Monday, August 6, 2012
အာလူးပုပ်ပုံပြင်
သူငယ်တန်း ကျောင်းဆရာမတဦးသည် သူ့အတန်းသား တပည့်များနှင့် ကစားနည်းတခု ကစားကြည့်ရန် ဆုံးဖြတ်လိုက်၏။ ဆရာမက ကျောင်းသားတဦးလျှင် အာလူးအနည်းငယ်စီ ပလပ်စတစ်အိတ်ထဲတွင် ထည့်ပြီး အတန်းသို့ယူလာခဲ့ရန် မှာကြားလိုက်သည်။
မိမိယူလာသော အာလူးတလုံးစီးကို မိမိက မုန်းတီးသော လူတယောက်၏အမည်ကို မှည့်ပေးရမည်။ ပလပ်စတစ်အိတ်ထဲတွင် ထည့်၍ ယူဆောင်လာသည့် အာလူးအရေအတွက်သည် ကလေးများက မုန်းတီးသည့် လူအရေအတွက်ပေါ် မူတည်နေ၏။
သို့နှင့် ကစားနည်းကို စတင်မည့်နေ့သို့ရောက်ရှိလာ၏။ ကလေးတိုင်းသည် မိမိမုန်းတီးသည့်လူများကို ကိုယ်စားပြုသည့် အာလူးများကို ယူ၍ ကျောင်းသို့ လာခဲ့ကြ၏။ တချို့က နှစ်လုံး၊ တချို့က သုံးလေးလုံး၊ တချို့ဆိုလျှင် ငါးလုံးထိပင် ယူလာကြသည်။ ဆရာမက ကလေးများကို ပလပ်စတစ်အိတ်ထဲ ထည့်ထားသည့် အာလူးများကို သွားလေရာ သယ်ဆောင်သွားရမည်။ ယုတ်စွအဆုံး အိမ်သာဝင်လျှင်ပင် ယူသွားရမည်ဟု မှာကြားထားသည်။ တပတ်လုံးလုံး ဤအတိုင်း ပြုလုပ်ရမည်ဖြစ်သည်။
တနေ့ပြီးတနေ့ ကုန်ဆုံးသွား၏။ ကလေးများသည် ပလပ်စတစ်အိတ်ထဲမှ မနှစ်မြို့ဖွယ်ရာ အာလူးပုပ်ရနံ့ကို ရှူရှိုက်ရသဖြင့် ညည်းညူမိကြသည်။
အာလူးငါးလုံးကို သယ်ဆောင်ရသူမှာ သူများထက် ပိုလေးသောကြောင့် ပို၍ ညည်းတွားမိသည်။ တပတ်ခန့်ကြာသောအခါ ကစားနည်းပြီးဆုံးသွား၍ ကလေးများ စိတ်လျော့ပါးသွားကြရသေည်။
ဆရာမက "တပတ်လုံးလုံး မင်းတို့ အာလူးတွေကို သယ်ဆောင်ရတာ ဘယ်လိုခံစားမိကြသလဲ" ဟု မေး၏။
ကလေးများက သွားလေရာ အနံ့တထောင်းထောင်းထသည့် အာလူးပုပ်အလေးကြီးကို သယ်ဆောင်ရသည့် ဒုက္ခကို အကြီးအကျယ်ခံစားကြရကြောင်း ပြော၏။
ထိုအခါကျမှ ဆရာမက ကစားနည်း၏ ထိန်မြှုပ်ထားသည့် အနက်အဓိပ္ပါယ်ကို ရှင်းလင်းပြတော့၏။
"ဒါဟာ မင်းတို့နှလုံးသားထဲမှာ သူတပါးကို မုန်းတီးတဲ့ အမုန်းတွေ သယ်ဆောင်ထားနေရတဲ့ အခြေအနေမှန်ကို ပြသခြင်းပဲ။ ဒီအမုန်းဆိုတဲ့ အပုပ်နံ့က မင်းတို့ရဲ့ နှလုံးသားကို ညစ်နွမ်းစေတာပါပဲ။ ဒါကြီးကို မင်းတို့သွားလေရာ သယ်ဆောင်သွားနေရတယ် မဟုတ်လား။ တပတ်အချိန်ကလေးကိုတောင် အာလူးပုပ်ရဲ့ ရနံ့ဆိုးကို မင်းတို့ သည်းမခံနိုင်ခဲ့ရင် တဘ၀လုံးအတွက် မင်းတို့ရဲ့ နှလုံးသားမှာ ထားရှိခဲ့တဲ့ အမုန်းတရားရဲ့ ရနံ့ဆိုးကို မင်းတို့ ဘယ်လိုလုပ်သည်းခံ တွန်းလှန်နိုင်ပါ့မလဲဆိုတာ စဉ်းစား ကြည့်ကြပေါ့ကွယ်"ဟု ဆရာမက ရှင်းပြသွား၏။
ဤပုံပြင်၏ အဓိကပေးလိုသော သင်ခန်းစာမှာ " သင့်နှလုံးသားတွင် ထားရှိသည့် အမုန်းများကို ထုတ်ပယ်လိုက်ပါ။ ဘ၀တလျှောက်လုံး သယ်ဆောင်မသွားပါနဲ့။ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ မေ့ပစ်လိုက်ပါ"ဟူ၍ ဖြစ်သည်။
ငြိမ်းအိမွန်
အကိုး။ ။ အင်တာနက်မှ Potato Story ကို ပြန်ဆိုပါသည်။
(မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် မေလ) 
ဘာသာပြန်မူရင်းလင့်ခ် - ပညာပါရမီပညာရေးကူညီမှုအသင်း
ပုံပြင်အင်္ဂလိပ်ဘာသာလင့်ခ် - the-idea-behind-hated-potatoes
Friday, August 3, 2012
မင်းလှခံတပ်မှ ရဲစွမ်းသတိ္တပြခဲ့သော အစ္စလာမ်ဘာသာဝင် မင်္ဂလာအမြောက်တပ်မှူး ဟာဂျီ ဗိုလ်ဘိုးကာ (၁၈၅၆-၁၉၅၆)
သီပေါမင်းလက်ထက် မင်္ဂလာအမြောက်တပ်မှ တပ်မှူး ဦးဘိုးကာဇာတိမာန် စစ်ဟိန်းသံ
 “ခုတ်လိုက်ပိုင်းခဲ့ ရန်သူပုန်
 သဲစုံအူစုံ  အကုန်စားလို့
 ဂုတ်ကိုဝါးတဲ့ နတ်ကုမ္ဘာန်
 အာဠာဝကန် ဒို့မဟုတ်လား”
မန္တလေးတိုင်း၊ အမရပူရမြို့နယ် (ယခုပြည်ကြီးတံခွန်မြို့နယ်) တောင်မြင့်ကျေးရွာတွင် ၁၈၅၆ ခုနှစ်၌ အဘ ဦးဟန်တာ (မင်းတုန်းမင်း၊ သီပေါမင်းတို့၏ စာတော်ဖတ်၊ လွှတ်တော်ရှေ့နေ၊ သေနတ်စာရေး၊ အမြောက်ဗိုလ်) နှင့် ဒေါ်လှိုင် (တောင်သူ) တို့မှ မွေးဖွားသန့်စင်သည်။
ကျောက်ဆည်(ခရိုင်) စဥ့်ကိုင်မြို့နယ်၊ ဟင်းငူကျေးရွာအုပ်စု၊ ရွှေကာ၊ ရသာ၊ မဲစာ ကျေးရွာ ဇာတိဖြစ်သည်။ ကုန်းဘောင်မင်းဆက်၊ မင်းမှုထမ်းရင်း မင်းနေပြည်တော်ပြောင်းရွှေ့ရာမှ ရွှေဘို၊ ရတနာသိင်္ဃမှ ရွှေ့ပြောင်းလာသည့် မျိုးနွယ်ဆက်များ ဖြစ်သည်။
တိုင်းပြည်တာဝန်ထမ်းဆောင်မှုများ
(က)    ကုန်းဘောင်မင်းဆက်၊ မင်းတုန်းမင်း မှ သီပေါမင်းထိ သွေးသောက်ရဲဘော်အဆင့်မှ
မင်္ဂလာအမြောက်ဗိုလ်အဆင့်ထိ
(ခ)     ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ဆန့်ကျင်ရေး (၁၈၈၆-၁၉၄၈)
(ဂ)     ဖဆပလခေတ် (ပြည်တွင်းသောင်းကျန်းမှု ဆန့်ကျင်ရေး)
ပါဝင်တိုက်ခိုက်ခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေး ကျူးကျော်စစ်တိုက်ပွဲများ
(က)    ဗန်းမော်ကောင်းတုံခံတပ်အရေး
၁၈၈၄ ခုနှစ်၌ ဗန်းမော်မြို့နယ်အား တရုတ်လူမျိုး ငစက်ကျင်နှင့် တရုတ်လူမျိုး ၂၀၀၀ ကျော်တို့ သည် ဗန်းမော်မြို့ကို ၀င်ရောက်တိုက်ခိုက်ပြီး ဘဏ္ဍာပစ္စည်းများသိမ်းယူ၍ ဗန်းမော်မြို့၊ ကျေးစနီ်္ဒတိုက် အတွင်း ၀င်ရောက်ခိုအောင်းခုခံလျက်ရှိကြောင်း ဗန်းမော်ဝန်စစ်ကဲလျှောက်ထားချက်အရ မန္တလေးမြို့ နေပြည်တော်မှ သီပေါမင်းတရားသည် ၁၂၄၆ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၁၀)ရက်နေ့၊ (၁-၈-၁၈၈၄)နေ့ တွင် မဟာမင်းလှသီဟသူ ဦးစီးသည့် လှေတပ်၊ တောင်မရဘင်ဗိုလ်နှင့် အမှုထမ်းတစ်တပ်၊ လင်းစင်းစာရေးနှင့် လင်းစင်အမှုထမ်းတစ်တပ်၊ စက်ဝန်ယွန်း စုဝန်မင်းရဲညွန့်တစ်တပ်၊ ယွန်းအစု အမှုထမ်း(၅၀)၊ စက်ရုံအမှုထမ်း(၅၀)၊ ဗိုလ်ဘိုးကာဦးစီးသည့် အမြောက်အမှုထမ်း (၅၀) နှင့် ကျည်ဝ “၄” လက်မရှိ အမြောက်ငါးလုံးတပ်နှင့် ဘုန်းတော်ပြည့် ဗိုလ်မင်းထင်ရဲလှကျော်ခေါင် ဦးစီးသည့် ရဲမက်လက် နက်ကိုင်သူ (၁၅၀၀)ကို ဗန်းမော်မြို့သို့ စေလွှတ်တော်မူခဲ့သည်။ ဗန်းမော်မြို့သို့ ရောက်လျှင် အထက်ချီ နှင့်ရင်း မြို့ဝန်ရွှေလှံဗိုလ်ကောလင်း မြို့စားတပ်စုနှင့် ပေါင်းစပ်၍ ကျေးစနီ်္ဒတိုက်အတွင်းသို့ အမြောက် သေနတ်ဖြင့် မစဲအောင် ပစ်ခတ်တိုက်ခိုက်ပြီး ရက်ပေါင်း(၃၀)ကြာမှ သိမ်းယူနိုင်ခဲ့သည်။ တရုတ်စက် ကျင်ကို သတ်ဖြတ်ပြီး အရေးတော်ပုံပြီးခဲ့သည်။ (ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး အတွဲ ၃ ၊ စာ၅၀-၅၁ )
(ခ)     မင်းလှခံတပ်ခုခံရေးတိုက်ပွဲ
၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့တွင်စခဲ့သည့် အင်္ဂလိပ်ကို ကိုလိုနီနယ်ချဲ့တို့ ကျူးကျော်  မင်းလှခံတပ်တိုက်ပွဲတွင် မင်္ဂလာအမြောက်တပ် ဗိုလ်ဘိုးကာနှင့် ဆွေမျိုးအုပ်စုဖြစ်ကြသည့် ဗိုလ်ကြယ်၊ ဗိုလ်ဖိုးမှိုင်း၊ ဗိုလ်ကြာရုံ၊ ဗိုလ်ဦးမောင်၊ ဗိုလ်ညိုဦးနှင့် မွတ်စလင်ရဲဘက် (၂၀၀)တို့သည် မင်းလှခံတပ်တွင် ရဲရင့်ခိုင်မြဲသော ဆုံးဖြတ်ချက်ဖြင့် အသက်စွန့်တိုက်ခိုက်ခဲ့သည်။ အင်္ဂလိပ်ရေတပ်အား ဗိုလ်မှူးချုပ် ဖိုဒ့် မှ ဦးဆောင်ပြီး ကက်သလင်းနှင့် ဧရာဝတီတိုက် သဘောင်္များတွင် ၂၀ ပေါင်ဒါ၊ ၉ ပေါင်ဒါအမြောက်များ၊ နော်ဒင်ဖီလ်ဒ်နှင့် ဂတ်ဒနာစက်သေနတ်များ တပ်ဆင်ထားပြီး မင်းလှခံတပ်ဆီသို့ ဦးဆောင်ခုတ်မောင်း ချင်းကပ်လာသည်။ တစ်ဘက်ကုန်းကြောင်းမှလည်း ဗိုလ်မှူးချုပ်နော်မန် ခေါင်းဆောင်သော အင်္ဂလိပ် တပ်မဟာ (၁)သည် ဧရာဝတီအနောက်ဘက်ကမ်း မလွန်မြို့အနီးမှ တောလမ်းအတိုင်း မင်းလှခံတပ်ဆီ သို့ ရှေ့ရှုချီတက်လာကြသည်။ မင်းလှခံတပ်ကို ဦးစီးဦးဆောင်လျက် အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်ရန် တာဝန်ပေးအပ်ခြင်းခံရသူမှာ (လက်ရွေးကြီးလှေသင်းတိုက်၊ မင်းထင်၊ မင်းလှ၊ ရဲခေါင်၊ သူရိန်) ဖြစ်သည်။ မင်းလှခံတပ်တွင်  မြန်မာစစ်သည် အင်အားမှာ (၃၀၀၀)မှ (၆၀၀၀)ခန့် အနည်းဆုံးရှိလိမ့်မည်ဟု အင်္ဂလိပ်တို့ဘက်မှ ခန့်မှန်းသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အင်္ဂလိပ်စစ်သင်္ဘောများအား ဗိုလ်ဘိုးကာမှ စတင်အမြောက်ဖြင့် ပစ်ခတ်ခဲ့သည်။ ရန်သူ့သင်္ဘောများသည် ရှေ့မတိုးနိုင်ဘဲ ကျွံလာသည့် သဘောင်္များသည် ဦးမဲ့မကျန် ထိမှန်သဖြင့် ကမ်းသို့ပြန်ကပ်ကာ အင်္ဂလိပ်နှင့် ကုလားမဲစစ်သား များ ကုန်းပေါ်သို့ တက်ရောက်သွားသည်ကို တွေ့ရသည်ဟု မှတ်တမ်းတွင် တွေ့ရှိရပါသည်။
မင်းလှခံတပ်မှာ ဧရာဝတီမြစ်ကြောင်းမှ ချီတက်လာသော ကုန်းတပ်များသည် အမြောက်များ၊ ဒုံးကျည်များ၊ စက်သေနတ်များဖြင့် ၀ိုင်းဝန်းပစ်ခတ်တိုက်ခိုက်ကြသည်။ ဧရာဝတီစစ်သင်္ဘောများကလည်း အမြောက်ကြီးများ၊ စက်သေနတ်ကြီးများဖြင့် ခံတပ်အား ဖြိုခွဲနေသည်။ ခံတပ်ကြီးမှာ ကမ္ဘာပျက်လုနီးပါး ကျည်ဆန်၊ ဗုံးဆံများ မိုးသီးမိုးပေါက်ပမာကျနေသော်လည်း မြန်မာရဲမက် စစ်သည်တို့သည် မင်းလှခံတပ်အတွင်းမှ အမြောက်ကြီးများ၊ သေနတ်များဖြင့်လည်း ကောင်း၊ ခံတပ်ပတ်ဝန်းကျင်ရှိ မြေကတုတ်များ၊ ကျင်းများမှလည်းကောင်း ရဲရင့်စွာ အသက်စွန့်အသေခံ တိုက်ခိုက်ခဲ့ကြသည်။
မင်းလှခံတပ်အတွင်း ကျွံဝင်လာသော အင်္ဂလိပ်နှင့် ကုလားမဲစစ်သားများအား မြန်မာ မွတ်စလင် ရဲမက်များ အပါအ၀င် မြန်မာရဲမက်စစ်သည်တို့သည် ရရာလက်နက်ဓါး၊ လှံများ ကိုင်ဆွဲကာ သူသေ-ကိုယ်သေ လုံးထွေး ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲခဲ့သည်။ ဗိုလ်ဘိုးကာ သည် အင်္ဂလိပ်စစ်ဗိုလ်တစ် ဦးအား ဓားဖြင့် ပိုင်းဖြတ်ကာ အခြားစစ်ဗိုလ်တစ်ဦး၏ လည်ပင်းကိုလည်း ပိုင်းဖြတ်ခဲ့သည်။ အခြား ကုလားစစ်သည် (၆)ဦးကိုလည်း ဓားဖြင့် ပိုင်းဖြတ်ပြီး ဗိုလ်ဘိုးကာ ကိုယ်တိုင်မှာလည်း ၀မ်းဗိုက်နှင့် ခါးတွင် ကျည်သင့်ခဲ့သည်။ မင်းလှခံတပ်အား နယ်ချဲ့အင်္ဂလိပ်တို့သည် (၁၆-၁၁-၁၈၈၅)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။
အင်္ဂလိပ်နှင့် မြန်မာတို့အဖို့ အခက်အခဲဆုံး၊ အပြင်းအထန်ဆုံး တိုက်ပွဲဝင်ခဲ့ရသည့် စစ်တလင်း တစ်ခု ဖြစ်ခဲ့လေသည်။ မင်းလှခံတပ်မှ မြန်မာတို့က ရဲရဲဝံ့ဝံ့၊ သတိ္တရှိရှိ၊ သဲကြီးမဲကြီး ခုခံတိုက်ခိုက်ခဲ့ပုံကို  အင်္ဂလိပ်စာရေးဆရာ စတီဝပ်က သူ၏ The Pagoda War  စေတီပုထိုးစစ်ပွဲ စာမျက်နှာ (၈၆၊ ၈၇)တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပေသည်။
“ မင်းလှခံတပ်တိုက်ပွဲသည် အင်္ဂလိပ်နှင့်မြန်မာတို့သည် တတိယအကြိမ်ဖြစ်ပွားသည့် စစ်ပွဲတွင်  တိုက်တိုက်ဆိုင်ဆိုင် မဆုတ်တမ်း ရင်ဆိုင်တိုက်ကြသော လှံစွပ်နှင့် ဓားလှံတို့ မျက်နှာချင်းဆိုင် ထိတွေ့ ထိုးနှက်ကြသော တကယ့် တိုက်ပွဲဖြစ်လေသည်။ ထို့ကြောင့်ပင်လျှင် အင်္ဂလိပ်တို့အဆိုအရ မင်းလှခံတပ် အတွင်းပင်လျှင် မြန်မာစစ်သည်တော်အလောင်းပေါင်း(၁၀၀)ကျော် တွေ့ရှိရပြီး မြောက်များစွာ ဒဏ်ရာ နှင့် ဖမ်းမိသည်။ မြန်မာစစ်သည်အချို့တို့သည် အင်္ဂလိပ်တို့အား ခုခံရင်း နောက်ဆုံးတွင် လွတ်မြောက် အောင် ရှောင်တိမ်းဆုတ်ခွာနိုင်ခြင်းမရှိသဖြင့် ဧရာဝတီမြစ်အတွင်းသို့ ခုခံလွတ်မြောက်သွားကြသည်ဟု ဖော်ပြထားလေသည်။ ထိုတိုက်ပွဲတွင် အင်္ဂလိပ်တို့ဘက်ကလည်း ကျဆုံးဒဏ်ရာရသူ မြောက်များစွာရှိ၍ စစ်သားများသာမက အင်္ဂလိပ်နှင့် အိနိ္ဒယစစ်ဖက်အရာရှိ တော်တော်များများလည်း သေဆုံးဒဏ်ရာရခဲ့သည်။”
အထက်အင်္ဂလိပ်စာရေးဆရာ၏ ဖော်ပြချက်နှင့် ဗိုလ်ဘိုးကာ ပြန်လည်ပြောကြားချက်အရ နှိုင်းယှဉ်ပါက အင်္ဂလိပ်စစ်ဗိုလ်များအား ဓားဖြင့် ပိုင်းဖြတ်ခုတ်သတ်မှုနှင့်လည်းကောင်း၊ ကိုယ်တိုင်ဒဏ်ရာဖြင့် ဧရာဝတီမြစ်အတွင်း ခုန်ချဆုတ်ခွာခဲ့ရသည်မှာ မှန်ကန်ကြောင်း သက်သေထူနေခဲ့ပါသည်။ ဗိုလ်ဘိုးကာသည် ဒဏ်ရာဖြင့် ဧရာဝတီမြစ်အတွင်း မျောပါခဲ့ရာမှ ဆင်ဖြူကျွန်းကျေးရွာတွင် သောင်တင်ခဲ့သည်။
