နှောင်းခေတ်မြန်မာတွေပြောလေ့ရှိတာက နှစ်ပေါင်း၁၀၀အတွင်းမှာ မြန်မာတွေဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးနှစ်ခု ကြုံခဲ့ရတယ်ဆိုတာပါပဲ။
ပထမတစ်ခုက ၁၈၆၆ခုနှစ်မှာ မြင်ကွန်း၊မြင်းခုံတိုင်လုပ်ကြံမှုကြောင့် ကနောင်မင်းသားကြီးနဲ့ လုပ်ဖော်ကိုင်ဖက်အချို့ကျဆုံးခဲ့ရပြီး မြန်မာ့စက်မှုခေတ်ပြောင်းတော်လှန်ရေးကြီး တစ်ခန်းရပ်သွားခဲ့ရတာပါ။
နောက်တစ်ခုက ကနောင်မင်းသားကြီးကျဆုံးအပြီး ၈၁နှစ်အကြာ ၁၉၄၇ခုနှစ်မှာ ဂဠုန်ဦးစောလုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကျဆုံးခဲ့ရပြီး ဗိုလ်ချုပ်ကြိုးစားစုစည်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ ယနေ့အချိန်အထိ အခက်အခဲပေါင်းစုံကြားထဲမှာ ရုန်းကန်နေရခြင်းပါပဲ။
ကျွန်တော်တို့ မြန်မာတိုင်း အကယ်၍သာ အထက်ပါပုဂ္ဂိုလ်ကြီးနှစ်ဦးသာ လုပ်ကြံမခံခဲ့ရရင်ဆိုတဲ့ အတွေးမျိုး တစ်ခါလောက်ဖြစ်ဖြစ် တွေးခဲ့ကြဖူးမှာပါ။
ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာပဲလို့ ဖြေသိမ့်နိုင်ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း၁၅၀ကျော်ကတည်းက အာရှမှာ မြန်မာဟာ အခြားနိုင်ငံများစွာထက်စောပြီး စက်မှုခေတ်ပြောင်းတော်လှန်ရေးလုပ်ဖို့ စိုင်းပြင်းနေခဲ့တာကို မေ့ပစ်လို့ မရနိုင်ပါဘူး။
၁၈၂၀ခုနှစ်ကျော်ကျော်လောက်ကတည်းက သာယာဝတီမင်းလက်ထက်မှာ မက္ခရာမင်းသားကြီးဟာ အနောက်တိုင်းစာပေ၊ အနောက်တိုင်းသိပ္ပံပညာတွေကို မြန်မာဘာသာပြန်ဆိုပြီး မြန်မာတွေရဲ့မျက်စိကို စဖွင့်ပေးခဲ့ပါတယ်။
၁၈၅၀ခုနှစ်တွေမှာ ကနောင်မင်းသားဦးဆောင်တဲ့ ရဲဘော်ရဲဘက်တစ်စုဟာ မြန်မာနိုင်ငံကို ခေတ်မီတိုးတက်တဲ့စက်မှုနိုင်ငံအဖြစ် ပြောင်းလဲနိုင်ဖို့ အားထုတ်ခဲ့ကြပါတယ်။
အဲဒီအားထုတ်မှုကြီးဟာ ကမ္ဘာ့စက်မှုအင်အားကြီး ဂျပန်နိုင်ငံ ယနေ့အခြေအနေရောက်လာဖို့ သန္ဓေတည်ခဲ့တယ်ဆိုတဲ့ မေဂျီခေတ်ပြောင်းတော်လှန်ရေးထက် ၁၀နှစ်လောက် စောနေခဲ့တာပါ။
ကနောင်မင်းသားကြီးဟာ လက်ရုံးရည်၊ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသလို ခေတ်ကို ကြိုမြင်တတ်တဲ့ ထက်မြက်တဲ့သူလည်း ဖြစ်ပါတယ်။
