Tuesday, September 4, 2012

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် - ဇော်ဝင်းထွဋ်

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်
တေးရေး - စောခူဆဲလ်
တေးဆို - ဇော်ဝင်းထွဋ်
သံစဉ်စပ်ထားတာ၊ စာသားအရေးအဖွဲ့၊ သီဆိုသူရဲ့ ပိုင်နိုင်မှု လုံးဝပြောစရာ မရှိတဲ့သီချင်း၊ ယနေ့အချိန်မှာလည်း ခေတ်ကို ထင်ဟပ်စေနိုင်သော သီချင်း၊ ကျွန်တော်ကြိုက်သောသီချင်း။
အဲ ... ဒါနဲ့ ကြုံလို့ ပြောလိုက်ဦးမယ်။
လူများတော့ မညီညွတ်ဘူးဆိုတာ ဖြစ်နိုင်သလားဗျ။
သီချင်းထဲမှာပဲ ကြည့်လိုက်ပါဦး။
တိုင်းရင်းသားလူမျိုးကြီးတွေကို ကိုယ်စားပြုထားတဲ့ (မိန်းကလေး) လူဆယ်ယောက်လောက်ဟာ ဘယ်ယိမ်းညာယိမ်း ယိမ်းကြတာကို ညီအောင် မယိမ်းနိုင်ကြဘူး။ မယိမ်းကြတာလားလဲ မသိဘူးလေ။
တိုင်းရင်းသား၁၃၅မျိုးလုံးသာ ကိုယ်စားပြုပြီး ၁၃၅ယောက်ဆိုရင်တော့ ဘယ်လိုများနေမလဲ စဉ်းစားသာ ကြည့်ကြပေတော့။
တစ်ခုခုကိုများ သွယ်ဝိုက်ဖော်ပြနေသလားထင်ရတယ်။
ဖြစ်သင့်ပါတယ်၊ ဖြစ်သင့်ပါတယ်။

Sunday, September 2, 2012

မြန်မာ့ရိုးရာ စကားထာများ(၂)

(၁) အမေး။   ။ နတ်သမီး တံတွေးပေါက်၊ ကြက်မကောက်နိုင်။
      အဖြေ။   ။ နေပြောက်။
(၂) အမေး။   ။ နွားနို့တစ်ပန်းကန်၊ တစ်ပြည်လုံးပြည့်လျှံ။
      အဖြေ။   ။ လပြည့်ဝန်းနှင့် လရောင်။

(၃) အမေး။   ။ နတ်သမီးအိမ်တိုင်၊ သူခိုးမတက်နိုင်။
      အဖြေ။   ။ ငှက်ပျောပင်။
(၄) အမေး။   ။ နတ်သမီးသောက်ရေကန်၊ တံတိုင်းသုံးထပ်ရံ။
      အဖြေ။   ။ အုန်းသီး။



(၅) အမေး။   ။ မဖွပ်ပဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲ ပြည့်သည့် နတ်ရေအိုး။
      အဖြေ။   ။ အုန်းသီး။

Saturday, September 1, 2012

မြန်မာ့ရိုးရာ စကားထာများ(၁)

မဇ္ဈိမစာပေတိုက်က ထုတ်တဲ့ ဆရာကြည်ဦးရဲ့ မြန်မာ့ရိုးရာ စကားထာများစာအုပ်ကို ဖတ်ရတဲ့အခါ ပေါ်လာတဲ့အတွေးလေးကို အကောင်အထည်ဖော်လိုက်ပါတယ်။
ကျွန်တော်လဲ သိရ၊ တခြားသော စကားထာတွေကို မသိတော့တဲ့ သူများလဲ သိကြရအောင် အဲဒီစာအုပ်ထဲက စကားထာလေးတွေကို ရုပ်ပုံလေးတွေနဲ့ တွဲပြီး နည်းနည်းချင်းစီ တင်ပြပေးဖို့ပါပဲ။
စကားထာတွေကိုတော့ စာအုပ်ထဲကယူပြီး အဖြေအတွက် ရုပ်ပုံလေးတွေကိုတော့ အင်တာနက်ထဲက ရှာပါတယ်။

(၁) အမေး။   ။ ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ပဟိုရ်ရင့်ကျူး၊ နာရီမှုး။
      အဖြေ။   ။ ပဟိုရ်စည်နှင့် နာရီပမာ အချိန်မှန်မှန် တွန်တတ်သော ကြက်ဖ။
(၂) အမေး။   ။ သဒ္ဒါလည်း မတတ်၊ ပရမတ်လည်း မကျေ၊ လူရှေ့မှာလဲနေ၊ မှန်လျှင်မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
      အဖြေ။   ။ ချိန်ခွင်။
(၃) အမေး။   ။ ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီးခါးလယ်မှာ။
      အဖြေ။   ။ ကျောက်ပျဉ်။
(၄) အမေး။   ။ ငုပ်ချည် ပေါ်ချည်၊ သူ့ဖင်ကို ကြိုးနဲ့ချည်။
      အဖြေ။   ။ အပ်နှင့် အပ်ချည်။


