ချစ်စကားထာများ
ရှေးခေတ်လူကြီးသူမများ၏ တစ်ဆင့်စကား၊ တစ်ဆင့်နားဖြင့် ကြားရသမျှ စာဟောင်းပေဟောင်းများ၌ ဖတ်ရသမျှ တွေ့ရသမျှတို့တွင် ရှေးလူများသည် လူပျိုလှည့်ရာ၌ စကားထာ၊ စကားဝှက်၊ စကားလိမ် အစရှိသည်များဖြင့် ပုစ္ဆာအမျိုးမျိုးတို့ကို တန်ဆာဆင်ပြီးလျှင် မိမိတို့နှစ်သက်ရာ အပျိုအိမ်များသို့ သွားရောက်ကြပြီး အပြန်အလှန် ဥာဏ်စမ်းလေ့၊ ၀ှက်ဆိုလေ့ ရှိကြသည် ဆို၏။
ဤဓလေ့ထုံးစံများသည် အလွန်သိမ်မွေ့ယဉ်ကျေး၍ ချစ်စရာကောင်းလှပေသည်။
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် အစုလိုက်ဖြစ်စေ ပြိုင်ဆိုင်ကြရာ၌ မည်သူသည် ဗဟုသုတ ကြွယ်ဝသည်၊ မည်သူသည် ပြောရေးဆိုခွင့်တွင် တတ်သိလိမ္မာသည်၊ ယဉ်ကျေးဖွယ်ရာသည်၊ ဥာဏ်ထက်သည်၊ ဖြတ်ထိုးဥာဏ်ကောင်းသည်၊ စိတ်ရှည်သည်၊ စိတ်တိုသည်၊ ဇွဲရှိသည်၊ ဇွတ်ငြင်းသည်၊ သည်းခံစိတ်ရှိသည်၊ အနိုင်ယူလိုစိတ်ရှိသည် စသည်ဖြင့် အကဲခတ်နိုင်သည်ဖြစ်သောကြောင့် ဤရှေးမြန်မာတို့၏ ဓလေ့ထုံးစံတစ်ရပ်သည် ဟောင်းပင်ဟောင်းသော်လည်း ကောင်းလှသည့် မြန်မာမှုတစ်ရပ်ပင် ဖြစ်လေသည်။
များသောအားဖြင့် စကားထာဝှက်ကြသောအချိန်သည် တစ်နေ့တာ၏ လုပ်ငန်းဆောင်တာများ ပြီးစီး၍ အားလပ်သော ညချမ်းချိန်ခါ၊ လူကြီးမိဘများ အိပ်ရာဝင်ချိန်ဖြစ်သည့် သက်ကြီးခေါင်းချချိန်မှစ၍ သန်းခေါင်ကြက်တွန်ချိန်ထိဖြစ်သည်။
စကားဝိုင်းဖွဲ့ကြရာတွင် စကားစပ်ကလည်းဝင်မှ၊ အလည်ရောက်လာသူ ကာလသားကလည်း နှုတ်စရွှင်ပါမှ အိမ်ခံအပျိုများမှ လှိုက်လှိုက်လှဲလှဲနှင့် ဧည့်ဝတ်ပြုလို၊ လက်ခံလိုကြပေသည်။
သို့မဟုတ်လျှင် ဧည့်ခံသူ အပျိုများသည် အလည်လာသူ ကာလသားမပြန်မချင်း တသမ်းသမ်း တဝေေ၀နှင့် တပျင်းရိရိ ဖြစ်နေတတ်ကြ၏။
(၁)တော်တော်ဆိုးတဲ့ကြောင်
ရှေးတုန်းက ကျေးရွာကြီးတစ်ရွာတွင် စိတ်တို၍ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော အပျိုကြီးတစ်ယောက် ရှိသည်။
ထိုအပျိုကြီးကို စုံမက်နှစ်သက်သော လူပျိုကြီးသည် သူငယ်တိတ်ဆိတ်ချိန်မှစ၍ ရောက်လာကာ အပျိုကြီး ရက်ကန်းခတ်နေသည့်နေရာသို့ လာထိုင်လျက် ရက်ကန်းစင်မှာ ထွန်းညှိထားသည့် မီးတိုင်မှ မီးကျီးခဲများကို ဆွပေး၊ ကော်ပေးခြင်းနှင့် ရက်ကန်းစင်မှ ချည်ပြတ်များကို ဆက်ပေးခြင်း စသည်ဖြင့် ကူညီပေးလေ၏။
