Friday, June 29, 2012

အင်တာနက်သုံးတဲ့ မိန်းကလေးများကို ကြည့်စေချင်သော ဇာတ်ကားတစ်ကားနှင့် ကျွန်တော်သုံးသော ရုပ်ရှင်ရယူနည်း

ဘလော့လေးကိုလဲ ပစ်ထားသလိုဖြစ်နေတာ ကြာပါပြီ။
ခုမှပဲ ပြန်ကိုင်ဖြစ်တော့တယ်။ ကဲ....ထားပါတော့။
ဇာတ်ကားလေးတစ်ကားအကြောင်း ပြောပြပါမယ်။
အဲဒီဇာတ်ကားကို ကောင်းတယ်လို့ အစ်မကြီးတစ်ယောက်ပြောထားတာ တွေ့ဖူးလို့ ဒေါင်းထားတာတော့ ကြာပါပြီ။ ကြည့်ဖြစ်တာတော့ မကြာသေးဘူးဗျ။
ဇာတ်ကားနာမည်က TRUST တဲ့...ကျွန်တော်ကတော့ မြန်မာလို အချစ်ဟုယုံကြည်ခဲ့သည် လို့ နာမည် ပေးထားပါတယ်။
သိပ္ပံဇာတ်ကားလဲ မဟုတ်ဘူး၊ ၀ိဇ္ဇာဇာတ်ကားလဲ မဟုတ်ဘူး၊ အက်ရှင်၊ ဟာသကားတွေလဲ မဟုတ်ပါဘူး။
မိသားစုဒရမ်မာဇာတ်ကားလေးလို့ ပြောလို့ရမယ်ထင်ပါတယ်။
ဇာတ်ကားလေးက အသက်ဆယ့်လေးနှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ ပျော်ရွှင်စရာ မိသားစုဘ၀လေးအကြောင်းကနေ စတင်အခြေပြုထားပါတယ်။
နောက်ပိုင်းမှာ ကောင်မလေး အင်တာနက်စသုံးတဲ့အချိန်မှာ ပြဿနာတွေ တက်လာတော့တာပါပဲ။
အပြင်လောကက အတိုင်းပဲပေါ့လေ၊ အင်တာနက်ပေါ်မှာ လူတစ်ယောက်နဲ့တွေ့တယ်၊ သူ့ရဲ့ အပြောတွေအောက်မှာ သာယာသွားတယ်၊ နောက်ဆုံး အပြင်မှာ တွေ့တဲ့ထိပေါ့။
ကောင်မလေးနဲ့ အဲဒီလူတွေ့တဲ့အခါ အဲဒီလူရဲ့ အသက်ဟာ ကောင်မလေးထက် နှစ်၂၀လောက် ပိုကြီးကြောင်း သိလိုက်ရပါတယ်။
ဒါပေမယ့် အပြောကောင်းတဲ့ ဟန်ဆောင်ကောင်းတဲ့ ပရိယာယ်ကြွယ်ဝသူဆီကနေ ရိုးသားဖြူစင်လွန်းတဲ့ ကလေးလေးတစ်ယောက်ဟာ ရုန်းထွက်လို့ မလွယ်တော့ပါဘူး။
ဒီလိုနဲ့ပဲ (ရှင်းရှင်းပြောရရင်) ကောင်မလေးဟာ ကာမလိမ်လည်ရယူမှု ခံလိုက်ရပါတယ်။
ဒါပေမယ့် ကောင်မလေးစိတ်ထဲမှာတွေးတာကတော့ ဒါဟာ ချစ်သူကို ချစ်လို့ ပေးဆပ်တာပါတဲ့။
ကောင်မလေးရဲ့ အဖေနဲ့အမေသိသွားတဲ့အခါမှာတော့ မခံမရပ်နိုင်ဖြစ်ပြီး ဒါဟာ မုဒိမ်းမှုပဲလို့ ခံယူပြီး တရားခံကို အပူတပြင်းလိုက်ရှာကြရင်းနဲ့ မိသားစု ပြဿနာပေါင်းစုံတက်ကြတဲ့အကြောင်းပါ။
ကောင်မလေးရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက ဒါဟာ အနိုင်ကျင့်ခံရတာ၊ မုဒိမ်းမှု၊ ကာမလိမ်လည်ရယူတာ၊ ကလေးသူငယ်နှိပ်စက်ညှင်းပန်းမှု စသဖြင့် ယူဆကြပေမယ့် ကောင်မလေးကတော့ ဒါဟာ အချစ်ပဲလို့ ခံယူခဲ့ပါတယ်။
ဖခင်ဖြစ်သူရဲ့ တရားခံကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုကိုလည်း အကူအညီမပေးခဲ့ပါဘူး။
နောက်ပိုင်းမှာ ကောင်မလေးရဲ့ချစ်သူဆိုသူရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို သိလာပြီး ဒီလိုမျိုး ခံရတဲ့သူတွေဟာ သူတစ်ယောက်တည်းမဟုတ်ကြောင်း သိလာခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ကောင်မလေးရဲ့ ဗီဒီယိုဖိုင်ဟာ သူမရဲ့ဖုန်းနံပါတ်နဲ့ တွဲပြီး အင်တာနက်ပေါ်ရောက်လာတဲ့အခါမှာတော့ ကောင်မလေးဟာ လောကကြီးထဲက စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဇာတ်ကားလေးကတော့ ဒါပါပဲပေါ့လေ။
