ပဲခူးဟံသာဝတီရဲ့ ဒုတိယအကြိမ်စစ်ချီမှုမှာ အင်းဝနေပြည်တော်ဟာ စစ်နှစ်ဖက်ညှပ်ခံရတော့မယ့် အနေအထားဖြစ်နေပါပြီ။
အရှေ့ကြောင်းနဲ့ အလယ်ကြောင်းက ချီတက်လာတဲ့ ဘုရင့်နောင်ရဲ့ ညီတော်နှစ်ပါး တောင်ငူမင်းခေါင်နဲ့ မင်းရဲကျော်ထင်တို့ ဦးဆောင်တဲ့ တပ်ပေါင်း၁၄တပ်ဟာ ချီလာတဲ့ လမ်းတစ်လျှောက်က နယ်မြေတွေကိုသိမ်း၊ အင်အားတွေကို စုစည်းပြီး အင်းဝအနီး ပင်းယတောင်အထိ ရောက်လာစခန်းချလျက်ရှိနေပါတယ်။
အနောက်ကြောင်းက ချီတက်လာတဲ့ ဘုရင့်နောင်ကိုယ်တိုင်ဦးဆောင်တဲ့ တပ်ပေါင်း၁၁တပ်ဟာလည်း ပုဂံအရောက်မှာ ရေကြောင်းက ချီတက်လာတဲ့ ညီတော်ပြည်မင်းသတိုးဓမ္မရာဇာတပ်တွေနဲ့ ပူးပေါင်းပြီး အင်းဝကို ဦးတည်လာနေပြီလဲ ဖြစ်ပါတယ်။
သည်အချိန်မှာ အင်းဝနေပြည်တော်ထဲမှာ နန်းစံနေတဲ့ နရပတိစည်သူအပါအ၀င် အင်းဝရဲ့ မှူးမတ်သေနာပတိတွေနဲ့ စစ်ကူရောက်နေတဲ့ ရှမ်းစော်ဘွားများတပ်တွေက တပ်မှူးအပေါင်းလဲ ဘယ်လိုဘယ်ပုံလုပ်ကြမယ်ဆိုတာ အပြင်းအထန်အစည်းအဝေးတွေ လုပ်နေကြမှာ အသေအချာပါပဲ။
ဘုရင့်နောင်ဦးဆောင်တဲ့ ပဲခူးဟံသာဝတီတပ်တွေရဲ့ အနောက်ဘက်စစ်ကြောင်းဟာ အနှေးနဲ့ အမြန်ဆိုသလိုပဲ အင်းဝအနီးကို ရောက်လာတော့မှာ သေချာပါတယ်။
သည်အချိန်မှာ တောင်ငူမင်းခေါင်တို့ ၁၄တပ်ကို အင်းဝက အခြေအနေစောင့်ကြည့်တဲ့အခါ အင်းဝကို လာမတိုက်ဘဲ အနီးက ပင်းယတောင်မှာပဲ အားမွေးနေကြတာကို သိရတဲ့အခါ နရပတိစည်သူဟာ နည်းဗျူဟာတစ်ခုကို ချမှတ်လိုက်ပါတယ်။
အနောက်ဘက်စစ်ကြောင်းက အင်အားပိုများတဲ့ တပ်တွေ အင်းဝအနီးရောက်မလာခင်မှာ အနီးရောက်နေတဲ့ တပ်တွေကို အရင်ရှင်းဖို့ ဖြစ်ပါတယ်။
သည်လိုမှ မဟုတ်ဘဲ ငြိမ်နေရင် နှစ်ဘက်ညှပ်ခံရတဲ့အခါ ပိုဆိုးမယ်မဟုတ်လား။
ဒါကြောင့် နရပတိစည်သူဟာ နည်းဗျူဟာတစ်ခု ချမှတ်ပြီးတာနဲ့ တစ်ပြိုင်နက် အင်းဝ-ရှမ်း တပ်ပေါင်းစုက ဆင်တစ်ရာ၊ မြင်းနှစ်ထောင်၊ ရဲမက်အင်အား လေးသောင်း ထုတ်နှုတ်ပြီး ပဲခူးဟံသာဝတီတပ်တွေ စခန်းချနေရာကို ထွက်တိုက်ပါတော့တယ်။
အင်အားအပြည့်နဲ့တော့ မထွက်ရဲပါဘူး။ အင်အားအပြည့်နဲ့ဆို အနောက်ကြောင်းက ပဲခူးဟံသာဝတီတပ်တွေ မမျှော်လင့်ဘဲရောက်လာရင်ဆိုတဲ့အချက်ကြောင့်ပါပဲ။
