Tuesday, October 22, 2013

သင့်မှတ်ဥာဏ်စွမ်းပကား တိုးတက်စေဖို့ နည်းလမ်းခုနစ်ရပ်





စာဖတ်ခါနီးမှ မျက်မှန် ဘယ်နားထားမိမှန်း မမှတ်မိလို့ ရှာမတွေ့ ဖြစ်နေပါသလား။
ဈေးဆိုင်ရောက်ပြီးမှ ဘာဝယ်ဖို့ လာခဲ့မှန်း သတိမရတော့လို့ ဘာဝယ်ရမှန်းမသိ ဖြစ်နေပါသလား။
သင်တန်းတူတူတက်ဖူးလို့ သိကျွမ်းဖူးတဲ့ သူငယ်ချင်းကို ပြန်တွေ့တဲ့အခါ နာမည်မမှတ်မိတော့လို့ နှုတ်ဆက်ဖို့ အခက်အခဲ ဖြစ်နေပါသလား။
ဒါဟာ တော်တော်များများဖြစ်တတ်တဲ့ အနေအထားတွေပါ။ သင် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။
ဒီလိုဖြစ်ရပ်တွေကြောင့် မှတ်ဥာဏ်မကောင်းတော့လို့ ဆိုပြီး သင် စိုးရိမ်ပူပန်နေမိပါသလား။
အောက်ပါအတိုင်းသာ ကြိုးစားကြည့်လိုက်ပါ။
ရိုးရှင်းတဲ့ နည်းလေးတွေပါ။
သင့်ရဲ့ နေ့စဉ်ပြုမူနေထိုင်ပုံမှာ ထည့်ပေါင်းလိုက်ခြင်းဖြင့် မှတ်ဥာဏ်တိုးတက်စေဖို့ အားထုတ်လိုက်ကြပါစို့လား။

၁။ သင့်ရဲ့စိတ်ဓာတ်အင်အားကို လှုပ်ရှားတက်ကြွနေဖို့ လုပ်ဆောင်ပေးပါ။

ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေဟာ သင့်ခန္ဓာကိုယ်ကို အချိုးကျစေဖို့ အထောက်အကူပြုသလိုပဲ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကလဲ သင့်ရဲ့မှတ်ဥာဏ်စွမ်းပကားကို တိုးတက်စေအောင် အထောက်အကူ ပြုပေးနိုင်ပါတယ်။
ဥာဏ်စမ်းပုစ္ဆာတွေဖြေကြည့်ပါ။ ပဟေဠိကစားနည်းတွေ ကစားပေးပါ။ ဆူဒိုခုတို့လို့ word puzzleတို့လိုမျိုးပေါ့။
သတင်းစာ၊ ဂျာနယ်တွေ ဖတ်တဲ့အခါလည်း ပုံမှန်အတိုင်း မဖတ်ဘဲ ကျော်သွားလေ့ရှိတဲ့ အပိုင်းတွေကို ဖတ်ပေးပါ။
အိမ်ကနေ အလုပ်ကို သွားတာပဲဖြစ်ဖြစ်၊ ကျောင်းကနေ ဈေးဆိုင်ကို သွားတာပဲဖြစ်ဖြစ် တစ်လမ်းထဲ မသွားဘဲ ရောက်နိုင်တဲ့ တခြားလမ်းတွေကလဲ တစ်လှည့်စီ သွားပေးပါ။
ဂီတတူရိယာတစ်မျိုးမျိုး (ဂစ်တာ၊ စန္ဒယား စသဖြင့်) ကို လေ့လာလိုက်စားကြည့်ပါ။
ကျောင်းတွင်းမှာ ဖြစ်ဖြစ်၊ ပြင်ပမှာပဲ ဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုခုမှာ မိမိဆန္ဒအလျောက် ပါဝင်ဆောင်ရွက်ပေးပါ။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေပါပဲ။

၂။ လူမှုပေါင်းသင်းဆက်ဆံရေးကို အလေးထားပါ။

တကယ်တော့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ပိုင်ဆိုင်ထားခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေဟာ မှတ်ဥာဏ်အား လျော့နည်းစေတဲ့ တရားခံအချို့ ဖြစ်ပါတယ်။
မိသားစုနဲ့ဖြစ်စေ၊ ချစ်သူရည်းစားနဲ့ဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်စေ၊ အခြားသိကျွမ်းသူတွေနဲ့ ဖြစ်စေ နွေးနွေးထွေးထွေး ပေါင်းသင်းနေထိုင်ခြင်းဟာလဲ တစ်ယောက်ထဲ အထီးကျန်နေထိုင်တတ်တဲ့ အမူအကျင့်ထက် မှတ်ဥာဏ်စွမ်းပကားကို အကူအညီပေးနိုင်ပါတယ်။
ပွဲတစ်ခုခုကို ဖိတ်ကြားခံရတဲ့အခါ ဖြစ်နိုင်ရင် မငြင်းလိုက်နဲ့နော်။ သွားဖြစ်အောင် သွားပြီး လူတွေကြားထဲ နေထိုင်ပျော်ရွှင်တတ်ဖို့ အားထုတ်သင့်တယ်လေ။

၃။ စည်းစနစ်ကျနသူ ဖြစ်ပါစေ။

သင်နေထိုင်ရာ အိမ်(သို့မဟုတ်)အခန်းမှာ ပစ္စည်းတွေ ရှုပ်ပွပြန့်ကျဲနေတတ်ရင် ဖြစ်ဖြစ်၊ တစ်စုံတစ်ရာကို မှတ်သားဖို့ လိုလို့ မှတ်သားထားတဲ့ မှတ်စုတွေဟာ ဟိုတစ်ရွက် ဒီတစ်ရွက် ကြုံရာကျပန်း လုပ်တတ်ရင်ဖြစ်ဖြစ် ဒါဟာလဲ သင့်မှတ်ဥာဏ်ထဲမှာ မှတ်သားမိတဲ့အရာတွေကို ရှုပ်ထွေးစေတယ်။
ဒါကြောင့် သင့်ရဲ့ လုပ်စရာရှိတဲ့ အလုပ်တွေ၊ သူငယ်ချင်း၊ ချစ်သူ၊ အလုပ်အကိုင် စသဖြင့် ချိန်းဆိုထားရှိမှုတွေ၊ အချိန်ကိုက်လုပ်ဖို့ လိုအပ်တဲ့အရာတွေ စတာတွေကို မှတ်စုစာအုပ်သပ်သပ်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပြက္ခဒိန်တစ်ခုထဲမှာ ဖြစ်ဖြစ် စနစ်တကျမှတ်သားဖို့ လိုပါမယ်။
မှတ်သားတဲ့အခါမှာလဲ သင် ချရေးတဲ့အချိန်မှာ ချရေးမယ့်စာသားကို တဖွဖွ ကိုယ့်နားကနေတဆင့် ဦးနှောက်ထဲ ရောက်သွားအောင် အသံကျယ်နိုင်သမျှ ကျယ်ကျယ် ရွတ်ဆိုနေသင့်တယ်။ အဲဒီအခါ သင်လုပ်မယ့်အလုပ်တွေဟာ သင့်မှတ်ဥာဏ်ထဲ စွဲမြဲသွားစေနိုင်ပါတယ်။
ယနေ့လုပ်ရန် ဆိုတဲ့ စာရင်းကိုလဲ ပြုစုထားသင့်ပြီး ဘယ်ဟာတွေလုပ်ပြီးလို့ ဘယ်အရာတွေ လုပ်ဖို့ ကျန်နေတယ်ဆိုတာ စစ်ဆေးနေရမယ်။
ရှုပ်ပွနေတဲ့ အခန်းကိုလဲ ရှင်းထားပါ။ ပြီးရင် ပစ္စည်းတွေအတွက် နေရာ သီးသန့် သတ်မှတ်ပေးထားလိုက်ပါ။ မျက်မှန်ဆို ဒီနေရာမှာ ထားရမယ်၊ နာရီဆို ဒီမှာ ချွတ်မယ်၊ သော့ကိုတော့ ဒီနားလေးမှာ ချိတ်ထားလိုက်မယ်။ စသဖြင့်ပေါ့။ ဒီလို စည်းစနစ်ကျရင် ပစ္စည်းတွေရှာဖို့ အချိန်ကုန်သက်သာသလို မှတ်ဥာဏ်ကိုလဲ ဒုက္ခမပေးမိမှာ အမှန်ပါပဲ။

