Tuesday, January 28, 2014

JPEG ဆိုတာ ဘာလဲ (၄)

ကြားထဲမှာ အဆက်ပြတ်သွားလို့ တောင်းပန်ပါတယ်။ စာမေးပွဲနဲ့ ပရောဂျက်ကိစ္စတွေ ရှုပ်နေလို့ပါခင်ဗျာ။

(ဃ) quantisation ပြုလုပ်ခြင်း


ကျွန်တော်တို့အနေနဲ့ အဆင့်(ဂ)ကို ပြုလုပ်ပြီးချိန်မှာ ၈x၈ matirx တစ်ခုနဲ့ ပါဝင်ကြသော coefficients ၆၄ခုကို ရရှိပြီဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ quantisation ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
Quantisation  ပြုလုပ်ခြင်းဖြင့် ဘယ်dataဟာ အရေးကြီးပြီး ဘယ်dataကတော့ အရေးမကြီးဘူးဆိုတာ သိနိုင်ပါတယ်။ သိပြီးနောက်မှာ userအနေနဲ့ ကိုယ်လိုချင်တဲ့ qualityအလိုက် file sizeကို လျှော့ချသွားနိုင်ပြီဖြစ်ပါတယ်။ JPEG compression မှာ သည်အဆင့်ဟာ ဖိုင်ပမာဏကို အလျှော့ချပေးနိုင်ဆုံး အဆင့်လဲ ဖြစ်ပါတယ်။
သည်လိုလျှော့ချနိုင်ဖို့အတွက် quantisation matrix တွေဟာ သူ့qualityအလိုက် သီးသန့်တည်ရှိကြပါတယ်။ သူသည်လည်းပဲ ၈x၈ matrix ပဲ ဖြစ်ပါတယ်။ quality အတွက်ဖြစ်တဲ့အတွက် matrixနာမည်ကို Q လို့ ပေးထားပါတယ်။ Q1 သည် ကွာလတီအနိမ့်ဆုံး လျှော့ချပေးမှာဖြစ်ပြီး Q100ကတော့ မူရင်းတန်ဖိုးအတိုင်းပဲ ဖြစ်သွားမှာပါ။ အောက်မှာတော့ နမူနာအနေနဲ့ အချို့သော quality matrix တွေကို ဖော်ပြပေးထားပါတယ်။

ဖိုင်ပမာဏကို လျှော့ချတဲ့နေရာမှာ အောက်ပါ အချက်နှစ်ချက်ကို အသုံးပြုပြီး လျှော့ချသွားတာပါ။
(က) ဖိုင်ပမာဏလျှော့ချသော်လည်း မူရင်းပုံမှာ ပါဝင်နှုန်းမြင့်မားတဲ့ coefficientsတွေကို ဆက်လက်ထိန်းသိမ်းသွားခြင်း၊
(ခ) coefficient တွေရဲ့ မူရင်းတန်ဖိုးဟာ သုညနားကို ကပ်နေရင်တော့ တန်ဖိုးကို လုံးဝ သုညအဖြစ် သတ်မှတ်လိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဖိုင်ပမာဏလျှော့ချတဲ့ ပုံသေနည်းကတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။


သဘောတရားကတော့ တတိယအဆင့်မှာ ကျွန်တော်တို့ ရရှိထားတဲ့ DCT matrix ကိုတည်ပြီး ကိုယ်လိုချင်တဲ့ ကွာလတီအတိုင်း ပုံသေဖြစ်တဲ့ quality matrix နဲ့ matrix စားနည်းအတိုင်း စားလိုက်တာဖြစ်ပါတယ်။
ဥပမာအနေနဲ့ ကျွန်တော်တို့ တတိယအဆင့်မှာ ရရှိထားတဲ့ ၈x၈ matrix ကို Q50 matrix နဲ့ quantisation ပြုလုပ်တဲ့အခါ အောက်ပါ matrix ကို ရရှိမှာပါ။
အထက်ဖော်ပြပါ (က)နဲ့ (ခ) အချက်နှစ်ချက်အတိုင်းပဲ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ဂဏန်းတွေကို ဒဿမကိန်းတွေဖြုတ်ချပြီး တန်ဖိုးများအတိုင်း ထိန်းသိမ်းယူဆောင်ပါတယ်။ သုညနားနီးတဲ့ ကိန်းဂဏန်းတွေကိုတော့ လုံးလုံး သုညအဖြစ် လျှော့ချလိုက်တာကို တွေ့ရမှာပါ။
ဒီနေရာမှာတော့ User အသုံးပြုချင်တဲ့ quality matrix အလိုက် Q10 ဆိုရင်တော့ သုညကိန်းတွေ အများကြီးတွေ့ရမှာဖြစ်ပြီး Q90ဆိုရင်တော့ သုညကိန်းတွေကို အနည်းငယ်ပဲ တွေ့ရလိမ့်မယ်ဖြစ်ပါတယ်။
ဒါဆိုရင်တော့ အဆင့်(၄)ကို အောင်မြင်စွာ ပြုလုပ်ပြီးစီးသွားလို့ အဆင့်၅ codeများအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ပြီဖြစ်ပါတယ်။

