Monday, February 25, 2013

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင် (ဇာတ်သိမ်း)



ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးဟာ နရပတိစည်သူရဲ့ အင်းဝနိုင်ငံတော်ကို သိမ်းပိုက်နိုင်ပြီးနောက်မှာလည်း အင်ပါယာချဲ့ထွင်ရေးလုပ်ငန်းတွေအပြင် တိုင်းပြုပြည်ပြု လုပ်ငန်းများစွာနဲ့ မအားမလပ်နိုင်ပါဘူး။
အင်ပါယာချဲ့ထွင်ရေးအတွက် ရှမ်းကိုးပြည်ထောင်၊ ဇင်းမယ်၊ တရုတ်နိုင်ငံ ယူနန်နယ်အချို့၊ မဏိပူရ ကသည်းပြည် စတဲ့ တိုင်းနိုင်ငံအများကို ချီတက်သိမ်းယူတဲ့အပြင် သာသနာပြုရေး၊ နတ်ကိုးကွယ်မှုနဲ့ အယူမှားတွေ ပြုပြင်ရေး၊ တိုင်းပြည်စီးပွားရေး စည်ကားရေး စတဲ့ အလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နိုင်ခဲ့ပါတယ်။
သည်လို စီရင်လုပ်ဆောင်နိုင်ပြီးတဲ့နောက်မှာ အင်ပါယာဆက်လက်ချဲ့ထွင်ဖို့ ဆန္ဒရှိတာကြောင့် ယိုးဒယားကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ပြီး ယိုးဒယားကို စစ်ချီတက် တိုက်ခိုက်ပြန်ပါတယ်။
တိုက်တိုင်းအောင်တပ်တော်ကြီးတွေဖြစ်တဲ့ ပဲခူးဟံသာဝတီတပ်တော်ကြီးတွေဟာ အခုအခံများလွန်းလှပေမယ့် ယိုးဒယားကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး ဘုရင့်နောင်မင်းတရားကြီးရဲ့ လက်အောက်မှာ အင်ပါယာနယ်ပယ်အဖြစ် ထည့်သွင်းနိုင်ခဲ့ပါတယ်။
သည်အချိန်မှာတော့ အင်းဝကို သိမ်းနိုင်ခဲ့ပြီးတာ ဆယ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
သည်ဆယ်နှစ်အတောအတွင်းမှာတော့ နရပတိစည်သူဟာ ပဲခူးဟံသာဝတီနေပြည်တော်အတွင်းမှာပဲ နေထိုင်ရင်း ဘ၀ရဲ့ အချိန်တွေကို အေးချမ်းစွာဖြတ်သန်းနေခဲ့တာပါ။
နေပြည်တော်တစ်ခုမှာ ဘုရင်တစ်ပါးအနေနဲ့ အခြွေအရံအသင်းအပင်းပေါင်းများစွာ ခစားလျက် ၀င့်ဝင့်ထည်ထည် ခမ်းခမ်းနားနား ရှင်သန်နေထိုင်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ နရပတိစည်သူဘေးမှာ မိသားစုအပြင် အခြွေအရံဆိုလို့ သုံးဆယ်မျှလောက်သာ ကျန်တော့တာပါ။
ဘာပဲပြောပြော အခြေအနေချင်း အလွန်ကွာခဲ့ပြီဖြစ်ပေမယ့် အလွန်ဆိုးရွားနေတာလဲ မဟုတ်တဲ့အတွက် နရပတိစည်သူဟာ ကြုံတွေ့နေရတဲ့ လောကဓံကို တည်ငြိမ်စွာနဲ့ပဲ အန်တုဖြတ်သန်းနေခဲ့ရတဲ့ ဆယ်နှစ်တာ အချိန်တွေပါပဲ။
ရှုပ်ထွေးတဲ့ နန်းတွင်းရေးများနဲ့လဲ မပတ်သက်တော့၊ ခေါင်းပူရတဲ့ ပြည်ထဲရေးကိစ္စများလဲ စဉ်းစားစရာမလိုတော့ဘဲ ဘုရား၊ တရားနဲ့ပဲ ဘ၀ကို ဖြတ်သန်းနေပုံ ပေါ်ပါတယ်။
ဘုရင့်နောင်မင်းတရားကြီးကတော့ ယိုးဒယားတစ်ပြည်လုံးကို သိမ်းနိုင်ပြီးဖြစ်ပေမယ့် အနားမရနိုင်သေးပြန်ပါဘူး။
ဇင်းမယ်က ထပ်မံပုန်ကန်ပြန်တာကြောင့် အင်အားရှစ်သိန်းနီးပါး ပါတဲ့ တပ်ကြီးနဲ့ လက်အောက်ခံ ပြည်မင်း၊ တောင်ငူမင်း၊ အင်းဝမင်း၊ အိမ်ရှေ့နန္ဒမင်းသား တို့အပါအ၀င် ထက်မြက်တဲ့ စစ်သူကြီး၊ မှူးမတ်၊ တပ်မှူး အပေါင်းနဲ့တကွ စစ်ချီရပါတော့တယ်။
ပဲခူးဟံသာဝတီနေပြည်တော်မှာတော့ မြို့စောင့်တပ်မှူးများအဖြစ် ဗညားဣန္ဒ၊ ဗညားပရံ၊ တရဖျား၊ တာနော၊ ဘယသင်္ကြံစတဲ့ မှူးမတ်ငယ်အချို့ကိုသာ အင်အားအလုံအလောက်နဲ့ ချန်ထားရစ်ခဲ့ပါတယ်။
သည်ပုဂ္ဂိုလ်တွေဟာ မြို့စောင့်တပ်မှူးတွေအဖြစ် ယုံယုံကြည်ကြည်အပ်နှင်းထားခြင်း ခံကြရတာမို့ အစွမ်းအစတော့ ထိုက်သင့်သလောက်ရှိမှာ သေချာပါတယ်။
ဒါပေမယ့် သူတို့ဟာ နိုင်ငံတော်တစ်ဝှန်းမှာ ထင်ပေါ်ကျော်ကြားတဲ့ သူရဲကောင်းတွေတော့ မဟုတ်ကြပါဘူး။
ဒါဖြင့် နာမည်ကျော်ကြားပြီး လူထုလေးစားတဲ့ သူရဲကောင်းတွေ တစ်ယောက်တစ်လေတောင် မထားခဲ့ဘဲ ဘာလို့ သူတို့ကိုသာ ထားခဲ့ရတာပါလိမ့်။
ဖြစ်နိုင်တာကတော့ သည်လို သိပ်မထင်ရှားတဲ့ သူတွေကို မြို့စောင့်ထားခဲ့ခြင်းဟာ အရင်ခတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ဖူးတဲ့ နန်းသိမ်းမှုမျိုးတွေ ဖြစ်လာစရာအကြောင်းမရှိလို့ပါ။
ထင်ရှားကျော်ကြားခြင်း၊ လူထုလေးစားခြင်းဆိုတာ ခေါင်းဆောင်မှုရဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။
လက်အောက်မှာသာ အင်အားရှိရင် အင်အားကို တိုးပွားလာအောင် ပတ်ဝန်းကျင်ကို စည်းရုံးနိုင်တဲ့ အရည်အချင်းဖြစ်ပါတယ်။
သည်အရည်အချင်းရှိရင်ဖြင့် အင်အားကြီးကြီးမားမားကို စုရုံးဦးဆောင်နိုင်စွမ်းရှိမှာ ဖြစ်တဲ့အတွက် နန်းသိမ်းမှုကို စိုးရိမ်ရပါမယ်၊ အခု အနေအထားကတော့ မစိုးရိမ်ရဘူးပေါ့။
ဒါပေမယ့် သည်လို မှူးမတ်ငယ်အချို့သာ နေပြည်တော်မှာ မြို့စောင့်ထားခဲ့တဲ့အတွက် မျှော်လင့်မထားတဲ့ ပြဿနာကြီးတစ်ရပ်ဟာ ပဲခူးဟံသာဝတီအနီးမှာ ပေါ်ပေါက်လာပါတော့တယ်။
ဘာလဲဆိုတော့ ရှမ်းပြည်အရပ်ရပ်က ခေါ်ဆောင်ပြီး ပဲခူးဟံသာဝတီအနီးက နယ်တွေမှာ နေထိုင်ခွင့်ပြုထားတဲ့ ရှမ်းသုံ့ပန်းတွေဟာ တစ်ခါတည်း အဖွဲ့အစည်းတစ်ခုအဖြစ် စုစည်းလိုက်ကြပြီး ဆင်မြင်းလူသူလက်နက်ကိရိယာတွေကို သိမ်းယူပြီး နေပြည်တော်အနီးက ကျေးလက်တွေကို ၀င်ရောက်စီးနင်းကြပါတော့တယ်။
ရှမ်းဆိုတဲ့ အထဲမှာ ယိုးဒယားတွေလဲ အမြောက်အမြားပါဝင်နိုင်ပါတယ်။ ရှမ်းဆိုတဲ့ အမျိုးအနွယ်ထဲမှာ ယိုးဒယားတွေလဲ ပါပါတယ်။ ယိုးဒယားပါတဲ့အတွက် သည်အဖွဲ့အစည်းမှာ မွန်အချို့လဲ ပါဝင်နိုင်ပါတယ်။
သည်အဖွဲ့ရဲ့ ခေါင်းဆောင်ကိုတော့ အဖွဲ့ငယ်ခေါင်းဆောင်အသီးသီးထဲမှ ရွေးချယ်ထားတဲ့ ဗညားကျန်းထောဆိုသူ ဖြစ်ပါတယ်။
သူပုန်အဖွဲ့ကြီးရဲ့ အင်အားဟာ အတော်ကြီးမားပြီး လူအင်အား သုံးသောင်းကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။
သူတို့ဟာ နေပြည်တော်ကို သိမ်းပိုက်ဖို့ ဦးတည်ချီတက်လာကြပြီး လမ်းတစ်လျှောက်က ရွာကြီးရွာငယ်တွေကိုလည်း တိုက်ခိုက်သိမ်းပိုက်ကြတာကြောင့် အနီးအနားက ရှိသမျှ ကျေးလက်နေလူထုအပေါင်းဟာ ပဲခူးဟံသာဝတီမြို့ထဲကို ကိုယ်လွတ်ထွက်ပြေးလာကြရတာမို့ ပဲခူးဟံသာဝတီတစ်မြို့လုံးမှာ စစ်ပြေးဒုက္ခသည်တွေနဲ့ ပြည့်နှက်နေပါတော့တယ်။
မြို့စောင့်မှူးမတ်တွေဖြစ်တဲ့ ဗညားပရံ၊ တာနော၊ တရဖျားတို့ အမတ်တပ်မှူးများလည်း တတ်နိုင်သလောက် အဆင်ပြေအောင် စီမံကြပေမယ့် မကြာခင်ကမှ တပ်တော်တွေ စစ်ထွက်သွားတာမို့ နေပြည်တော်မှာ အရန်ရိက္ခာမရှိသလောက်ဖြစ်နေပါတယ်။
အစားအသောက်တွေ ရှားပါးတဲ့အပြင် စစ်ဘေးဒုက္ခသည်တွေကြားမှာ ကူးစက်ရောဂါတွေကလည်း ဖြစ်ပွားပြန်ပါတယ်။
အင်အားကြီးလွန်းတဲ့ သူပုန်တပ်တွေကလည်း နေပြည်တော်ကို သိမ်းဖို့ ချီတက်လာနေပါပြီ။
ဒါနဲ့ ဗညားဣန္ဒ၊ ဗညားပရံ၊ တရဖျား၊ တာနော၊ ဘယသင်္ကြံတို့ စုဝေးပြီး ဘာလုပ်ကြမလဲလို့ တိုင်ပင်ကြပါတယ်။
နေပြည်တော်မရောက်ခင် မြို့တွင်းမှာ ရှိသမျှ အင်အားကို စုစည်းပြီး ထွက်တိုက်ရကောင်းမလား၊ ဒါမှမဟုတ် နေပြည်တော်မှာ ကျန်ခဲ့တဲ့ ဘုရင့်မိဖုရားတွေအပါအ၀င် သားတော်၊ သမီးတော်၊ ဆွေတော်၊ မျိုးတော်အပေါင်းကို လုံခြုံမှုရှိမယ့် တောင်ငူကို ပို့ဆောင်ပြီးမှ မြို့က ခံတိုက်ကြမလား စသဖြင့် တိုင်ပင်ကြပါတယ်။
မတော်လို့ နေပြည်တော်ကို မခုခံနိုင်ဘဲ ကျရှုံးခဲ့ရင် ဘုရင့်ဆွေတော်မျိုးတော်များအရေးက အင်မတန်စိုးရိမ်စရာကောင်းလွန်းတယ် မဟုတ်လား။ ဟိုက သူပုန်ဆိုတော့ ငဲ့ညှာတာ ဘာညာရှိမှာမဟုတ်ဘူးလေ။
သည်လို ခေါင်းချင်းဆိုင် အပြင်းအထန်ဆွေးနွေးကြတဲ့အခါ တာနောက အခုလိုပြောပါတယ်။
သည်အရေးက ကျွန်တော်တို့လို ခေါင်းသေးသေးလေးတွေနဲ့ စဉ်းစားလို့ မကောင်းလှဘူး၊ နေပြည်တော်ထဲမှာ အင်းဝဘုရင်ဟောင်း နရပတိစည်သူ နေထိုင်လျက်ရှိတယ်။ သည်မင်းဟာ လက်ရုံးရည်ရော၊ နှလုံးရည်ရော ကောင်းလှလို့ နေပြည်တော်မှာ ရှိတဲ့ ဗမာတွေရော၊ ရှမ်းတွေကပါ လေးစားယုံကြည်ကြသူလဲ ဖြစ်တယ်။ သည်မင်းကို အရင်တိုင်ပင်ပြီး အကြံတောင်းမှ ဖြစ်မယ်ထင်လို့ ပြောတာပါ။
ဒါနဲ့ အားလုံးလဲ သဘောတူကြပြီး နရပတိစည်သူကို နန်းတွင်းက လွှတ်တော်ထံ လာခဲ့ဖို့ ချီပင့် ခေါ်ယူကြပါတယ်။
နရပတိစည်သူ ရောက်လာတဲ့အခါ ဗညားပရံက အဖြစ်အပျက်အစုံကို ပြောပါတယ်။
နောက်ပြီး သည်ကိစ္စတွေကို ဘုရင့်နောင်မင်းတရားကြီးလည်း မသိသေးတဲ့အကြောင်း၊ ဒါကြောင့် စစ်ကူမျှော်လို့လဲ မလွယ်ကြောင်း၊ သူပုန်တွေက အင်အားကြီးတဲ့အတွက် အကြောင်းကြားစေလွှတ်တာလည်း မထိုးဖောက်နိုင်ကြောင်း၊ အခု အနီးအနားမှာ စခန်းချနေပြီး နက်ဖြန်ကို နေပြည်တော်ကို သိမ်းမယ်လို့ ပြင်ဆင်ထားတာ ကြားသိရကြောင်းပြောပါတယ်။
သည့်နောက် နေပြည်တော်ကတပ်တွေကိုပဲ စုရုံးပြီး ထွက်တိုက်မလား၊ သူပုန်အင်အားက ပိုများနေတဲ့အတွက် ဘုရင့်မိဖုရား၊ သားတော်၊ သမီးတော် အပေါင်းကိုပဲ တောင်ငူပို့ပြီးမှ ခံတိုက်ကြမလား အကြံတောင်းပါတယ်။
သည်အကြောင်းအလုံးစုံကို နရပတိစည်သူ သိရတဲ့အခါ သည်လောက်ကိုများ မင်းတို့က ကြောက်နေကြသလားလို့ ဦးဆုံး ပြောပါတယ်။
ဆက်ပြီး ပြောတာက မင်းတရားတပင်ရွှေထီးလက်ထက်တုန်းကလည်း သည်လိုပဲ သူပုန်ထပြီး ဖြစ်ခဲ့ဖူးပြီးပြီ၊ အခုတစ်ကြိမ်လဲ ထပ်ဖြစ်ပြန်တယ်၊ ဒါပေမယ့် အခု ထကြွသောင်းကျန်းကြတာကို သူပုန်လို့များ မင်းတို့ ခေါ်သလား၊ သူပုန်အဆင့်တောင် မရှိတဲ့ ဓားပြ၊ မုဒိန်းကောင်သာသာတွေပဲလို့ ဆက်ပြောပါတယ်။
သူပုန်ဆိုတာက ခေါင်းဆောင်ကောင်းလဲ ရှိရတယ်၊ ဆင်ကို ဆင်ချင်း၊ မြင်းကို မြင်းချင်း၊ လူကို လူချင်း အနိုင်တိုက်နိုင်စွမ်းလဲ ရှိရတယ်။ အခြေပြုရာ မြို့လဲ သိမ်းထားနိုင်ရမယ်၊ တိုက်မယ့်မြို့ကိုလဲ နိုင်အောင် တိုက်နိုင်ရတယ်၊ လိုအပ်လာရင်လဲ အသက်စွန့်ဖို့ ဆုံးဖြတ်ထားကြတယ်။ သည်လို လူတွေကိုမှ သူပုန်လို့ သတ်မှတ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။
နောက်ပြီး ဘုရင့်မိဖုရား၊ သားတော်၊ သမီးတော် စတာတွေကို တောင်ငူပို့ပြီးမှ ပြန်တိုက်မယ်ဆိုတာကလည်း မင်းပြစ်မင်းဒဏ်ရာဇ၀တ်မှု မကင်းဘူး၊ မင်းတို့လို မှူးမတ်တွေရဲ့ အမိန့်နဲ့ ဘုရင့်ဆွေတော်မျိုးတော်အပေါင်းကို နေရာရွှေ့လို့ မရဘူး၊ နောက်ပြီး ဘုရင့်နေပြည်တော်မှာ ဘုရင့်ဆွေတော်မျိုးတော်တွေ မရှိဘဲ မင်းတို့ချည်းပဲ နေကြမယ့်အနေအထားမျိုးလဲ ဖြစ်နေတယ်လို့ ထောက်ပြပြန်ပါတယ်။
သည်အခါမှ ဗညားပရံ၊ တာနောတို့ အမတ်အပေါင်းလဲ မင်းကြီး သင့်တော်သလို စီစဉ်တော်မူပါလို့ ၀ိုင်းဝန်းတောင်းပန်ကြပါတယ်။
ခေါင်းဆောင်တင်လိုက်တဲ့ သဘောပါပဲ။
နရပတိစည်သူကို ခေါင်းဆောင်တင်လိုက်ခြင်းဖြင့် အကျိုးအမြတ်အများကြီးရပါတယ်။
နရပတိစည်သူဟာ နေပြည်တော်မှာ နေထိုင်ကြသူပြည်သူလူထုအပေါင်းရဲ့ လေးစားကြည်ညိုမှုကို ရထားသူမို့ စစ်ဘေးစစ်ဒဏ်ကြောင့် ကျဆင်းနေသော စိတ်ဓာတ်တွေကို မြင့်မားစေပါတယ်။
လက်ရုံးရည်ကောင်းတဲ့ သူရဲကောင်းတစ်ဦးအဖြစ်လဲ ကျော်ကြားခဲ့သူမို့ မြို့စောင့်တပ်အပေါင်းရဲ့ ယုံကြည်အားကိုးမှုကို ရရှိပြီး ရဲမက်စစ်သည်အပေါင်းကို စစ်သွေးစစ်မာန်တက်ကြွစေပါတယ်။
ခေါင်းဆောင်မှုပြည့်ဝသူဖြစ်တဲ့အတွက်လဲ အင်အားကြီးမားတဲ့ တပ်တွေကို ဖွဲ့စည်းပြီး ဦးဆောင်တိုက်ပွဲဝင်နိုင်တဲ့သူလည်း ဖြစ်ပြန်တယ်။
အမတ်ငါးယောက်ခေါင်းဆောင်ရတဲ့ တပ်တွေကို သူတစ်ယောက်တည်းလဲ ဦးဆောင်နိုင်သူဖြစ်ပါတယ်။
နေပြည်တော်မှာ နေထိုင်လျက်ရှိကြသူ ရှမ်း၊ ဗမာအပေါင်းရဲ့ ယုံကြည်ကိုးစားမှုကို ရထားသူမို့ အင်အားပိုများလာအောင် စုရုံးနိုင်စွမ်း ရှိသူလည်း ဖြစ်ပြန်တယ်။
အတွေ့အကြုံများပြားသူ ဖြစ်တဲ့အတွက် သေနင်္ဂဗျူဟာကျွမ်းကျင်သူတစ်ဦးလဲ ဖြစ်တာမို့ နရပတိစည်သူဟာ သူပုန်တွေကို တိုက်ဖို့ နည်းဗျူဟာ ချမှတ်ပါတော့တယ်။
နရပတိစည်သူရဲ့ နည်းဗျူဟာက ချုံခိုတိုက်မယ့် နည်းဗျူဟာပါ။ ဒါကြောင့် စစ်မျက်နှာကို တောနဲ့ နီးတဲ့ အရပ်ကို ရွေးရပါတယ်။
စစ်အင်္ဂါစဉ်မှာတော့ အယောင်ပြတပ်နဲ့ ဘေးဘယ်ညာက ညှပ်တိုက်မယ့် တပ်နှစ်တပ် တပ်ပေါင်းသုံးတပ်ပါပါတယ်။