၎။ အာရုံစူးစိုက်ပါ။

အာရုံ မများပါနဲ့။ တစ်ချိန်ထဲမှာ အလုပ်အများကြီးလုပ်ဖို့လဲ မကြိုးစားပါနဲ့။
အဲဒီအစား လုပ်သင့်တာက အာရုံစူးစိုက်တတ်ဖို့ ကြိုးစားခြင်းပါပဲ။
မှတ်မိဖို့လိုမယ့် အချက်အလက်တွေကို အာရုံစူးစိုက်ပြီး မှတ်သားနိုင်အောင် ကြိုးစားပါ။ ခဏကြာတဲ့အခါ မှတ်မိရဲ့လား ကိုယ့်ဘာသာ ပြန်ဆန်းစစ်ကြည့်ပါ။
အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ဖြစ်ဖြစ်၊ ဒါမှမဟုတ် အရမ်းကြိုက်တဲ့ ကဗျာလေးတွေ၊ ပညာရှိတွေရဲ့ ဆိုရိုးစကားလေးတွေကို ဖြစ်ဖြစ် အာရုံစူးစိုက်ပြီး မှတ်သားခြင်းဟာလဲ မှတ်ဥာဏ်တိုးတက်ဖို့အတွက် အထောက်အကူပြုပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်ပါ။

နှလုံးကျန်းမာအောင် စားသောက်ပေးသင့်တဲ့ အစားအစာတွေဟာ သင့်ဦးနှောက်ကိုလဲ ကောင်းမွန်စွာ အကျိုးပြုပါတယ်။
သစ်သီးသစ်ဖုတွေ၊ အသီးအရွက်တွေ၊ ဂျုံ၊ ပြောင်းစတဲ့ နှံစားပင်တွေကို စားသုံးပေးသင့်ပါတယ်။
အဆီနည်းတဲ့ အစားအစာတွေ ရွေးချယ်စားသောက်ပေးပါ။ ဥပမာအားဖြင့် ငါး၊ အဆီမပါတဲ့ အသား၊ ကြက်၊ ဘဲ စတဲ့ ဥစားသတ္တ၀ါအသားတွေပေါ့၊ သူတို့အရေခွံက အဆီများတယ်နော်။ အရေခွံတော့ မစားတာ ကောင်းပါတယ်။
နောက်ပြီး ရေသောက်နည်းတာနဲ့ အရက်သောက် များတာကလဲ သင့်ရဲ့ မှတ်ဥာဏ်ကို ထိခိုက်စေတယ်ဆိုတာ သတိထားပါနော်။

၆။ နေ့စဉ်လှုပ်ရှားမှုတွေထဲမှာ ကိုယ်ကာယလေ့ကျင့်ခန်းတွေ ထည့်လုပ်ပေးပါ။

ကိုယ်ကာယလှုပ်ရှားမှုတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ သွေးလည်မှုတွေကို အားကောင်းစေသလို ဦးနှောက်ကိုလဲ သန်မာကြံ့ခိုင်လာစေပါတယ်။ မှတ်ဥာဏ်ကိုလဲ တိုးတက်လာစေပါတယ်။
တစ်ပတ်မှာ မိနစ်၁၅၀ခန့် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ မိနစ်၇၀ခန့် ဖွဖွလေး ပြေးတာဖြစ်ဖြစ် ပြုလုပ်ခြင်းဟာ ကျန်းမာကြံ့ခိုင်စေဖို့ နည်းလမ်းကောင်းပါပဲ။
အလုပ်တအားရှုပ်လို့ အချိန်မရပါဘူးဆိုရင်တောင် တစ်နေ့ကို ၁၀မိနစ်လောက် လမ်းမြန်မြန်လျှောက်တာကို ပြုလုပ်ပေးပါ။

၇။ နာတာရှည်ရောဂါများအတွက် သတိထားပါ။

ဆီးချို၊ သွေးတိုးနဲ့ စိတ်ကျရောဂါလို နာတာရှည်ရောဂါတွေအတွက် ဆရာဝန်တွေရဲ့ အကြံပြုချက်တွေကို အထူးလိုက်နာပေးပါ။
ကိုယ့်ကိုကိုယ် ကျန်းမာဖို့ ဂရုစိုက်ပေးတာဟာ ကိုယ့်မှတ်ဥာဏ်ကောင်းမွန်အောင် ဂရုစိုက်ပေးတာနဲ့ တူတူပါပဲ။
ရေရှည်ကုရမယ့် ရောဂါတစ်ခုခုအတွက်ဆို ဆရာဝန် ခဏခဏ မပြောင်းဖို့လဲ သတိထားပါ။
မတူညီတဲ့ ရောဂါကုသနည်းတွေဟာ သင့်မှတ်ဥာဏ်ကို တစ်စုံတစ်ရာ သက်ရောက်မှု ရှိနိုင်ပါတယ်။

ကဲ - လိုက်နာရမယ့် အကြံပြုချက်တွေကတော့ ဒီလောက်ပါပဲခင်ဗျာ။
ကိုယ့် မှတ်ဥာဏ်ဟာ တအားကို ဆိုးဝါးနေပြီလို့ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ထံ သွားပြီး အကြံဥာဏ်တောင်းပါ။
သူတို့က သင့်မှတ်ဥာဏ်နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို စမ်းသပ်ပါလိမ့်မယ်။
ဒါပေမယ့် စမ်းသပ်နည်းတွေကတော့ သင့်အခြေအနေပေါ်မူတည်ပြီး ကွာခြားသွားပါလိမ့်မယ်။

အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ကြပါစေ။

အောက်ပါလင့်ခ်ပါ ဆောင်းပါးကို အဆင်ပြေသလို ဘာသာပြန်လိုက်ပါသည်။

အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်




Thursday, October 10, 2013

သန်းခြောက်ထောင်ထက် ပိုတဲ့သူ (cover)



သန်းခြောက်ထောင်ထက် ပိုတဲ့သူ (cover)
မူရင်း - yan naing 
ကို yan naing ဆိုထားတဲ့ သီချင်းလေးပါ၊ originalတဲ့။ နားထောင်ကောင်းလို့၊ ကြိုက်လို့ ပြန်ဆိုထားပါတယ်။
တီးတဲ့ ညီလေးနဲ့ မတိုက်ထားရလို့ နည်းနည်းကသိကအောက်ဖြစ်နေတယ်။ စာသားတွေလဲ ၀ါးချထားတာတွေရော၊ ကျန်ခဲ့တာတွေရော၊ မှားသွားတာတွေရောပဲ :D


Thursday, September 26, 2013

လိုအပ်ခြင်း - တေးဆို ဆု ပြီးတော့ တေးရေး ကျွန်တော် :)

