Sunday, September 16, 2012

အရှင်သခင်ကို ပုန်ကန်သဖြင့် သားအရင်းကို ကိုယ်တိုင်ကွပ်မျက်ခဲ့သည့် မြန်မာစစ်သူကြီးတစ်ဦး (သို့မဟုတ်) မင်းလက်ဝါး

(ကျွန်တော်လဲ သမိုင်းကြောင်းတွေကို မထိဖြစ်တာ တော်တော်ကြာနေခဲ့ပြီ။ ရေးချင်ပေမယ့် စာမဖတ်အားလို့ မရေးနိုင်ဘူးဖြစ်နေတာပါ။ မြန်မာသမိုင်းမှာ တကယ်တမ်းတော့ ထွန်းပြောင်ခဲ့တဲ့ အဖြစ်တွေ အများကြီးပါ။ နှောင်းလူတွေက ပြောင်မြောက်အောင် မထုတ်ဖော်နိုင်လို့သာ မြန်မာသမိုင်းဟာ မျက်နှာငယ်နေရပါတယ်။ တကယ်တမ်း ရုပ်ရှင်သမားတွေသာ တော်လို့ကတော့  ယိုးဒယားရာဇ၀င်ကားတွေလောက်ကို ကျော်တက်နိုင်တဲ့ ဇာတ်ကားတွေ အမြောက်အမြားရိုက်လို့ ရနိုင်တာပေါ့။ ပြောရရင် အခုတရှိုက်မက်မက်ကြည့်နေကြတဲ့ ဂျူမုံတို့ရဲ့ ကိုရီးယားရာဇ၀င်တောင် မြန်မာရာဇ၀င်လောက် ရှိမယ်မထင်ပါ။ မြန်မာနိုင်ငံဟာ ဖြောင့်ဖြူးတဲ့လမ်းပေါ် လျှောက်ခဲ့ရတာမဟုတ်ဘဲ အသွင်မတူတဲ့ ခေတ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတာမို့ ပြောင်မြောက်တဲ့ ဖြစ်ရပ်ပေါင်းများစွာ၊ ဇာတ်လမ်းပေါင်းများစွာနဲ့ သမိုင်းပေါင်းများစွာကို  မွေးထုတ်နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့(မြန်မာလူမျိုးတွေ)ရဲ့ ဖန်တီးနိုင်မှုစွမ်းအားကို ကျွန်တော်တို့ ပြန်မေးခွန်းထုတ်ဖို့ လိုနေပြီလား?)
   မင်းလက်ဝါးကို သမိန်ထောရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန် မဟာသမိန်ထောနှင့် ရေကင်းသူ မမကြီးတို့က ၁၈၂၃-ခုနှစ်တွင် မွေးဖွားသည်။ မွေးချင် ၂-ဦးအနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်လတ်ဖြစ်သည်။ မင်းလက်ဝါး၏ အနွယ်ရင်းဖြစ်သော သူ၏ အဘ၊ အဘိုး၊ အဘေးများသည် အလောင်းမင်းတရားလက်ထက်မှစ၍ အစဉ်အဆက်အမှုထမ်းလာကြသော မွန်တိုင်းရင်းသားများ ဖြစ်ကြသည်။
   မင်းလက်ဝါးသည် ကုန်းဘောင်ဆက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင် နှစ်ပေါင်း ၃၀-ခန့် အမှုထမ်းခဲ့သည်။ မင်းတုန်းမင်းသည် မင်းလက်ဝါးအား အမြင့်ငါးမြို့ဝန်၊ မဟာသမိန်ဘရမ်း၊ မင်းကြီးမင်းခေါင်သူရိန်၊ မင်းကြီးမဟာသက်တော်ရှည် ဘွဲ့များချီးမြှင့်ခဲ့သည်။ သီပေါမင်းက မက္ခရာမြို့စား၊ လက်ဝဲတော်မှူး၊ မင်းကြီးသူရ မဟာမင်းခေါင် သမိန်ဘရမ်းနှင့် အောက်မြစ်စဉ်ခရိုင်မင်းကြီးဘွဲ့များ ချီးမြှင့်ခဲ့သည်။
