Sunday, November 18, 2012

သူ့အကြည့်ကို ကိုယ်သိသည် (၁)



ဟော သူမသည် သူ့ကို လှမ်းကြည့်နေပြန်ပြီ။
သူမအကြည့်တွေကို သူ သိသည်။
သူမအကြည့်တွေကို သူ နားလည်သလိုလိုရှိသည်။
သူ့အတွေးထဲ၌လည်း တော်တော်ရဲတဲ့ ကောင်မလေးပဲဟု တွေးလိုက်မိသည်။
အတန်းထဲက နောက်ဆုံးခုံမှာ ထိုင်နေရင်း သူ၏အတွေးများက မဝေးသေးသော ရက်သတ္တပတ်များဆီ ကူးလူးရောက်ရှိသွားလေသည်။
ထိုနေ့က သူ ကျောင်းသို့ အစောကြီးရောက်လာခဲ့သည်။ အခြေခံပညာအထက်တန်းကျောင်းများ သင်ကြားမှု၊ သင်ယူမှု စွမ်းရည်ပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်ရန် သူတို့တစ်ဖွဲ့လုံး ကျောင်းသို့ စောလာရမည်ဖြစ်ပြီး သူက အစောဆုံး ရောက်နေခြင်းဖြစ်သည်။
ဓာတုဗေဒလက်တွေ့စမ်းသပ်မှုတစ်ခုကို သူတို့ လေ့ကျင့်ကြမည်ဖြစ်သော်လည်း သူ ကျောင်းကို ရောက်သောအခါ လက်တွေ့ခန်းများ တံခါးမဖွင့်သေးပေ။
ထို့ကြောင့် ကျောင်းဆောင် ဆင်ဝင်အောက် လှေကားထစ်တွင် ထိုင်ရင်း သူ တွေးချင်ရာ လျှောက်တွေးနေမိသည်။
မကြာခင်မှာပင် သူ့အနားသို့ ကောင်မလေးနှစ်ယောက်၊ ကောင်လေးတစ်ယောက် ရောက်လာသည်။
ကောင်မလေးနှစ်ယောက်ထဲမှ တစ်ဦးမှာ သူမ ပင်ဖြစ်လေသည်။
သူတို့အားလုံးက ပြိုင်ပွဲဝင်ရန် ရွေးချယ်ခံထားရသော တစ်ဖွဲ့တည်းသားများ ဖြစ်ကြသည့်အပြင် စာသင်ခန်းတစ်ခန်းတည်းသားများလည်း ဖြစ်ကြသည်။
တံခါးလဲ မဖွင့်သေးဘူး...
ထိုသုံးယောက်က ပြောပြောဆိုဆိုနှင့် သူ နံဘေးတွင် အသီးသီးဝင်ထိုင်ကြသည်။
ရောက်နေတာ ကြာပြီလား…”
သူမက သူ့ကို မေးသည်။
မကြာသေးပါဘူးဟာ…”
သူက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
စကားနည်းသော သူ သည် အချိန်တော်တော်များများ ခပ်တည်တည်နေတတ်သော်လည်း တခြားသူနှင့် စကားပြောသည့်အခါ ပြုံးပြီး ပြန်ပြောလေ့ရှိသည်မှာ သူ့ပုံစံပင်ဖြစ်သည်။
နောက်မှရောက်လာသော ထိုသုံးယောက်သည် စကားတတွတ်တွတ်ပြောနေကြသည်။
သူ ကတော့ စကားဝင်မပြောဘဲ ဘေးမှသာ နားထောင်နေမိသည်။
ခဏအကြာတွင်တော့ သူတို့အဖွဲ့ထဲမှ အမြွာညီအစ်ကိုနှစ်ယောက် လာနေသည်ကို လှမ်းမြင်လိုက်ရသည်။
ကျောင်းဂိတ်ပေါက်မှာကတည်းက အမြွာညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်တွန်းထိုးရင်း စကားတပြောပြော လျှောက်လာကြသည်။
လှေကားထစ်မှာ ထိုင်နေသော သူတို့အားလုံး၏အကြည့်က မတိုင်ပင်ရဘဲ အမြွာနှစ်ယောက်ကို ကြည့်နေမိကြသည်။
အမြွာနှစ်ယောက်သည် သူတို့နှင့် ပြိုင်ပွဲဝင်ရမည့် တစ်ဖွဲ့တည်းသားများဖြစ်ကြသော်လည်း သူတို့နှင့် တစ်ခန်းတည်းသားများတော့ မဟုတ်ကြပေ။
အဲဒီအမြွာနှစ်ယောက်က ချစ်စရာလေးတွေနော်…”
သူမ ထံမှ စကားလုံးတချို့ ထွက်လာသည်။
သူမကို လှည့်မကြည့်ဘဲ သူ ပြုံးလိုက်ပါသည်။ ထွေထွေထူးထူး ခံစားမိသည်တော့ မရှိ။
သူမ၏သူငယ်ချင်းကောင်မလေးက သူမကို ပီတီတီနှင့် ကြည့်ပြီး နောက်လိုက်သည်။
ဘာလဲ နင်က သူတို့ကို ကြိုက်လို့လား…”
သူမက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းရင်း
ကြိုက်စရာလားဟ ကြိုက်ချင်းကြိုက်  * * * ကိုပဲ ကြိုက်မှာပေါ့…”
သူမ၏ စကားအဆုံး၌ လေးယောက်လုံး တဒင်္ဂမျှ တိတ်ဆိတ်သွားကြလေသည်။
သူသည်လည်း ပါးစပ်အဟောင်းသား
