သူ၏ အတွေးတို့သည် ပစ္စက္ခအခြေအနေသို့ ပြန်ရောက်လာခဲ့ပြန်သည်။
သြော်… ရှေ့တိုးဖို့ မလွယ်၊ နောက်ဆုတ်ဖို့ ခက်နေသော အနေအထားမျိုးဖြင့်ပင်
ယခုဆို ရက်သတ္တတစ်ပတ်ပင် ကျော်ခဲ့ပြီကော။
သူသည် သက်ပြင်းကို မျှင်းမျှင်းကလေး ချလိုက်ကာ သူမကို မသိမသာ
ခိုးကြည့်လိုက်၏။
တော်ပါသေးရဲ့… သူမက သူ့ကို
ကြည့်မနေပါ၊ သူငယ်ချင်းများနှင့် စကားကောင်းနေပုံပေါ်သည်။
ယခုတလော သူမသည် သူနှင့် ပို၍ နီးကပ်လာသယောင် ရှိသည်ဟု သူထင်သည်။
ကျောင်းချိန်များတွင် မသိသာသော်လည်း ကျူရှင်ချိန်များတွင်
သိသာစေသည်။ ကျူရှင်ဖြစ်သောကြောင့် ကျောင်းစာသင်ခန်းကဲ့သို့ ကျောင်းသားကျောင်းသူဦးရေ
မများသည်ကြောင့်လည်း ဖြစ်နိုင်ပါသည်။
သူရော သူမပါ အချိန်စောပြီး ရောက်နေနှင့်သည့်အခါမျိုးများတွင်
သူမသည် သူ့ထံသို့ လာကာ သင်္ချာပုစ္ဆာများကို ရှင်းခိုင်းခြင်းမျိုး၊ ဇီဝဗေဒ ရုပ်ပုံများကို
ကူညီရေးဆွဲခိုင်းခြင်းမျိုးတို့ လုပ်လာသည်။
သူမ၏ သူငယ်ချင်းအချို့က သူဆွဲတာ လှလဲ မလှဘူးဟု ဝေဖန်ကြသော်လည်း၊
သူကိုယ်တိုင်ကလည်း သူဆွဲသော ပုံများမှာ အခြားသူများဆွဲသော ပုံထက် ထူးခြားပြီး လှပနေဟန်မရှိကြောင်း
လက်ခံသော်လည်း သူမကို ကူညီပေးနေရသဖြင့် စိတ်ထဲ ပီတိတစ်ခုလို ခံစားမိလေသည်။
သို့သော် သူနှင့် သူမသည် သူငယ်ချင်းများသာ ဖြစ်ကြပါသည်။
သူ ဆက်၍ စဉ်းစားမိပြန်သည်က ချစ်သူရည်းစားဖြစ်သွားလျှင်ကော
ဘာများ ပိုပြီး ထူးခြားသွားမှာလဲ ဟူ၍ ဖြစ်သည်။
သူနှင့် သူမသည် ချစ်သူများ ဖြစ်သွားကြသည်ဖြစ်စေ၊ ယခုအတိုင်း
သူငယ်ချင်းများပင် ဆက်ဖြစ်နေလျှင်ဖြစ်စေ မည်သည့်အရာမျှ ထူးထူးခြားခြား ဖြစ်လာလိမ့်မည်ဟု
သူ မထင်ချေ။
စာသင်ခန်းတစ်ခန်းထဲမှာ စာသင်နေကြဦးမည်၊ ကျောင်းဆင်းလျှင်
ကျူရှင်သို့ အတူသွားကြမည်၊ တစ်ခါတစ်ရံ ထိုင်နေကျ အအေးဆိုင်သို့ သွားထိုင်ကြမည်၊ သူမအကူအညီတောင်းလျှင်
ဇီဝဗေဒပုံများ ရေးဆွဲပေးနေဦးမည်၊ မည်သည့်အရာမျှ ပြောင်းလဲသွားလိမ့်မည်မဟုတ်ဟု သူ ထင်သည်။
