စာဖတ်ခါနီးမှ
မျက်မှန် ဘယ်နားထားမိမှန်း မမှတ်မိလို့ ရှာမတွေ့ ဖြစ်နေပါသလား။
ဈေးဆိုင်ရောက်ပြီးမှ
ဘာဝယ်ဖို့ လာခဲ့မှန်း သတိမရတော့လို့ ဘာဝယ်ရမှန်းမသိ ဖြစ်နေပါသလား။
သင်တန်းတူတူတက်ဖူးလို့
သိကျွမ်းဖူးတဲ့ သူငယ်ချင်းကို ပြန်တွေ့တဲ့အခါ နာမည်မမှတ်မိတော့လို့ နှုတ်ဆက်ဖို့ အခက်အခဲ
ဖြစ်နေပါသလား။
ဒါဟာ တော်တော်များများဖြစ်တတ်တဲ့
အနေအထားတွေပါ။ သင် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။
ဒီလိုဖြစ်ရပ်တွေကြောင့်
မှတ်ဥာဏ်မကောင်းတော့လို့ ဆိုပြီး သင် စိုးရိမ်ပူပန်နေမိပါသလား။
အောက်ပါအတိုင်းသာ
ကြိုးစားကြည့်လိုက်ပါ။
ရိုးရှင်းတဲ့
နည်းလေးတွေပါ။
သင့်ရဲ့
နေ့စဉ်ပြုမူနေထိုင်ပုံမှာ ထည့်ပေါင်းလိုက်ခြင်းဖြင့် မှတ်ဥာဏ်တိုးတက်စေဖို့ အားထုတ်လိုက်ကြပါစို့လား။
၁။ သင့်ရဲ့စိတ်ဓာတ်အင်အားကို
လှုပ်ရှားတက်ကြွနေဖို့ လုပ်ဆောင်ပေးပါ။
ရုပ်ပိုင်းဆိုင်ရာ
လေ့ကျင့်ခန်းတွေဟာ သင့်ခန္ဓာကိုယ်ကို အချိုးကျစေဖို့ အထောက်အကူပြုသလိုပဲ စိတ်ပိုင်းဆိုင်ရာ
လေ့ကျင့်ခန်းတွေကလဲ သင့်ရဲ့မှတ်ဥာဏ်စွမ်းပကားကို တိုးတက်စေအောင် အထောက်အကူ ပြုပေးနိုင်ပါတယ်။
ဥာဏ်စမ်းပုစ္ဆာတွေဖြေကြည့်ပါ။
ပဟေဠိကစားနည်းတွေ ကစားပေးပါ။ ဆူဒိုခုတို့လို့ word puzzleတို့လိုမျိုးပေါ့။
သတင်းစာ၊
ဂျာနယ်တွေ ဖတ်တဲ့အခါလည်း ပုံမှန်အတိုင်း မဖတ်ဘဲ ကျော်သွားလေ့ရှိတဲ့ အပိုင်းတွေကို ဖတ်ပေးပါ။
အိမ်ကနေ
အလုပ်ကို သွားတာပဲဖြစ်ဖြစ်၊ ကျောင်းကနေ ဈေးဆိုင်ကို သွားတာပဲဖြစ်ဖြစ် တစ်လမ်းထဲ မသွားဘဲ
ရောက်နိုင်တဲ့ တခြားလမ်းတွေကလဲ တစ်လှည့်စီ သွားပေးပါ။
ဂီတတူရိယာတစ်မျိုးမျိုး
(ဂစ်တာ၊ စန္ဒယား စသဖြင့်) ကို လေ့လာလိုက်စားကြည့်ပါ။
ကျောင်းတွင်းမှာ
ဖြစ်ဖြစ်၊ ပြင်ပမှာပဲ ဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုခုမှာ မိမိဆန္ဒအလျောက် ပါဝင်ဆောင်ရွက်ပေးပါ။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ
လေ့ကျင့်ခန်းတွေပါပဲ။
၂။ လူမှုပေါင်းသင်းဆက်ဆံရေးကို
အလေးထားပါ။
တကယ်တော့
ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ပိုင်ဆိုင်ထားခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို
ပျောက်ကင်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေဟာ မှတ်ဥာဏ်အား လျော့နည်းစေတဲ့
တရားခံအချို့ ဖြစ်ပါတယ်။
မိသားစုနဲ့ဖြစ်စေ၊
ချစ်သူရည်းစားနဲ့ဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်စေ၊ အခြားသိကျွမ်းသူတွေနဲ့ ဖြစ်စေ