(င) code များ အဖြစ် ပြောင်းလဲသတ်မှတ်ကာ ကာလာများ ပြန်လည်ဖြည့်သွင်းခြင်း


အဆင့်(၄)မှ ရရှိလာတဲ့ coefficientsတွေကို ကျွန်တော်တို့အနေနဲ့ ကွန်ပြူတာမှ နားလည်သော binary codeများ အဖြစ် coding လုပ်ရပါမယ်။
JPEG compression လုပ်တဲ့နေရာမှာ များသောအားဖြင့်တော့ Huffman encode နည်းကိုပဲ အများဆုံး သုံးကြပါတယ်။
အထက်အဆင့်ကနေ ရလာတဲ့ coefficients ကိန်းဂဏန်းတွေအတွက် Huffman encode မှာ binary codeတွေ ရရှိအောင် ပြုလုပ်ရတာပဲဖြစ်ပါတယ်။ ဆိုကြပါစို့၊ ရိုးရိုးကိန်းဂဏန်း 4 အတွက် binaryမှာ 11 ဖြစ်ပါတယ်။ အဲဒီသဘောပါပဲ။
Huffman coding ကို အကျယ်ရှင်းနေရင် တအားရှည်သွားမှာမို့ အောက်ဖော်ပြပါပုံလေးကိုပဲ နမူနာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
သည်လိုမျိုး encodingလုပ်တဲ့နေရာမှာ JPEG compression ဟာ ziz-zag နည်းကို အသုံးပြုပါတယ်။ အောက်ပါအတိုင်း encodingလုပ်သွားတာ ဖြစ်ပါတယ်။
ဘာကြောင့် ziz-zagနည်းကို သုံးရသလဲ ကျွန်တော့်အထင်ပြောရရင်တော့ အပေါ်အဆင့်မှ ကျွန်တော်တို့ ရရှိခဲ့တဲ့ C matrixမှာ တွေ့ရှိရတဲ့ ဇီးရိုးတွေကြောင့်ပဲလို့ ထင်မြင်မိပါတယ်။
တကယ်တော့ သည်အဆင့်ပြီးသွားတဲ့ JPEG compression ဟာ အောင်မြင်ပြီးဆုံးသွားခဲ့ပါပြီ။ သို့သော် ကျွန်တော်တို့အနေနဲ့ ကုဒ်တွေကိုပဲ ရရှိနေသေးပြီး ပုံအဖြစ် ပြန်မမြင်ရနိုင်သေးပါဘူး။
ဒါကြောင့် display screen (ကွန်ပြူတာမော်နီတာscreenဖြစ်စေ၊ မိုဘိုင်းဖုန်းscreenဖြစ်စေ) မှာ Imageအဖြစ် ပြန်လည် ဖော်ပြပေးဖို့ရန်အတွက် decompression လုပ်ပေးဖို့ ပြန်လိုလာပါတယ်။
ရရှိတဲ့ကုဒ်တွေကို ကာလာအဖြစ် ပြန်လည်ပြောင်းလဲပေးဖို့ပါ။
ကျွန်တော်တို့ compressionလုပ်စဉ်မှာ ဆောင်ရွက်ခဲ့ရတဲ့ အဆင့်ငါးဆင့်ကို ပြောင်းပြန် ပြန်လုပ်တဲ့သဘောပါပဲ။ အဲဒါကြောင့် အကျယ်ရှင်းစရာမလိုတော့ဘူးထင်ပါတယ်။ အသုံးပြုတဲ့ ပုံသေနည်းတွေကိုတော့ ကျွန်တော် ဖော်ပြပေးသွားပါမယ်။
အစောက ရရှိခဲ့တဲ့ binary codeတွေကို C matrixအဖြစ် ပြန်လည် အသက်သွင်းပါမယ်။
ပြီးရင် R matrix ကို တည်ဆောက်ရပါမယ်။ ပုံသေနည်းကတော့ အောက်ပါအတိုင်းပါ။
ဆိုကြပါစို့။ codeဖြေအပြီး ပြန်လည်ရရှိတဲ့ C matrixကို ကျွန်တော်တို့အသုံးပြုခဲ့ quality matrixနဲ့ ပြန်မြှောက်ပေးတာပါ။ Q10သုံးခဲ့ရင်Q10 ၊ Q50သုံးခဲ့ရင် Q50ပေါ့လေ။
အဲဒါဆိုရင် ဥပမာအနေနဲ့ ကျွန်တော်တို့ အောက်ပါmatrixကို ရရှိပါပြီ။
ဒါရပြီးရင်တော့ Inverse DCTနည်းနဲ့ နောက်matrixတစ်ခု ပြောင်းယူရပါဦးမယ်။ ပုံသေနည်းကတော့ အောက်ပါအတိုင်းပါ။
တီဆိုတာ ဘာmatrixလဲ၊ တီပရိုင်းဆိုတာ ဘာ matrixလဲ ဆိုတာ မေ့သွားရင်တော့ တတိယအဆင့်ကို ပြန်ကြည့်ပေးပါနော်။
ကဲ နောက်ဆုံး N matrix ရပြီဆိုရင်ဖြင့် ကျွန်တော်တို့ဟာ color codeတွေ ပြန်လည်ရရှိပြီဖြစ်ပါတယ်။ display screen မှာ image အဖြစ် ပြန်လည်ဖော်ပြနိုင်ဖို့ ကာလာအရောင်များအဖြစ် ပြန်လည်ရေးသွင်းရုံပဲ ဖြစ်ပါတယ်။
JPEG compression လုပ်ခြင်းဖြင့် ဖိုင်ဆိုဒ်လျော့ကျသွားကြောင်းကိုတော့ အောက်ပါ matrix နှစ်ခုကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သိသာသွားပြီဖြစ်ပါတယ်ခင်ဗျာ။
အနည်းဆုံးအနေနဲ့ compression လုပ်ထားတဲ့ပုံဟာ မူရင်းပုံထက် ခုနစ်ဆယ်ရာခိုင်နှုန်း ဖိုင်ဆိုဒ်လျော့နည်းသွားပြီဖြစ်ပါတယ်။
သည်လို အဆင့်ပေါင်းမြောက်မြားစွာကို ဖြတ်ကျော်ပြီးမှသာလျှင် ကျွန်တော်တို့ဟာ quality သိသိသာသာမလျော့ကျသော်လည်း ဖိုင်ဆိုဒ်သိသိသာသာလျှော့ချပေးနိုင်သော JPEG type ဖြစ်တဲ့ ဓာတ်ပုံများကို ရရှိခြင်းဖြစ်ကြောင်းပါခင်ဗျား။

ပြီးဆုံးသည်အထိ သည်းခံပြီး ဖတ်ရှုပေးခဲ့ကြသူအပေါင်းအား ကျေးဇူးအထူးတင်ရှိပါသည်။

ကိုးကား
(၁) Image compression and discrete cosine transform – Ken Cabeen and Peter gent
(၄) An Introduction to Image Compression - Speaker: Wei-Yi Wei
      Advisor: Jian-Jung Ding
      Digital Image and Signal Processing Lab
                                                               GICE, National Taiwan University