သည်လိုဆိုလျှင် အခုအတိုင်း ဆက်နေတာကသာ ပိုကောင်းဦးမည်ဟုလည်း
သူတွေးလိုက်သည်။
“ ဟိတ်ကောင်… ဘာတွေ စဉ်းစားနေတာတုန်းဟ…”
ရုတ်တရက် သူ၏ကျောပြင်ကို ပုတ်ပြီး သူငယ်ချင်းတစ်ယောက် သူ့ဘေးနားမှာ
ဝင်ထိုင်သည်။
ကျောင်းမုန့်စားဆင်းချိန် ကုန်ခါနီးပြီ ဖြစ်သဖြင့် သူ့ဘေးနားမှာ
ထိုင်နေကျ သူငယ်ချင်း ပြန်ရောက်လာခြင်းဖြစ်သည်။
ထိုတစ်ယောက်သည် သူ၏အထက်တန်းကျောင်းသားဘ၀တစ်လျှောက်လုံး အခင်မင်ဆုံး၊
အရင်းနှီးဆုံး ပေါင်းသင်းလာခဲ့သည့် သူငယ်ချင်းလည်း ဖြစ်သည်။
“ မုန့်ဆိုင်သွားတာလား…”
သူက မေးလိုက်သည်။
“ လူရှင်းတဲ့ နေရာ အကြံသွားထုတ်နေတာကွ…”
သူငယ်ချင်းက ပြန်ဖြေသည်။
“ ဟေ… ဘာအကြံတုန်းဟ…”
“ ဘာအကြံရမလဲ… ရည်းစားစာရေးဖို့လေ… အခု
အကြံရခဲ့ပြီ… ချရေးဖို့ပဲ ကျန်တော့တယ်… ဟဲ..ဟဲ…”
ရုတ်တရက်ကြီး ဆိုလာသော သူငယ်ချင်း၏စကားကြောင့် ခဏတာမျှ သူ
ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ထို့နောက်မှ သိချင်စိတ်ဖြင့် မေးလိုက်၏။
“ ဘယ်သူ့ကို ပေးမလို့တုန်း… မင်းက…”
“ မှန်းကြည့်လေကွာ… ဘယ်သူဖြစ်နိုင်မလဲ…”
သူငယ်ချင်းက လွယ်အိတ်ထဲက ဘောပင်နှင့်စာအုပ်ကို ထုတ်ရင်း သူ့ကို
ပြန်မကြည့်ဘဲ ဖြေသည်။
သူ၏ ရင်ထဲ၌ တစ်စုံတစ်ခုကို တွေးပူလိုက်မိသည်။
“ * * * *များလားကွ… ဟုတ်လား…”
သူသည် စိုးရိမ်စိတ်တစ်ဝက်ဖြင့် သူမ၏ နာမည်ကို တစ်လုံးချင်းရေရွတ်ရင်း
မေးလိုက်မိသည်။
သူငယ်ချင်းဖြစ်သူက သူ့ကို ပြုံးပြီး ကြည့်ကာ
“ ဟဲဟဲ… မင်း သိပ်တော်တဲ့ ကောင်ဘဲကွ… ဗေဒင်ဆရာ
လုပ်ပါလား…”
ဟု ပြန်ဖြေလိုက်ရာ သူ့ရင်ထဲ၌ အမျိုးအမည်မသိသော ဝေဒနာတစ်ရပ်
ဝင်ရောက် လှုပ်ခတ်သွားလေတော့၏။
မှားပြီ… မှားပြီ…
ဘာဖြစ်လို့ သူမအမည်ကိုမှ ရွေးပြီး မေးလိုက်မိပါလိမ့်…။
တခြားနာမည်ကို မေးခဲ့ရမှာ… တခြားတစ်ယောက်ယောက်နာမည်ကို
မေးခဲ့ရမှာ… ခုတော့…။
ယခုတစ်ခါတွင်တော့ သူ သည် လေးလံထိုင်းမှိုင်းသော သက်ပြင်းမောကြီးကို
သူငယ်ချင်းမသိစေရန် ရင်ထဲ၌ပင် သိုဝှက်ထားလိုက်ရလေတော့၏။
