကြောင်းချီပါတယ်။
အနောက်ကြောင်းကိုတော့ ဘုရင့်နောင်ကိုယ်တိုင်ဦးစီးပြီး မြင်းတပ်၎တပ်နဲ့ ဆင်ခြေလျင်တပ်၁၀တပ် ကိုယ်ပိုင်တပ်တော်တစ်တပ် စုစုပေါင်း ဆယ့်ငါးတပ်နဲ့ ချီပါတယ်။
အနောက်ကြောင်းက ချီလာတဲ့ ဘုရင့်နောင်တပ်ဟာ ပုဂံမှာ ရေကြောင်းက ချီလာတဲ့ ညီတော်ပြည်မင်းသတိုးဓမ္မရာဇာကို စောင့်မှာ ဖြစ်ပါတယ်။
ပုဂံမရောက်ခင်မှာ ဘုရင့်နောင်တပ်တော်ဟာ တောင်တွင်းကြီးကနေ ကျောက်ပန်းတောင်းအထိ နယ်မြေများကို တိုက်ခိုက်သိမ်းယူပြီး ပုဂံမှာ ညီတော်ကိုစောင့်ရင်း ဘုရားဖူးရင်း စခန်းချနေပါတယ်။
တောင်ငူမင်းခေါင်စစ်ကြောင်းကတော့ ရမည်းသင်းကနေ အထက်တစ်လျှောက်ကို သိမ်းဖို့ ကြံစည်ပါတယ်။
ရမည်းသင်းကို တိုက်တဲ့အခါ ရမည်းသင်းစားဟာ မခုခံနိုင်လို့ ထွက်ပြေးရပါတယ်။ သည်လိုပဲ စစ်ကြောင်း လမ်းတစ်လျှောက်မှာ ရှိတဲ့ ၀တီစား၊ ယင်းတော်စား၊ လှိုင်းတက်စား၊ ညောင်ရမ်းစားတို့လဲ ခုခံဖို့ မလွယ်တာကြောင့် စုဆောင်းထားတဲ့ အင်အားအလုံးအရင်းကို ယူပြီး အင်းဝကို ပြေးကြပါတယ်။
မင်းရဲကျော်ထင်ရဲ့ အလယ်စစ်ကြောင်းလမ်းကြောမှာရှိတဲ့ ပင်းတလဲစားနဲ့ ပြင်စည်စားတို့လဲ ခုခံဖို့ မဖြစ်နိုင်တာကြောင့် အင်အားတွေနဲ့တကွ အင်းဝကို သွားပေါင်းကြရပါတယ်။
သည် မင်းနှစ်ပါးရဲ့ တပ်တွေဟာ လမ်းတစ်လျှောက်က နယ်မြေတွေ၊ လက်နက်လူသူဆင်မြင်းတွေကို စုဆောင်းသိမ်းယူပြီး အင်းဝကို ရည်မှန်းချက်အတိုင်း ဆက်ချီတက်ကြပါတယ်။
နောက်ဆုံးမှာတော့ ရည်မှန်းချက်နေရာဖြစ်တဲ့ အင်းဝအနီးက ပင်းယတောင်ကို ရောက်တဲ့အခါ တပ်ချရပ်နားကြပါတယ်။
တောင်ငူမင်းခေါင်က အရင်ရောက်နှင့်ပြီး မင်းရဲကျော်ထင်က နောက်မှ ရောက်ပါတယ်။
သည်လို ပဲခူးတပ်တွေ စစ်ချီလာရာ လမ်းတစ်လျှောက်မှာရှိတဲ့ မြို့စား၊ နယ်စားတွေဟာ မခုခံနိုင်တဲ့အပြင် အင်းဝကို အင်အားတွေနဲ့တကွ ပြန်ပြေးကြရတဲ့အတွက် အင်းဝမှာ အားနည်းချက်တွေ ဖြစ်လာရပါတယ်။
ဘာလို့လဲဆိုတော့ ခွာစစ်ရဲ့ သဘောတရားအတိုင်း အင်းဝတပ်တွေဟာ ဆုတ်ခွာတဲ့အခါ ခရီးမဖင့်နှေးရလေအောင် ရိက္ခာတွေကို လုံလုံလောက်လောက်သယ်သွားနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အင်အားများစွာ အင်းဝကို ရောက်လာတဲ့အခါမှာတော့ အင်းဝဟာ သူ့မှာရှိနှင့်တဲ့ ဗမာတပ်၊ ရှမ်းတပ်တွေအပြင် နောက်ထပ် ရောက်လာတဲ့တပ်တွေအတွက် ရိက္ခာအခက်အခဲကို စတင် ကြုံတွေ့ရပြီဖြစ်ပါတယ်။
သည်အတွက်တော့ အင်းဝဘုရင် နရပတိစည်သူဟာ ကြိုတင်ပြင်ဆင်ထားလေသလား မပြောတတ်ပါဘူး။
ညီတော်မင်းနှစ်ပါးရဲ့ စစ်ကြောင်းနှစ်ခု ပင်းယတောင်မှာ ဆုံကြတဲ့အခါ တပ်တွေ ခေတ္တရပ်နားပြီး တပ်မှုးစစ်သူကြီးအပေါင်း အစည်းအဝေးလုပ်ကြပါတယ်။