ရှေ့ရေးမြင်တဲ့ကနောင်မင်းသားကြီး
သူဟာ သူ့လက်ရုံးရည်၊ ဦးဆောင်မှုတွေနဲ့ နောင်တော်ဖြစ်သူ မင်းတုန်းမင်းကို နန်းတင်ပေးပြီးတဲ့နောက် မြန်မာနိုင်ငံကို ခေတ်သစ်နိုင်ငံတည်ထောင်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။
နယ်ချဲ့အင်္ဂလိပ်တွေလက်ထဲ တိုင်းပြည်တစ်ဝက်ပေးပြီးတဲ့နောက်မှာ မြန်မာတွေဟာ ခေတ်သစ်တစ်ခေတ်ကို တွေ့မြင်လိုက်ရပါတယ်။
တွေ့နေရတဲ့ခေတ်သစ်ကို အမီလိုက်ဖို့လိုတယ်ဆိုတာ ညီနောင်နှစ်ပါးလုံး သဘောပေါက်ပါတယ်။
မင်းတုန်းမင်းက နယ်ချဲ့အင်္ဂလိပ်တွေနဲ့ စစ်ပွဲထပ်မံမဖြစ်ပွားစေရေးနဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်ရယူနိုင်ရေးတို့အတွက် အနုနည်းဖြစ်တဲ့ သံတမန်နည်းလမ်းတွေနဲ့ ကြိုးပမ်းနေချိန်မှာ
တစ်ဖက်က ကနောင်မင်းသားကြီးဟာ ခေတ်မီလက်နက်နဲ့ တပ်မတော်ရှိတဲ့ ခေတ်သစ်နိုင်ငံဖြစ်မှသာ အင်အားကြီးနိုင်ငံတွေ ကျူးကျော်ရန်စ မပြုရဲကြမှာဆိုတဲ့ ယုံကြည်မှုနဲ့ မမှိတ်မသုန်ကြိုးစားခဲ့ပါတယ်။
ဒါ့အပြင် အင်အားကြီးမားလာတဲ့အခါ အောက်မြန်မာနိုင်ငံကို ပြန်တိုက်ယူလိုတဲ့ ဆန္ဒလည်းရှိပါတယ်။
ထက်မြက်တဲ့ညီနောင်နှစ်ပါးဟာ ခေတ်သစ်နိုင်ငံထူထောင်ဖို့ လက်တွဲလုပ်ကိုင်ခဲ့ကြပါတယ်။
ခေတ်မီစက်ရုံတွေဖြစ်တဲ့ စာပုံနှိပ်စက်ရုံ၊ ဒင်္ဂါးစက်ရုံ၊ အထည်အလိပ်စက်ရုံ၊ ဆန်စက်ရုံ။ လက်နက်စက်ရုံ၊ ခဲယမ်းစက်ရုံ၊ မဲနယ်စက်ရုံ၊ လွှစက်ရုံ၊ သကြားစက်ရုံ၊ သံချက်စက်ရုံ၊ ဖန်ချက်စက်ရုံ၊ ၀ါဂွမ်းစက်ရုံ၊ ဆီကြိတ်စက်ရုံ စတဲ့ စက်ရုံပေါင်း ငါးဆယ်ကျော်ကို တည်ထောင်ခဲ့ကြပါတယ်။
တကယ်တမ်းစိတ်ရောကိုယ်ပါနှစ်ပြီး ဦးဆောင်ခဲ့တာကတော့ ကနောင်မင်းသားပါ။
ကနောင်မင်းသားဟာ အခြားသောစက်ရုံများထက် ခေတ်မီလက်နက်များတီထွင်ထုတ်လုပ်ဖို့ ပိုစိတ်ဝင်စားတာကြောင့် စစ်ကိုင်းဘက်မှာ လက်နက်စက်ရုံကြီးနှစ်ရုံတည်ခဲ့တဲ့အပြင် မြို့တော် အနောက်မြောက် ရွှေတချောင်းအနီးမှာလည်း စက်ရုံတစ်ရုံတည်ဆောက်ခဲ့ပါတယ်။
ဒါကို အားမရသေးဘဲ နေ့ရောညပါအလုပ်လုပ်လိုတာကြောင့် အိမ်ရှေ့စံအိမ်တော်ဝင်းထဲမှာပါ အလုပ်ရုံသဖွယ် စမ်းသပ်လုပ်ကိုင်ခဲ့ပါတယ်။