(၅) အမေး။   ။ နတ်သမီး သောက်ရေကန်၊ တံတိုင်း သုံးထပ်ရံ။
      အဖြေ။   ။ အုန်းသီး။

Thursday, August 30, 2012

မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခု - စကားထာဝှက်ခြင်း

ချစ်စကားထာများ
ရှေးခေတ်လူကြီးသူမများ၏ တစ်ဆင့်စကား၊ တစ်ဆင့်နားဖြင့် ကြားရသမျှ စာဟောင်းပေဟောင်းများ၌ ဖတ်ရသမျှ တွေ့ရသမျှတို့တွင် ရှေးလူများသည် လူပျိုလှည့်ရာ၌ စကားထာ၊ စကားဝှက်၊ စကားလိမ် အစရှိသည်များဖြင့် ပုစ္ဆာအမျိုးမျိုးတို့ကို တန်ဆာဆင်ပြီးလျှင် မိမိတို့နှစ်သက်ရာ အပျိုအိမ်များသို့ သွားရောက်ကြပြီး အပြန်အလှန် ဥာဏ်စမ်းလေ့၊ ၀ှက်ဆိုလေ့ ရှိကြသည် ဆို၏။
ဤဓလေ့ထုံးစံများသည် အလွန်သိမ်မွေ့ယဉ်ကျေး၍ ချစ်စရာကောင်းလှပေသည်။
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် အစုလိုက်ဖြစ်စေ ပြိုင်ဆိုင်ကြရာ၌ မည်သူသည် ဗဟုသုတ ကြွယ်ဝသည်၊ မည်သူသည် ပြောရေးဆိုခွင့်တွင် တတ်သိလိမ္မာသည်၊ ယဉ်ကျေးဖွယ်ရာသည်၊ ဥာဏ်ထက်သည်၊ ဖြတ်ထိုးဥာဏ်ကောင်းသည်၊ စိတ်ရှည်သည်၊ စိတ်တိုသည်၊ ဇွဲရှိသည်၊ ဇွတ်ငြင်းသည်၊ သည်းခံစိတ်ရှိသည်၊ အနိုင်ယူလိုစိတ်ရှိသည် စသည်ဖြင့် အကဲခတ်နိုင်သည်ဖြစ်သောကြောင့် ဤရှေးမြန်မာတို့၏ ဓလေ့ထုံးစံတစ်ရပ်သည် ဟောင်းပင်ဟောင်းသော်လည်း ကောင်းလှသည့် မြန်မာမှုတစ်ရပ်ပင် ဖြစ်လေသည်။
များသောအားဖြင့် စကားထာဝှက်ကြသောအချိန်သည် တစ်နေ့တာ၏ လုပ်ငန်းဆောင်တာများ ပြီးစီး၍ အားလပ်သော ညချမ်းချိန်ခါ၊ လူကြီးမိဘများ အိပ်ရာဝင်ချိန်ဖြစ်သည့် သက်ကြီးခေါင်းချချိန်မှစ၍ သန်းခေါင်ကြက်တွန်ချိန်ထိဖြစ်သည်။
စကားဝိုင်းဖွဲ့ကြရာတွင် စကားစပ်ကလည်းဝင်မှ၊ အလည်ရောက်လာသူ ကာလသားကလည်း နှုတ်စရွှင်ပါမှ အိမ်ခံအပျိုများမှ လှိုက်လှိုက်လှဲလှဲနှင့် ဧည့်ဝတ်ပြုလို၊ လက်ခံလိုကြပေသည်။
သို့မဟုတ်လျှင် ဧည့်ခံသူ အပျိုများသည် အလည်လာသူ ကာလသားမပြန်မချင်း တသမ်းသမ်း တဝေေ၀နှင့် တပျင်းရိရိ ဖြစ်နေတတ်ကြ၏။
(၁)တော်တော်ဆိုးတဲ့ကြောင်
ရှေးတုန်းက ကျေးရွာကြီးတစ်ရွာတွင် စိတ်တို၍ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော အပျိုကြီးတစ်ယောက် ရှိသည်။
ထိုအပျိုကြီးကို စုံမက်နှစ်သက်သော လူပျိုကြီးသည် သူငယ်တိတ်ဆိတ်ချိန်မှစ၍ ရောက်လာကာ အပျိုကြီး ရက်ကန်းခတ်နေသည့်နေရာသို့ လာထိုင်လျက် ရက်ကန်းစင်မှာ ထွန်းညှိထားသည့် မီးတိုင်မှ မီးကျီးခဲများကို ဆွပေး၊ ကော်ပေးခြင်းနှင့် ရက်ကန်းစင်မှ ချည်ပြတ်များကို ဆက်ပေးခြင်း စသည်ဖြင့် ကူညီပေးလေ၏။
အပျိုကြီးသည် လူပျိုကြီးအပေါ်တွင် အနည်းငယ် နှစ်သက်တွယ်တာစိတ် ရှိသည့်အတိုင်း လူပျိုကြီး သူ့ထံသို့ ရောက်လာလျှင် ရောက်လာချင်းမှာပင် " ကျွန်းတုံးကြောင်လျှောက် " ဟု ဆီးကြို နှုတ်ဆက်လိုက်လေသည်။
