ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်ရော၊ မိမိရဲ့မိသားစုရော
သွားကျန်းမာရေးဂရုစိုက်ကြဖို့ အကြောင်းပြချက်ကောင်းတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့
အပြုံးတွေ လင်းလက်တောက်ပစေဖို့ပေါ့။ အစာအာဟာရပြည့်ဝစွာ စားသုံးနိုင်ဖို့လဲ ဖြစ်ပါတယ်။
နောက်ပြီး သွားကိုက်ခြင်းနဲ့ အနေအထိုင်မသက်မသာဖြစ်တာကိုလည်း ရှောင်ရှားနိုင်မယ်။ သွားကျန်းမာရေးဆိုတာမှာ
သွားရော၊ သွားဖုံးပါ အကျုံးဝင်ပါတယ်။ သုတေသနလုပ်ငန်းတွေက ယူဆကြတာဟာ သွားနဲ့ သွားဖုံး
ရောဂါတွေဟာ ခန္ဓာကိုယ်ရဲ့ အခြားကျန်းမာရေးပြဿနာတွေဆီကိုလည်း ဦးတည်သွားစေနိုင်ပါတယ်။
ဥပမာ နှလုံးရောဂါဖြစ်ပွားနိုင်စွမ်းကို မြင့်တက်စေတာမျိုးပေါ့။
ကံအားလျောစွာနဲ့ပဲ ငယ်ရွယ်စဉ်ကနေ အသက်အရွယ်ရသည်အထိ
မိမိတို့ သွားတွေ ကျန်းမာသန်စွမ်းစေဖို့ လုပ်ဆောင်နိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းတွေ
ရှိနေပါတယ်။ ဘယ်လိုလုပ်ရမလဲ လေ့လာကြည့်ကြရအောင်။
၁။ ကလေးငယ်တွေကို
ငယ်စဉ်ကတည်းက သွားကျန်းမာရေး ဂရုစိုက်ပေးပါ။
ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု လေ့လာချက်တွေအရ
ကလေးငယ်လေးယောက်မှာ တစ်ယောက်ဟာ မူကြိုမတက်ခင်၊ မူလတန်းမတက်ခင်မှာပဲ သွားပိုးစားတဲ့
အရိပ်လက္ခဏာတွေ ပြနေပြီဖြစ်ပါတယ်။ အသက်၁၂နှစ်ကနေ ၁၅နှစ်အတွင်းက ကလေးထက်ဝက်ခန့်မှာ သွားပိုးစားနေကြပါပြီ။
“ သွားကျန်းမာရေးဂရုစိုက်ဖို့ဆိုတာဟာ ကလေးတစ်ယောက်ရဲ့ သွားပေါက်ပေါက်ချင်းပဲ စတင်ရပါမယ်။
များသောအားဖြင့် ကလေး ခြောက်လအရွယ်လောက်မှာပေါ့။ “ လို့ American Dental
Hygienists Associationမှ ဥက္ကဌဖြစ်သူ Caryn Solieက ဆိုပါတယ်။ “ ကလေးငယ်တွေရဲ့ သွားတွေကို
သန့်ရှင်းပြီး ခြောက်သွေ့တဲ့ အ၀တ်နုနဲ့ ဖြစ်စေ၊ အရမ်းနူးညံ့တဲ့ သွားပွတ်တံနဲ့ ဖြစ်စေ
ပွတ်တိုက်ပေးရပါမယ်။ အသက်နှစ်နှစ်ခန့် ရောက်ပြီဆိုရင်တော့ ကလေးငယ်တွေ ကိုယ်တိုင် သွားသန့်ရှင်းရေးလုပ်နိုင်အောင်
