Thursday, April 30, 2015

ကမ္ဘာ့အကြီးကျယ်ဆုံး တီထွင်သူဆယ်ဦး ၁




လူတိုင်းဟာ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံယူချက်တွေ ရှိတာကြောင့် ကမ္ဘာ့အကြီးကျယ်ဆုံးဆိုတဲ့ စာရင်းတွေကို ပြုစုတဲ့အခါ ဘယ်တော့မှ ထပ်တူညီလိမ့်မယ်မဟုတ်ပါဘူး။ အောက်ပါအကိုးအကားတစ်ခုကနေပြီးတော့ ဒီစာရင်းကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။

၁၀။ လီယိုနာဒို ဒါဗင်ချီ (၁၄၅၂-၁၅၁၉)
လီယိုနာဒို ဒါဗင်ချီဆိုတာ ကမ္ဘာကျော်ပန်းချီကားကြီးတွေဖြစ်တဲ့ မိုနာလီဇာနဲ့ နောက်ဆုံးညစာ စတဲ့ ပန်းချီကားတွေကို ရေးဆွဲခဲ့သူ ပန်းချီအကျော်အမော်တစ်ယောက်သာမကဘဲ ပညာရပ်နယ်ပယ်အမြောက်အမြားမှာ စူးစမ်းလေ့လာပြီး အောင်မြင်ဖြစ်ထွန်းခဲ့သူ သမိုင်းမှာ အတော်ဆုံး လူတစ်ယောက်လဲ ဖြစ်ပါတယ်။ ပညာရပ်နယ်ပယ်များစွာမှာ တကယ်ကို တတ်သိနှံ့စပ်မှုတွေ များစွာပိုင်ဆိုင်ခဲ့တဲ့သူဟာ သိပ္ပံလောကကို တစ်ခေတ်ဆန်းစေသူလဲ ဖြစ်ပါတယ်။ ပန်းချီရေးဆွဲမှုတစ်ခုတည်းမှာတင် သူ့ရဲ့ အစွမ်းက အံ့မခန်းပါပဲ။ အလင်း၊ အပင်၊ လူ့မျက်နှာပေါ်က ခံစားမှုအမျိုးမျိုး၊ သက်ရှိတည်ဆောက်ပုံတွေ၊ သဘာဝတရားတွေကို ရေးဆွဲခဲ့ပုံတွေက တီထွင်ဆန်းသစ်ပြီး ရေးဆွဲခဲ့သူပါ။ သူသေပြီးတဲ့နောက်မှာ သူ့ရဲ့ သိပ္ပံနည်းပညာဆိုင်ရာ တီထွင်မှုတွေကြောင့် လူသားတွေရဲ့ ရိုသေလေးမြတ်မှုကို ခံယူခဲ့ရပါတယ်။ သူသေပြီး နှစ်ရာနဲ့ချီတဲ့အချိန်မှာတောင် မဖန်တီးနိုင်ခဲ့ကြတဲ့ နည်းပညာမြောက် ပစ္စည်းတွေကို အသေးစိတ်ဒီဇိုင်းတွေ အမြောက်အမြားရေးဆွဲခဲ့ပါတယ်။ ဥပမာအားဖြင့် ပျံသန်းနိုင်တဲ့ စက်တွေ၊ တိုက်ခိုက်ရေးသံချပ်ကာယာဉ်၊ နေစွမ်းအင်အသုံးပြုပုံ၊ နစ်မြုပ်ဖို့ ခက်ခဲ့တဲ့ နှစ်ထပ်သင်္ဘောဒီဇိုင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒါဗင်ချီရေးဆွဲခဲ့တဲ့ ခန္ဓာဗေဒဆိုင်ရာ ပုံကြမ်းတွေကိုသာ အဲဒီခေတ်က ပုံနှိပ်ထုတ်ဝေဖြစ်ခဲ့မယ်ဆိုရင် တကယ်ကို အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ သုတေသနပြုမှုတွေအတွက် အရမ်းအသုံးဝင်ခဲ့မှာပါ။ သူဟာ အင်ဂျင်နီယာတစ်ယောက်အဖြစ်နဲ့လဲ သူရဲ့ စွမ်းရည်တွေကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဘ၀တစ်လျှောက်လုံး သူဟာ ကြီးကျယ်ခမ်းနားသူတစ်ယောက်အနေနဲ့ ရပ်တည်ရှင်သန်ခဲ့ပြီး သူ သေဆုံးခါနီးအချိန်တွေဟာ ပြင်သစ်ဘုရင်ကိုယ်တိုင်က သူ့ရဲ့ လက်တွေနဲ့ပွေ့ဖက်ထားခဲ့ပြီး ပညာရှင်ကြီးတစ်ယောက်ရဲ့ နေ၀င်ချိန်ကို နှုတ်ဆက်ခဲ့ပါတယ်။

၉။ ဘင်ဂျမင် ဖရန်ကလင်း (၁၇၀၅-၁၇၉၀)
အမေရိကန်သမိုင်းမှာ ဘင်ဂျမင် ဖရန်ကလင်းဟာ ဘာသာရပ်အမျိုးမျိုးအတွက် အကြီးကျယ်ဆုံး တွေးခေါ်ပညာရှင်တစ်ယောက်ပါ။ သူဟာ ပုံနှိပ်စက်ဆရာ၊ စာရေးဆရာ၊ စာတိုက်မှူး၊ နိုင်ငံရေးသီအိုရီပညာရှင်၊ နိုင်ငံရေးသမား၊ နိုင်ငံတည်ထောင်သူ၊ သံတမန်၊ သိပ္ပံပညာရှင်နဲ့ တီထွင်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ တီထွင်ဆန်းသစ်မှုတွေဟာ ဖရန်ကလင်စတုတ်ဖ်လို့ ခေါ်တဲ့ မီးဖို၊ ပင်လယ်ပြင်သွား သင်္ဘောကျောက်ဆူး၊ အတုထုတ်ဖို့ ခက်ခဲတဲ့ ငွေစက္ကူဒီဇိုင်း စတဲ့ သေးငယ်တဲ့ တီထွင်မှုတွေကနေ လျှပ်စစ်စွမ်းအင်အကြောင်း သုတေသနပြုမှုတွေ၊ လျှပ်စစ်ဖိုဓာတ်၊ မဓာတ် အီလက်ထရွန်တွေကို ရှာဖွေတွေ့ရှိမှု၊ အလင်းဓာတ်ချောင်းကို တီထွင်နိုင်မှုတွေအထိ များပြားခဲ့ပါတယ်။ ဖရန်ကလင်းဟာ မွေးရာပါ ခေါင်းဆောင်မှုဗီဇပါသူလည်း ဖြစ်ပါတယ်။ အမေရိကရဲ့ ပထမဆုံး မီးသတ်ဌာန၊ ပထမဆုံး ဆေးရုံ၊ အမေရိကန်စာတိုက်စနစ်၊ ပညာရှင်သုံးယောက်အဖွဲ့နဲ့ တည်ထောင်ခဲ့တဲ့ အမေရိကန်ကောလိပ်စနစ် စတာတွေကို ဆန်းသစ်တည်ထောင်ခဲ့သလို အရေးကြီးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံရေးစနစ်ကို တီထွင်ဆန်းသစ်တဲ့ အဓိက ဒေါက်တိုက်အဖြစ် ပါဝင်အသုံးတော်ခံခဲ့သူပါ။ ဖရန်ကလင်းဟာ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်း၊ ပြင်သစ်နိုင်ငံနှင့် မဟာမိတ်စာချုပ်၊ ပဲရစ်စာချုပ်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စတဲ့ အမေရိကန်နိုင်ငံတည်ထောင်မှု စာတမ်းလေးစောင်မှာ လက်မှတ်ရေးထိုးခဲ့သူ အမေရိကရဲ့ တစ်ဦးတည်းသော ဖခင်ကြီးဖြစ်ပါတယ်။