ကနောင်မင်းသားဟာ မနက်ခင်းမှာ လွှတ်တော်တက်ပြီး နိုင်ငံရေးရာစီမံပြီးတာနဲ့ တစ်ပြိုင်နက် စက်ရုံတွေ လှည့်လည်ကြည့်ရှုတာ ဒါမှမဟုတ် အလုပ်ရုံမှာ ကိုယ်တိုင်ဝင်လုပ်နေတာနဲ့ အချိန်ကုန်နေတတ်တယ်လို့ ဆိုပါတယ်။
ကနောင်မင်းသားနဲ့အတူ လက်တွဲဖော် ရဲဘော်ရဲဖက်တွေကတော့ ယောအတွင်းဝန်ဦးဖိုးလှိုင်၊ မကွေးဝန်ကြီးဦးကြာဥ၊ ၀က်မစွတ်မြို့စား ၀န်ထောက်မင်းကြီး စတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
ကနောင်မင်းသားဟာ ခေတ်မီနည်းပညာတွေ တတ်မြောက်ချင်ရင် နိုင်ငံကြီးတွေဆီက နည်းပညာတွေ ရယူဖို့လိုတယ်ဆိုတာကို သဘောပေါက်သူမို့ နောင်တော်နဲ့တိုင်ပင်ပြီး ပညာတော်သင်တွေ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။
အိန္ဒိယ၊ ပြင်သစ်၊ အီတလီ စတဲ့နေရာတွေကို ပညာတော်သင် ၉၀ကျော်စေလွှတ်ပြီး ပညာအရပ်ရပ်သင်ယူစေခဲ့ပါတယ်။
ကနောင်မင်းသားဟာ စက်ရုံတွေတည်ထောင်ခြင်းနဲ့ ပညာတော်သင်စေလွှတ်ခြင်းတွေမှာ အိမ်ရှေ့စံအတွက် ဝေပုံကျရရှိတဲ့ ကိုယ်ပိုင်အခွန်တော်ငွေတွေထဲက သုံးစွဲခဲ့ပြီး စိတ်ပါဝင်စားစွာ စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ကိုင်ခဲ့တာပါ။
မြန်မာ့တပ်မတော်ကိုလည်း ခေတ်မီလက်နက်တွေ ကိုင်ဆောင်နိုင်တဲ့ အမြဲတမ်းတပ်မတော်တစ်ရပ်ဖြစ်အောင် နိုင်ငံခြားပညာရှင်တွေ အကူအညီယူပြီး အားထုတ်ကြိုးပမ်းခဲ့ပါတယ်။
နိုင်ငံခြားပညာရှင်အချို့၊ နိုင်ငံခြားကပြန်လာတဲ့ မြန်မာပညာတော်သင်များ၊ ရှိရင်း အလုပ်ကြပ်၊အလုပ်သမားတွေနဲ့ ကနောင်မင်းသားရဲ့ စီမံခန့်ခွဲမှုအောက်မှာ လည်ပတ်နေတဲ့ လက်နက်စက်ရုံတွေကနေ ခေတ်မီလက်နက်တွေ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဲဒီထဲက အထင်ရှားဆုံးလက်နက်ကတော့ ရေမြှုပ်ဗုံးပါပဲ။
နယ်ချဲ့တွေ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုရင် ရေလမ်းပဲ အဓိကထားမယ်ဆိုတာ တွက်ဆမိတဲ့ ကနောင်မင်းသားကြီးဟာ ရေမြှုပ်ဗုံးတီထွင်ထုတ်လုပ်နိုင်ဖို့ အစွမ်းကုန် အားထုတ်ခဲ့ပါတယ်။
အောင်လည်း အောင်မြင်ခဲ့ပါတယ်။ ကနောင်မင်းသားကြီးနဲ့ တပည့်လက်စွဲတော်အုပ်စုဟာ ရေမြှုပ်ဗုံးကို အောင်ပင်လယ်ကန်ထဲမှာ စမ်းသပ်လေ့ရှိကြပါတယ်။
