Friday, February 17, 2012

ကျွန်တော်တို့သုံးနေကြတဲ့ အင်တာနက်ရဲ့ သမိုင်းကြောင်း

ကျွန်တော်တို့ အခုနေထိုင်နေကြတဲ့ခေတ်ကြီးဟာ Globalizationခေတ်ကြီးပေါ့ဗျာ။ ပညာရှင်တွေက ကမ္ဘာကြီးဟာ ရွာကြီးဖြစ်လာပြီင်္လို့ ဆိုကြပါတယ်။ သည်လိုကမ္ဘာရွာကြီးဖြစ်လာအောင် ဘာကလုပ်ပေးနေသလဲဆိုတော့ ကျွန်တော်တို့ ခုသုံးနေတဲ့ အင်တာနက်ပါပဲ။
သည်တော့ အင်တာနက်ဆိုတာ ဘယ်လိုပေါ်ပေါက်လာခဲ့သလဲဆိုတာ လေ့လာကြည့်ရအောင်။
စတင်ဖြစ်ပေါ်လာပုံအကြောင်းရင်း
အချိန်ကာလကတော့ စစ်အေးတိုက်ပွဲကာလကြီးထင်ပါရဲ့။
၁၉၅၀ပြည့်လွန်နှစ်တွေမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ တော်တော်အလုပ်ရှုပ်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့သုံးနေတဲ့ ဆက်သွယ်ရေးစနစ်တွေကြောင့်ပါပဲ။
အဲဒီခေတ်က ဆက်သွယ်ရေးစနစ်တွေ (တယ်လီဖုန်း၊ ကြေးနန်း၊ ရေဒီယိုအသံလွှင့်ခြင်း) အားလုံးဟာ signal လှိုင်းထုတ်လွှင့်မှုတွေကို အခြေခံပြီးမှ ဆက်သွယ်လို့ရတာပါ။ အဲဒီဆက်သွယ်ရေးစနစ်တွေဟာ signal လှိုင်းလွှင့်တဲ့ ရင်းမြစ်သာပျက်ဆီးသွားခဲ့ရင် ဘာမှသုံးစားလို့ မရတော့ပါဘူး။ ရန်သူတွေအတွက် ကြားဖြတ်ဖမ်းယူဖျက်ဆီးဖို့ အင်မတန်လွယ်ပါတယ်။
ဒီတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ နျူကလီးယားစစ်ပွဲဖြစ်ရင်တောင်မှ ပျက်စီးမသွားနိုင်တဲ့ ဆက်သွယ်ရေးစနစ်တစ်ခုကို အလိုရှိလာခဲ့ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေဟာ အမေရိကန်ပြည်တွင်းက သိပ္ပံပညာရှင်တွေကို ဖိတ်ခေါ်ပြီး အစိတ်အပိုင်းတချို့ ပျက်ဆီးသွားရင်တောင်မှ ဆက်သွယ်လို့ ရနိုင်ဦးမယ့် လုံခြုံစိတ်ချရမှု အတိုင်းအတာတစ်ခုရှိမယ့် ဆက်သွယ်ရေးစနစ်တစ်ခု တည်ဆောက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
Packet-Switchingသီအိုရီ
သည်လိုနဲ့ ၁၉၆၄ခုနှစ်မှာ သိပ္ပံပညာရှင် လီယိုနပ် ကလိန်းရော့ခ် (Leonard Kleinrock) ဟာ Packet-Switching သီအိုရီကို ဖော်ထုတ်တင်ပြနိုင်ခဲ့ပါတယ်။ အဲဒီသီအိုရီထဲမှာ computer networkတွေ ဘယ်လိုအလုပ်လုပ်နိုင်ကြောင်း တင်ပြထားပါတယ်။ ကွန်ပြူတာတစ်လုံးဟာ သူနဲ့ချိတ်ဆက်ထားတဲ့ ကွန်ပြူတာတိုင်းကို အတင်းအချက်အလက်တွေ ပေးပို့နိုင်ကြောင်းတင်ပြထားပါတယ်။ ဒီသီအိုရီဟာ ၂၀ရာစုရဲ့ အထင်ရှားဆုံးတီထွင်မှုဖြစ်တဲ့ အင်တာနက်ရဲ့ အစဦးဆုံး အခြေခံပါပဲ။
