Sunday, March 17, 2013

မင်းကို သတိရတဲ့အခါ ခဏတိုင်း ငါသေတယ်














သတိရတယ်ချစ်သူ
လွမ်းတယ်လို့တော့ ပြောခွင့်မရှိဘူးထင်ပါရဲ့...

ထွက်သွားခဲ့တဲ့ မင်း မမှားခဲ့ပါဘူး
မတားခဲ့မိတဲ့ ငါ့အမှားရယ်ပါ...

လမ်းခွဲကြရအောင်တဲ့
ငါ့နားထဲ အခုထိ ကြားဆဲပေါ့ချစ်သူ
အဲဒီအချိန်တုန်းက
မာနဆိုတဲ့ အရာကိုသာ
ငါ မပိုင်ဆိုင်ခဲ့ရင် ကောင်းသားလားချစ်သူရယ်
မတုန်မလှုပ်နဲ့ ခေါင်းငြိမ့်ခဲ့တဲ့ငါ့ကို
မင်း အံ့သြနေခဲ့မလား
ဒါမှမဟုတ်
လိုချင်တဲ့ အဖြေရလို့ ၀မ်းသာနေခဲ့သလား
ငါ ခုထိ ဝေခွဲမရနိုင်သေးဘူး
သေချာတာက
ငါ့ရင်ထဲက မာနတချို့ကို
မင်း မြင်အောင် ကြည့်မသွားခဲ့ဘူး...

အနေဝေးရင် သွေးအေးသွားမှာပါတဲ့
မင်းပြောခဲ့တယ်
ဒါပေမယ့်
အတိတ်ရက်တွေကို ပြန်တွေးလိုက်တိုင်း
ငါ့နှလုံးသားကို နွေးထွေးစေမြဲပါပဲ...

အသစ်မရှာဘူးဆိုလို့
စွန့်ခွာသွားတဲ့ မင်းကို
သစ္စာရှိလွန်းတာတော့ မဟုတ်ဘူး
နှလုံးသားထဲက မင်းက
ဘယ်ကိုမှ ထွက်မသွားတာ
အခက်ပေါ့ ချစ်သူ...

မိုင်တွေရဲ့ ခြားနားမှုကို သိတယ်ချစ်သူ
အချိန်တွေရဲ့ ကန့်သတ်မှုကိုလည်း နားလည်တယ်
ခက်တာက
လက်တွေ့အခြေအနေကို ရင်မဆိုင်ရဲခြင်းဟာ
ငါ့အတွက်
ကြေကွဲခြင်းနဲ့သာ ထိုက်တန်နေစေတာလေ...

အသဲကွဲဇာတ်လမ်းတွေဆိုတာ
ဒီနေ့ခေတ်ကြီးထဲမှာ
အဆန်းမဟုတ်တော့ဘူးတဲ့
လူတွေ ပြောကြတယ်
ငါက အသဲကွဲသူတစ်ယောက်မှ မဟုတ်တာ
နှလုံးသားတစ်စုံရဲ့ ရပ်တည်ရာကို
ပျောက်ဆုံးခဲ့သူရယ်ပါ...

မှတ်ဥာဏ်ဆိုတဲ့အရာကို
အစိတ်အပိုင်းလိုက်
ခွဲပြီး ဖျက်ပစ်လို့ရရင် သိပ်ကောင်းမယ်
အတိတ်တွေ
ပစ္စုပ္ပန်တွေ
အနာဂတ်တွေ
ငါ
မင်းကို သတိရတဲ့အခါ
ခဏတိုင်း သေတတ်လို့ပါချစ်သူ...



4 comments:

  1. မင်းကို သတိရတိုင်းသေတယ်တဲ့။ ဂရုစိုက်ပါ ကိုမင်းအရိပ်ရေ။ နှလုံးသားတစုံရဲ့ ရပ်တည်ရာကို ပျောက်ဆုံးခဲ့သူဆိုတဲ့ စာသားလေးကြိုက်တယ်။

    ReplyDelete
  2. မိုးညအကြောင်းကိုများရေးထားလေသလား မသိ ... တိုက်ဆိုင်လွန်းလှပါဘိ ...
    “ငါက အသဲကွဲသူတစ်ယောက်မှ မဟုတ်တာ
    နှလုံးသားတစ်စုံရဲ့ ရပ်တည်ရာကို
    ပျောက်ဆုံးခဲ့သူရယ်ပါ...” ... အရမ်းကြိုက်တယ် ဒီစကားလုံးတွေကို ... :)

    ReplyDelete