နေပြည်တော်မှာ ရှိသမျှ ဆင်၊ မြင်းကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ခြေလက်မကောင်းတဲ့ ဆင်က အစ အသုံးပြုဖို့ ပြင်ဆင်စေပါတယ်။
နောက်ပြီး သူတို့စစ်ထွက်တဲ့အခါ မြို့ကို ကာကွယ်ဖို့လည်း အသေအချာ အကျအန စီစဉ်ရပါတယ်။
နက်ဖြန်ဆို သူပုန်တွေ လာတိုက်မှာ ဖြစ်လို့ အချိန်ကပ်နေပေမယ့် နရပတိစည်သူဟာ ခေါင်းအေးအေးနဲ့ပဲ အားလုံးကို ပြည့်စုံအောင် စီစဉ်ပေးနိုင်ခဲ့ပါတယ်။
နောက်တစ်နေ့ ဖြစ်တဲ့ တိုက်ပွဲကတော့ နရပတိစည်သူရဲ့ အောင်ပွဲရ တိုက်ပွဲပါပဲ။
အစီအစဉ်အတိုင်းပဲ တပ်မှူးတရဖျားရဲ့ တပ်ကို ခြေလက်မကောင်း၊ အပြည့်အ၀မသန်စွမ်းတဲ့ မြင်းတွေနဲ့ ဆင်တစ်ကောင်၊ ရဲမက်အချို့ ပေးပြီး စစ်ဆင်လို့ကောင်းတဲ့ မြေပြန့်လဲ ရှိရာ၊ ချုံခိုနိုင်တဲ့ တောအုပ်နဲ့လဲ နီးရာ အရပ်တစ်ခုရွေးချယ်ပြီး ချီတက်လာတဲ့ သူပုန်တွေကို ခုခံဖို့ အသင့်ပြင်ထားဟန် စောင့်နေစေပါတယ်။
နရပတိစည်သူဦးဆောင်တဲ့ တပ်နဲ့ တပ်မှူးတာနောဦးဆောင်တဲ့ တပ်နှစ်တပ်ကတော့ ဆင်ကောင်းတစ်ယောက်တစ်စီးစီ၊ မြင်းကောင်းတွေနဲ့ မြင်းသည်တော်တွေ၊ အားမာန်သန်စွမ်းတဲ့ ရဲမက်ကောင်းတွေကို ခွဲဝေရယူပြီး ရန်သူချီတက်လာမယ့် လမ်းတစ်လျှောက် ဘေးဘယ်ညာ တောအုပ်မှာ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့ကြပါတယ်။
တရဖျားရဲ့ တပ်ကို မရောက်ခင် ဖြတ်တိုက်နိုင်မယ့် နေရာကို ရွေးထားရတာပါ။ သည်လိုမှ မဟုတ်ရင် ယောင်ပြတပ်ကို ရန်သူအရင်ရောက်ပြီဆိုတာနဲ့ အဆုံးအရှုံးများမယ်မဟုတ်လား။
မနက်ရောက်တော့ မျှော်လင့်ထားတဲ့အတိုင်းပဲ သူပုန်တပ်ကြီးဟာ တရဖျားရဲ့ တပ်ကို ပြပြလေး လှမ်းမြင်လိုက်ရတာနဲ့ တစ်ပြိုင်နက် တိုက်မယ်ဆိုပြီး ဂမူးရှူးထိုး စစ်ထိုးလာပါတော့တယ်။
သည်လို ဂမူးရှူးထိုးပြေးဝင်လာတဲ့ တပ်တွေဟာ ပတ်ဝန်းကျင်ကိုလဲ ဂရုမထားဘဲ ရှေ့တည့်တည့်ကိုပဲ အာရုံစိုက်နေချိန်မှာ ဘေးဘယ်ညာကနေ နရပတိစည်သူနဲ့ တာနောတို့ရဲ့ တပ်ကြီးနှစ်တပ် ပေါ်လာပြီး တစ်စုတစ်စည်းထဲ ချီလာတဲ့ သူပုန်တပ်ကို အစိတ်စိတ်ကွဲအောင် ၀င်ထိုးပါတော့တယ်။
စနစ်တကျစုစည်းပြီး တိုက်ခိုက်လာတဲ့ ဘုရင့်တပ်မတော်ကို အင်အားကွာပေမယ့် သူပုန်တပ်က ဘယ်မှာ ယှဉ်နိုင်ပါ့မလဲ။
အစုစုကွဲပြီး ကြောက်အားလန့်အားထွက်ပြေးကြရပါတော့တယ်။
သည်တိုက်ပွဲမှာ သူပုန်ငါးရာကျော် ကျဆုံးပြီး တစ်ထောင်ကျော်ကိုလဲ သုံ့ပန်းအဖြစ်ဖမ်းမိခဲ့ပါတယ်။
သူပုန်တွေခမြာ ကြောက်အားလန့်အားနဲ့ ထွက်ပြေးသွားကြတာ အစက တစ်စုတစ်စည်းတည်း လာတဲ့ တပ်ကြီးဟာ သုံးတပ်ကွဲပြီး သုံးနေရာရောက်သွားပါတော့တယ်။
သုံးနေရာမှာ စခန်းချနေကြောင်း သိတဲ့အခါ နရပတိစည်သူနဲ့ တာနောတို့က တပ်နှစ်တပ်ဖွဲ့ပြီး ထပ်လိုက်တိုက်တာကြောင့် စခန်းချနေကြရာကနေ ထပ်ပြေးကြရပြန်ပါတယ်။
ဟံသာဝတီကို မသိမ်းနိုင်ကြောင်း တွက်မိတဲ့ သူပုန်တွေဟာ ဟံသာဝတီကနေ ဇင်းမယ်ကို အကြောင်းမကြားနိုင်အောင် ၀ိုင်းရံထားပြီးနောက် ဒေသအသီးသီးမှာ မြို့တွေကို သိမ်းဖို့ ကြိုးစားကြပါတော့တယ်။
သည်အချိန်မှာ ပဲခူးဟံသာဝတီအင်ပါယာရဲ့ နယ်စပ်မဟုတ်တဲ့ အတွင်းမြို့တွေဟာ ဇင်းမယ်ကို စစ်ချီသွားတဲ့ တပ်တော်ကြီးအတွက် အင်အားတွေ စုဆောင်းဖြည့်တင်းပေးလိုက်ရတာမို့ အင်အားနည်းပါးနေချိန်လည်း ဖြစ်တာကြောင့် တစ်မြို့ပြီး တစ်မြို့ဆိုသလို သူပုန်တွေကို မခုခံနိုင်ဘဲ ကျဆုံးရပါတော့တယ်။
အဲဒါကြောင့် သူပုန်တပ်တွေ ထနေပြီဖြစ်ကြောင်း သိရတဲ့ မြိုင်မြို့စားဟာ ဇင်းမယ်ကို ထွက်ပြေးပြီး ဘုရင့်နောင်မင်းတရားကြီးထံ အခြေအနေတွေကို အရောက် လူလွှတ်ပြီး လျှောက်ထားရပါတော့တယ်။
ဘုရင့်နောင်မင်းတရားကြီးလည်း သူပုန်အကြောင်း သိရတဲ့အခါ မနီမြို့စား အလောက်ငံ့ကို တပ်မှူးခန့်ပြီး ဆင်ခြောက်စီး၊ လူရှစ်ရာနဲ့ စုံစမ်းဖို့ လွှတ်လိုက်ပါတယ်။
အလောက်ငံ့လည်း စုံစမ်းဖို့ လာတဲ့အခါ တိုက်ကုလားမြို့အရောက်မှာ တိုက်ကုလားမြို့ကို သိမ်းပြီးဖြစ်တဲ့ သူပုန်တပ်တွေနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်ကာ ကျဆုံးသွားရတဲ့အပြင် ဆင်တွေရော၊ လူတွေကိုပါ သူပုန်တပ်တွေက သိမ်းပိုက်လိုက်ကြပါတယ်။
ဒီအချက်ကို ကြည့်ရင် သူပုန်တပ်တွေရဲ့ အစွမ်းကလည်း မသေးဘူးဆိုတာ မြင်သာပါတယ်။
ဘုရင့်နောင်မင်းတရားကြီးလည်း လွှတ်လိုက်တဲ့တပ်က အခြေအနေသတင်းမကြားရတဲ့အခါ သန်လျင်မြို့စား စစ်တုရင်္ဂသူကို ဆင်သုံးရာ၊ လူနှစ်သောင်းပါတဲ့ တပ်နဲ့တကွ ထပ်မံစေလွှတ်လိုက်ပါတယ်။
အဓိက ကတော့ ပဲခူးဟံသာဝတီနေပြည်တော်ကြီးများ သူပုန်တွေလက်ထဲ ကျလေပြီလားလို့ သိလိုတဲ့အတွက် လွှတ်တာပါ။
စစ်တုရင်္ဂသူလဲ တပ်ကို ဦးဆောင်ပြီး နေပြည်တော်ကို အရောက်ချီတက်ပေမယ့် စစ်တောင်းမြစ်ကို ရောက်တဲ့အခါ သူပုန်တွေက ပိတ်ဆို့တိုက်ခိုက်ကြတာမို့ မြစ်ကို မကူးနိုင်ဖြစ်နေပြန်ပါတယ်။
စစ်တုရင်္ဂသူက နေရာရှာပြီး တပ်နဲ့ ဖြတ်ကူးတဲ့အခါ သူပုန်ခေါင်းဆောင် ဗညားကျန်းထောကိုယ်တိုင် ဦးစီးပြီး သူပုန်တပ်တွေက တိုက်ခိုက်ပါတယ်။
ဆင်တပ်အားကို အဓိကသုံးထားတဲ့ စစ်တုရင်္ဂသူရဲ့ ဘုရင့်တပ်မတော်ကလည်း ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်တာကြောင့် ဗညားကျန်းထောကိုယ်တိုင်ကျဆုံးပြီး သူပုန်တပ်တွေ ပျက်ပါတယ်။
အဲဒီအခါမှ စစ်တုရင်္ဂသူတပ်ဟာ နေပြည်တော်ကို အရောက်သွားနိုင်ပါတော့တယ်။ ပဲခူးဟံသာဝတီနေပြည်တော်ကို ရောက်တဲ့အခါမှာတော့ နေပြည်တော်ဟာ မကျသေးတဲ့အပြင် စနစ်တကျနဲ့ ခိုင်ခိုင်မာမာရပ်တည်နေတာကို တွေ့ရလို့ မြို့ထဲကို တပ်နဲ့တကွဝင်နိုင်ပါတယ်။
နေပြည်တော်က ရိက္ခာအခက်အခဲအတွက်လည်း တပ်နဲ့ ပါလာတဲ့ ရိက္ခာတွေကြောင့် အတန်အသင့် ပြေလည်သွားပါတယ်။
ဗညားကျန်းထောကျတဲ့အခါ ကျန်တဲ့ သူပုန်ခေါင်းဆောင်ငယ်တွေဟာ တပ်တွေကို စုစည်းပြီး ဟံသာဝတီကို ချီလာပြီး တိုက်ခိုက်ဖို့ ပြင်ပြန်ပါတယ်။
ဒီသတင်းကိုကြားရတဲ့အခါ နရပတိစည်သူ၊ စစ်တုရင်္ဂသူ၊ တာနော တပ်မှူးသုံးဦး တပ်သုံးတပ်ဖွဲ့ပြီး သူပုန်တွေ စခန်းကို သွားတိုက်ခိုက်တဲ့အခါ သူပုန်တွေလဲ တပ်ပျက်ပြီး အလဲလဲ အကွဲကွဲနဲ့ ဒလရောက်တဲ့ထိ ပြေးကြရပါတော့တယ်။
များမကြာခင်မှာပဲ ဘုရင့်နောင်မင်းတရားကြီးဟာ တပ်တော်ကြီးနဲ့တကွ ပဲခူးဟံသာဝတီကို ပြန်လာပါတယ်။
ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ သူပုန်တွေ မီးတင်ရှို့ထားတဲ့ ဘုရားတန်ဆောင်းကျောင်းကန်တွေရဲ့ ပြာပုံတွေကို မြင်ပြီး ဘုရင့်နောင်မင်းတရားကြီးဟာ နေပြည်တော်ထဲတောင် မ၀င်တော့ဘဲ ဒလကို တပ်တော်နဲ့တကွ ချီတက်ပြီး သူပုန်တွေကို အပြုတ်တိုက်ပါတော့တယ်။
သူပုန်မကုန်မချင်း နေပြည်တော်မပြန်ဘဲ ကိုယ်တိုင် စစ်မျက်နှာမှာ ဦးစီးပါတယ်။
သူပုန်တွေကို နှိမ်နင်းနိုင်ပြီး သူပုန်ခုနစ်ထောင်ကျော်ကိုလည်း လက်ရဖမ်းဆီးပြီးတော့မှ နေပြည်တော်ကို ပြန်လာခဲ့ပါတယ်။
နေပြည်တော်ကို ပြန်ရောက်ပြီး မှူးမတ်များ လျှောက်တင်တာကို ကြားရတဲ့အခါ နရပတိစည်သူရဲ့ လက်ရုံးရည်၊ နှလုံးရည်ကြောင့်သာ ပဲခူးဟံသာဝတီ မကျရှုံးခြင်းဖြစ်တဲ့အတွက် နရပတိစည်သူကို ခေါ်ပြီး အစ်ကို ကတိသစ္စာအလွန်စောင့်လှပါတယ်လို့ ချီးကျူးတော်မူပါတယ်။
သေချာစဉ်းစားကြည့်ရင် နရပတိစည်သူဟာ ကတိသစ္စာကို အလွန်စောင့်ထိန်းခဲ့တာ တွေ့နိုင်ပါတယ်။
ဘာလို့လဲဆိုတော့ သူဟာ တစ်ချိန်က ဗမာ-ရှမ်းတပ်တွေကို အုပ်ချုပ်မင်းလုပ်ခဲ့သူဖြစ်ပြီး အခု သူပုန်ထသူတွေကလည်း ရှမ်းတွေပဲမို့ သူနဲ့ မစိမ်းလှဘူးလို့ ဆိုနိုင်ပါတယ်။ သူပုန်အင်အားက သာလွန်ပြီး ပဲခူးဟံသာဝတီမြို့စောင့်တပ်တွေက အားနည်းနေတဲ့အချိန်မှာ သူသာ သူပုန်ဘက်ကို ၀င်သွားရင် ခေါင်းဆောင်အလွယ်တကူဖြစ်မှာပါ။ နောက်ပြီး သူသာ သူပုန်ဘက်က ခေါင်းဆောင်အနေနဲ့ တိုက်ခဲ့ရင် ပဲခူးဟံသာဝတီနေပြည်တော်ရဲ့ အနာဂတ်ဟာလဲ မတွေးဝံ့စရာဖြစ်လာမယ်မဟုတ်လား။
ဘုရင့်နောင်မင်းတရားကြီးဟာ လာရောက်ခစားတဲ့ နရပတိစည်သူအနေနဲ့ ဘုရင်ဟောင်းဖြစ်ပေမယ့်လို့ ဘာအဆောင်အယောင်မှ မပါဘဲ လူက ၀င့်ကြွားကာ မညှိုးငယ်ပေမယ့် အ၀တ်အစားက မှူးမတ်များအလည် ညှိုးညှိုးငယ်ငယ်ဖြစ်နေတာကြောင့် ဘုရင်တို့ ၀တ်ဆင်တဲ့ အဆောင်အယောင်ကို ပေးအပ်ချီးမြှင့်ပါတယ်။
ဒါ့အပြင် ဆင် ရွှေကြိုးရွှေက တစ်စုံ၊ မြင်း ရွှေကြိုးရွှေက တစ်စုံနဲ့ ငွေပိဿာသုံးဆယ်ကိုလည်း ချီးမြှင့်ပါတယ်။
ဆင်က၊ မြင်းက တွေချီးမြှင့်လိုက်ခြင်းအားဖြင့် နရပတိစည်သူကို ပဲခူးဟံသာဝတီမှာ ဆင်စီးခွင့်၊ မြင်းစီးခွင့် ပေးလိုက်တာဖြစ်မယ်ထင်ပါတယ်။
တကယ်တော့ နရပတိစည်သူဟာ နန်းကျဘုရင်တစ်ပါးမို့ ဆင်ကို လက်ဝယ်ထားခွင့်မရှိပါဘူး။
ဆင်ဟာ ပဒေသရာဇ်ခေတ်မှာ လက်နက်ကြီးတစ်မျိုးမို့ ဆင်ရှိရင် လက်နက်ကြီးစုဆောင်းမှုနဲ့ အရေးယူခံရနိုင်ပါတယ်။
ဘာပဲပြောပြော နရပတိစည်သူဟာ ပွဲသွားပွဲလာအတွက်တော့ ဂုဏ်ငယ်နိုင်စရာအကြောင်း မရှိတော့ဘူးပေါ့လေ။
ဘုရင့်နောင်မင်းတရားကြီးဟာ ဇင်းမယ်ကို ချီတဲ့စစ်နဲ့ သူပုန်ရန်ကို နှိမ်နင်းတဲ့စစ်မှာ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသူအပေါင်းကိုလည်း ဆုလာဘ်တွေချီးမြှင့်ပါတယ်။
တချို့ကိုလည်း မြို့စား၊ ရွာစားများအဖြစ် ချီးမြှင့်တင်မြှောက်ပါတယ်။
သည်အချိန်မှာ ဘာကြောင့်များ လက်ရုံးရည်၊ နှလုံးရည်  ပြည့်ဝတဲ့ နရပတိစည်သူကို မြို့တွေ ရွာတွေပေးပြီး လက်အောက်မှာ အမှုမထမ်းခိုင်းသလဲ မေးခွန်းတစ်ခုပေါ်လာပါတယ်။
ဘာလို့လဲဆိုတော့ ဘုရင့်နောင်မင်းတရားကြီးဟာ သူ့အသက်ကို အကြိမ်ကြိမ်လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားဖူးတဲ့ ဗညားဒလလို မွန်အမတ်ကြီးကိုတောင် အရည်အချင်းရှိလို့ နှမြောတာကြောင့် အကြိမ်ကြိမ်ခွင့်လွှတ်ပြီး မြို့တွေ၊ နယ်တွေ ချီးမြှင့်မြှောက်စားခဲ့သေးတယ်မဟုတ်လား။
နရပတိစည်သူလို ကတိသစ္စာကြီးမားတဲ့ လူမျိုးကျ ဘာလို့ မချီးမြှင့် မမြှောက်စားခဲ့တာလဲ။
တကယ်တော့ နရပတိစည်သူဟာ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတယ်ဆိုပေမယ့် သူဟာ နန်းကျဘုရင်တစ်ပါးပါ။
ဘိသိက်ခံနန်းစံခဲ့ဖူးတဲ့ ဘုရင်တစ်ပါးအနေနဲ့ အခြားသော ဘုရင်တစ်ပါးလက်အောက်မှာ မြို့စားနယ်စားအဖြစ် တာဝန်ထမ်းရမယ်ဆိုတာ အရင်က ရှိခဲ့တဲ့ ဂုဏ်သိက္ခာကို နှိမ့်ချစော်ကားသလိုမျိုး ဖြစ်သွားနိုင်ပါတယ်။
ဂုဏ်သိက္ခာရှိတဲ့ နရပတိစည်သူအနေနဲ့ မြို့စောင့်၊ နယ်စောင့် သဘောမျိုးလောက်နဲ့တော့ ရာထူးကို လက်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ဘုရင့်နောင်မင်းတရားကြီးက ဂုဏ်သိက္ခာကို ငဲ့ခဲ့တာလို့ ထင်ပါတယ်။
နောက်ပြီး ဘုရင်ဖြစ်ဖူးတဲ့ သူတစ်ယောက်ဟာ အစွယ်ရှိခဲ့ဖူးတာမို့ သတိထားရမယ့်လူမျိုးလဲ ဖြစ်တယ်မဟုတ်လား။
ဘာပဲပြောပြော နရပတိစည်သူဟာ သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းသွားခဲ့ပါတယ်။
မြန်မာ့သမိုင်းတစ်လျှောက်မှာ နန်းကျဘုရင်ပေါင်း မြောက်မြားစွာ ရှိခဲ့ပါတယ်။ နန်းကျဘုရင်တိုင်းဟာ သူတို့ရဲ့ လက်ကျန်ဘ၀အချိန်တွေမှာ ဆိုးရွားစွာနဲ့ အဆုံးသတ်ခဲ့ရတာတွေ ရှိသလိုပဲ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ဖြတ်သန်းကုန်လွန်ခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်။
နရပတိစည်သူကတော့ နန်းကျဘုရင်ဖြစ်ပေမယ့် သူ့ရဲ့ နန်းကျဘုရင်ဘ၀မှာတောင် ဂုဏ်သိက္ခာရှိစွာ ဖြတ်သန်းနိုင်ခဲ့ပြီး ရာဇ၀င်အစောင်စောင်မှာ ကတိသစ္စာကြီးမားပြီး အစွမ်းအစရှိတဲ့ နန်းကျဘုရင်တစ်ပါးအနေနဲ့ မှတ်ကျောက်တင်ခံခဲ့ရတာမို့ မြန်မာရာဇ၀င်မှာ အထူးခြားဆုံး နန်းကျဘုရင်အဖြစ် မှတ်တမ်းတင်မိပါတော့တယ်ခင်ဗျာ။

