Tuesday, February 11, 2014

အရောင်တွေရဲ့ အဓိပ္ပါယ်


အရောင်တွေဟာ ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ အရေးကြီးတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ကြပါတယ်။
ဘ၀ရဲ့ အရေးအကြီးဆုံး စား၊ ၀တ်၊ နေရေး သုံးခုလုံးမှာ အရောင်တွေရဲ့ အခန်းကဏ္ဍကို တွေ့နိုင်ပါတယ်။
လူတွေရဲ့ စားဖွယ်ရာတွေကို စားသောက်ချင်လာအောင် နှိုးဆွပေးနိုင်တာဟာ အနံ့၊ အရသာ အပြင် အရောင်ကလဲ သူ့နည်းနဲ့သူ ဆွဲဆောင်ပေးပါတယ်။ တောင်းမှာ အကွပ်၊ လူမှာ အ၀တ် ဆိုတဲ့ စကားပုံလိုပဲ လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုမှာလဲ အရောင်တွေက စကားပြောနိုင်ပါတယ်။ ထို့အတူ မိမိနေထိုင်ရာ အိမ်ဂေဟာ (သို့မဟုတ်) အခန်းကို ပြင်ဆင်တဲ့နေရာမှာလဲ သင့်တော်လိုက်ဖက်တဲ့ အရောင်တွေနဲ့ ပြင်ဆင်မှုတွေကို ရွေးချယ်နိုင်မှသာလျှင် နေချင့်စဖွယ်ဖြစ်စေသလို ဘ၀ရဲ့ အမောတွေဖြေလျှော့ရာ သာယာတဲ့နေရာကလေးတစ်ခုအဖြစ် ဖန်တီးနိုင်မှာပေါ့။
ကဲ - ဒီတော့… ကျွန်တော်တို့အနေနဲ့ အရောင်တွေရဲ့ အဓိပ္ပါယ်ကလေးတွေကို နည်းနည်းလောက်ဖြစ်ဖြစ် လေ့လာမကြည့်သင့်ဘူးလား။ ဗဟုသုတဖြစ်ရုံတင်မက တခါတလေမှာ တကယ်ကို အသုံးဝင်လာနိုင်တဲ့ အချက်အလက်လေးတွေလဲ ဖြစ်နိုင်တာပဲလေ။
တကယ်တော့ အရောင်တွေရဲ့ အဓိပ္ပါယ်တွေဟာ သက်ဆိုင်ရာ လူတစ်ဦးချင်းစီအလိုက် သူတို့ရဲ့ ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုတွေအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေပေါ်လိုက်ပြီးတော့ ပြောင်းလဲနိုင်ကြပါတယ်။ အရောင်တိုင်းလိုလိုမှာ သူ့ကိုယ်ပိုင်သွင်ပြင်လက္ခဏာအများအပြားရှိနိုင်ကြပေမယ့် တော်တော်များများက လက်ခံထားကြတဲ့ အရောင်တွေပြောတဲ့ အဓိပ္ပါယ်တွေတော့ ရှိကြတာမို့ ရိုးရှင်းတဲ့ အရောင်တွေရဲ့ ဘာသာစကားကို နည်းနည်းလောက် လေ့လာကြရအောင်။
အရောင်ဆိုတာဟာ စကားလုံးတွေမပါတဲ့ ဆက်သွယ်မှုနည်းပညာတစ်ရပ်ပါ။ ဒါပေမယ့် သူဟာ ပုံသေတည်မြဲနေတဲ့အရာမဟုတ်ဘဲ သူ့ရဲ့အဓိပ္ပါယ်ဟာ လူတစ်ဦးချင်းစီအတွက် တစ်ရက်နဲ့ တစ်ရက်တောင် တူချင်မှ တူပါလိမ့်မယ်။ ဥပမာအနေနဲ့ လူတစ်ယောက်ဟာ အပြင်သွားတဲ့အခါ ၀တ်ဆင်ဖို့ အနီရောင်ကို ရွေးချယ်လိုက်တယ်ဆိုကြပါစို့။ ဒါဟာ သူ့အနေနဲ့ အပြင်သွားပြီး လုပ်မယ့်အလုပ်အတွက် တက်တက်ကြွကြွ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်လဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒီနေ့ သူလုပ်ရမယ့်အလုပ်ကို သူ တကယ်ကို နှစ်နှစ်သက်သက်နဲ့ လုပ်ကိုင်လိုတာ ဖြစ်တယ်လို့ ပြောချင်တာလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဒီနေ့ သူ ဒေါသထွက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်လဲ ဖြစ်နေနိုင်ပြန်တယ်။ အဓိပ္ပါယ်ကတော့ အခုလိုမျိုးပဲ အခြေအနေပေါ်မူတည်ပြီး ကွဲပြားနေနိုင်ပါတယ်။
နောက်အရောင်တစ်ရောင်ဖြစ်တဲ့ လိမ္မော်ရောင်ရဲ့ အဓိပ္ပါယ်လေး တစ်ချက် ကြည့်ရအောင်။ သူကတော့ လူမှုဆက်ဆံရေးနဲ့ အကောင်းမြင်ဝါဒကို ကိုယ်စားပြုပါတယ်။ ပြောင်းပြန်အဓိပ္ပါယ်အနေနဲ့ မကောင်းမြင်ဝါဒ၊ တုန်လှုပ်ချောက်ချားနေခြင်း နဲ့ ဘာခံစားချက်မှ မရှိ၊ ဟာလာဟင်းလင်းဖြစ်နေမှုကိုလဲ ကိုယ်စားပြုနိုင်ပြန်ပါတယ်။
အ၀ါရောင်ကတော့ အတွေးအခေါ်နဲ့ ဥာဏ်ပညာတို့ရဲ့ အရောင်ပါ။ အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တက်ကြွခြင်းကိုလဲ ကိုယ်စားပြုပါတယ်။ ဒါ့အပြင် စိတ်မရှည်ခြင်း၊ အပြစ်မြင်ခြင်းနဲ့ သူရဲဘောနည်းခြင်းလို့လဲ အဓိပ္ပါယ်ကောက်ယူနိုင်ပြန်ပါတယ်။
အစိမ်းရောင် - သူကတော့ ဟန်ချက်ညီမှုနဲ့ ရှင်သန်ကြီးထွားခြင်းတို့ရဲ့ အရောင်ပါပဲ။ အကောင်းဘက်က ကိုယ့်အားကိုယ်ကိုးခြင်းလို့ အဓိပ္ပါယ်ဖော်နိုင်သလို အဆိုးဘက်က အတ္တဆန်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းလို့လဲ ပြောနိုင်ပြန်တယ်။
အပြာရောင်ကတော့ ယုံကြည်ကိုးစားမှုနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်။ သစ္စာရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းလို့ ပြောနိုင်သလို ရှေးရိုးစွဲအားကြီးမှုနဲ့ စိမ်းကားအေးစက်မှုလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။
မဲနယ်ရောင်ကတော့ အလိုအလျောက်သိမှု၊ ဆဌမအာရုံကို ကိုယ်စားပြုပါတယ်။ နောက်ပြီး စိတ်ကူးယဉ်ဝါဒလို့ အဓိပ္ပါယ်ကောက်ယူနိုင်သလို ဘာသာတရားလိုက်စားခြင်းနဲ့ စိတ်ကြွစေခြင်းလို့လဲ ယူဆလို့ ရပါတယ်။
ခရမ်းနုရောင်ကတော့ စိတ်ကူးနိုင်စွမ်းရဲ့ အရောင်ပါ။ သူဟာ ဖန်တီးနိုင်စွမ်းနဲ့ သီးသန့်ဆန်မှု အပြင် မရင့်ကျက်မှုနဲ့ လက်တွေ့မဆန်မှုလဲ ဖြစ်နိုင်ပါတယ်။
အစိမ်းနုရောင်ကတော့ လူမှုဆက်ဆံရေးနဲ့ စိတ်ကြည်လင်ပြတ်သားခြင်းကို ဆိုလိုပါတယ်။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့မဆန်မှုလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။
ပန်းရောင်ကတော့ အချစ်စစ်နဲ့ စောင့်ရှောက်ဖေးမခြင်းတို့ရဲ့ အရောင်ဖြစ်ပါတယ်။ ကဗျာဆန်မှု၊ မရင့်ကျက်မှုနဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်းမရှိမှုတို့ကိုလဲ ကိုယ်စားပြုပါတယ်။
မရမ်းရောင်ကတော့ သဟဇာတဖြစ်မှုနဲ့ စိတ်ခံစားမှု မြဲမြံခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် လက်တွေ့ဆန်မှု၊ အားပေးတိုက်တွန်းမှုနဲ့ ဘ၀ကို မှန်ကန်စွာ သုံးသပ်နိုင်မှုလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပြန်တယ်။
နီညိုရောင်ကတော့ တည်ကြည်လေးနက်ခြင်းရဲ့ အရောင် ဖြစ်ပါတယ်။ လုံခြုံမှုရှိခြင်း၊ ကာကွယ်မှုပေးခြင်းနဲ့ ပေါများကြွယ်ဝခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။
အညိုရောင်ကတော့ အပေးအယူသဘောကို ဆောင်ပါတယ်။ အဖြူလဲ မဟုတ်၊ အနက်လဲ မဟုတ်ဘဲ ကြားထဲက အရောင်မို့ ဖြစ်ပါတယ်။
ငွေရောင်ကတော့ မဓာတ်ကို ကိုယ်စားပြုပါတယ်။ ငွေလမင်းကြီးနဲ့ စပ်ဆိုင်သလို ဒီရေအတက်အကျနဲ့လဲ ဆက်နွယ်နေတာကြောင့် စိတ်လှုပ်ရှားလွယ်မှု၊ ဆတ်ဆတ်ထိ မခံခြင်းနဲ့ ပဟေဠိဆန်တဲ့ သဘောကိုလဲ ဆောင်ပါတယ်။
ရွှေရောင်ကတော့ အောင်မြင်မှုရဲ့ အရောင်ပါ။ ဖြစ်ထွန်းမှုနဲ့ အောင်ပွဲရဲ့ အဓိပ္ပါယ်လဲ ဖြစ်ပါတယ်။ ပေါကြွယ်ဝမှုနဲ့ ကြီးပွားတိုးတက်မှု၊ စည်းစိမ်နဲ့ အရည်အသွေး၊ ရိုသေလေးစားမှုနဲ့ အတွေ့အကြုံများခြင်း၊ တန်ဖိုးရှိမှုနဲ့ ရည်မွန်ကြော့ရှင်းမှု စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ ဓနငွေကြေးပေါကြွယ်ဝခြင်း၊ ပစ္စည်းဥစ္စာချမ်းသာခြင်းနဲ့ သုံးမကုန်၊ဖြုန်းမကုန်ခြင်းတို့ကိုလဲ ကိုယ်စားပြုပါတယ်။
အဖြူရောင်ကတော့ သန့်ရှင်းစင်ကြယ်မှုနဲ့ ပြီးပြည့်စုံမှုကို ဖော်ဆောင်ပါတယ်။ ဖြူစင်ခြင်း၊ အပြစ်ကင်းခြင်း၊ ကြီးမြတ်ခြင်း၊ ပြည့်စုံခြင်းလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။
အနက်ရောင်ကတော့ လျှို့ဝှက်နက်နဲမှုကို ကိုယ်စားပြုပါတယ်။  လျှို့ဝှက်ချက်၊ ဖုံးကွယ်ထားမှု၊ မသိမမြင်နိုင်မှုနဲ့ ဒဏ္ဍာရီဆန်မှုတို့ဟာလဲ အနက်ရောင်ရဲ့ အဓိပ္ပါယ်တွေပဲ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ အရောင်တော်တော်များများရဲ့ အဓိပ္ပါယ်အချို့ကို ကျွန်တော်တို့ သိနိုင်ခဲ့ပါပြီ။ အရောင်တွေရဲ့ သဘောတရားကို ခံစားနားလည်ရင်း လိုအပ်သလို အသုံးပြုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ကိုးကား