ဆင်ဖြူကျွန်းဆရာတော် ဘုန်းကြီးကျောင်းတွင် ခိုလှုံကာ ဆေးကုသမှု ယူခဲ့ရသည်။ ဒဏ်ရာပျောက်ပြီး မန္တလေးနေပြည်တော်သို့ ပြန်လာခဲ့ရာ သီပေါမင်းတရားကြီး ပါတော်မူသွားသည်ကို သိရှိရသဖြင့် လက်နက်ချအဖမ်းမခံဘဲ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်တိုက်ခိုက်နေသည့် မြင်စိုင်းမင်းသား(ခ) မိုးကြိုးမင်းသား (မင်းတုန်းမင်းနှင့် လက်ပန်ဇင်မင်းသမီး ၏သားတော်) ထံ ခိုလှုံသည်။
ဗိုလ်ဘိုးကာ၏ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ အခြေပြုတော်လှန်မှုများ
မြင်စိုင်းမင်းသားသည် သီပေါမင်းပါတော်မူပြီးနောက် မန္တလေးနေပြည်တော်ကို စွန့်ကာ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာတွင် ဗဟိုပြုရုံးစိုက်ပြီး အင်္ဂလိပ်နယ်ချဲ့အား ပျောက်ကြားစနစ်ဖြင့် တော်လှန်ခဲ့သည်။ မြင်စိုင်းမင်းသားသည် မြန်မာပြည် ပြန်လည်လွတ်မြောက်ရေးအတွက် မက္ခရာမင်းသား၏ သားတော် လင်းပင်မင်းသားနှင့် ပူးပေါင်းပြီး ချောင်းခွကျေးရွာမှ ခုခံတိုက်ရိုက်ခဲ့သည်။ ဗိုလ်ဘိုးကာသည် မြင်းစိုင်းမင်းသားထံ ခိုလှုံပြီးနောက် မန္တလေးနေပြည်တော်ရှိ ဆွေမျိုးအုပ်စုဝင်များအား ရှမ်းကုန်းပြင်မြင့်ပေါ်ရှိ ဇီးပင်ကျေးရွာ၊ ပြင်ဦးလွင်ကျေးရွာ၊ ၀က်ဝံကျေးရွာ၊ နောင်ချိုမြို့ နယ်အတွင်းရှိ သုံးဆယ်ကျေးရွာ၊ ကျောက်မဲနယ် နောင်ပိန်ကျေးရွာများသို့ နယ်ချဲ့အင်္ဂလိပ်လက် အောက်မှ ကင်းဝေးရန်နှင့် တော်လှန်ရေးတွင် လိုအပ်ပါက ပါဝင်လှုပ်ရှားနိုင်ရန် ပြောင်းရွှေ့နေထိုင် စေခဲ့သည်။ မြင်စိုင်းမင်းသားနှင့်အတူ သူ့ကျွန်မခံလိုသူ(၂၀၀)ခန့်တွင် ဗိုလ်ဘိုးကာနှင့် မြန်မာ မွတ်စလင်စစ်သည်များ ပါဝင်ခဲ့သည်။
၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလတွင် ဘုံဘေဘားမားကုမ္ပဏီမှ မစ္စတာဂရေးနှင့် မျက်နှာဖြူ(၄)ဦး တို့သည် လက်နက်ကိုင်အစောင့်အရှောက်မျာနှင့်သစ်ထုတ်လုပ်ရေးစခန်းတစ်ခုသို့ လုပ်ငန်းလုပ်ရန် ၀င်အလာ၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့၊ တရုတ်စုအနီးတွင် ဗိုလ်ဘိုးကာနှင့် သူ့ကျွန်မခံတပ်များက ချုံခိုတိုက်ခိုက်သည်။ တိုက်ပွဲတွင် (၄)နာရီ ကြာပြီးနောက် မစ္စတာဂရေးမှအပ အပေါင်းပါအားလုံး အား သုတ်သင်နိုင်ခဲ့သည်။ မစ္စတာ ဂရေးကိုမူ သုံ့ပန်းအဖြစ် ဇီးပင်ကြီးကျေးရွာစခန်းသို့ ဖမ်းဆီးခေါ် ဆောင်ခဲ့ပြီး မြင်စိုင်းမင်းသားထံ အပ်နှံသည်။
မန္တလေးနေပြည်တော်အး သိမ်းပိုက်ခဲ့သည့် အင်္ဂလိပ်များသည် မစ္စတာဂရေးကို ကယ်တင်နိုင် ရေးအတွက် ဟမ်းရှားယားတပ်ရင်းကြီး (Hampshire Regiment) ကို ဇီးပင်ကြီးသို့ ချီတက်စေခဲ့ သည်။ ဗိုလ်ဘိုးကာအပါအ၀င် သူ့ကျွန်မခံတပ်များက ၂၁  မိုင်အောက် တောင်ခြေရှိ ထုံးဘိုကျေးရွာ မှ ဆီးကြိုတိုက်ခိုက်ခဲ့သည်။ ဟမ်းရှားယားတပ်မှ ကက်ပတိန်လွိုင်ဒ် Captain Loid နှင့် တပ်သား (၂)ဦး ငြင်းထန်စွာဒဏ်ရာရစေခဲ့သည်။ သူ့ကျွန်မခံတပ်များသည် လက်နက်ချင်းမယှဉ်သာသဖြင့် အောင်မြင်စွာ နောက်ဆုတ်ခဲ့ရသည်။
၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်တို့သည် ဇီးပင်ကြီးစခန်းကို သိမ်းပိုက်နိုင်ကြသည်။ သို့သော် ဇီးပင်ကြီးစခန်းမကျဆုံးမီကပင် သုံ့ပန်းမစ္စတာ ဂရေးအား သုတ်သင် ပြီးဖြစ်သည်။ ဇီးပင်ကြီးစခန်းကျဆုံးပြီးနောက်  ကျောက်ဆည်နယ်အတွင်းရှိ တစ်ချိန်က မင်းနေပြည် တော်ဖြစ်ခဲ့သည့် မြင်စိုင်းအရပ်တွင် မြင်စိုင်းမင်းသားနှင့် နောက်လိုက်နောက်ပါများ ခိုလှုံပြီး နယ်ချဲ့ တို့အား ပြန်လည်တိုက်ခိုက်ရန် စ်ီစဉ်ခဲ့သည်။
၁၈၈၆ ခုနှစ်၊ မတ်လ၊ ဧပြီလများတွင် သီပေါစော်ဘွားလက်အောက်ခံ ဆမ္မဆယ်မြို့စား ဘော်ကြိုဟိန်း သည် ပြင်ဦးလွင်ရွာသည် သီပေါပိုင်နက်မြေဖြစ်သည်ဆိုကာ ပြင်ဦးလွင်ရွာကို ၀င်ရောက် တိုက်ခိုက်ပြီး တစ်ရွာလုံး မီးရှို့ဖျက်ဆီးခဲ့ကြသည်။
မြင်စိုင်းမင်းသားသည် ဗိုလ်ဘိုးကာနှင့် လင်္ကျာမြောက်ရွာစားတောင်နယ်တို့အား ဦးဆောင်စေပြီး ပြင်ဦးလွင်ရွာကို ပြန်လည်ရရှိရေးအတွက် ဇွတ်အတင်းပြန်လည် တိုက်ခိုက်စေခဲ့သည်။ တိုက်ပွဲမှာ ပြင်းထန်ပြီး အောင်နိုင်မှု ရရှိခဲ့သည်။ နှစ်ဖက်စလုံးမှ လူပေါင်း(၄၀)ကျော် အသက်ဆုံးရှုံးခဲ့သည်။
မြင်စိုင်းမင်းသားဦးဆောင်သည့် မြန်မာသူ့ကျွန်မခံတပ်များတွင် ဗိုလ်ဘိုးကာနှင့် မွတ်စလင်စစ် သည်များသာမက သီပေါမင်း(၂၉-၁၁-၁၈၈၅)အမိန့်ဖြင့် အင်းဝ၊ စစ်ကိုင်းခံတပ်များကို အင်္ဂလိပ်လက်  အပ်လိုက်ရသော်လည်း ခံတပ်ရှိ မြန်မာမွတ်စလင် မင်းမှုထမ်းများသည်လည်း လက်နက်မချဘဲ ပူးပေါင်းလာကြသည်။
ထို့အပြင် ချောင်းဂွမင်းသား၊ မက္ခရာမင်းသား၏ သားတော်များဖြစ်သည့် စောရန်ပိုင်၊ စောရန်နိုင် တို့နှင့်လည်း မြန်မာမွတ်စလင် သူ့ကျွန်မခံများသည် ပူးပေါင်းကြသည်။ ချောင်းဂွစခန်း သည် အင်းဝနယ်မြေအတွင်း တည်ရှိခဲ့သည်။
ချောင်းဂွမင်းသားနှင့် မြင်စိုင်းမင်းသားတို့သည် ပူးပေါင်းပြီး မန္တလေး၊ အမရပူရ၊ အင်းဝ၊ စစ်ကိုင်းမြို့များ အင်္ဂလိပ်လက်မှ ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သည်။
မြင်စိုင်းမင်းသား ရှမ်းပြည်နယ်တောင်ပိုင်းရွာငံဒေသသို့ တိမ်းရှောင်ရင်း၊ ငှက်ဖျားရောဂါဖြင့်  ကွယ်လွန်ရှာသည်။ ထိုအချိန်တွင် အင်္ဂလိပ်နယ်ချဲ့တို့သည် ပြင်ဦးလွင်ကို အထင်သေး၍မဖြစ် ကြာလျှင် သူ့ကျွန်မခံတော်လှန်ရေးသမားများ ပိုမိုအင်အားကြီးပြီး မန္တလေးနေပြည်တော်အတွင်းလည်း စိုးရိမ်စရာဖြစ်လာသည်။
၁၈၈၆ ခုနှစ်၊ ဇွန်လတွင် အင်္ဂလိပ်လူမျိုးလက်ထောက် ပုလိပ်မင်းကြီး မစ္စတာ ကီယာနန်ဒါ Kiernandar ဦးစီးသော စစ်ပုလိပ် (၅၆၁)ဦးအား ကျွဲနဖားတွင် စစ်ဆင်ရေးအတွက် ပြင်ဆင်စေ လွှတ်လိုက်သည်။ ၁၈၈၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ဗိုလ်ဘိုးကာ အပါအ၀င် သူ့ကျွန်မခံများမှ (၃)ရက်တိုင်တိုင် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ဆာဂျော့ဝှိုက် ( Sir George White) ဦးစီးသည့် စစ်ကူများ ရောက်လာသဖြင့် မြန်မာတို့သည် လက်နက်အင်အား၊ လူအင်အားချင်း မယှဉ်နိုင်တော့ဘဲ အောင်မြင်စွာ ဆုတ်ခွာခဲ့ရသည်။
ဗိုလ်မှူးကြီး စတက်မင် Colonel Stedman ဦးစီးသည့် တောင်ပေါ်ဒေသတိုက်ပွဲများတွင် ကျွမ်းကျင်သည့် အမှတ်(၃) ဂေါရခါးသေနတ်ကိုင် တပ်ရင်း 3rd Gurkha Rifles နှင့် ၂၃ မတ်ဒရပ်စ် ခြေလျင်တပ်ရင်းမှ တပ်ခွဲတစ်ခွဲပါဝင်စေပြီး ပြင်ဦးလွင်သိမ်းပိုက်နိုင်ရန် အုန်းနှဲတောင်ကြားအတိုင်း ချီတက်လာသည်။ ဗိုလ်ဘိုးကာနှင့် သူ့ကျွန်မခံများသည် ယခု ၂၁  မိုင်အထက် ပေမင်ကျေးရွာနှင့် ညောင်ဘောကျေးရွာအကြားများတွင် ချုံခိုတိုက်ခိုက်ခဲ့သည်။
ပြင်ဦးလွင်နယ်ချဲ့ဆန့်ကျင်ရေး၊ တော်လှန်ရေးဆင်နွဲနိုင်ရန် ချောင်းခွမင်းသား၊ စင်္ကြာမင်းသားနှင့် အင်အား ၃၀၀ တို့ ရောက်ရှိလာပြီး ပြင်ဦးလွင်ရှိ ဗိုလ်ဘိုးကာတို့အုပ်စုနှင့် ပူးပေါင်းကာ ဆက်လက်တော်လှန်မှု ပြုခဲ့သည်။ အင်္ဂလိပ်တို့သည် ပြင်ဦးလွင်အား ၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလတွင် သိမ်းပိုက်လိုက်သည်။
အင်္ဂလိပ်နယ်ချဲ့တို့သည် စစ်သည်အင်အား၊ အလုံးအရင်းခေတ်မီလက်နက်များ သုံးခဲ့သဖြင့် သူ့ကျွန်မခံများ ရှုံးနိမ့်ပြီး ဗိုလ်ဘိုးကာသည် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပိန်ကျေးရွာတွင် တိမ်းရှောင်နေထိုင်ခဲ့ရသည်။
ကိုလိုနီနယ်ချဲ့အင်္ဂလိပ်ခေတ် (၁၈၉၆-၁၉၄၀)
ဗိုလ်ဘိုးကာသည် ပြင်ဦးလွင်ကျေးရွာနယ်မြေအား နယ်ချဲ့အင်္ဂလိပ်တို့မှ ၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလတွင် သိမ်းယူခဲ့ရာ ရှမ်းပြည်မြောက်ပိုင်း နောင်ပိန်မြို့နယ်အတွင်း ခိုလှုံနေရာမှာ ဒုတ္ထ၀တီ မြစ်ရိုးအတိုင်း ဆင်းလာပြီး ဆွေးမျိုးအုပ်စုများရှိရာ ကျောက်ဆည်၊ စဥ့်ကိုင်မြို့နယ်၊ ဟင်းငူ၊ ဗလန်ဖို၊ ရွှေကာ၊ ရသာ၊ မဲဇာအရပ်၌ ခိုလှုံသည်။ ဇနီးဖြစ်သူ ဒေါ်သန့် သည် ရွှေကာ၊ ရသာ၊ မဲဇာ ဇာတိဖြစ် သည်။ တစ်ဖက်မှာလည်း ပြင်ဦးလွင်၊ ဇီးပင်ကြီးနှင့် နောင်ချို သုံးဆယ်ကျေးရွာများတွင် ကျန်ရစ်သည့် ညီအစ်ကိုများ၊ ဆွေမျိုးများ၊ သွေးသောက်ရဲဘော်များ အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာနေခဲ့သည်။ ပြင်ဦးလွင်မြို့နယ် အခြေအနေတည်ငြိမ်လာသောအခါတွင် ပြင်ဦးလွင်သို့ ပြန်လာသည်။ အင်္ဂလိပ်စစ်ဘက်အစိုးရက ဗိုဘ်ဘိုးကာအား ၎င်းတို့နှင့် ပူးပေါင်းပြီး လက်တွဲဆောင်ရွက်ရန် ရာထူးဖြင့် ကမ်းလှမ်းခဲ့သည်။ ဗိုလ်ဘိုးကာ သည် တစ်ဖက်နားပေါက် သွေးသောက်ရဲဘော်၊ မြန်မာဘုရင် သစ္စာခံတစ်ဦးဖြစ်သည့်အားလျော်စွာ လုံးဝ လက်မခံခဲ့ပေ။ အင်္ဂလိပ်အစိုးရသည် စည်းရုံးမရသောအခါ အင်္ဂလိပ်စစ်တပ်နှင့်ပါလာသောအိနိ္ဒယ မျိုးနွယ်ဝင်များ၊ အင်္ဂလိပ်အစိုးရအား အကြောင်းခံပြီး အင်္ဂလိပ်အလိုတော်ရိကုန်သည်လူတန်းစား များအား ဗိုလ်ဘိုးကာ၊ ဗိုလ်ဟာရှင်မ်နှင့် ဗမာမွတ်စလင်အုပ်စု၏ လှုပ်ရှားမှုအား စောင့်ကြည့်သတင်း ရယူစေခဲ့ရသည်။ အင်္ဂလိပ်အလိုတော်ရိများကလည်း နည်းမျိုးစုံ ဒုက္ခပေးခဲ့ကြသည်။
မေမြို့ပါလီမန်အမတ်ဟောင်း ဦးသန်းညွန့်၏ ဖခင် ဗိုလ်ဘိုးကာတွင် သားသမီး (၃၃)ဦး ရှိခဲ့သည်။ ၎င်းပိုင် စဥ့်ကိုင်မြို့နယ်၊ ဟင်းငူကျေးရွာအုပ်စုတွင်းမှ လယ်များ၊ အမရပူရမြို့နယ်၊ တောင်မြင့်ကျေးရွာတွင်းရှိ လယ်မြေများ၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ပတ်ဝန်း ကျင်ရှိ လယ်မြေများ၊ နွားမွေးမြူရေးလုပ်ငန်းဖြင့် မိသားစုများအား အထောက်အကူပြုခဲ့သည်။ သားသမီးများမှာလည်း အရွယ်ရောက်လျှင် ကိုယ့်ခြေထောက်ပေါ် ကိုယ်လျှောက်ရသည်။
ကိုလိုနီနယ်ချဲ့အင်္ဂလိပ်အစိုးရအား ရွံ့ရှာမုန်းတီးသည့်အားလျော်စွာ မည်သည့်သားသမီးကိုမှ အင်္ဂလိပ်စာသင်ကြားခြင်း၊ ကျောင်းထားခြင်း လုံးဝခွင့်မပြုသည့်နည်းတူ မည်သည့်သားသမီးမျှ အင်္ဂလိပ်လက်အောက်ဝန်ထမ်းအလုပ်၊ ကျွန်အလုပ် မလုပ်ကြရချေ။
ဗိုလ်ဘိုးကာ သည် ၎င်းင်း၏ အရှင်မင်းတရား သီပေါမင်း တစ်နေ့ပြန်လာပြီး မြန်မာ့ထီးနန်းပြန် ရယူလိမ့်မည်ဟု မျှော်လင့်ခံယူထားသည်။ ဂျာမဏီနိုင်ငံမှ စင်္ကြာတံဆိပ်ဖြင့် အနောက်တိုင်းနိုင်ငံများ အား အံတုယှဉ်ပြိုင်လာသောအခါ စင်္ကြာမင်းပြန်လာပြီး ကယ်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မှတ်ချက်။        ။ဆရာ ၀ါးခယ်မ မောင်မင်းနိုင်ရေးသားပြုစုသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် မွတ်စလင်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။ ရာဇ၀င်သုတေသီ ရွှေဘိုဦးဘဦး၏ ရွှေမန်း အနှစ်တစ်ရာပြည့် ဗမာမွတ်စလင်မ်တို့၏ အတ္ထုပ္ပတ္တိ စာအုပ်မှလည်း ကိုးကားဖြည့်စွက်ထားပါသည်။
(ဒီပို့စ်လေး တင်လိုက်တာ ဘာရည်ရွယ်ချက်မှ မပါပါ။ ဘလော့တကာလျှောက်ဖတ်ရင်း ကိုယ်မသိသေးတဲ့ အကြောင်းအရာတစ်ခုမို့ မှတ်တမ်းတင်တဲ့သဘောပါပဲ။ credit to kai zar hein)
Thursday, August 2, 2012
မြန်မာ့စောင်းပညာရဲ့ ဖခင်ကြီး - ရှေ့တော်ပြေး မောင်မောင်သိုက်
မြန်မာ့စောင်းပညာရဲ့ ဖခင်ကြီးဆိုပြီး သတ်မှတ်နိုင်တာကတော့ မင်းတုန်းမင်းလက်ထက်တော်က ရှေ့တော်ပြေး မောင်မောင်သိုက် ဖြစ်ပါတယ်။
သူ့ရှေ့မှာတော့ စောင်းဆရာကြီးဣန္ဒာဒေ၀ဆိုတာ ရှိပါတယ်၊ ဒါပေမယ့် ဣန္ဒာဒေ၀ကြီးတီးတဲ့ စောင်းက ၇ ကြိုးသာ တပ်ထားတဲ့ စောင်းပါ၊ ယနေ့ခေတ် မြန်မာ့စောင်းလို မဟုတ်သေးပါ။
မောင်မောင်သိုက် လက်ထက်မှသာ စောင်းကြိုး၇ကြိုးရှိတာကို ၆ချောင်းတိုးပြီး ၁၃ကြိုးတပ်ခဲ့ကာ ယနေ့ မြန်မာ့စောင်းပညာဟာ အထွတ်အထိပ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ (အခုခေတ်မှာတော့ စောင်းကြိုးဟာ ၁၆ချောင်းရှိတယ်လို့ မှတ်သားရပါတယ်။)