   မောင်လတ်၏ဖခင်သည် ငယ်စဉ်ကပင် ဆုံးသွားခဲ့သည်။ မိခင်၊ အမများနှင့်လည်း ကွဲကွာခဲ့ရပြီး ရေကင်းဘုန်းကြီးကျောင်းတွင် ခိုလှုံကာ ဘုန်းကြီးထံ၌ စာပေပညာများကို သင်ယူခဲ့သည်။ ဘုန်းတော်ကြီးက လူရေးလူရာ လိမ္မာယဉ်ကျေးစေရန် ဆုံးမသွန်သင်ပေးသည်။ လူပျိုအရွယ်ရောက်လာသောအခါ ဒေသအလိုက် သစ်ခုတ်၊ လယ်လုပ်ခြင်းဖြင့် အသက်မွေးရသည်။ မောင်လတ်သည် သစ်ခုတ်ရင်း သစ်ငုတ်ထိုးမိသောဒဏ်ရာကြောင့် ၀ဲမျက်လုံးတဖက် ကွယ်သွားလေသည်။ ထို့နောက် တောင်သူကြီး တဦး၏ သမီးနှင့် အိမ်ထောင်ကျပြီး ယောက္ခမအိမ်သို့ လိုက်ပါနေထိုင်လျက် တောင်သူလုပ်ငန်းကို ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရသည်။ မောင်လတ်သည် လယ်ယာလုပ်ငန်း၌ စိတ်မ၀င်စား။ မကျွမ်းကျင်၍ ယောက္ခမက ၄င်းအား လူပျင်း၊ လူအ ဟု အထင်အမြင်သေးကာ ငြူစူလာသည်။ ဇနီးသည်ကပင် အထင်အမြင်သေး၍ မထီမဲ့မြင် ပြုလာသည်။ 
   မောင်လတ်သည် ယောက္ခမနှင့် မိန်းမဖြစ်သူ၏ ငြိုငြင်မှုကို ခံနေရချိန်တွင် အမဖြစ်သူ ခင်ခင်ကြီးမှာ ရာဇဌာနီ မင်းနေပြည် အမရပူရမြို့တော်၌ သူရဲဝန်ကတော်ဖြစ်လျက် ကောင်းစားနေကြောင်း သတင်းကောင်းကြားလာ ရသည်။ မောင်လတ်သည် အသက် ၃၁-နှစ်အရွယ်ခန့်၊ ၁၈၄၄-ခုနှစ်တွင် ဇနီးသည်ကိုထားခဲ့၍ အမရပူရမြို့တော်သို့ လှည်းတတန်၊ လှေတတန်၊ ခြေကျင်တတန်ဖြင့် တလနီးပါးအထိ ခရီးနှင်လာခဲ့သည်။ မောင်လတ်သည် သူရဲဝန်မင်းအိမ်ကို အလွယ်တကူ ရှာတွေ့သည်။ အမခင်ခင်ကြီးသည် မောင်ငယ်ကို မမျှော်လင့်ဘဲ တွေ့ရ၍ ၀မ်းသာပြီး ရှိုက်ကြီးတငင် ငိုရှာသည်။ သူရဲမင်း ဦးရွှေလုံးသည် ယောက်ဖဖြစ်သူ မောင်လတ်အား တစေ့တစောင်း အကဲခတ်သည်။ လက်ရုံးတဆူကဲ့သို့ အားကိုးစိတ်ချရမည့်သူဖြစ်ကြောင်း ယုံကြည်သဖြင့် အစစအရာရာ မင်းမှူးစိုးတာ နန်းတွင်းရေးရာမှစ၍ သွန်သင်ဆုံးမသည်။ အခါအခွင့်ရတိုင်း ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကို ကျွမ်းကျင်အောင် သင်ကြားပေးသည်။ သူရဲဝန်မင်းသည် မောင်လတ်အား မင်းတုန်းမင်းကြီး၏ ရှေ့တော်သို့ ၀င်ရောက်ခစားစေသည်။ မင်းတုန်းမင်းသည် မောင်လတ်၏ အရည်အသွေးကို အကဲခတ်ရင်း အပါးတော်၌ ခစားစေသည်။ ထို့နောက် ချောင်းဦးဆယ်ရွာကို စားစေပြီး မင်းမှုထမ်းစေသည်။ မောင်လတ်သည် မိမိတာဝန်များကို မလစ်ဟင်းရလေအောင် ကြိုးစားထမ်းဆောင်သည်။ မင်းတုန်းမင်းသည် မောင်လတ်၏စွမ်းရည်ကို နှစ်သက်၍ အမြင့်မြို့ဝန်ရာထူး တိုးမြင့်ခန့်အပ်တော်မူသည်။
