Saturday, March 31, 2012
ယောမင်းကြီးဦးဘိုးလှိုင် - ရှာမှရှားတဲ့ မြန်မာ့သုခမိန်
" ငလှိုင်၊ သည်လှံကို ကြည့်စမ်း၊ မည်သူကိုင်တဲ့ လှံတုံး" ဟု မင်းတုန်းမင်းတရားကြီးက မေးလေရာ
" အရှင့်ခမည်းတော်ကိုင်သောလှံဖြစ်ပါကြောင်း" ယောမင်းကြီးဦးဘိုးလှိုင်က လျှောက်သည်။
မင်းတရားကြီးက "ငါ့ခမည်းတော် သည်လှံနှင့် မည်သူ့ကို စီရင်သတုန်း" ဟု ဆက်မေးတော်မူရာ
"ကျွန်တော်မျိုးကျေးဇူးရှင် အဖကို စီရင်ပါကြောင်း" လျှောက်၏။
"သည်လှံတော်နှင့် မောင်မင်းစီရင်ခြင်းကို ခံလိုသလား" ဟု မေးတော်မူရာ
ယောမင်းကြီးဦးဘိုးလှိုင်က "ထိုးတော်မူပါဘုရား" ဟု ပြောကာ ရင်ဘတ်ကို ကော့၍ ပေးလေသည်
အထက်ပါဖြစ်ရပ်လေးကတော့ မင်းတုန်းမင်းနဲ့ ယောမင်းကြီးဦးဖိုးလှိုင်တို့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးပါ။
ယောမင်းကြီးဦးဖိုးလှိုင်အကြောင်းဆိုရင် ကျွန်တော်တို့ နှောင်းလူတွေဟာ အထက်ပါဖြစ်ရပ်နဲ့ ကင်းဝန်မင်းကြီးဦးကောင်းက ပြင်သစ်ကို မိုးကောင်းပတ္တမြားမြေ ရောင်းခဲ့တဲ့ကိစ္စ ၀င်ဖြေရှင်းပေးခြင်းတို့လောက်သာ သိကြတာပါ။
တကယ်တော့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်တွေအများကြီးလုပ်ခဲ့တဲ့၊ တုနှိုင်းမရတဲ့ သုခမိန်တစ်ယောက်ဖြစ်ပါတယ်။
ကနောင်မင်းသားကြီး ဦးဆောင်တဲ့ စက်မှုခေတ်ပြောင်းတော်လှန်ရေးမှာ ကနောင်မင်းသားဟာ ဦးဆောင်သူ၊ လက်တွေ့သမားဖြစ်ပြီး ယောမင်းကြီးဦးဘိုးလှိုင်ကတော့ လက်တွဲလုပ်ကိုင်သူ ရဲဘော်ရဲဘက်၊ အကြံဥာဏ်ပေးသူ သဘောတရားရေးရာပညာရှင်ဖြစ်ပါတယ်။
 ဦးဘိုးလှိုင်ဟာ စက်မှုခေတ်တည်ထောင်ဖို့သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသဖြင့် မြန်မာနိုင်ငံကို အဖက်ဖက်က ခေတ်သစ်နိုင်ငံဖြစ်စေရန် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ပါတယ်။
သူကိုယ်တိုင်ဟာလည်း သက္ကတ၊ ပါဠိ၊ မြန်မာစာပေများအပြင် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်တွေမှာလည်း နှံ့စပ်စွာ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။
ပညာရပ်ပေါင်းများစွားနဲ့ သက်ဆိုင်တဲ့ ကျမ်းပေါင်းများစွာ ပြုစုခဲ့သူလည်း ဖြစ်ပါတယ်။
တစ်ယောက်တည်းနဲ့ တက္ကသိုလ်တစ်ခု တည်ထောင်နိုင်လောက်အောင် ပညာရပ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။
ဦးဘိုးလှိုင်ဟာ ပုဂံမင်းကို တော်လှန်တဲ့ မင်းတုန်း၊ကနောင် မင်းနှစ်ပါး အရေးတော်ပုံမှာ စတင်ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
အရေးတော်ပုံအောင်မြင်ဖို့အတွက် မင်းတုန်းမင်းနဲ့ မြောက်ဆောင်တော်မိဖုရားတို့ရဲ့ မွေးစားသားလည်းဖြစ်တဲ့ ဦးဘိုးလှိုင်ရဲ့ အကြံပေးမှုတွေဟာ အရေးပါခဲ့တာမို့ မင်းတုန်းမင်းနန်းတက်ချိန်မှာ ယောမြို့စားမင်းသားအဖြစ် ချီမြှောက်ခံခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက ဦးဘိုးလှိုင်အသက်က ၂၃နှစ်ပါ။
နောက်ပိုင်း ဦးဘိုးလှိုင်ဟာ ယောက္ခမဖြစ်သူ မကွေးဝန်ကြီး ဦးကြာဥနဲ့အတူ နိုင်ငံခြားဆက်ဆံရေးကိစ္စရပ်တွေ တာဝန်ယူဆောင်ရွက်ခဲ့ရတာမို့ အသိပညာတွေ ပိုမိုတိုးပွားလာခဲ့ပါတယ်။
လက်တွေ့သမားကနောင်မင်းသားနဲ့ အတွေးအခေါ်သမားဦးဘိုးလှိုင်တို့ လက်တွဲအလုပ်လုပ်ကြစဉ်အခါတုန်းက မြန်မာနိုင်ငံကြီးရဲ့ အနာဂတ်ဟာ လင်းလက်နေခဲ့ပါတယ်။
ခေတ်သစ်နိုင်ငံတည်ထောင်ဖို့ရာ အနောက်နိုင်ငံများထံမှ ပညာသင်ယူဖို့လိုအပ်တာမို့ ကနောင်မင်းသားနဲ့ ဦးဘိုးလှိုင်တို့ ဦးစီးပြီး ပြင်သစ်၊ အီတလီ၊ အင်္ဂလန်နိုင်ငံများဆီ ပညာတော်သင်တွေ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။
