Friday, June 2, 2017

ရေတစ်ဖန်ခွက်


ပါမောက္ခကြီးဟာ သူ့အတန်းကို ရေအနည်းငယ်ထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ကို ကိုင်ပြီး စတင်လိုက် ပါတယ်။ သူဟာ ဖန်ခွက်ကို အတန်းထဲက ကျောင်းသားအားလုံး မြင်သာအောင် မြှောက်ပြထားပြီး မေးခွန်းတစ် ခု မေးလိုက်တယ်။
“ ဒီဖန်ခွက်ဟာ ဘယ်လောက်လေးမယ်ထင်လဲတပည့်တို့… ငါးဆယ်ဂရမ်လား၊ တစ်ရာဂရမ်လား၊ တစ်ရာနှစ်ဆယ့်ငါးဂရမ်လား… ”
“ အလေးချိန် မချိန်ကြည့်ဘဲ ကျွန်တော်တို့ ဘယ်လိုလုပ်သေချာသိမလဲဆရာ ”လို့ ကျောင်းသားတွေက ပြန်ဖြေကြတယ်။
“ ကောင်းပြီ။ ဒီတော့ ဆရာထပ်မေးချင်တာက ဆရာ ဒီခွက်ကို မိနစ်အနည်းငယ်လောက် ကိုင်မြှောက် ထားလိုက်ရင် ဘာဖြစ်မလဲ ”လို့ ပါမောက္ခကြီးက ထပ်မေးပြန်တယ်။
“ ဘာမှ မဖြစ်ပါဘူး ”လို့ ကျောင်းသားတွေက ပြိုင်တူပြန်ဖြေကြတဲ့အခါ ပါမောက္ခကြီးက ထပ်မေးပြန် တယ်။
“ ကောင်းပြီ… ဒါဖြင့် တစ်နာရီလောက် ကိုင်မြှောက်ထားမယ်ဆိုရင်ရောကွာ ”
“ ဆရာ့လက်မောင်း နာကျင်လာမှာပေါ့ ”လို့ ကျောင်းသားတစ်ယောက်က ပြန်ဖြေတယ်။
“ မင်းမှန်တယ်တပည့်… ဒါဖြင့် တစ်နေကုန် ကိုင်မြှောက်ထားမယ်ဆိုရင်ရော ဘာဖြစ်မလဲကွာ ”
“ဆရာ့လက်မောင်း ထုံလာမယ်။ ကြွက်သားတွေ ပြင်းပြင်းထန်ထန်နာကျင်လာမယ်။ လက်က အကြော သေသလို ဖြစ်သွားပြီး ဆေးရုံသွားရမှာ သေချာတယ်”လို့ အခြားကျောင်းသားတစ်ယောက်က ဖြေလိုက်တော့ ကျောင်းသားအားလုံး တဟားဟားနဲ့ ပွဲကျသွားကြတယ်။
“ သိပ်မှန်တာပေါ့။ အဲဒီလိုအဖြစ်အပျက်သုံးခုစလုံးမှာ ဒီဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားသလား ”လို့ ပါမောက္ခကြီးက မေးလိုက်တဲ့အခါ ကျောင်းသားအားလုံးက “ မပြောင်းပါဘူး ”လို့ ပြိုင်တူဖြေလိုက်ကြတယ်။
“ ဒါဖြင့် လက်မောင်းထုံလာတာတွေ၊ ကြွက်သားတွေ နာကျင်လာတာတွေက ဘာကြောင့်ဖြစ်တာလဲ ” လို့ ပါမောက္ခကြီးက ထပ်မေးလိုက်တဲ့အခါမှာတော့ ကျောင်းသားအားလုံး ဘာမှပြန်မဖြေတတ်တော့ဘဲ တုံဏိ ဘာဝေဖြစ်ကုန်ကြတော့တယ်။
“ ထုံတာတွေ၊ နာတာတွေ မဖြစ်အောင် ဆရာဘာလုပ်သင့်သလဲ ”လို့ ပါမောက္ခကြီးက ထပ်မေးပြန် တယ်။
“ ဖန်ခွက်ကို ကိုင်မြှောက်မထားဘဲ ချထားလိုက်ပေါ့ဆရာ ”
တစ်စုံတစ်ယောက်သော ကျောင်းသားက ပြန်ဖြေလိုက်တယ်။
“ သေချာတာပေါ့ ”
ပါမောက္ခကြီးက ပြုံးပြီး ပြန်ပြောတယ်။
“ ဘ၀ပြဿနာတချို့ဟာလည်း ဒီလိုပဲကွ။ ပြဿနာကို ဦးနှောက်ထဲမှာ မိနစ်အနည်းငယ်လောက် ကိုင် မြှောက်ထားမိရင် ဘာမှမထိခိုက်သလိုပါပဲ။ ပြဿနာကို အကြာကြီးထိုင်ပြီး စဉ်းစားတွေးတောမိနေပြီဆိုရင် တော့ ထုံကျင်ကိုက်ခဲမှုတွေ စတင်လာပြီ။ အဲဒီထက်ပိုပြီးကြာကြာ ဆုပ်ကိုင်ထားမိရင်တော့ အကြောသေတာမျိုး ဖြစ်လာလိမ့်မယ်။ မင်းတို့ ဘာမှ ဆက်လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ”
ပါမောက္ခကြီးက ကျောင်းသားအားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး ထပ်ပြောလိုက်တယ်။
“ မင်းတို့ဘ၀မှာ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို တွေးတောကြံဆနေဖို့ အရေးကြီးတာ မှန်ပါတယ်။ ဒါ ပေမယ့် အဲဒီထက်ပိုအရေးကြီးတာက နေ့တစ်နေ့ရဲ့ အဆုံး၊ မင်းတို့ အိပ်ရာဝင်ချိန်မတိုင်မီမှာတော့ အဲဒီအရာ တွေကို ဆုပ်ကိုင်မထားဘဲ အောက်ကို ချထားလိုက်ဖို့ လိုတယ်။ ဒါမှသာ စိတ်ဖိစီးမှုတွေ မဖြစ်တော့ဘဲ မနက် တိုင်းမှာ လန်းဆန်းစွာနဲ့ အားအင်ပြည့်ဝစွာ နိုးထလာနိုင်မှာဖြစ်ပြီး မင်းတို့လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အခက် အခဲတိုင်း၊ စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ကြမှာဖြစ်တယ်တပည့်တို့… ”

http://www.reachdominica.org/inspirational/the-glass-of-water ကို ဆီလျော်အောင် ဘာသာပြန်ဆို ပါသည်။

©
မင်းအရိပ်



No comments:

Post a Comment