မူရင်း - ဘရစ်တနီစပီးယားရဲ့ Everytime
ကြာတော့ ကြာခဲ့ပြီ။
တစ်နှစ်ကျော် နှစ်နှစ်လောက်တောင် ရှိပြီ။ ဒီသီချင်းကို ရေးပြီး သူငယ်ချင်းဆုက အသံသွင်းခဲ့တာလေ။
တကယ်တော့ ကော်ပီသီချင်းဆိုတာ ရေးရတာ အင်မတန် လွယ်ပါတယ်။
သီချင်းတစ်ပုဒ်ဖြစ်တည်ဖို့အတွက် အခက်ခဲဆုံးက musicတစ်ခုကို နားထောင်ကောင်းအောင် အသက်သွင်းရတာပါပဲ။ အဲဒီတေးသွားတစ်ခုမှာ rythmပါမယ်၊ melody ပါမယ်။ နားထောင်ကောင်းအောင် ဖန်တီးဖို့ ဆိုတာ တော်တော်အကျွမ်းတ၀င်ရှိဖို့ လိုပါလိမ့်မယ်။
ဖန်တီးပြီးသား တေးသွားတစ်ခုမှာ လိုအပ်သလို အဓိပ္ပါယ်ရှိတဲ့ စာသားလေးတွေထည့်ဖို့ဆိုတာ သိပ်တော့ ခက်ခဲလှတဲ့ အရာတစ်ခုမဟုတ်ဘူးထင်တာပါပဲ။
စာသားထည့်ပြီးတဲ့အခါ နားထောင်ကောင်းအောင် အသံအနိမ့်အမြင့်အတက်အကျအဆွဲအငင်နဲ့ ဖမ်းစားဖို့အတွက် အဆိုသမားအဖို့လည်း မလွယ်လှပါဘူးလေ။

လိုအပ်ခြင်း

V1  :အိပ်မက်များ မျောလွင့်ခြင်း၊ ဘ၀အိမ်ထဲ လူးလွန့်ရင်း
       အချိန်များလည်ပတ် တစ်ယောက်တည်း ငါ ကုန်လွန်နေရင်း
Cho:ပေါင်းစပ်မရခဲ့တဲ့ ကိုယ်စီအိပ်မက်၊ 
       အချစ်ရဲ့ အဝေးမှာ ဦးနှောက်စေရာ ငါလျှောက်နေပေမယ့်လည်း
       ဟိုးအတိတ်က အချစ်နဲ့ ရှင်သန်ခဲ့သော၊ 
       မှေးစက်ခဲ့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး
V2 :အတိတ်ဆီက အချစ်နေ့များ၊ လိုအပ်ချိန်တိုင်း ခွန်အားများပေး
      အခုများမှာတော့ ငါ့နံဘေးမှာ အရာရာပျောက်ဆုံး
Cho:ဦးနှောက်အသိတို့နဲ့ ယုံကြည်ယူဆ
       နှလုံးသားလေးဟာ အဝေးဆုံးနေရာ အယူအဆတွေရယ် အကုန်မှား
       ဘ၀ရဲ့ အတားအဆီးများ ရင်ဆိုင်ချိန်တိုင်း
       မှေးစက်ဖို့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး
ဟိုးးးအဝေးက ချစ်သူလေး
မိုင်များဖြတ်ပြီး
တစ်နေ့နေ့တော့ အရောက်လာမယ်
ပြန်ဆုံဆည်းချင်ပြီ အချစ်ရေ
ဟူးးးးး
ညတိုင်းဆုတောင်း အချစ်ဆုံးနဲ့ ပြန်လည်ဆုံဆည်းဖို့ရယ်

Cho:ဘ၀ရဲ့ အတားအဆီးများ ရင်ဆိုင်ချိန်တိုင်း
       မှေးစက်ဖို့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး

       ဟိုးအတိတ်က အချစ်နဲ့ ရှင်သန်ခဲ့သော၊ 
       မှေးစက်ခဲ့ရာ ချစ်သူ့ရင်ခွင် လိုအပ်နေပြီအချစ်လေး



Friday, September 20, 2013

hobbit2012 ဇာတ်ကားထဲက ဖြတ်ထားတဲ့ သီချင်းအပိုင်းလေး

အသံတိုးနေတယ်၊ ချဲ့ပြီး နားထောင်ကြပါနော်
ဒီသီချင်းလေး သဘောကျတယ်
The Hobbit: An Unexpected Journey ဇာတ်ကားထဲက ဖြတ်ထုတ်ထားတာ။
သီချင်း တင်ဆက်ပုံ ပုံစံလဲ သဘောကျတယ်၊ နောက် စာသားလေးတွေလဲ သဘောကျတယ်။

"Far over the misty mountains cold
To dungeons deep and caverns old
We must  away, ere break of day
To find our-long forgotten gold
The pines were roaring on the height
The winds were moaning in the night,
The fire was red, it flaming spread,
The trees like torches blazed with light."

We must  away, ere break of day
To find our-long forgotten gold
ကိုယ့်နိုင်ငံရဲ့ အဝေးကို ရောက်နေရသူတွေ ခံစားလို့ရမှာပါ :D ။



Wednesday, September 18, 2013

ပိတောက်ချင်းမတူပါလေ(၅)





  ငွေနှင်းမှုန်တို့သည် ဗိုလ်လောင်းတပ်ရင်းဝန်း ထဲတွင် ပိန်းပိတ်နေအောင်ကျဆင်းနေသည်။ သူရိန်နေမင်းသည် နှင်းခြုံထည်လွှာကို မထိုးဖောက်နိုင်ခြင်းအလို့ဌာ မှိုန်ပျပျသာလင်းနေရရှာသည်။ ကျောင်းဝန်းတွင်းရှိ ချယ်ရီပင်များမှာ နှင်းရည်ကိုဝလင်စွာသောက်သုံးရ သဖြင့် ရွှင်လန်းဝင့်ကြွားစွာ ပင်လုံးကျွတ်ဝေဆာနေကြသည်။ ယနေ့မနက် စစ်ရေးပြလေ့ကျင့်ခန်းမရှိဘဲ အားလပ်နေသည်။ ကျွန်တော် မနက်စောစောထကာ မျက်နှာသစ် အိပ်ရာသိမ်းရင်း အခန်းပြတင်းဝမှ ခပ်လှမ်းလှမ်းရှိချယ်ရီပင်တို့ကို ငေးကြည့်လိုက်မိသည်။
အော်.......ကျောင်းဆင်းပွဲတောင်ေ၇ာက်တော့မှာပါလား နေကြာရိုင်းပန်းဝါ၀ါများနှင့် ချယ်ရီပန်းများ ဝေေ၀ဆာဆာဖူးပွင့်နေလေသည်။
မနက်စာအတွက် ခေါက်ဆွဲပြုတ်နှင့်ကော်ဖီ ကိုစားပြီး ကော်ရစ်တာသို့ ဆေးလိပ်ဘူးယူကာထွက်လာခဲ့သည်။

    ဗိုလ်လောင်းတပ်ရင်းကား အသက်ဝင်လှုပ်ရှားနေလေသည်။ ဂျူနီယာဗိုလ်လောင်းများမှာ သန့်ရှင်းရေးလုပ်သူလုပ် တပ်ပြင်ထွက် ဖို့ ပြင်သူကပြင်နှင့် အလုပ်များနေသလို စီနီယာများလဲ မနက်စာသွားစားသူ တပ်ပြင်ထွက်သူများ တန်းစီကွင်းသို့သွားသူများနှင့် စည်ကားနေသည်။အပြင်မထွက်လိုသောသူများကတော့ ခုတင်ပေါ်တွင်စောင်အထပ်ထပ်နှင့် ကွေးကောင်းဆဲပင်။