ကနောင်မင်းသားကြီးဟာ သူ့ရဲ့စီမံကန်းမှာ လက်တွေ့လုပ်ငန်းတွေကို သူကိုယ်တိုင်ဦးဆောင်လုပ်ကိုင်ပြီး ပညာရပ်ဆိုင်ရာတွေကိုတော့ ဦးဘိုးလှိုင်ကို အကူအညီတောင်းလေ့ရှိပါတယ်။
မြန်မာဘာသာကြေးနန်းရိုက်နည်း တီထွင်နိုင်ခဲ့တာကတော့ ဦးဘိုးလှိုင်ရဲ့ အထင်ရှားဆုံးတီထွင်မှုပါပဲ။
မြန်မာသင်ပုန်းကြီးမှ အခြေခံ ဗျည်း၊သရနဲ့သင်္ကေတ ၆၂မျိုးကို စုပေါင်းပြီး ဗျည်း၊သရ ၂၅မျိုးသာ အသုံးပြုထားတဲ့ ကြေးနန်းရိုက်နည်းဖြစ်ပါတယ်။
အဲဒီအတွက် ရေးသားခဲ့တဲ့ ကျမ်းနာမည်ကတော့ လိပိဒီပိကာကျမ်းဖြစ်ပါတယ်။
ဦးဘိုးလှိုင်ရဲ့ တီထွင်နိုင်တဲ့ ဥာဏ်ပညာကို အနောက်နိုင်ငံသားတွေက ချီးကျူးခဲ့ကြပါတယ်။
ဒါ့အပြင် ဦးဘိုးလှိုင်ဟာ လီလာဝတီကျမ်းကို သက္ကတဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
လီလာဝတီကျမ်းဟာ သင်္ချာဘာသာရပ်နဲ့ ပတ်သက်တာဖြစ်ပြီး အမျိုးမျိုးသော သင်္ချာတွက်နည်းများကို ရေးသားထားတာပါ။
 စက်မှုလုပ်ငန်းတွေ ထွန်းကားလာဖို့ လိုလားတဲ့ ဦးဘိုးလှိုင်ဟာ နိုင်ငံခြားပြန်တပည့်တွေအကူအညီနဲ့ ခေတ်မီသိပ္ပံပညာရပ်တွေကို မြန်မာဘာသာပြန်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။
ပထမဆုံးပေါ်ထွက်လာတဲ့ကျမ်းကတော့ လောကဓာတ်ဆေးကျမ်းကြီးပါ။
ဖန်ချက်ဝန်ဦးရွှေအိုးအကူအညီနဲ့ ပြင်သစ်ဘာသာကနေ ပြန်ဆိုထားတဲ့ အဲဒီကျမ်းကြီးဟာ အနောက်တိုင်းဓာတုဗေဒပညာရပ်အကြောင်း ပြည့်စုံစွာ ရေးသားထားတာဖြစ်ပါတယ်။
ဦးဘိုးလှိုင်ဟာ ခေတ်သစ်ပညာရပ်တွေ ရေးသားနေချိန်မှာပဲ ရှေးဟောင်းပညာရပ်တွေကိုလည်း ပြန်လည်ဖော်ထုတ်ရေးသားနေခဲ့ပါတယ်။
အဲဒါတွေကတော့ အဿဗေဒကျမ်း(မြင်းတို့၏ကြန်အင်လက္ခဏာအကြောင်း)နဲ့ သဒ္ဒသင်္ဂဟကျမ်း(ဘာသာရေးနှင့်သက်ဆိုင်သောကျမ်း)တို့ ဖြစ်ပါတယ်။
ရာထူးမမြဲတဲ့ဦးဘိုးလှိုင်ဟာ ကနောင်မင်းသားလုပ်ကြံခံရတဲ့ အရေးအခင်းကာလအတွင်း အမရပူရမှာ အကျယ်ချုပ်ကျနေခဲ့ပါတယ်။
အဲဒီအချိန်အတောအတွင်းမှာ ဦးဘိုးလှိုင်ဟာ ကမ္ဘာ့ဝါဒကြီးတွေဖြစ်တဲ့ ဟိန္ဒူတို့ရဲ့ ဗြဟ္မာဝါဒ၊ အနောက်တိုင်းမှ GOD၀ါဒ၊ SOUL၀ါဒ၊ ပသီကုလားတို့ရဲ့ ခိုဒါခေါ် လောကဖန်ဆင်းရှင်ဝါဒတို့ကို မြန်မာဗုဒ္ဓဘာသာကျမ်းဂန်တွေနဲ့ တိုင်းညှိဝေဖန်ထားတဲ့ ၀ိမုတ္တိရသကျမ်းကို ရေးခဲ့ပါတယ်။
အလွယ်ပြောရရင် ကမ္ဘာ့ဘာသာပေါင်းစုံအကြောင်းရေးထားတာပါ။
ရာထူးပြန်ရပြီးတဲ့နောက်မှာ ပခန်းကြီးမြို့စားမင်းကြီးရဲ့ တောင်းပန်ချက်အရ မဟာသမတ၀ိနိစ္ဆယစာတမ်းကို နေ့ချင်းပြီး ရေးသားစီရင်ပါတယ်။
အကြောင်းအရာကတော့ မင်းကောင်းမင်းမြတ်တို့ ကျင့်သုံးအပ်တဲ့ တရားတွေအကြောင်းပါ။
နောက်ပိုင်းရာထူးကျပြန်တဲ့ ဦးဘိုးလှိုင်ဟာ ကင်းဝန်မင်းကြီး ပြင်သစ်ကို မိုးကုတ်ပတ္တမြားမြေ ရောင်းခဲ့တဲ့ ကိစ္စနဲ့ ရာထူးပြန်ရပြန်ပါတယ်။
နန်းစဉ်ပတ္တမြားငမောက်ကို ပြင်သစ်တွေကို တန်ဖိုးဖြတ်ခိုင်းတာ မဖြတ်နိုင်လို့ အဲဒီလိုပတ္တမြားတွေ အများကြီးရှိနိုင်တဲ့ မိုးကုတ်ကို ၀ယ်နိုင်မှာမဟုတ်ဘူးဆိုပြီး စာချုပ်ပြန်ဖျက်ခဲ့ရတာပါ။
အဲဒီနောက်ပိုင်းမှာ ဦးဘိုးလှိုင်ဟာ ကာယာနုပဿနာကျမ်းကို အီတလီ(ရောမ)ဘာသာကနေ ပြန်ဆိုပါတယ်။
စလင်းမြို့စားမင်းသမီးရဲ့ တောင်းပန်ချက်အရရေးတဲ့ အဲဒီကျမ်းဟာ အနောက်တိုင်းမှာ ကျော်ကြားနေတဲ့ အနာတမီ ခေါ် ခန္ဓာဗေဒအကြောင်း ပြဆိုထားတဲ့ ကျမ်းဖြစ်ပါတယ်။
ဦးဘိုးလှိုင်ဟာ ဗိသုကာပညာလည်း လေ့လာခဲ့ပုံပါပဲ။
ဘာကြောင့်လဲဆိုရင် သူဦးစီးတည်ဆောက်ခဲ့တဲ့ ဣဋ္ဌရာမမြောက်ပြင်ကျောင်းတိုက်ကြီးနဲ့ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်တို့ဟာ ရောမဗိသုကာပုံစံကိုမှီးပြီး မြန်မာဆန်ဆန်အင်္ဂတေပန်းများနဲ့ ပေါင်းစပ်မွမ်းမံတည်ဆောက်ခဲ့တာမို့ အသွင်သစ်ဗိသုကာပညာလို့တောင် ခေါ်ဆိုနိုင်ပါတယ်။ 