၈။ အာခီမီးဒီးစ် (၂၈၇-၂၁၂ဘီစီ)
အာခီမီးဒီးစ်ဟာ သူ့ခေတ်သူ့အခါမှာ အကြီးကျယ်ဆုံး သင်္ချာပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး တီထွင်သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်တုန်းက အသက်ရှင်နေထိုင်ခဲ့သူ သူ့ကြောင့်သာ ယခုတီထွင်သူစာရင်းထဲက သူတွေအားလုံးနီးပါး တီထွင်မှုတွေ လုပ်နိုင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ သူဟာ ယနေ့ကျွန်တော်တို့မှီခိုနေရတဲ့ စက်ဝိုင်းဧရိယာ၊ မျက်နှာပြင်ဧရိယာ၊ စက်လုံးရဲ့ ထုထည်၊ ပါရာဘိုလာဧရိယာ စတဲ့ ဂျီအော်မေတြီသီအိုရမ်တွေကို သက်သေပြခဲ့ပြီး ပိုင်ရဲ့ တန်ဖိုးကိုလဲ ခန့်မှန်းတွက်ချက်ခဲ့သူပါ။ ဒီ သင်္ချာပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို သူ့ဘ၀တစ်လျှောက်လုံး လုပ်ခဲ့သလို သူတီထွင်ခဲ့တဲ့အရာတွေကလည်း သူ့ရဲ့ တွက်ချက်မှုတွေကို အခြေခံခဲ့တာပါ။ အာခီမီးဒီးစ်ဟာ ကုတ်(lever)ရဲ့ အခြေခံသဘောတရားကို ပထမဆုံး ထုတ်ဖော်ခဲ့သူဖြစ်ပြီး၊ ရှေးဦးစက်ကိရိယာတွေလို့ ခေါ်နိုင်တဲ့ ၀က်အူရစ်ရေတင်စက်၊ ပူလီတွေကို စုစည်းပြီး အလေးသယ်တဲ့စက်၊ ပထမဆုံးဂြိုလ်နက္ခတာရာမြေပုံစတာတွေ တီထွင်ခဲ့တဲ့အပြင် သူရဲ့ မွေးရပ်မြေ ဆီရာကျုမြို့ကို စစ်အတွင်းမှာ စိတ်ကူးယဉ်ဆန်ဆန် စက်ကိရိယာတွေနဲ့ ကာကွယ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကြီးကျယ်ထင်ရှားတဲ့ တီထွင်မှုတွေကြောင့် ရန်သူ့ခေါင်းဆောင်တွေဟာ သူ့ကို အထိအခိုက်မရှိစေဖို့ မှာကြားထားခဲ့ကြပေမယ့် ဆီရာကျုမြို့သိမ်းတိုက်ပွဲမှာ ရောမစစ်သားတစ်ယောက်ရဲ့ ဓားချက်နဲ့ သေဆုံးခဲ့ရပါတယ်။

၇။ ဂျိုဟန်နက်စ် ဂူတင်ဘတ် (၁၃၉၂-၁၄၆၈)
ဂျိုဟန်န်စ် ဂူတင်ဘတ်ဟာ ပုံနှိပ်အတတ်ပညာကို ဥရောပမှာ မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး ပုံနှိပ်ပညာဟာ တရုတ်မှာ စတင်ခဲ့ပြီးနောက် ကိုရီးယားကို ရောက်ရှိသွားပြီး သတ္တုအသုံးပြုပြီး အဆင့်မြှင့်တင်ခြင်းခံရပါတယ်။ ဒါပေမယ့် ဂူတင်ဘတ်ဟာ ပုံနှိပ်အတတ်ပညာရဲ့ စွမ်းအားကို ပြီးပြည့်စုံအောင် ပြုလုပ်ခဲ့သူပါ။ ဥရောပအက္ခရာစာလုံးတွေကို မှင်အသုံးပြုပြီး စာရွက်ပေါ်မှာ ပုံနှိပ်နိုင်အောင် များပြားလှစွာသော ရွှေ့ပြောင်းနိုင်တဲ့ စက်ပစ္စည်းတွေ ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒီပုံနှိပ်အတတ်ပညာကြောင့် များစွာသော ပညာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်းတွေ ထုတ်ဝေနိုင်ခဲ့ကြပြီး သိပ္ပံပညာခေတ်သစ်စတင်နိုင်ခဲ့တာပါ။ အေဒီနှစ်တွေထဲမှာ ဒါဟာ အကြီးကျယ်ဆုံးတီထွင်မှုလို့ ပညာရှင်အများအပြားက သမုတ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ပုံနှိပ်အတတ်ပညာ ပေါ်ထွန်းလာခဲ့လို့သာ သတင်းအချက်အလက်တွေဟာ ကန့်သတ်ချက်မရှိဘဲ နေရာအနှံ့ရောက်ရှိနိုင်ခဲ့သလို ရှေးက ပညာရေးစနစ်ဟာ ရေပေါ်ဆီအသိုင်းအ၀ိုင်းအတွက်သာ ဖြစ်ခဲ့ပေမယ့် ယနေ့မှာတော့ ဘယ်သူမဆို စာရေး၊ စာဖတ် ပြုလုပ်နိုင်ပြီဖြစ်လို့ပါပဲ။