Sunday, February 2, 2014

အောင်မြင်သူတစ်ဦးဖြစ်ဖို့ အချက် ၈ ချက်

အောင်မြင်သူတစ်ဦး ဖြစ်ဖို့ အချက် ၈ ချက်



လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကပေါ့ဗျာ။
ကျွန်တော်ဟာ လေယာဉ်နဲ့ ခရီးတစ်ခု ထွက်ခဲ့တုန်းကပေါ့။
ကျွန်တော့်ဘေးမှာ ထိုင်နေသူက ဆယ်ကျော်သက်အရွယ် ကလေးမလေးတစ်ဦးပါ။ သူမကို ကြည့်ရတာ နွမ်းပါးတဲ့ မိသားစုက ထင်ပါရဲ့။ ဒါပေမယ့် သူမကတော့ ဘ၀မှာ တစ်စုံတစ်ခုသော အဆင့်ရောက်ဖို့အထိ ရည်မှန်းထားပုံပါ။ သူမက ကျွန်တော့်ကို ရိုးရှင်းတဲ့ မေးခွန်းတစ်ခုမေးပါတယ်။
" ဘယ်အရာကများ ဘ၀မှာ အောင်မြင်ရအောင် လုပ်ဆောင်ပေးနိုင်ပါသလဲ " တဲ့။
ကျွန်တော် သူမကို အောင်မြင်မှုရအောင် ဘာလုပ်ရမယ်လို့ မပြောနိုင်ခဲ့ပါဘူး။ ယုတ်စွအဆုံး ကျွန်တော် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ခဲ့တယ်ဆိုတာတောင် မပြောပြနိုင်ပါဘူး။ ကျွန်တော် ဆွံ့အ ခဲ့ရပါတယ်။ ကျွန်တော်ဟာ ကျောင်းစာမေးပွဲတွေကို သာမန်အဆင့်နဲ့ပဲ အောင်မြင်ခဲ့ပြီး အခုအချိန်မှာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်နေပြီဆိုပေမယ့် ကျွန်တော် သူမကို ကျေနပ်လောက်ဖွယ် စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ပါဘူး။
နောက်တော့ ကျွန်တော် ကွန်ဖရင့်တစ်ခု တက်ဖို့ ရောက်သွားခဲ့ပါတယ်။ ကွန်ဖရင့်မှာ ချမ်းသာကြွယ်ဝတဲ့၊ အောင်မြင်ကျော်ကြားနေတဲ့ လူတွေကြားထဲမှာ ကျွန်တော် ရှိနေခဲ့တာပါ။
အဲဒီနောက်တော့ ကျွန်တော် အကြံတစ်ခု ရခဲ့တယ်။
သူတို့ ဒီလို အောင်မြင်မှုတွေကို ရဖို့ ဘယ်အရာတွေကများ ဆောင်ကြဉ်းပေးခဲ့သလဲဆိုတာ သူတို့ကို မေးခွန်းထုတ်ကြည့်ဖို့ပါပဲ။
ဒီလိုနဲ့ ကျွန်တော်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆယ်နှစ်ကြာ သုတေသနလုပ်ခဲ့ပါတယ်။ တကယ့်ကို အောင်မြင်ကျော်ကြားနေကြတဲ့ ပုဂ္ဂိုလ်ပေါင်း ငါးရာကျော်ကို တစ်ဦးချင်း တွေ့ဆုံအင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကမ္ဘာနဲ့ချီပြီး အောင်မြင်ကျော်ကြားနေသူတွေလည်း ပါပါတယ်။
ပြီးတော့ ကျွန်တော် ရရှိခဲ့တဲ့ အောင်မြင်သူတို့ရဲ့ စကားအခွန်းပေါင်း များစွာထဲက သန်းပေါင်းများစွာသော စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာပြီး အသေးစိတ် လေ့လာမှု ပြုခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ဒီ ရှစ်ချက်ကို ရှာတွေ့ခဲ့တော့တာပါပဲ။
အောင်မြင်မှုဆီကို ခေါ်ဆောင်သွားပေးနိုင်မယ့် အချက် ရှစ်ချက်ပါ။
အဲဒါတွေကတော့ - 
(က) ခင်ဗျားအလုပ်ကို ခင်ဗျားချစ်ပါ။
(ခ) အလုပ်ကို ကြိုးကြိုးစားစား လုပ်ပါ။
(ဂ) အလုပ်တစ်ခုထဲမှာပဲ အာရုံစူးစိုက်မှု ထားပါ။ (အများကြီးမှာ မဟုတ်ဘူးနော်)
(ဃ) ဒီအလုပ်ကို ဆက်တိုက်လုပ်နေနိုင်ဖို့ တွန်းအားပေးပါ။
(င) အလုပ်နဲ့ ပတ်သက်လို့ အကြံဥာဏ်ကောင်းတွေ ထွက်လာအောင် တွေးခေါ်ပေးပါ။
(စ) ကိုယ့်ကိုကိုယ် (သည်အလုပ်နဲ့ပတ်သက်လို့) အစဉ်အမြဲ တိုးတက်နေပါစေ။
(ဆ) အခြားလူတွေကို တန်ဖိုးရှိတဲ့ အရာတစ်ခုခုနဲ့ အလုပ်အကျွေးပြုပါ။
(ဇ) သည်အလုပ်ကို မဆုတ်မနစ် ဆက်လုပ်သွားပါ။
တစ်ချက်ချင်းစီ ပြောကြည့်ရအောင်။
အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမယ့် ပထမဆုံးအချက်ကတော့
(က) ကိုယ့်အလုပ်ကို ချစ်ဖို့ပါပဲ။
ကျွန်တော် အော်စကာဆုရ ရုပ်ရှင်မင်းသား ရပ်ဆဲခရိုးလ်ကို မေးကြည့်တော့ သူက
" အဓိက ကတော့ဗျာ... အနိမ့်ဆုံး ကျွန်တော် သရုပ်ဆောင်နေရတာကို ကြိုက်တယ်ဗျ။ သရုပ်ဆောင်ခြင်းဆိုတာကို တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ကို လုပ်ဖြစ်တာပါ။ " လို့ ပြောပါတယ်။
တကယ်တော့ အောင်မြင်သူတွေဟာ သူတို့အလုပ်တွေကို ငွေရဖို့ လုပ်တာထက် ချစ်မြတ်နိုးလို့၊ ၀ါသနာပါလို့ လုပ်ကြတာ များပါတယ်။
မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ဘီလ်ဂိတ်က 
" ပေါလ်(သူ၏ လုပ်ဖော်ကိုင်ဖက်)နဲ့ ကျွန်တော်ဟာ ဘယ်တုန်းကမှ ဒီလောက်များတဲ့ ပိုက်ဆံတွေ ရမယ်လို့ မတွေးခဲ့ကြပါဘူး။ ဆော့ဖ်ဝဲလ်တွေရေးသားရခြင်းကို ၀ါသနာပါပြီး မြတ်နိုးလို့သာ လုပ်ခဲ့ကြတာပါ။ " တဲ့။
ဒီတော့ ကျွန်တော်တို့သာ ကျွန်တော်တို့လုပ်နေတဲ့အရာတွေကို မြတ်မြတ်နိုးနိုး လုပ်ကိုင်မယ်ဆိုရင် ငွေဆိုတာ သူ့အလိုလို ရောက်လာမှာပါပဲ။
ဒုတိယအချက်ကတော့
(ခ) အလုပ်ကို ကြိုးစားလုပ်ပါ။
အောင်မြင်ကျော်ကြားသူအားလုံးဟာ အလုပ်ကြိုးစားကြသူတွေချည်းပါပဲ။
အိမ်တွင်းမှုလုပ်ငန်းဂုရုကြီး (ထိုလုပ်ငန်းနဲ့ သန်းကြွယ်သူဌေးလဲ ဖြစ်ခဲ့သူ) မာသာစတီးဝပ်က 
" ကျွန်မဟာ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ပါတယ်။ သည်အလုပ်ကို လုပ်တယ်။ လုပ်တယ်။ လုပ်တယ်။ အချိန်တိုင်းကို လုပ်နေတာပါ။ " လို့ ပြောပါတယ်။
မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ကတော့
" တကယ်တော့ အလုပ်ကြိုးစားဖို့ပဲ လိုတယ်ဗျ။ ဘယ်အရာမှ လွယ်လွယ်ဖြစ်မလာဘူး။ ဒါပေမယ့် ကျွန်တော် အလုပ်ကြိုးစားရတာကို ပျော်ပါတယ်။ " တဲ့။
အလုပ်ကြိုးစားရတာကိုပဲ ပျော်စရာကောင်းတယ်လို့ ရှိပါ့မလား။
တကယ်တော့ ဒါဟာ တကယ်ပါ။ အောင်မြင်ကျော်ကြားတဲ့သူတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်ကြိုးစားကြသူတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ သူတို့ဟာ အလုပ်စွဲနေသူတွေ (တစ်ခုခု မလုပ်ရမနေနိုင်သူများ) မဟုတ်ပါဘူး။ အလုပ်လုပ်ရမှာ ပျော်တဲ့သူတွေပဲ ဖြစ်ပါတယ်။
တတိယအချက်ကတော့
(ဂ)အာရုံစူးစိုက်မှု ရှိဖို့ပါ။
အော်စကာဆုရ ရုပ်ရှင်ထုတ်လုပ်သူ နော်မန်ဂျူဝစ်ဆန်က
" ကျွန်တော်ထင်တာကတော့ ခင်ဗျားအနေနဲ့ တစ်ခုတည်းသောအရာကိုပဲ စူးစူးစိုက်စိုက်နဲ့ အာရုံထားပြီး လုပ်ဖို့ လိုမယ်ဗျ။ " လို့ ဆိုပါတယ်။
လူတော်တော်များများက အလုပ်တစ်ခုကို အာရုံစူးစိုက်ပြီး လုပ်ဖို့ထက် မတောက်တခေါက်ပဲ လုပ်ကြတာဗျ။ အဲဒါ မကောင်းပါဘူး။
အောင်မြင်မှုရဖို့ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တစ်ခုတည်းမှာပဲ အာရုံထားပြီးလုပ်ဖို့ တကယ်ကို လိုအပ်ပါတယ်။
အောင်မြင်မှုရဖို့ စတုတ္ထအချက်ကတော့
(ဃ) တွန်းအားပေးပါ။
အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ်သူတို့ တွန်းအားပေးကြပါတယ်။
စီးပွားရေးလုပ်ငန်းစုကြီး ဗာဂျင်ဂရုကို တည်ထောင်သူ ရစ်ချတ်ဘရန်ဆင်က
" ခင်ဗျားဘ၀မှာ ဘာပဲလုပ်လုပ် ခင်ဗျားကိုယ်ခင်ဗျား တစ်စုံတစ်ခုသော သတ်မှတ်ချက်အတိုင်းအတာအထိရောက်အောင် တွန်းအားပေးနေဖို့ပဲ။ " လို့ ပြောပါတယ်။
ရှက်ရွံ့အားငယ်နေခြင်းတွေကြားကနေသာ ထွက်လာခဲ့ပါ။ အောင်မြင်ကျော်ကြားသူများဟာလဲ တစ်ချိန်တုန်းက တကယ့်ကို ရှက်ရွံ့အားငယ်တတ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ရုန်းထွက်ခဲ့ကြတယ်။