သူမ နှုတ်ခမ်းအစုံမှ ထွက်လာသော နာမည်သည် သူ့နာမည် ဖြစ်နေပါရောလား။
ဘာပြန်ပြောလို့ ပြောရမည်မှန်းမသိသလို ဘာလုပ်လို့ လုပ်ရမည်မှန်းလဲ မသိ။
စက္ကန့်အနည်းငယ်အကြာမှ ဟန်ကိုယ့်ဖို့နှင့် သူ ဟန်ဆောင်ပြုံးလိုက်ကာ သူမကို ကြည့်လိုက်သည်။
သူမကတော့ သူ့ကို မကြည့်။ မြေပြင်မှ သူမခြေအစုံကိုသာ သူမကြည့်နေသယောင်ရှိသည်။
ရုတ်တရက် တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်ကို သူမ၏ သူငယ်ချင်းကောင်မလေးက အလိုက်သိစွာ ဖောက်ခွဲပစ်လိုက်သည်။
နင်ကလဲ ပြောလိုက်ရင် ဇွတ် ဟိုမှာ ရှက်နေပြီ မျက်နှာကြီးကို ရဲလို့…”
ရယ်ရယ်ပြုံးပြုံးနှင့် သူမသူငယ်ချင်းကောင်မလေးက သူမပခုံးကို ပုတ်ရင်း ဟာသလုပ်ပစ်လိုက်သည်။
သူ ကတော့ ပြုံးရုံကလွဲ၍ ဘာမှ မပြောတတ်၊ မလုပ်တတ်တော့ပါ။
နင်က ပေါက်ကရတွေ လာမေးတာကိုးဟဲ့…”
သူမက သူမသူငယ်ချင်းကို ပြန်ငေါက်သည်။ ရှက်ရမ်းရမ်းခြင်းဆိုတာ သည်လိုမျိုးလား သူမသိပါ။
နင်ကလဲ အစောက ပြောရောပေါ့ ငါပြောပေးမှာပေါ့ မဟုတ်ဘူးလား ယောက်ဖ…”
သူမနှင့် ပါလာသော သူငယ်ချင်းကောင်လေးက သူ့ကို လှမ်းပြောသည်။ ထိုကောင်လေးက သူမနှင့် မောင်နှမ၀မ်းကွဲတော်စပ်သလို သူ နှင့်လဲ ရင်းနှီးပါသည်။
အေးပါကွာ ငါ စဉ်းစားပေးရမှာပေါ့…”
သူ က အလိုက်တသိ ပြန်ဖြေလိုက်ရင်း အပြုံးနှင့်အတူ သူတို့ထံမှ မျက်နှာလွှဲလိုက်သည်။
ထိုအခိုက် အမြွာနှစ်ယောက် သူတို့နား ရောက်လာသဖြင့် နှုတ်ဆက်သံ၊ စကားပြောသံများ ဆူညံသွားကြသည်။
သူ့အတွေးထဲ၌တော့ အတွေးပေါင်းစုံ ရှုပ်ယှက်ခတ်နေတော့သည်။
အတွေးများတတ်သော သူ သည် သူမကြောင့် ပို၍ပင် အတွေးများရပြီ။
သည်လို စကားမျိုးကို သူမ ဘာလို့ ပြောရသလဲ။
အတည်သဘောလား။ စနောက်သည့် သဘောလား။
သူ သည် စာသင်ခန်းထဲ၌ရော၊ မည်သည့်နေရာတွင်မဆို နောက်ပြောင်တတ်သည့်သူမျိုး မဟုတ်သလို သူမသည်လည်း စနောက်တတ်သည့် မိန်းကလေးမျိုး မဟုတ်မှန်း သူသိသည်။
နောက်ပြီး သူက မိန်းကလေးများနှင့် တရင်းတနှီး စနောက် နေထိုင်တတ်သူမဟုတ်သလို စကားနည်းသူ၊ အရှက်အကြောက်ကြီးသူလည်း ဖြစ်သည်။
သည်လိုဆိုလျှင် အတည်များလား။
သို့သော် ချစ်စကား၊ ကြိုက်စကားပြောခြင်းဟူသည် ယောက်ျားလေးကသာ မိန်းကလေးကို ပြောရိုးထုံးစံရှိသည် မဟုတ်လော။
သည်အရာတွေ ထားဦး။
မိမိမှာရော သူမ တက်မက်လောက်စရာ ဘာအရည်အချင်းများ ရှိနေသလဲဟု သူ ပြန်ဆန်းစစ်ကြည့်သည်။
သူ့အနေနှင့်တော့ ဘာမျှရှိသည်မထင်ပါ။
သူသည် ရုပ်ဆိုးလွန်းသူမဟုတ်သော်လည်း ချောမောခန့်ညားသည့် ယောက်ျားလေးစာရင်းထဲတွင် မပါသည်ကတော့သေချာသည်။ ဖြူဝင်းသော အသားအရည်ကြောင့်သာ သူ ရုပ်ဆိုးလွန်းသူ စာရင်းထဲ မရောက်ခဲ့ခြင်းဖြစ်နိုင်သည်။
ဤအရာနှင့် ဆန့်ကျင်ဘက် သူမကတော့ သူတို့အထက်တန်းကျောင်းမှာ ချောမောလှပသည့် စာရင်းထဲ အပါအ၀င်ဖြစ်ကြောင်း သူ သိသည်။
သည်လိုဆို ကျောင်းစာအရာမှာရော
သူသည် ကျောင်းစာအရာမှာ တော်လွန်း၊ ထက်လွန်းသည်မဟုတ်ကြောင်း သူ့ကိုယ်သူ သိသည်။
အတော်များများ၏ အထက်တွင် နေလေ့ရှိသော်လည်း ထိပ်ထိပ်ကြဲအဆင့်တော့ မဟုတ်ပါ။
သူမကတော့ နိမ့်ကျသည့်အဆင့်ထဲမှာ မပါသလို စာတော်သည့် အဆင့်ထဲတွင်လည်း မပါပေ။