နွေးနွေးထွေးထွေး ပေါင်းသင်းနေထိုင်ခြင်းဟာလဲ တစ်ယောက်ထဲ အထီးကျန်နေထိုင်တတ်တဲ့ အမူအကျင့်ထက်
မှတ်ဥာဏ်စွမ်းပကားကို အကူအညီပေးနိုင်ပါတယ်။
ပွဲတစ်ခုခုကို
ဖိတ်ကြားခံရတဲ့အခါ ဖြစ်နိုင်ရင် မငြင်းလိုက်နဲ့နော်။ သွားဖြစ်အောင် သွားပြီး လူတွေကြားထဲ
နေထိုင်ပျော်ရွှင်တတ်ဖို့ အားထုတ်သင့်တယ်လေ။
၃။ စည်းစနစ်ကျနသူ
ဖြစ်ပါစေ။
သင်နေထိုင်ရာ
အိမ်(သို့မဟုတ်)အခန်းမှာ ပစ္စည်းတွေ ရှုပ်ပွပြန့်ကျဲနေတတ်ရင် ဖြစ်ဖြစ်၊ တစ်စုံတစ်ရာကို
မှတ်သားဖို့ လိုလို့ မှတ်သားထားတဲ့ မှတ်စုတွေဟာ ဟိုတစ်ရွက် ဒီတစ်ရွက် ကြုံရာကျပန်း
လုပ်တတ်ရင်ဖြစ်ဖြစ် ဒါဟာလဲ သင့်မှတ်ဥာဏ်ထဲမှာ မှတ်သားမိတဲ့အရာတွေကို ရှုပ်ထွေးစေတယ်။
ဒါကြောင့်
သင့်ရဲ့ လုပ်စရာရှိတဲ့ အလုပ်တွေ၊ သူငယ်ချင်း၊ ချစ်သူ၊ အလုပ်အကိုင် စသဖြင့် ချိန်းဆိုထားရှိမှုတွေ၊
အချိန်ကိုက်လုပ်ဖို့ လိုအပ်တဲ့အရာတွေ စတာတွေကို မှတ်စုစာအုပ်သပ်သပ်ဖြစ်ဖြစ်၊ ဒါမှမဟုတ်
ပြက္ခဒိန်တစ်ခုထဲမှာ ဖြစ်ဖြစ် စနစ်တကျမှတ်သားဖို့ လိုပါမယ်။
မှတ်သားတဲ့အခါမှာလဲ
သင် ချရေးတဲ့အချိန်မှာ ချရေးမယ့်စာသားကို တဖွဖွ ကိုယ့်နားကနေတဆင့် ဦးနှောက်ထဲ ရောက်သွားအောင်
အသံကျယ်နိုင်သမျှ ကျယ်ကျယ် ရွတ်ဆိုနေသင့်တယ်။ အဲဒီအခါ သင်လုပ်မယ့်အလုပ်တွေဟာ သင့်မှတ်ဥာဏ်ထဲ
စွဲမြဲသွားစေနိုင်ပါတယ်။
ယနေ့လုပ်ရန်
ဆိုတဲ့ စာရင်းကိုလဲ ပြုစုထားသင့်ပြီး ဘယ်ဟာတွေလုပ်ပြီးလို့ ဘယ်အရာတွေ လုပ်ဖို့ ကျန်နေတယ်ဆိုတာ
စစ်ဆေးနေရမယ်။
ရှုပ်ပွနေတဲ့
အခန်းကိုလဲ ရှင်းထားပါ။ ပြီးရင် ပစ္စည်းတွေအတွက် နေရာ သီးသန့် သတ်မှတ်ပေးထားလိုက်ပါ။
မျက်မှန်ဆို ဒီနေရာမှာ ထားရမယ်၊ နာရီဆို ဒီမှာ ချွတ်မယ်၊ သော့ကိုတော့ ဒီနားလေးမှာ ချိတ်ထားလိုက်မယ်။
စသဖြင့်ပေါ့။ ဒီလို စည်းစနစ်ကျရင် ပစ္စည်းတွေရှာဖို့ အချိန်ကုန်သက်သာသလို မှတ်ဥာဏ်ကိုလဲ
ဒုက္ခမပေးမိမှာ အမှန်ပါပဲ။
၎။ အာရုံစူးစိုက်ပါ။
အာရုံ မများပါနဲ့။
တစ်ချိန်ထဲမှာ အလုပ်အများကြီးလုပ်ဖို့လဲ မကြိုးစားပါနဲ့။
အဲဒီအစား
လုပ်သင့်တာက အာရုံစူးစိုက်တတ်ဖို့ ကြိုးစားခြင်းပါပဲ။
မှတ်မိဖို့လိုမယ့်
အချက်အလက်တွေကို အာရုံစူးစိုက်ပြီး မှတ်သားနိုင်အောင် ကြိုးစားပါ။ ခဏကြာတဲ့အခါ မှတ်မိရဲ့လား
ကိုယ့်ဘာသာ ပြန်ဆန်းစစ်ကြည့်ပါ။
အကြိုက်ဆုံး
သီချင်းတစ်ပုဒ်ကို ဖြစ်ဖြစ်၊ ဒါမှမဟုတ် အရမ်းကြိုက်တဲ့ ကဗျာလေးတွေ၊ ပညာရှိတွေရဲ့ ဆိုရိုးစကားလေးတွေကို
ဖြစ်ဖြစ် အာရုံစူးစိုက်ပြီး မှတ်သားခြင်းဟာလဲ မှတ်ဥာဏ်တိုးတက်ဖို့အတွက် အထောက်အကူပြုပါတယ်။
၅။ ကျန်းမာရေးနဲ့
ညီညွတ်မျှတစွာ စားသောက်ပါ။