အောင်မြင်သူတွေဟာ သူတို့လုပ်ကိုင်တာ မလုံလောက်သေးဘူးဆိုပြီး သူတို့ကိုယ်သူတို့ တွန်းအားပေးကြလေ့ရှိတယ်။
ကျော်ကြားတဲ့ ရုပ်ရှင်မင်းသမီးကြီးလဲဖြစ် ထုတ်လုပ်သူလဲဖြစ်တဲ့ ဂိုလ်ဒီးဟွမ်က
" ကျွန်မဟာ ကိုယ့်ကိုကိုယ် အမြဲပြောတယ်။ ငါ မလုံလောက်သေးဘူး။ ငါ မပြည့်ဝသေးဘူး။ တကယ်တော့ ကျွန်မ ဒီလိုဖြစ်လာဖို့ လုပ်နိုင်မယ်လို့တောင် မတွေးမိခဲ့ပါဘူး။ " လို့ ဆိုပါတယ်။
ဒါပေမယ့် လူတော်တော်များများကတော့ ကိုယ့်ကိုကိုယ် တွန်းအားပေးနေဖို့ မလွယ်ပါဘူး။ များသောအားဖြင့် ဒီနေရာတွေမှာ အကောင်းဆုံးလုပ်နိုင်အောင် တွန်းအားပေးလေ့ရှိ၊ ပေးနိုင်တာကတော့ အမေတွေပါပဲ။
ကျော်ကြားထင်ရှားတဲ့ ဗိသုကာပညာရှင်ကြီး ဖရန့်ခ်ဂဲရီကို မေးကြည့်တယ်။
" ခင်ဗျား ဘာလို့ အောင်မြင်ခဲ့တာလဲ။ "
" ကျွန်တော့်အမေက အမြဲ ကျွန်တော့်ကို တွန်းအားပေးနေခဲ့တာ။ " တဲ့။
ဒါကြောင့် ခင်ဗျားကို တွန်းအားပေးမယ့် သင့်တော်သူတစ်ယောက်ကိုတော့ ရှာဖို့ လိုပါမယ်။ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် တွန်းအားပေးနိုင်မယ့် နည်းလမ်းတွေ ရှာပေါ့ဗျာ။
ပဉ္စမအချက်ကို ဆက်ရရင်မယ့် ခင်ဗျားကို အောင်မြင်မှုပေးနိုင်မှာသည်
(င)အကြံဥာဏ်ကောင်း၊စိတ်ကူးကောင်းတွေ ဖြစ်ပါတယ်။
အကြံဥာဏ်ကောင်းတစ်ခုဟာ လူပေါင်းများစွာရဲ့ဘ၀ကို ဆွဲယူမြှင့်တင်ပေးနိုင်ပါတယ်။
ဘီလ်ဂိတ်ကပြောတယ်။
" ကျွန်တော်မှာ စိတ်ကူးတစ်ခုရှိခဲ့တယ်ဗျ။ သေးငယ်တဲ့ကွန်ပြူတာ ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ပေါ့ဗျာ။ "
ဒီစိတ်ကူးကပဲ သူ့ကို ထိပ်ဆုံးရောက်အောင် ဆွဲခေါ်သွားခဲ့တာမဟုတ်လား။
ဒဏ္ဍာရီတွေမှာတော့ ပြောကြတယ်ဗျ။ ပါရမီပါမှသာလျှင် ဖောက်ထွက်တီထွင်နိုင်မယ်။ တွေးခေါ်ဖန်တီးနိုင်မယ်ပေါ့။
ဟင့်အင်း။ ကျွန်တော်ကတော့ လက်မခံပါဘူး။ တကယ်တော့ လူတိုင်း လူတိုင်းဟာ အဲ့သည်လို လုပ်နိုင်စွမ်းရှိကြပါတယ်။
ကျွန်တော် အကြံဥာဏ်စိတ်ကူးကောင်းတွေဖန်တီးနိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ပေါင်းများစွာနဲ့ အလုပ်လုပ်ခဲ့ပါတယ်။
အိမ်ခြံမြေအကျိုးဆောင်ကြီး ဒေါနယ်ထရမ့်က
" ကျွန်တော့်အတွက် အရောင်းအ၀ယ်ဆွေးနွေးရတာဟာ အနုပညာဖန်တီးခြင်းတစ်ခုပဲ။ " လို့ ပြောပါတယ်။
ဒီလိုအကြံဥာဏ်ကောင်းတွေ ဖန်တီးနိုင်ဖို့ဟာ ဘာ မှော်အစွမ်းမှ မဟုတ်ပါဘူး။ လူတိုင်း လူတိုင်း လုပ်နိုင်ပါတယ်။
ဆဌမအချက် - 
(စ) မြှင့်တင်ပါ။
အောင်မြင်ကျော်ကြားသူတွေဟာ သူတို့ကိုယ်သူတို့ မြှင့်တင်ဖို့ အဆက်မပြတ်စီမံချက်တွေ ချမှတ်သူတွေပါ။
ကိုယ့်ကိုကိုယ် ဘယ်လိုများ မြှင့်တင်ရပါမလဲ။ သုံးခုထဲပါ။
လက်တွေ့(လေ့ကျင့်)လုပ်ပါ။
လက်တွေ့(လေ့ကျင့်)လုပ်ပါ။
လက်တွေ့(လေ့ကျင့်)လုပ်ပါ။
ကမ္ဘာကျော် တိုးလ်ဒီဖရန့်စ်စက်ဘီးပြိုင်ပွဲကြီးမှာ ခုနစ်ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့တဲ့ လန့်စ်အမ်းစထရောင်းက
" ကျွန်တော်တို့အသင်းက တစ်နှစ်ကို ဆယ့်နှစ်လလုံးလုံး လေ့ကျင့်နေတာဗျ။ သုံး၊ လေးလ လောက်မဟုတ်ဘူး။ " လို့ ပြောပါတယ်။
သတ္တမအချက် - 
(ဆ) အခြားသူတွေကို အလုပ်အကျွေးပြုပါ။
အောင်မြင်တဲ့သူတွေတာ ကိုယ့်ကိုကိုယ် အလုပ်အကျွေးပြုနေရုံမဟုတ်ဘူး။ အခြားသူတွေကိုလဲ တန်ဖိုးရှိတာတွေနဲ့ အလုပ်အကျွေးပြုကြပါတယ်။
ကျွန်တော်ဆိုလိုတာ ပိုက်ဆံ၊ ပစ္စည်းဥစ္စာ လှူတန်းမှု ပြုတာကို ဆိုလိုခြင်းမဟုတ်ဘူး။
အခြားသူတွေကို အလုပ်အကျွေးပြုတာဟာ ခင်ဗျား ချမ်းသာကြွယ်ဝလာခြင်းပဲ။
ကမ္ဘာ့ဘီလျံနာကြီးတွေကို ကြည့်လိုက်ပါ။
ဘီလ်ဂိတ် - လူတွေကို ဆော့ဖ်ဝဲလ်တွေနဲ့ အလုပ်အကျွေးပြုတယ်။
ဆမ်ဝေါလ်တန် - ဝေါလ်မတ်ကုန်တိုက်တိုင်းမှာ တန်ဖိုးအတိုင်းအတာတစ်ခုအထိ ချပေးတဲ့ ဒစ်စကောင့်ပစ္စည်းတွေ သင် ရယူနိုင်တယ်။
အစ်ကဘာကမ်းပတ် - လှပသေသပ်ပြီး အိုင်ကီယာပရိဘောဂပစ္စည်းတွေကို လုပ်ဆောင်ပေးတယ်။
မာသာစတီးဝပ် - အိမ်တွင်းမှုလုပ်ငန်းတွေကို သင်ကြားပေးတယ်။
မာသာစတီးဝပ်က ပြောတယ်။
" ကျွန်မက လူတွေကို ယုံကြည်ရတဲ့ အချက်အလက်တွေ၊ တန်ဖိုးရှိတဲ့ အချက်အလက်တွေ၊ စိတ်ကူးကောင်းတွေနဲ့ ထုတ်လုပ်မှုတွေကိုပဲ ပေးချင်ပါတယ်။ "
သူမရဲ့ အလုပ်တွေကြောင့် လူတွေကို အများကြီး အကျိုးရှိစေခဲ့တယ်။
ထို့အတူပဲ သူမဟာလဲ အမေရိကန်ရဲ့ ပထမဆုံးသော ကိုယ့်အားကိုယ်ကိုး အမျိုးသမီးဘီလျံနာ ဖြစ်ခဲ့ပါတယ်။
ကဲ အောင်မြင်မှုဆီ ခေါ်ဆောင်ပေးသွားမယ့် နောက်ဆုံးအချက်ကတော့ - 
(ဇ) မဆုတ်မနစ်ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။
မဆုတ်မနစ်ကြိုးပမ်းမှုဟာ အချိန်နဲ့ တပြေးညီပဲ။ မိုးချုပ်တယ်၊ စောလွန်းတယ်ဆိုတာ မရှိပါဘူး။
ဂူးဂဲလ်ကို တည်ထောင်ခဲ့သူ လယ်ရီပေ့ခ်ျက
" ကျွန်တော် ဒီအလုပ်တွေလုပ်ဖို့ အချိန်တွေအများကြီး ပေးခဲ့ရတယ်။ တကယ်တော့ အောင်မြင်မှုတွေရဖို့ဆိုတာ ခင်ဗျားအဲဒီအတွက်ပေးမယ့် အချိန်တွေနဲ့ အချိုးညီပါတယ်။ " လို့ ဆိုပါတယ်။
မဆုတ်မနစ်ကြိုးပမ်းမှုဟာ
- မကောင်းမြင်မှုတွေ
- ငြင်းပယ်မှုတွေ
- ဒုက္ခအခက်အခဲတွေ
- မလိုမုန်းထားမှုတွေကို ကျော်ဖြတ်ရပါမယ်။
နောက်ပြီး မဆုတ်မနစ်ကြိုးပမ်းရင်း ဆုံးရှုံးမှုတွေနဲ့လဲ ရင်ဆိုင်ရမယ်။ ဘာလို့လဲဆိုတော့ အောင်မြင်ကျော်ကြားသူတိုင်းဟာ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ဖူးခဲ့ကြရလို့ပါပဲ။
ယူနီဗာဆယ်စတူဒီယိုမှ ရောဘတ်ဝက်ဒ်ကတော့ ဒီလိုပြောပါတယ်။
" ခင်ဗျားအနေနဲ့ ဇွဲရှိဖို့ လိုမယ်။ ဘာလို့လဲဆိုတော့ အောင်မြင်မှုဆိုတာ လွယ်လွယ်မရဘဲ ကျရှုံးခြင်းတချို့နဲ့လဲ လက်တွေ့ရင်ဆိုင်ရမှာမို့ ဖြစ်တယ်။ ချော်လဲတဲ့အခါတိုင်း ကိုယ့်ကိုကိုယ် ပြန်ထူပါ။ ပြန်မတ်တတ်ထပါ၊ ပြီးရင် ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ်ပြန်လျှောက်ပါ။ "
အချက်ရှစ်ချက်ကတော့ ပြီးသွားပါပြီ။
ကျွန်တော့်ကို ယုံကြည်ပါ။ ဆယ်နှစ်တာသုတေသနလုပ်ပြီးတဲ့နောက်မှာ ဒီရှစ်ချက်ဟာ အောင်မြင်မှုဆီကို ခေါ်ဆောင်သွားနိုင်တယ်လို့ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်။
လူတိုင်းဟာ မဟာအောင်မြင်မှုတွေရအောင် လုပ်နိုင်ပါတယ်။
ကျွန်တော်က အောင်မြင်မှုရဖို့ဆိုတာ လွယ်လွယ်လေးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် အောင်မြင်မှုရဖို့ လုပ်ဆောင်ရမယ့်အချက်တွေကတော့ နားလည်နိုင်အောင် လွယ်ကူရိုးရှင်းကြောင်း တင်ပြတာပါ။
ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုကို သင် သတ်မှတ်လိုက်ပါ။ မည်သည့်အရာပဲ ဖြစ်စေ၊ အောင်မြင်မှုလို့ သင့်အတွက် သတ်မှတ်ထားရင် ရအောင် ယူလိုက်ပါ။
အောင်မြင်သူတစ်ယောက် ဖြစ်နိုင်ပါစေ။