မြင်းတပ်တွေကို ရှေ့မှာထားပြီး ဆင်တပ်တွေ၊ ခြေလျင်တပ်တွေက နောက်ကလိုက်ပြီး စစ်အင်္ဂါကို ခင်းကျင်းပါတယ်။
အင်းဝတပ်တွေ လာနေပြီဆိုတာ သိလိုက်ရတဲ့အခါ စစ်သွေးစစ်မာန်တက်ကြွနေတဲ့ မင်းရဲကျော်ထင်က သူ့ရဲ့ ခုနစ်တပ်ကို ထုတ်ပြီး စစ်ရောက်မလာခင် ထွက်တိုက်ပါတော့တယ်။
အင်းဝရဲ့ ရှေ့ဆုံးက ကြိုပြေးလာတဲ့ မြင်းတပ်ဟာ ဟံသာဝတီရဲ့ မြင်းနဲ့ ဆင်တွေကို မခံနိုင်ပါဘူး။
စစ်ဦးနှစ်ခုဝင်ဆောင့်တဲ့အခါ အားနည်းတဲ့ အင်းဝမြင်းတပ် ပျက်ပါတော့တယ်။
မြင်းတပ်တွေပျက်ပြီး ကသောင်းကနင်းဖြစ်တဲ့အချိန်မှာ ဟံသာဝတီတပ်တွေ အတင်းတိုးဝင်လာတာကြောင့် နရပတိစည်သူက ဆင်တပ်နဲ့ ကြိုလင့် ခုခံစေပါတယ်။
ဒါပေမယ့် အတင်းတရကြမ်း ထိုးစစ်ဆင်လာတဲ့ ဟံသာဝတီတပ်တွေကို မခံနိုင်တာကြောင့် တပ်မပြိုကွဲခင်မှာပဲ အင်းဝတပ်တွေ ဆုတ်ခွာကြရပါတော့တယ်။
သည်တိုက်ပွဲမှာ မိုးညှင်းရှမ်းတပ်က တပ်မှူးတစ်ဦးဖြစ်တဲ့
တပလုံနဲ့ မြင်းတပ်အချို့ကို ပဲခူးဟံသာဝတီတပ်တွေက လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။
အင်းဝတပ်တွေ ဆုတ်ခွာကြပေမယ့် မင်းရဲကျော်ထင်တို့တပ်တွေ မလိုက်ရဲကြပါဘူး။
ရန်သူရဲ့ နည်းဗျူဟာကို သေချာမသိတာကြောင့် အတင်းလိုက်မယ်ဆိုရင်
ရန်သူရဲ့ အင်အားပိုကြီးမားတဲ့ တပ်တွေနဲ့ ညှပ်တိုက်မှာလဲ စိုးရိမ်ရသေးတယ်မဟုတ်လား။
နရပတိစည်သူဟာ ပထမတစ်ကြိမ် သွားတိုက်တဲ့အခါ မင်းရဲကျော်ထင်တို့
ခုနစ်တပ်သာ ထွက်တိုက်တာမို့ အင်အားအနေအထားကို လျှော့တွက်လိုက်ပုံရပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ် ထွက်တိုက်ပါတယ်။
သည်အခါတော့ ခုနစ်တပ်ကို နိုင်လောက်တဲ့ ဆင်မြင်းလူသူလက်နက်အင်အား
အလုံးအရင်းနဲ့ ထွက်လာတာပါ။
ရုတ်တရက်ချက်ချင်းဆိုသလိုပဲ ပင်းယတောင်အနီးကို ချက်ချင်းရောက်လာပါတော့တယ်။
သည်တစ်ခေါက်လာတဲ့ အင်းဝရဲ့ အင်အားက ကြီးမားတာမို့ တောင်ငူမင်းခေါင်နဲ့
မင်းရဲကျော်ထင်ရဲ့ ဆယ့်လေးတပ်လုံး စခန်းချနေရာက ထွက်တိုက်ပါတယ်။
ဆယ့်လေးတပ်ရဲ့ အင်အားကို တွေ့ရတဲ့အခါ စစ်ထိုးရင် အလေးမသာနိုင်တာကြောင့်