သင်ကြားပေးရပါမယ်။ သေသေချာချာလေး သင်ကြားပြသဖို့တော့ လိုတာပေါ့။ “
၁။
Sealantကို အသုံးပြုပါ။
Sealantဆိုတာက ပုံမှာ ပြသထားတဲ့အတိုင်းပဲ
သွားကို အကာအကွယ်ပေးဖို့ အထူးပြုလုပ်ထားတဲ့ အရည်တစ်မျိုးပါ။
ငယ်သွားမဟုတ်တဲ့
ပုံမှန်အံသွားတွေဟာ အသက်၆နှစ်ခန့်မှာ ပေါက်လာတတ်ကြပါတယ်။ Sealantဟာ အံသွားတွေရဲ့ အချိုင့်တွေ၊
အခွက်တွေပေါ်မှာ အကာအကွယ်မျက်နှာပြင်အဖြစ် ဘက်တီးရီးယားတွေ မခိုကပ်နိုင်အောင် လုပ်ပေးနိုင်ပါတယ်။
Centers for Disease Control and Preventionရဲ့ အလိုအရ sealantတွေဟာ သွားပိုးစားခြင်းကို
အတော်လေး ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကမှ ကလေးငယ် သုံးယောက်အနက်တစ်ယောက်ဟာ sealantကို
အသုံးပြုကြပါတယ်။
၃။ တန်ဆေးလွန်ဘေးဆိုတာ
သတိပြုပြီး ဖလိုရိုက်ဒ်ကို အသုံးပြုပါ။
သွားတွေရဲ့ ကြွေကို ကြံ့ခိုင်လာစေပြီး သွားပိုးစားခြင်းကို
ကာကွယ်နိုင်လို့ သွားကျန်းမာရေးကို ကောင်းကောင်းကြီးအထောက်အကူပြုနိုင်တာကတော့ ဖလိုရိုက်ဒ်ဓာတ်ပါ။
အမေရိကရဲ့ သောက်ရေသန့် လေးပုံသုံးပုံဟာ ဖလိုရိုက်ဒ်ဓာတ်ပါဝင်တဲ့ သောက်ရေသန့်တွေပါ။
တကယ်လို့ အဲဒီလို သောက်ရေသန့်တွေ မရနိုင်ဘူးဆိုရင်လဲ ဖလိုရိုက်ဒ်ဓာတ်ပါဝင်တဲ့ သွားတိုက်ဆေးတွေ၊
ပလုတ်ကျင်းရည်တွေကို ဈေးကွက်ထဲမှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။ သွားအထူးကုဆရာဝန်ဆီက
ဘယ်လိုအမျိုးအစားတွေ ၀ယ်ယူသင့်သလဲဆိုတာ အကြံရယူပါ။ ကလေးငယ်တွေအတွက်ကတော့ ဖလိုရိုက်ဒ်သွားတိုက်ဆေးကို
ပဲစိတစ်စိစာလောက်ပဲ အသုံးပြုစေရပါမယ်။ တန်ဆေးလွန်ဘေးဆိုသလို များရင် သွားမှာ အဖြူကွက်တွေ
ပေါ်တတ်ပါတယ်။
၎။ တစ်နေ့
နှစ်ကြိမ် နေ့စဉ် သွားတိုက်ပါ။
သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတွေဟာ
အရွယ်ရောက်ပြီးသူတွေအတွက်လဲ ပြဿာနာကြီးတွေပါပဲ။ ဆယ်ကျော်သက်အရွယ် ကလေး လေးပုံသုံးပုံခန့်ဟာ
သွားဖုံးမှ သွေးယိုခြင်းကို ဖြစ်ပေါ်ခံစားကြရပါတယ်။ အဲဒီအတွက် အခြေခံအကြံပြုချက်တွေကတော့
….