    ဦးလတ်သည် မိမိတာဝန်ထမ်းဆောင်ရာ မြို့ရွာများတွင် သူ၏အမိန့်စည်းကမ်းများကို မလေးမခန့် ပြုသူ၊ ဆိုးသွမ်းသူများကို ကိုယ်တိုင် လက်ဝါးနှင့်ရိုက်၍ ဆုံးမလေ့ရှိသည်။ ဦးလတ်မှာ အသားဖြူဝင်း စိုပြည်လျက် ထွားကျိုင်းသန်မာ၍ အံ့သြလောက်သော ကာယဗလရှိပြီး တိုင်းရင်းသားမွန်များတွင် ထင်ရှားလှသည်။ လေးတောင်ပြည့် အရပ်အမောင်းနှင့် လိုက်ဖက်အောင် အလုံးအထည် ကြံ့ခိုင်သူလည်းဖြစ်သည်။ ထို့ကြောင့် သူ၏ရိုက်ချက်မှာ အားကောင်းမောင်းသန်လှသဖြင့် ပြင်းပြင်းအရိုက်ခံရသူမှာ တချက်တည်းနှင့် စင်းစင်းသေရလေတော့သည်။ ဦးလတ်၏ တမူထူးခြားသော သူ၏စရိုက်နှင့် စွမ်းအားတို့ကြောင့် အမြင့်မြို့နယ်တခွင်တွင် မင်းလက်ဝါး-ဟု ပြည်သူများက ခေါ်ဆိုကြလေသည်။ 
   မင်းလက်ဝါးအုပ်ချုပ်သော နယ်အတွင်း ခိုးသားဓားပြများ လုံးဝကင်းစင်ကာ အေးချမ်းလှသည်။ ထိုကဲ့သို့သော မင်းလက်ဝါး၏ ဂုဏ်သတင်းကို မင်းတုန်းမင်း ကြားသောအခါ အပါးတော်သို့ခေါ်ယူပြီး သူ၏မျိုးရိုးဇာတိကို မေးမြန်းတော်မူသည်။ သူရသတ္တိသွေးမျိုး ရှိသူဖြစ်ကြောင်း သေချာစွာသိတော်မူ၍ အသက် ၃၃-နှစ်အရွယ် ၁၈၅၆-ခုနှစ်တွင် မဟာသမိန်ဘရမ်း-ဟု ဘွဲ့တော်ကိုပေးလျက် အမြင့်ငါးမြို့ဝန်ရာထူး တိုးမြှင့်ခန့်အပ်လေသည်။ မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းနောက်ပိုင်း ပန်းထိမ်မင်းသားပုန်ကန်မှုကို နှိမ်နင်းရန် မင်းတုန်းမင်းသည် မင်းလက်ဝါးကို အမြင့်မြို့မှခေါ်ယူပြီး မြစ်စဉ်တလျှောက်မှ နယ်များကို ငြိမ်ဝပ်ပိပြားမှုရှိစေရန် တာဝန်ခံဗိုလ်ချုပ်ကြီး ခန့်အပ်တာဝန်ပေးသည်။ မင်းလက်ဝါးသည် သူရဲသူခက် လက်နက်အင်ခွင်တို့ကို ဖွဲ့စည်းစုဆောင်း၍ ပန်းထိမ်မင်းသားပုန်ကန်မှုကို နှိမ်နှင်းအောင်မြင်ခဲ့သည်။ ပုန်ကန်သူများတွင် ပါဝင်သော မိမိသားကိုပင် အဆုံးစီရင်လေသည်။ မင်းတုန်းမင်းသည် မင်းလက်ဝါးအား မဟာသမိန်ဘရမ်းဘွဲ့တွင် ထပ်လောင်းလျက် မင်းကြီးမင်းခေါင်သူရိန်-ဟူသော ဘွဲ့တော်ကို ချီးမြှင့်လေသည်။ ၄င်းပြင် ရတနာကိုးပါး စီခြယ်သော သီလ၀င်ရွှေဓားကို ပေးအပ်ချီူမြှင့်လျက် မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ထူးကို ၁၈၇၄-ခုနှစ်တွင် ထပ်ဆင့်အပ်နှင်းတော်မူသည်။ ထို့နောက် ဗလကောင်းသော အင်္ဂလိပ်ကြီးနှင့် စွမ်းအားပြိုင်ရာတွင်လည်း အနိုင်ရ၍ ဘုရင်မင်းမြတ်က မင်းလက်ဝါးကို ဆုတော်ငွေများ ပေးသနားတော်မူလေသည်။  