    တန်းစီကွင်းသွားရန် အချိန်လဲစောနေသဖြင့် ဆေးလိပ်မီးညှိပြီး ကော်ရစ်တာဘောင်ကိုမှီကာ ဟိုဟိုဒီဒီကြည့်ရင်း သီချင်းညည်းနေ မိသည်။ အနောက်မှခြေသံကြားသဖြင့်လှည့်ကြည့်လိုက်သောအခါ ဒုတိယနှစ် ဂါဒီယန် ညီငယ်တစ်ဦးကိုတွေ့လိုက်ရသည်။
    " အကို ကျွန်တော် outpass ထွက်မလို့ ဘာမှာဦးမလဲလာမေးတာ "
    " မှာစရာတော့မရှိပါဘူး ညီလေး ဒါနဲ့ ဈေးကြီးထဲသွားစရာရှိလား "
    " ရှိတယ်အကို ယူနီဖောင်းသွားရွေးမလို့ "
    " ဒါဆို ကိုယ့်ယူနီဖောင်းအပ်ထားတာပါ ရွေးလာခဲ့ပါလား ငွေရှင်းပြီးသားပဲ ခဏစောင့် ဘောင်ချာပေးလိုက်မယ်"
    " ဟုတ်ကဲ့အကို ကျွန်တော်ရွေးလာခဲ့မယ်"

    ဒီလိုအဖြစ်မျိုးက ကျွန်တော်တို့ ကျောင်းတော်များရဲ့ ဂါဒီယန်ညီအကိုစနစ်၏ ကောင်းမွေပင်တည်း။ စီနီယာကလဲ ဂျူနီယာများ ဘာလိုအပ်လဲ လိုက်ပြီးဖြည့်ဆည်းပေးသလို ဂျူနီယာများကလဲ စီနီယာ ဘာလိုသလဲကြည့်ကာ ဆောင်ရွက်ပေးသော ချစ်စရာအစဉ်အ လာပင်ဖြစ်သည်။ ညီငယ်ကိုဘောင်ချာပေးရန် လော်ကာထဲမှ စာရွက်စာတမ်းထည့်သောအိတ်ကိုဝင်ယူလိုက်သည်။ ရော် ဒီဘောင်ချာ ကလဲဘယ်ရောက်နေလဲမသိ။ မွှေရင်းနှောက်ရင်းနှင့် ဓာတ်ပုံနှင့်တွဲလျက် ထွက်လာသည်။ ဘောင်ချာကိုပေးလိုက်ပြီး ဓာတ်ပုံကို ပြန် ထည့်ရန်ပြင်လိုက်သည်။ သို့သော်လည်း ပြန်မထည့်မိဘဲ ကြည့်နေမိသည်။ ဇင်.........။

    ပထမနှစ်ခွင့်ပြန်ချိန်ကပင် လမ်းခွဲသွားခဲ့သော ချစ်ရသူ၏ဓာတ်ပုံကို ပြန်လည်ကြည့်နေမိသည်။ ယခုဆိုဇင်တစ်ယောက် နိုင်ငံရပ်ခြား တွင် ပျော်၇ွှင်နေလောက်မည် ထင်ပါသည်။
    " စောင့်ကြည့်မယ်လေ..... နင့်ရဲ့တစ်သက်မှာတစ်ခါပဲပွင့်မယ် ပိတောက်ပန်းဆိုတာ ဘယ်လိုမျိုးလဲလို့ပေါ့"
    အတိတ်မှ စကားသံတို့သည် လက်ရှိအချိန် နားထဲတွင်ပြန်လည်ရိုက်ခတ်လာသည်။ ဒီအချိန်တွင် အတိတ်မှပုံရိပ်များ ကို မေ့ဖျောက်ဖို့ ကြိုးစားရပေမည်။ အဘယ်ကြောင့်ဆိုသော် လက်တကမ်းတွင်စောင့်ကြိုနေမည့် ရွှေရောင်ဝင်းပသော အနာဂတ်လမ်းက စောင့်ကြိုနေလေပြီဖြစ်သည်။
........................................................................................................................................................

     ကန်တော်ကြီးကန်ရေပြင်ပေါ်မှဖြတ်သန်းတိုက်ခတ်လာသော လေကိုတစ်ဝရှုရင်း ကျွန်တော်ကျေနပ်နေမိသည်။ ပြင်ဦးလွင်တွင် အနေကြာခဲ့သော ကျွန်တော့်အဖို့မှာကား ရန်ကုန်မြို့က မွန်းကြပ်လှသည်။ ကန်တော်ကြီးထဲတွင်လဲ ကျွန်တော့်လို မနက်စော လမ်းလျှောက်သူများ လေ့ကျင့်ခန်းလုပ်သူများနှင့် စည်ကားနေသည်။
     ကန်ဘေးတွင်ရပ်ရင်း အတွေးနယ်ချဲ့မိနေသော ကျွန်တော်သည် ထိုင်နေရာမှထကာ ပန်းခြံဝဆီသို့ လမ်းလျှောက်လာခဲ့သည်။ လမ်းလျှောက်လာရင်းနှင့်ပင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
    " အင့် "
    နှုတ်ခမ်းမှ တပ်ထားသော စီးကရက်ပြုတ်ကျသွားသည်။ တစုံတယောက်က ကျွန်တော့်အားနောက်မှ ၀င်တိုက်လိုက်သောကြောင့်ပင် ဖြစ်သည်။ အနောက်သို့ဒေါသဖြင့် လှည့်ကြည့်လိုက်စဉ်မှာပင် ထိတ်လန့်နေသော မျက်ဝန်းစိမ်းတစ်စုံ နှင့်၇င်ဆိုင်မိလေသည်။ တုန်ရီနေသော အသံလွင်လွင်ကိုလဲ ကြားလိုက်ရသည်။
    " မတော်လို့ပါရှင် ရတနာ့သူငယ်ချင်းတွေနဲ့ ဆော့နေရင်း မတော်တဆ၀င်တိုက်မိသွားတာ...."
    " ဟာကွာ ကလေးကျနေတာပဲ "

    ကျွန်တော်ဒေါသ ထွက်သွားသော်လည်း သူ၏ မျက်နှာငယ်လေးမှ ထိတ်လန့်မှုများကိုတွေ့လိုက်ရသဖြင့် စကားမဆက်တော့ဘဲ နေလိုက်သည်။
    " ထားလိုက်တော့ နောက်ဆို သတိထားပြီး ဆော့ဗျာ"
    " ဟုတ်ကဲ့ "
    ကောင်မလေး ကပြောပြောဆိုဆိုနှင့် ယုန်မလေးလို ပြေးထွက်သွားသည်။ အော်......ဒုက္ခ ဒုက္ခ္ခ္ခ ကိုယ့်ဟာကိုယ်တွေးနေတာ ဘယ်ရောက်သွားမှန်းမသိပါဘူး။
..............................................................................................................................

