မြန်မာ့စောင်းပညာရဲ့ ဖခင်ကြီးဆိုပြီး သတ်မှတ်နိုင်တာကတော့ မင်းတုန်းမင်းလက်ထက်တော်က ရှေ့တော်ပြေး မောင်မောင်သိုက် ဖြစ်ပါတယ်။
သူ့ရှေ့မှာတော့ စောင်းဆရာကြီးဣန္ဒာဒေ၀ဆိုတာ ရှိပါတယ်၊ ဒါပေမယ့် ဣန္ဒာဒေ၀ကြီးတီးတဲ့ စောင်းက ၇ ကြိုးသာ တပ်ထားတဲ့ စောင်းပါ၊ ယနေ့ခေတ် မြန်မာ့စောင်းလို မဟုတ်သေးပါ။
မောင်မောင်သိုက် လက်ထက်မှသာ စောင်းကြိုး၇ကြိုးရှိတာကို ၆ချောင်းတိုးပြီး ၁၃ကြိုးတပ်ခဲ့ကာ ယနေ့ မြန်မာ့စောင်းပညာဟာ အထွတ်အထိပ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ (အခုခေတ်မှာတော့ စောင်းကြိုးဟာ ၁၆ချောင်းရှိတယ်လို့ မှတ်သားရပါတယ်။)
မင်းတုန်းမင်းကြီး လက်ထက်မှာ ဖြစ်ပါတယ်။
မင်းတုန်းမင်းကြီးခေတ်မှာ နိုင်ငံတစ်ဝက် သူများလက်ပါပြီးဖြစ်ပေမယ့် တိုင်းပြည်က အထိုက်အလျောက်အေးချမ်းသာယာတယ်။
ဘုရင်ကြီးကလည်း အေးချမ်းသာယာမှုရှိအောင် အစွမ်းကုန်ကြိုးစားရင်းနဲ့ တစ်ဖက်ကလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုတွေကို အစွမ်းကုန် အားပေးပါတယ်။
အနောက်နိုင်ငံက အသိပညာ၊ အတတ်ပညာတွေကို ပညာရှိလူတော်တွေက ဘာသာပြန်စေပြီး တိုင်းပြည်မှာ သင်ကြားစေတယ်။
လက်နက်များထုတ်လုပ်ပြီး တပ်ဆင်တယ်။
စက်ရုံ၊ အလုပ်ရုံကြီးတွေ ဖွင့်ပြီး အဘက်ဘက်က ခေတ်မီတိုးတက်အောင်လည်း ကြံဆောင်တယ်။
စစ်ရေး၊ ဘဏ္ဍာရေး ဘက်စုံတိုးတက်အောင် ကြံဆောင်သလို သာသနာရေးဘက်ကလည်း ပဉ္စမသင်္ဂါယနာ တင်တာတို့၊ ပိဋကတ်တော်တွေကို ကျောက်ထက်အက္ခရာတင်တာတို့က အစ သာသနာဖွံ့ဖြိုးတိုးတက်ဖို့ အစွမ်းကုန် လုပ်ဆောင်ပါတယ်။
ကနောင်အိမ်ရှေ့ကိုယ်တော်ကြီးတို့၊ ယောမင်းကြီးတို့ စတဲ့ပုဂ္ဂိုလ်တွေက တက်တက်ကြွကြွနဲ့ အဖက်ဖက်က ကြိုးစားနေတော့ တိုင်းသူပြည်သားတွေလည်း အားတက်မှု၊ တက်ကြွမှုတွေ ရှိလာတာပေါ့။
ဒါကြောင့် အမျိုးသားယဉ်ကျေးမှုဘက်ကလည်း နောက်ကျမနေရစ်အောင် တခြားတိုးတက်မှုတွေနဲ့ ရင်ဘောင်တန်းလိုက်နိုင်အောင် သက်ဆိုင်ရာတွေက ကြိုးပမ်းလာကြတယ်။
ဒီလို ကြိုးပမ်းလုပ်ဆောင်မှုတိုင်းကို မင်းတုန်းမင်းကြီးကလည်း အားပေးတော်မူပါတယ်။