မင်းတုန်းမင်းကြီး လက်ထက်မှာ ဖြစ်ပါတယ်။
မင်းတုန်းမင်းကြီးခေတ်မှာ နိုင်ငံတစ်ဝက် သူများလက်ပါပြီးဖြစ်ပေမယ့် တိုင်းပြည်က အထိုက်အလျောက်အေးချမ်းသာယာတယ်။
ဘုရင်ကြီးကလည်း အေးချမ်းသာယာမှုရှိအောင် အစွမ်းကုန်ကြိုးစားရင်းနဲ့ တစ်ဖက်ကလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုတွေကို အစွမ်းကုန် အားပေးပါတယ်။
အနောက်နိုင်ငံက အသိပညာ၊ အတတ်ပညာတွေကို ပညာရှိလူတော်တွေက ဘာသာပြန်စေပြီး တိုင်းပြည်မှာ သင်ကြားစေတယ်။
လက်နက်များထုတ်လုပ်ပြီး တပ်ဆင်တယ်။
စက်ရုံ၊ အလုပ်ရုံကြီးတွေ ဖွင့်ပြီး အဘက်ဘက်က ခေတ်မီတိုးတက်အောင်လည်း ကြံဆောင်တယ်။
စစ်ရေး၊ ဘဏ္ဍာရေး ဘက်စုံတိုးတက်အောင် ကြံဆောင်သလို သာသနာရေးဘက်ကလည်း ပဉ္စမသင်္ဂါယနာ တင်တာတို့၊ ပိဋကတ်တော်တွေကို ကျောက်ထက်အက္ခရာတင်တာတို့က အစ သာသနာဖွံ့ဖြိုးတိုးတက်ဖို့ အစွမ်းကုန် လုပ်ဆောင်ပါတယ်။
ကနောင်အိမ်ရှေ့ကိုယ်တော်ကြီးတို့၊ ယောမင်းကြီးတို့ စတဲ့ပုဂ္ဂိုလ်တွေက တက်တက်ကြွကြွနဲ့ အဖက်ဖက်က ကြိုးစားနေတော့ တိုင်းသူပြည်သားတွေလည်း အားတက်မှု၊ တက်ကြွမှုတွေ ရှိလာတာပေါ့။
ဒါကြောင့် အမျိုးသားယဉ်ကျေးမှုဘက်ကလည်း နောက်ကျမနေရစ်အောင် တခြားတိုးတက်မှုတွေနဲ့ ရင်ဘောင်တန်းလိုက်နိုင်အောင် သက်ဆိုင်ရာတွေက ကြိုးပမ်းလာကြတယ်။
ဒီလို ကြိုးပမ်းလုပ်ဆောင်မှုတိုင်းကို မင်းတုန်းမင်းကြီးကလည်း အားပေးတော်မူပါတယ်။
မြန်မာနိုင်ငံဟာ အဲဒီအချိန်က လက်နက်လုပ်တယ်၊ ဖန်ချက်တယ်၊ စာပုံနှိပ်စက်နဲ့ စာအုပ်တွေရိုက်တယ်၊ ဒင်္ဂါးသွန်းတယ်၊ မြန်မာလို ကြေးနန်းထွင်တယ် စတဲ့ အကောင်းနဲ့ အပြုတွေချည်း လုံးပန်းနေကြတာ ဖြစ်လေတော့ တေးဂီတဘက်ကလည်း ရှေ့တော်ပြေးမောင်မောင်သိုက် ဦးဆောင်ပြီး စောင်းနဲ့ မြ၀တီမင်းကြီးဦးစရဲ့ ပတ်ပျိုးကြီးတွေကို အကောင်အထည်ဖော်တော့ စောင်းပညာဟာ သိပ်တက်လာပါတယ်။
နန်းတော်ထဲမှာချည်း မောင်မောင်သိုက်ခေါင်းဆောင်တဲ့ မဟာဂီတအဖွဲ့ကြီးမှာ စောင်းသမားချည်းပဲ ၁၇ဦးလောက်ရှိပါတယ်။
မိဖုရားခေါင်ကြီးဘက်ကလည်း မမအုံ၊ မမမှုံ၊ မမဥ၊ တပယ်ခင်သစ်တို့ ဦးဆောင်တဲ့ အမျိုးသမီး မဟာဂီတသမားတွေကလည်း လှိုင်တို့၊ မမြလေးတို့၊ ခင်ဆုံတို့ သီချင်းတွေကို သူတို့ပညာနဲ့ အကောင်အထည်ဖော်ကြ၊ တီးကြတာပါပဲ။
မြ၀တီမင်းကြီးဦးစရေးခဲ့တဲ့ ခံ့ညားလေးနက်လှတဲ့ သီချင်းတွေကို မင်းတုန်းမင်းကြီးလက်ထက်မှာမှ အသေအချာ အကောင်အထည်ဖော် တီးခတ်နိုင်ခဲ့တာပါ။
သီချင်းတစ်ပုဒ်ကို သရုပ်ပါအောင် တီးဖို့ဆိုတာ တီးတဲ့သူရဲ့ အလုပ်ဖြစ်ပါတယ်။
ရေးတဲ့သူက ခံ့ညားအောင် ရေးခဲ့တဲ့သီချင်းကို အတီးသမားက သရုပ်ပေါ်အောင်၊ ကြားရတဲ့လူရဲ့ စိတ်ကို ထိထိခိုက်ခိုက်ဖြစ်လာအောင် လုပ်နိုင်ရပါတယ်။
ရေးသူရဲ့ ရည်ရွယ်ချက်ကို အတီးဆရာက ပေါ်အောင် တီးဖွဲ့ပေးရပါတယ်။
အဆိုသမားကလဲ ပေါ်လွင်အောင် ဖော်ထုတ်သီဆိုနိုင်စွမ်း ရှိရပါတယ်။
ဒီတော့မှ စာရေးဆရာရဲ့ ရည်ရွယ်ချက် အကောင်အထည်ပေါ်တယ်လို့ ပြောနိုင်ပါတယ်။
မောင်မောင်သိုက်က ရတနာပုံခေတ်ရဲ့ အားပေးအားမြှောက်ပြုမှုကြောင့် မြ၀တီမင်းကြီးဦးစ ရေးခဲ့တာတွေကို သဘောပေါက်အောင်၊ သရုပ်ပါအောင်၊ အကောင်အထည်ပေါ်အောင် စာရေးဆရာရဲ့ ရည်ရွယ်ချက်ပေါ်အောင် ကြိုးစားပါတယ်။
ပုဂံမင်းလက်ထက်မှာ ၇ကြိုးတပ်စောင်းကို စောင်းဆရာကြီးဣန္ဒာဒေ၀က တီးပါတယ်။
မင်းတုန်းမင်းလက်ထက်မှာတော့ မောင်မောင်သိုက်ဟာ ရှေ့တော်ပြေးဘွဲ့ကို ပေးအပ်ခံရပြီး စောင်းကို ကြိုးခြောက်ချောင်းထပ်ဖြည့်လို့ ၁၃ကြိုးတပ်စောင်းကို တီးပါတယ်။
ရှေ့တော်ပြေးဆိုတာကတော့ ဘုရင့်ရှေ့တော်မှာ သူပဲ တီးတယ်၊ သူပဲ အသုံးတော်ခံရမယ်လို့ သတ်မှတ်ထားတဲ့ ဘွဲ့ပါ။
ဘုရင့်ရှေ့တော်မှာ လူအများကြီး တီးကြ၊ ဆိုကြ မလုပ်ကြပါဘူး၊ အတီးတစ်ယောက်၊ အဆိုတစ်ယောက်ပါပဲ။
မင်းတုန်းမင်းကြီးလက်ထက်မှာတော့ မောင်မောင်သိုက်က စောင်းတီး၊ ဦးပေက သီချင်းဆိုပြီး မောင်မောင်သိုက်ရဲ့ ယောက်ဖဖြစ်သူ မောင်မောင်ကြီးက မိချောင်းတီးပြီး မဟာဂီတကို ဖော်ထုတ်တင်ဆက်ကြပါတယ်။
မြ၀တီမင်းကြီးဦးစရဲ့ အလေးနက်ဆုံး၊ အခံ့ညားဆုံး ပတ်ပျိုးကြီးလေးပုဒ်ဖြစ်တဲ့ (၁)ဘုံပျံနေနန်း၊ (၂)ကုန်းဘောင်ပရမေ၊ (၃)မှိုင်းပြာမှုန်ဝေ၊ (၄)အထူးထူးငယ်နှင့် တို့ကို အကောင်အထည်ဖော်ပြီး တီးနိုင်ခဲ့ကြပါတယ်။
အီနောင်ဇာတ်ဝင်ပတ်ပျိုးတွေကိုလည်း မောင်မောင်သိုက်ကပဲ အကောင်အထည်ဖော် တီးဖွဲ့နိုင်ခဲ့ပါတယ်။
မောင်မောင်သိုက်အရင်က စောင်းတွေဟာ ၇ကြိုးပဲတပ်တာမို့ မဟာဂီတကို ပေါ်လွင်အောင် မတီးဖွဲ့နိုင်ခဲ့ကြပါဘူး။
မောင်မောင်သိုက်က သူ့ဘာသာ တီထွင်ဆန်းသစ်ပြီး မြန်မာ့စောင်းကို ၁၃ကြိုးတပ်၊ ၄သံပြောင်းတီးနိုင်ခဲ့တာကြောင့် မြန်မာ့မဟာဂီတဟာ ပေါ်ထွန်းထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မဟာဂီတပညာထွန်းကားလာတာမှာ သီချင်းအားဖြင့် အကောင်အထည်ဖော်တဲ့နေရာမှာ မြ၀တီမင်းကြီးဦးစ၊ အဆိုအားဖြင့် ဦးပေ၊ အတီးအားဖြင့် မောင်မောင်သိုက်နဲ့ သူ့ရဲ့ယောက်ဖ မောင်မောင်ကြီးတို့ထက် သာတာ မရှိဘူး၊ သူတို့ကြောင့်သာ ထွန်းကားလာရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
မောင်မောင်သိုက်သာ မရှိခဲ့ရင် မြန်မာနိုင်ငံမှာ မဟာဂီတရယ်လို့ အကောင်အထည်ပေါ်လာမှာ မဟုတ်၊ မြန်မာတို့ဟာ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ကို ဆုံးရှုံးခဲ့ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မောင်မောင်သိုက်ကို မြန်မာ့စောင်းရဲ့ ဖခင်ကြီး၊ မဟာဂီတကို အကောင်အထည်ဖော်ခဲ့သူ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာတစ်ရပ်ကို ထုဆစ်ခဲ့သူတစ်ဦးအဖြစ် မှတ်တမ်းတင်လိုက်ရပါတယ်ခင်ဗျာ။
(ဆရာမကြီးလူထုဒေါ်အမာ၏ မြန်မာ့မဟာဂီတစာအုပ်မှ ထုတ်နှုတ်ရေးသားပါတယ်)
Sunday, July 29, 2012
ကျွန်တော့်ရဲ့ ပထမဆုံး production - အချစ်ဟု ယုံကြည်ခဲ့သည် (၀တ္ထု) (pdf version)
ကျွန်တော် ပထမဆုံး ကြိုးစားရေးထားတဲ့ TRUST အမည်ရ ဇာတ်ကားတစ်ကားကို ဘာသာပြန်ထားတဲ့ ၀တ္ထု(စ/ဆုံး) လေး ဖြစ်ပါတယ်။
ဝတ္ထုက ကောင်းလို့လားဆိုတော့ ဖတ်ဖူးသူတွေက အားမနာတမ်းပြောကြတာတော့ ဖတ်ရတာ ခပ်တောင့်တောင့်ကြီး ဖြစ်နေတယ်တဲ့။
ဒါပေမယ့် မူရင်းဇာတ်ကားရဲ့ ဇာတ်အိမ်လေးကလဲ ကောင်းသလို သူပေးချင်တဲ့ မက်ဆေ့ခ်ျကလည်း ယနေ့ခေတ်လူငယ်များအတွက် သိထား၊ သတိထားသင့်တာမို့၊ ရည်ရွယ်ချက်လေး ကောင်းတာမို့ မြန်မာလို ၀တ္ထုလေးပြန်ရေးရင်း pdf ပြောင်းကာ e-book လေး လုပ်လိုက်တာပါ။
ဝတ္ထုလေးထဲက ဇာတ်လမ်းကတော့ အသက်၁၄နှစ်အရွယ် မိန်းကလေးတစ်ယောက် အင်တာနက်မှ တစ်ဆင့် လိမ်လည်ကာမရယူခြင်းခံခဲ့ရတဲ့ အကြောင်းလေး ဖြစ်ပါတယ်။
ဒီနေ့ခေတ်ဟာ အင်တာနက်မှ တစ်ဆင့် ရာဇ၀တ်မှုကျူးလွန်ဖို့ ကြိုးစားလာနေကြတဲ့ ခေတ်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ဟာ တအားမထွန်းကားသေးပေမယ့်  အင်တာနက်ရာဇ၀တ်မှုတွေကိုတော့ စတင် ကြုံတွေ့နေကြရပြီဖြစ်ပါတယ်။
ဘာပဲပြောပြော အင်တာနက်ဆိုတာ သတိထားပြီး အသုံးပြုရမယ့် အရာပါပဲ။
ဘာရယ်၊ ညာရယ်တော့ မဟုတ်၊ ပထမဆုံး ကြိုးစားမှုလေးမို့ MediaFire ကနေ တဆင့် မျှဝေဖို့ ကြိုးစားကြည့်တာပါ။
အကယ်၍ မိတ်ဆွေအနေနဲ့ ဒီစာလေး ဖတ်မိရင် အားနားပါးနာနဲ့ ကျွန်တော့်စာအုပ်လေးကို download လုပ်သွားပါဦးလို့ တောင်းဆိုပါရစေ။
download လုပ်ရန် link
http://www.mediafire.com/?3ip9965vv8jkkpw
( ကျွန်တော်က mediafire ကို ခုမှ စ သုံးတာဆိုတော့ သိပ် နားမလည်ဘူး၊ free account ဖြစ်နေတော့လည်း တင်ထားတဲ့ upload file က ဘယ်နှစ်ရက်ထိ ရမယ်မှန်း မသိသေးဘူး၊ အဆင်ပြေပြေ မျှဝေနိုင်လို့ရမယ့် site လေးများ သိရင် ကျွန်တော့်ကို ပြောပေးခဲ့ကြပါဦးခင်ဗျာ။)
Monday, July 23, 2012
အိမ်ပြန်လာမယ် - ဦးဂျွန်ကြီး (အမေရိကန်နိုင်ငံသား)
သီချင်းလေးနာမည်က အိမ်ပြန်လာမယ် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား ဦးဂျွန်ကြီး ကိုယ်တိုင်ရေးဖွဲ့သီဆိုထားတဲ့ ကိုယ်ပိုင်သံစဉ် တေးသီချင်းဖြစ်ပါတယ်။
ဦးဂျွန်ကြီးဟာ အမေရိကန်နိုင်ငံသား၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်အတန်ကြာ နေခဲ့ပါတယ်။
သူ အမေရိကန်ပြန်သွားပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံကို လွမ်းဆွတ်သတိရပြီး ပြန်လာချင်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံကို ပြန်ရောက်ပြီးမှ ရေးဖွဲ့သီဆိုထားတာ ဖြစ်ပါတယ်။
သီချင်းစာသားလေးတွေက တော်တော် အဓိပ္ပါယ်ရှိပါတယ်။
ကျွန်တော် တော်တော် ကြိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဝေးတစ်နေရာ ရောက်နေသူတိုင်း ခံစားနှစ်သက်နိုင်မယ်လို့ ယူဆပါတယ်ခင်ဗျာ။
Friday, July 20, 2012
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၅) (ဇာတ်သိမ်း)
(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)
အန်နီနိုးလာတော့ မိုးစင်စင်လင်းနေချေပြီ။
အန်နီသည် စောင်ခြုံထဲမှ မထသေးဘဲ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စဉ်းစားနေမိ၏။
အတိတ်၏ အရိပ်ဆိုးကြီးအကြောင်းပင် ဖြစ်သည်။
ပြန်တွေးမိတော့ ရင်ထဲ တဆစ်ဆစ် နာကျင်လာသည်။
ဘာကြောင့်လဲ။
အန်နီ ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလို့ ကံကြမ္မာက ယခုလို ရက်ရက်စက်စက် အပြစ်ပေးခဲ့တာလဲ။
ဖြစ်ခဲ့သမျှ အရာအားလုံး အိပ်မက်ဆိုးတစ်ခုသာဖြစ်ခဲ့လျှင် ကောင်းလေစွ။
မှန်သည်။ ဟုတ်သည်။
ဖြစ်ခဲ့သမျှသည် အန်နီ့အတွက် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်စေရမည်။
အိပ်မက်မှ နိုးထလာသော လူတစ်ယောက်အတွက် အိပ်မက်သည် ဆိုးသည်၊ ကောင်းသည်ဖြစ်စေ သူ၏ဘ၀ကို မည်သို့မျှ အကျိုးမသက်ရောက်စေသကဲ့သို့ အန်နီပြုမူရမည်။
အိပ်မက်မှ နိုးထလာသည်နှင့် တပြိုင်နက် အိပ်မက်နှင့် သက်ဆိုင်သော အရာအားလုံး လွင့်ပြယ်သွားသကဲ့သို့ ဤအဖြစ်အပျက်အားလုံး အန်နီ့ဘ၀ထဲမှ လွင့်ပြယ်ပျောက်ပျက်သွားစေရမည်။
အတိတ်ကို အိပ်မက်လို ထားခဲ့ပြီး အန်နီ ရှေ့ဆက်ရမည်။
ချာလီကဲ့သို့သော ယောက်ျားတစ်ယောက်အတွက်၊ ယခုလိုမျိုး အဖြစ်အပျက်တစ်ခုအတွက်လောက်နှင့် အန်နီ့ဘ၀တွင် အတားအဆီးမဖြစ်စေရ၊ အတားအဆီးအဖြစ်မခံနိုင်။
ဤအဖြစ်ဆိုးကို ဘာမှမဟုတ်သလို မေ့ဖျောက်ပစ်နိုင်ရမည်။
အန်နီ့ဘ၀ကို ယခင်လို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေဖို့ အန်နီ ဆုံးဖြတ်ချက် ချလိုက်သည်။
ယခင်လိုပင် ကျောင်းတက်နေမည်၊ စာကျက်နေမည်၊ အားကစားလုပ်နေမည်၊ ဘောလီဘောပုတ်နေမည်၊ မိသားစုနှင့် နွေးနွေးထွေးထွေးပြန်နေမည်။
ဘ၀သည် သူ့အလိုလို အဆင်ပြေသွားပါလိမ့်မည်။
အန်နီစဉ်းစားနေစဉ် တစ်ဖက်ရှိ ကေတီလေးအခန်းထဲမှ ကေတီလေးကို အန်နီ့မေမေလင်းက အ၀တ်အစားလဲပေးနေသော အသံများ ကြားနေရသည်။
မကြာခင် မနက်စာစားရန် အန်နီ့ကို အန်နီ့မေမေလင်းက လာနှိုးတော့မည်။
အန်နီ ကုတင်ထက်မှ ၀ုန်းကနဲ ထလိုက်သည်။
ရေချိုးမည်။ မနက်စာ စားမည်။ ပြီးလျှင် ကျောင်းသွားမည်။
အန်နီတို့မိသားစုတွင် အလုပ်တက်ချိန်၊ ကျောင်းတက်ချိန်တို့ တူညီကြသည်မဟုတ်ရာ မနက်စာစားချိန်လဲ မတူညီကြပေ။
ကေတီလေးကို မနက်စာစားရန် လင်းက ထမင်းစားခန်းထဲ ခေါ်လာသောအခါ မနက်စာစားနှင့်နေသော အန်နီ့ကို တွေ့လိုက်ရသဖြင့် လင်း အံ့သြသွားသည်။
လင်းက အန်နီ့ကို မရဲတရဲမေးလိုက်သည်။
" ဟုတ်.."