    " သားကြီး မနက်အစောကြီးဘယ်တွေလျှောက်သွားနေတာလဲ "
    " ကန်တော်ကြီးသွားတာပါ မေမေ မနက်ခင်း လမ်းထလျှောက်ရင်းနဲ့ပေါ့"
    " အေးအေး ဒါဆိုလဲ ရေမျိုးချိုးတော့ ပြီးရင်း ထမင်းစားခန်းဆင်းလာခဲ့ မင်းဖေဖေလဲ မနက်စာစားဖို့စောင့်နေတယ်"
    မေမေပြောသလို ခပ်မြန်မြန်ကိုယ်လက်သန့်စင် အ၀တ်အစားလဲပြီးထမင်းစားခန်းသို့ဆင်းလာခဲ့သည်။ ဖေဖေက သတင်းစာ ဖတ်ရင်း စောင့်နေသည်ကိုတွေ့၇သည်။
    " သားကြီးလာကွာ တို့မိသားစုတွေ စုံစုံလင်လင်နဲ့ မနက်စာမစားဖြစ်တာကြာပြီ အမေကြီးရေ သားငယ်နဲ့ သမီးရော "
    " နိုးနေပါပြီ ခဏနေဆင်းလာလိမ့်မယ် သားကြီး ကော်ဖီသောက် ရော့ "
    မေမေထည့်ပေးသော ကော်ဖီခွက်ကိုယူရင်း ကျွန်တော်သောက်လိုက်သည်။ မေမေက အိမ်အကူကောင်မလေးများကို မနက်စာပြင်ထားတာတွေ ယူလာခိုင်းလေသည်။ ဖေဖေက သတင်းစာကိုချရင်း မေးလိုက်သည်။
     " သားအခုတာဝန်ကျတဲ့တပ်က ပုသိမ်မှာ မဟုတ်လား "
    " ဟုတ်တော့ဟုတ်တယ်ဖေဖေ ဒါပေမယ့် ပုသိမ်ကနေ တော်တော်သွားရသေးတယ်လို့ပြောတယ်"
    " ဒါဆို ကိုကြီးက တောင်ပေါ်မှာ နေရမှာပေါ့"
    ထမင်းစားခန်းထဲဝင်လာသော ညီမလေးက မေးလိုက်သည်။
     " ဟုတ်လောက်ပါတယ် ဒါနဲ့ ဘာဖြစ်လို့လဲ ဖေဖေ "
    " အထွေအထူးတော့မ၇ှိပါဘူး ပုသိမ်မှာဆိုတော့ သား အားရင် အဖိုးအဖွားတွေဆီသွားဖို့ပြောမလို့ပါ "
    " ရောက်ရောက်ချင်းတော့ သွားဖြစ်မယ်မထင်ဘူး ဖေဖေ ဟိုမှာ ဘယ်လို၇ှိနေမှန်းမှမသိတာ သားအားတာနဲ့ သွားပါ့မယ် အဖိုးအဖွားတွေနဲ့ မတွေ့ရတာလဲကြာနေပြီလေ"
     မနက်စာရောက်လာပြီး ကျွန်တော့်တို့မိသားစုစားနေစဉ် အိမ်အကူကောင်မလေးက အကိုကြီးဖုန်းလာသည် ပြောသဖြင့်သွားကိုင်လိုက်သည်။

    " သူငယ်ချင်း ဇေယျလား "
    " အေး ဟုတ်တယ် မင်း မျိုးဝင်းမဟုတ်လား "
    " မှတ်မိသားပဲ မင်းကျောင်းဆင်းလာတယ်ဆိုလို့ ငါတို့ state ကျောင်းတုန်းက သူငယ်ချင်းတွေ စုပြီး တစ်ခါလောက်တွေ့ဖို့ကို လှမ်းခေါ်တာ "
    " လာခဲ့ရမှာပေါ့ကွ ဘယ်အချိန်လဲ ဘယ်နေရာလဲ "
    " ဒီနေ့ညနေ ကန်တော်မင်ပန်းခြံက ရွှေဘဲကိုလာခဲ့လေ ငါတို့စောင့်နေမယ် ညနေ ၅နာ၇ီလောက် "
    " အေးပါ သူငယ်ချင်းရာ ငါလဲ မင်းတို့နဲ့တွေ့ချင်လို့ ဘယ်လိုချိန်းရင်ကောင်းမလဲစဉ်းစားနေတာ အဆင်ပြေသွားတာပေါ့ "
    " အေး အေး ငါတို့စောင့်နေမယ်"

    ဖုန်းပြောပြီး ထမင်းစားခန်းထဲ ပြန်ဝင်ကာ မနက်စာဆက်စားနေလိုက်သည်။ မနက်စာ စားပြီးသောအခါ မေမေက
    " သား ဘယ်သူဆက်တာလဲ "
    " မျိုးဝင်းတို့ဆက်တာ မေမေ ဒီညနေ ကျောင်းတုန်းက သူငယ်ချင်းတွေ စုပြီး ညစာစားပွဲလေး လုပ်မလားလို့"
     " ကားယူသွားမှာလား သား ညတော့သိပ်မနက်စေနဲ့နော် ပြီးတော့ မူးအောင်လဲမသောက်နဲ့"
     " ကားတော့ယူသွားမယ် မေမေ စိတ်ချပါ မမူးအောင်သောက်လာခဲ့ပါမယ်"
 ...........................................................................................................................................

    ရန်ကုန်မှာကားကလဲ ကျပ်တော့ညနေ(၄)နာရီလောက်တည်းက ကျွန်တော် အေးအေးဆေးဆေးထွက်လာခဲ့သည်။ ကန်တော်မင်ပန်းခြံထဲရောက်တော့ ငါးနာရီမတ်တင်း။ မျိုးဝင်းတို့ဆီမှဖုန်းဝင်လာသဖြင့်ကိုင်လိုက်သည်။
    " သူငယ်ချင်း ဘယ်ရောက်နေလဲ "
    " ပန်းခြံထဲရောက်နေပြီလေ မင်းတို့ကရော ဘယ်မှာလဲ "
    " အာ......ဒီလိုကွာ အစီအစဉ် ပြောင်းသွားပြီ ကန်တော်ကြီးထဲကိုပဲ လာခဲ့လိုက် နောက်တစ်နာရီလောက်ဆို ငါတို့ရောက်မယ် ဒီမှာလူလိုက်စုနေရလို့ "
     " အေးပါကွာ စောင့်နေလိုက်မယ် ရောက်ခါနီးဖုန်းဆက်လိုက် "

    ဖုန်းချလိုက်ပြီး ကားကို ကန်တော်ကြီးမျှော်စင်ကျွန်းသို့မောင်းလာခဲ့သည်။ စိတ်ထဲတော့ သိပ်မကျေနပ် ချိန်းထားသည့်အချိန် ကိုယ်ကရောက်အောင်လာပြီး သူတို့က နောက်ကျနေတယ်။ မျှော်စင်ကျွန်းထဲက ဆိုင်တစ်ဆိုင်မှာ ၀င်ထိုင်ပြီး အအေးတစ်ခွက်မှာ ကာ ညနေဆည်းဆာအလှကို နစ်မြောနေမိသည်။ ၀ိတ်တာလေး လာချပေးသော အအေးကို အရသာခံသောက်နေစဉ်မှာပင် ကိုယ်ပေါ်သို့အေးစက်သောအထိအတွေ့နှင့်အတူ စိုရွှဲသွားသည်။ အလန့်တကြားနှင့် ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်စဉ် အကျီနှင့်ဘောင်းဘီအကုန် နို့ရည်ဖြူဖြူများ စိုရွှဲနေသည်။ ထို့အတူ ကျွန်တော့်နောက်ဘက်ရှိ မိန်းကလေးဝိုင်းမှ အလန့်တကြားရေရွတ်သံပါထွက်ပေါ်လာသည်။ ဆိုင်ထဲမှ လူများ၏မျက်လုံးကလဲ ကျွန်တော့်တို့ဆီသို့ စူးစိုက်ကာ ရောက်လာသည်။

    " တောက် "
    ဒေါသဖြင့်တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်သည်။
    " ဒါ..ဘာသဘောလဲ လူတစ်ယောက်လုံးမမြင်ဘူးလားဟ "
    ကောင်မလေးများမှာ မျက်လုံးများ ပြူးကာ ကြည့်နေသည်။ သူတို့ထဲမှ တစ်ယောက်က ထကာ ပြောလာသည်။ စကားသံပင် သိပ်မမှန် တော်တော်ကြောက်လန့် ရှက်ရွံနေပုံပေါ်သည်။
    " ဒီလိုပါရှင် သမီးက ဖုန်းကြည့်နေရင်း ခွက်ကို လှမ်းယူတာ ပုတ်ထုတ်သလိုဖြစ်သွားလို့ မတော်တဆ ဖြစ် သွားတာပါ တောင်းပန်ပါတယ် "
     သူ့ကိုကြည့်၇င်း ကျွန်တော့်တစ်ခု သတိရသွားသည်။ မနက်က တွေ့တယ့် မျက်ဝန်းစိမ်းနှင့်ကောင်မလေး ။