' ကျွန်းတုံးကြောင်လျှောက်၊ လွန်း(လွမ်း)တုန်းမောင်ရောက် ' ဟူသော အဓိပ္ပါယ်ကို မရိပ်မိသော လူပျိုကြီးသည် အလွန်ရိုးအစွာဖြင့် " တော်တော်ဆိုးတဲ့ကြောင်၊ နေရာရှားလိုက်တာ ကျွန်းတုံးပေါ်မှ တက်လျှောက်ရတယ်လို့ " ဟု မြည်တွန်လိုက်လေသည်။
(၂)ညောင်ကန်ကြက်
ဤသို့နှင့် လူပျိုကြီးသည် အခြားသော ကာလသားများနည်းတူ စကားထာဝှက်ခြင်း၊ ပြိုင်ခြင်း အစရှိသည်များနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ခြင်းများကြောင့် အပျိုကြီးသည် လူပျိုကြီးကို ဆက်လက်ဧည့်ခံရန် ပျင်းရိငြီးငွေ့လာသဖြင့် ငိုက်မျဉ်းလာလေ၏။
အပျိုကြီးကလည်း စကားမစ၊ လူပျိုကြီးကလည်း စကားမစနှင့် သန်းခေါင်ကြက်တွန်သံပင် ကြားရချိန်သို့ ရောက်လာသည်။
အပျိုကြီးသည် လူပျိုကြီးပြန်ရန် မည်သို့ပရိယာယ်ဆင်ရပါမည်နည်းဟု အကြံယူနေစဉ်မှာပင် သန်းခေါင်ကြက်တွန်သံကို ကြားလိုက်ရ၍ အပျိုကြီးသည် ခေါင်းထဲသို့ အကြံတစ်ခု ၀င်လာလေသည်။
ထို့ကြောင့် အပျိုကြီးသည် လူပျိုကြီးကို စကား စတင်လိုက်သည်။
" မောင်ကြီးရဲ့၊ ကြက်တွေ တွန်ကုန်ပါရော့လား၊ ဘာကြက်များပါလိမ့်တော်.."
အပျိုကြီး၏ ပရိယာယ်နှင့် မေးလိုက်သည်ကိုလည်း မရိပ်မိ၊ သူ့ကို ပြန်စေလိုသည်ကိုလည်း မသိရှိသော လူပျိုကြီးခမျာသည် အပျိုကြီး၏ မေးခွန်းနှင့် ဆန့်ကျင်ဘက်ကျစွာ ပြန်လည်ဖြေလိုက်သည်ကား-
" ညောင်ကန်ကြက်လား၊ တညင်ကြက်လား၊ တစ်ကောင်ကောင် ဖြစ်တော့မပေါ့" ဟူသတည်း။
အပျိုကြီးသည် လူပျိုကြီး၏ မသိသားဆိုးရွားမှုကို သည်းမခံနိုင်တော့သည့်အပြင် လူကလည်း အိပ်ငိုက်စပြုလာပြီဖြစ်၍ မျက်နှာထားတင်းတင်းထားလျက် လူပျိုကြီး၏မျက်နှာကို လက်ညှိုးနှင့် ငေါက်ငေါက်ထိုးကာ-
" အချိန်ကို သိချင်လို့ မေးတာတော်ရေ့၊ ကိုင်း သိပလား.."
ဟု ခပ်ဆတ်ဆတ်အသံနှင့် တိတိလင်းလင်းကြီး ဖွင့်ပြောလိုက်လေတော့၏။
ဤတွင် လူပျိုကြီးသည် အပျိုကြီး၏ ဒေါသတကြီးနှင့် မျက်နှာကို မြင်လိုက်ရသဖြင့် ဆိုလိုရင်းအဓိပ္ပါယ်ကို ရိပ်မိသိရှိသွားတော့သည့်ပမာ မျက်နှာချိုသာစွာနှင့်-
" သြော် အချိန်ကို မေးတာလား။ သိပါဘူးဗျာ။ မောင်ကြီးက မျိုးရိုးကို မေးတာ မှတ်လို့၊ အချိန်ဆိုရင် ဘာရှိမှာလဲ၊ ဒီကောင့်အသံ သေးသေးလေးရှိသေးတာပဲ။ အလွန်ဆုံး တစ်ပိဿာထက် မပိုပါဘူး" ဟူ၍ ဖြေလိုက်လေသတည်း။
ချစ်စရာကောင်းသည့် အဖိုးထိုက်သော ဓလေ့
ညဘက် လသာသာ၌ ဆန်ဖွပ်ရင်း၊ မောင်းထောင်းရင်း၊ ရက်ကန်းခတ်ရင်း၊ ချည်ငင်ရင်း၊ ၀ါဖန့်ရင်း၊ ဗိုင်းငင်ရင်း၊ မန်ကျည်းသီးထုရင်း၊ တောင်ထန်း သက်ငယ် စလူ အင်ဖက် စသည်များအား အိမ်အမိုးအကာများအတွက် စုဝေးလုပ်ကိုင်ကြရင်းဖြင့် မိမိတို့ရပ်ရွာ၏ ဓလေ့ထုံးစံများအတိုင်း တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသကဲ့သို့ စကားဝှက်များကို အပြိုင်အဆိုင် ၀ှက်ဆိုလေ့ ရှိကြသည်။