Wednesday, January 8, 2014

လည်ပြန်ခလုတ်တိုက်အလွမ်းများ


အသိုက်က ထွက်လာတဲ့
အပျံသင် ငှက်တစ်ကောင်အတွက်တော့
လေပြေတိုက်ချိန်ဆိုတာ ခပ်ရှားရှားပဲ
လေပြင်းမိလိုက်
မိုးရေထိလိုက်
နှင်းခဲရိုက်လိုက်
နေပူကျဲတဲထဲမှာလဲ နားခိုစရာအသိုက်ကို ရှာမတွေ့ပြန်ဘူး
ရင်မောစရာတွေကြုံတိုင်း
အတိတ်ကို လည်ပြန်ကြည့်မိတဲ့အခါ
အလွမ်းတွေနဲ့ ခဏခဏ ခလုတ်တိုက်မိရဲ့
တစ်ချိန်က မာတယ် ထင်တဲ့ ကိုယ့်အသည်း
ခုမှ လွမ်းတတ်နေတယ်
ပြက္ခဒိန်စာမျက်နှာတစ်ရွက် လှန်လိုက်တိုင်း
ဒိုင်ယာရီစာမျက်နှာတစ်ရွက်ကို ပြန်လွမ်းတယ်
ငယ်ငယ်က ဘောလုံးနဲ့ တအုံးအုံးကန်ခဲ့ဖူးတဲ့
အုတ်နံရံကြီးကိုလဲ ပြန်လွမ်းတယ်
ဆေးလိပ်ခိုးသောက်ခဲ့ဖူးတဲ့ ချောင်ကလေးကိုလဲ လွမ်းတယ်
ထန်းရည်အတူသောက်ဖူးတဲ့ မဲကြီးကိုလဲ လွမ်းတယ်
ရွာရိုးကိုးပေါက် လျှောက်နင်းဖူးတဲ့
မောင်ဗမာဘီးကြီးကိုလဲ လွမ်းတယ်
ပြီးတော့
ကျောင်းပြန်ချိန်တိုင်း ငါ ဆွဲကူပေးဖူးတဲ့
နင့် ခြင်းတောင်းအပြာလေးကိုလဲ လွမ်းတယ်



Sunday, January 5, 2014

JPEG ဆိုတာ ဘာလဲ (၃)



(ဂ) DCT (descrete cosine transform) နည်းဖြင့် ပြောင်းလဲခြင်း

ပုံကို downsample လုပ်ပြီးတဲ့အခါမှာ ရလာတဲ့ တန်ဖိုးတွေကို DCT နည်းနဲ့ matrixရအောင် ပြောင်းယူရပါတယ်။
DCTဆိုတာကို ရှင်းပြရင်တော့ သင်္ချာပိုင်းတွေကို ရောက်သွားမှာဖြစ်ပြီး တော်တော်လေး ရှည်ရှည်ဝေးဝေးဖြစ်သွားမှာမို့ အကြမ်းဖျင်းပဲ ပြောပါမယ်။ (သင်္ချာပိုင်းတွေက ခက်ခဲပြီး ကျွန်တော် သိပ်နားမလည်တာလဲ ပါပါတယ်။) နောက်ပြီး သင်္ချာပိုင်းတွေကို အတိအကျသိစရာမလိုတဲ့အတွက်လဲ အဲဒီအပိုင်းကို ခေါင်းထဲထည့်စရာမလိုပါဘူး။ matrix သင်္ချာကို နားလည်ရင် ရပါပြီ။ (matrixသင်္ချာနားလည်ဖို့တော့ လိုကိုလိုပါမယ်။)
ကျွန်တော်နားလည်သလို အလွယ်နည်းအတိုင်းပဲ ကျွန်တော်ဆက်ရှင်းသွားပါမယ်နော်။
အထက်အဆင့်တွေမှာ pixelတစ်ခုချင်းစီအတွက် YCbCr componentsတွေနဲ့ downsample လုပ်ပြီးခဲ့ပါပြီ။ အဲဒီနောက် ရရှိလာတဲ့ pixelတစ်ကွက်ချင်းစီကို 8x8 blockများ အဖြစ် ဖန်တီးလိုက်ပါတယ်။ 8x8 ဘလော့ကွက်ဆိုတာကတော့ အောက်ကပုံအတိုင်းပါ။


အလျားလိုက် အကွက်ရှစ်ကွက်၊ ဒေါင်လိုက် အကွက်ရှစ်ကွက် ပုံစံ၊ စုစုပေါင်း ခြောက်ဆယ့်လေးကွက် ရှိပါမယ်။
ဒီလိုလုပ်ရတာကတော့ matrix လိုချင်လို့ပါ။ 8x8 block ဖြစ်တဲ့အတွက် matrix ကလည်း 8x8 matrix ပဲ ဖြစ်ပါမယ်။
ရလာတဲ့အကွက်တွေမှာ တစ်ကွက်ချင်းစီတိုင်းအတွက် တန်ဖိုးတွေရှိပါတယ်။ အထက်အဆင့်တွေက ရရှိထားတဲ့ အလင်းအမှောင်အရောင်ဆိုတဲ့ တန်ဖိုးတွေပေါ့။ နားလည်လွယ်သွားအောင် ဥပမာတစ်ခုထားပြီး ကျွန်တော်ပြသွားချင်ပါတယ်။ မူရင်းပုံသေနည်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီပုံသေနည်းဖတ်ရုံနဲ့ ကျွန်တော်နားမလည်ခဲ့ဘဲ ဥပမာတစ်ခုကြည့်ရင်းနဲ့သာ နားလည်ခဲ့တာမို့ပါ။


အထက်ဖော်ပြပါပုံဟာ DCT matrix ရယူတဲ့ ပုံသေနည်းတစ်ခုပါပဲ။ ကျွန်တော်ကတော့ အဲဒီပုံသေနည်းနဲ့ နားမလည်ခဲ့တာမို့ တခြားနားလည်ခဲ့တဲ့ပုံသေနည်းနဲ့ ရှင်းပြချင်ပါတယ်။
အရင်ဆုံး ကျွန်တော် T matrix ကို လိုအပ်ပါတယ်။ T matrix ရယူနိုင်မယ့် ပုံသေနည်းကတော့