    " နေဦး မင်း မနက်က ငါ့ကိုဝင်တိုက်တာလဲ မင်းပဲမဟုတ်လား "
    "  ရှင် "
    ကောင်မလေးတော်တော် အံအားသင့်သွားသည်။ ပြီးမှ မှတ်မိသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ တကယ့်ကောင်မလေးပဲ သူနဲ့ တွေ့ရတာ ဒီနေ့ ပြဿဒါးရက်လိုဖြစ်နေပြီ။ ဆိုင်ထဲက လူများကလဲ ကျွန်တော်တို့ကို ၀ိုင်းကြည့်နေသည်။ ကောင်မလေး လဲတော်တော်ရှက်နေပုံပေါ်သည်။ မျက်နှာလေးနီကာ ခေါင်းပင်မဖော်တော့ချေ။ ယှဉ်ကြည့်ရင်လဲ ယောကျာ်လေးနှင့် မိန်းကလေး ကိုယ့်ဘက်က အလွန်ဖြစ် နေမှာမို့လို့ ဆိုင်ထဲမှာငွေ၇ှင်းကာထွက်လာခဲ့သည်။ တောက်.....အိမ်တစ်ခေါက်ပြန်ရဦးမယ် တစ်ကိုယ်လုံး ပေပွနေတာပဲ။
.......................................................................................................................................................

အပိုင်း(၅)ကို ဆက်လက်စောင့်မျှော်ပါ။ ကျေးဇူးတင်ပါသည်။
(ကျွန်တော့် သူငယ်ချင်းလို၊ ညီငယ်လို ခင်မင်ရသူတစ်ယောက်ရဲ့ လက်ရာလေးပါ)


ပိတောက်ချင်းမတူပါလေ(၄)





ခက်ခဲကြမ်းတမ်းသော အခြေခံစစ်သင်တန်း(၃)လကိုကျော်ဖြတ်ချိန်မှာ ကျွန်တော့်အဖို့ ပင်ပန်းလှသည်မဆိုသာသော်လည်း ကိုယ်မှာမချိပေ။ မနက်မိုးလင်း မျက်လုံးဖွင့်စကပင် ကြားနေရသော ဘယ်ညာ တိုင်ပင်ချီတက်သံ၊ စစ်မိန့်သံ၊ စစ်ဖိနပ်သံ၊သီချင်းဆိုသံ များက ညအိပ်ရာဝင်မှပင် ရပ်စဲလေသည်။ ကင်းတာဝန်ကျသော လသာသည့်ညမျိုးတွင် ပြင်ဦးလွင်ခေါ် ပန်းမြို့တော်၏ ညအလှမှာ တုနှိုင်းယှဉ်စရာရှိမည်မထင်ချေ။ နှင်းမြူများဝေ့ဆိုင်းနေသောရှမ်းသေလာတောင်မင်း တို့ပတ်လည်ဝန်းရံခကာ သစ်ရွက်များပေါ်သို့ နှင်းပေါက်များကျသံ၊ တခါတရံ စူးရှစွာထွက်ပေါ်လာသော ညည့်ငှက်သံ တို့က အလွမ်းဓာတ်ခံရှိသူအဖို့ လွမ်းစရာပင်ဖြစ်သည်။

   အဆောင်ရှေ့ရှိ ချယ်ရီပင်အောက်တွင် ကျွန်တော်ထိုင်ကာ ကင်းချိန်ပြီးကာနီးသဖြင့် နောက်ကင်းသမားလာလဲမည်ကိုစောင့်နေမိသည်။ ကျွန်တော်နှင့်အတူကင်းစောင့်နေသော ၀က်ကြီး(နာမည်ပြောင်) ကပုခုံးကိုပုတ်ရင်းပြောလိုက်သည်။

   " ဟေ့ကောင်ဇေကြီး၊ ဘာတွေကျိတ်ဆွေးနေတာလဲဟ...."
   " ဘာမှမဟုတ်ပါဘူးကွာ ဒီလိုချမ်းတယ့်အချိန် အိမ်မှာသာဆို အိပ်ရာထဲဘယ်လောက်ကွေးလို့ကောင်းမလဲ စဉ်းစားနေတာပါ.."
   " သိပါဘူးကွာ မင်းကောင်မလေးကိုများ သတိရနေလားလို့ သြော် ရော့...စားဦးလေကွာ...."

   သူ့ဘောင်းဘီအိပ်ထဲမှ ပေါင်မုန့်ရှည်ကိုထုတ်ရင်း တ၀က်ခွဲကာပေးလေသည်။ မရှိအတူ ရှိအတူနေရသည့်ဘ၀ စားစရာတောင် တစ်ယောက်တည်း မစားရက်ဘဲ တစ်ဝက်ခွဲကာ ကမ်းပေးလေသည်။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းလဲ။ ကျွန်တော်လဲ သူကမ်းပေးသော ပေါင်မုန့်ကို တစ်ကိုက်လောက်သာကိုက်ပြီး ပြန်ပေးလိုက်သည်။ သူကတစ်ဝက်ထဲနဲ့ဘယ်ဝမှာလဲ။ ၀က်ကြီးက ပေါင်မုန့်ကိုကိုက်ရင်း သတိရသောအသံကြီးဖြင့် မြည်တမ်းလိုက်သည်။

   " အေးကွာ၊ အိမ်မှာသာဆို အခုချိန် ထမင်းကို ဟင်းတွေအများကြီးနဲ့ အားရပါးရစားနေလောက်ပြီ"
................................................................................................................................................................

   ဒီနေ့ကျွန်တော်တို့ပထမနှစ်ဗိုလ်လောင်းများ၏ ဒေါက်တင်ပွဲ(သို့မဟုတ်) ဗိုလ်လောင်းအဆောင်အယောင်အပ်နှင်းပွဲ ကျင်းပနေလေသည်။ ဒိန်း၊ဒိန်း၊ဒိန်း ဟူသော ဘင်စည်းချက်နှင့်အညီ စစ်ရေးပြကွင်းကြီးထဲတွင် နုနယ်ထွားကျိုင်းသော လူငယ်များ တပ်ခွဲလိုက် အားမာန်အပြည့်ဖြင့် ညီညာစွာဝင်လာသည်ကို ပွဲကြည့်ဆောင်မှ မိဘများက ဂုဏ်ယူပီတိပွားနေသည်။

   ကျောင်းအုပ်ကြီး၏သြ၀ါဒ မိန့်ခွန်းပြောကြားပြီးနောက် အချင်းချင်းအဆောင်အယောင် ပခုံးဒေါက်များ တပ်ဆင် ကာ ပြန်လှည့် လိုက်ချိန်တွင် မိဘများဆီမှ လက်ခုပ်သံတခဲနက်ထွက်ပေါ်လာသည်။ ဗိုလ်လောင်းအဆောင်အယောင်အပ်နှင်းပွဲ ဆိုသည်မှာ အခြေခ့စစ်သင်တန်း(၃)လကို ပြီးဆုံးပြီးနောက် ပထမနှစ်ဗိုလ်လောင်းများကို DSTA ၏ ဗိုလ်လောင်းကျောင်းသားများအဖြစ် အသိအမှတ်ပြုသော အခမ်းအနားပင်ဖြစ်သည်။ သုံးလတာ စမ်းသပ်မှု၊အခက်အခဲများ၊ ကျခဲ့သော  သွေးချွေးများ အတွက် ယောကျာ်းကောင်းအဖြစ် အသိအမှတ်ပြု မှတ်ကျောက်တင်သောပွဲဖြစ်သည်။ ထိုပွဲပြီးသည်နှင့် ပထမနှစ်ဗိုလ်လောင်းများ သည် နောင်တော်များလို တပ်ပြင်ထွက်ခွင့်၊ စာပေသင်ကြားခွင့် စသည်တို့ကိုခံစားနိုင်ပေမည်။