နောက်ပိုင်း မင်းတုန်းမင်းနာမကျန်းဖြစ်လာတဲ့အခါ နန်းတွင်းမှာ ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ သြဇာလွှမ်းလာပြီး ဦးဘိုးလှိုင်ဟာ အရာကျသလို မှေးမှိန်သွားခဲ့ပါတယ်။
မင်းတုန်းမင်းနတ်ရွာစံပြီးတဲ့နောက် ဆင်ဖြူမရှင်မိဖုရားကြီးနဲ့ အပေါင်းပါတွေရဲ့ ထင်သလိုခြယ်လှယ်မှုတွေကြောင့် သွေးစွန်းခဲ့တဲ့ နန်းတွင်းမှာ သီပေါမင်း နန်းတက်လာခဲ့ပါတယ်။
သီပေါမင်းက ဦးဘိုးလှိုင်ကို ရွှေပြည်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
သီပေါမင်းလက်ထက်မှာ ဦးဘိုးလှိုင်ဟာ စည်းမျဉ်းခံဘုရင်စနစ်နဲ့ ဆင်တူတဲ့ နိုင်ငံရေးအတွေးအခေါ်သစ်ဖြစ်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားဆက်သွင်းခဲ့ပါတယ်။
သတိပြုစရာကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းရေးသားရာမှာ အနောက်တိုင်းအတွေးအခေါ်သက်သက်ကို ပုံတူကူးထားတာမဟုတ်ဘဲ မြန်မာ့ရှေးဟောင်းအုပ်ချုပ်ရေးကျမ်းများစွာနဲ့ ညှိနှိုင်းရေးသားခဲ့တာပါ။
ဒီကျမ်းဆက်သွင်းပြီးနောက်မှာ ဦးဘိုးလှိုင်ဟာ မင်းခစားအဖြစ်က အပြီးအပိုင် အနားယူလိုက်ရပါတော့တယ်။
မင်းခစားမဟုတ်တော့တဲ့နောက်ပိုင်းမှာလည်း ဦးဘိုးလှိုင်ဟာ ကျမ်းများပြုစုခဲ့ပါသေးတယ်။
အနောက်တိုင်းဆေးပညာနဲ့ အရှေ့တိုင်းဆေးပညာကို ပေါင်းစပ်ရေးသားထားတဲ့ ဥတုဘောဇနသင်္ဂဟကျမ်း၊ စာပေအရေးအသားအဖွဲ့အနွဲ့သဘောကိုပြတဲ့ အင်္လကာနိဿယကျမ်း၊ မိမိရဲ့ အသက်အပိုင်းအခြားကို တွက်နိုင်တဲ့ ဗေဒင်ကျမ်း မဟာသုဇာတကကျမ်းတို့ဟာ ထင်ရှားပါတယ်။
မဟာသုဇာတကကျမ်းဟာ ဦးဘိုးလှိုင်နောက်ဆုံးပြုစုခဲ့တဲ့ကျမ်း ဖြစ်ပါတယ်။
တချို့ကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းမရေးခင်ကတည်းက မိမိအသက်အပိုင်းအခြားကို တွက်ပြီးဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီကျမ်းရေးပြီး တရားဓမ္မနဲ့သာနေတော့တဲ့ဦးဘိုးလှိုင်ဟာ နောက်နှစ်နှစ်အကြာမှာ သတိပဋ္ဌာန်တရားတော်ကိုနာယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။
သူ့ရဲ့မင်းမှုထမ်းသက်တစ်လျှောက်လုံးမှာ နိုင်ငံနဲ့လူမျိုးအတွက် သတ္တိရှိရှိ အမြဲတမ်းအမှန်တရားဘက်ကပဲ ရပ်တည်ခဲ့တဲ့ ဦးဘိုးလှိုင်ဘ၀ဟာ အတက်အကျများလှပါတယ်။
အတက်အကျများလွန်းတဲ့ဘ၀မှာပဲ နိုင်ငံအတွက် အလုပ်များစွာလုပ်သွားခဲ့တဲ့အပြင် နိုင်ငံသားတွေ အကျိုးများစေမယ့် ကျမ်းပေါင်းမြောက်မြားစွာကိုလည်း ပြုစုသွားခဲ့ပါတယ်။
ရှာမှရှားတဲ့ ပညာရှင်ကြီးဟာ သင်္ချာပညာ၊ ဓာတုဗေဒ၊ အနောက်တိုင်းဆေးပညာ၊ ခန္ဓာဗေဒ၊ နိုင်ငံရေး၊အုပ်ချုပ်ရေးပညာ၊ ဗိသုကာပညာ၊ စာပေနဲ့ ရှေးဟောင်းမြန်မာလောကီပညာများကို  လေ့လာလိုက်စားခဲ့တဲ့အပြင် ဘာသာတရားပေါင်းစုံကိုလည်း လေ့လာခဲ့ပြီး ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။
သူတစ်ယောက်တည်းနဲ့ တက္ကသိုလ်ကျောင်းတစ်ခုထောင်လို့ရအောင် ပညာရပ်တွေ လေ့လာခဲ့တဲ့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ နှောင်းခေတ်မြန်မာတို့အပေါ် အလွန်ကျေးဇူးကြီးမားခဲ့သူဖြစ်ကြောင်း မှတ်တမ်းပြုရေးသားလိုက်ရပါတယ်။
ကိုးကားစာရင်း 
- မြန်မာ့စွယ်စုံကျမ်း အတွဲ-၈ အပိုင်း-ခ
- ပထမမြန်မာများ - မင်းယုဝေ
- ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း - မောင်ထင်
Tuesday, March 27, 2012
၂၇-၀၃-၂၀၁၂ - (၆၇)နှစ်မြောက် တပ်မတော်နေ့
 ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ (၆၇)နှစ်မြောက်တပ်မတော်နေ့ဖြစ်ပါတယ်။
တစ်ချိန်က မြန်မာနိုင်ငံဟာ နယ်ချဲ့ဗြိတိသျှတွေလက်အောက်ကျရောက်ခဲ့ပါတယ်။
ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မျိုးချစ်မြန်မာတွေဟာ အင်္ဂလိပ်အခက် ဗမာ့အချက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ဂျပန်နိုင်ငံမှာ စစ်ပညာသွားရောက်သင်ယူခဲ့ကြပြီး အပြန်မှာ ဂျပန်တပ်မတော်နဲ့လက်တွဲကာ အင်္ဂလိပ်လက်ထဲကနေ မြန်မာနိုင်ငံကို ပြန်လည်ရယူခဲ့ပါတယ်။
ဒါပေမယ့် ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး ဆိုသလို ဂျပန်တွေဟာ မြန်မာနိုင်ငံကို အတုအယောင်လွတ်လပ်ရေးသာပေးပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားစွာ ဇာတိပြလာခဲ့ကြပါတော့တယ်။
ဒါကြောင့်ပဲ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာမျိုးချစ်တွေဟာ ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ ပြန်စီစဉ်ကြရပါတယ်။
တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ တော်လှန်ဖို့သတ်မှတ်ခဲ့တာကတော့ ၁၉၄၅ခုနှစ်၊ မတ်လ၊ ၂၇ ပါ။
အဲဒီနေ့မှာပဲ ရန်ကုန်မြို့၊ တော်လှန်ရေးပန်းခြံမှာ စစ်ချီအခမ်းအနားလုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မိန့်ခွန်းပြောခဲ့ပါတယ်။
နောက်ပိုင်း လွတ်လပ်ရေးရပြီးတဲ့အခါမှာ မတ်လ၊၂၇ ရက်နေ့ကို တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုကျင်းပလာခဲ့ရာ နောက်ပိုင်းမှာ မူဝါဒအသစ်များ ဖြည့်စွက်ပေါင်းစပ်ပြီး တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ပါတယ်။
ဒီနေ့ကတော့ဖြင့် (၆၇)နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါတယ်ခင်ဗျာ။
Monday, March 26, 2012
နတ်သွင်ပျံကြွမတတ်သော်
 မန္တလေးအမျိုးသားကဇာတ်ရုံစောင့်နတ်သမီး
ဝေဿ၀တီနတ်ပြည်က နတ်သမီးလေးတွေ လှပါတယ်
နတ်သွင်ပျံကြွမတတ်သော်
လူ့ပြည်ဆင်းလာတဲ့ နတ်သမီးလေးတွေများလားကွယ်
မြန်မာတို့ရဲ့ ယဉ်ကျေးမှုအနုပညာ
စောင်းတီးနေတဲ့ နတ်သမီးလေးများ
ယခင်က ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်၊ ယခု ရန်ကုန်ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ဂီတဆရာတစ်ဦးဖြစ်တဲ့ ဆရာဦးသန်းမြင့်ရဲ့ facebook အကောင့်ကနေ ရယူထားတဲ့ ပုံလေးများဖြစ်ပါတယ်။
မတ်လ-၃ရက်နေ့မှာ ရန်ကုန်အမျိုးသားကဇာတ်ရုံ၊ မတ်လ-၇ရက်နေ့မှာ မန္တလေးအမျိုးသားကဇာတ်ရုံတွေမှာ ယဉ်ကျေးမှုဝန်ကြီးဌာနက တင်ဆက်ကပြခဲ့တဲ့ ပွဲတွေတုန်းက ပုံတွေဖြစ်တယ်လို့ သိရပါတယ်။
အရင်တုန်းကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ တစ်ပြည်လုံး လှည့်ကတတ်ပေမယ့် အခုတော့ အခြေအနေအကြောင်းကြောင်းကြောင့် မကဖြစ်တော့ပါဘူးတဲ့။ (ဖြစ်နိုင်ရင်တော့ ပြန်ကဖြစ်ပါစေ ဆုတောင်းပါတယ်)
ဆရာဦးသန်းမြင့်ကတော့ ပုံလေးတွေရဲ့ မှတ်ချက်တစ်ခုမှာ တို့မြန်မာ့တွေရဲ့ အနုပညာ တို့အားလုံးထိန်းသိမ်းကြရမယ်လို့ ရေးထားပါတယ်။
ဆရာက ဓာတ်ပုံဆရာမဟုတ်ပေမယ့် ဥယျာဉ်မှုးတစ်ဦးပီပီ ကိုယ့်ဥယျာဉ်က ပွင့်ဖူးလာတဲ့ ပန်းကလေးတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေဟာ အံ့မခန်းလှပပါတယ်။
အရင်တုန်းကတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာတွေကို ကျွန်တော် ဒီလောက် တန်ဖိုးမထားတတ်ခဲ့သလို ချစ်လည်း မချစ်တတ်ခဲ့ပါဘူး။
အခုတော့ (နိုင်ငံခြားရောက်နေလို့ပဲလား၊ ရင့်ကျက်လာလို့ပဲလားမသိ) ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုအနုပညာနဲ့ အမွေအနှစ်တွေကို ချစ်တတ် တန်ဖိုးထားတတ်နေပါပြီ။
ကျွန်တော်ကတော့ ကိုယ်ကိုယ်တိုင်မလုပ်နိုင်လို့ အခုလုပ်နေတဲ့သူအားလုံးကို ဂုဏ်ယူကျေးဇူးတင်နေပါတယ်။ (အခုတင်ထားတဲ့ နတ်သမီးလေးတွေတင် ပြောတာမဟုတ်ဘူးနော် အဟဲ)