T matrix က ဘာလဲဆိုရင် T matrixလို့ပဲ သိထားတာ ပိုကောင်းပါတယ်။ သူက DCTလုပ်တဲ့အခါ လိုအပ်တဲ့ D matrix တွက်ချက်တဲ့နေရာမှာ လိုအပ်တဲ့ matrixတစ်ခုပါ။
ပုံသေနည်းထဲက Nဆိုတဲ့ နေရာမှာ ကျွန်တော်တို့ အပေါ်က ခွဲခဲ့တဲ့ blockက ဂဏန်းကို ယူပါတယ်။ 8x8 ဖြစ်တဲ့အတွက် 8ကို ယူပါတယ်။ i ဟာ ရလာမယ့် matrixရဲ့ ဒေါင်လိုက် နံပါတ်ဂဏန်းဖြစ်ပြီး j ကတော့ အလျားလိုက် နံပါတ်ဖြစ်ပါတယ်။


ဖော်ပြပါပုံမှာ ရှေ့ဂဏန်းသည် i ကို ကိုယ်စားပြုပြီး နောက်ဂဏန်းသည် j ကို ကိုယ်စားပြုပါတယ်။
အထက်က ဖော်ပြထားတဲ့ T ပုံသေနည်းအတိုင်း ထည့်တွက်လိုက်တဲ့အခါ အောက်ပါ matrix ကို ရရှိပါတယ်။


ရရှိလာတဲ့ T matrixကို သိမ်းထားပြီး ကျွန်တော်တို့ downsampleလုပ်ထားတဲ့ pixelတစ်ခုချင်းစီအလိုက် ခွဲထားသော 8x8 blockအတိုင်း ရရှိထားတဲ့ တန်ဖိုးတွေကို အောက်ပါ 8x8 matrix ထဲမှာ ရှိနေပါတယ်။ ဒီနေရာမှာ မူရင်းရိုက်ယူထားတဲ့ ပုံနဲ့ ကိုယ်ရယူမယ့် pixelနေရာကို လိုက်ပြီး တန်ဖိုးတွေက အပြောင်းအလဲ ရှိနေမှာဖြစ်ပါတယ်။ အောက်ဖော်ပြပါ matrixဟာ နမူနာတစ်ခုစာသာ ဖြစ်ပါတယ်။


ဒီ မူရင်းတန်ဖိုး matrixကနေ M matrix ရရှိအောင် တွက်ယူရပါမယ်။ M matrix ဆိုတာကလည်း D matrix ရအောင် တွက်ဖို့ လိုအပ်တဲ့ matrixတစ်ခုပါပဲ။
M matrix ကို ရဖို့ရန် မူရင်းတန်ဖိုး matrixထဲကနေ 128 ကို နှုတ်ပေးသွားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသုံးပြုထားတာဟာ 8x8 block ဖြစ်တဲ့အတွက်ကြောင့် digital နည်းအရ နှစ် ရှစ်ထပ် ဟာ 256 နဲ့ ညီမျှပြီး 256ကို အပေါင်းနဲ့ အနှုတ် အညီအမျှခွဲဝေလိုက်တဲ့အခါ -128 ကနေ 127အထိ ရပါတယ်။ 0ကိုလည်း အပေါင်းဂဏန်းအဖြစ် ထည့်တွက်ထားပါတယ်။ M matrixကို တွက်တဲ့အခါ အထဲမှ ဂဏန်းတိုင်းဟာ သည်အတိုင်းအတာအတွင်းမှာပဲ ရှိနေရမှာဖြစ်တဲ့အတွက် အားလုံးကို အညီအမျှ 128နဲ့ နှုတ်လိုက်ခြင်းပါပဲ။ ဒါကြောင့် M matrixဟာ အောက်ပါအတိုင်း ဖြစ်သွားပါတယ်။


M matrix ကို ရရှိတဲ့အခါ ကျွန်တော်တို့ D matrixကို ဆက်တွက်လို့ရပါပြီ။
အောက်ပါ ပုံသေနည်းအတိုင်း တွက်နိုင်ပါတယ်။


ပုံသေနည်းထဲက နောက်ဆုံး T အပေါ်က မျဉ်းကြောင်းလေးနဲ့ အက္ခရာဟာ တီပရိုင်းလို့ ခေါ်ပြီး Inverse matrix ဖြစ်ပါတယ်။ ကျွန်တော်တို့ အစောပိုင်းက တွက်ချက်ရရှိထားတဲ့ T matrixကို ပြောင်းပြန် (Inverse) ယူလိုက်တာပါ။ ပုံမှန်သင်္ချာတွက်နည်းလို 23ကို 32လို့ ယူလိုက်တာမဟုတ်ဘဲ Inverse matrixတွက်နည်းဟာ matrix သင်္ချာမှာ တွက်နည်းသက်သက်ရှိတာမို့ အရှည်မရှင်းတော့ပါဘူး။ Inverse matrixတွက်နည်းနဲ့ တွက်ယူလိုက်တယ်လို့ သိထားရင် ဖြစ်ပါတယ်။ နောက်ပြီး ပုံသေနည်းပါ တီ၊ အမ်မ် နဲ့ တီပရိုင်းတို့ဟာ အချင်းချင်းမြှောက်ထားကြတာဖြစ်ပြီး matrixသင်္ချာမှ matrixမြှောက်နည်းနဲ့ပဲ မြှောက်ကြရတာပါ။ ဒီဘက်ခေတ်မှာ mathcadလို ဆော့ဖ်ဝဲလ်တွေနဲ့ အလွယ်တွက်နိုင်နေပြီလဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ D matrixကို အထက်ပါပုံသေနည်းအတိုင်း ထည့်တွက်လိုက်ရင်ဖြင့် လိုအပ်သော matrixကို DCTနည်းနှင့် တွက်ချက်ရရှိခြင်းပဲ ဖြစ်ပါတယ်။


.
ဆက်ရန်...