ကျွန်တော်က ဇာတ်ကားကို ပေါ်လွင်လာအောင် မရေးတတ်လို့ပါ။ ဇာတ်ကားလေးက တကယ်ကို ကောင်းပါတယ်။
အထူးသဖြင့် အင်တာနက်သုံးတဲ့ မြန်မာမိန်းကလေးတွေ ကြည့်ဖို့သင့်တော်တယ်လို့ ယူဆပါတယ်။
နည်းနည်းကြမ်းတဲ့ ဇာတ်ကွက်လေးတွေတော့ ပါတာပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ ငယ်ငယ်က တမ်းတမ်းစွဲကြည့်ခဲ့တဲ့ တိုက်တန်းနစ်ဇာတ်ကားထဲက ဇာတ်ကွက်တွေလောက်တောင် မကြမ်းပါဘူး။
ဒါကတော့ ဇာတ်ကားအကြောင်းပေါ့လေ။
ဇာတ်ကားတော့ပြောပြီး ရုပ်ရှင်ဒေါင်းဖို့လင့်မပေးဘူးဆိုပြီး စိတ်ဆိုးကြမှာစိုးလို့ ကျွန်တော်သုံးနေကျ အင်တာနက်ပေါ်က ရုပ်ရှင်ရယူနည်းလေး တစ်ခါတည်းပေးလိုက်ပါတယ်။
(ဗိုက်ဆာနေတဲ့သူကို ငါးတစ်ကောင်ပေးလိုက်တာဟာ သူ့အတွက် ခဏတာပဲ အဆင်ပြေစေပြီး ငါးဖမ်းနည်းသင်ပေးလိုက်တာကတော့ သူ့အတွက် တစ်သက်တာပါတဲ့နော်....:P)
ကျွန်တော် ဇာတ်ကားတွေကို လိုက်ရှာ လိုက်ဒေါင်းတာကတော့ Torrent နဲ့ပါ။
မြင်ရလားမသိဘူး၊ ကျွန်တော်က ဒါမျိုးတွေ ကျွမ်းဘူးလေ ဟီးးးးးး
အစိမ်းရောင်လေးပေါ်နေတာလေးနော် အဲဒါ Torrent ပါ။
ပထမဆုံး google search box မှာ torrent software free download လို့ ရိုက်ရှာလိုက်ပါ။
ပြီးရင်တော့ ကိုယ့်စက်နဲ့ အဆင်ပြေမယ့် ဆော့ဖ်ဝဲလ်တစ်ခု ရှာပြီး ဒေါင်း၊ ပြီးရင် တင်ထားလိုက်ပေါ့နော်။
ဆော့ဖ်ဝဲလ်တင်ပြီးရင်တော့ ရုပ်ရှင်ရှာဖို့ပါ။
ခုနလိုပဲ google search box မှာ ကိုယ်ရှာချင်တဲ့ ရုပ်ရှင်ဇာတ်ကားနာမည်ကို ရိုက်ထည့်ပြီး ရှာပါမယ်။
ကျွန်တော်ကတော့ TRUST ကိုရှာမှာမို့ အဲဒါပဲ ရိုက်ထည့်ပါမယ်။
ကျလာတဲ့ လင့်တွေထဲကမှ ကျွန်တော်ထိပ်ဆုံးတစ်ခုကို ရွေးလိုက်ပါတယ်။
အဲဒီအခါ ဒီနေရာကို ရောက်သွားပါတယ်။
အဲဒီမှာ သံလိုက်လို သင်္ကေတလေးနဲ့ GET THIS TORRENT ဆိုတာလေး ကို နှိပ်လိုက်ပါ။
ဒီ box လေး တက်လာပါလိမ့်မယ်။
OK ကို နှိပ်လိုက်တာနဲ့  torrent software က သူ့ဘာသာ ဒေါင်းလုဒ် လုပ်နေပါပြီ။
ဒေါင်းလုဒ်ပြီးတဲ့အခါ ဒေါင်းပြီးကြောင်း ကိုယ့်ဆီကို အကြောင်းကြားပါလိမ့်မယ်။
ကျွန်တော်သုံးနေကျ ရုပ်ရှင်ဒေါင်းနည်းလေးပါ။
တစ်ဆက်တည်း ကိုယ်ဒေါင်းတဲ့ ရုပ်ရှင်နဲ့ အဆင်ပြေတဲ့ subtitle ဒေါင်းနည်းကို တစ်ခါတည်း ပြောပြသွားပါမယ်။
(ကိုယ်ဒေါင်းထားတဲ့ ဗီဒီယိုဖိုင်နဲ့ subtitle နဲ့ မကိုက်ညီရင် ရုပ်တခြား၊ စာတန်းတခြားဖြစ်နေတတ်တာမို့ အင်မတန်ဖီးလ်ပျက်ပါတယ်။)
ခုနက ဒေါင်းပြီးသွားတဲ့ ရုပ်ရှင် folder ရှိတဲ့နေရာကို သွားပါ။