   သီပေါမင်းလက်ထက်တွင် မင်းလက်ဝါးအား မက္ခရာမြို့ကို အပိုင်စားပေးသည့်အပြင် မင်းကြီးသူရမဟာမင်းခေါင် သမိန်ဘရမ်း-ဟူသော ဘွဲ့အမည်နှင့် လက်ဝဲ၀င်းတော်မှူးရာထူးကို ခန့်အပ်ခံသည်။ ဧရာဝတီမြစ်၏ ၀ဲယာမြို့များတ၀ိုက်ကို အောက်မြစ်စဉ် ၇-ခရိုင် သတ်မှတ်ပိုင်းခြားလျက် မင်းလက်ဝါးအား အုပ်ချုပ်စေသည်။ မင်းလက်ဝါးသည် အောက်မြစ်စဉ် ၇-ခရိုင်မင်းကြီးဟူသော အမည်ဖြင့် ထင်ရှားလာသည်။ ၁၈၈၅-ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ဗိုလ်ချုပ်ကြီးလှေသင်း အတွင်းဝန် ဦးရွှေမောင်နှင့် ဗိုလ်ချုပ်မင်းလက်ဝါးတို့ တူအရီးနှစ်ဦးသည် မြင်းခြံနှင့် မင်းလှမြို့များတလျှောက် ကွပ်ကဲတိုက်ခိုက်ကြသည်။ ထို့ပြင် မင်းလှခံတပ်ကြီးကို ဦးစီးကွပ်ကဲ၍ နယ်ချဲ့တို့အား အပြင်းအထန် ခုခံတိုက်ခိုက်ကြသည်။ ၁၈၈၅-ခုနှစ် နိုဝင်ဘာလ ၁၇-၇က်နေ့ ညနေတွင် မင်းလှခံတပ် ကျဆုံးသွားသည်။ မင်းလက်ဝါးကြီးသည် ခံတပ်၏ မလွယ်ပေါက်မှ ထွက်ခွါလွတ်မြောက်လာသည်။ သူနှင့်အတူပါလာသော ရဲမက်များနှင့် မျိုးချစ်မြန်မာများကို အင်အားစုစည်း၍ ဗြိတိသျှတို့အား တော်လှန်ရန် ကြိုးစားသည်။ သို့သော် မြန်မာလွှတ်တော်မှ မေတ္တာရပ်ခံသဖြင့် လက်နက်ချခဲ့ရသည်။ 
   မင်းကြီးတွင် ၀န်ကတော် ၈-ဦးနှင့် သား ၂၀၊ မြေး ၁၀-ယောက်ရှိသည်။ မင်းကြီးသည် မန္တလေးမြို့ တနေရာတွင် မိသားစုနှင့်အတူ နေထိုင်၏။ ဗြိတိသျှတို့က ငွေကြေး၊ ရာထူးတို့ဖြင့် စည်းရုံးသိမ်းသွင်းသော်လည်း လက်မခံခဲ့ပေ။ မင်းကြီးသည် ၁၈၉၃-ခုနှစ်လောက်တွင် နယ်ချဲ့တော်လှန်ရေးများ ငြိမ်းအေးသွားသောအခါ မန္တလေးမှ အမြင့်မြို့သို့ ပြောင်းရွှေနေထိုင်ခဲ့သည်။ 
   မင်းလက်ဝါးသည် အစားအသောက် လွန်စွာစားနိုင်သည်။ နံနက် နိုဆီဗူးဆန် လေးလုံး၊ ညနေ နို့ဆီဗူးဆန် လေးလုံး ကုန်အောင် စားနိုင်သည်။ ထမင်းစားပြီး ဖီးကြမ်းငှက်ပျောသီးတဖီး ကုန်အောင် စားနိုင်သည်။ မင်းလက်ဝါးသည် ၁၉၀၃-ခုနှစ် အသက် ၈၀-တွင် လူကြီးရောဂါဖြင့် အမြင့်မြို့၌ ကွယ်လွန်ခဲ့လေသည်။ 
ဦးမြင့်စော (သမိုင်းပါမေက္ခ-ပုသိမ်တက္ကသိုလ်) ( မင်္ဂလာမောင်မယ် ၂၀၀၉-ခု မေလ)