၆။ ချားလ်စ် ဘက်ဘေ့ခ်ျ (၁၇၉၁-၁၈၇၁)
အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်တဲ့  ချားလ်စ်ဘက်ဘေ့ခ်ျဟာ ပရိုဂရမ်ရေးသားပြီး တွက်ချက်နိုင်တဲ့ စက်ကို တီထွင်နိုင်မှုကြောင့် ကွန်ပြူတာဖခင်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီစက်ဟာ ခေတ်သစ်ကွန်ပြူတာတွေအတွက် အခြေခံဗိသုကာပုံစံဖြစ်ပြီး သူ့ရဲ့ စက်ကို အခြေခံပြီး စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်နိုင်စွမ်းအားတွေကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ On the economy of the machinery and manufactures ဆိုတဲ့ သူရဲ့ စာအုပ်ဟာ အရှိန်အ၀ါအလွန်ကြီးခဲ့တဲ့ စာအုပ်ပါ။ ဒီစာအုပ်ထဲမှာပါတဲ့ ဘက်ဘေ့ခ်ျသဘောတရားကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ စွမ်းဆောင်ရည်မြင့်မားမှုလိုအပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ စွမ်းဆောင်ရည်မြင့်လုပ်သားတွေကို လခပိုမိုပေးပြီး ခန့်အပ်ခဲ့ကြလို့ ကုန်ထုတ်စွမ်းအားတွေ မြင့်မားလာခဲ့ပါတယ်။ ဘက်ဘေ့ခ်ျဟာ မီးရထားလုပ်ငန်းမှာလဲ စွန့်ဦးတီထွင်သူတစ်ဦးအဖြစ် တီထွင်မှုတွေလုပ်ခဲ့ပါတယ်။ ရွှေ့လျားနိုင်တဲ့ စက်ခေါင်းရဲ့ ရှေ့မှာ သတ္တုဖရိမ်တပ်ဆင်ပြီး အတားအဆီးတွေကို ဖယ်ရှားတဲ့ယာဉ်၊ မီးရထားတွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာနိုင်ဖို့ ပထမဆုံး ဒိုင်နမိုမီတာကား၊ အော်သာမိုစကုပ်လို့ ခေါ်တဲ့ လူနာရဲ့ မျက်စိထဲကို ဆရာဝန်က ကြည့်နိုင်တဲ့ ကိရိယာ စတာတွေကို တီထွင်ခဲ့သူပါ။ ၀ှက်စာရေးခြင်း ပညာရပ်မှာလဲ အရေးပါတဲ့ တီထွင်မှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး ဗြိတိသျှစစ်တပ်ဟာ အဆိုပါတီထွင်မှုကို လျှို့ဝှက်စွာ အသုံးပြုခဲ့တဲ့နောက် ဘက်ဘေ့ခ်ျသေဆုံးပြီး ရာစုနှစ်တစ်ခု ကြာမှသာ အများသိနိုင်အောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒုတိယပိုင်းကို မကြာမီ တင်ဆက်ပေးသွားပါမယ်။


Tuesday, April 28, 2015

မြန်မာနှင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်း



ဟိုတလောတုန်းက နာမည်မမှတ်မိတော့တဲ့ ဂျာနယ်တစ်စောင်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲမှာ အဆင့်၁၂ချိတ်တယ်လို့ တွေ့လိုက်မိတယ်။ တွေ့မိတော့လဲ အော် ဟုတ်မှာပဲ။ ကိုယ့်နိုင်ငံကိုယ် ဆင်းရဲတာ သိနေတော့ ဖြစ်နိုင်ပါတယ်လေဆိုပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။
ဒီလိုနဲ့ ဒီနေ့ကျ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းမှာ ကိုယ့်အောက်ကနိုင်ငံတွေက ဘယ်နိုင်ငံတွေများလဲ သိချင်လို့ လိုက်ရှာတော့ မတွေ့ဘူးဗျ။ အဲဒီဂျာနယ်က အဆင့်၁၂စာရင်းကို ကျွန်တော် ရှာတာ ရှာမတွေ့ဘူးဖြစ်နေတယ်။

အပေါ်ဆုံးက ပုံမှာ ဖော်ပြထားတဲ့ top ten စာရင်းမှာ မြန်မာမပါဘူး။ အဲဒီပုံကို အောက်ပါဝက်ဘ်ဆိုဒ်က ရယူပါတယ်။
http://www.mapsofworld.com/world-top-ten/world-top-ten-poorest-countries-map.html

top tenမှာ မပါရင်တော့ top 20မှာ မြန်မာ ပါလောက်တယ်ဆိုပြီး ထပ်ရှာပါတယ်။ ထပ်မတွေ့ပြန်ပါဘူး။
အောက်ပါလင့်ခ်မှာ top 20 စာရင်းကို တစ်နိုင်ငံချင်းစီအလိုက် ဖော်ပြချက်များနဲ့ ဖတ်ရှုနိုင်ပါတယ်။
http://www.therichest.com/rich-list/world/poorest-countries-in-the-world/

နောက်ဆုံးတော့ world poorest countries ဆိုပြီးပဲ ရိုက်ရှာလိုက်တော့မှသာ တွေ့ရပါတော့တယ်။
နိုင်ငံပေါင်း၄၂နိုင်ငံကို တန်းစီထားတဲ့ စာရင်းမှာ မြန်မာက အဆင့်၃၉ ၀င်ပါတယ်။ 


ဒီစာရင်းကိုတော့ အောက်ပါဝက်ဘ်ဆိုဒ်က ရယူပါတယ်။
http://www.infoplease.com/ipa/A0908763.html

ကျွန်တော် မမှတ်မိတော့တဲ့ ဂျာနယ်ဟာ ဘယ်ရင်းမြစ်ကနေ ရယူပြီး အဆင့်၁၂လို့ ဖော်ပြခဲ့သလဲ မသိပါဘူး။ ကျွန်တော်က အဲဒါကို ရှာမတွေ့ဘဲ အထက်ဖော်ပြပါ စာရင်းတွေပဲ ရှာတွေ့မိတဲ့အတွက် ရှာတွေ့တဲ့ စာရင်းတွေအရ မြန်မာပြည်သူပြည်သားများ ကိုယ့်ကိုကိုယ် စိတ်မပျက်ပါနဲ့ဦး။ ကျွန်တော်တို့ top 20 စာရင်းထဲ မ၀င်သေးပါဘူး။ ကြိုးစားကြပါဦးလို့ ပြောလိုက်ပါရစေ။


Wednesday, April 15, 2015

2015ခုနှစ်အတွက် လေ့လာရမယ့် programming ဘာသာရပ်များ


Programming ဆိုတာ တော်တော်နာမည်ကြီးတဲ့ စကားရပ်တစ်ခုပါပဲ။ ပရိုဂရမ်ရေးသားခြင်းလို့ မြန်မာလို ပြန်လိုက်ပါတယ်။ ယနေ့ခေတ်ဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်စေ၊ ကွန်ပြူတာသမားတစ်ယောက်ဖြစ်စေ၊ ဆော့ဖ်ဝဲလ် developer တစ်ဦးဖြစ်စေ၊ web developer တစ်ဦးဖြစ်စေ၊ ဖုန်းapplication developer တစ်ဦးဖြစ်စေ programming ဆိုတာကို ရေးတတ်ဖို့ လိုတဲ့ခေတ် ဖြစ်နေပါပြီ။ အထက်ဖော်ပြပါ အသက်မွေးဝမ်းကျောင်းတွေထဲက တစ်ခုမှ မဟုတ်စေဦး၊ သာမန်ဝါသနာပါလို့ programming ရေးချင်တယ်ဆိုပြီး လေ့လာချင်တဲ့သူတွေလဲ ရှိကြပါတယ်။ အဲဒါကြောင့် ၂၀၁၅မှာ လေ့လာသင့်တဲ့ programming ငါးမျိုးအကြောင်း ဘာသာပြန် ဖော်ပြလိုက်ရပါတယ်။