အပျိုကြီးသည် လူပျိုကြီးအပေါ်တွင် အနည်းငယ် နှစ်သက်တွယ်တာစိတ် ရှိသည့်အတိုင်း လူပျိုကြီး သူ့ထံသို့ ရောက်လာလျှင် ရောက်လာချင်းမှာပင် " ကျွန်းတုံးကြောင်လျှောက် " ဟု ဆီးကြို နှုတ်ဆက်လိုက်လေသည်။
' ကျွန်းတုံးကြောင်လျှောက်၊ လွန်း(လွမ်း)တုန်းမောင်ရောက် ' ဟူသော အဓိပ္ပါယ်ကို မရိပ်မိသော လူပျိုကြီးသည် အလွန်ရိုးအစွာဖြင့် " တော်တော်ဆိုးတဲ့ကြောင်၊ နေရာရှားလိုက်တာ ကျွန်းတုံးပေါ်မှ တက်လျှောက်ရတယ်လို့ " ဟု မြည်တွန်လိုက်လေသည်။
(၂)ညောင်ကန်ကြက်
ဤသို့နှင့် လူပျိုကြီးသည် အခြားသော ကာလသားများနည်းတူ စကားထာဝှက်ခြင်း၊ ပြိုင်ခြင်း အစရှိသည်များနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ခြင်းများကြောင့် အပျိုကြီးသည် လူပျိုကြီးကို ဆက်လက်ဧည့်ခံရန် ပျင်းရိငြီးငွေ့လာသဖြင့် ငိုက်မျဉ်းလာလေ၏။
အပျိုကြီးကလည်း စကားမစ၊ လူပျိုကြီးကလည်း စကားမစနှင့် သန်းခေါင်ကြက်တွန်သံပင် ကြားရချိန်သို့ ရောက်လာသည်။
အပျိုကြီးသည် လူပျိုကြီးပြန်ရန် မည်သို့ပရိယာယ်ဆင်ရပါမည်နည်းဟု အကြံယူနေစဉ်မှာပင် သန်းခေါင်ကြက်တွန်သံကို ကြားလိုက်ရ၍ အပျိုကြီးသည် ခေါင်းထဲသို့ အကြံတစ်ခု ၀င်လာလေသည်။
ထို့ကြောင့် အပျိုကြီးသည် လူပျိုကြီးကို စကား စတင်လိုက်သည်။
" မောင်ကြီးရဲ့၊ ကြက်တွေ တွန်ကုန်ပါရော့လား၊ ဘာကြက်များပါလိမ့်တော်.."
အပျိုကြီး၏ ပရိယာယ်နှင့် မေးလိုက်သည်ကိုလည်း မရိပ်မိ၊ သူ့ကို ပြန်စေလိုသည်ကိုလည်း မသိရှိသော လူပျိုကြီးခမျာသည် အပျိုကြီး၏ မေးခွန်းနှင့် ဆန့်ကျင်ဘက်ကျစွာ ပြန်လည်ဖြေလိုက်သည်ကား-
" ညောင်ကန်ကြက်လား၊ တညင်ကြက်လား၊ တစ်ကောင်ကောင် ဖြစ်တော့မပေါ့" ဟူသတည်း။
အပျိုကြီးသည် လူပျိုကြီး၏ မသိသားဆိုးရွားမှုကို သည်းမခံနိုင်တော့သည့်အပြင် လူကလည်း အိပ်ငိုက်စပြုလာပြီဖြစ်၍ မျက်နှာထားတင်းတင်းထားလျက် လူပျိုကြီး၏မျက်နှာကို လက်ညှိုးနှင့် ငေါက်ငေါက်ထိုးကာ-
" အချိန်ကို သိချင်လို့ မေးတာတော်ရေ့၊ ကိုင်း သိပလား.."