Richard St. John

(ဗီဒီယိုတစ်ခုအား ဘာသာပြန်ပါသည်)
အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်

ကိုးကား
http://youtu.be/jufn7QoP9VU

Tuesday, January 28, 2014

JPEG ဆိုတာ ဘာလဲ (၄)

ကြားထဲမှာ အဆက်ပြတ်သွားလို့ တောင်းပန်ပါတယ်။ စာမေးပွဲနဲ့ ပရောဂျက်ကိစ္စတွေ ရှုပ်နေလို့ပါခင်ဗျာ။

(ဃ) quantisation ပြုလုပ်ခြင်း


ကျွန်တော်တို့အနေနဲ့ အဆင့်(ဂ)ကို ပြုလုပ်ပြီးချိန်မှာ ၈x၈ matirx တစ်ခုနဲ့ ပါဝင်ကြသော coefficients ၆၄ခုကို ရရှိပြီဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ quantisation ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
Quantisation  ပြုလုပ်ခြင်းဖြင့် ဘယ်dataဟာ အရေးကြီးပြီး ဘယ်dataကတော့ အရေးမကြီးဘူးဆိုတာ သိနိုင်ပါတယ်။ သိပြီးနောက်မှာ userအနေနဲ့ ကိုယ်လိုချင်တဲ့ qualityအလိုက် file sizeကို လျှော့ချသွားနိုင်ပြီဖြစ်ပါတယ်။ JPEG compression မှာ သည်အဆင့်ဟာ ဖိုင်ပမာဏကို အလျှော့ချပေးနိုင်ဆုံး အဆင့်လဲ ဖြစ်ပါတယ်။
သည်လိုလျှော့ချနိုင်ဖို့အတွက် quantisation matrix တွေဟာ သူ့qualityအလိုက် သီးသန့်တည်ရှိကြပါတယ်။ သူသည်လည်းပဲ ၈x၈ matrix ပဲ ဖြစ်ပါတယ်။ quality အတွက်ဖြစ်တဲ့အတွက် matrixနာမည်ကို Q လို့ ပေးထားပါတယ်။ Q1 သည် ကွာလတီအနိမ့်ဆုံး လျှော့ချပေးမှာဖြစ်ပြီး Q100ကတော့ မူရင်းတန်ဖိုးအတိုင်းပဲ ဖြစ်သွားမှာပါ။ အောက်မှာတော့ နမူနာအနေနဲ့ အချို့သော quality matrix တွေကို ဖော်ပြပေးထားပါတယ်။

ဖိုင်ပမာဏကို လျှော့ချတဲ့နေရာမှာ အောက်ပါ အချက်နှစ်ချက်ကို အသုံးပြုပြီး လျှော့ချသွားတာပါ။
(က) ဖိုင်ပမာဏလျှော့ချသော်လည်း မူရင်းပုံမှာ ပါဝင်နှုန်းမြင့်မားတဲ့ coefficientsတွေကို ဆက်လက်ထိန်းသိမ်းသွားခြင်း၊
(ခ) coefficient တွေရဲ့ မူရင်းတန်ဖိုးဟာ သုညနားကို ကပ်နေရင်တော့ တန်ဖိုးကို လုံးဝ သုညအဖြစ် သတ်မှတ်လိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဖိုင်ပမာဏလျှော့ချတဲ့ ပုံသေနည်းကတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။


သဘောတရားကတော့ တတိယအဆင့်မှာ ကျွန်တော်တို့ ရရှိထားတဲ့ DCT matrix ကိုတည်ပြီး ကိုယ်လိုချင်တဲ့ ကွာလတီအတိုင်း ပုံသေဖြစ်တဲ့ quality matrix နဲ့ matrix စားနည်းအတိုင်း စားလိုက်တာဖြစ်ပါတယ်။
ဥပမာအနေနဲ့ ကျွန်တော်တို့ တတိယအဆင့်မှာ ရရှိထားတဲ့ ၈x၈ matrix ကို Q50 matrix နဲ့ quantisation ပြုလုပ်တဲ့အခါ အောက်ပါ matrix ကို ရရှိမှာပါ။
အထက်ဖော်ပြပါ (က)နဲ့ (ခ) အချက်နှစ်ချက်အတိုင်းပဲ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ဂဏန်းတွေကို ဒဿမကိန်းတွေဖြုတ်ချပြီး တန်ဖိုးများအတိုင်း ထိန်းသိမ်းယူဆောင်ပါတယ်။ သုညနားနီးတဲ့ ကိန်းဂဏန်းတွေကိုတော့ လုံးလုံး သုညအဖြစ် လျှော့ချလိုက်တာကို တွေ့ရမှာပါ။
ဒီနေရာမှာတော့ User အသုံးပြုချင်တဲ့ quality matrix အလိုက် Q10 ဆိုရင်တော့ သုညကိန်းတွေ အများကြီးတွေ့ရမှာဖြစ်ပြီး Q90ဆိုရင်တော့ သုညကိန်းတွေကို အနည်းငယ်ပဲ တွေ့ရလိမ့်မယ်ဖြစ်ပါတယ်။
ဒါဆိုရင်တော့ အဆင့်(၄)ကို အောင်မြင်စွာ ပြုလုပ်ပြီးစီးသွားလို့ အဆင့်၅ codeများအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ပြီဖြစ်ပါတယ်။