“ ဟဲဟဲ… နောက်တာပါကွာ… ကြိုက်တာက ကြိုက်တာပဲ… ရည်းစားစာပေးရဲသေးဘူးကွ… ကြိုပဲ
ရေးထားရမှာ…”
သူငယ်ချင်းက ရယ်ဖြဲဖြဲနှင့် ထပ်ပြောသည်။
သူကတော့ ပြုံးပြလိုက်မိသည်ထင်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ အခင်ဆုံးသူငယ်ချင်းသည် သူမကို ချစ်ကြိုက်နေသည်ဟု
ဝန်ခံလိုက်သည်မဟုတ်ပါလော။
ဤသည်လည်း ကံတရား၏ ဆန်းကြယ်သော လှည့်စားချက်တစ်ခုပင် ဖြစ်ပါလိမ့်မည်။
သူ၏ ရှေ့ဆက်မည့် ခြေလှမ်းများသည်လည်း နေရာတွင်ပင် တုံ့နှေးေ၀၀ါးသွားချေလေပြီ။
ထိုနေ့က စာသင်ချိန်အားလုံးကို စိတ်မပါစွာဖြင့် ကျော်ဖြတ်ခဲ့မိသည်
ထင်သည်။
သည်လိုနှင့် ကျောင်းဆင်းချိန်ရောက်တော့ သူ ချက်ချင်း ထမပြန်ဖြစ်ပါ။
ယနေ့ သူ စာသင်ခန်းတံခါးကို သော့ခတ်ရမည့်အလှည့် ဖြစ်သောကြောင့်
ဖြစ်ပါသည်။
ကျောင်းသားကျောင်းသူများ တဖွဲဖွဲနှင့် ထွက်ခွာသွားကြသော်လည်း
သူ နေရာမှ မထဘဲ ထိုင်နေလိုက်သည်။
အားလုံးရှင်းသွားကြသောအခါ သူ စားပွဲခုံများအောက်ရှိ လွယ်အိတ်များ
ထည့်ရာ အံများကို လိုက်ကြည့်သည်။ တစ်စုံတစ်ယောက်ယောက် တစ်စုံတစ်ခုခု ကျန်ခဲ့မည်စိုး၍
ဖြစ်သည်။ အကယ်၍ ကျန်ခဲ့ပါက မိမိဘာသာ သိမ်းထားသင့်လျှင် သိမ်းထားရမည်၊ ဆရာ၊ဆရာမများထံ
သွားအပ်နှံသင့်လျှင် အပ်နှံရမည် ဖြစ်ပါသည်။
ထိုသို့ လိုက်ကြည့်နေရင်း မိန်းကလေးများ ထိုင်သော အတန်းခုံတစ်ခုံ၏
အံထဲတွင် လက်ကိုင်ပုဝါတစ်ထည် ကျန်ခဲ့ကြောင်း သူတွေ့လိုက်သည်။
တစ်ယောက်ယောက် ကျန်ခဲ့တာ ဖြစ်လိမ့်မည်။
သူ သိမ်းထားပေးလျှင် ကောင်းမလား၊ သည်အတိုင်း ထားခဲ့လျှင်ပဲ
ကောင်းမလား ချီတုံချတုံ စဉ်းစားနေခိုက် အခန်းတံခါးဝအနား ကောင်မလေး တစ်ယောက် အမောတကော
ရောက်လာသည်။
သူမ မဟုတ်ပါ။ အခြား အတန်းသူ ကောင်မလေးတစ်ယောက်သာ ဖြစ်ပါသည်။
“ တော်သေးတာပေါ့… အခန်းတံခါး
မပိတ်သေးလို့…”
ကောင်မလေးက ရေရွတ်ပြော ပြောရင်း အခန်းထဲ ၀င်လာသည်။
သူက ပြုံးပြရင်း စကားဆိုလိုက်သည်။
“ လက်ကိုင်ပုဝါ ကျန်ခဲ့တာလား…”
“ အေးဟယ်…”
သူက စားပွဲခုံထဲမှ