၁။ Java And Swift


ယနေ့ခေတ် ဈေးကွက်က အလွန်အမင်းတောင်းဆိုနေတဲ့ ဖုန်းapplictionတွေကို ရေးသားလိုသူတွေအတွက် Javaဟာ ပြီးပြည့်စုံတဲ့ programming languageတစ်ခုလိုပါပဲ။ ဖုန်းappတစ်ခုလုပ်ချင်ရင် Javaကို အများဆုံး သုံးကြရပါတယ်။ ဒီ programming language ကို မလေ့လာထားဘူးဆိုရင် ဖုန်းappလောကမှာ အခွင့်အလမ်းတွေအများကြီး လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ်။ ဖုန်းappတွေအပြင် ကွန်ပြူတာဆော့ဖ်ဝဲလ်တွေကိုလဲ Javaနဲ့ ရေးကြလေ့ရှိတယ်ဆိုတာကိုလဲ ထပ်လောင်း အသိပေးပါရစေ။
ဖုန်းဆိုကတည်းက Android နဲ့ iphoneဆိုပြီး ခွဲသိကြမှာပဲ။ နာမည်ကြီး iphoneကတော့ ထုံးစံအတိုင်း သူများနဲ့မတူ၊ တမူထူးခြားလို့ သူ့အတွက် appတွေ ရေးမယ်ဆိုရင် Javaနဲ့ ဘယ်ရပါ့မလဲ။ အိုင်ဖုန်းအတွက်ကတော့ Swift ဆိုတဲ့ programming languageကို လေ့လာမှ ရပါလိမ့်မယ်။ Javaလောက် မလွယ်ပေမယ့် နားလည်ရလွယ်ကူတဲ့ syntaxတွေကို တွေ့နိုင်ပါတယ်။
ဖုန်းappရေးတဲ့ လောကထဲကို ၀င်မယ်လို့ စိတ်ကူးထားရင်တော့ အန်းထရွိုက်အတွက်နဲ့ပဲ ဂျာဗားကို လေ့လာရုံ မတင်းတိမ်ပါနဲ့။ နှစ်ခုလုံးကို ထဲထဲဝင်ဝင်လေ့လာထားမှသာ မိုဘိုင်းဖုန်းဈေးကွက်ထဲကို ရှေ့ကနေ တိုးဝင်နိုင်မှာ ဖြစ်ပါတယ်။ (စကားချပ် - မြန်မာdeveloperတွေထဲမှာ swiftကို ကိုင်တဲ့သူ အတော်နည်းပါတယ်)

၂။ Python



မိမိရဲ့ အချက်အလက်တွေကို လျင်လျင်မြန်မြန်စီးဆင်းစေဖို့ လိုအပ်တဲ့ အလုပ်တွေအတွက်ကတော့ Python programming language က အသင့်တော်ဆုံးပါပဲ။ များပြားလှစွာသော frame work တွေကို အင်တာနက်ပေါ်ကနေ ရယူသုံးစွဲနိုင်ခြင်းဟာ သင့်ရဲ့ အလုပ်ကို ခပ်မြန်မြန်ပြီးမြောက်စေဖို့ အံ့သြဖွယ် စွမ်းဆောင်ပေးပါလိမ့်မယ်။ ဥပမာ ကစားသမားအများအပြားဝင်ရောက်ကစားတဲ့ ဂိမ်းတစ်ခုဟာ အချက်အလက်တွေ အရှိန်နဲ့ စီးဆင်းနေဖို့လိုတဲ့အတွက် pythonနဲ့ ရေးရင် အဆင်ပြေပါတယ်။ နောက်ပြီး နားလည်ရလွယ်ကူလွန်းတဲ့ ဒီဘာသာရပ်အတွက် သင့်အနေနဲ့ အချိန်တိုအတွင်း တတ်မြောက်ဖို့ လွယ်ကူပါတယ်။ သင်ဟာ စိတ်မရှည်တဲ့သူတစ်ယောက်ဖြစ်ပြီး ခပ်မြန်မြန် ရလာဒ်တွေလိုလားတယ်ဆိုရင်တော့ ဒီဘာသာရပ်ကို ရွေးချယ်လိုက်ပါတော့။

၃။ C++


Programmingဆိုတဲ့ စကားကို ကြားဖူးနားဝရှိသူတိုင်း ရင်းနှီးပြီးသားနာမည်ကတော့ Cတို့ C++တို့ပေါ့။ သက်တော်ရှည်ဒီဘာသာရပ်ဟာ ဒီနေ့အထိလဲ အောင်မြင်မှုသရဖူကို ဆောင်းထားဆဲပါပဲ။ ဒီဘာသာရပ်နဲ့ဆိုရင်တော့ သင့်ရဲ့အလုပ်တွေ ပြီးမြောက်ဖို့ အချိန်အတော်ကြာ ယူကောင်းယူရနိုင်ပါတယ်။ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်ဆိုတဲ့အတိုင်း သင်ရဲ့ စိတ်ရှည်မှုဟာ သင့်ကို အဖိုးမဖြတ်နိုင်တဲ့ ဆုလာဒ်တွေ ပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Java၊ Python၊ C#တို့နဲ့ ယှဉ်ပြီး ရေးထားတဲ့ C++ရဲ့ မည်သည့်ကုဒ်မဆိုဟာ လျင်လျင်မြန်မြန် အလုပ်လုပ်နိုင်လို့ပါပဲ။
သင် windows သုံးတယ်ဆိုရင် C++ဆိုတာ စိတ်ချလက်ချ ရွေးချယ်ပါ။ ဆော့ဖ်ဝဲလ်ရေးမလား။ ကမ္ဘာပေါ်က windows သုံးစွဲသူ အရေအတွက်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်ရင် သွားရည်ယိုစရာကြီးပေါ့။ သက်တော်ရှည်ဘာသာရပ်ဖြစ်တဲ့အတွက်လဲ သင့်အတွက် မှီငြမ်းကိုးကားစရာ အမြောက်အမြားကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