Saturday, January 4, 2014

JPEG ဆိုတာ ဘာလဲ (၂)


JPEG ရရှိရန် လုပ်ဆောင်ပုံအဆင့်ဆင့်

JPEGရရှိဖို့ compression လုပ်တဲ့အခါ ပညာရှင်တစ်ဦးနဲ့ တစ်ဦး အဆင့်သတ်မှတ်တာခြင်း မတူညီကြပါဘူး။ အနည်းဆုံးအနေနဲ့တော့ အဆင့်ငါးဆင့် ရှိပါတယ်။
(က) မူရင်းပုံတွင် ပါရှိသော RGBကာလာများကို YCbCr ကာလာများအဖြစ် ပြောင်းလဲခြင်း။
(ခ) ရရှိသော YCbCrများကို downsample ပြုလုပ်ခြင်း။
(ဂ) DCT (descrete cosine transform) နည်းဖြင့် ပြောင်းလဲခြင်း။
(ဃ) quantisation ပြုလုပ်ခြင်း။
(င) code များ အဖြစ် ပြောင်းလဲသတ်မှတ်ကာ ကာလာများ ပြန်လည်ဖြည့်သွင်းခြင်းဖြစ်ပါတယ်။
ဒီအဆင့်တွေကို အဆင့်ဆင့်လုပ်ဆောင်ပြီးသွားရင်တော့ JPEG image တစ်ခုကို ရရှိပြီဖြစ်ပါတယ်။

(က) မူရင်းပုံတွင် ပါရှိသော RGBကာလာများကို YCbCr ကာလာများအဖြစ် ပြောင်းလဲခြင်း

အရင်ဆုံးအနေနဲ့ RGB ဆိုတာ ဘာလဲ သိဖို့လိုပါမယ်။ Rဆိုတာ red-အနီရောင်၊ Gဆိုတာ green-အစိမ်းရောင် နဲ့ Bဆိုတာကတော့ blue-အပြာရောင်တို့ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံမှာ ပါတဲ့ အရောင်အားလုံးဟာ သည်အရောင်တွေကို အခြေခံပြီး ကွဲပြားသွားတာဖြစ်ပါတယ်။ ဆိုကြပါစို့။ အ၀ါရောင်ကို လိုချင်တယ်ဆိုရင် အနီရောင်နဲ့ အစိမ်းရောင်ကို စပ်ရပါတယ်။ ဒါကို ပန်းချီဆရာတွေနဲ့ ဓာတ်ပုံဆရာတွေ ပိုသိပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီသုံးရောင်ကို စပ်ခြင်းဖြင့် အခြားအရောင်တွေ ရတယ်ဆိုတာလောက်ပဲ သိပါတယ်။ RGBအခြေခံကာလာများအဖြစ် သတ်မှတ်ထားခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ electronic နဲ့ digital စနစ်တွေမှာ ကာလာများကို အာရုံခံဖို့နဲ့ ပုံရိပ်အဖြစ်ဖော်ပြနိုင်ဖို့ သတ်မှတ်ထားတာပါ။

RGB ကာလာ ရောစပ်ခြင်းပုံ

ရယူထားတဲ့ ပုံတစ်ပုံရဲ့ ကာလာဖွဲ့စည်းပုံမှာ RGB components (ပါဝင်သောအစိတ်အပိုင်းများ) ဘယ်လောက်ပါလဲဆိုတာ အရင်စစ်ဆေးပြီး အဲဒီ RGB components တွေကို YCbCr components များအဖြစ် ပြောင်းလဲပစ်ရပါတယ်။ YCbCrအစား တချို့က YUV components များအဖြစ် ပြောင်းလဲတဲ့နည်းကိုလည်း သုံးကြပါတယ်။
ဘယ်လိုပြောင်းလဲသလဲဆိုတော့ အောက်ပါပုံသေနည်းတွေနဲ့ ပြောင်းလဲနိုင်ပါတယ်။ အောက်ပါပုံသေနည်းတွေဟာ ဒဿမတစ်နေရာစာအတွက်ပဲ ဖြတ်ထားတာမို့ ပိုအသေးစိတ်လိုတဲ့အခါ ဒဿမငါးလုံးခြောက်လုံးလောက်ထိဖြတ်ထားတဲ့ ပုံသေနည်းတွေလဲ ရှိပါတယ်။
Y = 0.3R + 0.6G + 0.1B
U = B – Y
V = R – Y
Cb = U/2+0.5
Cr = V/1.6+0.5
ဒီYUV တို့၊ YCbCrတို့ဟာ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းတွေလို မျိုးမှာလည်း သုံးပါတယ်။ ကာလာအတွက် standard တစ်ခုဆိုပါတော့။
YCbCrဆိုတာ တကယ်တော့ တစ်ခုက အလင်းအမှောင်တောက်ပမှုကို ကိုယ်စားပြုပြီး၊ နောက်နှစ်ခုက အရောင်များကို ကိုယ်စားပြုပါတယ်။ အလင်းအမှောင်တောက်ပမှုဆိုတာ အဖြူအမည်းကိုယ်စားပြုခြင်းလို့လဲ ယူဆနိုင်ပါတယ်။
အဲဒီYCbCrပါဝင်မှုကိုတော့ အသုံးပြုတဲ့ ကိရိယာ(ဥပမာ ကင်မရာ)ရဲ့ pixelပေါ်မူတည် သတ်မှတ်ပါတယ်။ pixel တစ်ခုမှာ YCbCrဘယ်လောက်ပါဝင်သလဲ ခွဲခြားသတ်မှတ်ပါတယ်။ ဥပမာ 64pixel ရှိတယ်ဆိုရင် ခြောက်ဆယ့်လေးကွက်ခွဲပြီး YCbCrကို သပ်သပ်စီ သတ်မှတ်ခြင်းဖြစ်ပါတယ်။
(ကင်မရာတွေမှာ pixelများလေ၊ ကောင်းလေပဲလို့ ပြောကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံရဲ့ တောက်ပမှုနဲ့ကာလာပါဝင်တွေဖြစ်တဲ့ YCbCrကို pixelပေါ် မူတည်ပြီး သတ်မှတ်လို့ပါပဲ။ pixelများလေ၊ မူရင်းပုံရဲ့ တောက်ပမှုနဲ့ကာလာပါဝင်မှုကို ပိုမိုခွဲခြားနိုင်လေ၊ ရရှိလာတဲ့ ဓာတ်ပုံက ပိုမိုကြည်လင်ပြတ်သားလေပဲပေါ့။)