အန်နီက လင်းကို ပြန်မကြည့်ဘဲ မနက်စာ စားနေရင်းက ဖြေလိုက်သည်။
လင်းက ကေတီလေးအတွက် မနက်စာပြင်ပေးနေရင်းက အန်နီ့ကို ဂရုစိုက်ကြည့်နေမိသည်။
အန်နီ ပုံမှန်ပြန်ဖြစ်သွားတာမှ ဟုတ်ရဲ့လား။
မြန်ဆန်လွန်းလှပါလား..။
" အန်နီ ဒီနေ့ ကျောင်းတက်မယ်နော် မေမေ.."
လင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။
" တကယ်.. တကယ်ပြောတာလားသမီး.."
လင်းက တအံ့တသြမေးသည်။
" အင်းလေ.. ဒီနေ့ ကျောင်းဖွင့်ရက်ပဲ ဥစ္စာ..."
လင်းမှာ အံ့သြသလို ကြည်နူးဝမ်းသာသလို ခံစားလိုက်ရသည်။
" ကျောင်းတက်ရတာ ပျော်ဖို့ကောင်းတယ်.. ကျောင်းပြေးရင် ဆရာမက ဆူမှာပေါ့..."
ကေတီလေးက ဘာမှ မသိဘဲ ၀င်ပြောသည်။
" ဒါပေါ့ ကေတီရဲ့.."
အန်နီက ကေတီ့ကို ပြုံးပြီး ပြန်ပြောသည်။
အန်နီ့မျက်နှာပေါ်မှ အပြုံးကို တွေ့လိုက်ရသောအခါ လင်း၏ ရင်ထဲတွင် အတိုင်းမသိ ပီတိဖြစ်လိုက်မိလေသည်။
ထိုနေ့မှစ၍ အန်နီသည် မိမိကိုယ်ကို ပုံမှန်ပြန်ဖြစ်ရန် ကြိုးစားတော့သည်။
ကျောင်း ပုံမှန်သွားသည်။
ကျောင်းသင်ခန်းစာများကို အာရုံစိုက်သည်။
အားကစားချိန်တွင် အားကစားမှန်မှန်လုပ်သည်။
လေ့ကျင့်ချိန် အားထည့်လေ့ကျင့်သည်။
သူငယ်ချင်းများကိုတော့ ရှောင်နေမိနေတုန်းဖြစ်သည်။
ယခင်လို ဟက်ဟက်ပက်ပက် ရယ်မောစကားပြောကြဖို့ထိ အန်နီအားမတင်းနိုင်သေး။
ဘရစ်တနီ့ကိုလည်း ပြန်ခေါ်ချင်သည်။
ဘရစ်တနီက အန်နီပြောထားသော စကားကြောင့်လားတော့ မသိ။
အန်နီ့ကို ရှောင်နေသည်။
သို့သော် သိပ်မကြာလိုက်ပါ။ အန်နီ့မေမေလင်းက ဖုန်းနှင့်ဘရစ်တနီကို ချိတ်ပြီး ရှင်းပြလိုက်တော့ ဘရစ်တနီက စကားစ ပြောလာသည်။
စကားတွေ အများကြီးမပြောဖြစ်သေးသော်လည်း ယခင်လို စိမ်းစိမ်းကားကားကြီး မဟုတ်တော့သည်ကိုပဲ အန်နီ ၀မ်းသာမိပါသည်။
အိမ်တွင် ပုံမှန်ြပန်ဖြစ်စေရန် ကြိုးစားသည်။
မိဘများက သူမကို ဂရုစိုက်ကြည့်နေသလိုခံစားရသော်လည်း အန်နီက ပုံမှန်ဖြစ်နေပြီဖြစ်ကြောင်း ပြသရန် ကြိုးစားပါသည်။
အန်နီ့ဖေဖေ၀ီလ်နှင့် စကားပြောရသည်တော့ အစပိုင်းတွင် အနည်းငယ် ခပ်အမ်းအမ်း ဖြစ်နေသေးသည်။
စကားတစ်ခွန်းပြောလိုက်၊ စကားစ ပြတ်သွားလိုက်၊ နောက်တစ်ခွန်းရှာပြောလိုက်နှင့် စကားသံသရာ လည်နေကြသည်။
ဘာပဲပြောပြော အိမ်တွင်းအခြေအနေသည် ပုံမှန်အနေအထားသို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီဖြစ်ရာ မိဘများမှာ ပီတိဖြစ်နေကြပါသည်။
အထက်တန်းကျောင်းများ ဘောလီဘောပွဲရာသီက စတင်တော့မည်ဖြစ်သဖြင့် အန်နီတို့ ကျောင်းလက်ရွေးစင်တစ်သင်းလုံး ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြရခြင်းကလည်း အန်နီ၏ စိတ်ဒဏ်ရာကို အတိုင်းအတာတစ်ခုအထိ သက်သာစေသည်။
အန်နီက ပွဲထွက်ခြောက်ယောက်စာရင်းထဲ မပါသော်လည်း ကိုယ့်ကိုကိုယ် ကျေနပ်မိပါသည်။
သို့သော် ပထမဆုံးပွဲစဉ်မစခင်မှာပင် ပွဲထွက်လက်ရွေးစင်ဖြစ်သော စီနီယာကျောင်းသူ ဗစ်ကီ ရုတ်တရက် ဖျားလေသည်။
သို့ဖြစ်ရာ လက်ရွေးစင်အသင်းနည်းပြဆရာက အန်နီ့ကို ပွဲထွက်စာရင်းထဲထည့်ဖို့ ဆုံးဖြတ်လိုက်သည်။
စစချင်း အန်နီက ငြင်းဆန်ရန် စဉ်းစားမိသော်လည်း ဆရာ၏ စည်းရုံးမှုကြောင့်ရော၊ ကစားဖြစ်ပါက ပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်လာမည်ဟု အန်နီယူဆမိခြင်းကြောင့်ပါ ပထမဆုံးပွဲစဉ်တွင် ပထမဆုံး ပွဲအတွေ့အကြုံကို ရယူရန် အန်နီ ဆုံးဖြတ်လိုက်လေသည်။
" ပြင်းပြင်းရိုက်.. ပြင်းပြင်းရိုက်.."
" ကာပါဟ..."
" ထောင့်ကို.. ထောင့်ကို.."
" တစ်ချက်ပဲဟေ့..."
အားကစားရုံကြီးထဲတွင် အားပေးသံများက ဟိန်းညံလျှက် ရှိသည်။
" မမဟေ့.. မမဟေ့.."
ထိုအထဲတွင် ကေတီလေး၏ အသံက အကျယ်လောင်ဆုံးဖြစ်သည်။
အန်နီ၏ ပထမဆုံးပွဲစဉ်သို့ တစ်မိသားစုလုံး လာရောက်အားပေးကြသည်။
ကောလိပ်တက်နေသော ပီတာမှအပ ၀ီလ်၊ လင်းနှင့် ကေတီလေးတို့ လာအားပေးကြသည်။
အန်နီနှင့် အချစ်ဆုံးသူငယ်ချင်း ပြန်ဖြစ်သွားပြီဖြစ်သော ဘရစ်တနီလည်း လာရောက် အားပေးသည်။
အန်နီကတော့ အရာအားလုံးကို မေ့ဖျောက်ကာ ကစားပွဲ၌ နှစ်မြုပ်လိုက်လေသည်။
အမှတ်အနေအထားအရလည်း တစ်ဖက်အသင်းကို ဦးဆောင်ထားနိုင်သည်မို့ အန်နီတို့ အသင်းသားအားလုံး ပျော်ရွှင်နေကြသည်။
အန်နီ၏ ရိုက်ချက်တို့က အားအလွန်ပါလှသည်မဟုတ်သော်လည်း နေရာလွတ်ကို ရှာကာ ထိုနေရာသို့ ရိုက်ချတတ်သည်မို့ အားသာချက်တစ်ခု ဖြစ်နေသည်။
ပျော်ရွှင်စွာအားပေးနေသော ၀ီ်လ်သည် မျက်နှာချင်းဆိုင် ပွဲကြည့်စင်ပေါ်မှ လူတစ်ယောက်ကို သတိထားမိလိုက်သည်။
ဒီဂျစ်တယ်ကင်မရာငယ်လေးတစ်လုံးကိုင်ကာ မှတ်တမ်းတင်နေသော လူတစ်ယောက်ဖြစ်သည်။
မျက်နှာက ပြုံးနေပြီး သူ့မျက်လုံးများကို မရိုးသားဟု ၀ီလ်ယူဆလိုက်သည်။
ရွှေရောင်ဆံပင်၊ သပ်ရပ်စွာ ပင့်တင်ထားသည့် အလယ်ခွဲ၊ အရပ်မြင့်မြင့်၊ ဗလတောင့်တောင့်...။
ဝီလ့်မျက်လုံးထဲ အမှောင်ထဲမှ ရော့ဘ်မာ့စ်ကုမ်း၏ ပုံပန်းသဏ္ဍာန်က ဗြုန်းကနဲ ပေါ်လာသည်။
ဟင်.. မုဒိမ်းကောင်.. သည် မုဒိမ်းကောင်..။
သည်ကျောင်းထဲ ဘာလာလုပ်သလဲ။
ဖြူစင်နုနယ်သော မိန်းကလေးများ၏ ဘောလီဘောပွဲကို မှတ်တမ်းတင်နေသည်။
သည်လိုကောင်မျိုး သည်နေရာ ရောက်လာစရာအကြောင်းမရှိ။
သားကောင်လာရှာတာပဲ ဖြစ်ရမည်။
ဝီလ်က ဗြုန်းကနဲ ထိုင်နေရာမှ ထကာ ထိုလူဆီ ဦးတည်သွားလိုက်သည်။
ယှဉ်ပြိုင်နေသော ဘောလီဘောကွင်းထဲ တည့်ဖြတ်လျှောက်သွားသည်။
ပွဲက ရပ်သွားပြီး လူအားလုံး၏ အာရုံက ၀ီလ့်ထံ ရောက်သွားသည်။
ဝီလ့်မျက်လုံးထဲ ဘာမျှ မမြင်တော့။
ထိုလူ့ကို ထိုးရိုက်ချင်စိတ်များသာ ရှိတော့သည်။
ထိုလူ ချာလီဟုတ်သည်၊ မဟုတ်သည် အဓိကမဟုတ်။
သည်လိုနေရာမှာ သည်လိုကောင်မျိုး ရှိကို မရှိသင့်။
နောက်ထပ်ဖြူစင်သော ကလေးငယ်များ သားကောင်ထပ်မဖြစ်စေရ။
သည်လိုမိုက်ရိုင်းသော ကောင်မျိုးကို အသေသတ်ရမည်။
" ဟေ့.. ရော့ဘ်မာ့စ်ကုမ်း.."
ဝီလ်က ပွဲကြည့်စင်ဒုတိယတန်းတွင် ထိုင်နေသော ထိုလူ့ကို ခေါ်လိုက်သည်။
ရွှေရောင်ဆံပင်နှင့်လူက ကြောင်တောင်တောင်ပြန်ကြည့်သည်။
" တော်တော်ပျော်နေတယ် ဟုတ်လား.."
" ဗျာ.."
" မင်းက ဒီကလေးတွေကို မကောင်းကြံဦးမလို့လား..."
" ဘာဖြစ်တယ်..."
ကြောင်တောင်တောင်လုပ်နေသဖြင့် ၀ီလ် စိတ်မထိန်းနိုင်တော့ဘဲ ထိုလူကို ပွဲကြည့်စင်မှ ဆွဲချလိုက်သည်။
ကြမ်းပြင်ပေါ်လဲကျသွားသောအခါ ၀ီလ်က ထိုလူ့ကို ဖိထိုးလေတော့သည်။
ရွှေရောင်ဆံပင်နှင့်လူလည်း ဘာမှ ပြန်မလုပ်နိုင်ဘဲ အတင်းကာနေသည်။
ပွဲကစားနေသော ကျောင်းသူလေးများရော၊ ပွဲကြည့်ပရိသတ်ရော ရုတ်တရက်မို့ ငြိမ်ကျသွားသည်။
ထို့နောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဝီလ် လေးငါးချက်ခန့် ထိုးပြီးသောအခါမှ ဘေးလူများက ၀င်ဆွဲကြသည်။
နှစ်ဘက်ကျောင်းအသင်းများမှ နည်းပြဆရာနှစ်ဦး ပြေးလာကြသည်။
" ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ..."
တစ်ဖက်ကျောင်းမှ နည်းပြဆရာက ပြေးလာပြီး ရွှေရောင်ဆံပင်နှင့်လူကို ဆွဲထူလိုက်သည်။
" တိုင်လာ.. ဘာဖြစ်တာလဲ..."
လင်းလဲ ၀ီလ့်အနား အပြေးရောက်လာသည်။
ထိုစဉ် တစ်ဖက်အသင်းမှ အားကစားဝတ်စုံနှင့် ကောင်မလေးတစ်ယောက် ရွှေရောင်ဆံပင်နှင့် တိုင်လာဆိုသောသူနား ပြေးပြီး ရောက်လာပြန်သည်။
" ဖေဖေ.. ဖေဖေ.. ဘာဖြစ်တာလဲ..."
" ရတယ် သမီး... ဘာမှ မဖြစ်ပါဘူး.."
" ကျွန်တော် ရဲကို ခေါ်လိုက်မယ်.."
တစ်ဖက်နည်းပြဆရာက ပြောသည်။
" ဟာ... မလုပ်နဲ့.. မလုပ်နဲ့.. မလိုပါဘူး.. အထင်လွဲမှုတစ်ခုပါဗျာ..."
ရွှေရောင်ဆံပင်နှင့် တိုင်လာဆိုသောသူက ပျာပျာသလဲ တားသည်။
" ဖေဖေ.. တော်တော်ထိသွားလား..."
" အာ... မများပါဘူးသမီးရယ်... စိတ်ပူသွားတာလား.. ဆောရီး.. ဆောရီး.. အထင်လွဲပြီး ဖြစ်တာပါ..."