နရပတိစည်သူဟာ အင်းဝတပ်တွေကို အမြန်ဆုတ်ဖို့ အမိန့်ပေးရပါတော့တယ်။
သည်တစ်ခေါက်တော့ အင်းဝတပ်တွေဆုတ်တဲ့နောက်ကို ပဲခူးဟံသာဝတီတပ်တွေက
အပြင်းလိုက်ပါတယ်။
အင်းဝတပ်တွေလဲ ခုခံရင်း ဆုတ်ခွာရင်းနဲ့ တံတာဦးတိုင်အောင်
ဆုတ်ခွာရပါတယ်။ တံတားဦးရောက်တဲ့အခါမှာတော့ အသင့်ပြင်ထားတဲ့ အင်းဝမြို့စောင့်တပ်အများအပြားပါ
ထွက်တိုက်လာတဲ့အတွက် ပဲခူးဟံသာဝတီတပ်တွေ ပြန်ဆုတ်လိုက်ရပါတယ်။
သည်လိုမျိုး အကဲစမ်းပြီး တိုက်တဲ့ နှစ်ကြိမ်လုံးမှာ အင်းဝတပ်တွေဟာ
ပဲခူးဟံသာဝတီတပ်တွေကို ထိထိရောက်ရောက် ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ အကျအဆုံးတွေနဲ့သာ
ဆုတ်ခွာလာခဲ့ရတာချည်းမို့ အင်းဝတပ်တွေအနေနဲ့ ရုပ်ဝတ္ထုအင်အားအပြင် စိတ်ဓာတ်အင်အားပါ အနည်းငယ်ဖြစ်စေ
ထိခိုက်မှုရှိမှာတော့ အမှန်ပါပဲ။
ဒါကြောင့်လဲ နရပတိစည်သူဟာ နောက်ထပ်ထွက်မတိုက်နိုင်တော့ပါဘူး။
သည်အချိန်မှာ အနောက်ဘက်စစ်မျက်နှာက သတင်းတွေကလည်း အားရဖွယ်မရှိပြန်ပါဘူး။
ချီတက်လာတဲ့ ဘုရင့်နောင်ရဲ့ တပ်တော်ကြီးဟာ အင်အားကြီးလွန်းတာမို့
ပထမဆုံးရင်ဆိုင်တွေ့တဲ့ ပုခန်းမြို့စားဟာ ခုခံဖို့ တပ်အင်အားတွေနဲ့ တပ်မှူးတွေကိုသာ
စီမံခန့်ထားခဲ့ပြီး ကိုယ်တိုင်ကတော့ မိုးညှင်းကို ပြေးပါတော့တယ်။
ခေါင်းဆောင်မရှိတဲ့တပ်ဟာ ဖရိုဖရဲဖြစ်တတ်တဲ့ထုံးစံနဲ့အညီ ပုခန်းတပ်တွေဟာ
ဟံသာဝတီတပ်တွေကို ခုခံသေးပေမယ့် မယှဉ်နိုင်ပဲ ပြိုလဲသွားပါတယ်။
ပုခန်းကိုရတဲ့အခါ ဘုရင့်နောင်ဟာ ညီတော်ပြည်မင်းကို တခြားမြို့တွေ
ဆက်သိမ်းဖို့ စစ်ချီစေပါတယ်။
ပြည်မင်းသိမ်းရမယ့် အင်းဝလက်အောက်ခံမြို့တွေဖြစ်တဲ့ အမြင့်၊
ဗဒုံနဲ့ ကမ်းနီမြို့တွေမှာ ဗဒုံစား ရာဇသင်္ကြံက လွဲလို့ ဘယ်သူမှ မခုခံရဲကြပါဘူး။
အမြင့်မြို့စားရော ကမ်းနီမြို့စားပါ ပဲခူးဟံသာဝတီတပ်တွေ ရောက်လာတာနဲ့
လက်နက်ချလိုက်ကြပါတယ်။
ရာဇသင်္ကြံကတော့ ဗဒုံမှာ အင်အားတွေကို စုစည်းပြီး ရွပ်ရွပ်ချွံချွံခုခံပေမယ့်
ပဲခူးဟံသာဝတီတပ်တွေရဲ့ အင်အားက ကြီးမားလွန်းတာမို့ အားမတန်ဘဲ ဗဒုံမြို့ကျပြီး မြို့စားပါ
အဖမ်းခံလိုက်ရပါတယ်။