၎။ R


R ဆိုတဲ့ ပရိုဂရမ်ရေးသားခြင်းဘာသာရပ်ကိုတော့ ကျွန်တော်လဲ သိပ်မကြားဖူးသလို သင် ကြားဖူးလိမ့်မယ်လို့လဲ အာမ မခံပါဘူး။ ဒါပေမယ့် အရမ်းကို ကြီးမားလွန်းတဲ့ လုပ်ငန်းကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေမှာ ဒေတာတွေကို အထုတ်အသွင်းမှတ်သားစုဆောင်းဖို့အတွက် Rသာ အသင့်တော်ဆုံးပါတဲ့။ ဒီဘာသာရပ်ဟာလဲ အသက်၂၂နှစ် ရှိနေပြီဆိုပါ့လား။ ကျွန်တော် လုံးဝကို မသိပါဘူးဗျာ။ :P

၅။ Ziron


အိုကေ သင်ဟာ assemblyကို သိပါသလား။ assemblyဟာ low level languageပါ။ ဘာလို့လဲဆိုတော့ machine codeတွေ ရေးသားရလို့ပါပဲ။ hardwareပေါ်မှာ တိုက်ရိုက် ရေးသားတယ်ဆိုပါတော့။ တော်တော်လဲ အသက်ကြီးနေပြီဖြစ်တဲ့ ဘာသာရပ်ပါပဲ။ Ziron ကတော့ assemblyကို C style ပြောင်းထားတဲ့ ဘာသာရပ်ပါ။ ခင်ဗျားဟာ C programmer ဖြစ်တယ်။ assemblyကို ရေးသားဖို့ လိုအပ်လာတယ်။ အိုကေ။ Zironကို ရွေးချယ်လိုက်ပါ။ ရိုးရိုးassemblyမှာ ရေးသလို codeပေါင်းများစွာကို ချရေးစရာမလိုတော့တဲ့ ဘာသာရပ်တစ်ခုကို ၀မ်းမြောက်ဝမ်းသာစွာ သင် လက်ခံရရှိပါလိမ့်မယ်။
http://www.maketecheasier.com/programming-language-for-2015/ မှာ ရေးသားထားတဲ့ ဆောင်းပါးကို အခြေခံပြီး ရေးသားပါတယ်။
ကျေးဇူးတင်ပါတယ်။


Friday, March 6, 2015

Viberမှာ ဖုန်းနံပါတ်တစ်ခုကို ဘယ်လိုဘလော့မလဲ



ဖုန်းနံပါတ်တစ်ခုကို ဖုန်းထဲမှာ black list ထည့်ရတာ လွယ်ပါတယ်။ black listထဲ ထည့်ထားပေမယ့် viberမှာတော့ အဲဒီဖုန်းနံပါတ်က ကိုယ့်ဆီကို စာတွေ ပို့လို့ ရနေတုန်းပါပဲ။
မိန်းကလေတွေ အများဆုံး ကြုံရလေ့ရှိပါတယ်။ ကိုယ့်ကို အနှောင့်အယှက်ပေးနေတဲ့ ဖုန်းနံပါတ်တစ်ခုကို black listထဲ ထည့်ထားပေမယ့် viberက စာတွေထပ်လာနေတတ်တာမျိုးပေါ့။
တကယ်တော့ viberမှာလည်း blockကို လွယ်လွယ်ကူကူလုပ်လို့ ရပါတယ်။
အောက်က ပုံတွေအတိုင်း လိုက်လုပ်လိုက်ရုံပါပဲ။

၁။ viberကို ဖုန်းထဲမှာ ဖွင့်လိုက်ပါ။


၂။ ညာဘက် အောက်ထောင့်က မျဉ်းကြောင်းသုံးကြောင်းပုံကို နှိပ်လိုက်ပါ။


၃။ ပြီးရင် settings ထဲကို ၀င်လိုက်ပါ။


၎။ privacy ထဲကို ဆက်ဝင်ပါ။


၅။ block listကို နှိပ်ပါ။


၆။ ကိုယ်ထည့်ချင်တဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် နာမည်တစ်ခုကို ရွေးပေးရုံပါပဲ။