" ခင်ဗျား ဖြစ်ရဲ့လား..."
" လုံးဝ သေချာတာပေါ့... ဘာမှ မဖြစ်ပါဘူး... အထင်လွဲတာပါ.. ဒါပါပဲ..."
ဘေးမှ လူများ ချုပ်ထားသည့်ကြားမှ ၀ီလ်တစ်ယောက် ဖြစ်စဉ်ကို ကြောင်ပြီး ငေးကြည့်နေမိသည်။
ယခုမှ ၀ီလ် အသိ ပြန်ဝင်လာသည်။
ရွှေရောင်ဆံပင်နှင့် တိုင်လာဆိုသောသူကို ရော့ဘ်မာ့စ်ကုမ်းထင်ပြီး ၀ီလ် ကိုယ်ထိလက်ရောက် ထိုးကြိတ်နေမိခဲ့တာပါလား...။
" ဖေဖေ ဘယ်လိုလုပ်လိုက်တာလဲ..."
အန်နီက ဒေါသဖြင့် ပြောသည်။
အန်နီ ရှက်လွန်းသဖြင့် ပွဲဆက်မဆော့တော့ဘဲ မိဘများကိုခေါ်ကာ အိမ်ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
သားအဖနှစ်ယောက် ပြဿနာတက်နေပြီမို့ လင်းက ကေတီလေးကို အပေါ်ထပ်သို့ ဆွဲခေါ်သွားသည်။
ဧည့်ခန်းထဲ၌ အန်နီနှင့် ၀ီလ်သာ ကျန်ခဲ့သည်။
" ဖေဖေ.. ဖေဖေ တောင်းပန်ပါတယ် သမီးရယ်.."
ဝီလ်က တရားခံတစ်ယောက်လို အန်နီ့ရှေ့တွင် မလုံမလဲရပ်နေရင်း တောင်းပန်သည်။
" ခုမှ တောင်းပန်နေတယ်.. ရှက်ဖို့ ကောင်းလိုက်တာ ဖေဖေရယ်... သမီးမှာတော့ ပုံမှန်ဘ၀လေး ပြန်ဖြစ်ဖို့ ကြိုးစားနေရတာ..."
" ဖေဖေ.. ဖေဖေ အသိစိတ်လွတ်သွားလို့ပါ... ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး.. ဖေဖေ တောင်းပန်ပါတယ် သမီးရယ်..."
" ဖေဖေ မသိဘူးလား... သမီးဘ၀ ပျက်စီးသွားတာ.."
" မဟုတ်.. မဟုတ်ပါဘူးသမီးရယ်.. ဖေဖေတို့ ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်နေကြရတာ မှန်ပါတယ်.. ဒါပေမယ့် သမီးဘ၀ မပျက်စီးသေးပါဘူး..."
" ဖေဖေတို့ ခက်ခဲတဲ့အချိန်တွေ ဖြတ်သန်းနေတာမဟုတ်ဘူး... ဖေဖေတို့ မုဒိမ်းကျင့်ခံခဲ့ရတာလဲ မဟုတ်ဘူး... အန်နီ.. အန်နီပါ.."
အန်နီက ပေါက်ကွဲစွာဖြင့် အော်ဟစ်လေသည်။
" အဲဒါ အန်နီ ... ဖေဖေ မဟုတ်ဘူး..."
" ဖေဖေ သိပါတယ်... ဒါပေမယ့်..."
" ဟုတ်တယ်.. အန်နီသိတယ်.. အရာရာတိုင်း အရင်အတိုင်း ပြန်မဖြစ်နိုင်တော့ပါဘူး..."
အန်နီ့ပါးပြင်ပေါ် မျက်ရည်များ ကျဆင်းလာသည်။
" ဒါပေမယ့် ဖေဖေရယ်... အချိန်တိုင်း အဲဒါကြီးကို ပြန်အမှတ်ရနေအောင် မလုပ်ပါနဲ့တော့... အန်နီ တောင်းပန်ပါတယ်..."
အန်နီသည် ငိုကြွေးရင်းနှင့် သူမအခန်းရှိရာ အပေါ်ထပ်သို့ ပြေးတက်သွားလေသည်။
ဝီလ်လည်း ယူကျုံးမရဖြစ်ကာ မိမိကိုယ်ကို မိမိ အပြစ်တင်နေမိတော့၏။
နောက်နေ့ ဘောလီဘောအသင်းသားများကိုရော၊ နည်းပြဆရာကိုရော၊ လာရောက်အားပေးသည့် သူငယ်ချင်းများကိုပါ ရင်မဆိုင်ချင်သေးသော်လည်း အန်နီ ကျောင်းသို့ ထွက်လာခဲ့သည်။
ကျောင်းထဲ ရောက်ရောက်ချင်း ကြိုတင်ရောက်နေဟန်ရှိသော ဘရစ်တနီက အန်နီ့ထံ ပြေးလာသည်။
" အန်နီ... ငါ... ငါ တကယ်စိတ်မကောင်းပါဘူးဟာ..."
" ဘာအတွက်လဲ... အဲဒါ နင့်အပြစ်မှ မဟုတ်တာ... ငါ့အဖေ ဆိုက်ကို ၀င်နေလို့ ဖြစ်တာပဲ..."
အန်နီက ပြန်ပြောလိုက်တော့ ဘရစ်တနီက နားမလည်သလို ပြန်ကြည့်သည်။
" ဟာ... မဟုတ်ပါဘူး.. ငါ အဲဒီကိစ္စကို ပြောနေတာ မဟုတ်ရိုးအမှန်ပါ..."
" ဟမ်.. ဒါဖြင့် နင်က ဘာအကြောင်းပြောတာလဲ..."
" ဟို.. ဟိုလေ.. အင်တာနက်ပေါ်မှာ..."
အန်နီ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။
အင်တာနက်ပေါ်မှာ... အင်တာနက်ပေါ်မှာ ဘာတွေ ရောက်နေပြီလဲ..။
ဘုရား.. ဘုရား..။
အန်နီသည် ဘရစ်တနီ့စကားကို ဆုံးအောင် နားမထောင်တော့ဘဲ စာကြည့်တိုက်ရှိရာသို့ ပြေးထွက်ခဲ့တော့၏။
" အန်နီ.. အန်နီ..."
ဘရစ်တနီအော်ခေါ်သော်လည်း လုံးဝ မကြားတော့ပေ။
အင်တာနက်ပေါ်မှာ.. အင်တာနက်ပေါ်မှာ..။
ဘုရား.. ဘုရား.. မဟုတ်ပါစေနှင့်..။
စာကြည့်တိုက်ထဲရှိ e-library သို့ ပြေးသည်။
စာကြည့်တိုက်ထဲတွင် ကျောင်းသူ၊ကျောင်းသားအချို့ ရောက်နေကြပြီ ဖြစ်သည်။
လွတ်နေသော ကွန်ပြူတာတစ်လုံးရှေ့တွင်ထိုင်ကာ ကီးဘုတ်တွင် အလောတကြီး ရိုက်လိုက်သည်။
အန်နီကင်မရွန်း.....
internet search engine တစ်ခုမှ ကျလာသော အရာကို အန်နီမြင်လိုက်ရသောအခါ အန်နီ ကြက်သေသေသွားမိတော့သည်။
ညစ်ညမ်းဇာတ်ကားများကို တင်လေ့ရှိသည့်ဆိုက်တချို့တွင် အန်နီနှင့် ချာလီတို့၏ ဗီဒီယိုဖိုင်က ရောက်နေလေပြီ။
နည်းပညာဖြင့် ပြုပြင်ထားသဖြင့် ချာလီ၏မျက်နှာကို လုံးဝ မမြင်ရသော်လည်း အန်နီ့မျက်နှာကား ရှင်းရှင်းလင်းလင်း တွေ့နေရလေသည်။
ဆက်သွယ်ရန်ဟုဆိုကာ အန်နီ့နာမည်၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ပါ အတိအကျ ရေးထားလေသည်။
သွားပြီ.. သွားပြီ.. ငါ့ဘ၀..။
အန်နီသည် ကွန်ပြူတာကိုပင် မပိတ်မိတော့ဘဲ စာကြည့်တိုက်ထဲမှ ချက်ချင်း ထွက်ပြေးခဲ့မိလေသည်။
ဝီလ် ရုံးမသွားခင် နံနက်စာစားရန် ပြင်ဆင်နေသည်။
ဝီလ်၏ ရုံးတက်ချိန်က နောက်ကျသဖြင့် အိမ်တွင် နောက်ဆုံးမှ ထွက်သည်။
ဝီလ် အိပ်ရာထပြီဆိုလျှင် တစ်အိမ်လုံး မည်သူမျှ မရှိကြတော့ပေ။
ဝီလ် နံနက်စာ စားရန် ငှက်ပျောသီးဖျော်ရည် ဖျော်နေစဉ် အိမ်ထဲမှ ခြေသံအချို့ ကြားလိုက်သည်။
" လင်းလား.."
ဝီလ်က မီးဖိုချောင်မှ ခေါင်းပြူကြည့်လိုက်တော့ မည်သူမျှ ရှိမနေပါ။
ထို့နောက် ၀ီလ် နံနက်စာစားရန် ကြက်ဥ ကြော်နေလိုက်သည်။
ကြက်ဥကြော် မကျက်ခင်မှာပင် ၀ီလ့်ထံသို့ ဖုန်းဝင်လာသည်။
ဝီလ်က ဟမ်းဖုန်းကို ကောက်ကိုင်လိုက်သည်။
" ဟယ်လို.."
" ၀ီလ်.. ရှင်ဘယ်မှာလဲ.. ဘယ်ရောက်နေတာလဲ.."
လင်းထံမှ ဖြစ်သည်။ လင်းအသံတို့က စိုးရိမ်ထိတ်လန့်နေသလိုရှိသည်။
" ကိုယ် အိမ်မှာလေကွာ.. ရုံးမသွားရသေးဘူး.. လင်းရော.."
" အခု လမ်းမှာ.. အန်နီ.. အန်နီ အဲဒီမှာရှိလား..."
" ဟင်.. ကိုယ်.. ကိုယ် မသိဘူး.. ဘာ.. ဘာဖြစ်လို့လဲ.."
ဝီလ်လည်း စိုးရိမ်ထိတ်လန့်သွားသည်။
" ဘရစ်တနီ ခုနက ဖုန်းဆက်တယ်... တစ်ခုခု.. တစ်ခုခုတော့ ဖြစ်နေပြီရှင်.. အန်နီ အဲဒီမှာရှိလား.."
" ဘယ်လို... အန်နီ.."
ဖုန်းကို ကိုင်ထားရင်း ၀ီလ်က အန်နီကြားနိုင်စေရန် အော်ခေါ်လိုက်သည်။
မည်သည့်တုန့်ပြန်မှုမှ မရှိ။
" ဘာ.. ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့လဲ.."
" မသိဘူး.. သွား.. သွားကြည့်ကြည့်ပါဦး.. မြန်မြန်.. မြန်မြန်.."
" အန်နီ.. အန်နီ.."
ဝီလ်က ဖုန်းကို စားပွဲပေါ် ပစ်ချလိုက်ပြီး အိမ်ပေါ်ထပ်သို့ သမီးနာမည် အော်ခေါ်ရင်း ပြေးတက်သွားသည်။
" အန်နီ.. သမီး ရှိလား.."
ဝီလ် အိမ်ပေါ်ထပ်ရောက်တော့ အန်နီ့အခန်းက ပွင့်နေပြီး အခန်းထဲတွင် မည်သူမျှ မရှိ။
ရေချိုးခန်းပိတ်ထားသည်ကို မြင်လိုက်ရရာ ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
မရ.. အတွင်းမှ ဂျက် ချထားသည်။
" အန်နီ.. သမီး အထဲမှာလား.."
ဖြေသံ မကြားရ။
" အန်နီ.. တံခါးဖွင့်စမ်း.."
တုန့်ပြန်မှုမရှိ။
ဝီလ် မစောင့်နိုင်တော့ဘဲ တံခါးကို ပွင့်သွားစေရန် ခြေထောက်နှင့် အားကုန် ဆောင့်ကန်၏။
ငါးချက်ခန့် ရှိသောအခါမှ တံခါးက ဂျက်ပြုတ်ပြီး ပွင့်သွားသည်။
ရေချိုးကန်ထဲ၌ အန်နီလဲနေသည်။
" ဘုရားရေ.."
ရေချိုးကန်ဘေးတွင် ဖရိုဖရဲ လဲပြိုနေသော အိပ်ဆေးဗူးကို တွေ့လိုက်ရသည်။
ဝီလ်က အန်နီ့ကို စိုးရိမ်စွာ ပွေ့ထူလိုက်သည်။
" အန်နီ.. သမီး.. သမီး.."
" အန်နီ.. အန်နီ.. အသက် မ ရှင် ချင် တော့ လို့ ပါ..."
အန်နီက မပီမသ တစ်လုံးချင်း ပြောသည်။
သူမ၏ မျက်စိများ မပွင့်တော့..။
" ၀ီလ်..."
အိမ်အောက်ထပ်မှ လင်းအသံကြားလိုက်သည်။
" ဆေးရုံကား အမြန်ခေါ်.."
ဝီလ်က အော်ပြောလိုက်ပြီး အန်နီ့ကို လက်တစ်ဖက်မှ ပွေ့ထားကာ လက်တစ်ဖက်ဖြင့် ပါးစပ်ထဲ ထိုးနှိုက်လိုက်သည်။
" သမီးလေး.. ပါးစပ်ဖွင့်ပါ သမီးလေးရယ်.."
လင်းက ဆေးရုံကားကို ဖုန်းခေါ်နေရင်း အခန်းထဲ အပြေးရောက်လာသည်။
ဝီလ်က အန်နီ့ပါးစပ်ထဲ နှိုက်ကာ အာခေါင်ရောက်သည်အထိ လက်ချောင်းဖြင့် ထိုးလိုက်သည်။
ထိုအခါ အန်နီ့ပါးစပ်ထဲမှ ၀ါဝါအရည်ပျစ်ပျစ်များ ဝေါကနဲ အန်ထွက်လာသည်။
" အန်ပါသမီးရယ်.. အကုန်အန်ထုတ်လိုက်ပါ သမီးလေးရယ်.."
အန်နီ အန်ထုတ်နေသည်။
အချိန်မီမည်ဟု မျှော်လင့်ရပါသည်။
ပြည်သူ့ဆေးရုံ အရေးပေါ်လူနာများဧည့်ခန်းအတွင်း၌ ၀ီလ်နှင့်လင်းတို့ စိုးရိမ်ပူပန်စွာ ထိုင်နေကြသည်။
အန်နီ့အား အချိန်မီတွေ့ရှိခဲ့ခြင်း၊ အိပ်ဆေးများကို အန်ထုတ်စေခဲ့ခြင်၊ ဆေးရုံကား အမြန်ရောက်လာပြီး ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် အန်နီ့အသက်ကို မီခဲ့ပါသည်။
အန်နီသည် အိပ်ဆေးဒဏ်ကြောင့် မေ့မျောလျက်ရှိနေပြီး စိတ်ချရစေရန် ဆေးရုံတွင် ဆက်လက်ထားကာ ကုသပေးပြီးမှ သတိပြန်လည်လာပြီး အသက်အတွက် စိတ်ချရမှသာ အိမ်သို့ ပြန်ခေါ်ခွင့်ပြုမည်ဆိုသဖြင့် ၀ီလ်နှင့်လင်းတို့ ထိုင်စောင့်နေကြခြင်းဖြစ်သည်။
ညရှစ်နာရီခန့်တွင် အန်နီသတိပြန်ရလာပြီး အသက်အတွက် စိတ်ချရပြီဖြစ်သဖြင့် ဆေးရုံမှ ၀ီလ်တို့အား ပြန်လည်ခေါ်ဆောင်ခွင့် ပြုလိုက်လေသည်။
ဝီလ်တို့ အန်နီ့ကို အိမ်သို့ ပြန်ခေါ်လာသောအခါ အိမ်တွင် ဘရစ်တနီ၊ အန်တီနီကိုးနှင့် ကေတီလေးတို့ ရှိနေကြသည်။
အန်တီနီကိုးက အကျိုးအကြောင်းမေးပြီးနောက် ကေတီလေးကို သူမအိမ်သို့ ခေါ်သွားလေသည်။
အိမ်ပြန်ရောက်ပြီး ခဏအကြာတွင် အန်နီ ပြန်အိပ်ပျော်သွားသည်။
လင်းနှင့် ဘရစ်တနီတို့ကို စောင့်ကြည့်နေစေပြီး ၀ီလ် အောက်ထပ်ဆင်းလာခဲ့ကာ ဧည့်ခန်းထဲ၌ ထိုင်နေ၏။
ည ဆယ့်တစ်နာရီခန့်တွင် လင်း အောက်ထပ်ပြန်ဆင်းလာသည်။
" သမီးလေး အိပ်နေတုန်းပဲမဟုတ်လား လင်း.."
လင်းက စကားပင် ပြန်မပြောနိုင်ဘဲ ခေါင်းသာ ညိတ်ပြသည်။
ထို့နောက် ရေခဲသေတ္တာထဲမှ ၀ီစကီပုလင်းကို ထုတ်ယူကာ ဖန်ခွက်တစ်ခွက်ထဲ ငှဲ့လိုက်သည်။
" ဘရစ်တနီက အန်နီ့ကို စောင့်အိပ်ပေးလိမ့်မယ်.."
လင်းသည် စကားတစ်ခွန်းပြောပြီး ၀ီစကီခွက်ကို ယူကာ အိပ်ခန်းထဲ ၀င်သွားလေသည်။
အန်နီ အိပ်ရာမှ နိုးလာတော့ နံနက်လေးနာရီကျော်ခန့် ရှိမည်ထင်သည်။
အပြင်ဘက်တွင် လင်းစပျိုးနေပြီဖြစ်၏။
သူမနံဘေးတွင် အိပ်ပျော်လျက်ရှိသော ဘရစ်တနီ့ကို တွေ့လိုက်ရသဖြင့် အိပ်ရာထဲမှ ဖြည်းညင်းစွာ ထွက်ခဲ့သည်။
ဦးခေါင်းမှာ အနည်းငယ်မူးဝေနေသေးသလို ရှိသော်လည်း ပြန်မအိပ်ချင်တော့သဖြင့် အိမ်အောက်ထပ်ဆင်းခဲ့သည်။
တစ်အိမ်လုံး တိတ်ဆိတ်နေပြီး မီးများလည်း ပိတ်ထားသည်။
အန်နီ အိမ်ရှေ့ကို လှမ်းကြည့်လိုက်သောအခါ အိမ်ရှေ့ခြံဝင်းထဲ၌ ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် စောင်တစ်ထည်နှင့် ထိုင်နေသော ၀ီလ့်ကို တွေ့လိုက်ရလေသည်။
အန်နီက သူမဖေဖေ၀ီလ့်ထံ သွားလိုက်ကာ ဘေးတွင် ရှိသော ခုံလေးတစ်လုံးပေါ် ထိုင်လိုက်သည်။
" ဖေဖေ.. အဆင်ပြေရဲ့လားဟင်.."