From Pannaparami Education Foundation (ပညာပါရမီပညာရေးကူညီမှုအသင်း) 

Friday, September 14, 2012

ထပ်တူကျခြင်း














သံသယရဲ့ကောင်းကင်အောက်
ငါ....ရပ်မနေခဲ့ပါဘူး
မင်းပျော်နေတဲ့အခါ
ငါနေကောင်းတယ် ။ ။


ရွေးချယ်ခွင့်တရပ်အနေနဲ့
ငါ့ကိုမကြည့်ပါနဲ့
မင်းနှလုံးသားမှာမ၀င်ဆံ့မှတော့
ငါဖယ်ခွာပေးရမှာပေါ့ ။ ။


ပျော်လား ....?
ငါလည်းပျော်ပါတယ်
တကယ့်ကိုပျော်ပါတယ်
သိမ်ငယ်ခြင်းများဖြင့် ။ ။


အသုံးမ၀င်လောက်တဲ့
နှလုံးသားကတစ်ခု။
မင်းကိုမှမြတ်နိုးမိတဲ့
ငါ့ရဲ့စိတ်အာရုံ။
ဖွင်.ဟသွန်အံချထားတဲ့
ကဗျာအပိုင်းအစတွေများစွာ။
မင်းမမြင်တတ်ခဲ့ရင်လည်း
ငါ.....ကျေနပ်ပေးပါတယ် ။ ။




(သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာဖြစ်ပါတယ်)