- သွားပွတ်တံကို တစ်နှစ်မှာ သုံးလေးကြိမ် အသစ်လဲလှယ်ပေးရပါမယ်။
- ပုံမှာ ပြထားသလို သွားမှာ အစွပ်တပ်ထားတဲ့ ကလေးတွေကတော့ အထူးစီမံထားတဲ့ သွားပွတ်တံတွေ အသုံးပြုရပါမယ်။ သွားအထူးကုဆရာဝန်ထံမှ အကြံဥာဏ်ရယူပါ။
- သွားပွတ်တံကို ကြာရှည်ကြာညောင်းမကိုင်နိုင်သူတွေအတွက်ကတော့ ကိုင်တွယ်ရလွယ်ကူတဲ့ လျှပ်စစ်သွားပွတ်တံတွေ ဈေးကွက်ထဲမှာ ရှာဖွေဝယ်ယူပါ။
၅။ အစာ စားပြီးတိုင်း
ပလုတ်ကျင်းပါ၊ သို့မဟုတ် ပီကေ၀ါးပါ။
အစာ စားပြီးတိုင်း ဘက်တီးရီးယားကာကွယ်တဲ့
ပလုတ်ကျင်းရည်တွေနဲ့ ပလုတ်ကျင်းပေးခြင်းအားဖြင့် သွားနဲ့ သွားဖုံးရောဂါတွေကို ကြိုတင်ကာကွယ်သင့်ပါတယ်။
ဒါမှမဟုတ် သကြားဓာတ်ကင်းစင်တဲ့ ပီကေ၀ါးပေးခြင်းအားဖြင့် သွားရည်စီးဆင်းမှုတိုးတက်ဆေးပြီး
ဘက်တီးရီးယားတွေကို ဆေးကြောပေးကာ အက်ဆစ်ဓာတ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။
၆။ သွားကို
ထိခိုက်နာကျင်စေခြင်းမှ ရှောင်ကြဉ်ပါ။
အားကစားလုပ်ခြင်းနဲ့ ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေလုပ်ခြင်းဟာ
ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေပေမယ့် တစ်ခါတစ်ရံမှာ သွားကို ထိခိုက်စေတတ်ပါတယ်။ ဥပမာ
ဘုတ်စကိတ်စီးခြင်း၊ ရိုလာစကိတ်စီးခြင်းတွေပေါ့။ ယနေ့ ကျောင်းတွင်းအားကစားအသင်းတော်တော်များများကတော့
ကလေးတွေအတွက် ပါးစပ်အကာတွေကို အသုံးပြုနေကြပါပြီ။ သွားအထူးကုဆရာဝန်တွေက သင့်တော်ပြီး
အံကိုက်ဖြစ်စေမယ့် ပါးစပ်အကာတွေကို လုပ်ပေးနိုင်ပါလိမ့်မယ်။ အားကစားပစ္စည်းအရောင်းဆိုင်တွေမှာလဲ
ရှာဖွေဝယ်ယူနိုင်ပါတယ်။
၇။ ဆေးလိပ်သောက်ခြင်း၊
ဆေးရွက်ကြီးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
ဆေးရွက်ကြီးဟာ သွားကို စွန်းထင်းစေပြီး သွားဖုံးရောဂါနဲ့
ပါးစပ်ကင်ဆာဖြစ်စေနှုန်းကို သိသိသာသာကြီး မြင့်တက်စေပါတယ်။ တကယ်လို့ သင်ဟာ ဆေးလိပ်သောက်တယ်၊
ဆေးရွက်ကြီးသုံးစွဲတယ် (ကွမ်းစားတယ်) ဆိုရင် ဖြတ်လိုက်ပါ။ ကလေးတွေကို အဲဒါတွေ မလုပ်အောင်
လမ်းကောင်းညွှန်ပြပေးပါ။
၈။ စနစ်ကျစွာ
စားသောက်ပါ။
ဘယ်အသက်အရွယ်ဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်စွာ
စားသောက်ခြင်းဟာ သွားနဲ့ သွားဖုံး ကို ကျန်းမာသန်စွမ်းစေပါတယ်။ အသီးအနှံ၊ အခွံမာသီး၊
သစ်သီးသစ်ဥ၊ ဟင်းသီးဟင်းရွက်နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးပေးခြင်းအားဖြင့် သွားကျန်းမာရေးအတွက်