နှလုံးကျန်းမာအောင်
စားသောက်ပေးသင့်တဲ့ အစားအစာတွေဟာ သင့်ဦးနှောက်ကိုလဲ ကောင်းမွန်စွာ အကျိုးပြုပါတယ်။
သစ်သီးသစ်ဖုတွေ၊
အသီးအရွက်တွေ၊ ဂျုံ၊ ပြောင်းစတဲ့ နှံစားပင်တွေကို စားသုံးပေးသင့်ပါတယ်။
အဆီနည်းတဲ့
အစားအစာတွေ ရွေးချယ်စားသောက်ပေးပါ။ ဥပမာအားဖြင့် ငါး၊ အဆီမပါတဲ့ အသား၊ ကြက်၊ ဘဲ စတဲ့
ဥစားသတ္တ၀ါအသားတွေပေါ့၊ သူတို့အရေခွံက အဆီများတယ်နော်။ အရေခွံတော့ မစားတာ ကောင်းပါတယ်။
နောက်ပြီး
ရေသောက်နည်းတာနဲ့ အရက်သောက် များတာကလဲ သင့်ရဲ့ မှတ်ဥာဏ်ကို ထိခိုက်စေတယ်ဆိုတာ သတိထားပါနော်။
၆။ နေ့စဉ်လှုပ်ရှားမှုတွေထဲမှာ
ကိုယ်ကာယလေ့ကျင့်ခန်းတွေ ထည့်လုပ်ပေးပါ။
ကိုယ်ကာယလှုပ်ရှားမှုတွေဟာ
သင့်ခန္ဓာကိုယ်ရဲ့ သွေးလည်မှုတွေကို အားကောင်းစေသလို ဦးနှောက်ကိုလဲ သန်မာကြံ့ခိုင်လာစေပါတယ်။
မှတ်ဥာဏ်ကိုလဲ တိုးတက်လာစေပါတယ်။
တစ်ပတ်မှာ
မိနစ်၁၅၀ခန့် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ မိနစ်၇၀ခန့် ဖွဖွလေး ပြေးတာဖြစ်ဖြစ်
ပြုလုပ်ခြင်းဟာ ကျန်းမာကြံ့ခိုင်စေဖို့ နည်းလမ်းကောင်းပါပဲ။
အလုပ်တအားရှုပ်လို့
အချိန်မရပါဘူးဆိုရင်တောင် တစ်နေ့ကို ၁၀မိနစ်လောက် လမ်းမြန်မြန်လျှောက်တာကို ပြုလုပ်ပေးပါ။
၇။ နာတာရှည်ရောဂါများအတွက်
သတိထားပါ။
ဆီးချို၊
သွေးတိုးနဲ့ စိတ်ကျရောဂါလို နာတာရှည်ရောဂါတွေအတွက် ဆရာဝန်တွေရဲ့ အကြံပြုချက်တွေကို
အထူးလိုက်နာပေးပါ။
ကိုယ့်ကိုကိုယ်
ကျန်းမာဖို့ ဂရုစိုက်ပေးတာဟာ ကိုယ့်မှတ်ဥာဏ်ကောင်းမွန်အောင် ဂရုစိုက်ပေးတာနဲ့ တူတူပါပဲ။
ရေရှည်ကုရမယ့်
ရောဂါတစ်ခုခုအတွက်ဆို ဆရာဝန် ခဏခဏ မပြောင်းဖို့လဲ သတိထားပါ။
မတူညီတဲ့
ရောဂါကုသနည်းတွေဟာ သင့်မှတ်ဥာဏ်ကို တစ်စုံတစ်ရာ သက်ရောက်မှု ရှိနိုင်ပါတယ်။
ကဲ - လိုက်နာရမယ့်
အကြံပြုချက်တွေကတော့ ဒီလောက်ပါပဲခင်ဗျာ။
ကိုယ့် မှတ်ဥာဏ်ဟာ
တအားကို ဆိုးဝါးနေပြီလို့ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ထံ သွားပြီး အကြံဥာဏ်တောင်းပါ။
သူတို့က
သင့်မှတ်ဥာဏ်နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို စမ်းသပ်ပါလိမ့်မယ်။
ဒါပေမယ့်
စမ်းသပ်နည်းတွေကတော့ သင့်အခြေအနေပေါ်မူတည်ပြီး ကွာခြားသွားပါလိမ့်မယ်။
အားလုံးပဲ
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ကြပါစေ။
အောက်ပါလင့်ခ်ပါ
ဆောင်းပါးကို အဆင်ပြေသလို ဘာသာပြန်လိုက်ပါသည်။
အားလုံးကို
လေးစားစွာဖြင့်
မင်းအရိပ်
မျက်မှန်ကိုတပ်ထားပြီး ပျောက်လို့လိုက်ရှာခဲ့ဖူးတာ အကြိမ်ကြိမ်ပါပဲ ဟားဟား------
ReplyDelete