မြန်မာနိုင်ငံဟာ အဲဒီအချိန်က လက်နက်လုပ်တယ်၊ ဖန်ချက်တယ်၊ စာပုံနှိပ်စက်နဲ့ စာအုပ်တွေရိုက်တယ်၊ ဒင်္ဂါးသွန်းတယ်၊ မြန်မာလို ကြေးနန်းထွင်တယ် စတဲ့ အကောင်းနဲ့ အပြုတွေချည်း လုံးပန်းနေကြတာ ဖြစ်လေတော့ တေးဂီတဘက်ကလည်း ရှေ့တော်ပြေးမောင်မောင်သိုက် ဦးဆောင်ပြီး စောင်းနဲ့ မြ၀တီမင်းကြီးဦးစရဲ့ ပတ်ပျိုးကြီးတွေကို အကောင်အထည်ဖော်တော့ စောင်းပညာဟာ သိပ်တက်လာပါတယ်။
နန်းတော်ထဲမှာချည်း မောင်မောင်သိုက်ခေါင်းဆောင်တဲ့ မဟာဂီတအဖွဲ့ကြီးမှာ စောင်းသမားချည်းပဲ ၁၇ဦးလောက်ရှိပါတယ်။
မိဖုရားခေါင်ကြီးဘက်ကလည်း မမအုံ၊ မမမှုံ၊ မမဥ၊ တပယ်ခင်သစ်တို့ ဦးဆောင်တဲ့ အမျိုးသမီး မဟာဂီတသမားတွေကလည်း လှိုင်တို့၊ မမြလေးတို့၊ ခင်ဆုံတို့ သီချင်းတွေကို သူတို့ပညာနဲ့ အကောင်အထည်ဖော်ကြ၊ တီးကြတာပါပဲ။
မြ၀တီမင်းကြီးဦးစရေးခဲ့တဲ့ ခံ့ညားလေးနက်လှတဲ့ သီချင်းတွေကို မင်းတုန်းမင်းကြီးလက်ထက်မှာမှ အသေအချာ အကောင်အထည်ဖော် တီးခတ်နိုင်ခဲ့တာပါ။
သီချင်းတစ်ပုဒ်ကို သရုပ်ပါအောင် တီးဖို့ဆိုတာ တီးတဲ့သူရဲ့ အလုပ်ဖြစ်ပါတယ်။
ရေးတဲ့သူက ခံ့ညားအောင် ရေးခဲ့တဲ့သီချင်းကို အတီးသမားက သရုပ်ပေါ်အောင်၊ ကြားရတဲ့လူရဲ့ စိတ်ကို ထိထိခိုက်ခိုက်ဖြစ်လာအောင် လုပ်နိုင်ရပါတယ်။
ရေးသူရဲ့ ရည်ရွယ်ချက်ကို အတီးဆရာက ပေါ်အောင် တီးဖွဲ့ပေးရပါတယ်။
အဆိုသမားကလဲ ပေါ်လွင်အောင် ဖော်ထုတ်သီဆိုနိုင်စွမ်း ရှိရပါတယ်။
ဒီတော့မှ စာရေးဆရာရဲ့ ရည်ရွယ်ချက် အကောင်အထည်ပေါ်တယ်လို့ ပြောနိုင်ပါတယ်။
မောင်မောင်သိုက်က ရတနာပုံခေတ်ရဲ့ အားပေးအားမြှောက်ပြုမှုကြောင့် မြ၀တီမင်းကြီးဦးစ ရေးခဲ့တာတွေကို သဘောပေါက်အောင်၊ သရုပ်ပါအောင်၊ အကောင်အထည်ပေါ်အောင် စာရေးဆရာရဲ့ ရည်ရွယ်ချက်ပေါ်အောင် ကြိုးစားပါတယ်။
ပုဂံမင်းလက်ထက်မှာ ၇ကြိုးတပ်စောင်းကို စောင်းဆရာကြီးဣန္ဒာဒေ၀က တီးပါတယ်။
မင်းတုန်းမင်းလက်ထက်မှာတော့ မောင်မောင်သိုက်ဟာ ရှေ့တော်ပြေးဘွဲ့ကို ပေးအပ်ခံရပြီး စောင်းကို ကြိုးခြောက်ချောင်းထပ်ဖြည့်လို့ ၁၃ကြိုးတပ်စောင်းကို တီးပါတယ်။
ရှေ့တော်ပြေးဆိုတာကတော့ ဘုရင့်ရှေ့တော်မှာ သူပဲ တီးတယ်၊ သူပဲ အသုံးတော်ခံရမယ်လို့ သတ်မှတ်ထားတဲ့ ဘွဲ့ပါ။