နောက်ဆုံးတစ်ခေါက်မှာတော့ နယ်ချဲ့သင်္ဘောတွေကို လုံးဝဖြိုဖျက်နိုင်မယ့် ဖျက်အားပြင်းရေမြှုပ်ဗုံးကို တီထွင်စမ်းသပ်အောင်မြင်ခဲ့ပါတယ်။
အောင်ပင်လယ်ကန်မှာ ပြုလုပ်တဲ့ အဲဒီစမ်းသပ်ဖောက်ခွဲမှုကြီးကြောင့် ရွှေမြို့တော်တစ်ခုလုံး တုန်ဟီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဘာသာတရားကို အလေးထားတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် သံဃာတော်တွေဟာ သတ္တ၀ါတွေ သေကြေပျက်ဆီးစေတတ်တဲ့ လူသတ်လက်နက်တွေ ဖန်တီးနေခြင်းအတွက် စိတ်မကောင်းဖြစ်ကြကြောင်း မင်းတုန်းမင်းကို အမိန့်ရှိပါတယ်။
အဲဒါကြောင့် မင်းတုန်းမင်းကလဲ ကနောင်မင်းသားကို တီထွင်စမ်းသပ်ထုတ်လုပ်မှုတွေကို လျှော့လုပ်ဖို့ တစ်ဖန် မေတ္တာရပ်ခံမိန့်တော်မူရပြန်ပါတယ်။
အနောက်နိုင်ငံတွေနဲ့ တန်းတူဖြစ်တော့မယ်ဆိုပြီး ၀မ်းမြောက်နေတဲ့ ကနောင်မင်းသားဟာ နောင်တော်ရဲ့ မေတ္တာရပ်ခံချက်အပြီးမှာ စိတ်ဓာတ်ကျသွားဟန်တူပါတယ်။
အဲဒီအချိန်ကစပြီး ရွှေမြို့တော်မှာ လက်နက်စမ်းသပ်တဲ့ အသံတွေ လုံးဝ ဆိတ်သုန်းသွားခဲ့ပါတယ်
ကနောင်မင်းသားကလည်း လက်နက်စက်ရုံတွေအပါအ၀င် ဘယ်စက်ရုံကိုမှ အရင်လို မသွားတော့ဘဲ တူတော်သုံးဆယ်မင်းသားနဲ့ မက္ခရာမင်းသားကိုပဲ ကြည့်ရှုစစ်ဆေးကြဖို့ တာဝန်လွှဲလိုက်ပါတယ်။
ဒီလိုနဲ့ မြန်မာ့စက်မှုခေတ်ပြောင်းတော်လှန်ရေးဟာ အရှိန်လျော့လာပါတော့တယ်။ ဒါပေမယ့် သူ့အရှိန်နဲ့သူတော့ လည်ပတ်နေဆဲပါပဲ။
၁၈၆၆ခုနှစ်မှာတော့ မြန်မာတို့ရဲ့ကံကြမ္မာဟာ အချိုးအကွေ့တစ်ခုကို ရောက်လာခဲ့ပါတယ်။
ကနောင်မင်းသားနဲ့ လွှတ်တော်ဝန်ကြီးအစုအဖွဲ့တွေ ယာယီစံနန်းတော်မှာ နိုင်ငံရေးရာ စည်းဝေးဆွေးနွေးနေခိုက် မြင်ကွန်း၊ မြင်းခုံတိုင်မင်းသားနှစ်ပါးနဲ့ နောက်ပါများဟာ လက်နက်စွဲကိုင် ၀င်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
လွှတ်တော်တက်နေစဉ်အတွင်း မည်သူမျှ လက်နက်ယူဆောင်လာခွင့်မရှိတာကြောင့် ကနောင်မင်းသားကြီးဟာ ဘယ်လိုမှ မတတ်နိုင်ဘဲ လုပ်ကြံခံလိုက်ရပါတော့တယ်။