Thursday, September 13, 2012

ပုဂံမှာ သာတဲ့လ (သို့မဟုတ်) သဲပန်းချီ






အခုတစ်ခေါက်တော့ ပုဂံမှာသာတဲ့လလို့ ကျွန်တော်တင်စားထားတဲ့ မြန်မာ့အနုပညာစစ်စစ်ဖြစ်တဲ့ ပုဂံက သဲပန်းချီအကြောင်းလေး ရေးချင်ပါတယ်။
မြန်မာနိုင်ငံမှာ သဲပန်းချီပေါ်ပေါက်လာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်သာ ရှိသေးတယ်လို့ ဆိုတဲ့အတွက် သဲပန်းချီဟာ မြန်မာတို့ ဂုဏ်ယူစရာ ခေတ်ပေါ် မြန်မာ့ယဉ်ကျေးမှုအနုပညာဖြစ်တယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။
ဘယ်သူတီထွင်ခဲ့တယ်၊ ဘာညာ မှတ်တမ်းအတိအကျ ကျွန်တော် မသိပေမယ့်လို့ ဒီမြန်မာဖြစ်စစ်စစ် အနုပညာလက်ရာဟာ ပုဂံမှာ စခဲ့တာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ စတင်ဖွံ့ဖြိုးလာတဲ့အချိန်မှာ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။
(ဘယ်နေရာမဆို မှတ်တမ်းမှတ်ရာတွေကို အလေးထားပြုစုဖို့ဆိုတာ မြန်မာလူမျိုးတွေအတွက် လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတာလဲ သတိပြုမိပါတယ်။)
ပုဂံဘုရားတွေက ရှေးဟောင်းနံရံဆေးရေးပန်းချီတွေကို ကူးယူရေးဆွဲရာက စတင်ခဲ့တဲ့ သည်လက်မှုအနုပညာလုပ်ငန်းဟာ ယနေ့အခါမှာ ကိုယ်တိုင်ဖန်တီးရေးဆွဲတဲ့ လက်ရာတွေရော၊ ခေတ်ပေါ်လက်ရာတွေကိုပါ ရရှိနိုင်နေပြီ ဖြစ်ပါတယ်။
သဲပန်းချီတစ်ချပ်ရဖို့ကိုတော့ တက်ထရွန်ပိတ်အဖြူနဲ့ သဲကျောက်တွေနဲ့ စတင် မွေးဖွားရပါတယ်။
ပထမဆုံး ဘောင်ခတ်၊ချုပ်ဆေးအဖြူပတ်ပြီး ကော်သုတ်ရပါတယ်။
အသုံးများတဲ့ကော်ကတော့ နို့ကော်ဖြစ်ပြီး တမာကော်နဲ့ ထနောင်းကော်လည်း သုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
ကော်တစ်ခါတင်ရင် နှစ်နာရီ၊ သုံးနာရီလောက် အခြောက်ခံရပြီး အနည်းဆုံး နှစ်ခါတင်ပါတယ်။
ပြီးရင်တော့ မွနေအောင်ထောင်းထားတဲ့ သဲကျောက်အမှုန့်တွေကို လိုက်ဖြန်း၊ လိုက်ကပ်ပြီး သဲတင်ရပါတယ်။
သဲမှုန့်က မွနေအောင်ထောင်းထားရတဲ့အပြင် ဇကာလည်း ချရပါတယ်။ အမှိုက်၊ ခဲ လုံးဝပါလို့ မရပါဘူး။
သဲကလဲ သုံးမျိုးရှိတယ်ဆိုပါတယ်။ အောက်ခံအရောင်အလိုက် ၀ါချင်ရင် ချောင်းသဲ၊ ဖြူချင်ရင် သောင်သဲနဲ့ ညို့ချင်ရင်တော့ ဘုံနုကို သုံးပါတယ်တဲ့။
သဲကပ်ပြီး ကော်ပြန်တင်၊ အခြောက်လှန်း၊ သဲပြန်ကပ်နဲ့ သုံးခါလောက် အထပ်ထပ်လုပ်ရပါတယ်။