ကောက်ရိတ်သိမ်းပြီးချိန်နှင့် စပါးလှေ့ပြီးချိန်၊ တလင်းထဲတွင် စပါးများစုပုံ၍ စပါးလိပ်ပြာ ခေါ်ဆိုချိန် စသည်များ၌လည်း ရပ်ရွာ၏ ကာလသမီး ကာလသားများ စုဝေးလာလေ့ရှိကြချိန်ဖြစ်၍ ဤအချိန်မျိုးတွင်လည်း တစ်ရွာနှင့်တစ်ရွာပင် ချိန်းပွဲများပြုလုပ်၍ စကားဝှက်ပြိုင်ပွဲများ ကျင်းပကြသည်။
ကျေးရွာ၏ ပန်းတောင်ကိုင်အလှ သို့မဟုတ် စကားကြွယ်ဝ၍ ဧည့်ခံကောင်းသူကလေးများ၏ လယ်တလင်းသိမ်းပွဲများဆိုလျှင် စကားဝှက်ပြိုင်ပွဲများသည် ပိုမို၍ စည်ကားလေသည်။
နီးစပ်ရာ လယ်တဲများမှလည်း စုဝေးရောက်လာကြလျက် တပျော်တပါး စကားဝှက်ပြိုင်ပွဲမှ အရှုံးအနိုင်နှင့် ကိုယ်ရည်သွေးကြပုံကို နားထောင်ကြသည်။
တလင်းသိမ်းချိန်သည် ဆောင်တော်ကူးနှင့် ဂမုန်း အင်၊ သဇင်ပန်းတို့ မပြတ်တမ်းပွင့်သည့် ရာသီဖြစ်သည့်အပြင် သရဖီနှင့် မြတ်လေး မပြတ်မွှေးလှသည့် တောစံပယ်နှင့် ပန်းစွယ်တော်တို့ ပွင့်ကြသည်ဖြစ်၍ ကောင်းနိုးရာရာဟု မရွေးချယ်နိုင်ကြတော့။
တွေ့သမျှမရွေး ဖွေးဖွေးမြင်ရာ ဆွတ်ခူးခဲ့ကြသည်မှာ စကားဝှက်ဝိုင်း၌ လုလင်ပျိုရော လုံမပျိုပါ ပန်းများ တောင်လို ပုံနေတော့၏။
ဤပန်းပွင့်များသည် အပင်၌ နောက်တစ်နေ့ပွင့်ရန်ပင် ချန်မှ ထားခဲ့ကြပါမည်လောဟု တွေးတောလောက်အောင်ပင် အငုံရော အဖူးပါ ဆွတ်ခူး၍ လာကြတော့သည်။
တစ်နှစ်ပတ်လုံး ပင်ပန်းလာခဲ့သမျှ၊ တစ်နေ့တာလုံး နွယ်းနယ်လာခဲ့သမျှတို့သည် ဤသို့သော လရောင်တင့်လျှမ်းသည့် ညချမ်းလို ချိန်ခါမျိုးများတွင် သူတို့၏အဖို့ အမောပြေဆေးကလေးများကို ရတတ်ကြသည်။
စိတ်ထဲတွင် သူမသိ ငါပိုး ကျိတ်၍ ပိုးပန်းနေကြရရှာသူအတွက်ရော၊ ချစ်မိသည့်ဝန်ကို တစ်ခွန်း တစ်ပါဒမျှ မဟ၀ံ့ ကြောက်ရွံ့၍ နောက်တွန့်နေကြရသူအတွက်ရော ဤစကားဝှက်ဆိုကြခြင်းသည် ချစ်တင်းစရာ၊ ချစ်တင်းဆိုရာနှင့် ချစ်ကျီစယ်ကြရာကို ဖန်တီးပေးစေလေ၏။
" အမယ်လည်း စိတ်တူ၊ ပျို့သည်းအူ ရွှေနွယ်ရိုး စိုးပိုင်ခဲ့သူ" များအဖို့ ဤစကားဝှက်ခြင်းဓလေ့သည် စိတ်၏လှုပ်ရှားမှုများနှင့် သာယာမှုအရသာလေးများကို ရစေသည်။
ချစ်သူအချင်းချင်း မထေ့တထေ့ ငေါ့လုံးကလေးများနှင့် ကလူကျီစယ်မှုကလေးများသည် မိဘမောင်ဘွားများ၏ မျက်စိအောက်မှာပင် ဖြစ်လင့်ကစား ချစ်သောသူချင်း၏ နှလုံးသားများကို သာယာကြည်နူးစေသည်။
မည်သို့သော မှားယွင်းမှုကိုမျှ ဖန်တီးခွင့်မရသည်ဖြစ်၍ ရှေးလူတို့၏ ဤဓလေ့ထုံးစံသည် မမှားအပ်သော တရားများကို စောင့်ရှောက်ထိန်းသိမ်းကာကွယ်ပေးခြင်းဖြင့် လုလင် လုံမတို့၏ ကိုယ်ကျင့်တရားကိုပါ ပိုမိုကောင်းမွန်စေသည့် အလွန်အဖိုးထိုက်သော မြန်မာမှုတစ်ရပ်ဖြစ်ပေသည်။