သူ၏မိဘများသည် နှစ်ဦးလုံး ၀န်ထမ်းများဖြစ်ကြသည်မို့ တန်ဖိုးကြီးသည့် အသုံးအဆောင်ပစ္စည်းများလည်း သူ မသုံးစွဲနိုင်ပေ။
တစ်ခုရှိသည်က သူ သည် သူ၏ အနေအထိုင်သေ၀ပ်မှုကြောင့် လူတော်တော်များများ၏ ယုံကြည်မှုကို ရယူနိုင်ကြောင်းတော့ သူသိသည်။
သူသည် ထင်ထင်ပေါ်ပေါ်မနေတတ်သလို စကားနည်းသော်လည်း သူနှင့် ပေါင်းသင်းဆက်ဆံဖူးသူတိုင်း သူ့ကို ခင်မင်သွားလေ့ရှိသည်တော့ မှန်ပါသည်။
နောက်ဆုံးတော့ သူမ နှစ်သက်လောက်စရာ အရည်အချင်းမျိုး သူ့တွင် မရှိဟု သူ့ကိုယ်သူ သုံးသပ်လိုက်သည်။
ထိုနေ့တစ်နေ့လုံး ထိုသတင်းစကား ပျံ့နှံ့သွားမလား သူ စိုးရိမ်နေမိသေးသည်။
သို့သော် လေးယောက်သာ သိသော ထိုကိစ္စသည် ကာယကံရှင်များ ၀မ်းတွင်း၌သာ ပုန်းလျှိုးကွယ်ပျောက်သွားဟန် ရှိပေသည်။
ထိုနေ့က အိမ်ပြန်ရောက်သောအခါ ဗီရိုထဲမှ အမှတ်တရပစ္စည်းတစ်ခုကို သူ ရှာဖွေထုတ်ကြည့်မိသေးသည်။
မနှစ်တုန်းက နွေရာသီကျောင်းမပိတ်ခင် အတန်းပိုင်ဆရာမက သူတို့အားလုံးကို ပျော်ပွဲရွှင်ပွဲတစ်ပွဲ ကျင်းပပေးခဲ့သည်။
ပါဆယ်ဂိမ်းကစားကြသလို ကျောင်းသူ၊ ကျောင်းသားများ အချင်းချင်း လက်ဆောင်ပစ္စည်းလေးတွေ လဲလှယ်သည့် ပွဲလည်းပါသည်။
ထိုနေ့က ထူးဆန်းစွာပင် သူ လက်ဆောင်ပေးရမည့် ကျောင်းသူမှာ သူမ ဖြစ်နေခဲ့သလို သူမ လက်ဆောင်ပေးရမည့် ကျောင်းသားမှာလည်း သူ ဖြစ်နေခဲ့သည်။
မဲနှစ်ခါ နှိုက်ရသည်ဖြစ်သော်လည်း ဘာကြောင့် တိုက်ဆိုင်စွာပင် သူနှင့် သူမတို့ နှစ်ယောက်သာ အပြန်အလှန်ဖြစ်နေခဲ့သလဲ သူ သဘောမပေါက်ခဲ့ပါ။
ကံတရား၏ ထူးဆန်းသော ဖန်တီးစေစားမှုတစ်ခုပင် ဖြစ်ပါလိမ့်မည်။
သူက သူမကို လက်ဆောင်ပေးခဲ့သည်မှာ ရိုးရိုးဗလာစာအုပ်တစ်အုပ်သာဖြစ်ပြီး သူမထံမှ သူရရှိခဲ့သည်ကတော့ Writing Padလှလှလေးတစ်ခုသာ ဖြစ်သည်။
Writing Pad ၏ ကာဗာတွင်တော့ ချစ်သူစုံတွဲတစ်တွဲ၏ ကြည်နူးဖွယ် ပုံလှလှလေးတစ်ပုံနှင့်အတူ စာသားအချို့ရှိသည်။
To My First Love ချစ်ဦးသူသို့ ဟူ၍ဖြစ်သည်။
စာရွက်လှလှလေးတွေပါဝင်သော ထိုWriting Padသည် ရည်းစားစာရေးရန်သာ အသုံးဝင်ကြောင်း သူ သဘောပေါက်သည်မို့ သုံးစရာမလိုသဖြင့် ဗီရိုထဲ သည်တိုင်းထည့်ကာ သိမ်းထားဖြစ်လိုက်သည်။
ယခုတော့ သူ ထုတ်ကြည့်နေမိလေပြီ။
ချစ်ဦးသူသို့ ဆိုပါလား
သူ တိတ်တဆိတ်ရေရွတ်ရင်း Writing Pad လေးကို အသာအယာကိုင်ကာ ကာဗာမှ ပုံကို စိုက်ကြည့်နေမိသည်။
သူ့အတွေးထဲ နက်ဖြန် ဘာလုပ်ရင် ကောင်းမလဲဟု စဉ်းစားနေမိသည်။
ကောင်မလေးက အတည်သဘောနှင့် ရေလာမြောင်းပေးလုပ်ခြင်းလား။
သည်လိုဆို သူကရော ကောင်မလေးကို ရည်းစားစကားပြောလိုက်ရတော့မှာလား။
ပြောလိုက်ကာမှ အဟီး ငါက နောက်လိုက်တာ ဟု ပြန်ပြောရင် ဘယ်လိုလုပ်မလဲ။
အတည်ဖြစ်ဖို့ ရာခိုင်နှုန်းများသော်လည်း သူမကို ရည်းစားစကားပြောလိုက်၍ သူနှင့် ချစ်သူရည်းစားများ ဖြစ်သွားသည် ထားဦး သူ့ခေါင်းထဲ မေးခွန်းများစွာ ရှိနေသည်။
သည်လို ခပ်ချောချောလှလှ ကောင်မလေးမှာ တခြားရည်းစား ရှိနေနိုင်သလား။
ချစ်တယ်ဆိုတာကရော ဘာအဓိပ္ပါယ်လဲ။
ချစ်သူရည်းစားဆိုတာကရော ဘာကို ဆိုလိုသလဲ။
ချစ်သူရည်းစားဖြစ်တော့ရော ရိုးရိုးသူငယ်ချင်းဖြစ်နေတာထက် ဘာများ ထူးခြားသွားမှာလဲ။
ထိုနေ့ညက မေးခွန်းပေါင်းများစွာဖြင့်သာ သူ အိပ်ရာဝင်ဖြစ်ခဲ့လေသည်။