ပြီးရင်တော့ ဒီဇိုင်းဖော်၊ ကောက်ကြောင်းလိုက်၊ ဆေးသွင်းပြီး နောက်ခံbackgroundကိုတော့ နောက်ဆုံးမှလုပ်ပြီး အပြီးသတ်လိုက်တဲ့အခါ မြန်မာ့အနုပညာလက်ရာ သဲပန်းချီတစ်ချပ်ကို ရရှိပြီဖြစ်ပါတယ်။
ပန်းချီကားက အရွယ်အစားအမျိုးမျိုး၊ ပုံအမျိုးမျိုးကို ရနိုင်သလို အချိန်ကလည်း သူ့အမျိုးအစားအလိုက် နာရီိပိုင်းကနေ ငါးရက်၊တစ်ပတ်ကြာသည်အထိ အချိန်ယူရတဲ့ကားတွေလဲ ရှိပါတယ်။
လက်ရာကလည်း အကြမ်း၊ အမြန်ဆွဲတာရှိသလို အနုစိတ်ဆွဲတဲ့ ပန်းချီကားတွေလည်း ရှိပါတယ်။
ဆေးရောင်စုံကားတွေ ရှိသလို အဖြူအမည်းနှစ်မျိုးတည်းနဲ့ ဆွဲတာတွေလည်း ရှိပါတယ်။
အဆွဲများတာကတော့ ပုဂံဘုရားပုထိုးနံရံတွေက ဗုဒ္ဓ၀င်ပန်းချီကားများ၊ ပုဂံခေတ်ကချေသည်၊ ဂီတသည်ပုံတွေ၊ ပုဂံလှပျိုဖြူပုံတွေဖြစ်ပါတယ်။
ဘုန်းကြီး၊ ကိုရင် (သို့မဟုတ်) သီလရှင်တွေ တစ်ပါးကနေ လေးငါးဆယ်ပါးအထိ စီတန်းကြွချီနေပုံတွေလဲ အဆွဲများပါတယ်။
အခုနောက်ပိုင်း မြန်မာ့ဆယ်နှစ်လရာသီခွင်အပါအ၀င် ခေတ်ပေါ်လက်ရာတွေလဲ ရနိုင်နေပြီဖြစ်ပေမယ့်  မြန်မာမှု၊ မြန်မာဟန်လုံးဝမပျောက်ဘဲ သဲပန်းချီတိုင်း မြန်မာ့အငွေ့အသက်ရနိုင်တဲ့အတွက် ချစ်ဖို့ကောင်းပါတယ်၊ နိုင်ငံခြားသားတွေလဲ အထူးနှစ်သက်ကြပါတယ်။
အနုပညာကြေးကတော့ ကျပ်ငါးထောင်လောက်နေ ကျပ်သိန်းနဲ့ချီတဲ့ အထိ အစားစားရှိပါတယ်။
ပုဂံကို ဘုရားဖူးလာကြတဲ့ မြန်မာတွေလဲ ၀ယ်ယူအားပေးကြသလို ကမ္ဘာလှည့်ခရီးသည်တွေကတော့ ပိုလို့တောင် အားပေးကြပါသေးတယ်။
သည်လိုပန်းချီကားဆိုတာ သည်နေရာမှာပဲ ရနိုင်တာမဟုတ်လား။
မြန်မာ့အနုပညာနဲ့ လက်မှုပစ္စည်းတွေကို အကြီးကျယ်ဆုံးအမြတ်ထုတ်တတ်တဲ့ ထိုင်းနိုင်ငံက ကုန်သည်တွေဆို ပန်းချီကားတွေ အလိပ်လိုက်၊ အစုံလိုက် အများကြီးဝယ်သွားကြပြီး သူတို့ဆီက ဈေးကွက်မှာ ဈေးတင်ပြန်ရောင်းကြပါတယ်။
ကမ္ဘာ့ဈေးကွက်ထဲကို ထိုင်းက တစ်ဆင့်ပဲ ၀င်နိုင်နေသေးတဲ့ သဘောပါပဲ။
မြန်မာနိုင်ငံ၊ ပုဂံမှာတော့ ဆိုင်ခန်းလေးတွေဖွင့်ရောင်းသလို ဘုရားရိပ်တွေမှာ ဖျာခင်းရောင်းတဲ့သူတွေလည်း ရှိပြီး လက်ပွေ့အရောင်းသမားလေးတွေလဲ ရှိပါတယ်။
(ကျွန်တော့်အတွေးထဲ မြန်မာနိုင်ငံမှာလဲ ပန်းဆယ်မျိုးအပါအ၀င် ရှေးဟောင်းပစ္စည်းရော၊ မြန်မာမှုလက်ရာတွေအားလုံး စုစည်းရောင်းချနိုင်တဲ့ ဈေးတစ်ခုရှိရင် အရမ်းအဆင်ပြေမယ်လို့ တွေးမိတယ်။ ပုဂံမှာတော့ မလုပ်သင့်ဘူး။ ရှိပြီးသားသူတွေ ဈေးကွက်ပျောက်ကုန်နိုင်တယ်။ ဥပမာ အဲဒီလို လက်ရာတွေ သိပ်မရနိုင်တဲ့ နေပြည်တော်မှာဖြစ်ဖြစ် ရန်ကုန်မှာဖြစ်ဖြစ် လုပ်သင့်တယ် ထင်ပါတယ်။)