( ယနေ့မန္တလေးစာအုပ်တိုက်မှ ထုတ်ဝေသည့် မြန်မာ့ရိုးရာ စကားထာများ စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။ အလွန်ချစ်စဖွယ်ကောင်းသည့် အဖိုးထိုက်သော မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်သော်လည်း ခေတ်ရေစီးကြောင်းတွင် ခပ်ကြမ်းကြမ်း မျောပါသွားခဲ့ပြီဖြစ်သည်။ ခေတ်၏ရေစီးကြောင်း ဟူသည်ကား တားဆီး၍ မရစကောင်း တားဆီးရန် မဖြစ်သင့်ကြောင်း မှန်သော်လည်း ရိုးရာဓလေ့ကို လုံးဝပျောက်ပျက်သွားစေခြင်းသည်လည်း မဖြစ်စကောင်းမို့ ကျွန်တော်တို့ ခေတ်လူငယ်များအနေဖြင့် ကိုယ်တိုင် မကျင့်သုံးလျှင်သော်မှ သိရှိထားနိုင်ကြစေရန် အလို့ငှာ ကြိုးစားလိုက်ပါသည်။)

Tuesday, August 28, 2012

လူမသိ သူမသိ


မီးတောက်မီးလျှံကြား ရုတ်တရက် မြောက်တက်သွားတယ်
သိလိုက်ရတာက လောကကြီးတစ်ခုလုံး မဲမှောင်သွားတာပဲ
ချက်ချင်းလိုလို ငါ မြင်ယောင်လိုက်တာ
မင်းရဲ့ နုနယ်တဲ့ မျက်နှာလေးပေါ့ ချစ်သူ
စွန့်လွှတ်ခြင်းရဲ့ အဓိပ္ပါယ်
ဘာလဲဆိုတာ ငါမသိပါဘူး
ဒါပေမယ့်
ငါ့နံဘေးမှာ ရှိနေတာ
ငါ့ညီအစ်ကိုတွေပဲ
သူတို့လဲ အိပ်ကပ်တွေထဲမှာ ငါ့လို
ဓာတ်ပုံလေးတွေ ကိုယ်စီနဲ့ပေါ့
ဓာတ်ပုံထဲက လူတွေ
သူတို့ကို စောင့်မျှော်နေကြမှာ သေချာတယ်
သူရဲကောင်းဖြစ်ချင်ခဲ့တာတော့ မဟုတ်ဘူး
သေခြင်းတရား
ငါလဲ ကြောက်တတ်တာပေါ့
ဒီအချိန်မှာတော့ တွေဝေမနေချင်တော့ဘူးကွယ်
အမိမြေကို ကာကွယ်ဖို့
ဖြူသလား မဲသလား
မှန်သလား မှားသလား
အတွေးတွေလဲ များမနေချင်တော့ဘူး
ငါ့နံဘေးမှာတော့ ဆူညံပူလှိုက်
ပတ်ဝန်းကျင်တစ်ခုလုံးကို မီးတိုက်နေသလားထင်မိတယ်
တကယ်တော့ ငါလဲ
သေနတ်သံတွေအစား
ဆည်းလည်းသံလေးတွေပဲ ကြားချင်ခဲ့သူပါကွယ်
ချစ်သူရေ
ငါဟာ
မင်းအတွက်ဆို အမြဲ ပေးဆပ်နေချင်ခဲ့သူပေါ့
ရှိသမျှအရာအားလုံး
အသက်ပါမကျန် စတေးဝံ့ပါတယ်
အဲဒီလိုပဲ
အမိမြေအတွက်လဲ ပေးဆပ်ရဲရမယ်လေ
ဒီအချိန်မှာ
အမိမြေအတွက်
ပေးဆပ်ခွင့်လေးကို
မျက်ရည်တွေကြားကပဲ
ခေါင်းလေးညိတ်ပေးပါ ချစ်သူရယ်