သည့်နောက်မှာ ဘုရင့်နောင်ဟာ အနောက်ဘက်စစ်ကြောင်းက ပဲခူးဟံသာဝတီတပ်တွေအားလုံးကို
စုစည်းပြီး စစ်ကိုင်းကို စစ်ချီပြန်ပါတယ်။
စစ်ကိုင်းစားလဲ မခုခံရဲတာကြောင့် ပဲခူးဟံသာဝတီတပ်တွေ မရောက်ခင်မှာတင်
မိုးညှင်းကို ပြေးပါတော့တယ်။
ဘုရင့်နောင်ဟာ စစ်ကိုင်းကိုရောက်တဲ့အခါ အင်အား အားလုံးကို
စနစ်တကျ စုစည်းစီစဉ်ပြီးတဲ့နောက် ညီတော်နှစ်ပါးတပ်တွေ ပင်းယတောင်မှာ စခန်းချနေကြောင်း
သိပြီးဖြစ်တဲ့အတွက် ယ-ရက် (အင်းဝကို တိုက်ခိုက်မယ့် နေ့ရက်အတိအကျ)ကို ဆုံးဖြတ်ပြီး
ပင်းယတောင်က တပ်တွေကို အကြောင်းကြားလိုက်ပါတယ်။
သည်အချိန်မှာ နရပတိစည်သူဟာလည်း အင်အားကြီးလွန်းလှတဲ့ ပဲခူးဟံသာဝတီတပ်တွေနဲ့
ရင်ဆိုင်ဖို့ မလွယ်ကြောင်း သိပြီးဖြစ်တာကြောင့် စော်ဘွားအပေါင်းဆီကို စစ်ကူစေလွှတ်ပေးဖို့
အကြောင်းကြားပြီးဖြစ်သလို အချို့စော်ဘွားတွေကလည်း စစ်အင်အားတွေကို စုစည်းပြင်ဆင်ပြီး
အင်းဝကို ၀ိုင်းရံထားတဲ့ ပဲခူးဟံသာဝတီတပ်တွေကို နောက်ကနေ ၀င်တိုက်ဖို့ ချီတက်လာနေကြပြီဖြစ်ပါတယ်။
မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွား၊ ကလေးစော်ဘွားတို့
စော်ဘွားသုံးပါးတပ်တွေ ပေါင်းပြီး ချီတက်လာနေပြီဖြစ်သလို အုန်းဘောင်စော်ဘွားလဲ အင်အားအလုံးအရင်းနဲ့
ဆင်းလာနေပြီဖြစ်ပါတယ်။
ဒါကြောင့် ဘုရင့်နောင်ဟာ ရှမ်းတပ်တွေ မရောက်မီ အင်းဝကို သိမ်းပိုက်နိုင်ဖို့
ယ-ရက်ကို တွက်ချက်ပြီး သတ်မှတ်ပေးလိုက်ဟန် တူပါတယ်။
ယ-ရက်အရောက်မှာတော့ တောင်ငူမင်းခေါင်နဲ့ မင်းရဲကျော်ထင်တို့
တပ်တွေက အင်းဝမြို့သိမ်းတိုက်ပွဲကို အရင် စ တိုက်ပါတယ်။
၁၄တပ်ကို နှစ်ကြောင်းခွဲပြီး တောင်ငူမင်းခေါင်နဲ့ မင်းရဲကျော်ထင်တို့က
ဦးစီး တိုက်ကြပါတယ်။
မင်းရဲကျော်ထင်က မြင်းတပ်၂တပ်၊ ဆင်ခြေလျင်၇တပ်ကို ဦးဆောင်ပြီး
အင်းဝမြို့ကို ချဉ်းကပ်ပါတယ်။
ဦးစွာ မြင်းတပ်နှစ်တပ်ကို အင်းဝအနီးသွားပြီး စစ်မြူစေပါတယ်။
သည်အခါမှာ နရပတိစည်သူက အင်းဝမြို့ထဲကနေ ဆင်တစ်ရာ၊ မြင်းသုံးထောင်ကျော်လွှတ်ပြီး
ပဲခူးဟံသာဝတီမြင်းတပ်တွေကို ထွက်ပြီး တိုက်ခိုင်းပါတယ်။