ကျွန်တော်တို့လိုသူတွေချည်းပဲဆိုရင်လည်း မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ မလွယ်လို့ ပျောက်ကွယ်သွားနိုင်တယ်။
ကျွန်တော်တို့ထက် တစ်ဆင့်ပိုဆိုးတဲ့သူတွေချည်းပဲဆိုရင်တော့ ပျောက်ကွယ်ရုံတင်မဟုတ် ပျက်ဆီးသွားနိုင်တယ်။
တစ်မျိုးသားလုံးရဲ့ တာဝန်ကို ထမ်းဆောင်နေကြတဲ့သူတို့ဟာလည်း ဂုဏ်ပြုစရာပဲမဟုတ်ပါလားခင်ဗျာ။
(ကျွန်တော် ငယ်ငယ်တုန်းကတော့ မင်းခမ်းမင်းနားလောက်ပဲ ကြိုက်တယ်။ မြင်းခင်းသဘင်တို့၊ ရေခင်းသဘင်တို့ တီဗွီကလာရင်တော့ အားပေးတယ်။ ကိုးတန်း၊ ဆယ်တန်းလောက်တုန်းက ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေ မြန်မာ့အသံကလာရင် အဖေက တီဗွီရှေ့မှာ မထတမ်း အားပေးပါတယ်။ ကျွန်တော်လိုင်းပြောင်းခိုင်းလည်း မပြောင်းဘူး။ ကျွန်တော်စိတ်ထဲမှာတော့ အဖေက ဒိတ်အောက်နေပြီပေါ့။ အခုမှ အဖေ့ကို နားလည်မိတယ်။)
Friday, March 23, 2012
သံဆန်ခါတပ်ဖို့ လိုနေပြီ - ဆရာဝင်းငြိမ်း
ပြတင်းပေါက်တွေဖွင့်လိုက်ရင် ပြင်ပက လေကောင်းလေသန့်တွေ ရှူရှိုက်ရတာတော့မှန်ပါရဲ့။
ဒါပေမယ့် အဲဒီလေတွေနဲ့အတူ အမှုန်အမွှားတွေ၊ အမှိုက်တွေ ပါလာနိုင်တယ်လို့ သဘောသက်ရောက်တဲ့ အဆိုအမိန့်ကို အခုတစ်လောမှာ တော်တော်ကလေး သတိရနေမိပါတယ်။
စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျွန်တော်လုပ်နေတဲ့ အနုပညာဂျာနယ်တစ်ခုဖြစ်တဲ့ အလင်းတန်း အတွက် ဖျော်ဖြေပွဲများ၊ ပရိုးမိုးရှင်းပွဲများ စသဖြင့် ၀တ္တရားအရ သွားရတဲ့ပွဲတွေ တစ်ပတ်တစ်ပတ် မနည်းလှပါဘူး။
စာပေလွတ်လပ်ခွင့်ရှိလာသလို လူငယ်တွေ စင်ပေါ်မှာ လွတ်ချင်တိုင်းလွတ်လာတာကို မြင်ရ၊တွေ့ရတော့ အသက်ကြီးလာလို့ ခေတ်မမီဘူးပဲပြောပြော၊ မျက်စိရှက်စရာတွေ တော်တော်တွေ့လာရပါတယ်။
အထူးသဖြင့် ပရိုမိုးရှင်းပွဲတွေမှာ မပါမဖြစ်ထည့်သွင်းကြတဲ့ အကအဖွဲ့များရဲ့ ကပြမှုများပါပဲ။
ဒီအကအဖွဲ့တွေဟာ အနောက်တိုင်းက၀င်လာတဲ့ ဗီစီဒီ၊ ဒီဗီဒီတွေကတစ်ဆင့် ကကွက်ပုံစံများကို ထပ်တူကူးသူက ကူး၊ ကိုယ်ပိုင်ကကွက်တွေ ထွင်သူက ထွင်၊ စင်ပေါ်မှာ ကပြကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကျော်လောက်က နှာခေါင်းရှုံ့ခဲ့ကြတဲ့ ပွတ်သဘင် ဆိုတဲ့ ကပွဲမျိုးမဟုတ်ပေမယ့် သူတို့ကကွက်တွေက တော်တော်ကျောချမ်းစရာ ကောင်းပါတယ်။
မိန်းကလေးက ယောက်ျားလေးကျောပေါ်၊ ကုပ်ပေါ်၊ ပခုံးပေါ်ရောက်သွားတဲ့ ကကွက်တွေရှိသလို ကိုယ်အလျားလိုက် ယောက်ျားလေးရဲ့ ဘယ်ဘက်ပခုံးပေါ်ကနေ ညာဘက်ပခုံးပေါ်ရောက်သွားတဲ့ ကကွက်မျိုးကိုလည်း မြင်ဖူးပါရဲ့။
သွက်လက်နေတဲ့ လူငယ်များရဲ့ ကကွက်တွေဟာ အံ့မခန်းရှိတယ်လို့ ဆိုလောက်ပါတယ်။
ဒါပေမယ့် ဒီသီချင်းနဲ့ ဒီအကကို တွေ့ရတိုင်း စိတ်မချမ်းသာတဲ့ အကကို ၃ကြိမ်ထက်မနည်း ကျွန်တော်တွေ့ရပြီးတဲ့အခါမှာတော့ မောင်တို့ မယ်တို့ ဒီအကကိုဖြင့် စင်ပေါ်မှာမကကြပါနဲ့လို့ ပြောချင်စိတ်ပေါက်လာတာကြောင့် ဒီဆောင်းပါးကို ရေးဖြစ်ခြင်းပါ။
ဘယ်အေဂျင်စီကလည်း ဆိုတာကိုတော့ နာမည်နဲ့တကွ မပြောတော့ပါဘူး။
ကျွန်တော်ပြောချင်တဲ့ကကွက်က လာတီနိုသီချင်းနဲ့ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲကတဲ့ ကကွက်ဖြစ်ပါတယ်။
ကကွက်ဆန်းများနဲ့ ကရင်း ရင်ချင်းအပ်၊ ပေါင်ချင်းကပ်တာတွေ မပြောလိုတော့ပါဘူး။
ဒါပေမယ့် သီချင်းဆုံးခါနီးမှာ အမျိုးသားကလေးက အမျိုးသမီးလေးရဲ့ ခါးကို ကိုင်လိုက်ချိန် မိန်းကလေးက သူ့လက်ပေါ်မှာ ပျော့ခွေကျသွားသလို ပက်လက်လန်သွားပါတယ်။
ခါးကို လက်နဲ့ထိန်းထားတဲ့ အမျိုးသားကလေးက သူ့မျက်နှာကို ငုံ့လိုက်ပြီး တစ်နေရာကို သူ့မျက်နှာအပ်လိုက်ချိန်မှာတော့ ကျွန်တော့်မျက်စိတွေ ပြာသွားပါတယ်။