ကင်မရာမှာ ပါဝင်သော pixelအတိုင်း pixelများ အကွက်လိုက်ခွဲထားတဲ့ပုံပါ။ အကွက်တစ်ကွက်ကို Pixel တစ်ခုဖြစ်ပါတယ်။
Pixelတစ်ခုချင်းစီအလိုက် RGBတွက်ချက်ပြီး YCbCr componentsများ ဘယ်လောက်ပမာဏရှိမလဲ သတ်မှတ်နိုင်ပြီဆိုရင်တော့ ဒုတိယအဆင့်ကို တက်လို့ရပါပြီ။

(ခ) ရရှိသော YCbCrများကို downsample ပြုလုပ်ခြင်း

ဒုတိယအဆင့်ကတော့ ပထမအဆင့်မှ တွက်ချက်ရရှိထားတဲ့ YCbCr componentsများကို downsampling လုပ်ခြင်းပါပဲ။ Downsampleလုပ်တာဟာ မူရင်းပုံရဲ့ ပမာဏကို qualityသိသိသာသာမလျော့ကျစေဘဲ လျှော့ချတဲ့အဆင့်တစ်ခုလဲ ဖြစ်ပါတယ်။
လူသားရဲ့မျက်လုံးဟာ CbCr components တွေမှာ အပြောင်းအလဲဖြစ်သွားတယ်ဆိုတာထက် Y မှာ အပြောင်းအလဲဖြစ်သွားတာကို ပိုသတိထားမိတတ်ပါတယ်။ မြန်မာလို အလွယ်ပြောရမယ်ဆိုရင်တော့ ပုံတစ်ပုံမှာ ကာလာတွေတိုးလာတာ လျော့သွားတာထက် အဖြူပိုများလာတာ၊ အနက်ပိုများလာတာကို လူ့မျက်လုံးက ပိုပြီး သိမြင်ခွဲခြားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။
ဒါကြောင့် pixelတွေကို downsample လုပ်တဲ့အခါ Yတန်ဖိုးကို pixel တစ်ခုချင်းစီမှာ မူလတွက်ချက်ရရှိထားတဲ့ တန်ဖိုးအတိုင်းပဲ ထားပြီး CbCrတွေကိုပဲ သက်ဆိုင်ရာ အချိုးအလိုက် လျှော့ချသွားတာကို လုပ်ကြပါတယ်။
ဒီလို YCbCr အချိုးအစားတွေဟာလဲ သူ့ဘာသာ သတ်မှတ်ချက်တွေရှိပါတယ်။ 4:4:4၊ 4:2:2၊ 4:1:1 စသဖြင့်ပေါ့လေ။ 4:4:4 ကတော့ မူလအချိုးအစားအတိုင်း pixelတွေမှာ သက်ဆိုင်ရာ componentsတန်ဖိုးတွေ လျှော့ချခြင်း မရှိဘူးဆိုတဲ့ သဘောပေါ့။ ကျန်တဲ့ အချိုးတွေကတော့ လျှော့ချသွားတယ်ဆိုတာ တွေ့နိုင်ပါတယ်။
4:2:2 ကတော့ Y လေးခု (pixel လေးခု)တိုင်းမှာ Yက လေးခု၊ Cbက နှစ်ခုနဲ့ Crက နှစ်ခုပဲ ရှိတယ်ဆိုတဲ့ သဘောပါ။ ကျန်တဲ့ နှစ်ခုစီကို လျှော့ချသွားတဲ့ သဘောပေါ့။
4:1:1 ကတော့ Y လေးခု (pixel လေးခု)တိုင်းမှာ Yက လေးခု၊ Cbက နှစ်ခုနဲ့ Crက တစ်ခုပဲ ရှိတယ်ဆိုတဲ့ သဘောပါ။ ကျန်တဲ့ သုံးခုစီကို လျှော့ချသွားတဲ့ သဘောပေါ့။
အချိုးအစားများကတော့ ကြိုက်နှစ်သက်သလို လျှော့ချနိုင်ပါတယ်။ 4:2:1၊ 4:2:0 စသဖြင့်လဲ လျှော့ချလို့ ရနိုင်ပါတယ်။
အောက်မှာ သက်ဆိုင်ရာအချိုးအစားလိုက် လျှော့ချပုံများကို နားလည်စေရန် ပုံနဲ့ ဖော်ပြထားပါတယ်။



ဆက်ရန်...


Friday, January 3, 2014

JPEG ဆိုတာ ဘာလဲ (၁)