သည်လို နှစ်တပ်တွေ့နေတုန်းမှာ ကျန်တဲ့ ပဲခူးဟံသာဝတီတပ်တွေဟာ
တပ်ဖြန့်လာတဲ့ အင်းဝ-ရှမ်းတပ်တွေကို အလယ်ထိုးပြီး ဖောက်ပါတော့တယ်။
တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး အင်းဝ-ရှမ်းတပ်နှစ်ခြမ်းကွဲသွားတဲ့အခါမှာ
ဝိုင်းရံချေမှုန်းကြပါတော့တယ်။
အင်းဝ-ရှမ်းတပ်တွေလည်း ဘယ်လိုမှ မခံနိုင်တော့တာကြောင့် အလဲလဲ
အကွဲကွဲနဲ့ အင်းဝမြို့ထဲ ၀င်ပြေးကြရပါတော့တယ်။
အင်အားအများအပြားကျဆုံးသလို သုံ့ပန်းအများအပြားလဲ ကျန်ခဲ့ပါတယ်။
တောင်ငူမင်းခေါင်ဦးဆောင်တဲ့ တပ်တွေကတော့ အင်းဝအနားမကပ်နိုင်အောင်
ကြိုလွှတ်ထားတဲ့ မိုးကောင်းရှမ်းတပ်မှူးကပ်ကြိုးစား ဦးဆောင်တဲ့ ဆင်ရှစ်ဆယ်၊ မြင်းနှစ်ထောင်တပ်နဲ့
တံတားဦးမှာ တွေ့ကြပါတယ်။
တောင်ငူမင်းခေါင်ကတော့ အင်းဝ-ရှမ်းတပ်ရဲ့ တပ်ဦးက ချီတက်လာတဲ့
မြင်းတပ်တွေကို ဆင်တပ်နဲ့ ၀င်ဆောင့်ပါတယ်။
မြင်းတပ်တွေ အလဲလဲအကွဲကွဲဖြစ်ပြီး နှစ်တပ်ဆိုင်နေတာကြောင့်
အင်းဝ-ရှမ်းဆင်တပ်တွေလဲ ရှေ့တိုးမရဖြစ်နေပါတော့တယ်။
သည်လိုမျိုး တိုက်ပွဲဖြစ်ပြီး အရှုပ်ရှုပ်အထွေးထွေးဖြစ်နေချိန်မှာ
ပဲခူးဟံသာဝတီမြင်းတပ်တွေက ကြားထဲက အတင်းထိုး အတင်းတိုက်တာကြောင့် အင်းဝ-ရှမ်း ဆင်တပ်တွေ
လန်ကျသွားပါတော့တယ်။
တပ်မှူးကပ်ကြိုးစားကိုလည်း အရှင်ဖမ်းမိလိုက်ပြီး အင်းဝ-ရှမ်းတပ်တွေလဲ
အလဲလဲအကွဲကွဲ အကျအဆုံးများစွာနဲ့ အင်းဝကို ပြန်ပြေးကြရပါတော့တယ်။
သည်အချိန်မှာပဲ ဘုရင့်နောင်ဦးဆောင်တဲ့ တပ်ကြီးကလည်း စစ်ကိုင်းကနေ
အင်းဝဘက်ကို ကူးလာပြီး ၀ိုင်းရံထားလိုက်ပါတယ်။
ညီတော်ပြည်မင်းရဲ့ ရေတပ်က အင်းဝရဲ့ ရေကြောင်းထွက်ပေါက်ကို
ပိတ်ပြီး ရံထားပါတယ်။
သည်လိုနဲ့ အင်းဝနေပြည်တော်ဟာ ပဲခူးဟံသာဝတီတပ်တွေရဲ့ လေးဘက်လေးတန်က
ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး ထွက်ပေါက်မရှိ ဖြစ်သွားပါတော့တယ်။
အင်းဝမြို့ပြင်က ခုခံဖို့ စီမံထားတဲ့ တပ်တွေလဲ အကုန်ပျက်သွားတာကြောင့်
အင်းဝတပ်တွေဟာ မြို့ထဲကပဲ ခုခံဖို့ ကျန်ပါတော့တယ်။
အရပ်မျက်နှာပေါင်းစုံက ၀ိုင်းရံခြင်းခံထားတဲ့ အင်းဝမြို့ရိုးကို