ပုံမှာ ပြထားတဲ့အတိုင်း folder name ကို ထောက်ပြီး ကော်ပီလုပ်လိုက်ပါ။
ပြီးတော့ google search box မှာ Trust.2010.DVDRip.XviD-EVO eng subtitle free download လို့ ရိုက်ထည့်လိုက်ပါ။
 ကျလာတဲ့လင့်ခ်တွေထဲက တစ်ခုကို ရွေးပြီး ဒေါင်းလိုက်ရုံပါပဲ။
ကျွန်တော်က တတိယတစ်ခုကို ရွေးလိုက်ပါမယ်။
အောက်ကလင့်ခ်ကို ရောက်သွားပါတယ်။
download subtitles ဆိုတာကိုနှိပ်လိုက်ပါတယ်။
အောက်ပါလင့်ခ်ကို ထပ်ရောက်သွားပါတယ်။
ငါးစက္ကန့်လောက်စောင့်လိုက်ပါ။
click here to download subtitles ဆိုတာ ပေါ်လာမှ နှိပ်လိုက်ပါ။ ပြီးရင်တော့ ဒေါင်းလုဒ်လုပ်လို့ ရပါပြီ။
နောက်ဆုံးမှာတော့ ကျွန်တော်တို့ဒေါင်းထားတဲ့ ဗီဒီယိုဖိုင်နဲ့ ကိုက်ညီမှုရှိတဲ့ subtitle ကို ရပြီဖြစ်ပါတယ်။
ကိုယ့်အသုံးပြုမယ့် player ပေါ်မူတည်ပြီးတော့ subtitle သွင်းပြီး ကြည့်လို့ရပြီဖြစ်ပါတယ်ခင်ဗျာ။
(ကျွန်တော်ဟာ ကွန်ပြူတာနည်းပညာနဲ့ ပတ်သက်လို့ နကန်းတစ်လုံးမှ မသိဘူးလို့ ခံယူထားပါတယ်။ ဆရာ မဟုတ်ပါ။ သူငယ်ချင်းများ အဆင်ပြေစေဖို့ တင်ပြပေးခြင်းသာဖြစ်ပါတယ်။)




1 comment:

  1. http://www.youtube.com/watch?v=RNqGrz1G0wg
    ယူကျုမှ တိုက်ရိုက်ကြည့်နိုင်သော စ/ဆုံး လင့်ခ်လေးပါ
    အဆင်ပြေနိုင်ကြပါစေ

    ReplyDelete