Sunday, August 26, 2012

ကရားရှည်တစ်လုံးနှင့် ပစ္စည်းများ


အတန်းမစခင်အချိန်မှာ ဒဿနိကဗေဒဆရာဟာ စာသင်ခန်းထဲက စားပွဲပေါ်ကို သူယူလာတဲ့ ပစ္စည်းတွေ တင်လိုက်ပါတယ်။
အတန်းစတဲ့အချိန်မှာတော့ ဆရာဟာ စကားတစ်ခွန်းမှ မပြောသေးဘဲ ကရားရှည်အလွတ်တစ်လုံးထဲကို နှစ်လက်မလောက်အချင်းရှိတဲ့ ကျောက်ခဲတွေ ထည့်လိုက်တယ်။
ကရားထဲမှာ ကျောက်ခဲတွေနဲ့ ပြည့်သွားပြီး ထပ်ထည့်လို့ မရတော့တဲ့အခါ ဆရာက ကျောင်းသားတွေကို ဒီထဲမှာ ပြည့်ပြီလားလို့ မေးလိုက်တယ်။
ကျောင်းသားတွေကလည်း ပြည့်ပါပြီဆရာလို့ ပြန်ဖြေကြတယ်။
ဒီတော့ ဆရာက ကျောက်စရစ်ခဲလေးတွေထည့်ထားတဲ့ စက္ကူပုံးလေးကို ကောက်ယူလိုက်ပြီး ကရားရှည်ထဲ လောင်းထည့်လိုက်တယ်။
ပြီးတော့ ကရားကို ဖြေးညင်းစွာ လှုပ်ခါလိုက်တယ်။
အဲဒီအခါ ကျောက်စရစ်ခဲလေးတွေဟာ ကျောက်ခဲတွေကြားက လွတ်နေတဲ့ နေရာတွေကို ကျဆင်းသွားကြတယ်။
ဆရာက ဒီကရားပြည့်နေပြီလားလို့ ထပ်မေးပြန်တယ်။
ကျောင်းသားတွေကလဲ ပြည့်နေပါပြီဆရာလို့ ထပ်ဖြေကြပြန်တယ်။
အဲဒီအခါ ဆရာက သဲတွေထည့်ထားတဲ့ စက္ကူအိတ်လေးကို ကောက်ယူပြီး ကရားထဲ လောင်းထည့်လိုက်ပြန်တယ်။
သဲတွေဟာ ကျောက်ခဲတွေ၊ ကျောက်စရစ်တွေကြားက နေရာအနှံ့အပြားကို လျှောလျှောရှူရှူပဲ စီးဆင်းသွားတယ်။
ဆရာက ပြည့်ပြီလားလို့ ထပ်မေးပြန်တယ်။
ကျောင်းသားတွေကလဲ ပြည့်ပါပြီဆရာလို့ တညီတညာတည်း ပြန်ဖြေကြတယ်။
အဲဒီအခါမှ ဆရာက ရှင်းပြတော့တယ်။
“ တပည့်တို့.. တကယ်တော့ ဟောဒီကရားရှည်ဟာ မင်းတို့ဘ၀တွေကို ကိုယ်စားပြုတယ်.. ကျောက်ခဲတွေကတော့ ဘ၀ရဲ့ အရေးကြီးဆုံးအရာတွေပဲ..ဥပမာ မင်းတို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ ချစ်သူတွေ၊ မင်းတို့ရဲ့ ကျန်းမာရေး၊ သားသမီးတွေရှိရင် သားသမီးပေါ့ကွာ... မင်းတို့မှာ ရှိသမျှအားလုံး ဆုံးရှုံးပျက်ဆီးနေစေဦး… မင်းတို့ဆီမှာ ကျန်ရစ်နေဦးမယ့် ချန်ရစ်နေကြဦးမယ့် အရာတွေပေါ့… အဲဒီအရာတွေရှိနေသေးရင် မင်းတို့ဘ၀တွေ ပြည့်စုံနေဦးမှာပဲ။