ပဲခူးဟံသာဝတီတပ်တွေက ဆင်တွေနဲ့ မြို့တံခါးတွေကိုတိုး၊ မြင်းတွေနဲ့တိုက်၊ မြို့ရိုးကိုလဲ
လှေကားထောင်ပြီး တက်၊ မြို့ရိုးဖြိုဖို့ အခြေကို တူးရွင်းတွေနဲ့တူး စသဖြင့် အပြင်းအထန်
မြို့သိမ်းတိုက်ပွဲဆင်နွှဲပါတော့တယ်။
ရှမ်းတပ်တွေ မရောက်ခင် မြို့သိမ်းနိုင်ဖို့ အထူးတလည် အားထုတ်ကြပါတော့တယ်။
သည်လိုနဲ့ နောက်ဆုံးမှာတော့ အင်းဝမြို့ဟာ ဘယ်လိုမှ မခုခံနိုင်တော့ဘဲ
ပဲခူးဟံသာဝတီတပ်တွေလက်ကို ကျရောက်ရပါတော့တယ်။
အင်းဝမြို့တံခါးတွေ ကျိုးပေါက်ခါနီးပြီဆိုတာ သိတာနဲ့ တစ်ပြိုင်နက်
နရပတိစည်သူဟာ စီစဉ်ထားတဲ့အတိုင်း အင်းဝက ထွက်ဖို့ လုပ်ပါတယ်။
အင်အားအလုံးအရင်းနဲ့ ထွက်ရင် သိသာနိုင်တာမို့ ကျွန်ယုံငါးယောက်ကိုသာ
ခေါ်ပြီး ရှုပ်ထွေးနေတဲ့ အနေအထားတွေကြားထဲက ညနေ မှောင်စပျိုးချိန်မှာ ထွက်တာပါ။
မှောင်စပျိုးချိန်ဆိုတော့ သူဟာ အင်းဝဘုရင်မှန်း မသိနိုင်တာကြောင့်
ပြေးရမှာ လွယ်ကူမယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ပြေးလွတ်ရင် မြောက်ဘက်တစ်လွှားက အင်အားစုဆောင်းထားစေတဲ့
ဒီပဲယင်း၊ စဉ့်ကူး၊ စည်ပုတ္တရာ၊ မြေဒူး စတဲ့ လက်အောက်ခံမြို့စားတပ်တွေကို ပြန်စုစည်းပြီး အင်းဝကို ပြန်သိမ်းနိုင်မယ့်
အခွင့်အရေးလေးတော့ ရှိသေးတယ်လေ။
ဦးတည်ရာကတော့ ဆင်ခေါင်းအရပ်ကိုပါ။
အဲဒီမှာ စစ်ကူချီလာတဲ့ အုန်းဘောင်စော်ဘွားတပ်တွေ ရောက်နေပြီလို့
သိထားတဲ့အတွက်ဖြစ်ပါတယ်။
ဒါပေမယ့် ထွက်ပြေးရတဲ့ သည်တစ်ကြိမ်မှာလဲ နရပတိစည်သူတစ်ယောက်
ကံမကောင်းခဲ့ပြန်ပါဘူး။
မက္ခရာအရောက်မှာ ဟံသာဝတီရဲ့ လက်အောက်ခံဖြစ်လိုသူတွေက ၀ိုင်းဝန်းဖမ်းဆီးကြတာကို
ခံလိုက်ရပါတော့တယ်။
သည်လိုနဲ့ စစ်ကူတပ်တွေနဲ့ မတွေ့ရသေးခင်မှာဘဲ နရပတိစည်သူဟာ
အင်းဝနန်းတော်မှာ ဘုရင့်နောင်မင်းတရားနဲ့ တွေ့လိုက်ရပါတော့တယ်။
စစ်နိုင်ဘုရင်တစ်ပါးနဲ့ စစ်ရှုံးဘုရင်တစ်ပါး တွေ့ဆုံတဲ့ပွဲဟာ
စိတ်ဝင်စားဖို့တော့ အတော်ကောင်းမှာ သေချာပါတယ်။
စစ်ရှုံးဘုရင် နရပတိစည်သူဟာလည်း ဂုဏ်သိက္ခာပြည့်ဝပြီး ရင့်ကျက်တဲ့
မင်းတစ်ပါးဖြစ်သလို စစ်နိုင်ဘုရင် ဘုရင့်နောင်ကလည်း သဘောထားကြီးမားပြီး ရင့်ကျက်တဲ့