ဒီလိုအကမျိုးတွေ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ သင့်တော်ပါရဲ့လားလို့ တာဝန်ရှိသူများ စဉ်းစားဖို့လိုပြီထင်ပါတယ်။
ရေးသင့်၊ မရေးသင့် တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်။
မရေးရင် မဖြစ်တော့ဘူးထင်တာကြောင့် မောင်နဲ့နှမ၊ သားနဲ့အမိ မကြည့်သင့်တဲပုံများကို ဖော်ပြကာ ရေးသားလိုက်ရပါတော့တယ်။
ပြတင်းပေါက်ကို ဖွင့်လိုက်ပါပြီ။
လေကောင်းလေသန့်တွေနဲ့အတူ ၀င်လာမယ့် အမှိုက်သရိုက်တွေကို ထိန်းသိမ်းနိုင်အောင် ကျွန်တော်တို့ရဲ့ ပြတင်းပေါက်များမှာ သံဆန်ခါခပ်စိတ်စိတ်များ တပ်ဆင်ဖို့တော့ လိုအပ်နေပြီ ထင်ပါတယ်။
(ရွှေအမြုတေမဂ္ဂဇင်းနဲ့ အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဆရာဝင်းငြိမ်းက အလင်းတန်းဂျာနယ်မှာ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။
ဆရာတကယ်ပြောလိုတာက ကကွက်တစ်ခုတည်း၊ အကလောကတစ်ခုတည်းကို ပြောလိုတာ မဟုတ်ဘူးလို့တော့ ကျွန်တော်သဘောပေါက်မိပါတယ်။
မှန်ပါတယ်ဆရာရေ၊ ကျွန်တော်တို့အနေနဲ့ နေရာစုံက ပြတင်းပေါက်တွေကို သံဆန်ခါတပ်ဖို့ လိုနေတာကတော့ အမှန်ပါပဲခင်ဗျာ။)
Wednesday, March 21, 2012
မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ပြဿနာနှင့် ကျွန်တော့်အမြင်(Tag Post)
 ဒီတက်ဂ်ပို့စ်လေးကို ရေးဖို့ သူငယ်ချင်းရင်ဆူးက တက်ဂ်ထားတာတော့ ကြာပါပြီ။
ရေးမယ်၊ ရေးမယ်နဲ့ မရေးဖြစ်ခဲ့ဘဲ ခုမှပဲ ရေးဖြစ်ပါတော့တယ်။
ဆုံးဖြတ်ချက်က ယခုနှစ် ၂၀၁၀ခုနှစ်၊ မတ်လ၁၄ရက်မှာ ထွက်ခဲ့တာဖြစ်ပေမယ့် စတင်ပြဿနာဖြစ်ပွားခဲ့တာကတော့ ကြာပါပြီ။
နိုင်ငံနှစ်နိုင်ငံရဲ့ တည်နေပုံအနေအထားကြောင့် ဒီလိုမျိုး ပင်လယ်ပြင်ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုကတော့ ရှိမှာပါပဲ။
အကျယ်အကျယ် စ ဖြစ်တာကတော့ ၂၀၀၈ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက မြန်မာ့ရေပိုင်နက်ထဲက Exclusive Economic Zone အတွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာနေတုန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်သင်္ဘောတွေရောက်လာပြီး သူတို့ပိုင်နက်လို့ ပြောရာကနေစခဲ့တာပါ။
နှစ်နိုင်ငံမှ စစ်သင်္ဘောများ စေလွှတ်ပြီး ရင်ဆိုင်တဲ့အထိဖြစ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ခုံရုံးတင်ပြီး အဆုံးအဖြတ်ခံမယ်လို့ သဘောတူလိုက်ကြပါတယ်။
(ဒါဟာ နှစ်ဖက်နိုင်ငံခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ကြီးမားမှုလို့ပဲ ကျွန်တော်မြင်ပါတယ်။ အဲဒီအချိန်ကစပြီး နှစ်နိုင်ငံစလုံးဟာ မိမိတို့ရဲ့ ရေတပ်မတော်ကို အင်အားဖြည့်၊ အဆင့်မြှင့်လာခဲ့ကြတာဟာလည်း ဂရုပြုစရာပါပဲ။)
ဒီလိုနဲ့ နှစ်နိုင်ငံလုံးဟာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာတရားခုံရုံး(ITLOS)ကို တင်ပြခဲ့ရာမှ အဲဒီတရားရုံးကနေပြီး အခုနှစ် မတ်လ၁၄ရက်နေ့မှာ အခုဆုံးဖြတ်ချက်ကို ချလိုက်တာဖြစ်ပါတယ်။
လောလောဆယ်တော့ ပေးထားတဲ့မေးခွန်းလေးတွေကို ကျွန်တော့်အမြင်လေးတွေနဲ့ ဆွေးနွေးပါမယ်။
(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ ရေပိုင်နက်ကိစ္စဘယ်လိုမြင်သလဲ။
ဘင်္ဂလားဒေ့ရှ်က သူနိုင်သွားပြီလို့ လက်ဦးအောင်ကြေငြာလိုက်တဲ့အတွက် သိသိချင်းမှာ ဒေါသထွက်ရပါတယ်။ နောက်ထပ်သိရတဲ့ သတင်းတွေအရ မြန်မာဟာ မနိုင်သလို ရှုံးလဲ မရှုံးခဲ့ဘူးဆိုလို့ စိတ်သက်သာရာရခဲ့ပါတယ်။ တကယ်ရှုံးခဲ့တယ်ဆိုရင်တော့ ဘယ်ကျေနပ်နိုင်ပါ့မလဲ။
ဒီနေရာမှာ ကျွန်တော်တွေ့လိုက်ရတာက တခြားအကြောင်းတွေပါ။