သမိုင်းမူကွဲ- နရပတိစည်သူနဲ့ မိုးညှင်းစလုံဟာ သွေးသောက်တွေလို့ ဦးဖိုးကျားက ရေးပေမယ့် wikipediaရဲ့ အင်္ဂလိပ်လို ရေးထားတဲ့ စာမျက်နှာမှာတော့ သားအဖတွေဖြစ်တယ်လို့ ဆိုပါတယ်။ သိုဟန်ဘွားဟာ နရပတိစည်သူရဲ့ အစ်ကိုအကြီးလို့လဲ ဆိုပါတယ်။ wikipediaရဲ့အဆိုသာ မှန်မယ်ဆိုရင်ဖြင့် နရပတိစည်သူဟာ ရှမ်းသွေးစစ်စစ် အင်းဝမင်းတစ်ပါးပဲဖြစ်ပါတယ်။ ဦးဖိုးကျားကတော့ သူ့ရဲ့ မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာမှာတော့ အင်းဝ၌ ရှမ်းလူမျိုး မိုးဗြဲနရပတိအုပ်စိုးလျက်ရှိစဉ် (ဗမာ) စည်သူကျော်ထင်သည် စစ်ကိုင်းကို အခြေပြုလျက် အင်းဝကို လုပ်ကြံမည်ဟု စီမံလျက်ရှိ၏လို့ ရေးသားထားပါတယ်။

ကိုးကား
-မြန်မာ့ဂုဏ်ရည်ရာဇ၀င်ဖတ်စာ-ဦးဖိုးကျား
-ဦးကုလားမဟာရာဇ၀င်ကြီး
-wikipedia
-မြန်မာဘာသာဖြင့် ရေးသားကြသော အင်တာနက်ဘလော့စာမျက်နှာအချို့

အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်

Sunday, February 24, 2013

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင် (၅)