ဝီလ်က အန်နီ့ကို မော့ကြည့်သည်။
" ရေကူးကန်ထဲမှာ သမီး ပထမဆုံးရောက်ဖူးတဲ့အချိန်ကို မှတ်မိလား.."
ဝီလ်က မေးသည်။
" ရှင်.."
" အင်း.. သမီး ဘယ်မှတ်မိမလဲ.. သမီးအသက်က အဲဒီတုန်းက ၂နှစ်ပဲ ရှိသေးတာလေ.."
ဝီလ်က ဆက်ပြောနေသည်။
" သမီးကိုကြီးပီတာ ရေကူးကန်ထဲ ပထမဆုံး စဆင်းတော့ သူတအားကြောက်ခဲ့တာ.. တအားလဲ အော်တယ်.. ငိုလဲငိုတယ်.. လုံးဝကို အငိုမရပ်တော့ဘူး... သူက ရေချိုးဇလုံထဲ အဆင်ပြေပေမယ့်.. ရေကူးကန်ထဲမှာ မရဘူး.."
ဝီလ်က အန်နီ့ကို ကြည့်လိုက်သည်။
" သမီးက အဲဒီလို မဟုတ်ဘူး.. သမီးက လုံးဝ အကြောက်အလန့် မရှိဘူး..."
" ဟုတ်.. အန်နီ မှတ်မိပြီ..."
" သမီးက တကယ့်ကို အံ့သြဖို့ကောင်းတယ်... ရေကူးကန်ထဲမှာ ပျော်နေတာ.. ရယ်လိုက်.. ရေဆော့လိုက်နဲ့ပေါ့..."
ဝီလ်က ဂုဏ်ယူဟန်ဖြင့် ပြောသည်။
" သမီးက အဲဒီတုန်းကတည်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတယ်.. နောက်ပြီး သမီးက ယုံကြည်တယ်.. တခြားအရာတွေကို.. တခြားလူတွေကို.. ကမ္ဘာကြီးကိုရောပေါ့.. အဲဒါ သမီးရဲ့ ပုံစံပဲလေ.. အကြောက်တရားလုံးလုံးမရှိတာ..."
ဝီလ်က ပြောနေရင်း ခေတ္တရပ်သွားသည်။
" ဖေဖေ အဲဒါကို တအားသဘောကျတယ်.. တအားဂုဏ်ယူတယ်.. သိလား အားလဲ အားကျတယ်.."
အန်နီက သူ့ဖေဖေကို စိုက်ကြည့်နေသည်။
" နောက်ပြီး ဖေဖေစိုးရိမ်ခဲ့တယ်.. သမီးကြီးလာရင် အဲဒီအရာတွေကို ဆုံးရှုံးသွားမှာကိုလေ.. ဒါပေမယ့် သမီး မဆုံးရှုံးခဲ့ပါဘူး.."
ဝီလ်က ပြောနေရင်းက အသံများ တုန်ယင်လာသည်။
" ဖေဖေပဲ ဆုံးရှုံးခဲ့တာပါ.. ဖေဖေက သမီး အဲဒီအရာတွေ မဆုံးရှုံးဖို့ လုပ်ရင်း ကိုယ့်ရဲ့ ယုံကြည်မှုရော သမီးရဲ့ ယုံကြည်မှုကိုပါ ပျက်စီးသွားအောင် လုပ်သလို ဖြစ်နေခဲ့တာ.. သမီးကို စောင့်ရှောက်ပေးရမယ့် အစားလေ.. ကိုယ့်သမီးကိုမှ မစောင့်ရှောက်နိုင်တဲ့ အဖေဟာ ဘယ်လိုအဖေမျိုး ဖြစ်မှာလဲ..."
ဝီလ့်ပါးပြင်ပေါ် မျက်ရည်များ ကျဆင်းလာလေပြီ။
" သမီး အဲဒီ ယုံကြည်မှုတွေ ဆုံးရှုံးနေတာကို ဖေဖေ ကြည့်နေခဲ့ရတယ်.. သမီး ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ၊ မေးခွန်းထုတ်နေတာတွေကို ဖေဖေ ကြည့်နေခဲ့ရတယ်.. နောက်ဆုံး သမီးလေး ကိုယ့်ကိုကိုယ် အန္တရာယ်ပေးဖို့ ကြံစည်တာတောင်မှ ခွင့်ပြုခဲ့ရတယ်.."
ဝီလ် ပြောနေရင်းက ငိုကြွေးနေမိလေသည်။
" ဖေဖေ.."
" ဖေဖေ့ကို သမီး ခွင့်လွှတ်ချင်မှ ခွင့်လွှတ်ပါ သမီးရယ်.. ဖေဖေ တောင်းပန်ပါတယ်.. တကယ့်ကို တောင်းပန်ပါတယ်ကွယ်... သမီးကို ဖေဖေ.. ဖေဖေ အရမ်းချစ်ပါတယ်ကွယ်..."
" ဖေဖေ.. ဖေဖေရယ်.."
အန်နီလည်း မျက်ရည်များကို မထိန်းနိုင်တော့ဘဲ ကျဆင်းလာပြီး သူမဖေဖေကို ပွေ့ဖက်လိုက်သည်။
သားအဖနှစ်ယောက်သည် မျက်ရည်များကြားမှ တစ်ဦးနှင့်တစ်ဦး တင်းကြပ်စွာ ပွေ့ဖက်ထားမိကြလေသည်။
အန်နီ့အနေဖြင့်ကား မည်သည့်အခါမျှ ပြောင်းလဲသွားမည်မဟုတ်သော မိဘနှင့် သားသမီးကြားမှ အချစ်စစ်၊ အချစ်မှန်ကို ထာဝရအတွက် ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။
တစ်ချိန်က သူမ အချစ်ဟု ယုံကြည်ခဲ့သောအရာသည်ကား အတုအယောင်ပင် ဖြစ်လေသည်။
(ထိုသို့ဖြင့် အန်နီတို့ မိသားစုလေးသည် ယခင်ကကဲ့သို့ ပျော်ရွှင်ဖွယ်ရာ မိသားစုဘ၀လေးကို ပြန်လည်ထူထောင်ခဲ့ကြပြီးနောက် လအနည်းငယ်အကြာတွင် FBIအေးဂျင့်များသည် အန်နီ့အမှုအပါအ၀င်ဖြစ်သော အမှုလေးမှုတို့၏ မုဒိမ်းကောင် ချာလီ (ခေါ်) ဂျွန်ဒိုး (ခေါ်) (အမည်အရင်း) ၀က်စတင်ဆိုသူအား အင်ဒီယားနားပိုလစ်စ်တွင် ဖမ်းဆီးရမိခဲ့သည်။ ထိုသူသည် ဇနီးတစ်ဦးနှင့် သားတစ်ဦးလည်းရှိပြီး အင်ဒီယားနားပိုလစ်စ်မြို့ အထက်တန်းကျောင်းတစ်ကျောင်းတွင် ရူပဗေဒဘာသာရပ် သင်ကြားပေးနေသော ကျောင်းဆရာတစ်ဦးလည်း ဖြစ်လေသည်။ သားသမီးချင်း ကိုယ်ချင်းမစာနာစွာ ပြစ်မှုများ ကျူးလွန်ခဲ့သော ၀က်စတင်သည် ပတ်ဝန်းကျင်၌လည်း မိသားစုပါ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့်အပြင် တရားဥပဒေ၏ အဆုံးအမကိုလည်း ခံယူရတော့မည် ဖြစ်ပေသည်။)
(ပြီးပါပြီ)
Thursday, July 19, 2012
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၄)
ယနေ့ကျရောက်သော အာဇာနည်နေ့တွင် (၁၉၄၇ခုနှစ်၊ ဇူလိုင်လ၊ ၁၉ရက်နေ့တွင်) ကျဆုံးသွားခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ အလေးပြုအပ်ပါသည်။
(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)
ဟောလိုဝင်းပိတ်ရက်မို့ ကောလိပ်မှ ၀ီလ်၏သားကြီးပီတာ ယနေ့ညနေရထားဖြင့် ပြန်လာမည်ဖြစ်သည်။
ထို့ကြောင့် ၀ီလ်တစ်ယောက် ဘူတာရုံသို့ ရောက်နေခြင်းဖြစ်၏။
ပီတာက အပျော်ကျူးတတ်သော ကလေးတစ်ယောက်မဟုတ်၍ အိမ်သို့ သတိတရ ပြန်လာခြင်းဖြစ်သည်။
ဟောလိုဝင်းလို ပိတ်ရက်တိုတိုလေးကို ပီတာက မိသားစုနှင့်သာ ကုန်ဆုံးချင်ပုံရသည်။
ကောလိပ်သွားတက်သည့် သားဖြစ်သူ ပြန်လာမည်ဖြစ်သဖြင့် ၀ီလ်ပျော်ရွှင်ဝမ်းသာမိသော်လည်း သူ့ရင်ထဲ၌ ပို၍ ကြီးမားသော အပူတို့က ကြီးစိုးထားသည်ဖြစ်ရာ ၀ီလ့်ခမြာ အပြည့်အ၀ မပျော်နိုင်ပေ။
သူ၏ အတွေးထဲ၌ ကြီးစိုးထားသော အတွေးများကိုလည်း ၀ီလ် ဖျောက်ပစ်ရန် မစွမ်းနိုင်ချေ။
" ဖေဖေရေ... ဖေဖေ... သား ဒီမှာဗျို့..."
ရထားဆိုက်သွားသည်ကိုပင် သတိမပြုမိလိုက်သော ၀ီလ်သည် ပီတာ့အသံကြားမှပင် အိပ်မက်မှနိုးလာသည့်အလား ဘေးဘီကြည့်မိသည်။
ခရီးဆောင်သေတ္တာကိုဆွဲကာ သူ့ထံ လာနေသော သားကိုတွေ့မှ ပြုံးလိုက်ပြီး လက်လှမ်းပြလိုက်ကာ သူ့သားထံ သွားလိုက်သည်။
ရက်သတ္တခြောက်ပတ်မျှ ခွဲခွာခဲ့ရသော သားအဖနှစ်ယောက် ခေတ္တမျှ ကြာသည်အထိ ပွေ့ဖက်နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် ၀ီလ်၏ ကားရှိရာသို့ ပြန်လာခဲ့ကြသည်။
" ဖေဖေ့ကြည့်ရတာ တော်တော်အိုသွားသလိုပဲ..."
အပူများကြောင့် ၀ီလ် အိုစာသွားခြင်း ဖြစ်နိုင်ပါသည်။
" ခြောက်ပတ်ပဲ ရှိပါသေးတယ် ငါ့ကောင်ရာ..."
" အင်း... ဟုတ်တယ်လေ... အိုင်းစတိုင်းရဲ့ ရီလေတီဗတီသီအိုရီထဲကလိုပေါ့... ကျွန်တော့်အတွက် ခြောက်ပတ်.. ဖေဖေ့အတွက် ငါးနှစ်လောက်ပေါ့.. ဟဲဟဲ"
ပီတာက နောက်သည်။
" ငါ့သားက စာတော်တော် တတ်နေပြီပဲ..."
ကားနားသို့ ရောက်သောအခါ ၀ီလ်က ကားနောက်ဖုံးကို ဖွင့်လိုက်ပြီး ပီတာ၏ ခရီးဆောင်သေတ္တာကို မ တင်ရန် ပြင်လိုက်သည်။
ပီတာက တားသည်။
" ဟာ.. မလုပ်နဲ့ဖေဖေ.. အလေးကြီးရယ်... ခါးတွေဘာတွေ နာနေပါဦးမယ်.. သားဘာသာသား တင်လိုက်ပါ့မယ်..."
ပီတာက ပြောပြီး သူ့ခရီးဆောင်သေတ္တာကို သူ့ဘာသာ မ တင်လိုက်သည်။
" ညက နှုတ်ဆက်ပွဲလုပ်တာ ဘယ်လိုလဲဟေ့..."
" ဟားဟား... ဟုတ်ပါပြီဗျာ..."
ဝီလ်ကလည်း ကောလိပ်ကျောင်းသားဘ၀တွေ ဖြတ်သန်းခဲ့ဖူးသူမို့ သိနေပါသည်။
" သောက်တယ်... မူးတယ်... အန်တယ်ပေါ့ဗျ.. ဟဲဟဲ.."
" အင်း... ဟုတ်လှချည်လား..."
" မျက်နှာမှာ ခုထိပေါ်တုန်းမဟုတ်လား... ဟားဟား..."
" ကောင်မလေးတွေနဲ့ ပါတီပေးပြီး ပျော်ခဲ့တယ်ပေါ့..."
" အာ.. မဟုတ်ပါဘူး.. ဖေဖေပြောခဲ့တဲ့ ဆုံးမစကားအတိုင်းပေါ့ဗျာ.."
ပီတာ့စကားကို ကြားလိုက်ရသောအခါ ၀ီလ့်မျက်နှာ ချက်ချင်း ညှိုးကျသွားသည်။
ပီတာ ကောလိပ်မသွားခင် မှာကြားခဲ့သော မိမိ၏ ဆုံးမစကားများကို မိမိဘာသာ ပြန်လည်ကြားယောင်လာသည်။
ကောလိပ်ကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ဖူး၍ နားလည်ကြောင်း ပီတာ့ကို ၀ီလ်ပြောဖြစ်ခဲ့သည်။
သို့သော် မှာကြားလိုသည်က မိမိတွင် ညီမလေးများရှိကြောင်း မမေ့ဖို့၊ ကိုယ်ချင်းစာဖို့၊ လုပ်ရဲလျှင် တာဝန်ယူရဲဖို့နှင့် ယောက်ျားပီသသော ယောက်ျားတစ်ယောက်ဖြစ်စေဖို့ စသည်တို့ကို ပြောဖြစ်ခဲ့သည်။
ယခုတော့.. ယခုတော့..
မိမိသမီးလေးအန်နီသည် နှမသားချင်း မစာနာသော၊ ယောက်ျားမပီသသော ယောက်ျားတစ်ဦးနှင့်  တွေ့ကြုံခဲ့ရပြီးလေပြီ။
ဝီလ်က စဉ်းစားရင်း ၀မ်းနည်းမှုတို့ကြောင့် မျက်ရည်များ စို့တက်လာ၏။
" ဖေဖေ... ဖေဖေ ဘာဖြစ်နေတာလဲ.. ပြောပါ... သားကို ပြောပြပါ..."
သူ့အဖေ၏ မျက်နှာအရိပ်အကဲကို ကြည့်နေသော ပီတာက ၀ီလ့်ကို အတင်းမေးသည်။
မိသားစု၏အတွင်းကိစ္စကို သည်သားကိုမှ ရင်မဖွင့်ရလျှင် မည်သူ့ကို ၀ီလ် ရင်ဖွင့်ရပါမည်နည်း...။
ထိုနေ့ညတွင် ပီတာပြန်ရောက်လာသော အထိမ်းအမှတ်အနေဖြင့်ပါ သူတို့အိမ်၌ ဟောလိုးဝင်းပါတီပွဲ အသေးစားလေး ကျင်းပကြသည်။
ဟောလိုးဝင်းပါတီလေးဖြစ်သည့်အားလျော်စွာ ရွှေဖရုံသီးသရဲပုံများ၊ စက္ကူဖြူအရိုးခြောက်များ၊ စက္ကူအပိုင်းအစများဖြင့် အိမ်ကို ရှုပ်ပွနေအောင် ပြင်ဆင်လိုက်ကြသည်။
ဖိုးဖိုးနှင့်ဖွားဖွားရယ်၊ အန်တီနီကိုးတို့ရယ်လဲ အိမ်မှ စားစရာများ လုပ်လာပြီး ယူလာကြသည်။
ဖိုးဖိုးက ပန်းပွင့်နတ်ကလေးလို ၀တ်ဆင်ထားပြီး ဖွားဖွားက အလယ်ခေတ်စုန်းမကြီးလို ဦးထုပ်မည်းကြီးနှင့် ဖြစ်သည်။
အန်တီနီကိုးက ပန်ဒါဝက်ဝံနားရွက်များ တပ်လာသည်။
လင်းက ဒုတိယကမ္ဘာစစ် လေယာဉ်မှုးတစ်ယောက်လို ၀တ်ဆင်ထားပြီး ၀ီလ်က မှော်ဆရာကြီးလို ၀တ်ရုံနက်ကြီးနှင့် ဖြစ်သည်။
စကားဝိုင်းတွင် လူကြီးများ ပြင်ဆင်ပြီး၍ ထိုင်ပြီးကြသည်အထိ ကလေးများ ရောက်မလာကြသေးပေ။
အန်နီရောက်လာတော့ တီရှပ်အနီ၊ ရိုးရိုးဘောင်းဘီနှင့်သာဖြစ်ပြီး ဘာမှ ထူးထူးခြားခြား ၀တ်မလာပေ။
" ကလေးတွေ မလာကြသေးဘူးလား..."
ဖွားဖွားက ကြာနေသော ပီတာနှင့် ကေတီလေးတို့ မောင်နှမကို လှမ်းအော်သည်။
" ကလေးတွေ လာကြဟေ့.. စားစရာတွေအေးကုန်မယ်..."
လင်းက ထပ်ဆင့်အော်ပြန်သည်။
စားပွဲဝိုင်း၌ လူစုံနေကြပြီဖြစ်သည်။
" လာပြီဗျို့.."
ပီတာတို့မောင်နှမနှစ်ယောက် ရောက်လာသောအခါ ပီတာက သမ္မတအိုဘားမားမျက်နှာဖုံးကြီးစွပ်ထားပြီး ကေတီလေးက ပင်ဂွင်းဝတ်စုံလေးနှင့်ဖြစ်သည်။
" အားဟား..."
" မိုက်တယ်ဟေ့.."
တစ်မိသားစုလုံးက ပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးပြီး သြဘာပေးကြသည်။
မောင်နှမနှစ်ယောက်က စားပွဲဝိုင်းတွင် ၀င်ထိုင်လိုက်ကြသည်။
ကေတီလေးက အဖေနှင့်အမေကြားထဲတွင် ၀င်ထိုင်ပြီး ပီတာက အမေနှင့် အန်နီကြားတွင် ၀င်ထိုင်လိုက်သည်။
" မင်းမျက်နှာဖုံးကြီးက ကြောက်ဖို့ ကောင်းလှချည်လားပီတာရ.."
ဝီလ်က စားစရာများ ပန်းကန်ထဲထည့်ရင်း ပြောလိုက်သည်။
" ဒါဖိုးဖိုးကို လက်ဆောင်ပေးဖို့ ၀ယ်လာတာ.."
ပီတာက မျက်နှာဖုံးကို ချွတ်ရင်း သူ့အဖိုးကို နောက်ပြောင်လိုက်သည်။
" တော်စမ်းပါကွာ... အဲဒီကောင်က ဆိုရှယ်လစ်ကွ.."