Saturday, November 17, 2012

မြန်မာ့ရိုးရာ စကားထာများ (၅)

(၁) အမေး။   ။ သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။
     အဖြေ။   ။ သင်္ဘောသီး။


(၂) အမေး။   ။ ဖတ်လတ် ဖတ်လတ် ၂-ဖတ်လတ်၊ တွဲလွဲ တွဲလွဲ ၂-တွဲလွဲ၊ ဒေါက်လောက် ဒေါက်လောက် ၄-ဒေါက်လောက်။
     အဖြေ။   ။ ၂ဖတ်လတ်- နားရွက် ၂-ဖက်၊ ၂တွဲလွဲ- နှာမောင်းနှင့်အမြီး၊ ၄-ဒေါက်လောက်- ခြေ၄-ချောင်း (ဆင်)။


(၃) အမေး။   ။ အသီးတစ်ရာ အညှာတစ်ခု။
     အဖြေ။   ။ ငှက်ပျောသီး။


(၄) အမေး။   ။ အခြေလေးခု မြေမှာစု၊ ခေါင်းနဲ့ကိုယ်မပါ ဗရချာ၊ အမြီး မရှိပါ။
     အဖြေ။   ။ ကုလားထိုင်။


(5) အမေး။   ။ ကြည့်လေ ဝေးလေ၊ ဝေးလေ ကြည့်လေ။
     အဖြေ။   ။ နားရွက်။


Monday, November 12, 2012

လူသားနှင့် မြင့်မားသောနေရာ


စုဆောင်းထားသည်များကို ပြန်လည် မျှဝေပါသည်။
credit to monopoly ( Myanmar Engineer Forum)

Tuesday, November 6, 2012

ကျုပ်မြန်မာ - လင်းလင်း

လူဆိုရင် မိဘမေတ္တာ ဘုရားမဟောတောင် သိတတ်ရမယ်...
လူဆိုရင် သမိုင်းရဲ့သစ္စာ ဘုရားမဟောလဲ ထိန်းသိမ်းရမယ်...
ဟေ့.........
လူစကားပြောတာပါ...
ခေတ်အဆက်ဆက် မမှားယွင်းခဲ့ပါ... ဘယ်သူမှလဲ ပြောင်းလဲမရပါ...
ကမ္ဘာမြေရဲ့ နံနက်ခင်းတိုင်းဟာ ရိုးသားတဲ့ နှလုံးသားသစ္စာနဲ့.....
လူငယ်တွေနဲ့ အသက်ရှူတာ.....
ဘုရားပေးတဲ့ ငါ့ရဲ့အသက်ကို တန်ဖိုးရှိရှိ အသုံးချပြမယ်...
ဆူးမိုးများ သည်းလိုက်စမ်းပါစေ ဒုက္ခနဲ့ ချွေးသိပ်လိုက်မယ်ဟေ့...
ကြယ်စင်တွေ လှမ်းလျှောက်မယ်လေ...
ရေမြေတစ်ခုတည်း မွေးကြတဲ့အမျိုးတွေပါ... အရောင်တွေ မမြင်နဲ့ လက်တွဲထားစမ်း ဘာမှ မစဉ်းစားနဲ့...
ရေမြေတစ်ခုတည်း အောင်ဆန်းအရိပ်သာ တို့မြန်မာ သေချာမှတ်ထား နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမယ်...
ရိုးသားတဲ့နှလုံးသားနဲ့ငါ နူးညံ့တဲ့အသိစိတ်နဲ့ငါ မြင့်မြတ်တဲ့ဦးနှောက်နဲ့ငါ ခမ်းနားတဲ့ အမျိုးသားသစ္စာနဲ့...
သခင်မျိုး ကျုပ်ဗမာ...
တံခါးဖွင့်လို့ ကျောချင်းကပ်ကာ နှလုံးသွေးချင်း ဆွဲထားစမ်းပါ...
အမျိုးမကွဲဘူး လာဘေးနားရပ်ပါ ကမ္ဘာတုန်အောင် ခေါင်းမော့ပြောမယ်ဟေ့...
သခင်မျိုး ကျုပ်ဗမာ...

ရေမြေတစ်ခုတည်း မွေးကြတဲ့အမျိုးတွေပါ...
အရောင်တွေ မမြင်နဲ့ လက်တွဲထားစမ်း ဘာမှ မစဉ်းစားနဲ့...
ရေမြေတစ်ခုတည်း အောင်ဆန်းအရိပ်သာ တို့မြန်မာ သေချာမှတ်ထား နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမယ်...