ကျောက်စရစ်ခဲလေးတွေကတော့ မင်းတို့ဘ၀တွေထဲက အခြားအရာတွေပေါ့… ဥပမာ အလုပ်အကိုင်ဖြစ်ဖြစ်၊ အိမ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ်ပေါ့။
သဲဆိုတာကတော့ အရေးမကြီးတဲ့ သေးသေးမွှားမွှားအရာလေးတွေပေါ့…
တကယ်လို့ မင်းတို့က ကရားထဲကို သဲတွေသာ အရင်စထည့်မိမယ်ဆိုရင် ကျောက်ခဲအချို့နဲ့ ကျောက်စရစ်ခဲအချို့ကို ထည့်ဖို့ နေရာကျန်မယ်မဟုတ်ဘူး.. အဲဒီအခါ မင်းတို့ဟာ ဘ၀မှာ အနည်းနဲ့အများ ဆုံးရှုံးကြရလိမ့်မယ်။
တကယ်လို့ မင်းတို့ဟာ မင်းတို့အချိန်တွေနဲ့ စွမ်းအင်တွေကို ဒီသေးသေးမွှားမွှားအရာလေးတွေအပေါ်မှာသာ ကုန်ဆုံးနေစေမယ်ဆိုရင် မင်းဘ၀မှာ အရေးကြီးတဲ့အရာတွေအတွက် ပေးစရာနေရာရှိတော့မှာ မဟုတ်ဘူး…
အဲဒါကြောင့် မင်းတို့ဘ၀တွေမှာ ပြည့်စုံပျော်ရွှင်စေနိုင်မယ့်အရာတွေကို အာရုံထားပေးပါ…
မင်းတို့ရဲ့ မိဘတွေကို အလေးထားပါ…
မင်းတို့ရဲ့ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆော့ကစားပါ…
ချစ်သူခင်သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ အချိန်ပေးပါ…
ဘ၀မှာ အလုပ်လုပ်ဖို့၊ အိမ်သန့်ရှင်းရေးလုပ်ဖို့၊ ပွဲလမ်းသဘင်သွားဖို့၊ စီးပွားရေးတွက်ချက်ဖို့ အချိန်တွေ အမြဲတမ်း လုံလုံလောက်လောက် ရှိနေပါတယ်။
ဘ၀မှာ အရေးကြီးတဲ့ ကျောက်ခဲတွေကိုပဲ အရင်ဖြည့်ပါ… အရေးကြီးဆုံးလို့ ယူဆတဲ့အရာတွေကို ခုပဲ သတ်မှတ်စာရင်းလုပ်လိုက်ပါ… ကျန်တာကိုတော့ သဲတွေလို့ပဲ သဘောထားလိုက်ပါတော့… “