(င) code များ အဖြစ် ပြောင်းလဲသတ်မှတ်ကာ ကာလာများ ပြန်လည်ဖြည့်သွင်းခြင်း


အဆင့်(၄)မှ ရရှိလာတဲ့ coefficientsတွေကို ကျွန်တော်တို့အနေနဲ့ ကွန်ပြူတာမှ နားလည်သော binary codeများ အဖြစ် coding လုပ်ရပါမယ်။
JPEG compression လုပ်တဲ့နေရာမှာ များသောအားဖြင့်တော့ Huffman encode နည်းကိုပဲ အများဆုံး သုံးကြပါတယ်။
အထက်အဆင့်ကနေ ရလာတဲ့ coefficients ကိန်းဂဏန်းတွေအတွက် Huffman encode မှာ binary codeတွေ ရရှိအောင် ပြုလုပ်ရတာပဲဖြစ်ပါတယ်။ ဆိုကြပါစို့၊ ရိုးရိုးကိန်းဂဏန်း 4 အတွက် binaryမှာ 11 ဖြစ်ပါတယ်။ အဲဒီသဘောပါပဲ။
Huffman coding ကို အကျယ်ရှင်းနေရင် တအားရှည်သွားမှာမို့ အောက်ဖော်ပြပါပုံလေးကိုပဲ နမူနာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
သည်လိုမျိုး encodingလုပ်တဲ့နေရာမှာ JPEG compression ဟာ ziz-zag နည်းကို အသုံးပြုပါတယ်။ အောက်ပါအတိုင်း encodingလုပ်သွားတာ ဖြစ်ပါတယ်။
ဘာကြောင့် ziz-zagနည်းကို သုံးရသလဲ ကျွန်တော့်အထင်ပြောရရင်တော့ အပေါ်အဆင့်မှ ကျွန်တော်တို့ ရရှိခဲ့တဲ့ C matrixမှာ တွေ့ရှိရတဲ့ ဇီးရိုးတွေကြောင့်ပဲလို့ ထင်မြင်မိပါတယ်။
တကယ်တော့ သည်အဆင့်ပြီးသွားတဲ့ JPEG compression ဟာ အောင်မြင်ပြီးဆုံးသွားခဲ့ပါပြီ။ သို့သော် ကျွန်တော်တို့အနေနဲ့ ကုဒ်တွေကိုပဲ ရရှိနေသေးပြီး ပုံအဖြစ် ပြန်မမြင်ရနိုင်သေးပါဘူး။
ဒါကြောင့် display screen (ကွန်ပြူတာမော်နီတာscreenဖြစ်စေ၊ မိုဘိုင်းဖုန်းscreenဖြစ်စေ) မှာ Imageအဖြစ် ပြန်လည် ဖော်ပြပေးဖို့ရန်အတွက် decompression လုပ်ပေးဖို့ ပြန်လိုလာပါတယ်။
ရရှိတဲ့ကုဒ်တွေကို ကာလာအဖြစ် ပြန်လည်ပြောင်းလဲပေးဖို့ပါ။
ကျွန်တော်တို့ compressionလုပ်စဉ်မှာ ဆောင်ရွက်ခဲ့ရတဲ့ အဆင့်ငါးဆင့်ကို ပြောင်းပြန် ပြန်လုပ်တဲ့သဘောပါပဲ။ အဲဒါကြောင့် အကျယ်ရှင်းစရာမလိုတော့ဘူးထင်ပါတယ်။ အသုံးပြုတဲ့ ပုံသေနည်းတွေကိုတော့ ကျွန်တော် ဖော်ပြပေးသွားပါမယ်။
အစောက ရရှိခဲ့တဲ့ binary codeတွေကို C matrixအဖြစ် ပြန်လည် အသက်သွင်းပါမယ်။
ပြီးရင် R matrix ကို တည်ဆောက်ရပါမယ်။ ပုံသေနည်းကတော့ အောက်ပါအတိုင်းပါ။
ဆိုကြပါစို့။ codeဖြေအပြီး ပြန်လည်ရရှိတဲ့ C matrixကို ကျွန်တော်တို့အသုံးပြုခဲ့ quality matrixနဲ့ ပြန်မြှောက်ပေးတာပါ။ Q10သုံးခဲ့ရင်Q10 ၊ Q50သုံးခဲ့ရင် Q50ပေါ့လေ။
အဲဒါဆိုရင် ဥပမာအနေနဲ့ ကျွန်တော်တို့ အောက်ပါmatrixကို ရရှိပါပြီ။
ဒါရပြီးရင်တော့ Inverse DCTနည်းနဲ့ နောက်matrixတစ်ခု ပြောင်းယူရပါဦးမယ်။ ပုံသေနည်းကတော့ အောက်ပါအတိုင်းပါ။
တီဆိုတာ ဘာmatrixလဲ၊ တီပရိုင်းဆိုတာ ဘာ matrixလဲ ဆိုတာ မေ့သွားရင်တော့ တတိယအဆင့်ကို ပြန်ကြည့်ပေးပါနော်။
ကဲ နောက်ဆုံး N matrix ရပြီဆိုရင်ဖြင့် ကျွန်တော်တို့ဟာ color codeတွေ ပြန်လည်ရရှိပြီဖြစ်ပါတယ်။ display screen မှာ image အဖြစ် ပြန်လည်ဖော်ပြနိုင်ဖို့ ကာလာအရောင်များအဖြစ် ပြန်လည်ရေးသွင်းရုံပဲ ဖြစ်ပါတယ်။
JPEG compression လုပ်ခြင်းဖြင့် ဖိုင်ဆိုဒ်လျော့ကျသွားကြောင်းကိုတော့ အောက်ပါ matrix နှစ်ခုကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သိသာသွားပြီဖြစ်ပါတယ်ခင်ဗျာ။
အနည်းဆုံးအနေနဲ့ compression လုပ်ထားတဲ့ပုံဟာ မူရင်းပုံထက် ခုနစ်ဆယ်ရာခိုင်နှုန်း ဖိုင်ဆိုဒ်လျော့နည်းသွားပြီဖြစ်ပါတယ်။
သည်လို အဆင့်ပေါင်းမြောက်မြားစွာကို ဖြတ်ကျော်ပြီးမှသာလျှင် ကျွန်တော်တို့ဟာ quality သိသိသာသာမလျော့ကျသော်လည်း ဖိုင်ဆိုဒ်သိသိသာသာလျှော့ချပေးနိုင်သော JPEG type ဖြစ်တဲ့ ဓာတ်ပုံများကို ရရှိခြင်းဖြစ်ကြောင်းပါခင်ဗျား။

ပြီးဆုံးသည်အထိ သည်းခံပြီး ဖတ်ရှုပေးခဲ့ကြသူအပေါင်းအား ကျေးဇူးအထူးတင်ရှိပါသည်။

ကိုးကား
(၁) Image compression and discrete cosine transform – Ken Cabeen and Peter gent
(၄) An Introduction to Image Compression - Speaker: Wei-Yi Wei
      Advisor: Jian-Jung Ding
      Digital Image and Signal Processing Lab
                                                               GICE, National Taiwan University


Wednesday, January 8, 2014

လည်ပြန်ခလုတ်တိုက်အလွမ်းများ


အသိုက်က ထွက်လာတဲ့
အပျံသင် ငှက်တစ်ကောင်အတွက်တော့
လေပြေတိုက်ချိန်ဆိုတာ ခပ်ရှားရှားပဲ
လေပြင်းမိလိုက်
မိုးရေထိလိုက်
နှင်းခဲရိုက်လိုက်
နေပူကျဲတဲထဲမှာလဲ နားခိုစရာအသိုက်ကို ရှာမတွေ့ပြန်ဘူး
ရင်မောစရာတွေကြုံတိုင်း
အတိတ်ကို လည်ပြန်ကြည့်မိတဲ့အခါ
အလွမ်းတွေနဲ့ ခဏခဏ ခလုတ်တိုက်မိရဲ့
တစ်ချိန်က မာတယ် ထင်တဲ့ ကိုယ့်အသည်း
ခုမှ လွမ်းတတ်နေတယ်
ပြက္ခဒိန်စာမျက်နှာတစ်ရွက် လှန်လိုက်တိုင်း
ဒိုင်ယာရီစာမျက်နှာတစ်ရွက်ကို ပြန်လွမ်းတယ်
ငယ်ငယ်က ဘောလုံးနဲ့ တအုံးအုံးကန်ခဲ့ဖူးတဲ့
အုတ်နံရံကြီးကိုလဲ ပြန်လွမ်းတယ်
ဆေးလိပ်ခိုးသောက်ခဲ့ဖူးတဲ့ ချောင်ကလေးကိုလဲ လွမ်းတယ်
ထန်းရည်အတူသောက်ဖူးတဲ့ မဲကြီးကိုလဲ လွမ်းတယ်
ရွာရိုးကိုးပေါက် လျှောက်နင်းဖူးတဲ့
မောင်ဗမာဘီးကြီးကိုလဲ လွမ်းတယ်
ပြီးတော့
ကျောင်းပြန်ချိန်တိုင်း ငါ ဆွဲကူပေးဖူးတဲ့
နင့် ခြင်းတောင်းအပြာလေးကိုလဲ လွမ်းတယ်



Sunday, January 5, 2014

JPEG ဆိုတာ ဘာလဲ (၃)



(ဂ) DCT (descrete cosine transform) နည်းဖြင့် ပြောင်းလဲခြင်း

ပုံကို downsample လုပ်ပြီးတဲ့အခါမှာ ရလာတဲ့ တန်ဖိုးတွေကို DCT နည်းနဲ့ matrixရအောင် ပြောင်းယူရပါတယ်။
DCTဆိုတာကို ရှင်းပြရင်တော့ သင်္ချာပိုင်းတွေကို ရောက်သွားမှာဖြစ်ပြီး တော်တော်လေး ရှည်ရှည်ဝေးဝေးဖြစ်သွားမှာမို့ အကြမ်းဖျင်းပဲ ပြောပါမယ်။ (သင်္ချာပိုင်းတွေက ခက်ခဲပြီး ကျွန်တော် သိပ်နားမလည်တာလဲ ပါပါတယ်။) နောက်ပြီး သင်္ချာပိုင်းတွေကို အတိအကျသိစရာမလိုတဲ့အတွက်လဲ အဲဒီအပိုင်းကို ခေါင်းထဲထည့်စရာမလိုပါဘူး။ matrix သင်္ချာကို နားလည်ရင် ရပါပြီ။ (matrixသင်္ချာနားလည်ဖို့တော့ လိုကိုလိုပါမယ်။)
ကျွန်တော်နားလည်သလို အလွယ်နည်းအတိုင်းပဲ ကျွန်တော်ဆက်ရှင်းသွားပါမယ်နော်။
အထက်အဆင့်တွေမှာ pixelတစ်ခုချင်းစီအတွက် YCbCr componentsတွေနဲ့ downsample လုပ်ပြီးခဲ့ပါပြီ။ အဲဒီနောက် ရရှိလာတဲ့ pixelတစ်ကွက်ချင်းစီကို 8x8 blockများ အဖြစ် ဖန်တီးလိုက်ပါတယ်။ 8x8 ဘလော့ကွက်ဆိုတာကတော့ အောက်ကပုံအတိုင်းပါ။