ရေမြေတစ်ခုတည်း မွေးကြတဲ့အမျိုးတွေပါ... အရောင်တွေ မမြင်နဲ့ လက်တွဲထားစမ်း ဘာမှ မစဉ်းစားနဲ့...

ရေမြေတစ်ခုတည်း အောင်ဆန်းအရိပ်သာ တို့မြန်မာ သေချာမှတ်ထား နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမယ်...

ရေမြေတစ်ခုတည်း မွေးကြတဲ့အမျိုးတွေပါ... အရောင်တွေ မမြင်နဲ့  အောင်ဆန်းအရိပ်က တို့မြန်မာ

Sunday, November 4, 2012

နိုဘယ်ဆုအကြောင်း သိကောင်းစရာ


နိုဘယ်ဆုဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ရံပုံငွေလှူဒါန်းတည်ထောင်ပေးခဲ့သူကြီး အဲဖရက်နိုဘယ်ရဲ့ သေတမ်းစာနဲ့အညီ ချီးမြှင့်တဲ့ ကမ္ဘာကျော်ဆုကြီးဖြစ်ပါတယ်။
နိုဘယ်ဆုမှာ အမျိုးအစားခြောက်မျိုးရှိပါတယ်။ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေ၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဆိုင်ရာ ဆုတွေပါ။ ဆုငါးမျိုးဟာ ၁၉၀၁ခုနှစ်ကတည်းက ပေးအပ်တဲ့ဆုတဲ့ဖြစ်ပြီး စီးပွားရေးပညာဆိုင်ရာဆုကတော့ ၁၉၆၉ခုနှစ်ကျမှ စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်ဆုကို နော်ဝေနိုင်ငံ နိုဘယ်ဆုချီးမြှင့်ရေးကော်မီတီက ရွေးချယ်ပေးတာဖြစ်ပြီး ကျန်ဆုများကိုတော့ ဆွီဒင်နိုင်ငံမှ အဖွဲ့အစည်းက ရွေးချယ်ချီးမြှင့်ပါတယ်။
နိုဘယ်ဆုရဲ့ အတိုင်းအတာဟာ နှစ်စဉ်နှစ်တိုင်း နိုဘယ်တည်ထောင်ထားတဲ့ ရံပုံငွေက ရရှိတဲ့ ၀င်ငွေပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ပြီးခဲ့တဲ့ နှစ်များ အတွင်းတုန်းကတော့ ဒေါ်လာ၁.၂၅သန်းမှ ၁.၅သန်းအတွင်းမှာ ချီးမြှင့်ပေးနိုင်ခဲ့ပါတယ်။
နိုဘယ်ဆု ချီးမြှင့်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေလဲ ရှိပါသေးတယ်။
ပညာရပ်ဆိုင်ရာနိုဘယ်ဆုတွေကို လူပုဂ္ဂိုလ်များကိုသာ ချီးမြှင့်လေ့ရှိပြီး အဖွဲ့အစည်းလိုက် ချီးမြှင့်ခွင့်မရှိပါဘူး။
ခြွင်းချက်အနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ လူပုဂ္ဂိုလ်ရော အဖွဲ့အစည်းကိုရော ချီးမြှင့်နိုင်ပါတယ်။
ဆုများကို ချီးမြှင့်ရာမှာ ဘယ်သောအခါမှ သုံးယောက်ထက်ပိုလွန်သော လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ချီးမြှင့်ခွင့် မရှိပါဘူး။ ဆုရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ရရှိတဲ့ ဆုငွေကို အညီအမျှခွဲဝေယူကြရပါမယ်။
နိုဘယ်ဆုကို သေလွန်ပြီးသူများအား ချီးမြှင့်ခွင့်မရှိပါ။ စာရင်းထဲပါနေရင်တောင်မှ အသက်ရှင်လျက်ရှိသူကိုသာ ချီးမြှင့်ခွင့်ရှိပါတယ်။ ဒါမှ သူလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စေ၊ ပညာရပ်ဆိုင်ရာလုပ်ငန်းဖြစ်စေ အဲဒီမှာ ဆုကြေးငွေကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာနှစ်အလိုက်မှာ နိုဘယ်ဆုချီးမြှင့်ရေးဆိုင်ရာကော်မီတီက ဆုနဲ့ ထိုက်တန်တဲ့သူမရှိရင် မချီးမြှင့်ဘဲ နေခွင့်ရှိပါတယ်။ တစ်နှစ်တစ်ယောက် ပေးကိုပေးရမယ် မဟုတ်ပါ။
ဒါတွေကတော့ နိုဘယ်ဆုချီးမြှင့်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေပါပဲ။
နိုဘယ်ဆုချီးမြှင့်ခြင်းအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ၊ ဆယ်ရက်နေ့မှာ ကျင်းပလေးရှိပါတယ်။
အခမ်းအနားမှာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေနဲ့ စီးပွားရေးပညာဆိုင်ရာ နိုဘယ်ဆုတွေကို ဆွီဒင်နိုင်ငံ ဘုရင်/ဘုရင်မက ပေးအပ်ချီးမြှင့်ပေးလေ့ရှိပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ နော်ဝေနိုင်ငံနိုဘယ်ဆုဆိုင်ရာကော်မီတီက ပေးအပ်ချီးမြှင့်ပေးပါတယ်။


စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ
-ဆုချီးမြှင့်ပွဲပြီးလို့ အထိမ်းအမှတ်ညစာစားပွဲမှာ စားပွဲတိုင်းက စားပွဲခင်းတွေနဲ့ လက်သုတ်ပ၀ါတွေမှာ အဲဖရက်နိုဘယ်ရဲ့ ပုံတူတွေ ရေးချယ်ထားပါတယ်။
-ပန်းကန်ပြားရဲ့ အနားတွေမှာတော့ ဆွီဒင်နိုင်ငံတော်အလံမှာ ပါဝင်တဲ့ အပြာရောင်၊ အစိမ်းရောင်၊နဲ့ ရွှေရောင်တို့နဲ့ ခြယ်သထားပါတယ်။
-ဆွီဒင်ဘုရင်/ဘုရင်မ(လက်ရှိ ဘုရင်)ဟာ နိုဘယ်ဆုရရှိသူ အမျိုးသမီးနဲ့ လက်တွဲပြီး ညစာစားပွဲခန်းမကို တက်ရောက်လာလေ့ရှိပါတယ်။ အကယ်၍ သက်ဆိုင်ရာနှစ်မှာ ဆုရသူ အမျိုးသမီးမရှိရင် ရူပဗေဒဆုရှင်ရဲ့ ဇနီးနဲ့ လက်တွဲပြီး တက်ရောက်ရပါတယ်။
-တည်ခင်းဧည့်ခံမယ့် စားပွဲစာရင်းဟာ လျှို့ဝှက်ဖြစ်ပြီး အခမ်းအနားအစီအစဉ်များ ပြီးမှသာ စိတ်ကြိုက်မှာယူနိုင်မှာ ဖြစ်ပါတယ်။


ဘာသာစကားလက်ချာတစ်ခုကို ဘာသာပြန်ပါသည်။

Monday, October 29, 2012

မင်းအတွက် ချစ်ခြင်းရဲ့ ငါ့အနုပညာ

















ကောင်မလေးရေ...
ငါ ဘာမှ မချမ်းသာပါဘူး
ယုတ်စွအဆုံး
ကဗျာလေးတစ်ပုဒ်ရေးဖို့တောင်
ကာရန်တွေ မချမ်းသာဘူး...

ငါ့မှာရှိတာဆိုလို့
ဟောဒီဘောပင်လေးရယ်
ဟောဒီစာရွက်အပိုင်းအစတွေရယ်
ဟောဒီစကားလုံးတချို့ရယ်
နောက်ပြီး
ဟောဒီရင်ဘတ်ထဲက ခံစားချက်တွေရယ်
ဒါပဲရှိပါတယ်...

အချစ်ဆိုတာကို
စာလုံးပေါင်းကြည့်ဖို့ကြိုးစားရင်း
ငါ ဖန်တီးမိတဲ့အရာတွေဟာ
မင်းအတွက်ဖြစ်လာတယ်...

စာရွက်အပိုင်းအစတွေပေါ်
ရေးခြစ်နေမိတဲ့
ငါ့အတွက် အချစ်ဆိုတဲ့အရာဟာ
အရောင်မပါတဲ့ ကလေးပန်းချီ ဖြစ်ချင်ဖြစ်မယ်
ကာရန်မသိတဲ့ ကဗျာ ဖြစ်ချင်ဖြစ်မယ်
သံစဉ်မရှိတဲ့ သီချင်တစ်ပုဒ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်...

ဘာပဲဖြစ်ဖြစ်ပေါ့လေ...
ခံစားချက်တွေကို ပုံဖော်ရင်း
ဖြစ်ပေါ်လာတဲ့ အရာတွေဟာ
မပြီးပြည့်စုံနိုင်တာ သေချာပေမယ့်
မင်းတစ်ယောက်ပဲ ခံစားလို့တတ်ခဲ့ရင်တောင်
ငါ့အတွက်လုံလောက်ပြီ...