သည်သီအိုရီကို အခြေခံပြီး လော့အိန်ဂျယ်လိစ် ကယ်လီဖိုးနီးယားတက္ကသိုလ်( University of California, Los Angeles)၊ လီလန်း စတင်းဖို့ဒ် ဂျူနီယာတက္ကသိုလ် (Leland Stanford Junior University)၊ ယူတားတက္ကသိုလ် (University of Utah) နှင့် ဆန်တာဘာဘာရာ ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California, Santa Barbara)တို့မှ သိပ္ပံပညာရှင်တွေဟာ ကွန်ပြူတာ ကွန်ရက်တစ်ခု တည်ဆောက်ဖို့ကြိုးစားခဲ့ကြပါတယ်။
၁၉၆၉ခုနှစ်မှာတော့ အဲဒီတက္ကသိုလ်လေးခုက ကွန်ပြူတာအချို့ကို ချိတ်ဆက်ထားတဲ့ ပထမဦးဆုံး ကွန်ပြူတာကွန်ရက်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီကွန်ရက်ကို သူတို့က အာပါနက်(ARPANET- Advanced Research Projects Agency Network) လို့ ခေါ်ဆိုခဲ့ကြပါတယ်။ စတင်တည်ဆောက်နိုင်ခဲ့ပြီး မကြာခင်မှာပဲ တက္ကသိုလ်လေးခုက ပညာရှင်တွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြီး သတင်းအချက်အလက်တွေ အပြန်အလှန်ပေးပို့နိုင်ခဲ့ပါတယ်။
အင်တာနက်ဖြစ်ပြီ
၁၉၇၀ပြည့်လွန်နှစ်တွေမှာ သိပ္ပံပညာရှင်တွေဟာ ကွန်ရက်အတွင်း e-mailပေးပို့နိုင်တဲ့ ပရိုဂရမ်တစ်ခုကို ရေးဆွဲတီထွင်နိုင်ခဲ့ပါတယ်။ တိုးတက်မှုကမြန်ဆန်လာခဲ့ပြီး ၁၉၇၃ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ အင်္ဂလန်နိုင်ငံ၊ နော်ဝေနိုင်ငံတို့ဟာ ကေဘယ်ကြိုးဆက်ကြောင်းနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး ဆက်ကြောင်းတစ်ခုချိတ်ဆက်နိုင်ခဲ့ပါတယ်။
၁၉၈၉ခုနှစ်မှာ ဥရောပအခြေစိုက် ရူပဗေဒနဲ့ နျူကလီးယားသုတေသနဌာန CERN (European Organization for Nuclear Research) က ကမ္ဘာလုံးဆိုင်ရာ World Wide Web (www) ကို တည်ဆောက်အသုံးပြုဖို့ အကြံပေးခဲ့ပါတယ်။
သည်အကြံဥာဏ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေစဉ် ၁၉၉၁ခုနှစ်မှာ အင်္ဂလိပ်သိပ္ပံပညာရှင် ဆာ တီမိုသီ ဂျွန် ဘာနာ လီး ( Sir Timothy John Berners-Lee)က protocol http နဲ့ html language တို့ကို တီထွင်ရေးဆွဲနိုင်ခဲ့ပါတယ်။
အထက်ဖော်ပြပါ တီထွင်မှုနှစ်ခုကို အခြေခံလို့ ၁၉၉၃ခုနှစ်မှာ ပထမဆုံး အင်တာနက် browser ပေါ်ပေါက်လာခဲ့ပြီး ယနေ့ခေတ်လူငယ်တွေ တရှိုက်မတ်မတ် အသုံးပြုနေကြတဲ့ အင်တာနက်ဟာ ရုပ်လုံးပေါ် အကောင်အထည်ပေါ်လာခဲ့ပါတယ်။
သည်လိုနဲ့ပဲ အင်တာနက်ဟာ ကမ္ဘာကြီးကို ရွာကြီးဖြစ်သွားစေခဲ့ပါတော့တယ်။
(ကျွန်တော်သိတဲ့ အင်တာနက်သမိုင်းကြောင်းလေးကတော့ ဒါလေးပါပဲ။ ကျွန်တော်ဟာ ကွန်ပြူတာပညာရပ်တွေနဲ့ မရင်းနှီးတဲ့အပြင် ဒီစာလေးဟာလဲ ကျောင်းမှာသင်ရတဲ့ စာတစ်ပုဒ်ကို အခြေခံပြီး ရေးထားတာဖြစ်တဲ့အတွက် အမှားတွေပါ ပါက ထောက်ပြပြင်ဆင်ပေးကြပါရန် တောင်းပန်အပ်ပါတယ်။)
အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်

No comments:

Post a Comment