အလျားလိုက် အကွက်ရှစ်ကွက်၊ ဒေါင်လိုက် အကွက်ရှစ်ကွက် ပုံစံ၊ စုစုပေါင်း ခြောက်ဆယ့်လေးကွက် ရှိပါမယ်။
ဒီလိုလုပ်ရတာကတော့ matrix လိုချင်လို့ပါ။ 8x8 block ဖြစ်တဲ့အတွက် matrix ကလည်း 8x8 matrix ပဲ ဖြစ်ပါမယ်။
ရလာတဲ့အကွက်တွေမှာ တစ်ကွက်ချင်းစီတိုင်းအတွက် တန်ဖိုးတွေရှိပါတယ်။ အထက်အဆင့်တွေက ရရှိထားတဲ့ အလင်းအမှောင်အရောင်ဆိုတဲ့ တန်ဖိုးတွေပေါ့။ နားလည်လွယ်သွားအောင် ဥပမာတစ်ခုထားပြီး ကျွန်တော်ပြသွားချင်ပါတယ်။ မူရင်းပုံသေနည်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီပုံသေနည်းဖတ်ရုံနဲ့ ကျွန်တော်နားမလည်ခဲ့ဘဲ ဥပမာတစ်ခုကြည့်ရင်းနဲ့သာ နားလည်ခဲ့တာမို့ပါ။


အထက်ဖော်ပြပါပုံဟာ DCT matrix ရယူတဲ့ ပုံသေနည်းတစ်ခုပါပဲ။ ကျွန်တော်ကတော့ အဲဒီပုံသေနည်းနဲ့ နားမလည်ခဲ့တာမို့ တခြားနားလည်ခဲ့တဲ့ပုံသေနည်းနဲ့ ရှင်းပြချင်ပါတယ်။
အရင်ဆုံး ကျွန်တော် T matrix ကို လိုအပ်ပါတယ်။ T matrix ရယူနိုင်မယ့် ပုံသေနည်းကတော့


T matrix က ဘာလဲဆိုရင် T matrixလို့ပဲ သိထားတာ ပိုကောင်းပါတယ်။ သူက DCTလုပ်တဲ့အခါ လိုအပ်တဲ့ D matrix တွက်ချက်တဲ့နေရာမှာ လိုအပ်တဲ့ matrixတစ်ခုပါ။
ပုံသေနည်းထဲက Nဆိုတဲ့ နေရာမှာ ကျွန်တော်တို့ အပေါ်က ခွဲခဲ့တဲ့ blockက ဂဏန်းကို ယူပါတယ်။ 8x8 ဖြစ်တဲ့အတွက် 8ကို ယူပါတယ်။ i ဟာ ရလာမယ့် matrixရဲ့ ဒေါင်လိုက် နံပါတ်ဂဏန်းဖြစ်ပြီး j ကတော့ အလျားလိုက် နံပါတ်ဖြစ်ပါတယ်။


ဖော်ပြပါပုံမှာ ရှေ့ဂဏန်းသည် i ကို ကိုယ်စားပြုပြီး နောက်ဂဏန်းသည် j ကို ကိုယ်စားပြုပါတယ်။
အထက်က ဖော်ပြထားတဲ့ T ပုံသေနည်းအတိုင်း ထည့်တွက်လိုက်တဲ့အခါ အောက်ပါ matrix ကို ရရှိပါတယ်။


ရရှိလာတဲ့ T matrixကို သိမ်းထားပြီး ကျွန်တော်တို့ downsampleလုပ်ထားတဲ့ pixelတစ်ခုချင်းစီအလိုက် ခွဲထားသော 8x8 blockအတိုင်း ရရှိထားတဲ့ တန်ဖိုးတွေကို အောက်ပါ 8x8 matrix ထဲမှာ ရှိနေပါတယ်။ ဒီနေရာမှာ မူရင်းရိုက်ယူထားတဲ့ ပုံနဲ့ ကိုယ်ရယူမယ့် pixelနေရာကို လိုက်ပြီး တန်ဖိုးတွေက အပြောင်းအလဲ ရှိနေမှာဖြစ်ပါတယ်။ အောက်ဖော်ပြပါ matrixဟာ နမူနာတစ်ခုစာသာ ဖြစ်ပါတယ်။


ဒီ မူရင်းတန်ဖိုး matrixကနေ M matrix ရရှိအောင် တွက်ယူရပါမယ်။ M matrix ဆိုတာကလည်း D matrix ရအောင် တွက်ဖို့ လိုအပ်တဲ့ matrixတစ်ခုပါပဲ။
M matrix ကို ရဖို့ရန် မူရင်းတန်ဖိုး matrixထဲကနေ 128 ကို နှုတ်ပေးသွားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသုံးပြုထားတာဟာ 8x8 block ဖြစ်တဲ့အတွက်ကြောင့် digital နည်းအရ နှစ် ရှစ်ထပ် ဟာ 256 နဲ့ ညီမျှပြီး 256ကို အပေါင်းနဲ့ အနှုတ် အညီအမျှခွဲဝေလိုက်တဲ့အခါ -128 ကနေ 127အထိ ရပါတယ်။ 0ကိုလည်း အပေါင်းဂဏန်းအဖြစ် ထည့်တွက်ထားပါတယ်။ M matrixကို တွက်တဲ့အခါ အထဲမှ ဂဏန်းတိုင်းဟာ သည်အတိုင်းအတာအတွင်းမှာပဲ ရှိနေရမှာဖြစ်တဲ့အတွက် အားလုံးကို အညီအမျှ 128နဲ့ နှုတ်လိုက်ခြင်းပါပဲ။ ဒါကြောင့် M matrixဟာ အောက်ပါအတိုင်း ဖြစ်သွားပါတယ်။


M matrix ကို ရရှိတဲ့အခါ ကျွန်တော်တို့ D matrixကို ဆက်တွက်လို့ရပါပြီ။
အောက်ပါ ပုံသေနည်းအတိုင်း တွက်နိုင်ပါတယ်။


ပုံသေနည်းထဲက နောက်ဆုံး T အပေါ်က မျဉ်းကြောင်းလေးနဲ့ အက္ခရာဟာ တီပရိုင်းလို့ ခေါ်ပြီး Inverse matrix ဖြစ်ပါတယ်။ ကျွန်တော်တို့ အစောပိုင်းက တွက်ချက်ရရှိထားတဲ့ T matrixကို ပြောင်းပြန် (Inverse) ယူလိုက်တာပါ။ ပုံမှန်သင်္ချာတွက်နည်းလို 23ကို 32လို့ ယူလိုက်တာမဟုတ်ဘဲ Inverse matrixတွက်နည်းဟာ matrix သင်္ချာမှာ တွက်နည်းသက်သက်ရှိတာမို့ အရှည်မရှင်းတော့ပါဘူး။ Inverse matrixတွက်နည်းနဲ့ တွက်ယူလိုက်တယ်လို့ သိထားရင် ဖြစ်ပါတယ်။ နောက်ပြီး ပုံသေနည်းပါ တီ၊ အမ်မ် နဲ့ တီပရိုင်းတို့ဟာ အချင်းချင်းမြှောက်ထားကြတာဖြစ်ပြီး matrixသင်္ချာမှ matrixမြှောက်နည်းနဲ့ပဲ မြှောက်ကြရတာပါ။ ဒီဘက်ခေတ်မှာ mathcadလို ဆော့ဖ်ဝဲလ်တွေနဲ့ အလွယ်တွက်နိုင်နေပြီလဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ D matrixကို အထက်ပါပုံသေနည်းအတိုင်း ထည့်တွက်လိုက်ရင်ဖြင့် လိုအပ်သော matrixကို DCTနည်းနှင့် တွက်ချက်ရရှိခြင်းပဲ ဖြစ်ပါတယ်။


.
ဆက်ရန်...



Saturday, January 4, 2014

JPEG ဆိုတာ ဘာလဲ (၂)


JPEG ရရှိရန် လုပ်ဆောင်ပုံအဆင့်ဆင့်

JPEGရရှိဖို့ compression လုပ်တဲ့အခါ ပညာရှင်တစ်ဦးနဲ့ တစ်ဦး အဆင့်သတ်မှတ်တာခြင်း မတူညီကြပါဘူး။ အနည်းဆုံးအနေနဲ့တော့ အဆင့်ငါးဆင့် ရှိပါတယ်။
(က) မူရင်းပုံတွင် ပါရှိသော RGBကာလာများကို YCbCr ကာလာများအဖြစ် ပြောင်းလဲခြင်း။
(ခ) ရရှိသော YCbCrများကို downsample ပြုလုပ်ခြင်း။
(ဂ) DCT (descrete cosine transform) နည်းဖြင့် ပြောင်းလဲခြင်း။
(ဃ) quantisation ပြုလုပ်ခြင်း။
(င) code များ အဖြစ် ပြောင်းလဲသတ်မှတ်ကာ ကာလာများ ပြန်လည်ဖြည့်သွင်းခြင်းဖြစ်ပါတယ်။
ဒီအဆင့်တွေကို အဆင့်ဆင့်လုပ်ဆောင်ပြီးသွားရင်တော့ JPEG image တစ်ခုကို ရရှိပြီဖြစ်ပါတယ်။

(က) မူရင်းပုံတွင် ပါရှိသော RGBကာလာများကို YCbCr ကာလာများအဖြစ် ပြောင်းလဲခြင်း

အရင်ဆုံးအနေနဲ့ RGB ဆိုတာ ဘာလဲ သိဖို့လိုပါမယ်။ Rဆိုတာ red-အနီရောင်၊ Gဆိုတာ green-အစိမ်းရောင် နဲ့ Bဆိုတာကတော့ blue-အပြာရောင်တို့ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံမှာ ပါတဲ့ အရောင်အားလုံးဟာ သည်အရောင်တွေကို အခြေခံပြီး ကွဲပြားသွားတာဖြစ်ပါတယ်။ ဆိုကြပါစို့။ အ၀ါရောင်ကို လိုချင်တယ်ဆိုရင် အနီရောင်နဲ့ အစိမ်းရောင်ကို စပ်ရပါတယ်။ ဒါကို ပန်းချီဆရာတွေနဲ့ ဓာတ်ပုံဆရာတွေ ပိုသိပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီသုံးရောင်ကို စပ်ခြင်းဖြင့် အခြားအရောင်တွေ ရတယ်ဆိုတာလောက်ပဲ သိပါတယ်။ RGBအခြေခံကာလာများအဖြစ် သတ်မှတ်ထားခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ electronic နဲ့ digital စနစ်တွေမှာ ကာလာများကို အာရုံခံဖို့နဲ့ ပုံရိပ်အဖြစ်ဖော်ပြနိုင်ဖို့ သတ်မှတ်ထားတာပါ။