ဒီကိစ္စအတွက် ဂျာမနီရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ ဆုံးဖြတ်ချက်ချပြီးပြီးချင်းမှာ သူတို့နိုင်ငံ မျှော်မှန်းထားတာထက် အောင်မြင်ခဲ့ပြီလို့ သူ့နိုင်ငံကို လှမ်းပြောပါတယ်။
သူ့နိုင်ငံက မီဒီယာတွေကလည်း သူတို့နိုင်ပြီဆိုပြီး လက်ခမောင်းခတ်ခဲ့ကြတယ်။
ဒီအနေအထားမှာ ဘယ်လိုသုံးသပ်မိလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံရေးသမားပီပီ ရတဲ့အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး သူ့အတွက် နိုင်ငံရေးလုပ်ကွက်ဖော်သွားတာလို့ မြင်ပါတယ်။
သူ့ဆီက သတင်းရတာနဲ့ တစ်ပြိုင်နက် သူတို့ဆီက မီဒီယာတွေက ချက်ချင်းဆိုသလို ၀မ်းမြောက်ဝမ်းသာနဲ့ သတင်းတွေတင်ကြတယ်။ သြဘာပေးကြတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ဒီကိစ္စအတွက် ဘယ်လောက်အလေးထားကြလဲ၊ စည်းလုံးကြသလဲဆိုတာ တွေ့နိုင်တယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့ မြန်မာမီဒီယာတွေနဲ့ မြန်မာတွေ ဘာလုပ်နေကြသလဲ။
ဘာမှလုပ်မနေပါဘူး။ ဒီနေရာမှ သူမှ၊ ကိုယ်မှရယ်လို့ မဟုတ်ဘူး။ လူတိုင်းလိုလို တာဝန်မဲ့သလိုဖြစ်နေတယ်လို့ မြင်မိတယ်။ (ကျွန်တော်လည်း ပါတယ်)
မီဒီယာတွေကလဲ အစောကတည်းက မီးမောင်းမထိုးပြခဲ့သလို ကျွန်တော်တို့ ပြည်သူတွေကလဲ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါ အစိုးရကိစ္စပါဆိုပြီး မသိလိုက်မသိဖာသာ နေခဲ့ကြတယ်မဟုတ်လား။
ပြီးမှ ရှုံးတယ်ဆိုတဲ့ စကားထွက်လာမှ အစိုးရကို ၀ိုင်းအပြစ်တင်တဲ့သူတွေ မြင်ရတာ စိတ်ပျက်ဖို့ကောင်းပါတယ်။ နိုင်တယ်လို့ပြောရင်တော့ ချီးကျူးစကားပြောမယ်မထင်ဘူး။
ထားပါတော့။ နောက်မေးခွန်းတစ်ခုဆက်ဖြေပါမယ်။
(၂)မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။
ခံစားရတာကတော့ ကိုယ့်လူမျိုး ကိုယ် အားမရတာပဲ။
ဒီကိစ္စဖြစ်နေတာကြာပြီ။ ဒါကို စိတ်ဝင်တစားဆွေးနွေးခဲ့တဲ့သူ ပြည်တွင်းကရော၊ ပြည်ပမှာပါ ဘယ်နှစ်ယောက်ရှိခဲ့သလဲ။
ခုမှ လေသံတွေထွက်လာကြတာပါ။ စဖြစ်တုန်းက ဘယ်သူမှ စိတ်ဝင်တစား မဆွေးနွေးခဲ့ကြပါဘူး။
ဒါကို ကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ မြန်မာလူမျိုးတွေဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားလုံးနဲ့ ပထ၀ီနိုင်ငံရေးဆိုတာကို စိတ်မ၀င်စားကြသေးဘူးဆိုတာပါပဲ။
တကယ်တော့ ကျွန်တော်တို့စိတ်ဝင်စားကြရမယ်။
ဒီပင်လယ်ပြင်၊ ဒီကျွန်းတွေပေးလိုက်ရင် ငါတို့ ဘာနစ်နာသွားနိုင်မလဲ၊ နောင် ဘာတွေဖြစ်လာနိုင်မလဲ ဆွေးနွေးကြသင့်တယ်ဗျ။ (ပြောသာပြောတာ ကိုယ်ရောဆွေးနွေးခဲ့သလားဆိုတော့ မဆွေးနွေးခဲ့ပါဘူး)
နောက်ဆုံး အဖြေထွက်လာပြီးတဲ့နောက်မှာတောင်မှ ကျွန်တော်တို့ အချင်းချင်း လက်ညှိုးထိုး အပြစ်တင်နေကြတုန်းဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာတောင် ကိုယ့်နိုင်ငံဘက်ကမနာဘဲ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လိုက်ပါလုပ်ဆောင်ခဲ့ကြသူတွေကိုပါ အပြစ်ပြောနေတာမြင်ရတာ ရင်ထဲ မချိပါဘူး။
(၃)တိုင်းပြည်ကိုချစ်တဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဘာလုပ်သင့်သလဲ။
မကျေမနပ်ဖြစ်နေရုံနဲ့တော့ ကိုယ်ပဲ စိတ်ပင်ပန်းမှာ၊ ပြီးမသွားဘူးဗျ။
ဒီကိစ္စမှာ ရှုံးတယ်၊နိုင်တယ် ပြောလို့မရခဲ့ပေမယ့် ဒီအဖြစ်အပျက်လေးကနေ ယူလို့ရတာတွေ အများကြီးပဲ။
အဓိက ကတော့ ကျွန်တော်တို့ မြန်မာတွေတော်တော်များများ အနောက်ဘက်က အန္တရာယ်ကို မြင်လာကြပြီလို့ ဆိုနိုင်ပါတယ်။
ဒါဟာ အစိုးရရဲ့ တာဝန်ပဲလို့သဘောမထားဘဲ ပြည်သူတစ်ယောက်အနေနဲ့ ငါ့မှာလဲ တာဝန်ရှိတယ်ဆိုတာ သဘောထားတတ်ဖို့လိုပါတယ်။
ဒီအဖြစ်အပျက်လေးဟာ မြန်မာတွေ စည်းလုံးညီညွတ်ဖို့ အချိန်ရောက်ပြီလို့ ပြနေသလိုပါပဲ။