   ကျွန်တာ့်အဖို့တော့ သုံးလတာ ခွဲခွာခဲ့ရသော မိဘညီကိုမောင်နုမများနှင့် တွေ့ဆုံခွင့်သာမက သူငယ်ချင်းများ၏ စာများကို ဖတ်၇သဖြင့်ပျော်ရွှင်မူမှာ အတိုင်းမသိဖြစ်နေလေသည်။ မနေ့ညက စာများဖတ်နေရင်း ဇင့်ဆီက စာပါလာသဖြင့် ၀မ်းသာစွာ ဖွင့်ဖတ်လိုက်သည်။ အကြောင်းအရာထူးထူးဆန်းဆန်း မပါဝင်ဘဲ ကျန်းမာရေးဂရုစိုက်ရန် သူ့ကိုပေးထားသောကတိကို တည်ရန် ရေးထားသော စာတိုလေးမှာ မချင့်မရဲ ဖြစ်ချင်စရာကောင်းလှသည်။

.................................................................................................................................................................

   တစ်နှစ်ဆိုသောရာသီစက်ဝန်းမှာ တပတ်လည်လာချေသည်။ ကျောင်းဆင်းပွဲကာလနီးလာသဖြင့် အလုပ်ရှုပ်နေသော်လည်း ဗိုလ်လောင်းများ စိတ်တွင်းဝယ် မကြာခင် ခွင့်ပြန်ရတော့မည်ဟူသော အတွေးနှင့် သွက်လက်ဖျတ်လတ်နေကြသည်။
ကျွန်တော်နှင့် ဇင်တို့မှာ အစပိုင်းတွင် တစ်လတစ်ခါ စာတစ်စောင်မှန်မှန်ရေးသော်လည်း ကြာလာသောအခါ ဇင့်ဘက်မှ တစ်လ စာတစ်စောင်ပင်မမှန်ချင်တော့ပေ။ လွန်ခဲ့သောလက ဇင့်ဆီက စာတစ်စောင်ရောက်လာခဲ့သည်။

   " ဇေယျ
          နင့်ကိုငါမေးစရာ၇ှိတယ်၊ နင်တို့စစ်သားဘ၀က မပင်ပန်းဘူးလား၊ အပြင်မှာပဲ အင်ဂျင်နီယာဖြစ်အောင်လုပ်ပြီး နိုင်ငံခြားသွား  မယ်ဆိုအဆင်ပြေမှာပေါ့။ ငါလဲနှစ်ကုန်ရင် ဆေးကျောင်းဆက်မတက်တော့ဘဲ စင်ကာပူမှာကျောင်းသွားတက်မယ် စီစဉ်ထားတယ်၊
ဒါကလုပ်သင့်တယ်လို့ထင်တယ်လေ။ နင်ပြန်လာရင် ငါနဲ့တွေ့မှာပါ၊ အဲဒီအချိန်မှပဲ ငါတို့ပြောရအောင်၊ ပြီးတော့လေ ငါချယ်ရီပန်းလိုချင်တယ်ဟာ နင်ပြန်လာရင်နဲနဲယူလာခဲ့ပေးနော်
                                                                                                                    ဇင်"

    ကျွန်တော် သက်ပြင်တစ်ချက်ရှိုက်လိုက်သည်။ ချယ်၇ီပန်းလိုချင်တယ်ဆိုတော့ ဘယ်လိုယူသွားရမလဲပါစဉ်းစားနေမိသည်။
..................................................................................................................................................

   အင်းလျားကန်ရေပြင်သည် မိန်းမပျို၏ မျက်နှာအလား ကြည်လင်ငြိမ်သက်နေသည်။ ကန်စောင်းရှိ ပိတောက်ပင်ကြီးအောက်တွင်
လူနှစ်ဦး ငြိမ်သက်လျက်ရှိသည်။

   " နင်အသားတွေတော်တော်မည်းသွားတယ် ပိန်လဲပိုပိန်သွားတယ်နော်"
   ဇင်က ဂရုဏာသက်ဟန်မျက်လုံးများနှင့် ကျွန်တော့်ကိုကြည့်နေလေသည်။
   " ဒါကတော့ဟာ စစ်သင်တန်းတက်တာပဲ ဇင်တို့လို အရိပ်ထဲမှာ စာသင်နေတာမှမဟုတ်တာ "
   " နင်ကလေ ပြောလိုက်ရင် ထေ့သလို ငေါ့သလိုနဲ့ ငါကတကယ်သနားလို့ပြောတာကို"

   ဇင်က နှုတ်ခမ်းနီစွေးစွေးလေး ကိုစူလျက် စကားဆိုလေသည်။ ပြီးမှ ခဏငြိမ်သက်ကာ စကားပြန်ဆက်သည်။
   " နင့်ကျောင်းကထွက်ပြီး ငါနဲ့ နိုင်ငံခြားလိုက်ခဲ့ပါလား နင့်အိမ်ကလဲပို့ပေးနိုင်တာပဲဟာ"
   " ဇင် ကိုယ်တစ်ခုပြောမယ် နိုင်ငံခြားသွားတယ်ဆိုပေမယ့် ဇင်အဲဒီမှာပညာတွေ သင်ပြီးရင်မြန်မာနိုင်ငံကိုပြန်လာမှာလား......"
   " ပြန်တော့လာမှာပါ ဒါပေမယ့် ဟိုမှာအလုပ်လုပ်ရတာရော နေ၇ထိုင်ရတာရော ပိုသာတယ်လေ"
    " အဲဒါကို ကိုယ်ပြောချင်တာပဲဇင် ကိုယ်တို့က မြန်မာပြည်မှာမွေးလာတာ ဒီနိုင်ငံက အခုထိပညာသင်ပေး ကျွေးမွေးပေးတာတွေ က သူများနိုင်ငံမှာ ကျွန်သွားခံဖို့မဟုတ်ဘူးလေ"
    '" နင်စကားပြောတာ ရိုင်းလှချည်လား"
    ဇင်၏ ၀င်းပသော မျက်နှာလေးတွင်ဒေါသသွေးများ နီစွေးလာသည်။

   " မဟုတ်ဘူးဇင်ရဲ့ ဇင်စဉ်းစားကြည့်လေ အခုဆို ကိုယ်တို့နိုင်ငံမှာ အသိပညာရှင် အတတ်ပညာရှင်တွေ အရမ်းလိုအပ်နေတယ့် အချိန် ဇင်ဆိုရင်လည်း ဆရာဝန်လောင်းတစ်ယောက်ပဲ ......ကိုယ်တို့နိုင်ငံ ရဲ့ကျေးလက်ဒေသတွေမှာ ဆရာဝန်တွေ ဘယ်လောက်လိုအပ်တယ်ဆိုတာ ဇင်တို့သိပြီးသားပါ သိသိကြီးနဲ့ ဒီလိုမလုပ်ရက်ပါဘူးနော်"
   ကျွန်တော်စကားကိုအေးအေးဆေးဆေးလေးပြောလိုက်သည်။