ဟု ခပ်ဆတ်ဆတ်အသံနှင့် တိတိလင်းလင်းကြီး ဖွင့်ပြောလိုက်လေတော့၏။
ဤတွင် လူပျိုကြီးသည် အပျိုကြီး၏ ဒေါသတကြီးနှင့် မျက်နှာကို မြင်လိုက်ရသဖြင့် ဆိုလိုရင်းအဓိပ္ပါယ်ကို ရိပ်မိသိရှိသွားတော့သည့်ပမာ မျက်နှာချိုသာစွာနှင့်-
" သြော် အချိန်ကို မေးတာလား။ သိပါဘူးဗျာ။ မောင်ကြီးက မျိုးရိုးကို မေးတာ မှတ်လို့၊ အချိန်ဆိုရင် ဘာရှိမှာလဲ၊ ဒီကောင့်အသံ သေးသေးလေးရှိသေးတာပဲ။ အလွန်ဆုံး တစ်ပိဿာထက် မပိုပါဘူး" ဟူ၍ ဖြေလိုက်လေသတည်း။
ချစ်စရာကောင်းသည့် အဖိုးထိုက်သော ဓလေ့
ညဘက် လသာသာ၌ ဆန်ဖွပ်ရင်း၊ မောင်းထောင်းရင်း၊ ရက်ကန်းခတ်ရင်း၊ ချည်ငင်ရင်း၊ ၀ါဖန့်ရင်း၊ ဗိုင်းငင်ရင်း၊ မန်ကျည်းသီးထုရင်း၊ တောင်ထန်း သက်ငယ် စလူ အင်ဖက် စသည်များအား အိမ်အမိုးအကာများအတွက် စုဝေးလုပ်ကိုင်ကြရင်းဖြင့် မိမိတို့ရပ်ရွာ၏ ဓလေ့ထုံးစံများအတိုင်း တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသကဲ့သို့ စကားဝှက်များကို အပြိုင်အဆိုင် ၀ှက်ဆိုလေ့ ရှိကြသည်။
ကောက်ရိတ်သိမ်းပြီးချိန်နှင့် စပါးလှေ့ပြီးချိန်၊ တလင်းထဲတွင် စပါးများစုပုံ၍ စပါးလိပ်ပြာ ခေါ်ဆိုချိန် စသည်များ၌လည်း ရပ်ရွာ၏ ကာလသမီး ကာလသားများ စုဝေးလာလေ့ရှိကြချိန်ဖြစ်၍ ဤအချိန်မျိုးတွင်လည်း တစ်ရွာနှင့်တစ်ရွာပင် ချိန်းပွဲများပြုလုပ်၍ စကားဝှက်ပြိုင်ပွဲများ ကျင်းပကြသည်။
ကျေးရွာ၏ ပန်းတောင်ကိုင်အလှ သို့မဟုတ် စကားကြွယ်ဝ၍ ဧည့်ခံကောင်းသူကလေးများ၏ လယ်တလင်းသိမ်းပွဲများဆိုလျှင် စကားဝှက်ပြိုင်ပွဲများသည် ပိုမို၍ စည်ကားလေသည်။
နီးစပ်ရာ လယ်တဲများမှလည်း စုဝေးရောက်လာကြလျက် တပျော်တပါး စကားဝှက်ပြိုင်ပွဲမှ အရှုံးအနိုင်နှင့် ကိုယ်ရည်သွေးကြပုံကို နားထောင်ကြသည်။
တလင်းသိမ်းချိန်သည် ဆောင်တော်ကူးနှင့် ဂမုန်း အင်၊ သဇင်ပန်းတို့ မပြတ်တမ်းပွင့်သည့် ရာသီဖြစ်သည့်အပြင် သရဖီနှင့် မြတ်လေး မပြတ်မွှေးလှသည့် တောစံပယ်နှင့် ပန်းစွယ်တော်တို့ ပွင့်ကြသည်ဖြစ်၍ ကောင်းနိုးရာရာဟု မရွေးချယ်နိုင်ကြတော့။
တွေ့သမျှမရွေး ဖွေးဖွေးမြင်ရာ ဆွတ်ခူးခဲ့ကြသည်မှာ စကားဝှက်ဝိုင်း၌ လုလင်ပျိုရော လုံမပျိုပါ ပန်းများ တောင်လို ပုံနေတော့၏။