မြန်မာတွေ စည်းလုံးညီညွတ်နေမှသာ တိုင်းပြည် အင်အားတောင့်တင်းမှာ ဖြစ်ပါတယ်။
မြန်မာတွေအနေနဲ့ ဘယ်လိုခံယူချက်မျိုးပဲ ရှိရှိ အမျိုးသားအကျိုးစီးပွားထိခိုက်လာတော့မယ်ဆိုရင် ငါနဲ့မတူ ငါ့ရန်သူလို့ သဘောမထားကြဘဲ သူ့ဘက်ကိုယ့်ဘက် ဘက်ရွေးမနေကြဘဲ မြန်မာဆိုတဲ့ တစ်ဘက်ထဲကနေ ရပ်တည်ကြဖို့လိုမယ်လို့ မြင်မိပါတယ်ခင်ဗျာ။
ပထ၀ီနိုင်ငံရေးဆိုတာလေး ပြောမိထားလို့ နည်းနည်းလောက် ထပ်ရေးပါရစေဦး။
ဒီရေပိုင်နက်ပြဿနာလေးမှာ မြန်မာဘက်က လုပ်သွားတာ ပညာပါတယ်လို့ မြင်မိပါတယ်။
မြန်မာဘက်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေ ပါမသွားတဲ့အပြင် ၂၀၀၈ခုနှစ်က အငြင်းပွားဧရိယာကိုလည်း မြန်မာအပိုင်ဆိုတာ သေချာသွားစေခဲ့ပါတယ်။
နှစ်နိုင်ငံ ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်များ အပြီးသတ် သတ်မှတ်ပြီးသားဖြစ်သွားသလို အဲဒီဧရိယာတွေ အပြင်ဘက်က နှစ်နိုင်ငံပိုင် ဧရိယာတစ်ခုပါ အပိုဆောင်းရလိုက်ပါတယ်။
တစ်ခုပဲပြောစရာရှိတာက စိန့်မာတင်(ရှင်မဖြူ)ကျွန်းကို ပေးလိုက်ရတာပါ။
တစ်ခုပဲလို့ဆိုပေမယ့် ဒါဟာ ပထ၀ီအနေအထားအရ တစ်ချိန်ချိန်ကျရင် အင်မတန်သတိထားလာရနိုင်တာမို့ အခုကတည်းက မြန်မာတွေ သတိထားနေသင့်ပြီလို့ ထင်မိကြောင်းပါခင်ဗျာ။
(ရေးချင်တာကတော့ အများကြီးပဲ။ အရမ်းရှည်သွားပြီး လေးသွားမှာ စိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။
ဒီလောက်ဆို တဂ်ထားတဲ့ ရင်ဆူးလည်းကျေနပ်လောက်ပါပြီ။ ရေးချင်တာနဲ့ အတော်ဖြစ်သွားလို့ ကျေးဇူးတင်ပါတယ်သူငယ်ချင်းရေ။)
Monday, March 19, 2012
အိပ်မက်ကပွဲ - လင်းနစ်
သီချင်းလေးရဲ့နာမည်က အိပ်မက်ကပွဲ ပါ။
သီဆိုထားသူကတော့ လင်းနစ်ဖြစ်ပါတယ်။
ဘယ်အခွေထဲကလဲ၊ ဘယ်တုန်းထွက်တာလဲ မသိပါ။
အစ်မတစ်ယောက်ရှဲထားတာ ကြိုက်လို့ တင်ပေးလိုက်ပါတယ်။
မနေ့က ကျွန်တော်တင်ထားတဲ့ " ရင်ရဲ့ရှိုက်သံ " ကဗျာလေးနဲ့ တွဲပြီး ခံစားကြည့်ပေးကြပါနော်။
Saturday, March 17, 2012
ရင်ရဲ့ရှိုက်သံ
ကြယ်တစ်စင်းလောက်မှ
မလင်းတဲ့ကောင်းကင်
ငါ့ရဲ့နေ့တွေ မှောင်လွန်းတယ်.....
နေ့တစ်နေ့ပေါ့...
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချတာလား
ဆောင်းတွင်းမှာပဲ နေဆယ်စင်းထွက်တာလား
သေချာတာတစ်ခုက
သံသရာရထား တစ်ဘူတာဆိုက်တော့မတဲ့
လောကကြီးတစ်ခုလုံး မည်းလို့ မှောင်လို့.....
ချစ်သူရေ...
ချစ်တော့ချစ်တယ်
ဒါပေမယ့် မချစ်ရက်ဘူး
ပွေ့ဖက်ထားချင်တယ်
ဒါပေမယ့် ဆွဲမခေါ်ရက်ဘူး
ငေးကြည့်နေချင်တယ်
ဒါပေမယ့် မျက်ရည်တွေမမြင်ရက်ဘူး
အသံလေးကြားချင်တယ်
ဒါပေမယ့် ရှိုက်သံတွေမကြားရက်ဘူး.....
မယုံနိုင်ဘူးကွယ်...
အရက်စက်ဆုံးစကားလုံးတွေသုံးပြီး
ကိုယ့်အသည်းနှလုံးကိုယ် ထိုးခွဲခြေမွ
ဧဒင်ဥယျာဉ်အ၀မှာ
ငိုချင်းချခဲ့ရတယ်.....
စိတ်နာလိုက်ပါချစ်သူ...
လိပ်ပြာသန့်သန့်နဲ့ ကျောခိုင်းခဲ့တာပါ
မင်းရှေ့မှာ ကံကောင်းခြင်းတွေ ရှိပါတယ်
ကံဆိုးခြင်းတွေကတော့
ငါ့အတွက်ပဲ ဖြစ်ပါစေ.....
မိစ္ဆာတွန်သံရယ်လေ...
ညသန်းခေါင်ယံမှာ
အဖန်ဖန်ပြုစားနှောင့်ယှက်
ရှေ့ဆက်ရမယ့်ရက်တွေမှာ
အိပ်ပျက်ညတွေများဦးမယ်.....
တောင်းပန်ပါတယ်...
ဘယ်တော့မီးစာကုန်မယ်မသိတဲ့
ငါ့ရဲ့ ခပ်မှိန်မှိန်ညဉ့်နက်တွေထဲ
တို့နှစ်ယောက်ရဲ့အတိတ်ကို သတိရခွင့်ပြုပါ
မင်းရဲ့မျက်နှာလေးကို မြင်ယောင်ခွင့်ပြုပါ
မင်းရဲ့နာမည်လေးကို ရေရွတ်ခွင့်ပြုပါ
ပြီးတော့...
ငါ့ကို   ငိုကြွေးခွင့်ပြုပါ.....။
(တစ်စုံတစ်ရာသော ကံကြမ္မာကြောင့် တစ်စုံတစ်ခုသောရောဂါကို ကိုယ့်အပြစ်မပါဘဲ လက်ခံထားရတဲ့ တစ်စုံတစ်ယောက်သော သူငယ်ချင်းအတွက် ခံစားရေးဖွဲ့ပါတယ်)