အဲဒီ မြင်ကွန်း၊ မြင်းခုံတိုင်အရေးအခင်းမှာ ကနောင်မင်းသားကြီးအပါအ၀င် တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နေကြတဲ့ ပုဂ္ဂိုလ်တော်တော်များများ လုပ်ကြံခံလိုက်ကြရပါတယ်။
မင်းတုန်းမင်းက ပုန်ကန်မှုကို နှိမ်နင်းနိုင်ပြီး မကြာခင်မှာပဲ ပန်းတိမ်း(ပတိမ်း)မင်းသား အရေးအခင်းဆက်ဖြစ်ပါတယ်။
ပတိမ်းမင်းသားဟာ ကနောင်မင်းရဲ့သားတော်ဖြစ်ပြီး ခမည်းတော်လုပ်ကြံခံရတာကို မကျေနပ်လို့ ပုန်ကန်တာပါ။
အဲဒီအရေးအခင်းမှာ စက်ရုံ၊အလုပ်ရုံတွေမှာ လုပ်နေကြတဲ့ ကနောင်မင်းသစ္စာတော်ခံ အလုပ်သမားတပည့်ကျေးကျွန်အများအပြားဟာ ပတိမ်းမင်းသားအောက်ကို ခိုဝင်သွားကြပါတယ်။
မင်းတုန်းမင်းက ပေါ်ပေါက်လာတဲ့ အရေးအခင်းနှစ်ခုလုံးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပေမယ့် အရေးအခင်းနှစ်ခုလုံးကြောင့် တိုင်းပြည်အတွက်အားထားရမယ့် စက်ရုံ၊အလုပ်ရုံတွေက ကျွမ်းကျင်သူ ပညာရှင်၊ အလုပ်ကြပ်၊ အလုပ်သမား တော်တော်များများကို ဆုံးရှုံးခဲ့ရပါတယ်။
နောက်ပိုင်းမှာ စက်မှုယန္တရားကြီး ပြန် လည်ပတ်နိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ကနောင်မင်းသားကြီးလို စိတ်ရောကိုယ်ပါနှစ်ပြီး ဦးဆောင်မယ့်သူမရှိခြင်း၊ စက်ရုံ၊အလုပ်ရုံများမှာ ကျွမ်းကျင်သူများ နည်းပါးသွားခြင်း၊ နိုင်ငံခြားရောက် ပညာတော်သင်များကို ထောက်ပံ့ပေးမယ့်သူ မရှိတော့ခြင်း၊ အထက်မှ အားပေးကူညီမှုနည်းပါးခြင်းတို့ကြောင့် အရင်လို ပြန် မလည်ပတ်နိုင်တော့ပါဘူး။
ဒီလိုနဲ့ပဲ ခေတ်သစ်ဆီ ဦးတည်နေတဲပ ကနောင်မင်းသားကြီးတည်ဆောက်ခဲ့သမျှဟာ သူလုပ်ကြံခံရပြီးတဲ့အချိန်ကစပြီး ရှေ့ဆက်မသွားနိုင်တော့ဘဲ ပြိုပျက်ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။
ကိုးကားစာရင်း
- ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး (၁) -ဒဂုန်ခင်ခင်လေး
- မြန်မာ့စွယ်စုံကျမ်း အတွဲ - ၁ အပိုင်း(က)
- မြန်မာ့မျက်ပွင့် - ဇေယျ
- ကုန်းဘောင်မင်းဆက်ရုပ်ပုံလွှာ - တင်နိုင်တိုး
ကနောင်မင်းသားကြီးအကြောင်းလာဖတ်သွားတယ် ....သယ်ရင်းရေ....ဒီလို သမိုင်းနဲ့ပါတ်သက်တာလေးတွေတင်ပေးစမ်းပါ.....ကျေးဇူး
ReplyDelete