   " နင်တို့က စစ်သားဆိုတော့ ဒီလိုလေသံပဲ ထွက်လာမှာပေါ့..."
   ဇင်၏ အသံလေးများပင်တုန်နေအောင်ဒေါသထွက်နေသည်။
   " စိတ်ကိုနဲနဲလေး လျော့ပြီးနားထောင်ပါ ဇင် ကိုယ်က တပ်ထဲရောက်နေလို့ဒီလိုစကားပြောတာမဟုတ်ပါဘူး ပြီးတော့ ကိုယ့်ကိုလဲ တပ်ကထွက်ခိုင်းဖို့ မကြိုးစားပါနဲ့ ကိုယ်က ဒီနိုင်ငံက လူတွေကျွေးတဲ့ ထမင်းကိုစားနေ၇တယ့်လူပါ ဒီကျေးဇူးကိုပစ်ပြီး ကိုယ်လုပ်ရက်မလား စဉ်းစားကြည့်လေ တကယ်လို့ လိုအပ်ရင်တောင် ကိုယ့်အသက်ကိုပေးလိုက်တာတောင် ကျေးဇူးကျေ ချင်မှ ကျေမှာ "
   " တော်စမ်းပါဇေယျရယ် နင့်ကိုငါရှင်းရှင်းပဲမေးမယ် နင်ငါ့ကို ချစ်သေးလား "
   " ချစ်ပါသေးတယ် ဒါပေမယ့်....."
   ကျွန်တော့်စကားပင်မဆုံးလိုက်ပေ။ ဇင်ကဆက်ပြောသည်။
   " ချစ်တယ်ဆိုရင် ငါစိတ်ချမ်းသာအောင် ထားလေ.....မဟုတ်ရင် နင်ငါ့ကိုချစ်တယ်ဆိုတာကို ငါဘယ်လိုယုံရမှာလဲ နင်အဖြေတစ်ခုကို သေချာအခုရွေး ငါ့ကိုရွေးမလား နင့်အလုပ်ကိုရွေးမလား "

   ကျွန်တော့်ခေါင်းထဲတွင် အတွေးများယောက်ယက်ခတ်သွားသည်။ ချစ်သူနှင့်ကျေးဇူးတရား ဘာကိုရွေးရပါမည်နည်း၊ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်သည်။

   " ကိုယ် မြန်မာပြည်ကိုပဲ ချစ်တော့မယ် ဇင်"
   " တောက် "
   ဇင့် ဆီမှ တက်ခေါက်သံ ပြင်းပြင်းတစ်ချက် ထွက်ပေါ်လာပြီး ချာခနဲ လှည့်ကာပြေးထွက်သွားလေတော့သည်။ ကျွန်တော်နောက်မှ လိုက်ခေါ်ပါသော်လည်းတစ်ချက်လေးမျှ စောင်းငဲ့မကြည့်တော့ချေ။
.............................................................................................................................................................

  နွေမိုးဆောင်း ဥတုသုံးလီသည် လေးကြိမ်တိုင်အောင် လည်ပတ်ခဲ့ပေသည်။ အဆောင်ထဲတွင် စာကြည့်နေရင်း သင်္ကြန်ဒိုးသံ များက အဝေး ရေကစားရာနေရာဆီမှ တစ်ချက်တစ်ချက် လေသင့်သလိုကြားနေရသည်။ တစ်ခါက ပိတောက်ရိပ်ဝယ် ဆုံတွေ့ ခဲ့ရသည့် ပိတောက်ကိုမချစ် မိမိ၏အယူအဆ နိုင်ငံတော်တွင် တပြည်သူသက်သက်သာ ဖြစ်နေလေသည့် ချစ်လှစွာသော လူတစ်ယောက်ကို မုန်းမေ့ရန် အထောက်အထား အကြောင်းပြချက်ခိုင်လုံလျက်နှင့် မမုန်းနိုင် မမေ့နိုင်၇က်သော မိမိကိုယ်ကိုလဲအပြစ်မတင်လို...........။

   သင်္ကြန်ရောက်တိုင်း ပင့်သက်ကို၇ှိုက်ရင်းပိတောက်ကိုမျှော်ကြည့်ရစမြဲပင်ဖြစ်သည်။
   မြင်မိလေတိုင်း အသည်းပြင်ကိုစွဲထင်အောင် တမြေ့မြေ့ ကျွမ်းလောင်စေသော သည်ပန်းကိုမှ မြတ်ပန်းတော်ဝင် ဖြစ်နေမိသည့် ကိုယ်ကိုကိုယ်လဲနားမလည်မိချေ။ ရာသီပန်းဖြစ်၍ ဆန်းသစ်သည့်ဂုဏ်ကို တန်ဖိုးထားမိလေသလားမသိ၊

              သင်္ကြန်ရောက်တိုင်း
              ပိတောက်ပင်အောက်၊ သူနဲ့ပျော်ခဲ့
              တစ်ချိန်ခါက
              တန်ခူးရဲ့ သင်္ကြန်ကို၊ မှန်းမျှော်တမ်းတ
              ချယ်ရီမြေမှ ၊ ပန်းပိတောက်ကို
              လွမ်းနေဆဲပါလေ..........

အပိုင်း(၅)ကို ဆက်လက်စောင့်မျှော်ပါ။ ကျေးဇူးတင်ပါသည်။
(ကျွန်တော့် သူငယ်ချင်းလို၊ ညီငယ်လို ခင်မင်ရသူတစ်ယောက်ရဲ့ လက်ရာလေးပါ)


Monday, September 16, 2013


ညကို ကျွန်တော်ချစ်တယ်
နေ့အလင်းရဲ့ ပျိမြစ်ခြင်းတွေ ကုန်ဆုံးပြီးတဲ့နောက်
သူက ရင့်ကျက်စွာ ရောက်လာတယ်
တိုးတိုးလေးပါပဲ
တိတ်တိတ်ဆိတ်ဆိတ်နဲ့ပေါ့
ချက်ချင်းတော့ မသိလိုက်ဘူး
အချိန်နည်းနည်းကြာမှ သတိထားမိတယ်
ကြေကွဲမှုတွေ ကြီးစိုးတဲ့အခါ
သူက ဘေးမှာ တိတ်တိတ်လေး ထိုင်နေတတ်တယ်
ပျော်မြူးလို့ အော်ဟစ်မိတဲ့အခါ
သူလဲ သံပြိုင်ဟစ်ကြွေး အပျော်ကို ခံစားပေးတယ်
အလိုမကျမှုတွေ ပေါက်ကွဲလျှံကျပစ်ရင်လည်း
ဘာအပြစ်မှမဆို
ဖေးဖေးမမနဲ့ ဘေးက ရပ်နေတတ်တယ်
ငယ်စဉ်က အိပ်ရာဝင်ချိန်တွေမှာလည်း
ကဗျာဆို ပုံပြင်ပြော ချော့သိပ်
လှပတဲ့ အိပ်မက်လေးတချို့တောင် ဖန်ဆင်းပေးသေးရဲ့
သူက
တခါတလေ အေးမြမှုနဲ့ အလင်းဓာတ်ကို ဆောင်ကြဉ်းလာတတ်တယ်
တခါတလေ တိတ်ဆိတ်ခြင်းနဲ့ သန္တရသကို ပေးတယ်
သူ ဒေါသထွက်တဲ့အခါများ
တစ်လောကလုံး အမှောင်ဖုံးသလို စိုးရွံ့ထိတ်လန့်မှုတို့ ကျွန်တော်ခံစားရတယ်
ဒါပေမယ့် ကျွန်တော် ချစ်တယ်
ကျွန်တော် သူ့ကို ချစ်တယ်
ထုတ်ဖော်ဖွင့်ဟ မပြောဖြစ်ကြသည့်တိုင်
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတာပေါ့


(ဒီတိုင်း ချရေးလိုက်တာတော့ မဟုတ်ပါ၊ တင်စားပြီး ရေးထားတာဖြစ်ပါတယ်။)