တစ်ဆက်တည်းမှာပဲ မြန်မာသဲပန်းချီနဲ့ မတူတဲ့ တိဘက်က ရိုးရာသဲပန်းချီကို ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ပါတယ်။

ကိုးကားစာမျက်နှာများ
(၁) Eleven Media Groupး ဘ၀ထဲမှ ပုဂံ (သို့မဟုတ်) ဆေးရေးပန်းချီကားများ
(၂) မိုးစက်ပွင့်း သဲပန်းချီလေးတွေ ချစ်စရာ
(၃) Future Worldး တိဘက်ဘုန်းတော်ကြီးများရဲ့ သဲပန်းချီပြပွဲ
(၄) ဓာတ်ပုံး  hydronetta



Sunday, September 9, 2012

ဒဿန


အခုတလော ဘာစာမှ မရေးနိုင်သေးလို့ လူလည်ကျလိုက်ဦးမယ် ဟိဟိ။
အောင်မြင်မှုဆိုတာ အမြဲတမ်း မင်းမြင်သလို မင်းထင်သလို မဟုတ်ပါဘူးတဲ့နော်။
မှတ်သားကြ... မှတ်သားကြ... :P:P:P

Tuesday, September 4, 2012

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် - ဇော်ဝင်းထွဋ်

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်
တေးရေး - စောခူဆဲလ်
တေးဆို - ဇော်ဝင်းထွဋ်
သံစဉ်စပ်ထားတာ၊ စာသားအရေးအဖွဲ့၊ သီဆိုသူရဲ့ ပိုင်နိုင်မှု လုံးဝပြောစရာ မရှိတဲ့သီချင်း၊ ယနေ့အချိန်မှာလည်း ခေတ်ကို ထင်ဟပ်စေနိုင်သော သီချင်း၊ ကျွန်တော်ကြိုက်သောသီချင်း။
အဲ ... ဒါနဲ့ ကြုံလို့ ပြောလိုက်ဦးမယ်။
လူများတော့ မညီညွတ်ဘူးဆိုတာ ဖြစ်နိုင်သလားဗျ။
သီချင်းထဲမှာပဲ ကြည့်လိုက်ပါဦး။
တိုင်းရင်းသားလူမျိုးကြီးတွေကို ကိုယ်စားပြုထားတဲ့ (မိန်းကလေး) လူဆယ်ယောက်လောက်ဟာ ဘယ်ယိမ်းညာယိမ်း ယိမ်းကြတာကို ညီအောင် မယိမ်းနိုင်ကြဘူး။ မယိမ်းကြတာလားလဲ မသိဘူးလေ။
တိုင်းရင်းသား၁၃၅မျိုးလုံးသာ ကိုယ်စားပြုပြီး ၁၃၅ယောက်ဆိုရင်တော့ ဘယ်လိုများနေမလဲ စဉ်းစားသာ ကြည့်ကြပေတော့။
တစ်ခုခုကိုများ သွယ်ဝိုက်ဖော်ပြနေသလားထင်ရတယ်။
ဖြစ်သင့်ပါတယ်၊ ဖြစ်သင့်ပါတယ်။

Sunday, September 2, 2012

မြန်မာ့ရိုးရာ စကားထာများ(၂)

(၁) အမေး။   ။ နတ်သမီး တံတွေးပေါက်၊ ကြက်မကောက်နိုင်။
      အဖြေ။   ။ နေပြောက်။
(၂) အမေး။   ။ နွားနို့တစ်ပန်းကန်၊ တစ်ပြည်လုံးပြည့်လျှံ။
      အဖြေ။   ။ လပြည့်ဝန်းနှင့် လရောင်။

(၃) အမေး။   ။ နတ်သမီးအိမ်တိုင်၊ သူခိုးမတက်နိုင်။
      အဖြေ။   ။ ငှက်ပျောပင်။
(၄) အမေး။   ။ နတ်သမီးသောက်ရေကန်၊ တံတိုင်းသုံးထပ်ရံ။
      အဖြေ။   ။ အုန်းသီး။



(၅) အမေး။   ။ မဖွပ်ပဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲ ပြည့်သည့် နတ်ရေအိုး။
      အဖြေ။   ။ အုန်းသီး။

Saturday, September 1, 2012

မြန်မာ့ရိုးရာ စကားထာများ(၁)

မဇ္ဈိမစာပေတိုက်က ထုတ်တဲ့ ဆရာကြည်ဦးရဲ့ မြန်မာ့ရိုးရာ စကားထာများစာအုပ်ကို ဖတ်ရတဲ့အခါ ပေါ်လာတဲ့အတွေးလေးကို အကောင်အထည်ဖော်လိုက်ပါတယ်။
ကျွန်တော်လဲ သိရ၊ တခြားသော စကားထာတွေကို မသိတော့တဲ့ သူများလဲ သိကြရအောင် အဲဒီစာအုပ်ထဲက စကားထာလေးတွေကို ရုပ်ပုံလေးတွေနဲ့ တွဲပြီး နည်းနည်းချင်းစီ တင်ပြပေးဖို့ပါပဲ။
စကားထာတွေကိုတော့ စာအုပ်ထဲကယူပြီး အဖြေအတွက် ရုပ်ပုံလေးတွေကိုတော့ အင်တာနက်ထဲက ရှာပါတယ်။

(၁) အမေး။   ။ ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ပဟိုရ်ရင့်ကျူး၊ နာရီမှုး။
      အဖြေ။   ။ ပဟိုရ်စည်နှင့် နာရီပမာ အချိန်မှန်မှန် တွန်တတ်သော ကြက်ဖ။
(၂) အမေး။   ။ သဒ္ဒါလည်း မတတ်၊ ပရမတ်လည်း မကျေ၊ လူရှေ့မှာလဲနေ၊ မှန်လျှင်မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
      အဖြေ။   ။ ချိန်ခွင်။
(၃) အမေး။   ။ ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီးခါးလယ်မှာ။
      အဖြေ။   ။ ကျောက်ပျဉ်။
(၄) အမေး။   ။ ငုပ်ချည် ပေါ်ချည်၊ သူ့ဖင်ကို ကြိုးနဲ့ချည်။
      အဖြေ။   ။ အပ်နှင့် အပ်ချည်။


(၅) အမေး။   ။ နတ်သမီး သောက်ရေကန်၊ တံတိုင်း သုံးထပ်ရံ။
      အဖြေ။   ။ အုန်းသီး။