ပဲခူးဟံသာဝတီရဲ့ ဒုတိယအကြိမ်စစ်ချီမှုမှာ အင်းဝနေပြည်တော်ဟာ စစ်နှစ်ဖက်ညှပ်ခံရတော့မယ့် အနေအထားဖြစ်နေပါပြီ။
အရှေ့ကြောင်းနဲ့ အလယ်ကြောင်းက ချီတက်လာတဲ့ ဘုရင့်နောင်ရဲ့ ညီတော်နှစ်ပါး တောင်ငူမင်းခေါင်နဲ့ မင်းရဲကျော်ထင်တို့ ဦးဆောင်တဲ့ တပ်ပေါင်း၁၄တပ်ဟာ ချီလာတဲ့ လမ်းတစ်လျှောက်က နယ်မြေတွေကိုသိမ်း၊ အင်အားတွေကို စုစည်းပြီး အင်းဝအနီး ပင်းယတောင်အထိ ရောက်လာစခန်းချလျက်ရှိနေပါတယ်။
အနောက်ကြောင်းက ချီတက်လာတဲ့ ဘုရင့်နောင်ကိုယ်တိုင်ဦးဆောင်တဲ့ တပ်ပေါင်း၁၁တပ်ဟာလည်း ပုဂံအရောက်မှာ ရေကြောင်းက ချီတက်လာတဲ့ ညီတော်ပြည်မင်းသတိုးဓမ္မရာဇာတပ်တွေနဲ့ ပူးပေါင်းပြီး အင်းဝကို ဦးတည်လာနေပြီလဲ ဖြစ်ပါတယ်။
သည်အချိန်မှာ အင်းဝနေပြည်တော်ထဲမှာ နန်းစံနေတဲ့ နရပတိစည်သူအပါအ၀င် အင်းဝရဲ့ မှူးမတ်သေနာပတိတွေနဲ့ စစ်ကူရောက်နေတဲ့ ရှမ်းစော်ဘွားများတပ်တွေက တပ်မှူးအပေါင်းလဲ ဘယ်လိုဘယ်ပုံလုပ်ကြမယ်ဆိုတာ အပြင်းအထန်အစည်းအဝေးတွေ လုပ်နေကြမှာ အသေအချာပါပဲ။
ဘုရင့်နောင်ဦးဆောင်တဲ့ ပဲခူးဟံသာဝတီတပ်တွေရဲ့ အနောက်ဘက်စစ်ကြောင်းဟာ အနှေးနဲ့ အမြန်ဆိုသလိုပဲ အင်းဝအနီးကို ရောက်လာတော့မှာ သေချာပါတယ်။
သည်အချိန်မှာ တောင်ငူမင်းခေါင်တို့ ၁၄တပ်ကို အင်းဝက အခြေအနေစောင့်ကြည့်တဲ့အခါ အင်းဝကို လာမတိုက်ဘဲ အနီးက ပင်းယတောင်မှာပဲ အားမွေးနေကြတာကို သိရတဲ့အခါ နရပတိစည်သူဟာ နည်းဗျူဟာတစ်ခုကို ချမှတ်လိုက်ပါတယ်။
အနောက်ဘက်စစ်ကြောင်းက အင်အားပိုများတဲ့ တပ်တွေ အင်းဝအနီးရောက်မလာခင်မှာ အနီးရောက်နေတဲ့ တပ်တွေကို အရင်ရှင်းဖို့ ဖြစ်ပါတယ်။
သည်လိုမှ မဟုတ်ဘဲ ငြိမ်နေရင် နှစ်ဘက်ညှပ်ခံရတဲ့အခါ ပိုဆိုးမယ်မဟုတ်လား။
ဒါကြောင့် နရပတိစည်သူဟာ နည်းဗျူဟာတစ်ခု ချမှတ်ပြီးတာနဲ့ တစ်ပြိုင်နက် အင်းဝ-ရှမ်း တပ်ပေါင်းစုက ဆင်တစ်ရာ၊ မြင်းနှစ်ထောင်၊ ရဲမက်အင်အား လေးသောင်း ထုတ်နှုတ်ပြီး ပဲခူးဟံသာဝတီတပ်တွေ စခန်းချနေရာကို ထွက်တိုက်ပါတော့တယ်။
အင်အားအပြည့်နဲ့တော့ မထွက်ရဲပါဘူး။ အင်အားအပြည့်နဲ့ဆို အနောက်ကြောင်းက ပဲခူးဟံသာဝတီတပ်တွေ မမျှော်လင့်ဘဲရောက်လာရင်ဆိုတဲ့အချက်ကြောင့်ပါပဲ။
မြင်းတပ်တွေကို ရှေ့မှာထားပြီး ဆင်တပ်တွေ၊ ခြေလျင်တပ်တွေက နောက်ကလိုက်ပြီး စစ်အင်္ဂါကို ခင်းကျင်းပါတယ်။
အင်းဝတပ်တွေ လာနေပြီဆိုတာ သိလိုက်ရတဲ့အခါ စစ်သွေးစစ်မာန်တက်ကြွနေတဲ့ မင်းရဲကျော်ထင်က သူ့ရဲ့ ခုနစ်တပ်ကို ထုတ်ပြီး စစ်ရောက်မလာခင် ထွက်တိုက်ပါတော့တယ်။
အင်းဝရဲ့ ရှေ့ဆုံးက ကြိုပြေးလာတဲ့ မြင်းတပ်ဟာ ဟံသာဝတီရဲ့ မြင်းနဲ့ ဆင်တွေကို မခံနိုင်ပါဘူး။
စစ်ဦးနှစ်ခုဝင်ဆောင့်တဲ့အခါ အားနည်းတဲ့ အင်းဝမြင်းတပ် ပျက်ပါတော့တယ်။
မြင်းတပ်တွေပျက်ပြီး ကသောင်းကနင်းဖြစ်တဲ့အချိန်မှာ ဟံသာဝတီတပ်တွေ အတင်းတိုးဝင်လာတာကြောင့် နရပတိစည်သူက ဆင်တပ်နဲ့ ကြိုလင့် ခုခံစေပါတယ်။
ဒါပေမယ့် အတင်းတရကြမ်း ထိုးစစ်ဆင်လာတဲ့ ဟံသာဝတီတပ်တွေကို မခံနိုင်တာကြောင့် တပ်မပြိုကွဲခင်မှာပဲ အင်းဝတပ်တွေ ဆုတ်ခွာကြရပါတော့တယ်။