 The important things in life ကို ဘာသာပြန်ဆိုပါသည်။

Sunday, August 19, 2012

ဆူးများစွာနှင့် ပန်းနှင်းဆီ


တစ်ခါတုန်းက ပန်းစိုက်ဝါသနာပါတဲ့ လူကြီးလူကောင်းတစ်ယောက်ဟာ ပန်းတစ်မျိုးကို စိုက်ပျိုးပြီး မျှော်လင့်ကြီးစွာနဲ့ ရေလောင်းပေါင်းသင် မှန်မှန်လုပ်သတဲ့။
သူ စိုက်တာဟာ နှင်းဆီပန်းဖြစ်တယ်လို့ သူလုံးဝမသိဘူး။
ပန်းပင်လေးကနေ ပန်းကလေးတွေ ဖူးပွင့်ဝေဆာမလာခင်မှာ သူက ကြည့်မိတော့ မကြာခင်မှာ ပွင့်လန်းလာတော့မယ့် ပန်းအဖူးလေးကို တွေ့မိတယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ သတိထားမိလိုက်တာက ရိုးတံပေါ်က ဆူးတွေပဲ ဖြစ်သတဲ့။
အဲဒီအခါမှာ သူ တစ်ခုတွေးမိသွားတယ်။
“ ချွန်မြတဲ့ ဆူးတွေ ပတ်လည်ဝိုင်းနေတဲ့ ရုပ်ဆိုးတဲ့ သည်လိုအပင်က ဘယ်လိုများ လှပတဲ့ ပန်းတစ်ပွင့် ပွင့်လာနိုင်ပါ့မလဲ “ လို့ပေါ့။
အဲဒီလို တွေးမိပြီးတဲ့အချိန်က စပြီး သူဟာ နှင်းဆီပန်းပင်လေးကို ဂရုလဲမစိုက်၊ ရေလဲ မလောင်းတော့ဘဲ ပစ်ထားလိုက်တာ နှင်းဆီးပန်းလေးခမြာ ပွင့်တောင် မပွင့်ရသေးခင် နွမ်းခြောက်သေဆုံးသွားတော့တယ်။
ကျွန်တော်တို့လူသားတွေဟာလဲ အဲဒီလိုပါပဲ။
လူတိုင်းရဲ့ စိတ်ဝိညာဉ်ထဲမှာ အနည်းဆုံး နှင်းဆီပန်းတစ်ပွင့်စီ ရှိကြပါတယ်။
ကောင်းမွန်တဲ့ အရည်အသွေးတွေ၊ အမူအကျင့်တွေကို ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်ထဲမှာ စိုက်ပျိုးတဲ့အခါ သူတို့ဟာ ချွတ်ယွင်းချက်အပြစ် ဆိုတဲ့ များစွာသော ဆူးချွန်တွေကြားထဲမှာ ကြီးပြင်းလာကြရတယ်။
ကျွန်တော်တို့အများစုဟာ မိမိကိုယ်ကို ဝေဖန်ဆန်းစစ်ကြတဲ့အခါ ချွတ်ယွင်းချက်၊ အပြစ်၊ အနာအဆာတွေကိုသာ မြင်မိကြပြီး ဖူးပွင့်လာမယ့် နှင်းဆီပန်းကလေးကိုတော့ သတိမထားမိတော့ဘူး။
အဲဒီအခါ စိတ်ပျက်အားလျော့ပြီး ငါတို့ဟာ ဘာကိုမှ ဖြစ်မြောက်ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ကြပါလားလို့ တွေးမိသွားကြတဲ့နောက် စိတ်ဝိညာဉ်အတွင်းက နှင်းဆီပန်းကလေးကို ဆက်ပြီး ရေလောင်းပျိုးထောင်ဖို့ မေ့သွားကြတယ်။
ဒီလိုနဲ့ နှင်းဆီပန်းကလေးများစွာ သေဆုံးသွားကြပြီး ကျွန်တော်တို့ဟာလည်း ကိုယ်ပိုင်အရည်အချင်း အစွမ်းအစတွေကို ဘယ်သောအခါမှ မမြင်တွေ့ကြရတော့ဘူး။
လူတွေဟာ သူတို့ပိုင်ဆိုင်တဲ့ နှင်းဆီပန်းကလေးတွေကို မသိကြ၊ မမြင်ကြဘူးဆိုရင် တစ်ယောက်ယောက်က သူတို့ကို ပြောပြကူညီသင့်တယ်။
လူတစ်ယောက်ရဲ့ အကြီးမားဆုံးသော မေတ္တာလက်ဆောင်တစ်ခုကတော့ အခြားသူတွေရဲ့ ချွန်ထွက်နေတဲ့ ဆူးများကို ကျော်လွန်ပြီး ပွင့်ဖူးတော့မယ့် နှင်းဆီပန်းကလေးတွေကို မြင်အောင် ကြည့်ပေးဖို့ပါပဲ။
ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ ၀ိသေသတစ်ခုပါ။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘ၀ထဲက ကျွန်တော်တို့ချစ်ခင်သူတွေကို ကြည့်တဲ့အခါမှာ သူတို့ရဲ့ အပြစ်အနာအဆာတွေအပြင် သူတို့စိတ်ဝိညာဉ်ထဲက ထူးမြတ်တဲ့ အရည်အသွေးတွေကိုလည်း ရှာဖွေကြည့်ရှုကြဖို့ သင့်တယ်။
သူတို့ရဲ့ အမှားတွေကနေ သူတို့လွန်မြောက်ဖို့ စွမ်းဆောင်နိုင်ကြကြောင်း အခြားသူတွေကို ကူညီပေးလိုက်ပါ။
လှပတဲ့ နှင်းဆီပန်းကလေးများစွာ ပွင့်လန်းလာနိုင်ကြအောင်ပေါ့။

The rose within ကို ဘာသာပြန်ဆိုပါသည်။