Thursday, August 9, 2012

ကြိုးကြာငှက်၊ မြွေ နှင့် မြွေပါ-ပုံပြင်

တခါတုန်းက တောကြီးတခုထဲတွင် ညောင်ပင်ကြီးတပင် ရှိသည်။ ထိုအပင်ထိပ်တွင် ကြိုးကြာငှက်များသည် သူတို့နေထိုင်ရန် အသိုက်များကို ဆောက်လုပ်ထားကြသည်။ အပင်၏ခြေရင်းရှိ တွင်းတတွင်းတွင် မြွေမည်းတကောင် နေထိုင်သည်။ ထိုမြွေမည်းသည် နှစ်တိုင်းနှစ်တိုင်း ဥမှ ပေါက်ဖွားလာသော အရွယ်မရောက်သေးသည့် ကြိုးကြာငှက်ပေါက်လေးများကို စားပစ်လေ့ရှိသည်။ ထို့ကြောင့်ကြိုးကြာငှက်များသည် အလွန်ပင် စိတ်ဆင်းရဲဖြစ်ကြရသည်။ သူတို့ ဘာလုပ်ရမှန်း မသိကြပေ။

တနေ့တွင် သားငယ်သမီးငယ်များ ဆုံးရှုံးသည့် ကြိုးကြာငှက်မကြီးသည် အနီးအပါးရှိ ကန်ရေပြင်နံဘေးတွင် ရပ်နေပြီး ၀မ်းနည်းကြေကွဲစွာ ငိုကြွေးနေရှာသည်။ ထိုအခါ ရေကန်ထဲတွင် နေသည့် ဂဏန်းက ကြိုးကြာငှက်ကြီးကို မြင်ပြီး အော်မေးလိုက်သည်။
အရှင်ကြိုးကြာ၊ ဒီနေ့ဘာလို့ ဒီလောက် ၀မ်းနည်းငိုကြွေးပြီး မပျော်မရွှင် ဖြစ်နေရာတာလဲ။
ထိုအခါ ကြိုးကြာငှက်မကြီးက မိတ်ဆွေ၊ ငါ ဘာလုပ်ရမလဲ၊ သစ်ပင်ခြေရင်းက တွင်းမှာနေတဲ့ မြွေဟာ ငါ့ကလေးတွေကို စားပစ်လိုက်တယ်။ ဒါကြောင့် ငါ-ဒီမှာ ပူဆွေးငိုကြွေးနေတာပါ။ ငါ့ကို ကူညီပါ မိတ်ဆွေ-ဟု ပြန်ပြောလိုက်သည်။
ဟုတ်ကဲ့၊ ကျွန်တော် ကူညီနိုင်မယ်ထင်ပါတယ်-ဟု ဂဏန်းက ပြန်ပြောလိုက်သည်။ ဆက်ပြီး သူက ပြောပြန်သည်။ ကျွန်တော်တို့ ဒီကောက်ကျစ်တဲ့ မြွေကို ဖမ်းပြီး သတ်ပစ်ရမယ်။
ဒါပေမယ့် ငါတို့ ဒီမြွေကို ဘယ်လိုဖမ်းမလဲ။ သူက အင်မတန်စဉ်းလဲတယ်။ သူ့ကိုဖမ်းဖို့ ခက်လိမ့်မယ်။ သူ အမြဲလွတ်သွားမှာပဲ။ သူ့ရဲ့တွင်းထဲမှာ သူပုန်းနေတယ်-ဟု ငှက်မကြီးက ပြောလျှင်
ကောင်းပြီလေ၊ သူ့ကို ကိုယ်တိုင်မသတ်နိုင်ရင် သတ်နိုင်တဲ့ တခြားတယောက်ကို ရှာရမယ်။

ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေမယ့် ငါတို့ဘယ်လိုလုပ်မလဲ။
နားထောင်ပါ၊ ကျွန်တော်ပြောပြမယ်-ဆိုကာ ဂဏန်းက ပြောပြသည်။
ဒီနေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ မြွေပါ တကောင်နေတယ်။ သူ့တွင်းက ဟိုမှာ။ အဲဒီသစ်ပင်ကြီးနဲ့ နီးတယ်။ မြွေပါဆိုတာ မြွေအားလုံးရဲ့ ရန်သူပဲ။ သူဟာ မြွေကိုမြင်တိုင်း သတ်ဖို့ အမြဲကြိုးစားတာပဲ။ ကျွန်တော်တို့ မြွေပါက ရန်သူမြွေကို သတ်အောင်လုပ်ရမယ်။

ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒါကောင်းတယ်။ ဒါပေမယ့် ငါတို့ ဘယ်လိုလုပ်ရမလဲ။
ဒါက အရမ်းလွယ်ပါတယ်။ မြွေပါဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ ငါးကြိုက်တယ်လေ။ ဒါပေမယ့် သူက ငါးဖမ်းဖို့ ရေထဲကိုမဆင်းနိုင်ဘူး။ ခင်ဗျားက သူ့အတွက် ငါးဖမ်းပေးနိုင်တယ်။ ငါး-လေးငါးကောင်ဖမ်းပြီး မြွေပါရဲ့တွင်းဝနားမှာ တကောင်ချပါ။ ပြီးရင် နည်းနည်းဝေးဝေးမှာ နောက်တကောင် ချပါ။ ပြီးတော့ မြွေတွင်း မလှမ်းမကမ်းမှာ တကောင်ချ။ ဒီလို ချချသွားရင်းနဲ့ နောက်ဆုံးတကောင်ကိုတော့ မြွေတွင်းနဲ့ တော်တော်နီးတဲ့ နေရာမှာချ။ မြွေပါက ပထမတကောင်ကို တွေ့လိမ့်မယ်။ သူပြေးပြီး စားလိမ့်မယ်။ ပြီးတော့ နောက်တကောင်။ ပြီးတော့ နောက်တကောင်။ အဲလိုမျိုး တကောင်စီစားပြီး နောက်ဆုံး မြွေတွင်းနားမှာရှိတဲ့ ငါးဆီကို သူလာလိမ့်မယ်။ ပြီးရင် သူမြွေကို အနံ့ခံလိမ့်မယ်။ မြွေနံ့ရရင် သတ်ချင်လာလိမ့်မယ်။ နောက်တော့ ရန်ပွဲကြီးတခုဖြစ်လာပြီး မြွေကို သတ်လိုက်လိမ့်မယ်။ ဒီလိုဆိုရင် ခင်ဗျားရဲ့ရန်သူ ဇာတ်သိမ်းပြီပေါ့။

ဟာ-ဒါဟာ အရမ်းကောင်းတဲ့ အကြံပဲ။ မင်း ပြောသလို ငါလုပ်မယ်-ဟု ကြိုးကြာငှက်က ၀မ်းသာအားရပြောသည်။
သို့နှင့် ကြိုးကြာငှက်သည် ငါး-လေးငါးကောင် ဖမ်းသည်။ ထို့နောက် အထက်ကနည်းအတိုင်း ငါးများကို ချသည်။ ထိုနေ့နံနက်တွင် မြွေပါတွင်းထဲက ထွက်လာသောအခါ ပထမငါးတကောင်ကို တွေ့သည်။ မြွေပါသည် ငါးကို အငမ်းမရ စားလိုက်သည်။

ဒီနေ့ တယ်ကံကောင်းပါလား-ဟုတွေး၍ ၀မ်းသာအားရနှင့် ကခုန်ပျော်မြူးနေသည်။ ထို့နောက် ငါးတကောင်ကို ခပ်လှမ်းလှမ်းတွင် တွေ့မြင်ပြန်သည်။ စားလိုက်ပြန်သည်။ ထို့နောက် တကောင်၊ ထို့နောက် နောက်တကောင်။ တကောင်ပြီး တကောင် စားလာရာ နောက်ဆုံးတွင် မြွေတွင်းဝဆီ ရောက်လာခဲ့သည်။ သူ မြွေနံ့ရလိုက်သည်။ ချက်ချင်းပင် မြွေပါသည် တွင်းထဲသို့ဝင်သွားသည်။ အထဲသို့ရောက်လျှင် ရန်ပွဲအကြီးအကျယ်ဖြစ်သည်။ မကြာမီတွင် ရန်ပွဲပြီးဆုံးသွားသည်။ မြွေပါက မြွေသေကောင်ကို ဆွဲထွက်လာသည်။