၇။ block ပြန်ဖြေမယ်ဆိုရင် အဲဒီဘေးက reblockဆိုတာကို ပြန်နှိပ်ပေးလိုက်ရုံပါပဲ။


အဆင်ပြေကြပါစေ။

wiki how မှ ကူးယူပြီး ဘာသာပြန်ဖော်ပြလိုက်ပါသည်။

Tuesday, March 3, 2015

အိပ်မက်တွေကို ဆက်ထိန်းထား



ကျွန်တော့်မှာ မွန်တီရောဘတ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူဟာ ဆန်စီဒရိုမှာ ဟီးထနေတဲ့ မြင်းမွေးမြူရေးခြံကြီးကို ပိုင်ဆိုင်တဲ့သူပေါ့။ သူက သူ့ရဲ့အိမ်ကို ကလေးသူငယ်များအစီအစဉ်တွေအတွက် ရန်ပုံငွေရှာဖို့ ကျွန်တော့်ကို အသုံးပြုခွင့် ပေးခဲ့ပါတယ်။
ကျွန်တော် နောက်ဆုံးအကြိမ် သူ့အိမ်ကြီးဆီမှာ ရှိနေတုန်း သူက ကျွန်တော့်ကို စကားတွေအများကြီး ပြောခဲ့တယ်။
" ကျုပ် ဘာလို့ ဂျက်ဆိုတဲ့ ကောင်လေးကို ကျုပ်ရဲ့ မြင်းကို စီးစေခဲ့သလဲဆိုတာ ကျူပ်ပြောပြမယ်။ ဒါတွေအားလုံးဟာ ပုံပြင်တစ်ခုအပေါ်မှာ အခြေခံခဲ့ပါတယ်။ အဲဒီပုံပြင်ထဲမှာ ခြေသလုံးအိမ်တိုင်မြင်းထိန်းသမားတစ်ယောက်ရဲ့ သားကလေးဟာ မြင်းဇောင်းတစ်ခုကနေ မြင်းဇောင်းတစ်ခု၊ မြင်းပြိုင်ကွင်းတစ်ခုကနေ နောက်တစ်ခု၊ လယ်ကွင်းတစ်ခုကနေ နောက်တစ်ခု၊ မြင်းခြံကြီးတစ်ခြံကနေ နောက်တစ်ခြံ ဟိုဒီလျှောက်သွားပြီး မြင်းတွေကို ထိန်းကျောင်းနေခဲ့ရတယ်။ အဲဒီအရာတွေရဲ့ အကျိုးရလာဒ်အဖြစ် ကောင်လေးရဲ့ ကျောင်းသင်ပညာရေးအခြေအနေဟာ ဆိုးရွားနေခဲ့တာပေါ့။ အဲဒီကောင်လေး စီနီယာကျောင်းသားဖြစ်လာတဲ့အခါ ကြီးပြင်းလာတဲ့အခါ ဘာဖြစ်ချင်တယ်၊ ဘာတွေလုပ်ချင်တယ်ဆိုတာကို စာတမ်းတစ်စောင်ရေးဖို့ အိမ်စာပေးခြင်းခံရတယ်။"
"အဲဒီညမှာ သူက စာမျက်နှာခုနစ်မျက်နှာရှိတဲ့ စာတမ်းတစ်စောင်ရေးခဲ့တယ်။ အဲဒီစာထဲမှာ တစ်နေ့ကျရင် မြင်းခြံကြီးတစ်ခြံကို ပိုင်ဆိုင်လိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို ထည့်သွင်းဖော်ပြထားခဲ့တာပေါ့။ သူက သေသေချာချာကို ရေးခဲ့တာ။ အသေးစိတ်ကအစ ရေးခဲ့တာ။ ဧက၂၀၀ကျယ်တဲ့ မြင်းမွေးမြူရေးခြံကြီး၊ မြင်းခြံကြီးထဲက မြင်းဇောင်းတွေ၊ အခြားအဆောက်အအုံတွေ၊ မြင်းပြိုင်ကွင်း စသဖြင့် ရေးဆွဲထားတဲ့ ပုံတောင် ပါသေးတယ်။ အဲဒီဧက၂၀၀ကျယ်တဲ့ မြင်းခြံကြီးထဲက သူနေမယ့် စတုရန်းပေ၄၀၀၀ကျော် အိမ်ကြီးကိုတောင် ဆွဲထည့်ထားခဲ့သေးတာ။"
"ကောင်လေးက သူ့နှလုံးသားနဲ့ ထပ်တူပြုပြီး ဒီပရောဂျက်ကို ရေးဆွဲခဲ့ပြီးနောက် နောက်နေ့မှာ သူ့ဆရာလက်ထဲကို စာတမ်းအပ်ခဲ့တယ်။ နှစ်ရက်အကြာမှာ သူ့စာတမ်းကို သူ ပြန်ရခဲ့တယ်။ အဖွင့်စာမျက်နှာမှာ အနီရောင် F စာလုံးရဲရဲကြီးနဲ့အတူ အောက်မှာလဲ ကျောင်းဆင်းရင် ငါ့ကိုလာတွေ့ပါဆိုတဲ့ ဆရာ့ရဲ့ မှတ်ချက်ပါ ပါလာခဲ့တယ်။"
"ကောင်လေးဟာ သူ့ရဲ့စိတ်ကူးအိပ်မက်ကို ရင်မှာပိုက်ပြီး အတန်းဖြုတ်တဲ့အခါ ဆရာ့ကို သွားတွေ့ပြီး မေးဖြစ်တယ်။ ဘာလို့ ကျွန်တော်အဆင့်Fပဲ ရခဲ့တာလဲ။"
"အဲဒီအခါ ဆရာက ပြောတယ်။ မင်းလို ငယ်ရွယ်သေးတဲ့ ကောင်လေးအတွက် တကယ်မဖြစ်နိုင်တဲ့ စိတ်ကူးအိပ်မက်ဖြစ်နေလို့ပေါ့ကွာ၊ မင်းမှာ ပိုက်ဆံရှိလို့လား။ မင်းဟာ ခြေသလုံးအိမ်တိုင်မိသားစုက ပေါက်ဖွားလာခဲ့တာ၊ မင်းမှာ ဘာအရင်းအနှီးမှ မရှိဘူးလေ။ မြင်းမွေးမြူရေးခြံကြီးတစ်ခြံပိုင်ဖို့ဆိုတာ ပိုက်ဆံတွေ ပိုက်ဆံတွေ အများကြီးလိုတယ်တပည့်ရယ်၊ အရင်ဆုံး မင်း မြေ၀ယ်ရမယ်၊ မြင်းဈေးကွက်ထဲ ၀င်ပြီး မြင်းတွေ ရှာရမယ်၊ ပြီးရင် အခွန်အခတွေလဲ အများကြီးပေးရဦးမှာ၊ မင်း လုပ်နိုင်မှာ မဟုတ်ဘူးတပည့်တဲ့။ ပြီးတော့ ဆရာက ထပ်ပြောသေးတယ်။ ပိုပြီးဖြစ်နိုင်ချေရှိတဲ့ ဆီလျော်ညီညွတ်တဲ့ စာတမ်းတစ်စောင်ထပ်ရေးခဲ့ရင် ငါ မင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ပြန်စဉ်းစားပေးပါ့မယ်တဲ့။"
"အဲဒီနောက် ကောင်လေးဟာ အိမ်ပြန်သွားတယ်။ ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန် အချိန်အများကြီးပေးပြီး စဉ်းစားတယ်။ နောက်ဆုံး စဉ်းစားလို့ မရတဲ့အဆုံး သူ့အဖေကို သား လုပ်သင့်သလဲ၊ ဘာရေးသင့်သလဲလို့ မေးလိုက်တယ်။ ဒီတော့ အဖေဖြစ်သူက ပြောတယ်။ ဒီမယ် သားရဲ့၊ ဒါဟာ သားရဲ့ စိတ်ထဲမှာ တကယ်ရှိနေတဲ့ အရာကိုပဲ ချရေးရမှာ၊ ချရေးလိုက်တဲ့အရာဟာ ဘာပဲ ဖြစ်နေဖြစ်နေ သားအတွက် အရမ်းအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်လာလိမ့်မယ်တဲ့။ တစ်ပတ်လောက်အထိ ကောင်လေး ထပ်ပြန်တလဲလဲ စဉ်းစားသေးတယ်။ ဘာစိတ်ကူးအိပ်မက်မှ ထပ်ထွက်မလာခဲ့ပါဘူး။ နောက်ဆုံးမှာ သူဟာ စာတမ်းအဟောင်းကိုပဲ ဘာကိုမှ ပြင်မရေးခဲ့ဘဲ ဒီတိုင်း ပြန်ယူသွားခဲ့တယ်။"
"ပြီးတော့ အဲဒီစာတမ်းကို ဆရာ့ထံ ပြန်ပေးလိုက်တယ်။ ပြီးတော့ ကောင်လေးက ပြောလိုက်တယ်။ ဆရာ့အနေနဲ့ Fဆိုတဲ့ အဆင့်သတ်မှတ်ချက်ကိုပဲ ဆက်ပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အိပ်မက်ကို ဆက်ထိန်းထားမယ်။"
စကားပြောဆိုပြီးတဲ့နောက်မှာ မွန်တီဟာ ကျောင်းသားလေးတွေ စုဝေးတန်းစီနေတဲ့နားကို လျှောက်သွားပြီး ကျွန်တော့်ကို စကားအချို့ လှမ်းပြောလိုက်ပြန်တယ်။
"ကဲ အခုတော့ ခင်ဗျားဟာ အဲဒီပုံပြင်ထဲမှာပါတဲ့ ဧက၂၀၀၀ကျယ်မြင်းမွေးမြူရေးခြံကြီးရဲ့ အလယ်က စတုရန်းပေ၄၀၀၀ကျယ် အိမ်ကြီးထဲမှာ ထိုင်နေပြီမဟုတ်လား။ ကျုပ် အခုထိ အဲဒီစာတမ်းကို သိမ်းထားသေးတယ်ဗျ။"
သူက ပြုံးနေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို လည်ပြန်ကြည့်ပြီး ထပ်ပြောပြန်တယ်။
"ပုံပြင်ရဲ့ အကောင်းဆုံးအပိုင်းက ပြီးခဲ့တဲ့ နှစ်နှစ်ကျော် နွေရာသီမှာ ဖြစ်ခဲ့တာ။ ကျုပ်ကို ဂရိတ်F ပေးခဲ့တဲ့ ဆရာပဲ ကျောင်းသား၃၀လောက်နဲ့အတူ ကျုပ်ခြံကြီးထဲမှာ camp တစ်ခု စခန်းလာချလေရဲ့ဗျို့။ သူပြန်ခါနီးမှာ ကျုပ်ကို စကားတစ်ခွန်းပြောသွားသေးတယ်။ ဒီမယ် မွန်တီရဲ့တဲ့။ ငါ မင်းကို အခု ပြောနိုင်ပြီ။ ငါဟာ မင်းရဲ့ ဆရာဖြစ်ခဲ့စဉ်တုန်းက ငါဟာ မင်းရဲ့ အိပ်မက်ကို ခိုးယူဖို့ ကြိုးစားခဲ့သူလဲ ဖြစ်ခဲ့တာပဲကွာတဲ့။ နှစ်ပေါင်းများစွာတိုင်အောင် ငါဟာ ကလေးများစွာရဲ့ အိပ်မက်ပေါင်းများစွာကို ခိုးယူမိခဲ့ပေတာပဲ။ ကံကောင်းတာကတော့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်ကို လုံးဝလက်မလွှတ်တဲ့ အရည်အချင်း မင်းမှာ ရှိနေခဲ့တာပဲတဲ့။"
မွန်တီရဲ့ စကားဆုံးတော့ ကျွန်တော် ခေါင်းတဆတ်ဆတ် ညိတ်မိတယ်။
ဘယ်သူ့ကိုမှ ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်တွေ ခိုးယူခွင့်မပြုနဲ့။ ဘာပဲ ဖြစ်နေပါစေ၊ စိတ်နှလုံးရဲ့ ခိုင်းစေမှုနောက်ကို လိုက်ရမယ်။
ကျွန်တော့်တို့ရဲ့ အိပ်မက်တွေကို ဆက်ထိန်းထား။