လက်ကိုင်ပုဝါလေးကို လှမ်းယူလိုက်ပြီး သူ့အနားရောက်လာသော ကောင်မလေးကို ကမ်းပေးလိုက်သည်။
“ ကျေးဇူးပဲဟယ်… နင် ရှိနေလို့ပေါ့… သွားတော့မယ်နော်…”
ကောင်မလေးက သူ့ကို ပြုံးပြ၊ ကျေးဇူးစကားဆိုပြီး ပြန်လှည့်ထွက်သွားသည်။
သူ လည်း အခန်းတွင်း တစ်ချက် ဝေ့ကြည့်လိုက်ပြီး အပြင်သို့
ထွက်တော့မည်အပြု အခန်းပြူတင်းပေါက်မှ လှမ်းကြည့်နေသော အတန်းပိုင်ဆရာမကို လှမ်းမြင်လိုက်လေသည်။
သူ အပြင်သို့ ထွက်ပြီး ဆရာမကို ပြုံးပြနှုတ်ဆက်လိုက်သည်။
“ ဆရာမ အခန်းလာစစ်တာလား…”
ဆရာမက သူ့ကို ပြုံးပြုံးကြီး ကြည့်နေသည်။ ပြီးမှ…
“ ခုနက ဘာလုပ်နေကြတာလဲ…”
သြော်… ဆရာမက အစောကတည်းက ရောက်နေတာကိုး။
“ ဟိုကောင်မလေး လက်ကိုင်ပုဝါကျန်ခဲ့လို့ ပြန်ပေးနေတာပါ ဆရာမရဲ့…”
ဆရာမက သူနှင့် ဟိုကောင်မလေးကို တစ်မျိုးထင်နေပုံပေါ်သည်။ သူ
မလုံမလဲ ဖြစ်နေ၏။
နောက်ပြီး ဆရာမက သူ့ကို အတော်ဂရုစိုက်သူလည်း ဖြစ်သည်။ သည်အတန်းထဲမှ
ထူးချွန်ကျောင်းသားများ ပေါ်ထွက်ဖို့အရေး ဆရာမက သူ့ကိုလည်း အားကိုးရမည့်သူတစ်ယောက်အဖြစ်
ရှုမြင်သူဖြစ်သည်။
“ အေးပါ… ထားပါတော့… ဟိုဟိုဒီဒီ စိတ်ဝင်စားမနေနဲ့နော်… ဆယ်တန်းစာမေးပွဲတွေ
နီးနေပြီ…”
ဆရာမက သူ့ကို ပြုံးရင်း သတိပေးသည်။ နှစ်ပေါင်းများစွာအတွေ့အကြုံကြောင့်
သည်အရွယ်တွေမှာ စိတ်ကစားပြီး အမှားကြုံတတ်ကြသည်များကို ဆရာမက ကောင်းကောင်းသဘောပေါက်လေသည်။
“ အာ… ဟုတ်ကဲ့ပါဆရာမကလဲ… သား
အဲဒါတွေ စိတ်မ၀င်စားသေးပါဘူး…”
“ အေးပါ… ဟုတ်ပါပြီ… စိတ်မ၀င်စားလဲ
ပြီးတာပါပဲကွယ်… စာပဲ စိတ်ဝင်စား… ကြားလား..
ကဲ..ကဲ.. တံခါးပိတ်ပြီးရင် ပြန်တော့သား…”
“ ဟုတ် ဆရာမ…”
ဆရာမ ထွက်သွားပြီးနောက် သူ စာသင်ခန်းတံခါးကို သော့ခတ်နေရင်း
ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်လေတော့၏။
ထို ဆုံးဖြတ်ချက်မှာ သူမနှင့် ပတ်သက်၍ မည်သည့်ခြေလှမ်းကိုမျှ
ရှေ့ဆက်မတိုးတော့ရန် ဖြစ်လေသည်။
(ဆက်ရန်)
စောင့်နေပါ၏....စိတ်ရှည်လက်ရှည်ဖြင့်.....:)
ReplyDelete