သည်တိုက်ပွဲမှာ မိုးညှင်းရှမ်းတပ်က တပ်မှူးတစ်ဦးဖြစ်တဲ့ တပလုံနဲ့ မြင်းတပ်အချို့ကို ပဲခူးဟံသာဝတီတပ်တွေက လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။
အင်းဝတပ်တွေ ဆုတ်ခွာကြပေမယ့် မင်းရဲကျော်ထင်တို့တပ်တွေ မလိုက်ရဲကြပါဘူး။
ရန်သူရဲ့ နည်းဗျူဟာကို သေချာမသိတာကြောင့် အတင်းလိုက်မယ်ဆိုရင် ရန်သူရဲ့ အင်အားပိုကြီးမားတဲ့ တပ်တွေနဲ့ ညှပ်တိုက်မှာလဲ စိုးရိမ်ရသေးတယ်မဟုတ်လား။
နရပတိစည်သူဟာ ပထမတစ်ကြိမ် သွားတိုက်တဲ့အခါ မင်းရဲကျော်ထင်တို့ ခုနစ်တပ်သာ ထွက်တိုက်တာမို့ အင်အားအနေအထားကို လျှော့တွက်လိုက်ပုံရပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ် ထွက်တိုက်ပါတယ်။
သည်အခါတော့ ခုနစ်တပ်ကို နိုင်လောက်တဲ့ ဆင်မြင်းလူသူလက်နက်အင်အား အလုံးအရင်းနဲ့ ထွက်လာတာပါ။
ရုတ်တရက်ချက်ချင်းဆိုသလိုပဲ ပင်းယတောင်အနီးကို ချက်ချင်းရောက်လာပါတော့တယ်။
သည်တစ်ခေါက်လာတဲ့ အင်းဝရဲ့ အင်အားက ကြီးမားတာမို့ တောင်ငူမင်းခေါင်နဲ့ မင်းရဲကျော်ထင်ရဲ့ ဆယ့်လေးတပ်လုံး စခန်းချနေရာက ထွက်တိုက်ပါတယ်။
ဆယ့်လေးတပ်ရဲ့ အင်အားကို တွေ့ရတဲ့အခါ စစ်ထိုးရင် အလေးမသာနိုင်တာကြောင့် နရပတိစည်သူဟာ အင်းဝတပ်တွေကို အမြန်ဆုတ်ဖို့ အမိန့်ပေးရပါတော့တယ်။
သည်တစ်ခေါက်တော့ အင်းဝတပ်တွေဆုတ်တဲ့နောက်ကို ပဲခူးဟံသာဝတီတပ်တွေက အပြင်းလိုက်ပါတယ်။
အင်းဝတပ်တွေလဲ ခုခံရင်း ဆုတ်ခွာရင်းနဲ့ တံတာဦးတိုင်အောင် ဆုတ်ခွာရပါတယ်။ တံတားဦးရောက်တဲ့အခါမှာတော့ အသင့်ပြင်ထားတဲ့ အင်းဝမြို့စောင့်တပ်အများအပြားပါ ထွက်တိုက်လာတဲ့အတွက် ပဲခူးဟံသာဝတီတပ်တွေ ပြန်ဆုတ်လိုက်ရပါတယ်။
သည်လိုမျိုး အကဲစမ်းပြီး တိုက်တဲ့ နှစ်ကြိမ်လုံးမှာ အင်းဝတပ်တွေဟာ ပဲခူးဟံသာဝတီတပ်တွေကို ထိထိရောက်ရောက် ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ အကျအဆုံးတွေနဲ့သာ ဆုတ်ခွာလာခဲ့ရတာချည်းမို့ အင်းဝတပ်တွေအနေနဲ့ ရုပ်ဝတ္ထုအင်အားအပြင် စိတ်ဓာတ်အင်အားပါ အနည်းငယ်ဖြစ်စေ ထိခိုက်မှုရှိမှာတော့ အမှန်ပါပဲ။
ဒါကြောင့်လဲ နရပတိစည်သူဟာ နောက်ထပ်ထွက်မတိုက်နိုင်တော့ပါဘူး။
သည်အချိန်မှာ အနောက်ဘက်စစ်မျက်နှာက သတင်းတွေကလည်း အားရဖွယ်မရှိပြန်ပါဘူး။
ချီတက်လာတဲ့ ဘုရင့်နောင်ရဲ့ တပ်တော်ကြီးဟာ အင်အားကြီးလွန်းတာမို့ ပထမဆုံးရင်ဆိုင်တွေ့တဲ့ ပုခန်းမြို့စားဟာ ခုခံဖို့ တပ်အင်အားတွေနဲ့ တပ်မှူးတွေကိုသာ စီမံခန့်ထားခဲ့ပြီး ကိုယ်တိုင်ကတော့ မိုးညှင်းကို ပြေးပါတော့တယ်။
ခေါင်းဆောင်မရှိတဲ့တပ်ဟာ ဖရိုဖရဲဖြစ်တတ်တဲ့ထုံးစံနဲ့အညီ ပုခန်းတပ်တွေဟာ ဟံသာဝတီတပ်တွေကို ခုခံသေးပေမယ့် မယှဉ်နိုင်ပဲ ပြိုလဲသွားပါတယ်။
ပုခန်းကိုရတဲ့အခါ ဘုရင့်နောင်ဟာ ညီတော်ပြည်မင်းကို တခြားမြို့တွေ ဆက်သိမ်းဖို့ စစ်ချီစေပါတယ်။
ပြည်မင်းသိမ်းရမယ့် အင်းဝလက်အောက်ခံမြို့တွေဖြစ်တဲ့ အမြင့်၊ ဗဒုံနဲ့ ကမ်းနီမြို့တွေမှာ ဗဒုံစား ရာဇသင်္ကြံက လွဲလို့ ဘယ်သူမှ မခုခံရဲကြပါဘူး။
အမြင့်မြို့စားရော ကမ်းနီမြို့စားပါ ပဲခူးဟံသာဝတီတပ်တွေ ရောက်လာတာနဲ့ လက်နက်ချလိုက်ကြပါတယ်။
ရာဇသင်္ကြံကတော့ ဗဒုံမှာ အင်အားတွေကို စုစည်းပြီး ရွပ်ရွပ်ချွံချွံခုခံပေမယ့် ပဲခူးဟံသာဝတီတပ်တွေရဲ့ အင်အားက ကြီးမားလွန်းတာမို့ အားမတန်ဘဲ ဗဒုံမြို့ကျပြီး မြို့စားပါ အဖမ်းခံလိုက်ရပါတယ်။
သည့်နောက်မှာ ဘုရင့်နောင်ဟာ အနောက်ဘက်စစ်ကြောင်းက ပဲခူးဟံသာဝတီတပ်တွေအားလုံးကို စုစည်းပြီး စစ်ကိုင်းကို စစ်ချီပြန်ပါတယ်။
စစ်ကိုင်းစားလဲ မခုခံရဲတာကြောင့် ပဲခူးဟံသာဝတီတပ်တွေ မရောက်ခင်မှာတင် မိုးညှင်းကို ပြေးပါတော့တယ်။
ဘုရင့်နောင်ဟာ စစ်ကိုင်းကိုရောက်တဲ့အခါ အင်အား အားလုံးကို စနစ်တကျ စုစည်းစီစဉ်ပြီးတဲ့နောက် ညီတော်နှစ်ပါးတပ်တွေ ပင်းယတောင်မှာ စခန်းချနေကြောင်း သိပြီးဖြစ်တဲ့အတွက် ယ-ရက် (အင်းဝကို တိုက်ခိုက်မယ့် နေ့ရက်အတိအကျ)ကို ဆုံးဖြတ်ပြီး ပင်းယတောင်က တပ်တွေကို အကြောင်းကြားလိုက်ပါတယ်။
သည်အချိန်မှာ နရပတိစည်သူဟာလည်း အင်အားကြီးလွန်းလှတဲ့ ပဲခူးဟံသာဝတီတပ်တွေနဲ့ ရင်ဆိုင်ဖို့ မလွယ်ကြောင်း သိပြီးဖြစ်တာကြောင့် စော်ဘွားအပေါင်းဆီကို စစ်ကူစေလွှတ်ပေးဖို့ အကြောင်းကြားပြီးဖြစ်သလို အချို့စော်ဘွားတွေကလည်း စစ်အင်အားတွေကို စုစည်းပြင်ဆင်ပြီး အင်းဝကို ၀ိုင်းရံထားတဲ့ ပဲခူးဟံသာဝတီတပ်တွေကို နောက်ကနေ ၀င်တိုက်ဖို့ ချီတက်လာနေကြပြီဖြစ်ပါတယ်။
မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွား၊ ကလေးစော်ဘွားတို့ စော်ဘွားသုံးပါးတပ်တွေ ပေါင်းပြီး ချီတက်လာနေပြီဖြစ်သလို အုန်းဘောင်စော်ဘွားလဲ အင်အားအလုံးအရင်းနဲ့ ဆင်းလာနေပြီဖြစ်ပါတယ်။
ဒါကြောင့် ဘုရင့်နောင်ဟာ ရှမ်းတပ်တွေ မရောက်မီ အင်းဝကို သိမ်းပိုက်နိုင်ဖို့ ယ-ရက်ကို တွက်ချက်ပြီး သတ်မှတ်ပေးလိုက်ဟန် တူပါတယ်။
ယ-ရက်အရောက်မှာတော့ တောင်ငူမင်းခေါင်နဲ့ မင်းရဲကျော်ထင်တို့ တပ်တွေက အင်းဝမြို့သိမ်းတိုက်ပွဲကို အရင် စ တိုက်ပါတယ်။
၁၄တပ်ကို နှစ်ကြောင်းခွဲပြီး တောင်ငူမင်းခေါင်နဲ့ မင်းရဲကျော်ထင်တို့က ဦးစီး တိုက်ကြပါတယ်။
မင်းရဲကျော်ထင်က မြင်းတပ်၂တပ်၊ ဆင်ခြေလျင်၇တပ်ကို ဦးဆောင်ပြီး အင်းဝမြို့ကို ချဉ်းကပ်ပါတယ်။
ဦးစွာ မြင်းတပ်နှစ်တပ်ကို အင်းဝအနီးသွားပြီး စစ်မြူစေပါတယ်။
သည်အခါမှာ နရပတိစည်သူက အင်းဝမြို့ထဲကနေ ဆင်တစ်ရာ၊ မြင်းသုံးထောင်ကျော်လွှတ်ပြီး ပဲခူးဟံသာဝတီမြင်းတပ်တွေကို ထွက်ပြီး တိုက်ခိုင်းပါတယ်။
သည်လို နှစ်တပ်တွေ့နေတုန်းမှာ ကျန်တဲ့ ပဲခူးဟံသာဝတီတပ်တွေဟာ တပ်ဖြန့်လာတဲ့ အင်းဝ-ရှမ်းတပ်တွေကို အလယ်ထိုးပြီး ဖောက်ပါတော့တယ်။
တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး အင်းဝ-ရှမ်းတပ်နှစ်ခြမ်းကွဲသွားတဲ့အခါမှာ ၀ိုင်းရံချေမှုန်းကြပါတော့တယ်။
အင်းဝ-ရှမ်းတပ်တွေလည်း ဘယ်လိုမှ မခံနိုင်တော့တာကြောင့် အလဲလဲ အကွဲကွဲနဲ့ အင်းဝမြို့ထဲ ၀င်ပြေးကြရပါတော့တယ်။
အင်အားအများအပြားကျဆုံးသလို သုံ့ပန်းအများအပြားလဲ ကျန်ခဲ့ပါတယ်။
တောင်ငူမင်းခေါင်ဦးဆောင်တဲ့ တပ်တွေကတော့ အင်းဝအနားမကပ်နိုင်အောင် ကြိုလွှတ်ထားတဲ့ မိုးကောင်းရှမ်းတပ်မှူးကပ်ကြိုးစား ဦးဆောင်တဲ့ ဆင်ရှစ်ဆယ်၊ မြင်းနှစ်ထောင်တပ်နဲ့ တံတားဦးမှာ တွေ့ကြပါတယ်။
တောင်ငူမင်းခေါင်ကတော့ အင်းဝ-ရှမ်းတပ်ရဲ့ တပ်ဦးက ချီတက်လာတဲ့ မြင်းတပ်တွေကို ဆင်တပ်နဲ့ ၀င်ဆောင့်ပါတယ်။
မြင်းတပ်တွေ အလဲလဲအကွဲကွဲဖြစ်ပြီး နှစ်တပ်ဆိုင်နေတာကြောင့် အင်းဝ-ရှမ်းဆင်တပ်တွေလဲ ရှေ့တိုးမရဖြစ်နေပါတော့တယ်။
သည်လိုမျိုး တိုက်ပွဲဖြစ်ပြီး အရှုပ်ရှုပ်အထွေးထွေးဖြစ်နေချိန်မှာ ပဲခူးဟံသာဝတီမြင်းတပ်တွေက ကြားထဲက အတင်းထိုး အတင်းတိုက်တာကြောင့် အင်းဝ-ရှမ်း ဆင်တပ်တွေ လန်ကျသွားပါတော့တယ်။
တပ်မှူးကပ်ကြိုးစားကိုလည်း အရှင်ဖမ်းမိလိုက်ပြီး အင်းဝ-ရှမ်းတပ်တွေလဲ အလဲလဲအကွဲကွဲ အကျအဆုံးများစွာနဲ့ အင်းဝကို ပြန်ပြေးကြရပါတော့တယ်။
သည်အချိန်မှာပဲ ဘုရင့်နောင်ဦးဆောင်တဲ့ တပ်ကြီးကလည်း စစ်ကိုင်းကနေ အင်းဝဘက်ကို ကူးလာပြီး ၀ိုင်းရံထားလိုက်ပါတယ်။
ညီတော်ပြည်မင်းရဲ့ ရေတပ်က အင်းဝရဲ့ ရေကြောင်းထွက်ပေါက်ကို ပိတ်ပြီး ရံထားပါတယ်။
သည်လိုနဲ့ အင်းဝနေပြည်တော်ဟာ ပဲခူးဟံသာဝတီတပ်တွေရဲ့ လေးဘက်လေးတန်က ၀ိုင်းပတ်ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး ထွက်ပေါက်မရှိ ဖြစ်သွားပါတော့တယ်။
အင်းဝမြို့ပြင်က ခုခံဖို့ စီမံထားတဲ့ တပ်တွေလဲ အကုန်ပျက်သွားတာကြောင့် အင်းဝတပ်တွေဟာ မြို့ထဲကပဲ ခုခံဖို့ ကျန်ပါတော့တယ်။
အရပ်မျက်နှာပေါင်းစုံက ၀ိုင်းရံခြင်းခံထားတဲ့ အင်းဝမြို့ရိုးကို ပဲခူးဟံသာဝတီတပ်တွေက ဆင်တွေနဲ့ မြို့တံခါးတွေကိုတိုး၊ မြင်းတွေနဲ့တိုက်၊ မြို့ရိုးကိုလဲ လှေကားထောင်ပြီး တက်၊ မြို့ရိုးဖြိုဖို့ အခြေကို တူးရွင်းတွေနဲ့တူး စသဖြင့် အပြင်းအထန် မြို့သိမ်းတိုက်ပွဲဆင်နွှဲပါတော့တယ်။
ရှမ်းတပ်တွေ မရောက်ခင် မြို့သိမ်းနိုင်ဖို့ အထူးတလည် အားထုတ်ကြပါတော့တယ်။
သည်လိုနဲ့ နောက်ဆုံးမှာတော့ အင်းဝမြို့ဟာ ဘယ်လိုမှ မခုခံနိုင်တော့ဘဲ ပဲခူးဟံသာဝတီတပ်တွေလက်ကို ကျရောက်ရပါတော့တယ်။
အင်းဝမြို့တံခါးတွေ ကျိုးပေါက်ခါနီးပြီဆိုတာ သိတာနဲ့ တစ်ပြိုင်နက် နရပတိစည်သူဟာ စီစဉ်ထားတဲ့အတိုင်း အင်းဝက ထွက်ဖို့ လုပ်ပါတယ်။
အင်အားအလုံးအရင်းနဲ့ ထွက်ရင် သိသာနိုင်တာမို့ ကျွန်ယုံငါးယောက်ကိုသာ ခေါ်ပြီး ရှုပ်ထွေးနေတဲ့ အနေအထားတွေကြားထဲက ညနေ မှောင်စပျိုးချိန်မှာ ထွက်တာပါ။
မှောင်စပျိုးချိန်ဆိုတော့ သူဟာ အင်းဝဘုရင်မှန်း မသိနိုင်တာကြောင့် ပြေးရမှာ လွယ်ကူမယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ပြေးလွတ်ရင် မြောက်ဘက်တစ်လွှားက အင်အားစုဆောင်းထားစေတဲ့ ဒီပဲယင်း၊ စဉ့်ကူး၊ စည်ပုတ္တရာ၊ မြေဒူး စတဲ့ လက်အောက်ခံမြို့စားတပ်တွေကို ပြန်စုစည်းပြီး အင်းဝကို ပြန်သိမ်းနိုင်မယ့် အခွင့်အရေးလေးတော့ ရှိသေးတယ်လေ။
ဦးတည်ရာကတော့ ဆင်ခေါင်းအရပ်ကိုပါ။
အဲဒီမှာ စစ်ကူချီလာတဲ့ အုန်းဘောင်စော်ဘွားတပ်တွေ ရောက်နေပြီလို့ သိထားတဲ့အတွက်ဖြစ်ပါတယ်။
ဒါပေမယ့် ထွက်ပြေးရတဲ့ သည်တစ်ကြိမ်မှာလဲ နရပတိစည်သူတစ်ယောက် ကံမကောင်းခဲ့ပြန်ပါဘူး။
မက္ခရာအရောက်မှာ ဟံသာဝတီရဲ့ လက်အောက်ခံဖြစ်လိုသူတွေက ၀ိုင်းဝန်းဖမ်းဆီးကြတာကို ခံလိုက်ရပါတော့တယ်။
သည်လိုနဲ့ စစ်ကူတပ်တွေနဲ့ မတွေ့ရသေးခင်မှာဘဲ နရပတိစည်သူဟာ အင်းဝနန်းတော်မှာ ဘုရင့်နောင်မင်းတရားနဲ့ တွေ့လိုက်ရပါတော့တယ်။
စစ်နိုင်ဘုရင်တစ်ပါးနဲ့ စစ်ရှုံးဘုရင်တစ်ပါး တွေ့ဆုံတဲ့ပွဲဟာ စိတ်ဝင်စားဖို့တော့ အတော်ကောင်းမှာ သေချာပါတယ်။
စစ်ရှုံးဘုရင် နရပတိစည်သူဟာလည်း ဂုဏ်သိက္ခာပြည့်ဝပြီး ရင့်ကျက်တဲ့ မင်းတစ်ပါးဖြစ်သလို စစ်နိုင်ဘုရင် ဘုရင့်နောင်ကလည်း သဘောထားကြီးမားပြီး ရင့်ကျက်တဲ့ မင်းတစ်ပါးဖြစ်တာမို့ နရပတိစည်သူကို ဘုရင့်နောင်က နှိမ့်ချဆက်ဆံမယ်လို့တော့ မထင်ပါဘူး။
မင်းနှစ်ပါးတွေ့ကြတဲ့အခါ နရပတိစည်သူက အသာတကြည်အဖမ်းခံခဲ့တာမဟုတ်၊ လက်နက်ချအညံ့ခံခဲ့တာလဲ မဟုတ်ပေမယ့် ဘုရင့်နောင်မင်းတရားက အပြစ်မယူခဲ့ပါဘူး။
သစ္စာစောင့်သိရိုသေဖို့သာ တောင်းခံသစ္စာပေးပြီးတဲ့နောက် ပဲခူးဟံသာဝတီကို အပြန်မှာ တပါတည်း ခေါ်သွားခဲ့ပြီး အလုပ်အကျွေးယောက်ျားမိန်းမ သုံးဆယ်ပေးကာ အိမ်ကြီးအိမ်ကောင်းနဲ့ ကောင်းကောင်းမွန်မွန်ပဲ နေစေပါတယ်။
နရပတိစည်သူဟာ လက်ရုံးရည်ရော၊ နှလုံးရည်ပါ ကောင်းသူဖြစ်ပြီး လေးစားလောက်ဖွယ် စိတ်သဘောနှလုံးကိုလဲ ပိုင်ဆိုင်ကြောင်း ဖြစ်ရပ်များစွာ ကြားဖူးပြီးသားမို့ သိက္ခာကို လေးစားသမှုရှိနေခဲ့တာလည်း ပါပါလိမ့်မယ်။
နရပတိစည်သူအနေနဲ့ကတော့ နန်းကျဘုရင်အနေနဲ့ ပဲခူးဟံသာဝတီမှာ ကောင်းစွာနေရတယ်ဆိုပေမယ့် အင်းဝဘုရင်ဟောင်းတစ်ပါးအနေနဲ့ လွတ်လွတ်လပ်လပ်နေနိုင်မှာထက် အကျယ်ချုပ်သဖွယ် စောင့်ကြည့်ခြင်းကိုလည်း ခံရမှာပါပဲ။
အင်းဝနေပြည်တော်ရဲ့ ဘုရင်ဘ၀ကနေ နိမ့်ပါးသွားပေမယ့်လည်း နဂိုကတည်းက နှလုံးသားရင့်ကျက်သူတစ်ဦးဖြစ်တဲ့ နရပတိစည်သူကတော့ သူ့ရဲ့ ဘ၀ကို ပဲခူးဟံသာဝတီမှာ အေးဆေးတည်ငြိမ်စွာပဲ ဖြတ်သန်းခဲ့ပုံပေါ်ပါတယ်။
ဘာပဲပြောပြော ဆင်ဖြူများရှင်ဘုရင့်နောင်မင်းတရားကြီးလို ထက်မြက်လွန်းလှတဲ့ ဘုရင်၊ ကြီးမားလှစွာသော အင်ပါယာကို တည်ထောင်နိုင်ခဲ့တဲ့ ဘုရင်၊ ပတ်ဝန်းကျင်နိုင်ငံများအကြား ကျော်ကြားလွန်းလှတဲ့ ဘုရင်ထံမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်တော့ ဂုဏ်သိက္ခာအနေနဲ့ တအားမနိမ့်ကျသွားပါဘူး။
သည်လိုနဲ့ နရပတိစည်သူဟာ ပဲခူးဟံသာဝတီနေပြည်တော်ကြီးမှာ ဘ၀ရဲ့အချိန်တွေကို တည်ငြိမ်စွာဖြတ်သန်းနေရင်းကနေ နန်းကျဘုရင်တစ်ပါးရဲ့ မနိမ့်ကျသော ဂုဏ်သိက္ခာနဲ့ ထက်မြက်သော လက်ရုံးရည်၊ နှလုံးရည်ကို ထုတ်ဖော်ပြသနိုင်မယ့် ဖြစ်ရပ်ကြီးတစ်ခုကို ကြုံတွေ့နိုင်ခဲ့ပါတော့တယ်။


ဆက်ရန်...