တောင်ငူမင်းခေါင်က အစ်ကိုတို့၊ ကျွန်တော်တို့တော့ အခု ရည်မှန်းချက်ဖြစ်တဲ့ အင်းဝအနီးတော့ ရောက်လာခဲ့ပြီ၊ နောင်တော်မင်းတရားကတော့ ပုဂံကြောင်းကို ချီပြီး ညီတော်ပြည်မင်းတပ်ရဲ့ လှေတပ်နဲ့ ပေါင်းပြီး အင်းဝအနောက်ခြမ်းက မြို့တွေကို သိမ်းမှာပဲ။ ကျွန်တော်တို့ကိုလည်း အခေါ်လွှတ်မလာခဲ့ဘူး။ သည်မှာလည်း အကြာကြီးနေလို့ မဖြစ်ဘူး၊ လမ်းတစ်လျှောက် ရန်သူ့နယ်မြေအားလုံး သိမ်းပြီးဖြစ်လို့ နောက်ရန်လည်း ပူစရာမရှိဘူး၊ သည်တော့ ကျွန်တော်တို့အနေနဲ့ အင်းဝကို တိုက်မလား၊ ဒါမှမဟုတ် နောင်တော်နဲ့ပဲ တပ်တွေ သွားပေါင်းမလား၊ အစ်ကိုတို့ ဘယ်လိုလုပ်ချင်ကြပါသလဲလို့ ချပြပါတယ်။
သည်တော့ ညီတော်မင်းရဲကျော်ထင်က တက်ကြွတဲ့လူငယ်ပီပီ ကျွန်တော်တို့ကို လွှတ်တာက တိုက်ဖို့သာ လွှတ်တယ်၊ ဒီမှာ စခန်းချဖို့ လွှတ်တာမဟုတ်ဘူး၊ အဲဒါကြောင့် အင်းဝကို တပ်တွေချီပြီး တိုက်ကြရအောင်လို့ တိုက်တွန်းပါတယ်။
အဲဒါကို တပ်မှုးစစ်သူကြီးတစ်ဦးဖြစ်တဲ့ ဗညားကျန်းထောက သဘောမတူပါဘူး။ ၀ါရင့်တပ်မှုးတစ်ယောက် မဟုတ်လား။
သူက အခုလို ပြောပါတယ်။
မင်းသားပြောတာလဲ စစ်ရေးအနေနဲ့မို့ မှန်ပါတယ်။ ဒါပေမယ့် အခုအရေးကတော့ တိုက်သမျှစစ်နိုင်ခဲ့တာမို့ အလျင်အမြန်ချီတက်တိုက်ခိုက်ဖို့ သင့်တော်တဲ့ အရေးမဟုတ်ဘူး။ အင်းဝနရပတိစည်သူဆိုတာကလည်း အရည်အချင်းရှိသလို အင်အားကလည်း တောင့်တင်းလွန်းတယ်၊ ကျွန်တော်တို့လာတဲ့ အင်အားလောက်နဲ့ အင်းဝကို သိမ်းနိုင်မယ်လို့ အတတ်မပြောနိုင်ဘူး၊ ဒါကြောင့် မင်းတရားကြီးတပ်တွေ ရောက်လာမှသာ ပူးပေါင်းတိုက်ခိုက်သင့်တယ်။ အခုလောလောဆယ်တော့ သည်မှာပဲ အခြေချပြီး နေကြမယ်။ အင်းဝက တပ်တွေ ထွက်လာပြီးတိုက်ရင်လည်း ပြန်တိုက်မယ်။ မတိုက်ရင်လည်း အင်အားကို စုဆောင်းပြီး အားဖြည့်နေကြသင့်တယ်လို့ ပြောပါတယ်။
ကျန်တဲ့တပ်မှုးစစ်သူကြီးတွေကလည်း ဗညားကျန်းထောရဲ့ အဆိုကို ပိုနှစ်သက်ထောက်ခံကြတာမို့ တောင်ငူမင်းခေါင်လဲ သဘောတူပြီး သည်နေမှာတင် တပ်ချနေလို့ ဘုရင့်နောင်မင်းတရားကြီး ရောက်လာမယ့်အချိန်ကိုသာ စောင့်ဆိုင်းကြဖို့ သဘောတူလိုက်ပါတယ်။
ဘုရင့်နောင်နဲ့ ညီတော်ပြည်မင်းရဲ့ တပ်တွေကလည်း မကြာမီ အချိန်အတွင်းမှာ ရောက်လာတော့မှာမို့ အင်းဝရဲ့ အခြေအနေဟာ ရှေ့၊ နောက် စစ်နှစ်ဖက် ညှပ်ခံရတော့မယ့် အခြေအနေ ဖြစ်နေပါတော့တယ်။

ဆက်ရန်...

1 comment:

  1. ငယ်ငယ်ကတဲက သမိုင်းညံ့တယ် ခုလဲပျင်းနေတာပါပဲ ဒါပေမဲ့
    ပြီးအောင်ကိုဖတ်ခဲ့တယ် ဆက်ရန်လေးကိုလဲစောင့်စားလျှက်နော်

    ReplyDelete