RGB ကာလာ ရောစပ်ခြင်းပုံ

ရယူထားတဲ့ ပုံတစ်ပုံရဲ့ ကာလာဖွဲ့စည်းပုံမှာ RGB components (ပါဝင်သောအစိတ်အပိုင်းများ) ဘယ်လောက်ပါလဲဆိုတာ အရင်စစ်ဆေးပြီး အဲဒီ RGB components တွေကို YCbCr components များအဖြစ် ပြောင်းလဲပစ်ရပါတယ်။ YCbCrအစား တချို့က YUV components များအဖြစ် ပြောင်းလဲတဲ့နည်းကိုလည်း သုံးကြပါတယ်။
ဘယ်လိုပြောင်းလဲသလဲဆိုတော့ အောက်ပါပုံသေနည်းတွေနဲ့ ပြောင်းလဲနိုင်ပါတယ်။ အောက်ပါပုံသေနည်းတွေဟာ ဒဿမတစ်နေရာစာအတွက်ပဲ ဖြတ်ထားတာမို့ ပိုအသေးစိတ်လိုတဲ့အခါ ဒဿမငါးလုံးခြောက်လုံးလောက်ထိဖြတ်ထားတဲ့ ပုံသေနည်းတွေလဲ ရှိပါတယ်။
Y = 0.3R + 0.6G + 0.1B
U = B – Y
V = R – Y
Cb = U/2+0.5
Cr = V/1.6+0.5
ဒီYUV တို့၊ YCbCrတို့ဟာ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းတွေလို မျိုးမှာလည်း သုံးပါတယ်။ ကာလာအတွက် standard တစ်ခုဆိုပါတော့။
YCbCrဆိုတာ တကယ်တော့ တစ်ခုက အလင်းအမှောင်တောက်ပမှုကို ကိုယ်စားပြုပြီး၊ နောက်နှစ်ခုက အရောင်များကို ကိုယ်စားပြုပါတယ်။ အလင်းအမှောင်တောက်ပမှုဆိုတာ အဖြူအမည်းကိုယ်စားပြုခြင်းလို့လဲ ယူဆနိုင်ပါတယ်။
အဲဒီYCbCrပါဝင်မှုကိုတော့ အသုံးပြုတဲ့ ကိရိယာ(ဥပမာ ကင်မရာ)ရဲ့ pixelပေါ်မူတည် သတ်မှတ်ပါတယ်။ pixel တစ်ခုမှာ YCbCrဘယ်လောက်ပါဝင်သလဲ ခွဲခြားသတ်မှတ်ပါတယ်။ ဥပမာ 64pixel ရှိတယ်ဆိုရင် ခြောက်ဆယ့်လေးကွက်ခွဲပြီး YCbCrကို သပ်သပ်စီ သတ်မှတ်ခြင်းဖြစ်ပါတယ်။
(ကင်မရာတွေမှာ pixelများလေ၊ ကောင်းလေပဲလို့ ပြောကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံရဲ့ တောက်ပမှုနဲ့ကာလာပါဝင်တွေဖြစ်တဲ့ YCbCrကို pixelပေါ် မူတည်ပြီး သတ်မှတ်လို့ပါပဲ။ pixelများလေ၊ မူရင်းပုံရဲ့ တောက်ပမှုနဲ့ကာလာပါဝင်မှုကို ပိုမိုခွဲခြားနိုင်လေ၊ ရရှိလာတဲ့ ဓာတ်ပုံက ပိုမိုကြည်လင်ပြတ်သားလေပဲပေါ့။)

ကင်မရာမှာ ပါဝင်သော pixelအတိုင်း pixelများ အကွက်လိုက်ခွဲထားတဲ့ပုံပါ။ အကွက်တစ်ကွက်ကို Pixel တစ်ခုဖြစ်ပါတယ်။
Pixelတစ်ခုချင်းစီအလိုက် RGBတွက်ချက်ပြီး YCbCr componentsများ ဘယ်လောက်ပမာဏရှိမလဲ သတ်မှတ်နိုင်ပြီဆိုရင်တော့ ဒုတိယအဆင့်ကို တက်လို့ရပါပြီ။

(ခ) ရရှိသော YCbCrများကို downsample ပြုလုပ်ခြင်း

ဒုတိယအဆင့်ကတော့ ပထမအဆင့်မှ တွက်ချက်ရရှိထားတဲ့ YCbCr componentsများကို downsampling လုပ်ခြင်းပါပဲ။ Downsampleလုပ်တာဟာ မူရင်းပုံရဲ့ ပမာဏကို qualityသိသိသာသာမလျော့ကျစေဘဲ လျှော့ချတဲ့အဆင့်တစ်ခုလဲ ဖြစ်ပါတယ်။
လူသားရဲ့မျက်လုံးဟာ CbCr components တွေမှာ အပြောင်းအလဲဖြစ်သွားတယ်ဆိုတာထက် Y မှာ အပြောင်းအလဲဖြစ်သွားတာကို ပိုသတိထားမိတတ်ပါတယ်။ မြန်မာလို အလွယ်ပြောရမယ်ဆိုရင်တော့ ပုံတစ်ပုံမှာ ကာလာတွေတိုးလာတာ လျော့သွားတာထက် အဖြူပိုများလာတာ၊ အနက်ပိုများလာတာကို လူ့မျက်လုံးက ပိုပြီး သိမြင်ခွဲခြားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။
ဒါကြောင့် pixelတွေကို downsample လုပ်တဲ့အခါ Yတန်ဖိုးကို pixel တစ်ခုချင်းစီမှာ မူလတွက်ချက်ရရှိထားတဲ့ တန်ဖိုးအတိုင်းပဲ ထားပြီး CbCrတွေကိုပဲ သက်ဆိုင်ရာ အချိုးအလိုက် လျှော့ချသွားတာကို လုပ်ကြပါတယ်။
ဒီလို YCbCr အချိုးအစားတွေဟာလဲ သူ့ဘာသာ သတ်မှတ်ချက်တွေရှိပါတယ်။ 4:4:4၊ 4:2:2၊ 4:1:1 စသဖြင့်ပေါ့လေ။ 4:4:4 ကတော့ မူလအချိုးအစားအတိုင်း pixelတွေမှာ သက်ဆိုင်ရာ componentsတန်ဖိုးတွေ လျှော့ချခြင်း မရှိဘူးဆိုတဲ့ သဘောပေါ့။ ကျန်တဲ့ အချိုးတွေကတော့ လျှော့ချသွားတယ်ဆိုတာ တွေ့နိုင်ပါတယ်။
4:2:2 ကတော့ Y လေးခု (pixel လေးခု)တိုင်းမှာ Yက လေးခု၊ Cbက နှစ်ခုနဲ့ Crက နှစ်ခုပဲ ရှိတယ်ဆိုတဲ့ သဘောပါ။ ကျန်တဲ့ နှစ်ခုစီကို လျှော့ချသွားတဲ့ သဘောပေါ့။
4:1:1 ကတော့ Y လေးခု (pixel လေးခု)တိုင်းမှာ Yက လေးခု၊ Cbက နှစ်ခုနဲ့ Crက တစ်ခုပဲ ရှိတယ်ဆိုတဲ့ သဘောပါ။ ကျန်တဲ့ သုံးခုစီကို လျှော့ချသွားတဲ့ သဘောပေါ့။
အချိုးအစားများကတော့ ကြိုက်နှစ်သက်သလို လျှော့ချနိုင်ပါတယ်။ 4:2:1၊ 4:2:0 စသဖြင့်လဲ လျှော့ချလို့ ရနိုင်ပါတယ်။
အောက်မှာ သက်ဆိုင်ရာအချိုးအစားလိုက် လျှော့ချပုံများကို နားလည်စေရန် ပုံနဲ့ ဖော်ပြထားပါတယ်။



ဆက်ရန်...


Friday, January 3, 2014

JPEG ဆိုတာ ဘာလဲ (၁)


JPEG ဆိုတာ ဘာလဲ


JPEG ဆိုတာ ဘာလဲ။

ကွန်ပြူတာသုံးတဲ့သူတိုင်း ရင်းနှီးတဲ့ နာမည်လေးတစ်ခုပါပဲ။
JPEG ဆိုတာ ဓာတ်ပုံပေါ့။ ဒီထက်ပိုပြောရရင် JPEG ဆိုတာ ဓာတ်ပုံဖောမတ်(Format) တစ်ခုပေါ့။ JPG လို့လဲ လူအများက သိကြပါတယ်။ ဓာတ်ပုံတစ်ပုံကို right click ထောက်ပြီး properties ကို နှိပ်ကြည့်လိုက်မယ်ဆိုရင် (JPEG image) .jpg ဆိုပြီး တွေ့ပါလိမ့်မယ်။ ဓာတ်ပုံဖိုင်သိမ်းတဲ့နေရာမှာ သုံးတဲ့ ဖောမတ်တစ်မျိုးပါပဲ။ တချို့ပုံတွေမှာဆို .png သို့မဟုတ် .gif စသဖြင့် တွေ့ဖူးပါလိမ့်မယ်။ အဲဒါတွေကတော့ JPEG(.jpg) မဟုတ်တဲ့ တခြားဓာတ်ပုံဖိုင်ဖောမတ်တွေပေါ့။
ဓာတ်ပုံဖိုင်ဖောမတ်တစ်ခုပဲ။ ဘာများထူးဆန်းလို့လဲ။
ဟုတ်ကဲ့။ သာမန်ပဲ တွေးကြည့်မယ်ဆိုရင် ဘာမှတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီဓာတ်ပုံဖိုင်ဖောမတ်ကို ဘာကြောင့်ဘယ်လိုသတ်မှတ်ရရှိခဲ့သလဲဆိုတာကို ဆက်တွေးမယ်ဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းသွားပြီပေါ့။
ဓာတ်ပုံကို ဓာတ်ပုံလို့ပဲ ဖိုင်ဖောမတ်ပေးလို့မရဘူးလား။ ဥပမာ (.image) ပေါ့ဗျာ။ ဟုတ်ကဲ့။ မရလို့ပဲ ဒီလိုမျိုး ဖိုင်ဖောမတ်အမျိုးမျိုး ဖြစ်ပေါ်လာရတာပေါ့။
ဘာကြောင့် မရတာလဲ။
ဖောမတ်(format)ဆိုတာကို မြန်မာလို အဓိပ္ပါယ်ပြန်ကြည့်မယ်ဆိုရင် ပုံစံအချိုးအစားပါတဲ့။ ဖောမတ်အမျိုးမျိုးကွဲပြားရခြင်းဟာ သူတို့မှာ ပါဝင်တဲ့ အရာတွေရဲ့ အချိုးအစားတစ်ခုနဲ့တစ်ခု မတူလို့ပါပဲ။
ဒါဖြင့် ဓာတ်ပုံတစ်ပုံမှာ ဘာတွေပါဝင်သလဲ။
ပုံတွေပေါ့။ ဟုတ်ပါတယ်။ ပုံတွေ ပါပါတယ်။ လူပုံ၊ ခွေးပုံ၊ တိမ်ပုံ၊ သဘာဝရှုခင်းပုံ စသဖြင့်ပေါ့လေ။ ဒီထက် အနုစိတ်ကြည့်လိုက်မယ်ဆိုရင်တော့ ပုံတွေကို အရောင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံမှာ အရောင်တွေပါ ပါတယ်။
ဒါကြောင့် ဖိုင်ဖောမတ်မတူခြင်းသည် ဓာတ်ပုံများမှာ ပါဝင်သော အရောင်များရဲ့ အချိုးအစားများ မတူညီလို့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အကြမ်းဖျင်းသိနိုင်ပြီပေါ့။
ကောင်းပြီ။ ဒါဖြင့် JPEGဆိုတဲ့ ဓာတ်ပုံအမျိုးအစားကို ဘယ်လိုများ ဖွဲ့စည်းတည်ဆောက်ထားပါသလဲ။ ကျွန်တော်တို့ လေ့လာကြည့်လိုက်ကြရအောင်လား။