အမည်မသိစာရေးဆရာ။

(မင်းအရိပ်မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

မူရင်းလင့်ခ်
keep-your-dream

Monday, February 16, 2015

စကားလုံးတွေ



ကျွန်တော်တို့ဟာ
စကားလုံးတွေကြားမှာ ပိတ်မိနေကြလေရဲ့
တော်လှန်ရေးနဲ့ တည်ငြိမ်ရေးလဲ
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာလဲ
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
အစိုးရနဲ့ အတိုက်အခံ
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
ဖက်ဒရယ်နဲ့ ပြည်ထောင်စု
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
အမြင်တူမှုတွေ အမြင်မတူမှုတွေကြားမှာ
သူ့ဘက် ကိုယ့်ဘက်ခွဲလို့
စကားလုံးတွေနဲ့ ပိတ်မိနေတယ်
ခင်ဗျားနဲ့ ကျွန်တော်ဟာလဲ
စကားလုံးတွေကြားမှာ ပိတ်မိနေတယ်
တကယ်တော့ ဘက်ဆိုတာဟာ သူ့ဘက်၊ ကိုယ့်ဘက် နှစ်ဘက်ထဲလား
Diversityဟာရော Democracyမဟုတ်ဘူးလား
မတူကွဲပြားခြင်းဟာရော ဒီမိုကရေစီမပီသဘူးလား
အရောင်အသွေးစုံမှ လောကကြီးဟာ လှပသွားသတဲ့
ဒါပေမယ့် သူ့ဘက် ကိုယ့်ဘက် ဘက်တွေခွဲကြရင်းနဲ့
ယုံကြည်မှု၊ မယုံကြည်မှု စကားလုံးတွေကြားမှာ
ကျွန်တော်တို့ ပျောက်ဆုံးသွားရပြန်တယ်
မဇ္ဈိမ ပဋိပဒါဆိုတာက ငြိမ်းချမ်းရေးလမ်းစဉ်လို့ ဆိုသူကဆိုပေမယ့်
အလယ်အလတ်လမ်းစဉ်ဆိုတာ
ပျော့ညံ့သူတွေရဲ့ ရွေးခြယ်ရာလို့ အပြစ်တင်သူက တင်တယ်
အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ကြပါလို့ ဆိုသူတွေကလည်း
ရန်၊ ငါ စည်းပြတ်ရမတဲ့
အထပ်ထပ် ရွတ်ဖတ်ကြပြန်တယ်
မိုးကုပ်စက်ဝိုင်းက တဖြည်းဖြည်း ကျဉ်းလာနေလေရဲ့
First Personနဲ့ Second Person ရန်ဖြစ်တဲ့အခါ
ဖျန်ဖြေညှိနှိုင်းပေးဖို့ Third Personလိုအပ်တယ်
ဒါပေမယ့်
တတိယအုပ်စုလို့ ဆိုကြသူတွေကတော့
တံဆိပ်ကပ်ခံရပါများလို့
ဘက်နှစ်ဘက်ရဲ့ နောက်နားမှာ
ကုပ်ကုပ်လေး ရပ်နေကြရရှာတယ်