Tuesday, February 19, 2013

နှစ်၄၀စစ်ပွဲခေတ်လွန် အင်းဝရဲ့ နောက်ဆုံးဘုရင် နရပတိစည်သူ (သို့မဟုတ်) စစ်ကိုင်းစည်သူကျော်ထင် (၄)



အင်းဝမှာ နရပတိစည်သူ နန်းတက်စိုးစံနေတုန်းမှာ ပဲခူးဟံသာဝတီက တပ်တွေ အင်းဝကို သိမ်းဖို့ နှစ်ကြိမ်ချီပါတယ်။
ပထမတစ်ကြိမ်ချီစဉ်က ဘုရင့်နောင်ကိုယ်တိုင်မဟုတ်ဘဲ ညီတော်၊ သားတော်များကိုသာ ကြည်းကြောင်း၊ ရေကြောင်း အင်အားတစ်သိန်းလေးသောင်းကျော်နဲ့ ချီစေခဲ့တာပါ။
အဲဒီအခါ နရပတိစည်သူဟာ လက်အောက်ခံမြို့စား၊ နယ်စားများထံက တပ်တွေကို စစ်ချီလမ်းကြောင်းမှာ ရှိတဲ့ မြို့နှစ်မြို့မှာ နှစ်စုခွဲပြီး ခုခံဖို့ ပြင်စေပါတယ်။
ကိုယ်တိုင်ကတော့ အင်းဝနေပြည်တော်ပတ်လည်က စုဆောင်းခေါ်ယူထားတဲ့ တပ်တွေအပြင် မဟာမိတ်များဖြစ်ကြတဲ့ ရှမ်းစော်ဘွားငါးဦးကိုလည်း စစ်ကူလာဖို့ ပင့်ချီခဲ့တာကြောင့် မိုးညှင်းစော်ဘွား၊ မိုးကောင်းစော်ဘွား၊ ဗန်းမော်စော်ဘွား စတဲ့ စော်ဘွားငါးဦးဟာ ဆင်၊မြင်း စစ်သည်အလုံးအရင်းနဲ့ အင်းဝကို ဆင်းလာပြီး ပူးပေါင်းခုခံကြဖို့ ပြင်ကြပါတယ်။
ရှမ်းစော်ဘွားတွေဖွဲ့ထားတဲ့ လှေတပ်တွေကိုတော့ အောက်ကို စုန်ဆင်းစေပြီး ခုခံဖို့ ပြင်ထားတဲ့ မြို့တွေမှာ အင်အားဖြည့်စေပါတယ်။
ပဲခူးဟံသာဝတီတပ်တွေက အင်အားကြီးကြီးမားမားနဲ့ ချီလာတာဖြစ်ပေမယ့် ဘုရင့်နောင် ကိုယ်တိုင်မပါတဲ့အပြင် အင်းဝတပ်တွေနဲ့ ရှမ်းတပ်တွေကလည်း အင်အားကြီးကြီးမားမားနဲ့ ခုခံဖို့ ပြင်ထားတာတွေ သိရတဲ့အတွက် တိုက်သော်လည်း အောင်မြင်ဖို့ မလွယ်ဘူးလို့ တွက်ရတာကြောင့် ဘုရင့်နောင်ကိုယ်တိုင်က ဆုတ်ခဲ့ဖို့ အမိန့်ပေးပြီး ဆုတ်စေခဲ့ပါတယ်။
စစ်ချီတဲ့ ရည်ရွယ်ချက်ကိုက တစ်ခါတည်းအပြီးတိုင်သိမ်းဖို့ မဟုတ်ဘဲ အင်းဝရဲ့ အင်အားဘယ်လောက်ရှိတယ်။ ဘယ်နေရာမှာ ဘယ်လိုခုခံဖို့ ပြင်တယ်ဆိုတဲ့ သေနင်္ဂဗျူဟာကို သိလိုတာကြောင့် အစမ်းချီတာဖြစ်တဲ့အတွက် ပဲခူးဟံသာဝတီဟာ စစ်မတိုက်ခဲ့ရသော်လည်း အမြတ်တော်တော်များများ ရခဲ့ပါတယ်။
အင်းဝအနေနဲ့ကတော့ ရှိသမျှအင်အားကို ထုတ်ပြပြီး စစ်ပြင်လိုက်တာ အားနည်းချက်တစ်ခုလို ဖြစ်သွားပါတယ်။
ဒါ့အပြင် အင်းဝက နရပတိစည်သူအနေနဲ့ ရှမ်းပြည်စော်ဘွားအားလုံးနဲ့ အဆင်ပြေနေသေးဟန်မတူပါဘူး။
ဒါကိုလဲ ဘုရင့်နောင် သိခဲ့ပုံရပါတယ်။
တကယ်ဆို အင်းဝက စစ်ကူခေါ်ရင် ရှမ်းကိုးပြည်ထောင်လုံးက စော်ဘွားအားလုံး ရောက်လာသင့်ပေမယ့် ရောက်မလာခဲ့ပါဘူး။ စော်ဘွားငါးဦးသာ ရောက်လာပါတယ်။
အင်းဝကို စစ်ကူပေးရင် ခဏချင်းရောက်လာမယ့် ကလေးစော်ဘွားတောင် ရောက်မလာပါဘူး။
သည်တော့ အင်းဝရဲ့ အင်အားဟာ ပဲခူးက ထင်ထားသလို အင်းဝနဲ့ ရှမ်းနယ်အားလုံးရဲ့ အားကို မစုစည်းနိုင်တာကြောင့် အင်အားကြီးသော်လည်း တအားတောင့်တင်းတာတော့မဟုတ်ခဲ့ပါဘူး။
တစ်ကြိမ်အစမ်းစစ်ချီလိုက်တဲ့အခါ အင်းဝရဲ့ အင်အား အားလုံးကို ဖော်ပြလိုက်ပြီးသလို ဖြစ်သွားတာကြောင့် ဒါဟာ အင်းဝရဲ့ အားနည်းချက်ဖြစ်သွားပါတယ်။
ဒါကို အင်းဝ၊ရှမ်းတပ်ပေါင်းစုက အကြီးအကဲတွေဖြစ်တဲ့ ဘုရင် နရပတိစည်သူနဲ့တကွ စော်ဘွားအားလုံးဟာ သဘောပေါက်ပါတယ်။
ဒါကြောင့် အင်းဝရောက်နေတဲ့ စော်ဘွားတွေအားလုံး ကိုယ့်နယ်ကိုယ်ပြန်ပြီး လူသူလက်နက် ထပ်မံစုဆောင်းကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
စစ်ကူပို့မလာတဲ့ အခြားနယ်နားနီးချင်းစော်ဘွားတွေရန်ကလည်း ကြောက်ရသေးတယ်မဟုတ်လား။
ဒါကြောင့် ပဲခူးက စစ်ကြောင်းတွေ နောက်ပြန်ဆုတ်သွားတာနဲ့ တစ်ပြိုင်နက် ရှမ်းစော်ဘွားငါးဦးဟာ ပါလာတဲ့ တပ်အင်အားအများစုနဲ့ တကွ လက်အောက်ခံစစ်သူကြီးအမတ်အချို့ကိုသာ တပ်ကို အုပ်ချုပ်ဖို့ ထားခဲ့ပြီး ပြန်သွားကြဟန်တူပါတယ်။
သည်အချိန်မှာ အင်းဝနေပြည်တော်မှာ အမတ်၊ ၀န်ကြီးများ ရှိနေမှာ ဖြစ်ပေမယ့် စစ်တိုက်ဖို့ရာ သူရဲကောင်းတွေတော့ သိပ်ပေါပေါများများ ချန်ထားဟန်မတူပါဘူး။ မရှိတာလည်း ဖြစ်ချင်ဖြစ်မှာပါ။
နောက်ပြီး တကယ်လို့ ပဲခူးက စစ်ချီလာရင် အရင်ဆုံးထိတွေ့မှာက အင်းဝလက်အောက်ခံ မြန်မာပြည်အလယ်ပိုင်းက ဗမာနယ်တွေဖြစ်တာကြောင့် လက်အောက်က တပ်မှုးသူရဲကောင်းတွေကို အဆိုပါနယ်တွေမှာ အင်အားတွေနဲ့ တကွ ခွဲထားပေးရဟန်ရှိပါတယ်။
အဲဒီအချိန်မှာ ပဲခူးဟံသာဝတီမှာတော့ ဆင်ဖြူများရှင်ဘုရင့်နောင်ဟာ ကမ္ဗောဇသာဒီဆိုတဲ့ နန်းတော်အသစ်ကို တည်ဆောက်နေပြီး နန်းသစ်တက်ဖို့ ပြင်ဆင်နေချိန်ပါ။
ပဲခူးဟံသာဝတီတပ်တွေ စစ်ချီလာရာကနေ စစ်ပြန်ဆုတ်သွားတဲ့အပြင် ဘုရင့်နောင်ကလည်း နန်းသစ်တက်ဖို့ ပြင်ဆင်နေချိန်မို့ အင်းဝက နရပတိစည်သူနဲ့တကွ မှုးမတ်၊ စစ်သူကြီး၊ နယ်စား၊ မြို့စားအားလုံး သွေးအေးသွားကြပါတယ်။
ဒါကြောင့် စစ်ပြင်ထားတဲ့နေရာတွေမှာ ရောက်ရှိနေတဲ့ မြို့စား၊ နယ်စား စစ်သူကြီးတွေဟာ ကိုယ့်နယ်ကိုယ် ပြန်သွားကြပါတယ်။
နယ်စား၊ မြို့စားဆိုတာကလည်း ကိုယ့်နယ်မြေနဲ့ ကိုယ် ကင်းကွာလို့ မကောင်းသလို အုပ်ချုပ်မှုကိစ္စတွေကလည်း အများသားမဟုတ်လား။
အုပ်ချုပ်သူနဲ့ တပ်တွေမရှိရင် သူခိုး၊ဓားပြ၊မုဒိမ်းကောင်တွေဆိုတာ ထကြွလေ့ရှိတယ်လေ။
အဲဒါကြောင့် အင်းဝဟာ စစ်ပြင်ထားတယ်ဆိုပေမယ့် အသင့်အနေအထားတော့ မရှိတော့ပါဘူး။
ပဲခူးဟံသာဝတီမှာတော့ ဘုရင့်နောင်ဟာ နန်းသစ်တက်ဖို့ ပြင်ဆင်နေတယ်ဆိုပေမယ့် လက်အောက်ခံဘုရင်ခံ၊ နယ်စား၊ မြို့စား အားလုံးကို လူသူလက်နက်စုဆောင်းဖို့ အမိန့်ပေးပြီးသားဖြစ်ပါတယ်။
လက်အောက်ခံများကလည်း တကယ့်ကို လူတော်တွေများတာမို့ သည်လိုအရေးကိစ္စတွေမှာ လှည့်ကြည့်စရာမလိုလောက်အောင် စီမံပြီးသားဖြစ်နေကြမှာ သေချာပါတယ်။
နန်းသစ်တက်ပြီးတာနဲ့ တစ်ပြိုင်နက် ဘုရင့်နောင်အဖို့ လုပ်စရာတစ်ခုပဲ ရှိပါတယ်။
အဲဒါကတော့ အင်းဝကို အလုံးစုံသိမ်းပိုက်ဖို့အတွက် စစ်ပြင်ခြင်းပါပဲ။
ရှေးမြန်မာစစ်ဘုရင်တွေ စစ်ပြင်ကြတာလည်း ဘက်ပေါင်းစုံကို တွေးပြီး ပြင်ကြရတာပါ။
ပထမဆုံးအချက်အနေနဲ့ တိုက်မယ့် စစ်မျက်နှာအတွက် စစ်ပြင်ရပါတယ်။
ဒုတိယအနေနဲ့ မိမိရဲ့ နေပြည်တော်၊ မြို့တော်မှာ နန်းသိမ်းမှု၊ အာဏာသိမ်းမှုတွေ မဖြစ်ရအောင် ပြင်ရပါတယ်။
တတိယအချက်အနေနဲ့ မိမိနိုင်ငံပတ်ဝန်းကျင်က ရန်စွယ်အပေါင်းအတွက်လည်း အသင့်အနေအထားပြင်ရပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်က တိုက်ခိုက်လာရင် ပြန်ခုခံတွန်းလှန်နိုင်အောင်ပါ။
သည်သုံးချက်ပိုင်နိုင်မှ စစ်ထွက်လို့ ကောင်းပါတယ်။ သည်သုံးချက်ကို ယနေ့အချိန်အထိ အသုံးပြုနေကြဆဲဆိုတာလည်း လေ့လာမယ်ဆို တွေ့နိုင်ပါတယ်။
သည်တစ်ကြိမ် စစ်ပြင်တဲ့အခါမှာတော့ တော်တော်လေးကို ကြီးကြီးမားမားပြင်ဆင်တာတွေ့ရပါတယ်။
ရေကြောင်း၊ ကြည်းကြောင်း စစ်ပြင်ရာမှာ ရေကြောင်းဘက်မှာ တိုက်လှေ၊ ရိက္ခာလှေ စသဖြင့် လှေကြီးလှေငယ် တစ်ထောင့်လေးရာနဲ့ စစ်သည်အင်အားတစ်သိန်းတစ်သောင်းကို တပ်မှုးဆယ်ဦး၊ တပ်ပေါင်းဆယ်တပ်ဖွဲ့စေပြီး ညီတော်ပြည်မင်းကို ဦးဆောင်ကာ ချီစေပါတယ်။
ကြည်းကြောင်းမှာတော့ မြင်းတပ်ရှစ်တပ်ကို ရှေ့ဆုံးက ချီစေပြီး နောက်ပိုင်းက ဆင်၊မြင်း ခြေသည် အစုံပါတဲ့ တပ်ပေါင်းဆယ့်ခြောက်တပ်ကို ဆင်ဖြူရှင်ဘုရင့်နောင်ကိုယ်တိုင် ဦးစီးတဲ့ တပ်အား ၀န်းရံစေပြီး ချီပါတယ်။
ဘုရင့်နောင်မင်းတရားကြီးရဲ့ တပ်ကတော့ တော်တော်လေးကို ခမ်းနားပါတယ်။ ရွှေရောင်တပ်ကြီးလို့တောင် ပြောလို့ ရလောက်ပါတယ်။
ဘုရင့်နောင် မင်းတရာကြီး စီးတဲ့ဆင်ကို ဗဟိုပြုပြီး တပ်ဖွဲ့ပါတယ်။
ဆင်ရဲ့ ရှေ့၊နောက်၊ ဘေးဘယ်ညာမှ ကုလားလေးရာကို ရွှေနားသံဘောင်းဘီတွေဝတ်ဆင်စေပြီး သေနတ်ကိုယ်စီကိုင်ကာ လိုက်ရပါတယ်။
အဲသည်ပတ်လည်မှာ အင်အားသုံးထောင်ရှိတဲ့ ကိုယ်ရံတော်မြင်းတပ်က ရှေ့နောက်ဘေးဘယ်ညာစီစဉ်တကျရံပြီး လိုက်ပါတယ်။
အဲသည်ပတ်လည်မှာ ရှေ့နောက်ဘေးဘယ်ညာ ဆင်ဆယ်စီးစီ၊ စုစုပေါင်း ဆင်ပေါင်းလေးဆယ်နဲ့ ဆင်စီးသူရဲ လေးဆယ်က လိုက်ပါတယ်။
အဲသည်ရဲ့ ပတ်လည်မှာမှ ရွှေလွှား၊ရွှေကာတွေနဲ့ ရွှေလှံတွေကိုင်တဲ့ ခြေသည်စစ်သည်တွေက ပတ်လည်စီပြီး ထွက်ပါတယ်။
မျက်လုံးထဲမြင်ကြည့်လိုက်ရင်တော့ ရွှေရောင်တလက်လက်တောက်ပနေတဲ့ ခမ်းနားလှတဲ့ တပ်တော်ကြီးကို မြင်ရမှာပါ။
အဲသည်ရွှေရောင်တပ်ကြီးပတ်ပတ်လည်ကိုမှ ကျန်တဲ့ တပ်ပေါင်း၂၄တပ်က ရံပြီး စစ်ထွက်တာဖြစ်ပါတယ်။
ကြည်းကြောင်းမှာတော့ တပ်ပေါင်း၂၅တပ်၊ ဆင်ရှစ်ရာ၊ မြင်းကိုးထောင်၊ စစ်သည်အင်အား တစ်သိန်းရှစ်သောင်းတောင် ရှိပါတယ်တဲ့။
နေပြည်တော်မှာတော့ သားတော်နန္ဒမင်းသားနဲ့ နန္ဒသင်္ကြံအမတ်ကို အင်အားတောင့်တောင့်တင်းတင်းနဲ့ မြို့စောင့်အနေနဲ့ ထားခဲ့ပါတယ်။
အရှေ့ဘက်စစ်မျက်နှာက ဇင်းမယ်ပြည်နဲ့ ယိုးဒယားပြည်တို့ရဲ့ ရန်ကလည်း ရှိတာကြောင့် မုတ္တမ၃၂မြို့ကို စစ်ချီရာ မပါစေပါဘူး။ အဲဒီက အင်အားအလုံးအရင်းနဲ့တကွ ညီတော်မုတ္တမင်းနဲ့ မြို့စားများကို အစောင့်အရှောက်ထားခဲ့ပါတယ်။
အနောက်ဘက်စစ်မျက်နှာဖြစ်တဲ့ ရခိုင်အတွက်တော့ ဒေးပသွယ်စားနဲ့ လင်းပတေ့စားတို့ကို တပ်ကိုယ်စီ အင်အားအပြည့်အစုံနဲ့ သံတွဲအနီးမှာ တပ်ချအစောင့်ထားခဲ့ပါတယ်။
သည်လို ပဲခူးဟံသာဝတီက အင်အားအပြည့်နဲ့ စစ်ချီလာချိန်မှာတော့ အင်းဝဘုရင် နရပတိစည်သူရဲ့ စစ်ရေးအစီအစဉ်က ပြောင်းလဲပုံမပေါ်ပါဘူး။
အင်းဝရဲ့ အောက်ဘက်တလွှားက မြို့စား၊ နယ်စားအားလုံးကိုတော့ ကိုယ့်နယ်မှာကိုယ် အင်အားစုဆောင်းပြီး ခုခံဖို့ ပြင်ဆင်ထားစေတယ်။ ခုခံလို့မနိုင်မှသာ အင်းဝကို အင်အားတွေနဲ့တကွ သွားရောက်ပူးပေါင်းကြရမှာဖြစ်ပါတယ်။