သမိုင်းကြောင်း

ကဲ… ကျွန်တော်သိတာလေးတွေ စပြီးမတင်ပြခင် စကားပလ္လင်ခံချင်တာက ကျွန်တော်ဟာ ဓာတ်ပုံဆရာတစ်ယောက်မဟုတ်လို Photoshop လို ဆော့ဖ်ဝဲလ်တွေလဲ မတတ်ပါဘူး။ ဒီအပိုင်းမှာ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူး။ ဒါပေမယ့် ဘာကြောင့် ခုလိုတင်ပြဆွေးနွေးဖြစ်သလဲ ဆိုတော့ ဒီJPEGအကြောင်း ကျောင်းမှာ ခေါင်းစဉ်ငယ်လေးတစ်ခုအနေနဲ့ သင်ရလို့ပါ။ sensorဆိုတဲ့ အာရုံခံကိရိယာအကြောင်းဘာသာရပ်မှာ ကင်မရာတွေဟာ ပုံရိပ်တွေကို ဘယ်လိုရရှိသလဲ။ ပြီးတော့ ဘယ်လို သိမ်းဆည်းရယူသလဲဆိုတာကို သင်ကြားရင်း ဒီခေါင်းစဉ်လေးကို သိရှိခဲ့ရာက အနည်းအကျဉ်းလေ့လာမိရင်း ပြောပြချင်စိတ်ပေါက်လာလို့ တင်ပြတဲ့သဘောပါပဲ။ ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။ သို့သော် သိသလောက်လေး ပြောသွားပါမယ်။
JPEGဆိုတာ Joint Photographic Experts Group ဆိုတဲ့ နာမည်ကို အစဆုံး စာလုံးတွေယူပြီး အတိုကောက်အဖြစ် သတ်မှတ်ထားတဲ့ နာမည်ပါ။ အဲဒီအဖွဲ့ဟာ ISO (International Standards Organization) မှ ဓာတ်ပုံများရဲ့ standardကို ကမ္ဘာလုံးဆိုင်ရာအနေနဲ့ တညီတညွတ်တည်း သတ်မှတ်နိုင်ဖို့ ဖွဲ့စည်းခဲ့တဲ့ ကော်မတီတစ်ရပ်ဖြစ်ပါတယ်။
တကယ်တော့ ပစ္စည်းတစ်ခုရဲ့ standard ဆိုတာ ရှိသင့်တဲ့၊ ရှိကိုရှိရမယ့် အရာတစ်ခု။ ဒါကြောင့် ပညာရှင်တွေစုစည်းပြီး ကြိုးစားအကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ခုထိ standard သတ်မှတ်ခြင်းအပိုင်းမှာ အကောင်အထည်ဖော်မှုအားနည်းနေသေးတယ်နော်။ ဥပမာ အလေးချိန်မှာတောင် တချို့က ပိဿာချိန်သုံးတယ်၊ တချို့က တင်း၊ တောင်း စသဖြင့် သုံးတယ်၊ တနေရာက ကီလိုဂရမ်သုံးတယ်၊ အမျိုးမျိုးကွဲပြားနေတုန်းပါပဲ။ တောင်ငူခေတ်၊ ဘုရင့်နောင်မင်းတရားကြီးလက်ထက်တုန်းကတောင် တစ်နိုင်ငံလုံး အလေးချိန်ကို တစ်ပြေးညီတည်းဖြစ်အောင် standard သတ်မှတ်ပေးခဲ့နိုင်ပါသေးတယ်။ တကယ်တော်တဲ့ ဘုရင်ပဲနော်။ standardအကြောင်း ဒီခေတ်က လူတွေထက်တောင် နားလည်သေးတယ်။။ ကဲ ဒါတွေ ထားပါတော့။ JPEGအကြောင်း ဆက်ရအောင်။
ဘာကြောင့် ဓာတ်ပုံstandardသတ်မှတ်ဖို့ လိုသလဲဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ စနစ်တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး အသုံးပြုနိုင်တော့ အချိန်ကုန်၊ လူပန်း သက်သာရာရတာပေါ့ဗျာ။
နောက်တစ်ချက်က ဖိုင်သိမ်းဆည်းခြင်းအပိုင်းပါ။ ဓာတ်ပုံတစ်ပုံကို မူရင်းနီးပါး qualityကောင်းကောင်းလိုချင်တယ်ဆိုရင် အရောင်(ကာလာ)ပိုင်းမှာ ကြီးကြီးမားမား ရင်းနှီးဖို့ လိုပါတယ်။ သဘာဝကာလာဖွဲ့စည်းပုံဟာ အင်မတန်မြင့်လွန်းအားကြီးပါတယ်။ ဒါကို digitalပစ္စည်းများနဲ့ ဖမ်းယူတဲ့အခါ မြင့်မားလွန်းတဲ့ ကွာလတီကို အမီလိုက်ဖို့ခက်ပါတယ်။ အနီးကပ်ဆုံးအမီလိုက်တဲ့အခါမှာလဲ ကာလာအချိုးအစားတွေဟာ မြင့်တက်သွားပါတယ်။ ဒါကြောင့် အင်မတန်ကြည်လင်ပြတ်သားပြီး ကြည့်လို့ကောင်းတဲ့ ဓာတ်ပုံဖိုင်တွေကို properties စစ်ကြည့်လိုက်ရင် mega bytes တွေ အတော်များတာတွေ့နိုင်ပါတယ်။
ဒီတော့ ပညာရှင်တွေဟာ qualityလဲ ကောင်းရမယ်၊ ဖိုင်ဆိုဒ်လဲ လျှော့ချနိုင်ရမယ်ဆိုတဲ့ နည်းလမ်းများ ရှာရင်း ဓာတ်ပုံဖောမတ်တွေ ထွက်ပေါ်လာပြီး JPEGဖောမတ်လဲ ပါဝင်လာခဲ့ရတာပဲဖြစ်ပါတယ်။
JPEG ဟာ ဓာတ်ပုံဖောမတ်တွေအထဲမှာ qualityလဲ ကောင်းသလို ဖိုင်ဆိုဒ်လဲ တော်တော်လေး လျှော့ပေးနိုင်လို့ အသုံးများ၊ အကြိုက်တွေ့ကြတဲ့ ဓာတ်ပုံ ဖောမတ်တစ်ခုအဖြစ် ထင်ပေါ်ပါတယ်။

JPEG ရဲ့ algorithm နဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်

Algorithmဆိုတာ မြန်မာလို အလွယ်ပြောရရင်တော့ စနစ်ကျသော လုပ်ငန်းစဉ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ အလုပ်တစ်ခုကို စနစ်တကျလေး သတ်သတ်မှတ်မှတ်လုပ်တဲ့အခါ အချိန်၊ ပစ္စည်း စတဲ့ လေလွင့်မှုတွေ နည်းစေအောင် လုပ်ငန်းစဉ်သတ်မှတ်တဲ့ သဘောပါပဲ။
ဓာတ်ပုံတွေကို လိုချင်တဲ့ ဖိုင်ဖောမတ်ရအောင် လုပ်ရတဲ့ လုပ်ငန်းစဉ်ကို များသောအားဖြင့် compression လုပ်တယ်လို့ ပြောကြပါတယ်။ ဖိသိပ်ချုံ့ခြင်းပဲ ဆိုပါတော့။ ဖိုင်ချုံ့ခြင်းလို့ပဲ ဆိုကြပါစို့။
ဒီလို ဖိုင်ချုံ့(compression)လုပ်တဲ့နေရာမှာ algorithm နှစ်မျိုးရှိပါတယ်။
(က) lossless compression နဲ့
(ခ) lossy compression တို့ ဖြစ်ပါတယ်။
Lossless ဆိုတာက လိုချင်တဲ့ဖိုင်ဖောမတ်ရအောင် လုပ်တဲ့အခါမှာ bit (digital နည်းပညာပိုင်းအရာ ပမာဏကို သတ်မှတ်သော Unit တစ်မျိုး) ကို လျှော့ချပေမယ့် information(ပုံတွင်ပါဝင်သော အရောင်များအသေးစိတ်)ကို မပျောက်ပျက်အောင် လုပ်တဲ့နည်းဖြစ်ပါတယ်။ ဒါပေမယ့် သူက ဖိုင်ပမာဏကို နည်းနည်းပဲ လျှော့ချနိုင်ပါတယ်။
Lossy ဆိုတာကတော့ bitကိုလဲ လျှော့တယ်။ Information ကိုလဲ လျှော့ပါတယ်။ ဒါပေမယ့် မလိုအပ်တဲ့ အရာတွေကိုပဲ လျှော့ချသွားတာဖြစ်ပါတယ်။ (လူ့မျက်လုံးဟာ တချို့အရာတွေကို အာရုံစူးစိုက်မှ မြင်ရတာမျိုးလို အားနည်းချက်တွေရှိပါတယ်။ ဒီအချက်တွေကို နင်းပြီး မလိုအပ်တာတွေ လျှော့ချသွားတာဖြစ်ပါတယ်။) ဒါကြောင့် qualityလဲ ကောင်းသလို ဖိုင်ဆိုဒ်ကိုလဲ တော်တော်လေးလျှော့ချနိုင်ပါတယ်။
JPEGဖိုင်ဖောမတ်ကို lossless compression နဲ့ ဖြစ်စေ၊ lossy compression နဲ့ ဖြစ်စေ ရယူနိုင်ပေမယ့် များသောအားဖြင့် lossy compression အဖြစ်ပဲ အသုံးပြုကြတာကြောင့် နောက်ပိုင်းမှာ JPEGဟာ lossy compression တစ်ခုအနေနဲ့ပဲ လူသိများပါတော့တယ်။

ဆက်ရန်....