ကြိုးကြာငှက်များမှာ အလွန်ပင်ပျော်ရွှင်နေကြသည်။ သူတို့ကို အမြဲတစေ ဒုက္ခပေးနေသော ယုတ်မာသည့်ရန်သူ သေသွားသောကြောင့် ဖြစ်သည်။ သို့သော် ပုံပြင်လေးက ဤတွင် မပြီးဆုံးသေးပါ။ ထိုနေ့က စားစရာတွေကို သက်သက်သာသာနှင့်ရသည့် မြွေပါသည် တနေ့တွင် သစ်ပင်၏ ခြေရင်းသို့ ရောက်လာပြန်သည်။ ထိုအခါ ကြိုးကြာငှက်သံများကို သူကြားလိုက်သည်။ မြွေပါ ၀မ်းသာသွားသည်။ သူ့အတွက် စားစရာရှိသောနေရာကို သူတွေ့ရှိသွား၍ ဖြစ်သည်။
မြွေပါသည် သစ်ပင်ပေါ်တက်ပြီး ကြိုးကြာငှက်ငယ်လေးများကို တကောင်ပြီးတကောင် စားလေသည်။ နောက်ဆုံးတွင် မြွေမစားနိုင်၍ ကျန်ခဲ့သည့် ကြိုးကြာငှက်အားလုံးပင် သေဆုံးသွားကြရှာသည်။ ကြိုးကြာများလည်း ထိုနေရာမှ ပြောင်းပြေးကုန်ကြသည်။ ဒုတိယရန်သူသည် ပထမရန်သူထက် ပိုဆိုးနေသည်မဟုတ်ပါလော။ ထိုနည်းဖြင့် ဂဏန်းသည် သူ့ရန်သူ ကြိုးကြာငှက်များကို အဝေးသို့နှင်ထုတ်ပစ်နိုင်ခဲ့ပေသည်။
( အိန္ဒိယရိုးရာပုံပြင်)
ဥပဒေသ
သင် အကူအညီတောင်းသည့်သူကို သတိထားပါ။

ဒေါက်တာခင်မောင်ညို
(မင်္ဂလာမောင်မယ် ၂၀၀၉-ခု မေလ)
ဘာသာပြန်မူရင်းလင့်ခ် - ပညာပါရမီပညာရေးကူညီမှုအသင်း

6 comments:

  1. ဒုတိယရန်သူသည် ပထမရန်သူထက် ကြောက်စရာကောင်းပါတယ်ဆိုတဲ့ အသိပညာပေးလေး အားပေးသွားပါတယ်နော် ။

    ReplyDelete
  2. ပိုင်သူရ အလွမ်းသင့်....... ဟုတ်အခုလို့စာတွေကိုတွေတင်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါ ဗဟုသုတလည်းရပါတယ် .....နောက်လည်းကောင်းတာလေးတွေကိုတင်ပြပါအုံးနော် ..........

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. ရန်​သူကိုအင့်​အားမသုံးပဲနဲ့ ဖယ်​ထုတ်​နိုင်​တဲ့နည်းပဲ​နော်​...

    ReplyDelete
  5. ရောင်စုံအခန်းငယ်: ကြိုးကြာငှက်၊ မြွေ နှင့် မြွေပါ-ပုံပြင် >>>>> Download Now

    >>>>> Download Full

    ရောင်စုံအခန်းငယ်: ကြိုးကြာငှက်၊ မြွေ နှင့် မြွေပါ-ပုံပြင် >>>>> Download LINK

    >>>>> Download Now

    ရောင်စုံအခန်းငယ်: ကြိုးကြာငှက်၊ မြွေ နှင့် မြွေပါ-ပုံပြင် >>>>> Download Full

    >>>>> Download LINK

    ReplyDelete