ဖိုးဖိုးက သူ့ကိုယ်သူ ဒီမိုကရက်တစ်ဟု ဂုဏ်ယူသူဖြစ်သည်။
" အန်နီကရော ဘာမှ မ၀တ်ဘူးလား.."
အန်နီ့နားတွင် ထိုင်နေသော အန်တီနီကိုးက မေးသည်။
" ဒါပဲလေ.."
အန်နီက တီရှပ်အနီကို ကိုင်ပြရင်း ပြောသည်။
" မမက ပင်ဂွင်းလို ၀တ်ပါဆို မ၀တ်ဘူး... ပင်ဂွင်းနဲ့ဆို မမက လိုက်မှာ..."
ကေတီလေးက သူ့မမကို မကျေမနပ်ဟန်လေးဖြင့် ပြောသည်။
" မ၀တ်ရင် မမကို မလာခိုင်းဘူးလား..."
" မဟုတ်ပါဘူး... လာလို့ ရပါတယ်..."
ကေတီလေးက ပြန်ဖြေသည်။
" ဆောရီးနော်အန်နီ.. ကိုကြီး မေးလ်များများ မပို့ဖြစ်ခဲ့ဘူး... ကောလိပ်မှာက အလုပ်တအားရှုပ်တယ်လေ..."
ပီတာက အန်နီ့ကို ပြောသည်။
" ရပါတယ် ကိုကြီးရဲ့... ပြဿနာမရှိပါဘူး..."
" မဟုတ်ဘူး... ကိုကြီး မေးလ်တွေ မှန်မှန်ပို့ခဲ့သင့်တယ်လေ... ညီမလေးဆီက မေးတွေလဲ အမြဲ စစ်နေသင့်တယ်..."
အန်နီက နားမလည်သလို ပြန်ကြည့်သည်။
" ကိုကြီး ညီမလေးကို ချစ်တယ်ဆိုတာ ညီမလေးသိပါတယ်နော်..."
ပီတာက အန်နီ့လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
ပီတာ့စကားလုံးများ ထူးခြားနေကြောင်း အန်နီသတိထားမိလိုက်သည်။
" ဟုတ်တယ်မဟုတ်လား..."
ပီတာက ထပ်မေးသည်။
ပီတာဆုပ်ကိုင်ထားသောလက်ကို အန်နီက ဆွဲနှုတ်လိုက်သည်။
အန်နီ သဘောပေါက်လိုက်သည်။
ဝီလ်က ပီတာ့ကို အန်နီ့အကြောင်းများ ပြောထားပြီမှန်း အန်နီသဘောပေါက်လိုက်သည်။
ပီတာ့ကို မသိစေချင်၍ မပြောပြရန် အတန်တန် တောင်းပန်ထားသည့်ကြားမှ...။
အန်နီက မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ၀ီလ့်ကို မကျေမနပ်လှမ်းကြည့်လိုက်သောအခါ ၀ီလ်ကတော့ ဘာမှ မသိသလိုပင် စားစရာများကို ငုံ့စားနေသည်။
" ကလေးတွေ... ငါနဲ့နင်တို့အဖိုး ဟောလိုးဝင်းပါတီမှာ ဘယ်လိုဆုံခဲ့ကြလဲဆိုတာ သိကြလားဟေ့..."
ဖွားဖွားက လူစုံတိုင်း ထိုအကြောင်းကို အမြဲပြောတတ်သည်။
" သူက သမန်းဝံပုလွေရုပ်ကြီးဘေးနားမှာ ရပ်ပြီး ဓာတ်ပုံရိုက်ပေးဖို့ ဖွားဖွားကို အကူအညီတောင်းတယ်..."
" ဟာ... မင်းကလဲ ဒါပဲပြောနေ... သူတို့ သိပြီးသားတွေပါကွာ..."
ဖိုးဖိုးက မပြောစေလိုသဖြင့် ပိတ်သည်။
" မသိဘူး... မသိကြသေးဘူး..."
လင်းက ထအော်သည်။
" အေး.. ပြောပြမယ်ဟေ့.. သူက သမန်းဝံပုလွေရုပ်ကြီးဘေးနား ဟန်ပါပါနဲ့ရပ်ပြီး ငါ့ကို စတိုင်ပေးနေတာပေါ့အေ... အဲဒီအရုပ်ကြီးထဲမှာ လူရှိနေတာ သူမသိဘူး... အဲဒီအရုပ်ကြီးက သူ့ကို ဆတ်ခနဲ ကောက်ကိုင်ပြီး မြှောက်လဲ မြှောက်လိုက်ရော ညည်းတို့အဖိုးက ကြောက်ပြီးအော်လိုက်တာအေ... ကောင်မလေးကျနေတာပဲ..."
တစ်ဝိုင်းလုံးပျော်ရွှင်စွာ ရယ်မောမိကြသည်။
" မအော်ပါဘူးကွာ.."
ဖိုးဖိုးက ရှက်ရှက်နှင့် ငြင်းသည်။
" အော်ပါတယ်ရှင်..."
ဖွားဖွားက ရယ်မောရင်း ပြန်ပြောသည်။
" ဒါနဲ့အန်နီ... ဖွားဖွားလုပ်လာတဲ့ အသားချောင်းတွေ အေးနေပြီလား... ဖွားဖွားအန်နီ့အတွက် လုပ်လာတာ..."
" အင်း... ကောင်းပါတယ်ဖွားဖွား..."
" အန်နီ.. အန်တီလုပ်လာတဲ့ အာလူးအချိုပေါင်းကြော်လေး စားကြည့်ပါဦး... အလန်းလုပ်လာတာ.."
အန်တီနီကိုးက သူမလုပ်လာသော အာလူးအချိုပေါင်းပန်းကန်ကို အန်နီ့အား လှမ်းပေးသည်။
အနနီ့စိတ်ထဲ တစ်ဝိုင်းလုံးက သူမကို ၀ိုင်းဂရုစိုက်နေသလို ခံစားနေရသည်။
အန်နီက ပန်းကန်ကို မယူချင်ယူချင်လှမ်းယူလိုက်ပြီး သူမပန်းကန်ထဲ အားလူးတစ်တုံး ကောက်ထည့်လိုက်သည်။
" ဟုတ်တယ်... သမီးအန်တီနီကိုးက အဲဒါလုပ်တာ တအားကောင်းတာ... ကြိုက်သွားစေရမယ်..."
ဖွားဖွားက ပြောပြန်သည်။
" တဆိတ်လောက် ဂရုစိုက်လွန်နေတယ်လို့ မထင်ကြဘူးလား..."
အန်နီက စိတ်အချဉ်ပေါက်စွာ ပြောလိုက်သည်။
ဝိုင်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားသည်။
ဘယ်သူမှ ဘာဆက်ပြောလို့ ပြောရမည်မှန်း မသိတော့။
" ဒါနဲ့ ပီတာ.. ကောင်မလေးတွေ ဘာတွေ ရနေပြီလားကွ..."
ဖိုးဖိုးက ၀ိုင်းကို ပြန်ထိန်းရန် ကြိုးစားလိုက်သည်။
" အာ... ဖိုးဖိုးကလဲ.. လုံးဝလုံးဝ မရသေးပါဘူး..."
ပီတာက ရယ်ဖြဲဖြဲနှင့် ပြန်ဖြေသည်။
" တစ်ယောက်တော့ တွေ့ထားတယ်.. သူက လုံးဝ DGပဲ..."
DG ဆိုသည်မှာ ဘုရားပေးသော ကျက်သရေအလှနှင့် ပြည့်စုံသူဟု ဆိုလိုခြင်းဖြစ်သည်။
" ဒါပေမယ့်.. ဟိုလေ .. ကျွန်တော်တို့က လုံးဝသူငယ်ချင်းအဆင့်ပါ..."
" အင်း.."
" သူက ပြေးခုန်ပစ်မှာတော့ ဆရာပဲ... တင်းနစ်နဲ့ လာခရော့စ်လဲ ဆော့တယ်..."
ပီတာက ပြောရင်း အန်နီ့ဘက်လှည့်လိုက်သည်။
" အန်နီ... ညီမလေး သူ့ကို သဘောကျမှာ သေချာတယ်.. သိလား.."
" အင်း...ဟုတ်လား.."
" အင်း... ဒါပေမယ့်ဟာ.. သူနဲ့က ရည်းစားလဲ မဟုတ်သေးဘူး.. ဘာဆိုဘာမှ မဟုတ်သေးပါဘူး.. လက်ကလေးကိုင်ဖို့တောင် မနည်းကြိုးစားနေရတုန်းပဲ.."
" ဒါပေါ့..ဒါပေါ့.."
" အင်း... မဆိုးပါဘူး..."
တစ်မိသားစုလုံးက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေကြသည်။
" ကိုကြီး... ကိုကြီး ရည်းစားထားလဲ ဘာမှမဖြစ်ပါဘူး.. ထားပါ.."
အန်နီက ပြောလိုက်သည်။
" ဟမ်..."
" အဲဒါက လူတစ်ယောက်အတွက် ပုံမှန်အနေအထားပါပဲ... ဟုတ်တယ်မဟုတ်လား ဖေဖေ..."
အန်နီက စကားလမ်းကြောင်းထဲ ၀ီလ့်ကို ဆွဲသွင်းလိုက်သည်။
" သမီး ဘာကိုဆိုလိုတာလဲ ဖေဖေ နားမလည်ဘူး..."
" နားမလည်ဘူး... ဟုတ်လား... ကိုကြီးတို့ တူတူအိပ်ပြီးကြပြီလား.."
" ဘာ... အန်နီ..."
အန်နီ၏ မမေးသင့်သော မေးခွန်းကြောင့် ပီတာက သံပြတ်ဖြင့် ဟန့်တားလိုက်သည်။
" ဘယ်လိုလဲ... အပေးအယူ အဆင်ပြေရဲ့လား..."
" သမီး... တော်သင့်ပြီနော်..."
ဝီလ်က မနေနိုင်တော့ဘဲ ၀င်ရောက်ဟန့်တားရတော့သည်။
" ဘာလဲ... ဖေဖေကျတော့ လူတိုင်းကို အန်နီ့အကြောင်းတွေ လျှောက်ပြောတယ်.. ဘယ်သူနဲ့ ဘယ်လို အိပ်ခဲ့တာက အစ... သမီးကျ ကိုကြီးကို မေးခွင့်မရှိဘူးပေါ့... ဟုတ်လား..."
အန်နီ့အသံတို့က တဖြည်းဖြည်း ကျယ်လောင်လာသည်။
မိသားစုဝိုင်းလည်း နှုတ်ဆိတ်ရချေပြီ...။
" ကိုကြီးကို လုံးဝမပြောပါနဲ့လို့ ဖေဖေ့ကို တောင်းပန်ခဲ့တယ်... အဲဒါ အန်နီ တောင်းဆိုခဲ့တဲ့ တစ်ခုတည်းသောအရာပါ... ခုတော့... ကျေးဇူးတင်ပါတယ်ဖေဖေ..."
အန်နီက ရွဲ့ပြောလိုက်ပြီးနောက် ထိုင်ရာမှ ထကာ ထွက်သွားလေသည်။
" ပျော်ရွှင်ကြပါစေ..."
" နေ.. နေပါဦး သမီးလေးရယ်..."
လင်းက အန်နီ့လက်ကို လှမ်းဆွဲကာ တားသည်။
" လွှတ်.."
အန်နီက ရုန်းပြီး ထွက်သွားလေသည်။
မိသားစု ခဏတာတွေ့ဆုံသည့် ဟောလိုးဝင်းပါတီလေးသည် နှုတ်ဆိတ်ကွဲကြေကာ ကျန်ရစ်ခဲ့ရလေသည်။
လပိုင်းမျှသာ ကွာခြားသော်လည်း အန်နီ၏ ၁၄နှစ်ပြည့်မွေးနေ့ပွဲကဲ့သို့သော မိသားစုဆုံဆည်းခဲ့သည့် ပွဲမျိုးနှင့်ကား အခြားနားကြီး ခြားနားခဲ့ချေပြီတကား။
ပီတာ ပြန်သွားသောည၌ ၀ီလ်တို့အိမ်သို့ အေးဂျင့်ဒေါက်တိတ် ရောက်လာသည်။
ကေတီလေးကို သူမ၏အခန်းထဲ၌ အိပ်ပျော်စေပြီးနောက် ၀ီလ်၊ လင်းနှင့် အန်နီတို့ကို ဧည့်ခန်းတွင်း၌ တိတ်က စုစည်းစေလိုက်သည်။
တိတ် အဓိက တွေ့ဆုံချင်သည်မှာ အန်နီဖြစ်သည်။
" ဒီလိုပါ.. ကျွန်တော်တို့ နိုင်ငံတော်အချက်အလက်အရင်းအမြစ်ဌာနမှာ DNAတွေ စစ်ဆေးပြီးပါပြီ... နောက်ဆုံးမှာ ကိုက်ညီတဲ့ အဖြေတစ်ခုရခဲ့ပါတယ်..."
တိတ်က ရှင်းပြသည်။
" ကောင်းတာပေါ့..."
လင်းက ပြောသည်။
" ဒါဆို.. ဒါဆို ခင်ဗျားတို့ သူ့ကို ဖမ်းမိပြီပေါ့..."
ဝီလ်က စိတ်လှုပ်ရှားစွာ မေးသည်။
အန်နီလည်း စိတ်လှုပ်ရှားနေသည်။ ချာလီကို ဖမ်းမိသွားကြပြီလား..။
" အဲဒီလောက်တော့ မလွယ်သေးပါဘူးဗျာ... တရားခံဟာ ဂျွန်ဒိုးဆိုသူဖြစ်တယ် ဆိုတဲ့ နာမည်တစ်ခုကိုပဲ သိရသေးတာပါ... အဲဒါဘယ်သူလဲ ဆိုတာတော့ မသိရသေးပါဘူး..."
" ဘယ်လိုဗျ... နားမလည်ဘူးဗျာ..."
" ဒီလိုပါ ၀ီလ်... ကျွန်တော်တို့မှာ အဲဒီလူနဲ့ ပတ်သက်တဲ့ တခြားအမှုသုံးမှုကိုလဲ တွေ့ရပါတယ်... မုဒိမ်းမှုတွေပဲ ဆိုပါတော့ဗျာ... အဲဒီအမှုတွေထဲက သားကောင်မိန်းကလေးတွေနဲ့ အခင်းနေရာတွေက ရတဲ့ DNAဟာ အခု DNAနဲ့ တစ်ထပ်တည်းဖြစ်တယ်လို့ပဲ အတည်ပြုနိုင်သေးတာပါ... ဒါပေမယ့် ဘယ်သူဘယ်ဝါ လူပုဂ္ဂိုလ်အစစ်ကို မဖော်ထုတ်နိုင်သေးပါဘူး..."
" ဒါဖြင့် ဒီကောင်က အရင်ကလဲ ကျူးလွန်ခဲ့တယ်ပေါ့..."
" ဟုတ်ကဲ့..."
" ဘုရားရေ..."
လင်းက ဘုရားတမိလိုက်သည်။
အန်နီလဲ ရင်ထဲမှာ ဘုရားတမိလေသည်။
" သူ့မှာ အရင်က ရည်းစားတွေရှိခဲ့ဖူးတယ်လို့ အန်နီ့ကို ပြောဖူးပါတယ်..."
အန်နီက အကာအကွယ်ပေးလိုသည့်ဟန်ဖြင့် ၀င်ပြောသည်။
" ဒါ မိန်းကလေးရည်းစားပုံစံတွေ မဟုတ်ပါဘူးအန်နီ.. အရွယ်မရောက်သေးတဲ့ကလေးတွေပါ... မုဒိမ်းမှုမြောက်တဲ့ ကလေးသူငယ်ကို လိမ်လည်ကာမရယူမှုတွေပါ အန်နီ.."
" မဟုတ်လောက်ပါဘူး... DNAမှားတာလဲ ဖြစ်နိုင်တာပဲလေ..."
အန်နီက မယုံကြည်နိုင်စွာ ပြောသည်။
" DNAဆိုတာ တစ်ခုထဲမဟုတ်ဘူးအန်နီ... သန်းရာချီပြီး ရှိတာ.. စစ်ခဲ့တာပါ... သေချာတာက ဒီလူဟာ တစ်ယောက်တည်းပါ..."
တိတ်က ရှင်းပြသည်။
အန်နီ ငြိမ်ကျသွားသည်။
" ကဲ... လာရခြင်းအကြောင်း ပြောပါမယ်... ဒီအမှုက ပုံမှန်လို မဟုတ်ပါဘူး... ကျွန်တော်တို့အနေနဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းကလေးတွေရဲ့ အချက်အလက်နဲ့ ပတ်သက်လို့ အရမ်းဂရုစိုက်ရပါတယ်... ဒါပေမယ့် ကျွန်တော်ယူဆမိတာက သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းကလေး လေးယောက်ဟာ တစ်နည်းနည်းနဲ့များ ဆက်နွယ်နိုင်မှု ရှိနိုင်မလားပေါ့လေ..."
တိတ်က ပြောရင်း အိတ်ထဲမှ ဖိုင်တစ်ခု ဆွဲထုတ်လိုက်သည်။
" ဖြစ်နိုင်တာက ကမ့်တစ်ခုခုမှာ အတူတူ နေခဲ့ကြဖူးသလား... ဒါမှမဟုတ် mallတစ်ခုခုမှာ shoppingထွက်ရင်း တွေ့ခဲ့ကြဖူးသလားပေါ့... ကျွန်တော် သူတို့ရဲ့နာမည်တွေကိုတော့ ပြောမပြနိုင်ပါဘူး... ဒါပေမယ့် သူတို့ရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး အန်နီ သိမသိတော့ ပြောပြပေးစေချင်တယ်..."
တိတ်က ပြောသည်။
" နေ.. နေပါဦးရှင်... ကျွန်မကတော့ ဒါဟာ အကြံဥာဏ်ကောင်းတစ်ခု မဟုတ်ဘူးလို့ ထင်တယ်..."
လင်းက ၀င်ပြောသည်။
" မဟုတ်ဘူး... အန်နီကြည့်မယ်... အန်နီကြည့်ကြည့်ချင်တယ်..."
" ကောင်းပြီအန်နီ... ဒီမိန်းကလေးတွေကို သိမသိ ကြည့်ပေးပါ..."
တိတ်က ဓာတ်ပုံတစ်ပုံကို ဦးစွာထုတ်ပြီး ပြသည်။
" ဒီမိန်းကလေးက ကလိဗ်လန်းကပါ... အသက် ၁၅နှစ်ပဲ ရှိပါသေးတယ်..."
အန်နီက ဓာတ်ပုံကို ကြည့်လိုက်သည်။ ထိုမိန်းကလေးကို အန်နီ မသိပါ။
" ဟင့်အင်း... မသိပါဘူး..."
" ကောင်းပြီ..."