ဘုရင့်ရှေ့တော်မှာ လူအများကြီး တီးကြ၊ ဆိုကြ မလုပ်ကြပါဘူး၊ အတီးတစ်ယောက်၊ အဆိုတစ်ယောက်ပါပဲ။
မင်းတုန်းမင်းကြီးလက်ထက်မှာတော့ မောင်မောင်သိုက်က စောင်းတီး၊ ဦးပေက သီချင်းဆိုပြီး မောင်မောင်သိုက်ရဲ့ ယောက်ဖဖြစ်သူ မောင်မောင်ကြီးက မိချောင်းတီးပြီး မဟာဂီတကို ဖော်ထုတ်တင်ဆက်ကြပါတယ်။
မြ၀တီမင်းကြီးဦးစရဲ့ အလေးနက်ဆုံး၊ အခံ့ညားဆုံး ပတ်ပျိုးကြီးလေးပုဒ်ဖြစ်တဲ့ (၁)ဘုံပျံနေနန်း၊ (၂)ကုန်းဘောင်ပရမေ၊ (၃)မှိုင်းပြာမှုန်ဝေ၊ (၄)အထူးထူးငယ်နှင့် တို့ကို အကောင်အထည်ဖော်ပြီး တီးနိုင်ခဲ့ကြပါတယ်။
အီနောင်ဇာတ်ဝင်ပတ်ပျိုးတွေကိုလည်း မောင်မောင်သိုက်ကပဲ အကောင်အထည်ဖော် တီးဖွဲ့နိုင်ခဲ့ပါတယ်။
မောင်မောင်သိုက်အရင်က စောင်းတွေဟာ ၇ကြိုးပဲတပ်တာမို့ မဟာဂီတကို ပေါ်လွင်အောင် မတီးဖွဲ့နိုင်ခဲ့ကြပါဘူး။
မောင်မောင်သိုက်က သူ့ဘာသာ တီထွင်ဆန်းသစ်ပြီး မြန်မာ့စောင်းကို ၁၃ကြိုးတပ်၊ ၄သံပြောင်းတီးနိုင်ခဲ့တာကြောင့် မြန်မာ့မဟာဂီတဟာ ပေါ်ထွန်းထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မဟာဂီတပညာထွန်းကားလာတာမှာ သီချင်းအားဖြင့် အကောင်အထည်ဖော်တဲ့နေရာမှာ မြ၀တီမင်းကြီးဦးစ၊ အဆိုအားဖြင့် ဦးပေ၊ အတီးအားဖြင့် မောင်မောင်သိုက်နဲ့ သူ့ရဲ့ယောက်ဖ မောင်မောင်ကြီးတို့ထက် သာတာ မရှိဘူး၊ သူတို့ကြောင့်သာ ထွန်းကားလာရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
မောင်မောင်သိုက်သာ မရှိခဲ့ရင် မြန်မာနိုင်ငံမှာ မဟာဂီတရယ်လို့ အကောင်အထည်ပေါ်လာမှာ မဟုတ်၊ မြန်မာတို့ဟာ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ကို ဆုံးရှုံးခဲ့ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မောင်မောင်သိုက်ကို မြန်မာ့စောင်းရဲ့ ဖခင်ကြီး၊ မဟာဂီတကို အကောင်အထည်ဖော်ခဲ့သူ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာတစ်ရပ်ကို ထုဆစ်ခဲ့သူတစ်ဦးအဖြစ် မှတ်တမ်းတင်လိုက်ရပါတယ်ခင်ဗျာ။
(ဆရာမကြီးလူထုဒေါ်အမာ၏ မြန်မာ့မဟာဂီတစာအုပ်မှ ထုတ်နှုတ်ရေးသားပါတယ်)
No comments:
Post a Comment