နောက်ပြီး အင်းဝကိုသာ တစ်ခါတည်း စစ်ထိုးလာမယ်ဆိုရင် နောက်ကနေ ၀ိုင်းပတ်တိုက်ဖို့၊ သို့မဟုတ် ရိက္ခာထောက်တပ်တွေ၊ စစ်ကူတွေကို ဖြတ်တိုက်ဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။
အင်းဝရဲ့ အထက်ဘက်က မြို့စားနယ်စားတွေကိုလဲ အင်အားအလုံးအရင်း စုဆောင်းထားစေပေမယ့် ရသမျှအင်အားကိုတော့ အင်းဝကို မပို့စေဘဲ ကိုယ်စီအလုံးအရင်းနဲ့ နေကြဖို့ စီစဉ်ဟန်တူပါတယ်။
ဘာကြောင့်လဲဆိုတော့ တကယ်လို့သာ အင်းဝက ကျဆုံးသွားပြီဆိုရင် နရပတိစည်သူအနေနဲ့ အထက်ဘက်က မြို့တစ်မြို့မြို့ကို ဆုတ်ခွာပြီး အင်အားစုဆောင်းလို့ ပြန်လည် တိုက်ခိုက်နိုင်မယ်မဟုတ်လား။
ခေတ်အခေါ်ဆိုရင်တော့ B-plan ဆိုပါတော့။
အင်းဝကျပြီဆိုတာနဲ့ အလုံးစုံဆုံးရှုံးသွားမှုမရှိအောင် စီမံထားတဲ့ ပုံစံပါ။
အင်းဝမှာတော့ အင်းဝတပ်တွေအပြင် ရှမ်းစော်ဘွားများက ပို့ထားပေးတဲ့ ရှမ်းတပ်တွေလဲ အလုံးအရင်းနဲ့ ခုခံဖို့ ပြင်ထားပါတယ်။
ဒါ့အပြင် ရှမ်းစော်ဘွားများကလည်း ကိုယ်နယ့်များမှာ ကိုယ်စီ အင်အားတွေ စုဆောင်းနေကြပြီး အင်းဝအခြေမလှတာနဲ့ တစ်ပြိုင်နက် အလုံးအရင်းနဲ့ စစ်ကူဆင်းကြဖို့ စီစဉ်ထားကြမှာပါ။
ရှမ်းစော်ဘွားများအတွက် အင်းဝကို ဆုံးရှုံးတာဟာ သူတို့နယ်တွေ ဆုံးရှုံးတာနဲ့ အတူတူပါပဲ။
ဘာကြောင့်ဆိုတော့ အင်းဝကျပြီဆိုတာနဲ့ ရှမ်းနယ်တွေအတွက် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ လမ်းကြီးပွင့်သွားတာဖြစ်ပြီး ကျရှုံးဖို့ဆိုတာလည်း ရာခိုင်နှုန်းတော်တော်များနေလို့ပဲ ဖြစ်ပါတယ်။
ရှမ်းစော်ဘွားတွေမှာလည်း B-planရှိမှာပဲ။ အဲဒါကြောင့်သာ အင်အားတွေ အပူတပြင်းစုဆောင်းနေရတာပါ။ အင်းဝကျတာနဲ့ ပဲခူးဟံသာဝတီရဲ့မြှားဦးက သူတို့ဘက်လှည့်လာမှာ အသေအချာပဲမဟုတ်လား။
သည်အတွက် စစ်ပြင်ကြတာပါ။ အင်းဝကို စစ်ကူမလွှတ်တဲ့ စော်ဘွားတွေရဲ့ သဘောကလဲ သည်အတိုင်းပဲ ဖြစ်ဟန်တူပါတယ်။
သည်လိုနဲ့ ဘုရင့်နောင်မင်းတရားကြီး တောင်ငူမှာ တပ်နားတုန်း အင်းဝရဲ့ စစ်ရေးအစီအစဉ်တွေကို သိရတဲ့အခါ ညီတော်တောင်ငူမင်း မင်းခေါင်က ခုလို လျှောက်ပါတယ်။
အင်းဝရဲ့ အင်အားဟာ အင်းဝတပ်တွေချည်းပဲ မဟုတ်ဘူး။ ရှမ်းတပ်တွေဟာလည်း အင်းဝရဲ့ အင်အားတွေဖြစ်တယ်။ စော်ဘွားတွေက အင်းဝကို အထူး အကူအညီပေးကြတာကြောင့် အင်းဝဟာ အင်အားတောင့်တင်းတယ်။
ဒါကြောင့် သည်တစ်ခေါက် အင်းဝကို တိုက်ရင် အမြန်ဆုံးနဲ့ ပြီးအောင် တိုက်ရမယ်။
အင်းဝကို တိုက်နေတာ ကြာနေရင် ရှမ်းစော်ဘွားတွေဟာ အင်အားတွေ ထပ်စုဆောင်းပြီး ဆင်းလာကြမှာ ဖြစ်တယ်။
အင်းဝကို ရံထားတဲ့ တပ်တွေကို အပြင်က ထပ်ရံခံရရင် စစ်နိုင်ဖို့ ခက်ပြီမဟုတ်လား။
နောက်တစ်ချက်က ၀ါဆို၊ ၀ါခေါင်ရောက်တာနဲ့ မိုးကျပြီ။ မိုးထဲ လေထဲမှာဆိုတော့ စစ်ကစားဖို့၊ ဆင်တပ်၊မြင်းတပ်တွေ လှုပ်ရှားဖို့၊ စစ်အင်အားတွေ နေရာရွှေ့ပြောင်းဖို့ မလွယ်ဘူးလေ။
ဒါကြောင့် လေး၊ငါးလအတွင်းမှာ ပြီးစီးအောင် လုပ်ကြမှ ရမယ်။
နောက်တစ်ချက်က အင်းဝဟာ လက်အောက်ခံတပ်တွေကို လူသူစုဆောင်းပြီး နေရာမှာတင် နေစေတယ်။
အင်းဝရဲ့ တောင်ဘက်က မြို့အားလုံးဟာလည်း အင်အားကိုယ်စီနဲ့ ခုခံကြဖို့ စောင့်နေသလို အင်းဝရဲ့ မြောက်ဘက်က မြို့အားလုံးလည်း အင်အားအခိုင်အမာစုဆောင်းနေကြတယ်။
သည်တော့ အင်းဝကို တစ်ခါတည်းစစ်ထိုးတာနဲ့ စစ်ကြောင်းကို တောင်ဘက်က မြို့တွေက အင်အားတွေနဲ့ နှောင့်ယှက်ကြမှာဖြစ်တယ်။ နောက်ချန်တပ်တွေ၊ ရိက္ခာထောက်တပ်တွေအတွက် အန္တရာယ်များတယ်။
ဒါကြောင့်မို့ စစ်ကို အင်းဝထံ တစ်ခါတည်းအရောက်မချီစေဘဲ အင်းဝတောင်ဘက်က မြို့တွေအားလုံးကို သိမ်းယူပြီးမှသာ အင်းဝကို စစ်ထိုးသင့်တယ်၊ စသဖြင့် လျှောက်တင်ပါတယ်။
တောင်ငူမင်းခေါင်ရဲ့ ဗျူဟာက အောက်ခြေမှာ ရှုပ်နေတဲ့ အကိုင်းအခက်တွေကို ရှင်းပြီးမှ ပင်စည်ကို ခုတ်လှဲမယ့်ဗျူဟာပါ။
အောက်ခြေရှင်းသွားတော့ ခုတ်ရ၊ပြုရတာ လွယ်ပါတယ်။ အထက်က အကိုင်းအခက်တွေကတော့ ပင်စည်လဲတာနဲ့ သူ့ဘာသာ လဲပြိုကျလာမှာပါပဲ။
သည် စစ်ရေးဗျူဟာကို ဘုရင့်နောင်မင်းတရားလဲ သဘောကျတာကြောင့် ချီလာတဲ့ ကြည်းကြောင်းတပ်များကို စစ်သုံးကြောင်းခွဲဖို့ စီစဉ်ပါတော့တယ်။
အနောက်ကြောင်း၊ အလယ်ကြောင်းနဲ့ အရှေ့ကြောင်းဆိုပြီး ခွဲပါတယ်။
အရှေ့ကြောင်းမှာ ညီတော်တောင်ငူမင်းခေါင် ဦးစီးပြီး မြင်းတပ်နှစ်တပ်နဲ့ ဆင်၊ခြေလျင်တပ်၎တပ်ပေါင်း ၇တပ်ဖြစ်ပြီး အလယ်ကြောင်းကိုတော့ ညီတော်မင်းရဲကျော်ထင်ဦးစီးပြီး မြင်းတပ်နှစ်တပ်၊ ဆင်၊ခြေလျင်တပ် ၄တပ် ပေါင်း ၇တပ်နဲ့ နှစ်ကြောင်းချီပါတယ်။
အနောက်ကြောင်းကိုတော့ ဘုရင့်နောင်ကိုယ်တိုင်ဦးစီးပြီး မြင်းတပ်၎တပ်နဲ့ ဆင်ခြေလျင်တပ်၁၀တပ် ကိုယ်ပိုင်တပ်တော်တစ်တပ် စုစုပေါင်း ဆယ့်ငါးတပ်နဲ့ ချီပါတယ်။
အနောက်ကြောင်းက ချီလာတဲ့ ဘုရင့်နောင်တပ်ဟာ ပုဂံမှာ ရေကြောင်းက ချီလာတဲ့ ညီတော်ပြည်မင်းသတိုးဓမ္မရာဇာကို စောင့်မှာ ဖြစ်ပါတယ်။
ပုဂံမရောက်ခင်မှာ ဘုရင့်နောင်တပ်တော်ဟာ တောင်တွင်းကြီးကနေ ကျောက်ပန်းတောင်းအထိ နယ်မြေများကို တိုက်ခိုက်သိမ်းယူပြီး ပုဂံမှာ ညီတော်ကိုစောင့်ရင်း ဘုရားဖူးရင်း စခန်းချနေပါတယ်။
တောင်ငူမင်းခေါင်စစ်ကြောင်းကတော့ ရမည်းသင်းကနေ အထက်တစ်လျှောက်ကို သိမ်းဖို့ ကြံစည်ပါတယ်။
ရမည်းသင်းကို တိုက်တဲ့အခါ ရမည်းသင်းစားဟာ မခုခံနိုင်လို့ ထွက်ပြေးရပါတယ်။ သည်လိုပဲ စစ်ကြောင်း လမ်းတစ်လျှောက်မှာ ရှိတဲ့ ၀တီစား၊ ယင်းတော်စား၊ လှိုင်းတက်စား၊ ညောင်ရမ်းစားတို့လဲ ခုခံဖို့ မလွယ်တာကြောင့် စုဆောင်းထားတဲ့ အင်အားအလုံးအရင်းကို ယူပြီး အင်းဝကို ပြေးကြပါတယ်။
မင်းရဲကျော်ထင်ရဲ့ အလယ်စစ်ကြောင်းလမ်းကြောမှာရှိတဲ့ ပင်းတလဲစားနဲ့ ပြင်စည်စားတို့လဲ ခုခံဖို့ မဖြစ်နိုင်တာကြောင့် အင်အားတွေနဲ့တကွ အင်းဝကို သွားပေါင်းကြရပါတယ်။
သည် မင်းနှစ်ပါးရဲ့ တပ်တွေဟာ လမ်းတစ်လျှောက်က နယ်မြေတွေ၊ လက်နက်လူသူဆင်မြင်းတွေကို စုဆောင်းသိမ်းယူပြီး အင်းဝကို ရည်မှန်းချက်အတိုင်း ဆက်ချီတက်ကြပါတယ်။
နောက်ဆုံးမှာတော့ ရည်မှန်းချက်နေရာဖြစ်တဲ့ အင်းဝအနီးက ပင်းယတောင်ကို ရောက်တဲ့အခါ တပ်ချရပ်နားကြပါတယ်။
တောင်ငူမင်းခေါင်က အရင်ရောက်နှင့်ပြီး မင်းရဲကျော်ထင်က နောက်မှ ရောက်ပါတယ်။
သည်လို ပဲခူးတပ်တွေ စစ်ချီလာရာ လမ်းတစ်လျှောက်မှာရှိတဲ့ မြို့စား၊ နယ်စားတွေဟာ မခုခံနိုင်တဲ့အပြင် အင်းဝကို အင်အားတွေနဲ့တကွ ပြန်ပြေးကြရတဲ့အတွက် အင်းဝမှာ အားနည်းချက်တွေ ဖြစ်လာရပါတယ်။
ဘာလို့လဲဆိုတော့ ခွာစစ်ရဲ့ သဘောတရားအတိုင်း အင်းဝတပ်တွေဟာ ဆုတ်ခွာတဲ့အခါ ခရီးမဖင့်နှေးရလေအောင် ရိက္ခာတွေကို လုံလုံလောက်လောက်သယ်သွားနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အင်အားများစွာ အင်းဝကို ရောက်လာတဲ့အခါမှာတော့ အင်းဝဟာ သူ့မှာရှိနှင့်တဲ့ ဗမာတပ်၊ ရှမ်းတပ်တွေအပြင် နောက်ထပ် ရောက်လာတဲ့တပ်တွေအတွက် ရိက္ခာအခက်အခဲကို စတင် ကြုံတွေ့ရပြီဖြစ်ပါတယ်။
သည်အတွက်တော့ အင်းဝဘုရင် နရပတိစည်သူဟာ ကြိုတင်ပြင်ဆင်ထားလေသလား မပြောတတ်ပါဘူး။
ညီတော်မင်းနှစ်ပါးရဲ့ စစ်ကြောင်းနှစ်ခု ပင်းယတောင်မှာ ဆုံကြတဲ့အခါ တပ်တွေ ခေတ္တရပ်နားပြီး တပ်မှုးစစ်သူကြီးအပေါင်း အစည်းအဝေးလုပ်ကြပါတယ်။
တောင်ငူမင်းခေါင်က အစ်ကိုတို့၊ ကျွန်တော်တို့တော့ အခု ရည်မှန်းချက်ဖြစ်တဲ့ အင်းဝအနီးတော့ ရောက်လာခဲ့ပြီ၊ နောင်တော်မင်းတရားကတော့ ပုဂံကြောင်းကို ချီပြီး ညီတော်ပြည်မင်းတပ်ရဲ့ လှေတပ်နဲ့ ပေါင်းပြီး အင်းဝအနောက်ခြမ်းက မြို့တွေကို သိမ်းမှာပဲ။ ကျွန်တော်တို့ကိုလည်း အခေါ်လွှတ်မလာခဲ့ဘူး။ သည်မှာလည်း အကြာကြီးနေလို့ မဖြစ်ဘူး၊ လမ်းတစ်လျှောက် ရန်သူ့နယ်မြေအားလုံး သိမ်းပြီးဖြစ်လို့ နောက်ရန်လည်း ပူစရာမရှိဘူး၊ သည်တော့ ကျွန်တော်တို့အနေနဲ့ အင်းဝကို တိုက်မလား၊ ဒါမှမဟုတ် နောင်တော်နဲ့ပဲ တပ်တွေ သွားပေါင်းမလား၊ အစ်ကိုတို့ ဘယ်လိုလုပ်ချင်ကြပါသလဲလို့ ချပြပါတယ်။
သည်တော့ ညီတော်မင်းရဲကျော်ထင်က တက်ကြွတဲ့လူငယ်ပီပီ ကျွန်တော်တို့ကို လွှတ်တာက တိုက်ဖို့သာ လွှတ်တယ်၊ ဒီမှာ စခန်းချဖို့ လွှတ်တာမဟုတ်ဘူး၊ အဲဒါကြောင့် အင်းဝကို တပ်တွေချီပြီး တိုက်ကြရအောင်လို့ တိုက်တွန်းပါတယ်။
အဲဒါကို တပ်မှုးစစ်သူကြီးတစ်ဦးဖြစ်တဲ့ ဗညားကျန်းထောက သဘောမတူပါဘူး။ ၀ါရင့်တပ်မှုးတစ်ယောက် မဟုတ်လား။
သူက အခုလို ပြောပါတယ်။
မင်းသားပြောတာလဲ စစ်ရေးအနေနဲ့မို့ မှန်ပါတယ်။ ဒါပေမယ့် အခုအရေးကတော့ တိုက်သမျှစစ်နိုင်ခဲ့တာမို့ အလျင်အမြန်ချီတက်တိုက်ခိုက်ဖို့ သင့်တော်တဲ့ အရေးမဟုတ်ဘူး။ အင်းဝနရပတိစည်သူဆိုတာကလည်း အရည်အချင်းရှိသလို အင်အားကလည်း တောင့်တင်းလွန်းတယ်၊ ကျွန်တော်တို့လာတဲ့ အင်အားလောက်နဲ့ အင်းဝကို သိမ်းနိုင်မယ်လို့ အတတ်မပြောနိုင်ဘူး၊ ဒါကြောင့် မင်းတရားကြီးတပ်တွေ ရောက်လာမှသာ ပူးပေါင်းတိုက်ခိုက်သင့်တယ်။ အခုလောလောဆယ်တော့ သည်မှာပဲ အခြေချပြီး နေကြမယ်။ အင်းဝက တပ်တွေ ထွက်လာပြီးတိုက်ရင်လည်း ပြန်တိုက်မယ်။ မတိုက်ရင်လည်း အင်အားကို စုဆောင်းပြီး အားဖြည့်နေကြသင့်တယ်လို့ ပြောပါတယ်။
ကျန်တဲ့တပ်မှုးစစ်သူကြီးတွေကလည်း ဗညားကျန်းထောရဲ့ အဆိုကို ပိုနှစ်သက်ထောက်ခံကြတာမို့ တောင်ငူမင်းခေါင်လဲ သဘောတူပြီး သည်နေမှာတင် တပ်ချနေလို့ ဘုရင့်နောင်မင်းတရားကြီး ရောက်လာမယ့်အချိန်ကိုသာ စောင့်ဆိုင်းကြဖို့ သဘောတူလိုက်ပါတယ်။
ဘုရင့်နောင်နဲ့ ညီတော်ပြည်မင်းရဲ့ တပ်တွေကလည်း မကြာမီ အချိန်အတွင်းမှာ ရောက်လာတော့မှာမို့ အင်းဝရဲ့ အခြေအနေဟာ ရှေ့၊ နောက် စစ်နှစ်ဖက် ညှပ်ခံရတော့မယ့် အခြေအနေ ဖြစ်နေပါတော့တယ်။