Saturday, October 27, 2012

အဲဖရက်နိုဘယ် - သူတော်ကောင်းလား၊ ဗီလိန်လား


ကျွန်တော်တို့ နိုဘယ်ဆုဆိုတာကို ကောင်းကောင်းကြီးကြားဖူးကြပါတယ်။
နိုဘယ်ဆုဆိုတာ အဲဖရက်နိုဘယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင်တည်ထောင်ချီးမြှင့်ပေးခဲ့တာလို့လည်း သိကြပါတယ်။ ဒါပေမယ့် အဲဖရက်နိုဘယ်ဆိုတာ ဘာလဲ၊ ကျွန်တော်တို့ ကောင်းကောင်းမသိကြပါဘူး။
အဲဖရက်နိုဘယ်ဆိုတာ ယနေ့ခေတ်လူ ကျွန်တော်တို့အတွက် သူတော်ကောင်းတစ်ယောက်ဖြစ်ပေမယ့် သူ့ခေတ်သူ့အခါက လူတွေအတွက်တော့ သူဟာ ဗီလိန်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။
အဲဖရက်နိုဘယ်ကို ၁၈၃၃ခုနှစ်မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ အဲဖရက်နိုဘယ်ဟာ သားသမီးရှစ်ယောက်ရှိတဲ့ မိသားစုမှာ လေးယောက်မြောက်သားဖြစ်ပါတယ်။
အဲဖရက်နိုဘယ် အသက်ကိုးနှစ်အရွယ်မှာတော့ သူတို့မိသားစုဟာ ဆွီဒင်ကနေ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဲဖရက်ရဲ့ ဖခင်ဖြစ်သူ အီမန်နြူရယ်နိုဘယ်ဟာ တီထွင်သူအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး စိန့်ပီတာစဘတ်မြို့မှာ တော်ပီဒိုထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတာကြောင့်ဖြစ်ပါတယ်။
အဲဖရက်တို့ညီအစ်ကိုတတွေဟာ ရုရှားနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားကလေးတွေဖြစ်နေတာမို့ ရုရှားစာသင်ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနိုင်ကြခြင်းမရှိတဲ့အတွက် အိမ်တွင်းမှာပဲ အိမ်တွင်းပညာရေးကို သင်ယူခဲ့ကြရပါတယ်။ ဆရာတွေကို အိမ်မှာ ခေါ်ယူသင်ကြားစေခဲ့တာပါ။
လာရောက်သင်ကြားပေးတဲ့ ရုရှားဆရာတွေထဲက တစ်ဦးကတော့ ရုရှားပညာရှင်ကြီးဖြစ်ပြီး အော်ဂင်းနစ်ဓာတုဗေဒပညာရပ်ရဲ့ ဖခင်ကြီးလည်းဖြစ်သူ နီကိုလိုင် နီကိုလာရဲဘိခ်ျ ဇီညင်ဖြစ်ပါတယ်။
ဆရာကြီးဟာ အဲဖရက်ရဲ့ ဓာတုဗေဒလက်တွေ့စမ်းသပ်မှုတွေကို စိတ်ဝင်စားလျက်ရှိခြင်းအား တိုးမြင့်လာစေခဲ့ပြီး အဲဖရက်ကို နိုက်ထရိုဂလစ်စရင်းနဲ့ ၄င်းရဲ့ ပေါက်ကွဲနိုင်စွမ်းဂုဏ်သတ္တိတွေအကြောင်း ပြောပြရှင်းလင်းနားလည်စေခဲ့ပါတယ်။
အသက်၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ ဓာတုဗေဒကို စိတ်ဝင်စားသူလူငယ်ကလေး အဲဖရက်ဟာ ဥရောပမှာ ပညာသင်ကြားဖို့ ထွက်လာခဲ့ပါတယ်။ သူဟာ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ အမေရိကန်စတဲ့ တိုင်းပြည်တွေကို လှည့်လည်သွားလာခဲ့ပြီး များစွာသော ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဆည်းပူးခွင့်တွေ ရရှိခဲ့ပါတယ်။
ပညာသင်ကြားခြင်းများ ပြီးဆုံးတဲ့အခါမှာတော့ အဲဖရက်ဟာ ရုရှား၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ သူ့ရဲ့ ဓာတုဗေဒသုတေသနလုပ်ငန်းတွေကို အကောင်အထည်ဖော်ပါတယ်။ အဓိက ကတော့ နိုက်ထရိုဂလစ်စရင်းအကြောင်း လက်တွေ့စမ်းသပ်ခြင်းတွေပါပဲ။ လက်တွေ့စမ်းသပ်မှုတွေဟာ အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းဖြစ်ပေမယ့် အဲဖရက်က မလျှော့သောဇွဲ၊ မြဲမြံတဲ့ လုံ့လနဲ့ အစဉ်တစိုက် လုပ်ကိုင်နေခဲ့ပါတယ်။


များစွာသော စမ်းသပ်လုပ်ကိုင်မှုများအပြီးမှာတော့ အဲဖရက်ဟာ ပေါက်ကွဲအားပြင်းထန်တဲ့ ဒိုင်းနမိုက်ဆိုတဲ့ ပစ္စည်းတစ်မျိုးကို တီထွင်တည်ဆောက်နိုင်လိုက်ပါတော့တယ်။
အဲဖရက်ဟာ ဒိုင်းနမိုက်ကို တီထွင်နိုင်ပြီးတဲ့အခါမှာပဲ ထိုခေတ်က လူ့အဖွဲ့အစည်းဟာ သူ့တီထွင်မှုကို ရန်လိုစွာ၊ မလိုလားစွာ တုန့်ပြန်ခဲ့ကြပါတယ်။
တကယ်တော့ ရထားလမ်း၊ အဝေးပြေးလမ်း၊ လိုဏ်ခေါင်းများနဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေမှာ အဲဖရက်ရဲ့ တီထွင်မှုဟာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ တီထွင်မှုဖြစ်တာမို့ အဲဖရက်ကိုယ်တိုင်ဟာ ဘာကြောင့် လူ့အဖွဲ့အစည်းက မလိုလားသလဲဆိုတာကို အံ့သြနေခဲ့ရှာပါတယ်။
အဲဖရက်ရဲ့ ညီအစ်ကိုတွေဟာ ဒိုင်းနမိုက်ကြောင့် ရုရှားအင်ပါယာအတွင်း ရေနံရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို အဲဖရက်ကိုယ်တိုင်လည်း ဒိုင်းနမိုက်ကြောင့် စီးပွားရေးအရ အောင်မြင်လာခဲ့ပါတယ်။
အဲဖရက်ဟာ ဒိုင်းနမိုက်ထုတ်လုပ်ဖို့ စက်ရုံပေါင်းများစွာကို ကမ္ဘာတစ်ဝှန်းမှာ တည်ထောင်နိုင်ခဲ့ပြီး အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေဟာ အဲဖရက်ရည်မှန်းသလို ခေတ်မီလူ့အဖွဲ့အစည်းတည်ထောင်ရန် လိုအပ်တဲ့နေရာမှာ သုံးကြရုံသာမက အဲဖရက်မမျှော်လင့်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေမှာပါ ထည့်သွင်းအသုံးပြုခြင်း ခံခဲ့ကြရပါတယ်။
ဒိုင်းနမိုက် မပေါ်ပေါက်ခင်က ယမ်းစိမ်းကဲ့သို့သော ရှေးရိုးပေါက်ကွဲပစ္စည်းများကိုသာ အသုံးပြုတဲ့ လက်နက်တွေဟာ တစ်ခါပေါက်ကွဲလျှင် တစ်စုံတစ်ယောက်သာ အထိအခိုက်ရှိနိုင်ခဲ့ပေမယ့် ဒိုင်းနမိုက်ပေါ်ပေါက်လာတဲ့အခါမှာတော့ အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များပါ ပေါ်ပေါက်လာခဲ့ပါတော့တယ်။
သည်လိုနဲ့ ကောင်းတဲ့အကွက်ကို နည်းနည်းပဲမြင်ပြီး မကောင်းတာကိုပဲ များများမြင်တတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း လူထုဟာ အဲဖရက်ကို အမြင်စောင်း၊ မကျေမနပ်ဖြစ်နေကြပါတော့တယ်။
ဒါပေမယ့် အဲဖရက်ဟာ ဒါကို ဂရုမပြုနိုင်သေးဘဲ သူရဲ့လုပ်ငန်းတွေကြားမှာပဲ နစ်မြုပ်နေခဲ့ပါတယ်။
၁၉၈၈ခုနှစ်မှာတော့ အဲဖရက်ရဲ့ ဘ၀ကို အလှည့်အပြောင်းဖြစ်စေမယ့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လို့လာခဲ့ပါတယ်။