Saturday, January 31, 2015

သစ်ခုတ်သမားပုံပြင်



တစ်ခါတုန်းက အရမ်းကျန်းမာသန်စွမ်းတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်ကုန်သည်ကြီးတစ်ဦးထံမှာ အလုပ်သွားလျှောက်သတဲ့။ သစ်ကုန်သည်ကြီးကလဲ သစ်ခုတ်သမားရဲ့ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းပုံကို တွေ့မြင်ရလို့ အလုပ်ကို ချက်ချင်းပေးလိုက်တယ်။ အလုပ်လုပ်ခနဲ့ စည်းမျဉ်းစည်းကမ်းတွေကလဲ သစ်ခုတ်သမားအတွက် နစ်နာစရာမရှိအောင် ပေးပါတယ်။ ဒီတော့ သဘောထားပြည့်ဝတဲ့ သစ်ကုန်သည်ကြီးအတွက် သူ အကောင်းဆုံးလုပ်မယ်လို့ သစ်ခုတ်သမားဟာ ဆုံးဖြတ်လိုက်တော့တာပေါ့။
သစ်ကုန်သည်ကြီးက သူ့ကို ချွန်မြနေတဲ့ ပုဆိန်တစ်လက်ကို ပေးပြီး အလုပ်လုပ်ရမယ့် နေရာကို လိုက်ပြတယ်။ သူ သစ်ခုတ်ရမယ့် သစ်တောနေရာဆိုပါတော့။
ဒီလိုနဲ့ပဲ သစ်ခုတ်သမားဟာ သူ့အလုပ်ကို စ လုပ်ခဲ့တယ်။
ပထမဆုံးရက်မှာ သူဟာ သစ်ပင်ပေါင်း ၁၈ပင်တိတိကို ခုတ်လှဲပြီး အပ်နိုင်ခဲ့သတဲ့။
သစ်ကုန်သည်ကြီးက အလွန်ချီးကျူးတာပေါ့။ ဒီတိုင်းပဲ ဆက်လုပ်ပေးပါလို့လဲ ပြောလိုက်တယ်။
သစ်ကုန်သည်ကြီးရဲ့ စကားတွေဟာ သစ်ခုတ်သမားကို အားတက်စေတယ်။ နောက်တစ်ရက်မှာ သစ်ခုတ်သမားဟာ ပိုလို့တောင် အားထည့်ပြီး အလုပ်လုပ် သစ်ခုတ်သတဲ့။ ဒါပေမယ့် သူ့အနေနဲ့ သစ်ပင်၁၅ပင်ပဲ ခုတ်လှဲနိုင်ခဲ့တယ်။
သုံးရက်မြောက်မှာ သူဟာ ပိုပြီး အားအင်စိုက်ထုတ်ကာ သစ်ခုတ်ပြန်တယ်။ ခက်တာက သူ ၁၀ပင်ပဲ ခုတ်နိုင်ခဲ့တယ်။ တစ်ရက်ပြီး တစ်ရက် ဘယ်လိုပဲ သူ အားစိုက်စိုက် သစ်ပင်တွေ ရလာတာဟာ နည်းနည်းသွားသတဲ့။
ငါရဲ့ အားအင်တွေ ကုန်ခန်းသွားတာပဲ ဖြစ်ရမယ်လို့ သစ်ခုတ်သမားက တွေးတယ်။ သစ်တွေရလာတာ နည်းလာတာနဲ့အမျှ သစ်ကုန်သည်ကြီးကိုလဲ သူ အားနာလာတယ်။ ဒါနဲ့ပဲ သစ်ကုန်သည်ကြီးဆီ သွားပြီး တောင်းပန်သတဲ့။
" ကျွန်တော်တော့ ဘာတွေဖြစ်မှန်းကို မသိတော့ပါဘူးခင်ဗျာ။ ကျွန်တော် ဘယ်လောက်ပဲ အားအင်စိုက်ထုတ်ပြီး လုပ်ကိုင်ပေမယ့်လည်း သစ်ဟာ တဖြည်းဖြည်းနဲ့ အရနည်းလာနေပါတယ်။ ဘယ်လိုဆက်လုပ်ရမယ်မှန်းလည်း မသိတော့ပါဘူးခင်ဗျာ။ "
အဲဒီအခါ သစ်ကုန်သည်ကြီးဟာ ပုဆိန်ကို တစ်ချက်ကြည့်လိုက်ပြီး နားလည်စွာနဲ့ပဲ သစ်ခုတ်သမားကို ပြုံးပြီး မေးလိုက်ပါတယ်။
" ခင်ဗျားရဲ့ ပုဆိန်ကို ဘယ်နေ့တုန်းက နောက်ဆုံး သွေးခဲ့သလဲဗျ၊ "
ဒီတော့ သစ်ခုတ်သမားဟာ အံ့သြတကြီး ပြန်ဖြေလိုက်သတဲ့။
" ပုဆိန်ကို သွေးရမယ်... ဟုတ်လား... မနောက်ပါနဲ့ သူဌေးရယ်။ ကျွန်တော့်မှာ နေ့စဉ်နေ့တိုင်း သစ်တွေအများကြီးရအောင် ခုတ်ဖို့ပဲ လုံးပန်းနေတာ၊ ဘယ်မှာ ပုဆိန်ကို သွေးဖို့ အချိန် ရှိပါ့မလဲဗျာ။ "



သင်ခန်းစာ။     ။ ကျွန်တော်တို့ ဘ၀တွေဟာလည်း သစ်ခုတ်သမားလိုပါပဲ။ အမြဲတမ်း တစုံတခုအတွက် အလုပ်ရှုပ်နေတတ်ကြပြီး ကျွန်တော်တို့ရဲ့ ပုဆိန်တွေကို သွေးဖို့ အချိန်မရှိကြပါဘူး။ ဒီနေ့ခေတ်က လူသားတွေဟာ အလုပ်ရှုပ်လာတာနဲ့အမျှ ပျော်ရွှင်မှုတွေဟာ တဖြည်းဖြည်း လျော့နည်းလာနေကြပါတယ်။
ဒါဟာ ဘာကြောင့်လဲ။ ကျွန်တော်တို့ဟာ ထက်မြအောင် သွေးတယ် ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ်ကို မေ့နေကြလို့ပါပဲ။ အလုပ်ကြိုးစားတာနဲ့ အမြဲတမ်းတက်ကြွလှုပ်ရှားနေတာဟာ ဘာမှ မမှားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ အလုပ်များနေတာနဲ့ပဲ ကျွန်တော်တို့ ဘ၀ရဲ့ အရေးကြီးတဲ့အရာတွေကို မေ့မထားသင့် ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အချိန်၊ ဘာသာတရားအတွက် ထားရှိရမယ့် အချိန်၊ မိသားစုအတွက် ပေးသင့်တဲ့အချိန်၊ စာဖတ်ဖို့ အချိန် စသဖြင့်ပေါ့။
ဘယ်သူပဲမဆို ကျွန်တော်တို့အားလုံး အနားယူဖို့ အချိန်လိုကို လိုအပ်ပါတယ်။ စဉ်းစားတွေးခေါ်ဖို့၊ စိတ်ဖြေလျှော့ဖို့၊ လေ့လာစူးစမ်းဖို့နဲ့ ကြီးပွားတိုးတက်လာဖို့အတွက်တွေပါ။ တကယ်လို့ ကျွန်တော်တို့သာ ကျွန်တော်တို့ ပုဆိန်တွေကို မသွေးဘဲ နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ဆုံးရှုံးပြီး ကျွန်တော်တို့ဟာ လူထုံ၊ လူနုံကြီးတွေ ဖြစ်သွားကြပါလိမ့်မယ်။


ကျေးဇူးတင်ပါတယ်။
the story of a woodcutter ကို မင်းအရိပ်မှ ဆီလျော်သလို ဘာသာပြန်ပါတယ်။