တိတ်က နောက်ထပ် ဓာတ်ပုံတစ်ပုံ ထပ်ထုတ်ပြပြန်သည်။
" ဒီမိန်းကလေးက မီလ်ဝေါကီးကပါ.. သူက အသက်၁၄နှစ်ပါ..."
အန်နီက ခေါင်းခါပြပြန်သည်။
တိတ်က နောက်ဆုံးဓာတ်ပုံကို ထုတ်လိုက်သည်။
" ဒီမိန်းကလေးက စိန့်လူးဝစ်မှာ လွန်ခဲ့တဲ့ ခုနစ်လတုန်းက အနိုင်ကျင့်ခံခဲ့ရတာပါ..."
တိတ်က ဓာတ်ပုံကို စိတ်မသက်သာစွာ ပြလိုက်သည်။
ဖြူစင်နုနယ်လွန်းလှသော မိန်းကလေးငယ်တစ်ယောက်၏ ဓာတ်ပုံ..။
" သူက အသက်၁၂နှစ်ပဲ ရှိပါသေးတယ်ဗျာ..."
" ရှင်... ဘုရား..ဘုရား.."
လင်းက သူမ၏ပါးစပ်ကို လက်နှင့်ပိတ်လိုက်ရင်း ဘုရားတမိလိုက်လေသည်။
လူမဆန်လွန်းလှပါလား..။
အသက်၁၂နှစ်အရွယ်သာရှိသေးသည့် မိန်းကလေးတစ်ယောက်ကိုမှ သည်လိုမျိုး...။
ဓာတ်ပုံကိုကြည့်ရင်း အန်နီ့ရင်ထဲ ဆို့တက်လာသည်။
ခေါင်းတွေ မူးဝေလာသည်။
" အန်နီ.. အန်နီ သူ့ကိုလဲ မသိပါဘူး.."
" ကောင်းပါပြီ.. အန်နီ... ခုလို အချိန်ကုန်ခံပေးလို့ ကျေးဇူးတင်ပါတယ်.."
အန်နီ ထိုင်နေရာမှ ထလိုက်သည်။
" သမီး.."
လင်းက စိုးရိမ်တကြီး မေးသည်။
" ရပါတယ်.. ဘာမှမဖြစ်ဘူး.. သမီးကို အချိန်နည်းနည်းလေး ပေးပေးပါ..."
အန်နီ ပြေးထွက်သွားသည်။
သူမ စိတ်တည်ငြိမ်စေဖို့ လွှတ်ထားပေးလိုက်ရန် မိဘများက ဆုံးဖြတ်လိုက်သည်။
" ဒါဆို ဒီကောင့်ကို ခင်ဗျားတို့လိုက်နေတာ ကြာပြီပေါ့.."
" ဟုတ်ပါတယ်ဗျာ.."
တိတ်က နှစ်သိမ့်ဖို့ ကြိုးစားသင့်ကြောင်း ယူဆလိုက်သည်။
" ကျွန်တော်တို့ ပိုများတဲ့ သတင်းအချက်အလက်တွေ ရလိုက်တာဟာ တရားခံရဲ့ ရုပ်လုံးက ပိုပေါ်လာတာပါပဲ... စုံစမ်းထောက်မှုတွေ ပိုပြီး ထိရောက်လာမှာပါ..."
" ခုနက ၁၂နှစ်သမီးလေးရဲ့ မိဘတွေကိုလည်း စိန့်လူးဝစ်က အေးဂျင့်က ဒီစကားတွေပဲ ပြောခဲ့မှာကို ကျွန်တော်သိပါတယ်..."
" ခင်ဗျားရဲ့ ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်ဝ်ီလ်.. ကျွန်တော့်မှာ ရှိသမျှအင်အားကို အတတ်နိုင်ဆုံး ထုတ်သုံးပြီး လုပ်သွားမှာပါ..."
" ဟုတ်ပါတယ်... ဒါပေမယ့် မလုံလောက်ဘူးလေ... စုံစမ်းနေတုန်းကာလမှာတင် ဒီယုတ်မာရိုင်းစိုင်းတဲ့ မုဒိမ်းကောင်က တခြားအပြစ်မဲ့မိန်းကလေးတွေကို ဒုက္ခပေးနေဦးမှာပဲ..."
" အဲဒီလို မတွေးပါနဲ့ဝီလ်... ကျွန်တော်တို့ လုပ်လို့ရသမျှ အကုန်လုပ်သွားမှာပါ..."
သူတို့ အခြေအတင်စကားပြောနေကြခိုက် အန်နီ အိမ်ပြင်သို့ ထွက်သွားသည်ကို မည်သူမျှ မသိလိုက်ပေ။
ညကြီးမင်းကြီးဆေးရုံမှ ဂေးလ်ထံ ဖုန်းလှမ်းဆက်သဖြင့် အမြန်လာခဲ့ရသည်။
လူနာတစ်ယောက်ရောက်လာပြီး တွေ့ခင့်တောင်းနေကြောင်း ဆေးရုံမှ ဖုန်းလှမ်းဆက်၍ ဖြစ်သည်။
ထိုလူနာသည် အန်နီဖြစ်ပါသည်။
ချာလီ့အကြောင်းတွေ သူမ သိရပြီးပြီးချင်း အိမ်မှ အပြေးထွက်လာခဲ့မိသည်။
မမျှော်လင့်ထားသောအရာကို ကြားသိလိုက်ရခြင်းသည် သူမကို ရှော့ခ်ရသွားစေသည်။
စက်ဘီးကို ယူကာ သူထွက်လာခဲ့သည်။
ကားလမ်းတစ်လျှောက် သူ စက်ဘီးကို ဦးတည်ရာမဲ့ နင်းနေမိသည်။
အတတ်နိုင်ဆုံး၊ အမြန်ဆုံး ဖိနင်းသည်။
သူမဘယ်ကို သွားရမည်မှန်း သူမကိုယ်တိုင်မသိပါ။
နောက်ဆုံး စက်ဘီးသည် ဆေးရုံသို့ ရောက်လာခဲ့ပြီး သူမ ဆေးရုံထဲဝင်မိသွားပြီး ဂေးလ်ကို တွေ့ချင်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။
ဆေးရုံဧည့်သည်နားနေခန်းထဲ၌ အန်နီ ငူငူကြီးထိုင်နေမိစဉ် ဂေးလ်က အပြေးအလွှားရောက်လာသည်။
" ဘာဖြစ်လို့လဲ သမီး.. လာ.. ရုံးခန်းထဲ သွားရအောင်..."
စက်ဘီးကို အသားကုန်နင်းလာခဲ့သဖြင့် မောပန်းနေမှုကြောင့်လည်းကောင်း၊ ၀မ်းနည်းစိတ်၊ တုန်လှုပ်စိတ်၊ နာကျဉ်းစိတ်နှင့် ငိုကြွေးလိုမှုတို့ကြောင့်လည်းကောင်း အန်နီ့မျက်နှာတစ်ပြင်လုံး နီရဲလျက်ရှိသည်။
ရုံးခန်းထဲ ရောက်သောအခါ ဂေးလ်က ကုတ်ကို ချွတ်ပြီး စားပွဲပေါ်တင်လိုက်သည်။
" ဘာဖြစ်လာတာလဲသမီး.. တစ်ခုခုသောက်ချင်လား.. ရေသောက်မလား..."
ဂေးလ်က အလောတကြီး မေးလိုက်သည်။
" တခြားကောင်မလေးတွေ ရှိခဲ့တယ်..."
အန်နီက ထိုင်တောင် မထိုင်နိုင်ဘဲ အဆက်အစပ်မရှိ ပြောချလိုက်သည်။
" ဘာတခြားကောင်မလေးတွေလဲ.. ဘာကို ဆိုလိုတာလဲ သမီး.."
" ချာလီ.. ချာလီလေ... သူ့မှာ အရင်ကလဲ ကောင်မလေးတွေရှိခဲ့တယ်... သုံးယောက်တောင်..."
အန်နီ့အသံတို့က နာကျင်ကြေကွဲနေသည်။
" သမီးလိုပဲ သူ အရင်က လိမ်ညာခဲ့တဲ့သူတွေ ရှိခဲ့တယ်လို့ ဆိုလိုတာလားအန်နီ.."
ဂေးလ်က ကောင်းစွာ သဘောမပေါက်သေးပေ။
" သူပြောခဲ့တယ်.. အန်နီက သူ့အတွက် အထူးလက်ဆောင်ပါတဲ့... အန်နီက သူ့အတွက် တစ်ယောက်တည်းသော သူပါတဲ့... ခုတော့.. ခုတော့.. တခြားကောင်မလေးတွေ ပေါ်လာတယ်... သူတို့... သူတို့က အဲဒီလောက်လဲ မလှပါဘူး..."
" အဲဒီတော့ ဘာဖြစ်လဲ အန်နီ... အန်တီ့ကို ပြောစမ်း.."
စိတ်မတည်မငြိမ် ကယောင်ခြောက်ခြားဟန်ဖြင့် စကားလုံးများကိုသာ တတွတ်တွတ်ရွတ်နေသလို ဖြစ်နေသော အန်နီ့ကို ဂေးလ်က ခပ်ဆတ်ဆတ်မေးလိုက်သည်။
" မဟုတ်ဘူး.. မဟုတ်ဘူး..."
" အဲဒါ ဘာဖြစ်လဲလို့.. ပြောလေ..."
" ဘာဖြစ်လဲဆိုတော့... ဘာဖြစ်လဲဆိုတော့.. သူတို့လည်း အန်နီ့လို ဖြစ်ခဲ့ကြလို့ပေါ့..."
ပြောနေရင်း အန်နီ့ပါးပြင်ပေါ် မျက်ရည်များ လှိမ့်ဆင်းလာသည်။
" သူက ပြောခဲ့တယ်.. အန်နီက လှတယ်တဲ့... ဘာတွေဖြစ်ခဲ့ရတာလဲ... အန်နီ.. အန်နီ.. ဘာတွေမှားခဲ့လို့လဲ.."
" ဘာတွေမှားခဲ့တယ်လို့ ထင်နေလို့လဲ ကလေးရယ်..."
" သူက.. သူက အန်နီ့ကို လိမ်ခဲ့သလို တခြားကောင်မလေးတွေကိုလဲ လိမ်ခဲ့တယ်... သူ.. သူ အန်နီ့ကို လုံးဝချစ်ခဲ့တာမဟုတ်ဘူး.. သူလိမ်ခဲ့တာ.. အန်နီ့ဆီက.. အန်နီ့ဆီက... သူလိုချင်ခဲ့တာ အန်နီနဲ့ အိပ်ဖို့တစ်ခုတည်းပဲ.."
ရပ်တည်ဖို့ မစွမ်းနိုင်တော့သဖြင့် နံရံကို မှီရပ်ရင်းက အန်နီ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။
ထို့နောက် ကြမ်းပြင်ပေါ် ထိုင်ချလိုက်မိလေသည်။
" ကလေးရယ်..."
" သူ.. သူ.. အန်နီ့ကို ချစ်လို့ တောင်းဆိုခဲ့တာ မဟုတ်ဘူး.. မုဒိမ်းကျင့်ခဲ့တာ.. လိမ်ညာခဲ့တာ.."
အန်နီ့မျက်နှာလေး မျက်ရည်များဖြင့် ရွှဲနစ်နေလေပြီ..။
" အန်နီက တုံးအခဲ့တာ... ရူးမိုက်ခဲ့တာ.. သူလိုချင်တာက တစ်ခုထဲ.."
အန်နီ ဆောက်တည်ရာမရ ဖြစ်နေလေသည်။
" အန်နီ.. အန်နီ.. ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလို့လဲ.."
" ကလေးရယ်..."
ရှိုက်ကြီးတငင် ငိုကြွေးနေသော အန်နီ့အား ဂေးလ်က တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။
မိနစ်အနည်းငယ်ခန့်အကြာတွင် ၀ီလ်နှင့်လင်းတို့ ဆေးရုံသို့ အမောတကောရောက်လာကြသည်။
အန်နီပျောက်သွားသဖြင့် ဂေးလ်ထံများ ရောက်လာလေမလားဟု တွေးကာ လာခဲ့ကြခြင်းဖြစ်သည်။
ဂေးလ်၏ရုံးခန်းထဲတွင် အန်နီ့ကို တွေ့လိုက်ရမှ မိဘများ စိတ်သက်သာရာ ရသွားကြလေသည်။
ထို့နောက် သူတို့ သမီးလေးအန်နီကို အိမ်သို့ ပြန်ခေါ်လာခဲ့ကြသည်။
အိမ်အပြန်လမ်းတစ်လျှောက်လုံး သားအမိ၊ သားအဖသုံးယောက် စကားတစ်ခွန်းမျှ မပြောဖြစ်ကြဘဲ တိတ်ဆိတ်စွာ ပြန်လာခဲ့ကြသည်။
အိမ်ပြန်ရောက်သည်အထိ အန်နီမှာ မတည်ငြိမ်နိုင်သေးပေ။
လင်းခမြာ အန်နီအိပ်ပျော်နိုင်စေရန် အစွမ်းကုန် ကြိုးစားလိုက်ရသည်။
နောက်ဆုံးတော့ အန်နီ အိပ်ပျော်သွားခဲ့ပါသည်။
အန်နီအိပ်ပျော်သွားသောအခါမှ လင်းသည် အပေါ်ထပ်မှ ဆင်းလာခဲ့သည်။
ဤမျှ စိတ်ထိခိုက်ခံစားနေရသော အန်နီ့ကို လင်း တစ်ခါဖူးမျှ မတွေ့မြင်ခဲ့ရဖူးပါ။
သမီးလေးအန်နီ့အတွက် လင်း အင်မတန် စိုးရိမ်ဝမ်းနည်းမိသည်။
အိမ်အောက်ထပ်ရောက်သောအခါ စာကြည့်ခန်းထဲတွင် ထိုင်နေသော ၀ီလ့်ကို တွေ့လိုက်ရသည်။
" ၀ီလ်.. သမီးတော့ အိပ်ပျော်သွားပြီ.."
ဝီလ်ရှိရာသို့ သွားကာ ၀ီလ့်ကို ပြောလိုက်သည်။
" ဒီကောင်က တကယ့်မုဒိမ်းကောင်ပဲကွာ.."
ဝီလ်က စာရွက်များ၊ စာအုပ်များကိုကြည့်နေရင်းက ပြောသည်။
" ၀ီလ်... ကျွန်မ အန်နီ့အတွက် အရမ်းစိတ်ပူတယ်.. သူ ဒီလိုမျိုးဖြစ်တာ လုံးဝမတွေ့ဖူးဘူး..."
လင်းက ငိုသံတစ်ဝက်နှင့် ပြောသည်။
" ဟိုလူက သူ့ကို အလုံးစုံ ဖျက်ဆီးပစ်လိုက်တာ..."
ဝီလ်က ဘာမျှ ပြန်မပြော..။
သူ့ရှေ့မှ စာအုပ်ပုံကြီးကိုသာ ငေးစိုက်ကြည့်နေသည်။
ဝီလ် တလောက ကော်ပီကူးယူထားခဲ့သော chatting မှတ်တမ်းစာအုပ်များ ဖြစ်သည်။
လင်းက ၀ီလ့်ကို ကြည့်ပြီး စိတ်ပျက်သွားကာ စားပွဲနားသို့သွား၍ စာအုပ်ကို ဆွဲယူပစ်ချလိုက်သည်။
" တော်ပါတော့ရှင်... ခုချိန်ထိ ဒါတွေပဲ လုပ်နေတုန်းလား.."
" ဟ.. မင်း ဘာလုပ်တာလဲကွ.."
" ဟင်... ရှင်ကရော ဘာလုပ်နေတာလဲ.. ရှင်က ဒီမှာ ထိုင်နေတယ်လေ... တကယ်တမ်းဆို ရှင်က အန်နီ့ဘေးနားမှာ ရှိနေပေးရမှာ.. ရှင့်စိတ်ထဲ ရှင့်သမီးထက် ဒီလူ့ကို ဖမ်းမိဖို့က ပိုအရေးကြီးနေတာလား... ဒီလိုလုပ်နေလို့ အန်နီ့အတွက် ပိုကောင်းလာမယ် ထင်နေလား.."
" အေး.. မင်းပြောတာ ဟုတ်ပါတယ်.. ဒါပေမယ့် ဒီလိုလုပ်နေတာ တခြား သနားစရာ မိန်းကလေးတချို့ကိုတော့ ကယ်တင်နိုင်မယ်ကွ..."
" ဒီလူနဲ့ ပတ်သက်တာတွေ ဒီအိမ်ထဲမှာ လုံးဝမမြင်ချင်တော့ဘူး.. မမြင်ချင်တော့ဘူးရှင့်..."
လင်းက ပြောနေရင်း စားပွဲပေါ်မှ စာအုပ်စာရွက်အားလုံးကို ကြမ်းပြင်ပေါ် ဆွဲချပစ်လိုက်သည်။
" ဟ.. ဘာလုပ်တာလဲကွ.. မင်းက ငါ့ကို အပေါ်မှာ သွားစကားပြောစေချင်တာလား.. ငါ အရင်ထဲက သူနဲ့ စကားပြောဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးပြီ.. သူက လက်မခံခဲ့တာကွ.."
ဝီလ်က ပေါက်ကွဲအော်ဟစ်သည်။
" တော်တော့.. ရှင့်ပါးစပ်ပိတ်တော့.. သမီးလေးက အိပ်ပျော်နေပြီ.."
လင်းက ပြောသည်။
" ရှင်သိထားဖို့က ရှင်က အပေါ်မှာ သူနဲ့ ရှိနေသင့်တာ.. အဲဒါ အန်နီရှင့်.. အန်နီ.. ကျွန်မတို့သမီးလေး အန်နီ.. သူ နာကျင်ခံစားနေရတယ်..သူ့အနားမှာ သူ့အဖေကို လိုအပ်နေတာ... ရှင်ကတော့ ဒီမှာ အဓိပ္ပါယ်မရှိ ထိုင်နေတယ်.."
" ဟ.. ငါ အလုပ်လုပ်နေတာကွ.. အဓိပ္ပါယ်မရှိ ထိုင်နေတာ မဟုတ်ဘူး.."
" ကောင်းပြီ.. ရော့.. ရော့.. လုပ်ချင်တာ လုပ်တော့.."
လင်းက ကြမ်းပြင်ပေါ်မှ စာရွက်အချို့ကို ပြန်ကောက်ကာ စားပွဲပေါ်တင်ပေးပြီး စိတ်ပျက်စွာ ထွက်သွားလေသည်။
နောက်ဆုံး၌ ၀ီလ်တစ်ယောက်တည်းသာ  စာရွက်များကို မျက်ရည်ပြည့်နေသော မျက်လုံးအစုံဖြင့် ငေးစိုက်ကြည့်နေရင်း ကျန်နေခဲ့လေတော့၏။
(ဆက်ရန် - ဇာတ်သိမ်း)
ရှေ့မှ အပိုင်းများကို ပြန်ဖတ်ရန်
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၂)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၃)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၄)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၅)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၆)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၇)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၈)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၉)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၀)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၂)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၃)