အဖြစ်အပျက်က ပြင်သစ်သတင်းစာတစ်စောင်ရဲ့ နာရေးသတင်းတစ်ခုပါ။
နာရေးသတင်းခေါင်းစဉ်ကတော့ သေမင်းတမန်ကုန်သည်ကြီး ကွယ်လွန်ရှာပြီ လို့ဖြစ်ပြီး သတင်းထဲမှာတော့ ဒိုင်းနမိုက်တီထွင်သူ အဲဖရက်နိုဘယ် ကွယ်လွန်ပြီဖြစ်ကြောင်း လွဲမှားစွာ ရေးသားဖော်ပြခဲ့ပါတယ်။
နာရေးသတင်းထဲမှာတော့ အဲဖရက်ကို ဒိုင်းနမိုက်ဘုရင်ကြီး၊ သေမင်းတမန်ကုန်သည်ကြီး၊ သေခြင်းတရားပေါက်ကွဲမှုဖြစ်စဉ်ကုန်သည်ကြီး စသဖြင့် ဂုဏ်ပုဒ်များကို လှိုင်လှိုင်ဖော်ပြရေးသားခဲ့ပါတယ်။
မှားယွင်းမှုစစ်စစ်သော်လည်းကောင်း သို့မဟုတ် အရွဲ့တိုက်ရေးသားခဲ့ခြင်းသော်လည်းကောင်း ဖြစ်နိုင်ပေမယ့် ဘာပဲပြောပြော အမှားကောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
အဲဒီသတင်းကို ဖတ်မိလိုက်တဲ့အခါမှာတော့ အဲဖရက်ဟာ လူထုရဲ့အမြင်မှာ ကမ္ဘာလုံးဆိုင်ရာဗီလိန်ကြီးတစ်ဦးဖြစ်နေပြီဖြစ်ကြောင်း သူ့ကိုယ်သူ သတိထားမိလိုက်ပါတော့တယ်။
အဲဖရက်ဟာ သူ့ရဲ့ တီထွင်မှုအတွက် ၀မ်းနည်းစွာ ခံစားရပြီး သည်အတွက် ကမ္ဘာ့လူထုကို တစ်ခုခု ပြန်ပေးဆပ်ဖို့လဲ စဉ်းစားလိုက်မိပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက် ကမ္ဘာ့သမိုင်းမှာ ဗီလိန်ကြီးတစ်ဦးအဖြစ် မှတ်တမ်းမတင်စေလိုတာလည်း စိတ်ထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အဲဖရက်ဟာ သူ့ရဲ့ ပိုင်ဆိုင်သမျှငွေကြေးများကို ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုးလုပ်ဆောင်သူများကို အသိအမှတ်ပြု၊ ဆုချီးမြှင့်ဖို့ အစီအစဉ်တစ်ခု ချမှတ်ခဲ့ကာ သေတမ်းစာတစ်စောင် ရေးသားပါတော့တယ်။
သည်လိုနဲ့ပဲ ယနေ့အခါမှာ ကျွန်တော်တို့ သိနေတဲ့ နိုဘယ်ဆုနဲ့ နိုဘယ်ဆုချီးမြှင့်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတော့တယ်ခင်ဗျာ။


အဲဖရက်နိုဘယ်နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်အလက်များ
-       - ဆေးလိပ်မသောက်၊ အရက်မကြိုက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ်။
-      -  ဆိတ်ငြိမ်အေးချမ်းသော ဘ၀ပုံစံကို ကြိုက်နှစ်သက်သော်လည်း ဘ၀တစ်လျှောက်လုံး ရှုပ်ထွေးစည်ကားသော မြို့ပြဘ၀တွင်သာ ကျင်လည်ခဲ့ရ။
-     -  မိခင်ဆွီဒင်ဘာသာစကားအပါအ၀င် အင်္ဂလိပ်၊ ရုရှား၊ ဂျာမန်၊ ပြင်သစ် စသော ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်။
-     -  တေးသီချင်း၊ ၀တ္ထုနှင့် ကဗျာလင်္ကာအချို့ ရေးသားသီကုံးခဲ့။


(ဘာသာစကား လက်ချာတစ်ခုကို ဘာသာပြန်ပြီး ဓာတ်ပုံများကို ၀ီကီပီဒီးယားမှ ရယူပါသည်။)