အာဟာရပြည့်ဝစေပါတယ်။ သုတေသီအချို့က ယုံကြည်ကြတာကတော့ ငါးမှာ တွေ့ရတဲ့ အိုမီဂါသရီးအဆီဓာတ်ဟာ
သွားဖုံးရောဂါဖြစ်ပွားနှုန်းကို လျှော့ချပေးစေနိုင်တယ်ဆိုပြီး ဖြစ်ပါတယ်။
၉။ သကြားဓာတ်ပါဝင်သော
အစားအစာများကို ရှောင်ရှားပါ။
သကြားဓာတ်ဟာ သွားရည်စီးဆင်းမှုကို ဖျက်ဆီးတဲ့
အက်ဆစ်တွေကို ထုတ်လုပ်ပေးခြင်းအားဖြင့် သွားပိုးစားခြင်းဖြစ်ပေါ်စေဖို့ တံခါးဖွင့်ပေးပါတယ်။
“ သကြားများများသုံးတဲ့ ဖျော်ရည်တွေ၊ သစ်သီးဖျော်ရည်ဖြစ်စေ၊ အခြားအချိုရည်တွေဖြစ်စေပေါ့ဗျာ။
သူတို့က သောက်ပြီးရင်း သောက်ချင်အောင် ဆွဲဆောင်တယ်။ သောက်လာတဲ့ အရေအတွက်နဲ့ အချိန်ကြာလာတာနဲ့အမျှ
အက်ဆစ်ရဲ့ levelကလဲ မြင့်တက်လာတယ်” လို့ American Dental Associationနဲ့ သွားဖက်ဆိုင်ရာ
ပညာရှင်တစ်ယောက်ဖြစ်တဲ့ Steven E.Schonfeldက ဆိုပါတယ်။ “ ကာဘွန်ဒိုင်အောက်ဆိုဒ်ပါတဲ့
(gas ပါတဲ့) အအေးတွေက အက်ဆစ်ဖြစ်ပေါ်စေနိုင်စွမ်းကို ပိုပြီး ဆိုးဆိုးရွားရွားမြင့်တက်စေပါတယ်။” စေးကပ်စေတတ်တဲ့ ချိုချဉ်တွေ၊ သကြားလုံးတွေဟာလဲ ရှောင်ရှားရမယ့်
အရာတွေပါပဲ။ ဘာလို့ဆိုတော့ သူတို့က သွားတွေရဲ့ မျက်နှာပြင်တွေပေါ်မှာ တွယ်ငြိနေတတ်ကြတယ်လေ။
၁၀။ သွားအထူးကုဆရာဝန်များနဲ့
ပြသဆွေးနွေးပါ။
ခြောက်လတစ်ကြိမ်လောက် သွားအထူးကုပညာရှင်တွေနဲ့
စစ်ဆေးမှု ခံယူသင့်ပါတယ်။ သွားဖုံးရောဂါရှိ မရှိ၊ သွားပိုးစားခြင်း လက္ခဏာတွေကို မကြီးထွားလာခင်
အမြဲ စစ်ဆေးနေသင့်တာပေါ့။ သို့မှသာ အဲဒီလက္ခဏာတွေ တွေ့ရရင် အမြန်ဆုံး ပျောက်ကင်းအောင်
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Solieက
ပြောပါတယ်။
“ တကယ်တော့
သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတွေအားလုံးကို တစ်ကိုယ်ရေသန့်ရှင်းမှုက ထိထိရောက်ရောက်
အကာအကွယ်ပေးနိုင်ပါတယ်။ တစ်ရက်တာအတွင်း သွားကျန်းမာရေးအတွက် သန့်ရှင်းရေးလုပ်ဖို့ အချိန်နည်းနည်းလေး
ပေးလိုက်ပါ။ တစ်သက်တာလုံးအတွက် ကျန်းမာသန်စွမ်းတဲ့ သွားနဲ့ သွားဖုံးကို ပိုင်ဆိုင်ဖို့အတွက်
ဒီအချိန်ကလေးက ဘာမှ မပြောပလောက်တဲ့ ပမာဏလေးပါဗျာ။ “
ကိုးကား
အထက်ပါလင့်ခ်ကို အဆင်ပြေသလို
ဘာသာပြန်ဆိုလိုက်တာပါ။ ဆောင်းပါးထဲမှာပါတဲ့ သုတေသနပြုချက်တွေဟာ အမေရိကပြည်ထောင်စုတစ်ခုတည်းမှာပဲ
သုတေသနလုပ်ထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
No comments:
Post a Comment