ဤပန်းပွင့်များသည် အပင်၌ နောက်တစ်နေ့ပွင့်ရန်ပင် ချန်မှ ထားခဲ့ကြပါမည်လောဟု တွေးတောလောက်အောင်ပင် အငုံရော အဖူးပါ ဆွတ်ခူး၍ လာကြတော့သည်။
တစ်နှစ်ပတ်လုံး ပင်ပန်းလာခဲ့သမျှ၊ တစ်နေ့တာလုံး နွယ်းနယ်လာခဲ့သမျှတို့သည် ဤသို့သော လရောင်တင့်လျှမ်းသည့် ညချမ်းလို ချိန်ခါမျိုးများတွင် သူတို့၏အဖို့ အမောပြေဆေးကလေးများကို ရတတ်ကြသည်။
စိတ်ထဲတွင် သူမသိ ငါပိုး ကျိတ်၍ ပိုးပန်းနေကြရရှာသူအတွက်ရော၊ ချစ်မိသည့်ဝန်ကို တစ်ခွန်း တစ်ပါဒမျှ မဟ၀ံ့ ကြောက်ရွံ့၍ နောက်တွန့်နေကြရသူအတွက်ရော ဤစကားဝှက်ဆိုကြခြင်းသည် ချစ်တင်းစရာ၊ ချစ်တင်းဆိုရာနှင့် ချစ်ကျီစယ်ကြရာကို ဖန်တီးပေးစေလေ၏။
" အမယ်လည်း စိတ်တူ၊ ပျို့သည်းအူ ရွှေနွယ်ရိုး စိုးပိုင်ခဲ့သူ" များအဖို့ ဤစကားဝှက်ခြင်းဓလေ့သည် စိတ်၏လှုပ်ရှားမှုများနှင့် သာယာမှုအရသာလေးများကို ရစေသည်။
ချစ်သူအချင်းချင်း မထေ့တထေ့ ငေါ့လုံးကလေးများနှင့် ကလူကျီစယ်မှုကလေးများသည် မိဘမောင်ဘွားများ၏ မျက်စိအောက်မှာပင် ဖြစ်လင့်ကစား ချစ်သောသူချင်း၏ နှလုံးသားများကို သာယာကြည်နူးစေသည်။
မည်သို့သော မှားယွင်းမှုကိုမျှ ဖန်တီးခွင့်မရသည်ဖြစ်၍ ရှေးလူတို့၏ ဤဓလေ့ထုံးစံသည် မမှားအပ်သော တရားများကို စောင့်ရှောက်ထိန်းသိမ်းကာကွယ်ပေးခြင်းဖြင့် လုလင် လုံမတို့၏ ကိုယ်ကျင့်တရားကိုပါ ပိုမိုကောင်းမွန်စေသည့် အလွန်အဖိုးထိုက်သော မြန်မာမှုတစ်ရပ်ဖြစ်ပေသည်။
( ယနေ့မန္တလေးစာအုပ်တိုက်မှ ထုတ်ဝေသည့် မြန်မာ့ရိုးရာ စကားထာများ စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။ အလွန်ချစ်စဖွယ်ကောင်းသည့် အဖိုးထိုက်သော မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်သော်လည်း ခေတ်ရေစီးကြောင်းတွင် ခပ်ကြမ်းကြမ်း မျောပါသွားခဲ့ပြီဖြစ်သည်။ ခေတ်၏ရေစီးကြောင်း ဟူသည်ကား တားဆီး၍ မရစကောင်း တားဆီးရန် မဖြစ်သင့်ကြောင်း မှန်သော်လည်း ရိုးရာဓလေ့ကို လုံးဝပျောက်ပျက်သွားစေခြင်းသည်လည်း မဖြစ်စကောင်းမို့ ကျွန်တော်တို့ ခေတ်လူငယ်များအနေဖြင့် ကိုယ်တိုင် မကျင့်သုံးလျှင်သော်မှ သိရှိထားနိုင်ကြစေရန် အလို့ငှာ ကြိုးစားလိုက်ပါသည်။)
ီဒီပို့စ်ကိုလာဖတ်လိုက်ရတာ တော်တော် တန်ဖိုးရှိတယ် .. အဖိုးတန်တဲ့ မြန်မာ့ဓလေ့တစ်ခုကို ပြန်အမှတ်ရသွားတာပေါ့
ReplyDelete