JPEG ဆိုတာ ဘာလဲ


JPEG ဆိုတာ ဘာလဲ။

ကွန်ပြူတာသုံးတဲ့သူတိုင်း ရင်းနှီးတဲ့ နာမည်လေးတစ်ခုပါပဲ။
JPEG ဆိုတာ ဓာတ်ပုံပေါ့။ ဒီထက်ပိုပြောရရင် JPEG ဆိုတာ ဓာတ်ပုံဖောမတ်(Format) တစ်ခုပေါ့။ JPG လို့လဲ လူအများက သိကြပါတယ်။ ဓာတ်ပုံတစ်ပုံကို right click ထောက်ပြီး properties ကို နှိပ်ကြည့်လိုက်မယ်ဆိုရင် (JPEG image) .jpg ဆိုပြီး တွေ့ပါလိမ့်မယ်။ ဓာတ်ပုံဖိုင်သိမ်းတဲ့နေရာမှာ သုံးတဲ့ ဖောမတ်တစ်မျိုးပါပဲ။ တချို့ပုံတွေမှာဆို .png သို့မဟုတ် .gif စသဖြင့် တွေ့ဖူးပါလိမ့်မယ်။ အဲဒါတွေကတော့ JPEG(.jpg) မဟုတ်တဲ့ တခြားဓာတ်ပုံဖိုင်ဖောမတ်တွေပေါ့။
ဓာတ်ပုံဖိုင်ဖောမတ်တစ်ခုပဲ။ ဘာများထူးဆန်းလို့လဲ။
ဟုတ်ကဲ့။ သာမန်ပဲ တွေးကြည့်မယ်ဆိုရင် ဘာမှတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီဓာတ်ပုံဖိုင်ဖောမတ်ကို ဘာကြောင့်ဘယ်လိုသတ်မှတ်ရရှိခဲ့သလဲဆိုတာကို ဆက်တွေးမယ်ဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းသွားပြီပေါ့။
ဓာတ်ပုံကို ဓာတ်ပုံလို့ပဲ ဖိုင်ဖောမတ်ပေးလို့မရဘူးလား။ ဥပမာ (.image) ပေါ့ဗျာ။ ဟုတ်ကဲ့။ မရလို့ပဲ ဒီလိုမျိုး ဖိုင်ဖောမတ်အမျိုးမျိုး ဖြစ်ပေါ်လာရတာပေါ့။
ဘာကြောင့် မရတာလဲ။
ဖောမတ်(format)ဆိုတာကို မြန်မာလို အဓိပ္ပါယ်ပြန်ကြည့်မယ်ဆိုရင် ပုံစံအချိုးအစားပါတဲ့။ ဖောမတ်အမျိုးမျိုးကွဲပြားရခြင်းဟာ သူတို့မှာ ပါဝင်တဲ့ အရာတွေရဲ့ အချိုးအစားတစ်ခုနဲ့တစ်ခု မတူလို့ပါပဲ။
ဒါဖြင့် ဓာတ်ပုံတစ်ပုံမှာ ဘာတွေပါဝင်သလဲ။
ပုံတွေပေါ့။ ဟုတ်ပါတယ်။ ပုံတွေ ပါပါတယ်။ လူပုံ၊ ခွေးပုံ၊ တိမ်ပုံ၊ သဘာဝရှုခင်းပုံ စသဖြင့်ပေါ့လေ။ ဒီထက် အနုစိတ်ကြည့်လိုက်မယ်ဆိုရင်တော့ ပုံတွေကို အရောင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံမှာ အရောင်တွေပါ ပါတယ်။
ဒါကြောင့် ဖိုင်ဖောမတ်မတူခြင်းသည် ဓာတ်ပုံများမှာ ပါဝင်သော အရောင်များရဲ့ အချိုးအစားများ မတူညီလို့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အကြမ်းဖျင်းသိနိုင်ပြီပေါ့။
ကောင်းပြီ။ ဒါဖြင့် JPEGဆိုတဲ့ ဓာတ်ပုံအမျိုးအစားကို ဘယ်လိုများ ဖွဲ့စည်းတည်ဆောက်ထားပါသလဲ။ ကျွန်တော်တို့ လေ့လာကြည့်လိုက်ကြရအောင်လား။

သမိုင်းကြောင်း

ကဲ… ကျွန်တော်သိတာလေးတွေ စပြီးမတင်ပြခင် စကားပလ္လင်ခံချင်တာက ကျွန်တော်ဟာ ဓာတ်ပုံဆရာတစ်ယောက်မဟုတ်လို Photoshop လို ဆော့ဖ်ဝဲလ်တွေလဲ မတတ်ပါဘူး။ ဒီအပိုင်းမှာ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူး။ ဒါပေမယ့် ဘာကြောင့် ခုလိုတင်ပြဆွေးနွေးဖြစ်သလဲ ဆိုတော့ ဒီJPEGအကြောင်း ကျောင်းမှာ ခေါင်းစဉ်ငယ်လေးတစ်ခုအနေနဲ့ သင်ရလို့ပါ။ sensorဆိုတဲ့ အာရုံခံကိရိယာအကြောင်းဘာသာရပ်မှာ ကင်မရာတွေဟာ ပုံရိပ်တွေကို ဘယ်လိုရရှိသလဲ။ ပြီးတော့ ဘယ်လို သိမ်းဆည်းရယူသလဲဆိုတာကို သင်ကြားရင်း ဒီခေါင်းစဉ်လေးကို သိရှိခဲ့ရာက အနည်းအကျဉ်းလေ့လာမိရင်း ပြောပြချင်စိတ်ပေါက်လာလို့ တင်ပြတဲ့သဘောပါပဲ။ ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။ သို့သော် သိသလောက်လေး ပြောသွားပါမယ်။
JPEGဆိုတာ Joint Photographic Experts Group ဆိုတဲ့ နာမည်ကို အစဆုံး စာလုံးတွေယူပြီး အတိုကောက်အဖြစ် သတ်မှတ်ထားတဲ့ နာမည်ပါ။ အဲဒီအဖွဲ့ဟာ ISO (International Standards Organization) မှ ဓာတ်ပုံများရဲ့ standardကို ကမ္ဘာလုံးဆိုင်ရာအနေနဲ့ တညီတညွတ်တည်း သတ်မှတ်နိုင်ဖို့ ဖွဲ့စည်းခဲ့တဲ့ ကော်မတီတစ်ရပ်ဖြစ်ပါတယ်။
တကယ်တော့ ပစ္စည်းတစ်ခုရဲ့ standard ဆိုတာ ရှိသင့်တဲ့၊ ရှိကိုရှိရမယ့် အရာတစ်ခု။ ဒါကြောင့် ပညာရှင်တွေစုစည်းပြီး ကြိုးစားအကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ခုထိ standard သတ်မှတ်ခြင်းအပိုင်းမှာ အကောင်အထည်ဖော်မှုအားနည်းနေသေးတယ်နော်။ ဥပမာ အလေးချိန်မှာတောင် တချို့က ပိဿာချိန်သုံးတယ်၊ တချို့က တင်း၊ တောင်း စသဖြင့် သုံးတယ်၊ တနေရာက ကီလိုဂရမ်သုံးတယ်၊ အမျိုးမျိုးကွဲပြားနေတုန်းပါပဲ။ တောင်ငူခေတ်၊ ဘုရင့်နောင်မင်းတရားကြီးလက်ထက်တုန်းကတောင် တစ်နိုင်ငံလုံး အလေးချိန်ကို တစ်ပြေးညီတည်းဖြစ်အောင် standard သတ်မှတ်ပေးခဲ့နိုင်ပါသေးတယ်။ တကယ်တော်တဲ့ ဘုရင်ပဲနော်။ standardအကြောင်း ဒီခေတ်က လူတွေထက်တောင် နားလည်သေးတယ်။။ ကဲ ဒါတွေ ထားပါတော့။ JPEGအကြောင်း ဆက်ရအောင်။
ဘာကြောင့် ဓာတ်ပုံstandardသတ်မှတ်ဖို့ လိုသလဲဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ စနစ်တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး အသုံးပြုနိုင်တော့ အချိန်ကုန်၊ လူပန်း သက်သာရာရတာပေါ့ဗျာ။
နောက်တစ်ချက်က ဖိုင်သိမ်းဆည်းခြင်းအပိုင်းပါ။ ဓာတ်ပုံတစ်ပုံကို မူရင်းနီးပါး qualityကောင်းကောင်းလိုချင်တယ်ဆိုရင် အရောင်(ကာလာ)ပိုင်းမှာ ကြီးကြီးမားမား ရင်းနှီးဖို့ လိုပါတယ်။ သဘာဝကာလာဖွဲ့စည်းပုံဟာ အင်မတန်မြင့်လွန်းအားကြီးပါတယ်။ ဒါကို digitalပစ္စည်းများနဲ့ ဖမ်းယူတဲ့အခါ မြင့်မားလွန်းတဲ့ ကွာလတီကို အမီလိုက်ဖို့ခက်ပါတယ်။ အနီးကပ်ဆုံးအမီလိုက်တဲ့အခါမှာလဲ ကာလာအချိုးအစားတွေဟာ မြင့်တက်သွားပါတယ်။ ဒါကြောင့် အင်မတန်ကြည်လင်ပြတ်သားပြီး ကြည့်လို့ကောင်းတဲ့ ဓာတ်ပုံဖိုင်တွေကို properties စစ်ကြည့်လိုက်ရင် mega bytes တွေ အတော်များတာတွေ့နိုင်ပါတယ်။
ဒီတော့ ပညာရှင်တွေဟာ qualityလဲ ကောင်းရမယ်၊ ဖိုင်ဆိုဒ်လဲ လျှော့ချနိုင်ရမယ်ဆိုတဲ့ နည်းလမ်းများ ရှာရင်း ဓာတ်ပုံဖောမတ်တွေ ထွက်ပေါ်လာပြီး JPEGဖောမတ်လဲ ပါဝင်လာခဲ့ရတာပဲဖြစ်ပါတယ်။
JPEG ဟာ ဓာတ်ပုံဖောမတ်တွေအထဲမှာ qualityလဲ ကောင်းသလို ဖိုင်ဆိုဒ်လဲ တော်တော်လေး လျှော့ပေးနိုင်လို့ အသုံးများ၊ အကြိုက်တွေ့ကြတဲ့ ဓာတ်ပုံ ဖောမတ်တစ်ခုအဖြစ် ထင်ပေါ်ပါတယ်။