ဆက်ရန်...

Monday, February 18, 2013

အလုပ်များချင်ယောင်ဆောင်နေသော ကျွန်တော်


လုပ်စရာတွေကလဲ များလိုက်တာဗျာ။
တကယ်ပါ။ မယုံမရှိပါနဲ့။
လုပ်ချင်တာတွေလဲ တစ်ပုံကြီး၊ လုပ်သင့်တာတွေလဲ တစ်ပုံကြီး။
သည်အပုံကြီးနှစ်ပုံထဲက ဘယ်ဟာလေးတော့ ထုတ်ပြီး ပြီးအောင် လုပ်လိုက်ရင်ကောင်းမလဲ။
သည်လို စဉ်းစားရင်း စဉ်းစားရင်းနဲ့ပဲ အချိန်တွေသာ ကုန်သွားတယ်။
ကျွန်တော် တစ်ခုမှလည်း ပြီးအောင် မလုပ်လိုက်ရဘူးဗျာ။
ကိုယ့်ကိုကိုယ်တော့ ပြောနေတာပဲ။
ငါ လုပ်စရာတွေ အများကြီး၊ အချိန်ဖြုန်းလို့ မဖြစ်ဘူး။
ဒါပေမယ့်လဲ အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကို အလုပ်များနေသလိုလို ဘာလိုလိုနဲ့ တကယ်တော့ ဘာမှလဲ မလုပ်ဖြစ်ပါဘူးဗျာ။
မယုံမရှိနဲ့ဗျ... ဖေ့စ်ဘုတ်ခ်က စကားလာပြောတဲ့ ကောင်မလေးတွေကိုတောင် ကျွန်တော် အလုပ်များနေလို့ပါဆိုပြီး ပြန်မပြောဖြစ်တာ ကြာလှပေါ့ :P။ ဂျီတော့လဲ ဖွင့်ထားရင် လာ စကားပြောနေကြမှာစိုးလို့ ပိတ်ထားတယ်။ ပြန်မပြောရင်လဲ မကောင်းဘူးမဟုတ်လား။
အမယ်... သည်ကောင် ဘာတွေ အလုပ်များနေလို့လဲလို့ ထင်ကြမယ်။
ပြောပြမယ်ဗျာ...
ပထမဆုံး လုပ်ချင်နေတဲ့ အပုံကြီးအကြောင်း...
(၁) စာရေးချင်တယ်။ သည်ဘလော့လေးမှာပေါ့။ လောလောဆယ်ရေးနေတဲ့ စည်သူကျော်ထင်တောင် ဆက်မရေးဖြစ်သေးဘူး။
(၂) အဲဒီအတွက် စာဖတ်ရမယ်၊ စာဖတ်ချင်တယ်။
(၃) ningဆိုက်မှာ ရေးပေးနေတဲ့ ရုပ်ရှင်အကြောင်းလေးတွေ ရေးပြီး တင်ပေးဖို့လုပ်ချင်တယ်။
(၄) အဲဒီအတွက် ရုပ်ရှင်ကြည့်ရမယ်၊ ကြည့်ချင်တယ်။
(၅) သီချင်းဆိုတာ ၀ါသနာပါလို့ သူငယ်ချင်းတွေနဲ့ စုပြီး ဂစ်တာတီး၊ သီချင်းဆိုမယ်၊ တစ်ခါတစ်လေ အသံသွင်းမယ်။
ငါးခုလောက်ပဲ ထားပါတော့။
လုပ်သင့်တဲ့ အပုံကြီး...
(၁) ကိုယ်က နိုင်ငံခြားမှာဆိုတော့ ဘာသာစကားက မကျွမ်းသေးဘူး။ ဒီတော့ ဘာသာစကားကို လုပ်ရမယ်။ လုပ်သင့်တယ်။
(၂) ကိုယ်က စာလာသင်နေတော့ဆိုတော့ ကျောင်းတက်ရမယ်၊ (ကျောင်းချိန်တွေကလဲ များတယ်)
(၃) သင်တဲ့အခါကျတော့ အခန်းထဲမှာက ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ သင်တာမဟုတ်ဘူး။ နောက် လက်ချာခေါ်တာက များတယ်။ ဒီတော့ လက်ချာလိုက်ရမယ်။ မမီတာတွေကို အဆောင်ပြန်ရောက်ရင် ကူးရဦးမယ်။
(၅) ကူးပြီးရင် ပြီးပြီလား၊ မပြီးသေးဘူး၊ သင်တုန်းက နားမလည်လိုက်တာတွေ ပြန်ဖတ်ရမယ်။ ပြန်ရှာရမယ်။ ဘာသာပြန်ရမယ်။ ပြန်တွက်သင့်တာ တွက်ရမယ်။
(၆) အင်ဂျင်နီယာဘာသာရပ်ဆိုတာကလဲ သင်လိုက်တာသာ တစ်ခုတည်းရယ်၊ သိထား၊ တတ်ထားရမှာက အများကြီးရယ်နော်၊ matlabတို့လို၊ autocadတို့လို၊ c programmingတို့လို မသိထား၊ မတတ်ထားလို့ကို မရဘူး၊ ဒီအတွက် အဲဒါတွေကိုလည်း လေ့လာရဦးမယ်။
(ဘာသာရပ်ပေါင်း ကိုးခုကို လောလောဆယ် သင်နေရပါတယ်)
လောလောဆယ် ဒီစာကို စဉ်းစားပြီး ချရေးတော့ သိပ်တော့လဲ မများပါဘူးနော်... ဟီးးး
လူတစ်ယောက် တစ်ရက်ကို ၂၄နာရီ ရပါတယ်။
ကျွန်တော်ဆိုတဲ့ကောင်က တစ်ရက်ကို ဆယ်နာရီလောက် အိပ်မှ အိပ်ရေးဝသလိုလိုရှိတာ။
ကျန်တာ ဆယ့်လေးနာရီကျန်တယ်။
ကျောင်းဖွင့်ရက်ဆို နိုးတာနဲ့ ကျောင်းကို ထပြေးရတယ်။
ကျောင်းမှာ နားလည်လည်၊ မလည်လည် စာသင်ခန်းထဲမှာ ထိုင်နေရတယ်။
ကျောင်းကပြန်လာတော့လည်း ငယ်ငယ်ကလို လွယ်အိတ်ပစ်ချပြီး ထမင်းစားလို့ ဘယ်ရမလဲ။
ကိုယ်စားဖို့က ကိုယ့်ဘာသာချက်ပြုတ်ရသေးတာ။ ဘယ်သူမှ လာမချက်ကျွေးဘူးလေ။
ချက်ပြီး ပြုတ်ပြီးပြန်တော့လဲ စားသောက်၊ စားသောက်ပြီးပြန်တော့ ဖေ့စ်ဘုတ်လေးက သုံးချင်သေးတယ်။
အဲ နောက်ပြီး သတင်းလေးကလဲ ဖတ်ချင်သေးတယ်။ တစ်နေ့ တစ်နေ့ သတင်းတွေ လွတ်သွားရင် ဒီသတင်းခေတ်ကြီးထဲမှာ ကိုယ်က ကျန်နေခဲ့မှာကိုး... နော့။
သတင်းဖတ်တော့လဲ သတင်းဌာနတွေ စုံအောင် လိုက်ဖွင့်ပြီး လိုက်ဖတ်ရတယ်။ တစ်ဖက်တည်းက ရေးတာကို ဖတ်နေရင် အမှန်မြင်နိုင်ဖို့ မလွယ်ဘူးမဟုတ်လား။ နှစ်ဖက်လုံးက ရေးတာကို ဖတ်မှ ကြားထဲက အမြင်ကို ကိုယ်ရပေမပေါ့။
အဲဒါတွေလဲ အကုန်လုပ်ပြီးရော၊ အချိန်က တော်တော်လင့်နေပြီ။
ကဲ... ငါ ဘာစလုပ်မလဲလို့ အပုံကြီး နှစ်ပုံကို လှမ်းကြည့်လိုက်တယ်။ 
ဟင်... အများကြီးပဲ... ငါ ဘာကို စလုပ်ရမှာလဲ... ငါ တော်တော်ကို အလုပ်ရှုပ်တဲ့ ကောင်ပါလားပေါ့။
မဖြစ်သေးပါဘူး... ဒါတွေလုပ်ရင် ငါ ပင်ပန်းဦးမှာ... မပင်ပန်းခင် relax လုပ်ဦးမယ်ဆိုပြီး ဂိမ်းလေး စဖွင့်လိုက်ပါတယ်။
ဒီလိုနဲ့ ခဏပဲ ဆော့မယ်ကွာဆိုပြီး ဆော့လိုက်တာ၊ ဆော့လိုက်တာတော့ ခဏလေးပဲ၊ တော်လောက်ပြီဆိုပြီး အချိန်လဲ ပြန်ကြည့်လိုက်ရော အိပ်သင့်တဲ့အချိန်ရောက်နေပြီ၊
ထားလိုက်ပါတော့ကွာ... ဒါတွေ နောက်နေ့မှပဲ လုပ်တော့မယ်... ဟီးးဟီးး
တစ်နေ့ ဆယ်နာရီ မအိပ်ရရင် အိပ်ရေးက ၀ကို မ၀ဘူးလေ။
သည်လိုနဲ့ အိပ်ရာဝင်၊ နောက်တစ်နေ့ပြောင်း၊ ဒီလိုပဲ လည်ပတ်နေလိုက်တာပေါ့။
လူကတော့ ကိုယ့်ကိုကိုယ် လုပ်စရာတအားများတဲ့လူကြီး၊ အလုပ်တွေ အချိန်တိုင်းရှုပ်နေတဲ့လူကြီးပေါ့။ ကိုယ့်ကိုကိုယ်လိမ်နေတာလေ။
သေချာပြန်ကြည့်တော့မှ... ဟင်... ငါဘာမှလဲ မလုပ်သေးရပါလား...
ဘာတစ်ခုဆို ဘာတစ်ခုမှကို မလုပ်ရသေးတာ။
ဟိုလိုလို၊ သည်လိုလိုနဲ့ အချိန်တွေ ကုန်နေခဲ့တာလေ။
တစ်ခုခုတော့ လုပ်မှကိုဖြစ်တော့မှာ၊
အလုပ်(work done)ဆိုတာ အရွေ့ရှိမှာ အလုပ်လို့ ခေါ်တယ်တဲ့။
ကျွန်တော်ကတော့ တစ်ခုမှ မရွေ့သေးဘူး...
အင်း... ဘယ်နှစ်နာရီတောင် ရှိပြီလဲ မသိပါဘူး။
ဟင်... အိပ်ချိန်တောင် ရောက်နေပြီ။
မဖြစ်သေးပါဘူး... အိပ်တော့မှပါ။ နောက်နေ့တွေလဲ လုပ်စရာအများကြီး ရှိသေးတယ်။
တော်ပြီ... အိပ်ပြီကွာ...