မင်းတစ်ပါးဖြစ်တာမို့ နရပတိစည်သူကို ဘုရင့်နောင်က နှိမ့်ချဆက်ဆံမယ်လို့တော့ မထင်ပါဘူး။
မင်းနှစ်ပါးတွေ့ကြတဲ့အခါ နရပတိစည်သူက အသာတကြည်အဖမ်းခံခဲ့တာမဟုတ်၊
လက်နက်ချအညံ့ခံခဲ့တာလဲ မဟုတ်ပေမယ့် ဘုရင့်နောင်မင်းတရားက အပြစ်မယူခဲ့ပါဘူး။
သစ္စာစောင့်သိရိုသေဖို့သာ တောင်းခံသစ္စာပေးပြီးတဲ့နောက် ပဲခူးဟံသာဝတီကို အပြန်မှာ တပါတည်း ခေါ်သွားခဲ့ပြီး အလုပ်အကျွေးယောက်ျားမိန်းမ သုံးဆယ်ပေးကာ အိမ်ကြီးအိမ်ကောင်းနဲ့ ကောင်းကောင်းမွန်မွန်ပဲ
နေစေပါတယ်။
နရပတိစည်သူဟာ လက်ရုံးရည်ရော၊ နှလုံးရည်ပါ ကောင်းသူဖြစ်ပြီး
လေးစားလောက်ဖွယ် စိတ်သဘောနှလုံးကိုလဲ ပိုင်ဆိုင်ကြောင်း ဖြစ်ရပ်များစွာ ကြားဖူးပြီးသားမို့
သိက္ခာကို လေးစားသမှုရှိနေခဲ့တာလည်း ပါပါလိမ့်မယ်။
နရပတိစည်သူအနေနဲ့ကတော့ နန်းကျဘုရင်အနေနဲ့ ပဲခူးဟံသာဝတီမှာ
ကောင်းစွာနေရတယ်ဆိုပေမယ့် အင်းဝဘုရင်ဟောင်းတစ်ပါးအနေနဲ့ လွတ်လွတ်လပ်လပ်နေနိုင်မှာထက်
အကျယ်ချုပ်သဖွယ် စောင့်ကြည့်ခြင်းကိုလည်း ခံရမှာပါပဲ။
အင်းဝနေပြည်တော်ရဲ့ ဘုရင်ဘ၀ကနေ နိမ့်ပါးသွားပေမယ့်လည်း နဂိုကတည်းက
နှလုံးသားရင့်ကျက်သူတစ်ဦးဖြစ်တဲ့ နရပတိစည်သူကတော့ သူ့ရဲ့ ဘ၀ကို ပဲခူးဟံသာဝတီမှာ အေးဆေးတည်ငြိမ်စွာပဲ
ဖြတ်သန်းခဲ့ပုံပေါ်ပါတယ်။
ဘာပဲပြောပြော ဆင်ဖြူများရှင်ဘုရင့်နောင်မင်းတရားကြီးလို ထက်မြက်လွန်းလှတဲ့
ဘုရင်၊ ကြီးမားလှစွာသော အင်ပါယာကို တည်ထောင်နိုင်ခဲ့တဲ့ ဘုရင်၊ ပတ်ဝန်းကျင်နိုင်ငံများအကြား
ကျော်ကြားလွန်းလှတဲ့ ဘုရင်ထံမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်တော့ ဂုဏ်သိက္ခာအနေနဲ့ တအားမနိမ့်ကျသွားပါဘူး။
သည်လိုနဲ့ နရပတိစည်သူဟာ ပဲခူးဟံသာဝတီနေပြည်တော်ကြီးမှာ ဘ၀ရဲ့အချိန်တွေကို
တည်ငြိမ်စွာဖြတ်သန်းနေရင်းကနေ နန်းကျဘုရင်တစ်ပါးရဲ့ မနိမ့်ကျသော ဂုဏ်သိက္ခာနဲ့ ထက်မြက်သော
လက်ရုံးရည်၊ နှလုံးရည်ကို ထုတ်ဖော်ပြသနိုင်မယ့် ဖြစ်ရပ်ကြီးတစ်ခုကို ကြုံတွေ့နိုင်ခဲ့ပါတော့တယ်။
ဆက်ရန်...
ဆက်လက်ဖတ်ရှုနေပါတယ်
ReplyDeleteသိပ်ကောင်းတယ်
ReplyDelete