JPEG ရဲ့ algorithm နဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်

Algorithmဆိုတာ မြန်မာလို အလွယ်ပြောရရင်တော့ စနစ်ကျသော လုပ်ငန်းစဉ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ အလုပ်တစ်ခုကို စနစ်တကျလေး သတ်သတ်မှတ်မှတ်လုပ်တဲ့အခါ အချိန်၊ ပစ္စည်း စတဲ့ လေလွင့်မှုတွေ နည်းစေအောင် လုပ်ငန်းစဉ်သတ်မှတ်တဲ့ သဘောပါပဲ။
ဓာတ်ပုံတွေကို လိုချင်တဲ့ ဖိုင်ဖောမတ်ရအောင် လုပ်ရတဲ့ လုပ်ငန်းစဉ်ကို များသောအားဖြင့် compression လုပ်တယ်လို့ ပြောကြပါတယ်။ ဖိသိပ်ချုံ့ခြင်းပဲ ဆိုပါတော့။ ဖိုင်ချုံ့ခြင်းလို့ပဲ ဆိုကြပါစို့။
ဒီလို ဖိုင်ချုံ့(compression)လုပ်တဲ့နေရာမှာ algorithm နှစ်မျိုးရှိပါတယ်။
(က) lossless compression နဲ့
(ခ) lossy compression တို့ ဖြစ်ပါတယ်။
Lossless ဆိုတာက လိုချင်တဲ့ဖိုင်ဖောမတ်ရအောင် လုပ်တဲ့အခါမှာ bit (digital နည်းပညာပိုင်းအရာ ပမာဏကို သတ်မှတ်သော Unit တစ်မျိုး) ကို လျှော့ချပေမယ့် information(ပုံတွင်ပါဝင်သော အရောင်များအသေးစိတ်)ကို မပျောက်ပျက်အောင် လုပ်တဲ့နည်းဖြစ်ပါတယ်။ ဒါပေမယ့် သူက ဖိုင်ပမာဏကို နည်းနည်းပဲ လျှော့ချနိုင်ပါတယ်။
Lossy ဆိုတာကတော့ bitကိုလဲ လျှော့တယ်။ Information ကိုလဲ လျှော့ပါတယ်။ ဒါပေမယ့် မလိုအပ်တဲ့ အရာတွေကိုပဲ လျှော့ချသွားတာဖြစ်ပါတယ်။ (လူ့မျက်လုံးဟာ တချို့အရာတွေကို အာရုံစူးစိုက်မှ မြင်ရတာမျိုးလို အားနည်းချက်တွေရှိပါတယ်။ ဒီအချက်တွေကို နင်းပြီး မလိုအပ်တာတွေ လျှော့ချသွားတာဖြစ်ပါတယ်။) ဒါကြောင့် qualityလဲ ကောင်းသလို ဖိုင်ဆိုဒ်ကိုလဲ တော်တော်လေးလျှော့ချနိုင်ပါတယ်။
JPEGဖိုင်ဖောမတ်ကို lossless compression နဲ့ ဖြစ်စေ၊ lossy compression နဲ့ ဖြစ်စေ ရယူနိုင်ပေမယ့် များသောအားဖြင့် lossy compression အဖြစ်ပဲ အသုံးပြုကြတာကြောင့် နောက်ပိုင်းမှာ JPEGဟာ lossy compression တစ်ခုအနေနဲ့ပဲ လူသိများပါတော့တယ်။

ဆက်ရန်....